ကော်ဇီ ၊ နောက်တစ်ကြိမ် သေချင်ပြန်ပြီထင်တယ်
Vol. 14 Ch. 192
အခန်း (၁၉၂) ကော်ဇီ ၊ နောက်တစ်ကြိမ် သေချင်ပြန်ပြီထင်တယ်
ရန်ကျောက်ကဲ၏ ညာဘက်လက်သီးက လျိုရှန်းဖုန်းဆီသို့ တည့်တည့်ဝင်ရောက်သွားပြီး တစ်ဆက်တည်း ဘယ်ဘက်တံတောင်ဖြင့် ဆက်ထိုးချလိုက်သည်။
ထို့နောက် တတိယခြေလှမ်းကိုလှမ်းလိုက်ပြီး ကိုယ်ကိုအနည်းငယ်နှိမ့်ကာ ညာဘက်ပခုံဖြင့် ပြင်းပြင်းထန်ထန် စောင့်တိုက်ချလိုက်သည်။
မိုးကြိုးတုန်လှုပ်သိုင်းပညာဖြင့် သိုင်းကွက် (၃)ကွက် ဆက်တိုက်ထုတ်ဖော်အသုံးပြုလိုက်ခြင်း ဖြစ်၏။
ရန်ကျောက်ကဲ၏ ညာဘက်လက်သီးဖြင့် ရင်ဆိုင်ရကတည်းက လျိုရှန်းဖုန်း၏လက်သီးမှာ ကွဲကြေသွားခဲ့ပြီ ဖြစ်သည်။
အလွန်တရာတုန်လှုပ်သွားသော လျိုရှန်းဖုန်းသည် မရှောင်တိမ်းနိုင်တော့ဘဲ သူ၏နတ်တောင်ခန္ဓာသိုင်းပညာကိုထုတ်ဖော်ကာ ရန်ကျောက်ကဲဖြင့် ထိပ်တိုက်ရန်ဆိုင်ရန် ဆုံးဖြတ်လိုက်၏။ အမှောင်ဘက်ခြမ်းသို့ ကျရောက်သွားပြီးနောက်ပိုင်း သူ၏နတ်တောင်ခန္ဓာစွမ်းအားက အပြည့်အဝ ပြန်လည်ကောင်းမွန်လာပြီ ဖြစ်သည်။
သို့သော် ရန်ကျောက်ကဲ၏ ဘယ်ဘက်တံတောင်ဆစ်က လျိုရှန်းဖုန်း၏ ဘယ်ဘက်ရင်အုံသို့ ပြင်းပြင်းထန်ထန် ထိုးဖောက်လိုက်ရာ ကြောက်မက်ဖွယ်ရာ ပေါက်ကွဲသံကြီးပင် ထွက်ပေါ်လာသည်။
လျိုရှန်းဖုန်းမျက်နှာက စက္ကူတစ်ရွက်ပမာ ချက်ချင်း ဖြူဖျော့သွားသည်။
သူ၏နတ်တောင်ခန္ဓာစွမ်းအား နောက်တစ်ကြိမ် ထပ်မံချိုးဖျက်ခံလိုက်ရလေပြီ။
ရန်ကျောက်ကဲက မိုးကြိုးတုန်လှုပ်သိုင်းပညာဖြင့် သိုင်းကွက် (၃)ကွက် ဆက်တိုက်ထုတ်ဖော်လိုက်ရာ သူ၏ညာဘက်ပခုံးက လျိုရှန်းဖုန်း၏ဝမ်းဗိုက်ကို တည့်တည့်စောင့်မိသွားသည်။
တောင်မြင့်ကြီးအလား စွမ်းအားပြင်းထန်သည့် ရန်ကျောက်ကဲ၏ပခုံးဖြင့် ရိုက်မိသည့်အခါ ကွဲအက်သံနှင့်အတူ လျိုရှန်းဖုန်း နောက်သို့လွင့်စင်ကျသွားသည်။
သူက ကြေကွဲဖွယ်ရာ အော်ဟစ်လိုက်ရင်း ပါးစပ်မှ သွေးများအန်ထုတ်လိုက်သည်။ ရန်ကျောက်ကဲ၏ တိုက်ခိုက်မှုကြောင့် သူ့ခန္ဓာကိုယ်တစ်ခုလုံးမှ ကြယ်တာရာချီစွမ်းအားများ ပျက်ဆီးသွားပြီ ဖြစ်သည်။
သူ့ရင်ဘတ်တစ်ခုလံဒး အတွင်းထဲသို့ပြိုကျသွားပြီး များစွာသောအဖြူရောင်အရိုးများက အသွေးအသားများကို ဖြတ်ကျော်ကာ ငေါထွက်လာသည်။
လျိုရှန်းဖုန်းသည် ကြေမွနွမ်းဖတ်နေသည့် အဝတ်စုတ်တစ်ခုပမာ တစ်ကိုယ်လုံး ပျော့ခွေစွာဖြင့် မြေပြင်ထက်လဲကျသွားသည်။ အသက်ကို မနည်းရှူသွင်းရှူထုတ်ပြုလုပ်နေရပြီး သွေးများအန်ကျနေသည့် နှုတ်ခမ်းများဖြင့် စကားပြောရန် အပြင်းအထန် ကြိုးစားနေသည်။
နတ်ဆိုးလက်ထဲကျရောက်သွားပြီးနောက် လျိုရှန်းဖုန်းမှာ များစွာသိုင်းစွမ်းထက်လာခဲ့သည့်တိုင် ရန်ကျောက်ကဲသည်လည်း အရင်တစ်ချိန်ကထက် ပိုမိုအစွမ်းထက်နေသည်ပင်။
လျှပ်စီးရောင်အောက်တွင် လင်းလက်သွားသည့် ရန်ကျောက်ကဲ၏မျက်နှာက အေးစက်နေပြီး လဲပြိုကျနေသည့် လျိုရှန်းဖုန်းကို ခပ်တည်တည်ပင် ကြည့်နေသည်။
“ငါပြောသလိုပဲ... အစ်ကို’ရဲ့’ ၊ ညီမလေး’ကျန်း’ နဲ့ တခြားလူတွေအတွက် မင်း အဆတစ်ရာ ပြန်ခံစားရမယ် ၊ ဒါ သူတို့အတွက် မင်းကိုအပြစ်ပေးတာပဲ”
လျိုရှန်းဖုန်းက ရန်ကျောက်ကဲအား စိုက်ကြည့်ရင်း တစ်ကိုယ်လုံး တုန်ယင်သွားသည်။ သို့သော် ယခု လက်ချောင်းတစ်ချောင်း လှုပ်ရှားရန်ပင် မတတ်နိုင်တော့ပေ။
ရန်ကျောက်ကဲ၏ စကားသံနှင့်အတူ ရွှေရောင်မျှော်စင်အတွင်းမှ မိုးကြိုးဧကရာဇ်မျက်လုံးအပိုင်းအစသည် စတင်တောက်ပလာပြီး အဆုံးမရှိသောအလင်းတန်းများနှင့်အတူ မရေမတွက်နိုင်သော မိုးကြိုးသွားများ ပေါက်ကွဲထွက်သွားသည်။ ထို့နောက် ချက်ချင်းပင် မှိန်ဖျော့သွားကာ စောစောက ဖြစ်ပျက်ခဲ့သည့် ကြောက်မက်ဖွယ်ရာမြင်ကွင်း လုံးဝမဖြစ်ခဲ့သည့်အလား သဲလွန်စမကျန် ပျောက်ကွယ်သွား၏။
သို့ပေသိ ကျယ်လောင်သော မိုးခြိမ်းသံများကတော့ လူတိုင်း၏နားထဲတွင် ပဲ့တင်ထပ်လျှက်ရှိသည်။
ရွှေရောင်မျှောစင်ထိပ်ဆီမှ အနီရောင်အလင်းတန်း ပျောက်ကွယ်သွားပြီး မျှော်စင်တွင်တောက်ပနေသည့် ရွှေရောင်သည်လည်း ပျောက်ကွယ်သွားကာ သာမန်ကျောက်တုံးမျှော်စင်တစ်ခုအဖြစ် ပြောင်းလဲသွားသည်။
ထို့နောက် မျှော်စင်အပြင်ဘက်ပိုင်းမှစတင်ပြီး အစိတ်စိတ်အမွှာမွှာကွဲကြေကာ ဥက္ကာပျံကြွေသည့်အလား အဆက်မပြတ် ပြိုကျလာသည်။ မျှော်စင်မျက်နှာပြင်တစ်ခုလုံး အက်ကြောင်းများဖြင့် ပြည့်နက်လျှက်ပင်။
သံကြိုးများပမာ မျှော်စင်အားရစ်နှောင်ချည်ဖွဲ့ထားသော အနက်ရောင်ဝိညာဉ်သင်္ကေတများသည် မနိုင်ဝန်ကိုထမ်းရသည့်အလား တစ်ညီတစ်ညွတ်တည်း တုန်လှုပ်သွားသည်။
နောက်ဆုံးတော့ အနက်ရောင်ဝိညာဉ်သင်္ကေတများ ကွဲအက်သွားကြသည်။
မရေမတွက်နိုင်သော ဝိညာဉ်သင်္ကေတများသည် နောက်ပြန်ဆုတ်ခွာသွားကြပြီး ကြီးမားသောအစီအရင်ကြီးတစ်ခုလုံး ပြောင်းပြန်လှည့်ပတ်နေသည့်အလား ပတ်ဝန်းကျင်ရှိ အနက်ရောင်မြူခိုးများအတွင်းသို့ ပြန်လည်ကျုံ့ဝင်သွားကြသည်။
အကြီးအကဲ’မော့’ ၏ ဒေါသတကြီး အော်ဟစ်သံကြီးက ကောင်းကင်တစ်ခွင် ပဲ့တင်ထပ် ထွက်ပေါ်လာသည်။ မနီးမဝေးနေရာများမှ ထိတ်လန့်တုန်လှုပ်စွာ အော်ဟစ်သံများ ထွက်ပေါ်လာသည်ကိုလည်း ကြားရသည်။ ထိုအော်သံများမှာ ချောက်နက်ဖျက်ဆီးရေးအဖွဲ့အစည်းမှ သိုင်းသမားများ၏ အော်ဟစ်သံများ ဖြစ်ကြ၏။
မြေပြင်ထက်လဲကျနေသည့် လျိုရှန်းဖုန်းသည် မျှော်စင်ထိပ်မှ အနီရောင်အလင်းတံခါးကိုကြည့်ရန် လည်ပင်းကိုခက်ခက်ခဲခဲ လှည့်လိုက်သည်။ သူ့မျက်ဝန်းထောင့်တွင် တွေ့မြင်လိုက်ရသည်က လေထုအလယ်မှ အနီရောင်အလင်းတန်းသည် မျှော်စင်ပြိုကျသွားသည်နှင့် တဖြည်းဖြည်း ပြန်လည်ပျောက်ကွယ်သွားခြင်းပင် ဖြစ်သည်။ ထိုမြင်ကွင်းက သူ့ကို အကြီးအကျယ် စိတ်ပျက်အားငယ်သွားစေသည်။
မြေပြင်ထက်တွင် အရိပ်ထင်ကာ ပွင့်လုနီးပါးဖြစ်နေသည့် မဟာငရဲကိုးထပ်တံခါးမှာ ယခုတော့ ပွင့်ဟလာရန် မျှော်လင့်ချက်မရှိတော့သည်မှာ ထင်ရှားနေသည်။
ရဲ့ကျုန်းကျိုး ၊ ရွမ်ပင်း ၊ လီကျင်းဝမ် ၊ ရှောင်ယွိနှင့် ကျန်းယောင်တို့မှာ အံ့သြမှင်တက်လျှက်ရှိကြသည်။
ခဏအတွင်း အခြေအနေက ပြောင်းပြန်လှန်လိုက်သလို ပြောင်းလဲသွားသည်ကို မယုံကြည်နိုင် ဖြစ်နေကြသည်။
မိစ္ဆာချီနယ်မြေမှ အနီရောင်အလင်းတန်းများထွက်ပေါ်နေသည့် ကြောက်မက်ဖွယ်ရာမျှော်စင်သည် ယခုတော့ အက်ကွဲပြိုကျသွားပြီ ဖြစ်သည်။ ကျောက်တုံးကျောက်ခဲများသည် ကောင်းကင်ထက်မှ မိုးသီးများကြွေကျလာသည့်ပမာ အစိတ်စိတ်အမွှာမွှာ ကွဲကြေလျှက် ရှိသည်။
မြေပြင်ထက်တွင်တော့ ရန်ကျောက်ကဲက မာန်ဟုန်အပြည့်ဖြင့် မတ်တတ်ရပ်လျှက်ရှိပြီး သူ့ကိုကြည့်ရသည်မှာ ကောင်းကင်ဘုံမှဆင်းသက်လာသည့် နတ်ဘုရားတစ်ပါးအလားပင်။
ခဏမျှရပ်တန့်သွားပြီးနောက် ငရဲကိုးထပ်မှ ကြောက်မက်ဖွယ်ရာရောင်ဝါက ထိပ်ဆုံးအဆင့်မြင့်တက်လာပြီး အဆုံးသတ်တော့မည့်အရိပ်အယောင်များကိုပြသနေသည်။
ထိုခဏမှာပင် မိုးခြိမ်းသံများထွက်ပေါ်လာပြီး မယုံနိုင်လောက်အောင်ပြင်းထန်သော စွမ်းအားများ ထွက်ပေါ်လာသည်။
ရန်ကျောက်ကဲပိုင်ဆိုင်သည့် မိုးကြိုးဧကရာဇ်မျက်လုံးအပိုင်းအစသည် မိစ္ဆာချီနယ်မြေအစီအရင်ကြီး၏ဗဟိုချက်ကို အမှန်တကယ် တုန်လှုပ်စေခဲ့ပြီဖြစ်သောကြောင့် လူတိုင်းကို မျှော်လင့်ချက်များ ဖြစ်ပေါ်လာစေသည်။
ခမ်းနားလွန်းသည့် တန်ခိုးစွမ်းအားများ ထုတ်လွှတ်လိုက်ပြီးနောက် မိုးကြိုးဧကရာဇ်မျက်လုံးအပိုင်းအစသည် မယုံနိုင်စရာကောင်းလောက်အောင် မှေးမှိန်သွားပြီး တောက်ပမှုလုံးဝမရှိတော့သည့် အလုံးအဝန်းတစ်ခုအဖြစ် ပြောင်းလဲသွားသည်။ အားပြန်ပြည့်ရန် အချိန်စောင့်ရမည် ဖြစ်သည်။
ရန်ကျောက်ကဲ၏ ချီစွမ်းအား ၊ စိတ်စွမ်းအားနှင့် အနှစ်သာရများသည် မိုးကြိုးဧကရာဇ်မျက်လုံးအပိုင်းအစနှင့် ဆက်စပ်နေလေရာ ထိုခဏတွင် ရန်ကျောက်ကဲသည်လည်း အားနည်းဖျော့တော့သွားသည်။
ထိုအချိန်...
ဓားရောင်တစ်ချက် လက်ခနဲ ထွက်ပေါ်လာလေ၏။
ရန်ကျောက်ကဲရှိရာသို့ တည့်တည့်မတ်မတ် ဝင်ရောက်လာသော ဓားအလင်းတန်းသည် မီးတောက်ကဲ့သို့ လင်းလက်လျှက် အမှောင်ထုကို လင်းထိန်သွားစေသည်။
တိုက်ခိုက်လာသူက ကျောက်ဟိုဖြစ်ပြီး ရန်ကျောက်ကဲက တည်ငြိမ်သည့်အမူအရာဖြင့် သူ့ကို ကြည့်လိုက်သည်။
ကျောက်ဟိုက ရန်ကျောက်ကဲကို အေးစက်စွာစိုက်ကြည့်ရင်း သူ့လက်ထဲတွင် သွေးနီရောင်ဓားတစ်လက် ကိုင်ဆောင်ထားသည်။ ထိုဓားက ပျံသန်းနေသည့်မီးတောက်တစ်ခုနှင့်ဆင်တူပြီး အလင်းရောင်က ပတ်ဝန်းကျင်တစ်ခုလုံးကို ဖုံးလွှမ်းသွားစေသည်။ အံ့သြစရာကောင်းသည်မှာ ထိုဓားက မှော်ဝင်ပစ္စည်းတစ်ခု ဖြစ်နေခြင်းပင်။
ရှောင်ယွိ မျက်လုံးများပြူးကျယ်စွာဖြင့် ကျောက်ဟိုကို စိုက်ကြည့်နေသည်။ အဆုံးမဲ့တောင်တန်းမှ တပည့်တစ်ယောက်အနေဖြင့် ဂိုဏ်းက ကျောက်ဟိုကို မည်သည့်မှော်ဝင်ပစ္စည်းမှ ပေးအပ်မထားကြောင်း သူ သိရှိသည်။
ကျောက်ဟိုက ကောင်းကင်ဘုံကိုအံတုနိုင်လောက်သည့် ရတနာပစ္စည်းတစ်ခုပိုင်ဆိုင်ထားပါစေ ရန်ကျောက်ကဲက အရေးမစိုက်ပေ။ သူ အရေးစိုက်သည်မှာ သူ့ထံဝင်ရောက်လာသည့် ဓားအလင်းတန်းကိုသာလျှင် ဖြစ်သည်။
“မင်းရဲ့သိုင်းစွမ်းက လက်ရှိမှာ အတော်လေးပျက်စီးနေပြီ ၊ အရင်က ငါက ဒီလိုအားနည်းနေတဲ့သူတွေအပေါ် အခွင့်ကောင်း ယူရတာကို ရွံလျှာပေမယ့် မင်းရဲ့ကျင့်ကြံခြင်းအဆင့်က ငါ့ထက်မြင့်တယ်ဆိုတော့... အခု ငါတို့တိုက်ပွဲက တရားမျှတပါတယ်”
ကျောက်ဟိုက အေးစက်စွာဆိုသည်။
“ကောင်းကင်ချိတ်ဆက်တွေ့ဆုံပွဲတုန်းက မင်းရဲ့ ကျင့်ကြံခြင်းအဆင့် လျှော့ချပြီး ယှဉ်ပြိုင်ဖို့ အကြီးအကဲ’မော့’က ပြောခဲ့ပေမယ့် မင်းက ငါနဲ့မတိုက်ရဲခဲ့ဘူးမဟုတ်လား ၊ ဒါပေမဲ့ အခုတော့ မင်း သတ္တိရှိရှိ တိုက်ရမယ် ၊ မင်း မတိုက်ရဲဘူးဆိုရင်လည်း တိုက်ရမယ် ၊ မင်းမှာ ရွေးချယ်ခွင့် မရှိဘူး”
ဓားရောင်က လျှပ်စီးလက်သည့်ပမာ တောက်ပနေပြီး မီးပွားများ ထွက်ပေါ်နေသည်။ ဓားအလင်းရောင်သည် ကန္တာရထဲတွင် တောက်လောင်နေသည့် မီးတောက်နှင့် ဆင်တူသည်။
ဓားမှထွက်ပေါ်နေသည့်အလင်းတန်းများက ရုတ်တရက် ကြယ်ရောင်များအလား လင်းထိန်သွားပြီး ကောင်းကင်ထက်မှ ဥက္ကာပျံများစွာ သက်ဆင်းလာသည့်အလား ထင်မှတ်ရသည်။
ဓားတစ်လက်တည်းတွင် ကြယ်ရောင်နှင့်မီးရောင်တို့ တစ်သားတည်းပေါင်းစပ်သွားသည့်အခါ ပြင်းထန်လေးနက်သည့် ဓားဝိညာဉ်တစ်ခု ထွက်ပေါ်လာပြီး ဓားရောင်က သွေးနီရောင်မှ ရွှေရောင်အဖြစ် ပြောင်းလဲသွားသည်။
ရွှေရောင်ဓားအလင်းတန်းက ပတ်ဝန်းကျင်သို့ ပြန့်ကျဲသွားပြီး ဓားဝိညာဉ်က မျဉ်းကြောင်းတစ်ခုပမာ စွမ်းအားများကို စုစည်းကာ ရန်ကျောက်ကဲရှိရာသို့ ဦးတည်ဝင်ရောက်လာသည်။
ဆေးမီးတောက်ဓား ၊ ကြယ်စင်မီးတောက်ကောင်းကင်ဓားသိုင်း။
“ရန်ကျောက်ကဲ... ဓားထုတ်စမ်း...”
ကျောက်ဟိုက အော်ဟစ်လိုက်သည်။
“တိုက်မယ်...”
ကျောက်ဟို၏ ကျယ်လောင်သောစကားသံနှင့်အတူ ဓားရောင်ကလည်း တဟုန်ထိုး ဝင်ရောက်လာသည်။ သူက အတွင်းပိုင်းကြယ်တာရာချီ နှောင်းပိုင်းအဆင့် သိုင်းပညာရှင်ဖြစ်သည့်တိုင် သူ၏ဓားချက်ကတော့ မိုးမြေတစ်ခုလုံးကို ခုတ်ပိုင်းပစ်တော့မည့်အလား ထင်မှတ်ရသည်။
ထိုခဏတွင် ကျောက်ဟို၏ပုံရိပ်က အရပ်ပိုမိုမြင့်မားလာဟန်ရှိပြီး ရန်ကျောက်ကဲမျက်ဝန်းများထဲတွင် ပုံရိပ်ယောင်လိုလို လူရိပ်တစ်ခု ထွက်ပေါ်လာသည်ကို တွေ့မြင်လိုက်ရသည်။
ထိုလူရိပ်က ဓားကို အပြည့်အဝထိန်းချုပ်ထားပြီး အလွန်တရာမာန်မာနကြီးမားပြီး ခံနိုင်ရည်စွမ်းလည်း မြင့်မားဟန် ရှိသည်။ သူက အဆုံးမဲ့လောကကို ဖြတ်သန်းလွှမ်းမိုးလာသကဲ့သို့ ထင်မှတ်ရသည်။
ထိုသူသာ ဓားတစ်လက်ဖြင့် မိုးမြေကို ခုတ်ပိုင်းပစ်မည်ဆိုလျှင် သူ၏လုပ်ရပ်ကို မည်သူမှ တားဆီးနိုင်မည်မဟုတ်ပေ။
ကျောက်ဟိုသည် အတွင်းပိုင်းကြယ်တာရာချီ နှောင်းပိုင်းအဆင့် သိုင်းပညာရှင်ဖြစ်သော်လည်း သူ၏ဓားဝိညာဉ်က ပတ်ဝန်းကျင်တစ်ခုလုံးကို ဖုံးလွှမ်းသွားသည့်အခါ လူတိုင်း၏နှလုံးသားများကို တုန်လှုပ်စေပြီး ခြေလက်များကို အားပျော့သွားစေသည်။
ရဲ့ကျုန်းကျိုး ၊ ကျန်းယောင်နှင့် အခြားသူများ ထိတ်လန့်တုန်လှုပ်သွားကြသည်။
အားလုံးက ကျောက်ဟိုကို အနည်းငယ်ထူးဆန်းသောအကြည့်ဖြင့် ကြည့်နေကြစဉ် ရန်ကျောက်ကဲကတော့ တိတ်ဆိတ်ငြိမ်သက်နေခဲ့သည်။
လက်ရှိတွင် အလွန်အားနည်းဟန်ရှိနေသည့် ရန်ကျောက်ကဲသည် ကျောက်ဟို၏ ကြယ်စင်မီးတောက်ကောင်းကင်ဓားသိုင်းနှင့် ရင်ဆိုင်ရသော်လည်း ထိတ်လန့်ခြင်းမရှိသလို တုန်လှုပ်ခြင်းလည်း မဖြစ်ပေ။
စိမ်းပြာရောင်အလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး ကျောက်ဟို၏ ရွှေရောင်ဓားအလင်းဆီသို့ ဝင်ရောက်သွားသည်။
ရန်ကျောက်ကဲ၏ စွမ်းအင်ဗဟိုချက်အတွင်းမှ သန့်စင်သောချီစွမ်းအားများဘေးဘက်သို့ အသာပျံ့နှံ့သွားပြီး ယင်နှင့်ယန် ၊ ရေခဲနှင့်မီးများရောထွေးနေသည့် ပရမ်းပတာချီစွမ်းအားများ ထွက်ပေါ်လာသည်။
သူ၏ ကြယ်တာရာချီစွမ်းအားသည် ပူလောင်ခြင်း ၊ အေးခဲခြင်း မရှိတော့သလို ယင်စွမ်းအားလည်းမဟုတ် ၊ ယန်စွမ်းအားလည်းမဟုတ် ၊ အစလည်းမရှိ အဆုံးလည်းမရှိဘဲ ပရမ်းပတာ အခြေအနေတွင်သာ ရှိနေခဲ့သည်။
ထို့နောက် ပရမ်းပတာချီစွမ်းအားများ ရုတ်ချည်းပေါက်ကွဲထွက်သွားသည်။
သူအသုံးပြုလိုက်သည့်ဓားသိုင်းက အင်္ကျီလက်ထဲမှမိုးပြာနဂါးဓားသိုင်းလည်းမဟုတ် ၊ ခုနစ်စဉ်ကြယ်ဓားသိုင်းလည်းမဟုတ် ၊ ထိုက်ကျိတိမ်တိုက်နဂါးဓားသိုင်းလည်း မဟုတ်ပေ။
သူ့စိတ်ထဲတွင်ဗလာကျင်းနေပြီး ရန်ကျောက်ကဲက သူ၏သိုင်းစွမ်းများအားလုံးကို တစ်ခဏအတွင်း စုစည်းလိုက်ဟန် ရှိသည်။ ထို့နောက် နားလည်ရခက်သည့်နည်းလမ်းတစ်ခုကို အသုံးပြုပြီး စွမ်းအားများကို အတူတကွပေါင်းစပ်စေကာ အဆက်မပြတ် ပေါက်ကွဲထွက်သွားစေသည်။
အရာအားလုံးက ကမ္ဘာဦးကာလပရမ်းပတာအခြေနေသို့ ရောက်ရှိသွားသကဲ့သို့ဖြစ်ပြီးနောက် ချက်ချင်းပင်ငြိမ်သက်သွားကာ စကြာဝဠာအသစ်တစ်ခု တစ်ဖန်မွေးဖွားလာခဲ့သည်။
စိမ်းပြာရောင်ဓားဝိညာဉ်နှင့် ရွှေရောင်ဓားအလင်းတို့ လေထုအလယ်တွင် ထိပ်တိုက်ရိုက်ခတ်မိကြသည်။
ရွှေရောင်ဓားအလင်းများ ရုတ်ချည်းအက်ကွဲသွားတော့သည်။
တုန်လှုပ်ချောက်ချားသွားဟန်ရှိသော ကျောက်ဟို၏အမူအရာကိုကြည့်ရင်း ရန်ကျောက်ကဲက လေသံတိုးတိုးဖြင့် စကားဆိုသည်။
“ကော်ဇီ... ၊ မင်းတော့ နောက်တစ်ကြိမ် သေချင်ပြန်ပြီထင်တယ်”