ဒီကောင် ပြန်လာရဲလား။
Vol. 8 Ch. 94
“ ဧည့်သည်တော် လူကြီးမင်း ဘယ်မှာလဲ။ ”
စွေ့ယွင်က စိတ်လှုပ်ရှားစွာဖြင့် သတင်းပို့သည့် တာဝန်ခံကို လှည့်ကြည့်ကာ မေးမြန်းလိုက်သည်။
တာဝန်ခံသည်လည်း ပတ်ဝန်းကျင်၌ အထူးဧည့်သည်တော် အဆင်အသွေးမျိုး မတွေ့ သဖြင့် အစေခံထံ ထပ်မံလှည့်ကြည့်လိုက်သည်။
ထိုအကြည့်ကြောင့် အစေခံခမျာ တုန်ယင်သွားပြီး စုရီကို ခိုးကြည့်လျက် ခေါင်းငုံ့ သွားတော့၏။ ပြန်ဖြေရန်ပင် သူ့၌ခွန်အား မကျန်တော့ချေ။
စွေ့ယွင်က ထိုအစေခံ၏အကြည့် လမ်းကြောင်းအတိုင်း လိုက်ကြည့်ရာ စုရီနှင့် မျက်ဝန်းခြင်းဆုံ၏။
( လူငယ်လား။)
တံဆိပ်ပိုင်ရှင်သည် ဤမျှငယ်ရွယ်သူ ဖြစ်လိမ့်မည်ဟု မမျှော်လင့်ထားသဖြင့် မှင်သက် သွားသည်။ သို့တိုင် ဦးညွှတ်လျက် ပြုံးကာ၊
“ သခင်ငယ်၊ ငါတို့ရဲ့ နိမ့်ချတဲ့စံအိမ်ကို သုံးဆောင်ဖို့အတွက် ရောက်ရှိလာတဲ့အတွက် ကျေးဇူးတင်ပါတယ် ... ခရီးဦးကြို မပြုမိတဲ့ အတွက်လည်း ခွင့်လွှတ်ပေးဖို့ တောင်းပန်ပါတယ်။ ”
-ဟု တောင်းပန်လိုက်တော့သည်။
သူမနောက်ရှိ တာဝန်ခံရှစ်ယောက် သည်လည်း တပြိုင်နက်တည်း ဦးညွှတ်ကာ အရိုအသေ ပေးလာကြ၏။
စုရီက စိတ်မရှည်တော့ဘဲ၊
“ ငါဒီမှာ ရပ်နေရတာကြာပြီ ... မင်းအစေခံက သီးသန့်ခန်း စီစဉ်ပေးဖို့ကို ငြင်းနေတယ်။ ”
-ဟု ပြန်လည်ပြောကြားလိုက်၏။
“ တောင်းပန်ပါတယ် ... တောင်းပန်ပါတယ်။ ”
စွေ့ယွင်က စုရီအနောက်မှ လူများထံ အကြည့်ရောက်သွားကာ အနည်းငယ်တုန့်ဆိုင်း သွားခြင်းဖြစ်သည်။
ထို့ကြောင့် ချက်ချင်း တောင်းပန်လိုက်ကာ၊
“ တစ်ယောက်ယောက် နဝမထပ်ရဲ့ တောင်မြစ်နန်းတော်ကို သခင်ငယ်အတွက် ပြင်ဆင်ပါ၊ အထူးလက်ဖက်မွှေးနဲ့ ဖျော်ထားတဲ့ ရေနွေးကြမ်းတစ်အိုး ပြင်ဆင်ပါ။ ”
“ ဟုတ်ကဲ့ ... နားလည်ပါပြီ။ ”
“ အသူရာဝိုင်တစ်အိုး သိုလှောင်ခန်းကနေ ထုတ်ယူပြီး တောင်မြစ်နန်းတော်ဆီ ပို့ဆောင်ပါ ငါတို့ရဲ့စားဖိုမှူး အဖိုးကြီးဝမ်ကို ဟင်းပွဲတွေ ထားပြီး သခင်ငယ်အတွက် ပြင်ခိုင်းပါ။ ”
“ နားလည်ပါပြီ ... ။ ”
“ တောင်မြစ် နန်းတော်အပြင်ဘက်မှာ စောင့်နေပြီး နောက်ထပ်ညွှန်ကြားချက်တွေကို အချိန်မရွေး လက်ခံယူဖို့ ပြင်ဆင်ထားပါ။ ”
“ နားလည်ပါပြီ ... ။ ”
စွေ့ယွင်က မနားတမ်း အမိန့်များပေးကာ စုရီထံ လှည့်ကြည့်ပြီး၊
“ ကျေးဇူးပြုပြီး ... ဒီလမ်း။ ”
-ဟု ကိုယ်တိုင် လမ်းပြပေးတော့၏။
ဤမြင်ကွင်းက ရပ်ကြည့်နေသော လူများစွာကို အံ့အားသင့် သွားစေသည်။ စုရီနှင့် အဖွဲ့ ပျောက်ကွယ်သွားချိန်၌ တားဆီးခဲ့သော အစေခံခမျာ ချက်ချင်း ဒူးညွှတ်ကျသွားသည်။
သူတောင်းစားများနှင့်အတူ ရောက်ရှိလာသော တစ်စုံတစ်ယောက်သည် တောင်မြစ်နန်းတော်၏ ဧည့်သည်တော် ဖြစ်နေ လိမ့်မည်ဟု အိမ်မက်ပင် မမက်ဖူးချေ။
နောက်ထပ် အကြိမ်တစ်ထောင် ကြုံဆုံရလျှင်ပင် ဤသို့သာ တွေးထင်မိပေမည်။ ကောင်းကင်ဘုံသည် သူ့ကဲ့သို့ အမှိုက်တစ်စကို အသက်ရှင်စေလိုပုံ မရတော့ချေ။
***
စည်းစိမ်ချမ်းသာစံအိမ် တောင်မြစ်နန်းတော်။
ကော်ဇောနီများ အခန်းအပြည့် ခင်းကျင်းထားပြီး နံရံရှိဖယောင်းတိုင်အလင်းက ထောင့်တိုင်းအထိ ကျရောက်နေစေသည်။
လူထက်ဝက်နီးပါး အရွယ်အစားရှိသော ပန်းအိုးကြီးတစ်လုံးအတွင်းတွင် လန်းဆန်းသော ရွက်လှပန်းပင်ကြီး စိုက်ထားကာ နံရံတွင် တောင်နှင့်မြစ်ပုံစံ ပန်းချီကားချပ်များ ရေးဆွဲထား၏။
အခန်းအလယ်တွင် သင်းပျံ့ပျံ့ရနံ့များ ပေးစွမ်းနေသော စန္ဒကူးစားပွဲ၌ လူနှစ်ဆယ်ခန့် အလွယ်တကူ တည်းခင်းနိုင်သည်။
အသီးအနှံများနှင့် ရေနွေးကြမ်းကို တည်ခင်းလျက် အစေခံများက တရုန်းရုန်း သွားလာ ပြင်ဆင်ပေးနေ၏။
အခန်းအတွင်း တစ်နေရာ၌ ချောမောလှပသော အစေခံမိန်းကလေး ငါးဦးကိုလည်း အသင့်စောင့်နေစေသည်။
အားဖေနှင့် ရှောင်ရန်က သူ့တို့ ဖိနပ်အဟောင်းများကြောင့် ကော်ဇောနီ ညစ်ပေ သွားမည်ကို စိုးထိတ်လာခဲ့သည်။
သူတို့သည် မြို့တော်၏ ပိုးဟပ်များဖြစ်ရာ ဤအရပ်ဖြင့် မရင်းနှီးချေ။ ဟွမ်ချမ့်ကျွယ်မှ ခန်းမအတွင်း ဝေ့ကြည့်ပြီး၊
“ မဆိုးဘူး ... အင်မော်တယ် စံအိမ်ထက် အများကြီးသာလွန်တယ် ... ငါဒီကို အကြိမ်ကြိမ် လာခဲ့ဖူးပေမယ့် ... နဝမအလွှာထိ တက်ခွင့် မရခဲ့တာ နှမျောစရာပဲ။ ”
-ဟု ချီးကျူးလိုက်သည်။
စံအိမ်သခင်စွေ့ယွင်က နာကျင်စွာ ပြုံးလိုက်ပြီး၊
“ စည်းစိမ်ချမ်းသာစံအိမ်က အခုလို ဧည့်ဝတ်ကျေပွန်မှု အားနည်းခဲ့တဲ့အတွက် တောင်းပန်ပါတယ် သခင်ငယ် ...
... ရှေ့လျှောက် မကြာမကြာ လာရောက်ဖို့ ကြိုဆိုပါတယ် ကျေးဇူးပြုပြီး ငါတို့အမှားတွေကို ပြင်ဆင်ဖို့ အခွင့်အရေးပေးပါ။ ”
“ ဟားဟားဟား ... ဒီတစ်ခါပဲ ငါ့စကားကို အလေးအနက်ထားတဲ့ လူကို ကြုံဖူးတော့တယ် မိန်းကလေးစွေ့ယွင်က စံအိမ်သခင် ပီသပါပေတယ်။ ”
ဟွမ်ချမ့်ကျွယ်မှ ကွမ်လင်လူရမ်းကား အသွင်မျိုး ပြန်ပေါ်လာပြီး အထိန်းအကွပ်မဲ့စွာ ရယ်မောတော့၏။
စံအိမ်သခင်ခမျာ မျက်နှာပျက် သွားသော်လည်း ပြုံးနေရသည်။ ဤသည်မှာ ခရမ်းရောင်တံဆိပ်ကြောင့် ဖြစ်မှန်း မည်သူမဆို နားလည်ချေပြီ။
စုရီသာ မပါရှိသော် ဤလူအုပ်အတွင်းရှိ မည်သူမဆို တောင်မြစ်နန်းတော်အနား ကပ်နိုင် ဦးမည် မဟုတ်ချေ။
“ ဒီနေရာက ... အဆင်ပြေပါတယ် ကျေးဇူးပြုပြီး အစားအသောက်တွေ မြန်မြန် ယူလာပေးပါ။ ”
“ ကောင်းပါပြီ သခင်ငယ် ... ငါမင်းကို မနှောင့်ယှက်တော့ပါဘူး ... လိုအပ်တာရှိရင် ဒီအစေခံတွေကို အမိန့်ပေးလိုက်ပါ။ ”
စံအိမ်သခင်က ပြုံးပြပြီး ခေါင်းညိတ်ကာ လှည့်ထွက်သွား၏။ များမကြာခင် ဟင်းပွဲပေါင်း များစွာ ရောက်ရှိလာသည်။
ဟင်းပွဲများမှ လွင့်ပျံလာသော ဝိညာဉ်စွမ်းအင်အမျှင်များကို ခံစားနိုင်ပြီး ပါဝင် ပစ္စည်းများမှာ ရှားပါးတန်ဖိုးရှိချေပြီ။
ဖန်ရှောင်ဖုန်းတို့ သုံးယောက်အတွက် အပြင်အဆင်သည် စိတ်မသက်မသာ ဖြစ်စေခဲ့ သော်လည်း ဟင်းပွဲရနံ့ကို ရှူရှိုက်ပြီးနောက် သက်တောင့်သက်သာ ဖြစ်ကုန်ကြ၏။
***
စည်းစိမ်ချမ်းသာ စံအိမ်၏ ကန္တာရနန်းတော်။
ကျိုးကျစ်လီက ပြတင်းပေါက်နားတွင် ရပ်ကာ စုရီဝင်လာသည့်မြင်ကွင်းကို ငေးကြည့် နေခဲ့သည်။
“ တွေ့လား ... မင်းကူညီဖို့ မလိုပါဘူး။ ”
ချင်ကျင်းမှ ပြောကြားလာ၏။ စုရီအဖွဲ့ကို ကူညီရန် အချိန်ကောင်းတစ်ခု သူ စောင့်နေခြင်း ဖြစ်သည်။
“ အဲဒီ ... အပြာဝတ်လူငယ်ကို ငါသဘောကျတယ် သင်္ဘောဆိုက်ကပ်တဲ့နေ့က အဝေးကနေ ငါ့ကျင့်ကြံမှုကို သူမြင်တယ်။ ”
အင်ပါယာ စီရင်စုသခင်က ဝင်ရောက် ပြောကြားလာ၏။ ထို့ကြောင့် ကျိုးကျစ်လီမှာ အံ့အားသင့်သွားသည်။
“ အရှင်မင်းသား ... အဲဒီလူငယ်က ဘယ်သူလဲ ဘာလို့ ဒီလောက် အလေးအနက် ထားနေရတာလဲ။ ”
“ သူက ငါ့အသက်ကို ကယ်ခဲ့တယ်။ ”
ချင်ကျင်းက တစ်ယောက်တည်း ပြတင်းပေါက်တွင်ရပ်လျက် ကျိုးကျစ်လီတို့ စကားဝိုင်းကို လျစ်လျူရှုကာ အတွေးထဲ နစ်မျောနေတော့သည်။
***
စည်းစိမ်ချမ်းသာစံအိမ် အံ့ဖွယ်ခန်းမ။
ယန်ချောင်နှင့် သူ့အမျိုးသမီးက ခန်းမအတွင်းရှိ စားပွဲ၏အဆုံးတွင် ထိုင်လိုက်ကြ လေသည်။ အကြောင်းမှာ ယနေ့ညအိမ်ရှင်သည် မြစ်ပြာဓားစံအိမ်၏ အတွင်းတပည့်တစ်ဦး ဖြစ်သောကြောင့်ပေပင်။
သူ့ဖခင်သည် တိမ်မြစ် စီရင်စုမြို့တော်၏ ထင်ရှားသော ‘မြစ်ရေ’ သယ်ယူပို့ဆောင်ရေး လုပ်ငန်းပိုင်ရှင် ချန်တခုန်ဖြစ်သည်။
ချန်တခုန်နှင့် တိမ်မြစ်စီရင်စုသခင်မှာ ရင်းနှီးကြပြီး ငယ်စဉ်တည်းကပင် ညီအစ်ကိုများ အဖြစ် ကျမ်းသစ္စာကျိန်ဆိုထားကြသည်ဟူသော ကောလဟာလများ ရှိခဲ့သည်။
ထို့ကြောင့် ချန်တခုန်၏သား ချန်ကျင်းလုံသည် သဘာဝအတိုင်း ဤစံအိမ်၌ အခန်းတစ်ခန်း ရရှိခဲ့ခြင်း ပေပင်။
ချန်ကျင်းလုံ ဧည့်သည်များသည်လည်း တိမ်မြစ်စီရင်စုမြို့တော်၌ အထင်ကရ မိသားစု ဝင်များဖြစ်သည်။
သူ့ဘေးတွင် နျန်ယွင်ချုံးနှင့် လီမိုယွင် ထိုင်နေသည်။ လီမိုယွင်ဟူသည် အတွင်းတပည့် များကြား ကျော်ကြားသူဖြစ်ပြီး ကျင့်ကြံမှုအရ ချန်ကျင်းလုံထက်ပင် သာလွန်၏။
ထို့ကြောင့် ယန်ချောင်တို့ အတွဲကဲ့သို့ ပြင်ပတပည့်များသည် အဖြည့်ခံများသာပေပင်။ စကားစမြည်များ ပြောနေစဉ် ယန်ချောင်က အခွင့်အရေးကို တိတ်ဆိတ်စွာ စောင့်နေခဲ့၏။
“ ဟား ဟား ဟား ... ဂျူနီယာ ညီလေးချောင် မင်းဘာလို့ တိတ်ဆိတ်နေလဲ။ ”
ချန်ကျင်းလုံမှ သတိရသွားသည်။ အဆုံးတွင် ယန်ချောင်အတွက် စကားပြောရန် အခွင့်အရေး ရရှိလာချေပြီ။
“ စီနီယာ အစ်ကိုချန် ... ငါအခု စည်းစိမ်ချမ်းသာ စံအိမ်အဝင်ဝမှာ ... တွေ့ခဲ့တဲ့ သူငယ်ချင်းအကြောင်း အတွေးလွန်နေတာပါ ... သူ့ကိုမြင်ရင် မင်းလည်း အံ့ဩသွားမှာ သေချာတယ်။ ”
“ စည်းစိမ်ချမ်းသာ စံအိမ်က နေ့စဉ် ထင်ရှားတဲ့ပုဂ္ဂိုလ်တွေ လာရောက်လည်ပတ် တတ်ပါတယ် ... မင်းသူငယ်ချင်းက ဘယ်သူလဲဆိုတာ ပြောနိုင်မလား။ ”
နျန်ယွင်ချုံးက စိတ်မရှည်စွာ ဝင်ပြောလာသည်။
“ သူ့ကို စီနီယာအစ်ကိုလည်း ကောင်းကောင်းသိပါတယ် ငါတို့ ပြင်ပဂိုဏ်းရဲ့ တပည့်ကြီးစုရီနဲ့ ဖန်ရှောင်ဖုန်း ... ။ ”
လူတိုင်းချက်ချင်း တိတ်ဆိတ်သွား၏။ နျယွင်ချုံးတစ်ယောက် မျက်ဝန်းများ မှေးစင်း သွားတော့သည်။ သူ့အသွင်မှာ အေးစက်ပြီး ကြောက်စရာ ကောင်းလာ၏။
“ သူတကယ်ပဲ စီရင်စုမြို့တော်ကို ပြန်လာရဲတာလား။ ”
လီမိုယွင်က ဝိုင်ခွက်ကို တင်းတင်း ဆုပ်ကိုင်ကာ မျက်နှာ ပျက်ယွင်းသွားလေသည်။ လွန်ခဲ့သည့် ရက်အနည်းငယ်က ဖခင်ဖြစ်သူထံမှ စာတစ်စောင် ရရှိခဲ့သည်။
စာထဲတွင် ယွမ်သခင်မလေးနှင့် စုရီ၏ ပတ်သတ်မှုအပေါ် အလေးပေး ဖော်ပြထား၏။ အဆုံးတွင် စုရီကို အပြစ်မပြုရန် တင်းကြပ်စွာ သတိပေးထားသည်။
ဤသတင်းသည် ရူးသွပ်စရာပေပင်။ ဆိုလိုသည်မှာ စုရီသည် လီမိသားစုမှအပြစ်ပြု နိုင်သည့် တည်ရှိမှုမျိုး မဟုတ်တော့ချေ။
***