လူပုလေးအာနီ: အလုပ်ရှာနေလား? ၂
Vol. 50 Ch. 742
လင်းလန်ဇီက သူမဝန်ထမ်းများကိုညွှန်ကြားပြီးနောက် ချင်းလင်ဓာတ်ခွဲခန်းနှင့်ချင်းလင်အစားအသောက်ကုမ္ပဏီကိုဆက်သွယ်သည်။
ဘာပဲဖြစ်ဖြစ် သုံးဖွဲ့ပေါင်းပြီးအကုန်အကျခံရမည်ဟုသူဌေးကပြောထား၍ အရင်ဆုံးသူတို့ကိုဆက်သွယ်ရမည်။
သူဌေးချင်က ဒီလိုဆိုမှတော့ ချင်းလင်အစားအသောက်ကုမ္ပဏီနှင့်ချင်းလင်ဓာတ်ခွဲခန်းကပျော်ပျော်ကြီးပေးကြလိမ့်မည်။
နောက်ဆုံး ကျောက်မိုချင်းကိုလက်မှတ်ထိုးခိုင်းမည်။
ဒီငွေလုံးပေါင်းကိုလည်း ကျောက်မိုချင်းဆီလွှဲထားပြီး ဝယ်ယူသည့်စာရင်းအတိုင်း ကျောက်မိုချင်းကရှင်းပေးရမည်။
ငွေကိစ္စဖြေရှင်းပြီးနောက် လင်းလန်ဇီလည်း ချင်းလင်အစားအသောက်ကုမ္ပဏီနှင့်ချင်းလင်ဓာတ်ခွဲခန်းကိုဆက်သွယ်ပြီး နှစ်ကုန်ပွဲအကြောင်းဆွေးနွေးသည်။
ကုမ္ပဏီသုံးခုတောင် သူတို့လူများ၊အလုပ်များနှင့်အစီအစဉ်များပါဝင်ဆောင်ရွက်ရမည်။
ထို့ကြောင့် ကုမ္ပဏီသုံးခုမှဌာနမန်နေဂျာများ၊ စက်ရုံမန်နေဂျာများအားလုံးကိုအဖွဲ့ဖွဲ့ထားလိုက်သည်။
ခုံလင်းကိုအဖွဲ့ထဲထည့်ချိန်တွင် သူကအိမ်မှာရှိနေသည်။ လက်ရှိသူကချင်းလင်ဆေးဝါးစက်ရုံတွင် ဒါရိုက်တာအဖြစ်ရောက်နေသည်။
တက္ကသိုလ်ဘွဲ့ရကျောင်းသားကရုံချန်းပြန်လာပြီး စီရင်စုငယ်လေးမှစက်ရုံတွင်အလုပ်လုပ်သောကြောင့် ကျောင်းသားများကသူ့ကိုလှောင်ခဲ့ကြသည်။ တချို့ကျောင်းသားများက သူ့ကိုမကျေမနပ်နှင့် ကုမ္ပဏီကြီးကိုဝင်ကြသည်။ သူ့ကိုတခြားသူများနှင့်တောင်ယှဉ်ကြသည်။
ထိုအချိန်က ချင်းလင်အစားအသောက်ကုမ္ပဏီမှာ ကုမ္ပဏီလေးဖြစ်ပြီးသိပ်နာမည်မကြီးသေး။ စက်ရုံကအတော်သေးပြီး ထုတ်လုပ်ရေးလိုင်းနည်းနည်းသာရှိသည်။
သို့သော် အခုတစ်နှစ်အကြာတွင် ချင်းလင်အစားအသောက်ကုမ္ပဏီကိုလူတိုင်းသိကြသည်။ ချင်းလင်အစားအသောက်ကုမ္ပဏီက ရှေ့လျှောက်ကုမ္ပဏီကြီးဖြစ်ဖို့ အလားအလာရှိကြောင်းအားလုံးအသိ။
တစ်နှစ်အကြာတွင် ချင်းလင်အစားအသောက်ကုမ္ပဏီ၏ဒါရိုက်တာဖြစ်လာသည်။
သူ့အတန်းဖော်များကအားကျပြီး ချင်းလင်ကုမ္ပဏီတွင် လူလိုမလိုလာမေးကြသည်။
အစပိုင်းသူ့ကိုလှောင်ခဲ့သူအားလုံး ပါးစပ်ပိတ်ကုန်သည်။ သူ့ကိုဖျက်လိုဖျက်ဆီးလုပ်ပြီး ကုမ္ပဏီကြီးတွင်အလုပ်ဝင်သွားသောအတန်းဖော်များလည်း တစ်နှစ်အကြာမှာ အဖွဲ့ဝင်လေးအဖြစ်သာရှိနေဆဲ။ ရာထူးတိုးဖို့ဝေးစွ။
သူ့အတန်းတွင် ဒုတိယမျိုးဆက်သူဌေးသားမှလွဲ၍ ဘယ်သူမှသူ့ထက်အခြေအနေမကောင်းဟုဆိုနိုင်သည်။
ဒါကရွေးချယ်မှုအရေးကြီးခြင်းပင်။ သူ့ဘဝမှာအရေးအကြီးဆုံး၊အမှန်ကန်ဆုံးရွေးချယ်မှုကို သူလုပ်နိုင်ခဲ့သည်။
နောက်ပြီး ဥက္ကဌတန့်က ကုမ္ပဏီဆုရွေးချယ်ခွင့်ကိုလက်ခံထားပြီဟုကြားသည်။ ကုမ္ပဏီစီနီယာစီမံရေးတွင်လည်း ဆုရွေးချယ်ခွင့်အစီအစဉ်ရှိမည်။
သူအခုအားအင်အပြည့်နှင့် နောက်တစ်ဆင့်တိုးပြီး အနိမ့်ဆုံးဆုရွေးချယ်ခွင့်အဆင့်ရောက်အောင်ရည်ရွယ်ထားသည်။
Wechat အဖွဲ့မှာ စဆွေးနွေးနေပြီ။
ရုတ်တရက်ကြီး ဘာလို့အဖွဲ့ဖွဲ့လဲ ခုံလင်းဇဝေဇဝါဖြစ်နေ၏။
အဖွဲ့ခေါင်းဆောင်က လင်းလန်ဇီ။ သူမကိုသိသည်။ ချင်းလင်စံအိမ်ကမန်နေဂျာအလှလေးပင်။
ချင်းလင်စံအိမ်တွင်အလွန်နာမည်ကြီးပြီး အတော်များများက နတ်ဘုရားမဟုခေါ်ကြသည်။
သို့ရာတွင် ဒီလိုချောချောမောမော၊ ကိုယ်လုံးကိုယ်ပေါက်လှလှ၊ စိတ်နေစိတ်ထားကောင်းကောင်းနှင့် ရာထူးမြင့်သောအလှလေးမျိုးကို ဘယ်သူမှစိတ်ကူးမယဉ်ရဲ။ သူတို့ရှိန်ပြီးပြန်မလှန်နိုင်။
သို့သော် မန်နေဂျာလင်းကိုသူစိတ်မဝင်စားဘဲ သူ့ဘေးတွင်ချက်ပြုတ်နေသော ကျက်သရေရှိပုံရိပ်လေးကိုသာကြည့်မိသည်။ သူ့အိမ်ထောင်ဖက်ကလည်း အရမ်းလှသည်။
ချင်းလင်ကုမ္ပဏီ၏ဒါရိုက်တာအနေနှင့် ရုံချန်းတွင်အရည်အချင်းရှိလူငယ်တစ်ဦးဖြစ်သောကြောင့် အရည်အချင်းရှိသောမိန်းကလေးရှာနိုင်သည်ပင်။
သူ့ကောင်မလေးကောဝမ်ရူက ဘဏ်တစ်ခုတွင်အလုပ်လုပ်သည်။ သူ့အကြိုက်ပုံစံမျိုးပင်။ ပါတီတစ်ခုတွင်သူတို့နှစ်ဦးဆုံပြီး အတူတူရှိခဲ့သည်။
ခုံလင်းက Wechat အဖွဲ့ထဲကြည့်ပြီး လင်းလန်ဇီစာကိုတွေ့သောအခါ အလန့်တကြားမတ်တပ်ထရပ်လိုက်သည်_
"သော*က်!''
"ဘာဖြစ်လို့လဲ? ဘာလို့ဒီလောက်အလန့်တကြားဖြစ်နေတာလဲ?''
ကောဝမ်ရူက ဇဝေဇဝါနှင့်မေးသည်။
"ကိုယ်တို့ကုမ္ပဏီနှစ်ကုန်ပွဲလေ''
ခုံလင်းကရှင်းပြသည်။
"နှစ်ကုန်ပွဲက ဘာထူးဆန်းလို့လဲ?''
ကောဝမ်ရူက မထူးဆန်းသလိုမေးသည်_
"တို့ဘဏ်မှာလည်း နှစ်ကုန်ပွဲလုပ်မှာပဲ!''
ခုံလင်းကသူ့ကောင်မလေးဆီဖုန်းပေးလိုက်ပြီး_
"ကိုယ့်ဘာသာကြည့်တော့!''
ကောဝမ်ရူလည်း Wechat အဖွဲ့ထဲမှစာမြင်ပြီး အလန့်တကြားအော်လိုက်သည်_
"ယောက်ျား... ဒါရှင်တို့ကုမ္ပဏီနှစ်ကုန်ပွဲမှာပေးမယ့်လက်ဆောင်တွေလား? တိုက်ခန်းနဲ့ကားတောင်ပါတယ်... လက်ဆောင်တွေအများကြီးပဲ... ပေါက်နိုင်ချေအရမ်းများတယ်... ရှင်တို့ကုမ္ပဏီကဝန်ထမ်းတွေကံကောင်းလိုက်တာ''
ထိုအကြောင်းသိသူက ခုံလင်းကောင်မလေးတင်မဟုတ်။
ချင်းလင်ကုမ္ပဏီနှစ်ကုန်ပွဲဆုမဲများကို Wechat အခိုက်အတန့်များတွင်ချက်ချင်းတင်ကြသည်။
အချိန်တိုအတွင်း ရုံချန်းတွင်တောမီးလိုပြန့်သွားသည်။
နှစ်ကုန်ပွဲဆုမဲများကိုကြည့်ပြီး ဘယ်သူမှငြိမ်ငြိမ်မနေနိုင်တော့။
အမှန်အတိုင်းပြောရရင် ရုံချန်းသားတွေ ဘယ်တုန်းကဒီလိုမြင်ကွင်းမျိုးမြင်ဖူးလို့လဲ?
အတော်များများက သူတို့အခိုက်အတန့်များတွင်တင်ပြီး အားကျကြောင်းပြောကြသည်။ ခေါင်းစဉ်မှာ: သူများကုမ္ပဏီ!

အတော်များများက နှစ်ကုန်ပြီးချင်းလင်ကုမ္ပဏီကအလုပ်ခေါ်ဖို့ရှိမရှိ သူတို့အဆက်အသွယ်များမှတဆင့်မေးမြန်းကြသည်။ ခေါ်လျှင် နှစ်ခါပြန်စဉ်းစားမနေဘဲအလုပ်ထွက်ပစ်လိုက်မည်။
ရုံချန်းတွင် ချင်းလင်ကုမ္ပဏီမှာအလုပ်လုပ်နေသရွေ့ တခြားကုမ္ပဏီကိုလုံးဝစဉ်းစားမည်မဟုတ်ချေ။
ရုံချန်းထဲမှကုမ္ပဏီသူဌေးများက ချင်းလင်ကုမ္ပဏီဆုမဲစာရင်းကိုမြင်ပြီး တိတ်တိတ်သာနေရသည်။ မတတ်နိုင်။ သူတို့မလုပ်နိုင်၍မယှဉ်နိုင်။
ချင်းလင်ကုမ္ပဏီက ဘယ်လိုကုမ္ပဏီမျိုးလဲ? သူတို့ကဘယ်လိုကုမ္ပဏီလဲ? အဆင့်ချင်းလုံးဝမတူ။
စီရင်စုကလည်း သတင်းရထားသည်။
စွန်းရှန်ကစာရင်းကြည့်ပြီး ချန်လီကိုတအံ့တဩမေးသည်_
"ဒီနှစ် သူဌေးချင်ကရက်ရောလိုက်တာ... ဆုမဲစာရင်းက မနှစ်ကပင်ဂွင်းအဖွဲ့အစည်းထက်တောင်မြင့်သေးတယ်... တိုက်ခန်း ၂ ခန်း.. ကားအစီး ၄၀!''
"စွန်းရှန်''
ချန်လီက တခြားရှုထောင့်မှကြည့်ပြီး_
"ဒါကြောင့်လည်း ချင်းလင်ကုမ္ပဏီက ခိုင်မာနေတာလေ... ချင်းလင်ကုမ္ပဏီလုံးဝဖွံ့ဖြိုးသွားရင် ထိပ်တန်းကုမ္ပဏီကြီးတစ်ခုဖြစ်လာလိမ့်မယ်''
"အင်း!''
စွန်းရှန်ခေါင်းညိမ့်လိုက်သည်။
ချင်းလင်ကုမ္ပဏီက ထိပ်တန်းကုမ္ပဏီတစ်ခုဖြစ်လာမည်မှန်း အားလုံးသိသည်။
အထူးသဖြင့် ချင်းလင်ကုမ္ပဏီက စက်မှုလုပ်ငန်းကုမ္ပဏီဖြစ်နေခြင်းပင်။
"နှစ်ချုပ်အစည်းအဝေးကျရင် ပထမတန်းပထမထိုင်ခုံက သူဌေးချင်ဖြစ်လိမ့်မယ်''
စွန်းရှန်ကရယ်ပြန်သည်။
ချန်လီခေါင်းညိမ့်လိုက်သည်။
ဒီထိုင်ခုံကိုသူဌေးချင်မထိုင်ရင် ရုံချန်းကဘယ်သူဌေးမှထိုင်ရဲမည်မဟုတ်။ ယူလည်းမယူဝံ့။
ချန်လီကဖြည့်ပြောသည်_
"ဒီနှစ် ချင်းလင်ကုမ္ပဏီရဲ့နှစ်ကုန်ပွဲကို ရုံချန်းရုပ်သံဌာနကနေဆက်လွှင့်ပါ... အဲဒါစီရင်စုနှစ်ကုန်ပွဲအတွင်ကြော်ငြာကောင်းပဲ''
ချင်းလင်ကုမ္ပဏီနှစ်ကုန်ပွဲဆုမဲစာရင်းက ရုံချန်းတွင်တလှုပ်လှုပ်ဖြစ်နေ၍ ပွဲကျင်းပသောညတွင်ပိုပြီးအသက်ဝင်နေသည်။
ဝန်ထမ်းများမှာ ဒီနှစ်နှစ်ကုန်ပွဲဆုမဲကိုသိထားသောကြောင့် မစောင့်နိုင်တော့။
နှစ်ကုန်ပွဲတွင် ဟုန်ပေါင်းသက်သက်တင် ပတ်ဝန်းကျင်ကလှုပ်လှုပ်သွားသည်။
ယွမ် ၁၀၀၀ ဟုန်ပေါင်းဖြစ်ဖြစ်၊ ယွမ် ၅၀၀၀ ဟုန်ပေါင်းဖြစ်ဖြစ်၊ အလကားရတာ။ မလိုချင်ဘဲနေမလား?
နောက်ပိုင်း လျှပ်စစ်အသုံးအဆောင်များ၊ လျှပ်စစ်ကားများ၊ ဖုန်းများဖောက်သောအခါ ပိုပြီးပွဲဆူလာသည်။
အဖွဲ့သုံးဖွဲ့မှဝန်ထမ်းအများကြီးရှိ၍ နှစ်ကုန်ပွဲအခင်းအကျင်းကိုနေရာများခွဲ၍ကျင်းပသော်လည်း စီရင်စုခန်းမတွင် မဲနှိုက်အစီအစဉ် live လွှင့်ပေးသည်။
ကားမဲနှိုက်သောအခါ ပတ်ဝန်းကျင်အငွေ့အသက်ပြင်းထန်လာသည်။
ကား၊ ကား! သံတိုသံစမဟုတ်။
Live မှတဆင့် မဲပေါက်သူဘယ်သူမဆို စိတ်လှုပ်ရှားခုန်ပေါက်နေသည်ကိုမြင်ပြီး အားကျကုန်လိမ့်မည်။
ကားအစီး ၄၀၊ မဲ ၄၀။
တိုက်ခန်းမဲနှိုက်သောအခါ သာမန်ဝန်ထမ်းများမှာ ကြည့်ရုံသာကြည့်နိုင်သည်။ ဒီဆုက ထူးချွန်ဝန်ထမ်းများအတွက်သီးသန့်ပြင်ဆင်ထားခြင်းပင်။
နောက်ဆုံး မဲပေါက်သူများက ထုတ်လုပ်ရေးလိုင်းမှထူးချွန်ဝန်ထမ်းများဖြစ်လေသည်။ ဘယ်ဟာကိုမှစီစဉ်ထားခြင်းမရှိ။
မဲပေါက်သောဝန်ထမ်းနှစ်ဦးမှာမျက်လုံးနီရဲနေပြီ။ စိတ်လှုပ်ရှားပြီးငိုကြသည်။ တိုက်ခန်းမှာ သာမန်လူများအတွက်အတော်အဓိပ္ပါယ်ရှိသည်။
ဒါကလည်း မဲနှိုက်အစီအစဉ်ကမျှတကြောင်း ဝန်ထမ်းအားလုံးကိုသက်သေပြနေခြင်းပင်။ ထူးချွန်ဝန်ထမ်းဖြစ်နေသရွေ့ ထုတ်လုပ်ရေးလိုင်းမှသာမန်ဝန်ထမ်းများလည်းမဲပေါက်နိုင်သည်။
မသိလိုက်မသိဘာသာနှင့် ဝန်ထမ်းအားလုံးစိတ်အားတက်ကြွလာသည်။
ဝန်ထမ်းအတော်များများက နောက်နှစ်အလုပ်ကြိုးစားရန်၊ ထူးချွန်ဝန်ထမ်းဖြစ်အောင်လုပ်ရန် ကြိတ်ဆုံးဖြတ်လိုက်ကြသည်။
ထူးချွန်ဝန်ထမ်းမှာ တိုက်ခန်းရဖို့အခွင့်အရေးရှိသည်။
နှစ်ကုန်ပွဲအပြီး ချင်းလင်စံအိမ်၊ ချင်းလင်အစားအသောက်ကုမ္ပဏီနှင့် ချင်းလင်ဓာတ်ခွဲခန်းမှာ အားလပ်ရက်ကျသည်။
ထို့နောက် ချင်လင်နှင့်ချင်ရန်ကချိန်းပြီး ကျောက်မိုချင်းနှင့်သူ့အမေကို အိမ်ဟောင်းတွင်နှစ်ကူးရန်ပြန်ခေါ်သွားသည်။
လျောင်လီကမိန်းကလေးမွေးထားပြီး ဒီနှစ်ကလေးနှင့်အိမ်ပြန်လာသည်။
နောက်ပြီး ဒီနှစ်ရွာပြန်တာ မနှစ်ကလိုလုံးဝမဟုတ်တော့။
မနှစ်ကသူတို့ပြန်လာတော့ ရွာထဲမှာကားသိပ်မရှိ။ ဒီနေ့ ရွာအိမ်ရှေ့များတွင် ကားအသစ်များထိုးထားသည်။
ဒီနှစ်ချင်းလင်ဖရဲသီးစိုက်ပြီး ဝင်ငွေကောင်းပုံရသည်။ လူတိုင်းက ပိုက်ဆံနည်းနည်းအဆင်ပြေရင် အရင်ဆုံးကားဝယ်ချင်ကြသည်။
ချင်လင်ပြန်လာပြီးဖြတ်သွားသောအခါ ရွာသားများက တလေးတစားလိုက်ကြည့်ကြသည်။
လက်ရှိချင်လင်ရဲ့အဆင့်အတန်းကို အားလုံးအသိပင်။
မကြာမီ ချင်လင်နှင့်ချင်ရန်ကအိမ်ဟောင်းရောက်လာပြီး ကားရပ်လိုက်သည်။ ချင်လင်ကသူ့စိတ်ထဲမှဖန်သားပြင်ကိုတအံ့တဩကြည့်လိုက်သည်။
ဒီအချိန်ကျမှဇာတ်ကွက်ပေါ်လေခြင်း။
လူပုလေးအာနီက သူ့ဇာတ်ကောင်ရှေ့ပေါ်လာပြီး_
"ဟိုင်း.. ဆုံပြန်ပြီနော်... အလုပ်ရှာနေတာလား?''