← Chapters

အဖွဲ့အစည်းဆိုတာ? အာနိသင်က အံ့ဩစရာ!

Vol. 50 Ch. 748

အဖွဲ့အစည်းဆိုတာ? အာနိသင်က အံ့ဩစရာ!

Vol. 50 Ch. 748

တော်ဝင်ပညာရှင်လီ၊ တော်ဝင်ပညာရှင်လင်းနှင့် တော်ဝင်ပညာရှင်ဟောင်တို့အားလုံးမှာ အဝင်စာရင်းရှိပြီးဖြစ်၍ ရှုပ်ရှုပ်ယှက်ယှက်စာရင်းသွင်းစရာမလိုတော့။ ID ကတ်ဖြတ်ပြီးဝင်ရုံသာ။

ချင်လင်ကစီနီယာသုံးဦးခေါ်ပြီး ID ကတ်များဖြတ်လိုက်သည်။ ထို့နောက် သူကပြုံးပြီး သူတို့သုံးဦးအား_

"စီနီယာတို့သုံးဦးက ခရီးပမ်းနေပြီဖြစ်မယ်... အရင်ဆုံး ရေပူစမ်းစိမ်ဖို့စီစဉ်ပေးရမလား?''

တော်ဝင်ပညာရှင်ဟောင် ရေပူစမ်းဆေးမှုန့်သုံးရအောင် ရေပူစမ်းအရင်ပို့ရမှာပေါ့။

တော်ဝင်ပညာရှင်လီတို့သုံးယောက်က စိတ်ဝင်စားသွားသည်။

"ကောင်းသားပဲ... ငါလည်း ငါးကုထုံးလုပ်ချင်တယ်''

တော်ဝင်ပညာရှင်လီကချက်ချင်းပြောသည်။

တော်ဝင်ပညာရှင်လင်းကခေါင်းညိမ့်ပြီး_

"ငါရောပဲ... နှစ်သစ်ကူးအိမ်ပြန်တော့ ငါးကုထုံးခံချင်တယ်ဆိုလို့ ငါ့သားအငယ်ဆုံးကလုပ်ပေးတာ... ဒါပေမဲ့ သူဌေးချင်လိုအာနိသင်မရှိဘူး''

"ငါလည်း သူဌေးချင်ဆီကငါးကုထုံးကိုသတိရနေတာ''

တော်ဝင်ပညာရှင်ဟောင်ကပြောလိုက်သည်။ ချင်လင်ကသူ့နဖူးပြောင်ပြောင်အားစိုက်ကြည့်နေသည်ကိုမူ သတိမထားမိချေ။

ချင်လင်ကတုံ့ဆိုင်းမနေဘဲ ကောင်းယောင်ယောင်ကိုဖုန်းဆက်လိုက်သည်။

ခဏအကြာ_

တော်ဝင်ပညာရှင်လီတို့သုံးယောက်သား ရေပူစမ်းရောက်သွားကြသည်။ အဝတ်အစားလဲပြီးနောက် ရေပူစမ်းသုံးကန်ထဲဝင်လိုက်သည်။

ဝန်ဆောင်မှုပေးသူသုံးဦးက ငါးကန်ယူလာသည်။

အထဲတွင် အနမ်းငါးများအုံခဲနေ၏။

အနမ်းငါးများက သိနေသည့်အလား ငါးကန်ထဲတွင်လှုပ်ခတ်မြူးတူးနေကြသည်။

ဝန်ဆောင်ပေးသူနှစ်ဦးက အထူးကိရိယာများယူပြီး ငါးကန်ထဲမှအနမ်းငါးများကို တော်ဝင်ပညာရှင်လီ၊တော်ဝင်ပညာရှင်လင်းတို့ရှိသောရေပူစမ်းထဲစထည့်သည်။

တော်ဝင်ပညာရှင်ဟောင်ရှိသောကန်နားတွင် ဝန်ဆောင်သူသုံးဦးကငုတ်တုတ်ထိုင်ချကာ အထူးဆေးမှုန့်ထုတ်ပြီး စဖြူးသည်။

ဆေးမှုန့်မှာ ဆေးနံ့သင်းသင်းပါသော်လည်း အနံ့မဆိုး။

တော်ဝင်ပညာရှင်ဟောင်က နည်းနည်းဇဝေဇဝါဖြစ်သွားပြီးမေးသည်_

"ငါကဘယ်လိုလုပ်ဆေးမှုန့်ဖြူးရတာလဲ? တော်ဝင်ပညာရှင်လီတို့ငါးကုထုံးနဲ့မတူဘူးလား?''

ဝန်ဆောင်သူက တန်းရှင်းပြသည်_

"တော်ဝင်ပညာရှင်ဟောင်... ဒါသူဌေးကအထူးစီစဉ်ပေးတာပါ... ကျွန်တော်တို့စံအိမ်ရဲ့ရေပူစမ်းအစီအစဉ်အသစ်ပါ... ဒီဆေးမှုန့်မှာအားဖြည့်ပေးတဲ့အာနိသင်ရှိပါတယ်... နောက်ပြီး အရေ​ပြားနဲ့ဦးရေပြားကောင်းဖို့အရမ်းထိရောက်ပါတယ်... သူဌေးကပြောတယ်... တော်ဝင်ပညာရှင်ဟောင်က ပထမဆုံးသုံးခွင့်ရတဲ့သူပဲတဲ့... ရှေ့လျှောက် အပန်းဖြေစံအိမ်လာပြီးအားဖြည့်တဲ့သူတွေရှိရင် ဒါကိုသုံးချင်မသုံးချင်အပေါ်မူတည်ပြီး စီစဉ်ပေးမယ်တဲ့''

တော်ဝင်ပညာရှင်ဟောင်က ထိုစကားကြောင့် အရမ်းဝမ်းသာသွားပြီး_

"ဒီတော့ သုံးခွင့်ရတာ ငါတစ်ယောက်တည်းပေါ့... တော်ဝင်ပညာရှင်လီ တော်ဝင်ပညာရှင်လင်း မနာလိုမဖြစ်ဘူးလား?''

သို့ရာတွင် သူပြောနေရင်း တစ်ခုခုမဟုတ်သလိုခံစားမိသည်။

ဦးရေပြားကောင်းတယ်?

အမှတ်တမဲ့ သူ့ခေါင်းထိပ်ကိုကိုင်မိပြန်သည်။

ဆံပင်ကိုပဲမလား?

သူဌေးချင်၊ ဒီလူက အချိန်အဆကိုနှိုင်းယှဉ်တဲ့သူပဲ။ တော်ဝင်ပညာရှင်ဟောင်မှာ ရုတ်တရက်ရယ်ရမှန်းမသိ၊ငိုရမှန်းမသိ။ သူ့အသက်အရွယ်နှင့် ဒီအတွက်စိတ်ခုခြင်းမရှိပေ။

တခဏတော့ သူဘာပြောရမှန်းမသိ။

တော်ဝင်ပညာရှင်လီ မရယ်ဘဲမနေနိုင်တော့။ ကြည့်ရတာ သူဌေးချင်မှာ ပစ္စည်းကောင်းရထားပြီ။ သူ့အစီအစဉ်ကထိရောက်သော်လည်း မမျှတ_

"ဘာလို့ တော်ဝင်ပညာရှင်လင်းနဲ့ငါက မသုံးရတာလဲ?''

"မင်းပြောသလောက်မဟုတ်ပေမဲ့ ငါတို့အဖွဲ့ရှိသေးတယ်လေကွာ''

တော်ဝင်ပညာရှင်လင်းကခေါင်းညိမ့်ပြီးပြောလိုက်သည်။

အသက်ကြီးပြီဆိုပေမဲ့ ဆံပင်မကောင်းချင်တဲ့သူရှိလို့လား?

တော်ဝင်ပညာရှင်ဟောင်ကပြုံးပြီး သူ့ခေါင်းသူကိုင်ကြည့်သည်။

သူဌေးချင်ရဲ့ဆေးမှုန့်ကထိရောက်ရင်တောင် ကန္တာရက သစ်တောဖြစ်ပါ့မလား?

ဆယ်စုနှစ်ချီပြီး သူ့ဦးရေပြားမွေးညှင်းပေါက်ကပိတ်နေလောက်ပြီ။

သို့သော်လည်း မျှော်လင့်မိဆဲပင်။ ဘာပဲဖြစ်ဖြစ် သူဌေးဆီမှာအားဖြည့်တာ။ သူ့ပစ္စည်းတွေက သေချာပေါက်အာနိသင်ရှိလိမ့်မည်။

နောက်ပြီး ဆယ်စုနှစ်ချီရင်ဆိုင်ခဲ့ရသော လူတွေရဲ့အကြည့်ကို သူမခံနိုင်။ သူ့ခေါင်းကအမြဲတမ်းအာရုံစိုက်ခံနေရသလိုခံစားရသည်။

တွေးရင်းတွေးရင်း တော်ဝင်ပညာရှင်ဟောင်အိပ်ငိုက်လာသည်။

ခရီးပမ်းပြီး ရေပူစမ်းစိမ်ထား၍ နွမ်းလျလာ၏။

မကြာမီ တော်ဝင်ပညာရှင်ဟောင်အိပ်ပျော်သွားတော့သည်။

တော်ဝင်ပညာရှင်လီနှင့်တော်ဝင်ပညာရှင်လင်းကမျက်စိမှိတ်ပြီး အသက်ကိုဖြည်းဖြည်းမှန်မှန်ရှူနေကြသည်။

အနမ်းငါးအာနိသင်ကြောင့် ပိုပြီးအိပ်ပျော်လွယ်သည်။

လူကြီးများက ရေပူစမ်းထဲအကြာကြီးနေလို့မဖြစ်။ ခဏအကြာ ဝန်ဆောင်ပေးသူက သူတို့သုံးဦးကိုနှိုးလိုက်သည်။

တော်ဝင်ပညာရှင်ဟောင်ကရေပူစမ်းမှထွက်လာပြီး အမှတ်တမဲ့သူ့ခေါင်းသူကိုင်မိသည်။ ပြီးမှ အောင့်သက်သက်ပြုံးလိုက်၏။

ဆေးမှုန့်ကအာနိသင်ရှိတယ်ဆိုရင်တောင် ဒီလောက်မြန်ပါ့မလား?

တော်ဝင်ပညာရှင်သုံးဦးက အပန်းဖြေစံအိမ်ထဲပြန်လာသည်။

တော်ဝင်ပညာရှင်သုံးဦးအတွက် ပထမဆုံးအစားအစာကို ချင်လင်က အရည်အသွေး ၂ ဆေးစွပ်ပြုတ်ပြင်ဆင်ပေးထားသည်။

"သူဌေးချင်က အတော်ဆုံးပဲ!''

"အင်း.. သာယာလိုက်တာ... အစားအသောက်ကကောင်း... လေကကောင်း"

"နှမြောစရာ... ဒီတစ်ခါအားဖြည့်ပြီးရင် နောက်အလှည့်ကျဖို့တန်းစီစောင့်ရဦးမယ်''

"ငါ့အလှည့်ကျပြီးရင်တောင် ငါ့မှာအခွင့်အရေးတစ်ကြိမ်ရှိသေးတယ်ထင်တယ်... ဒါဆေးရုံကစီစဉ်ပေးတဲ့ဆေးကုသမှု... ပုံမှန်အားဖြည့်တာမဟုတ်ဘူး''

တော်ဝင်ပညာရှင်လီက ရုတ်တရက်ထပြောသည်။

တော်ဝင်ပညာရှင်လင်းနှင့်တော်ဝင်ပညာရှင်ဟောင်က သူ့ကိုတပြိုင်တည်းကြည့်လိုက်သည်။

သူတို့ကလူကြီးများဖြစ်သော်လည်း အွန်လိုင်းပေါ်မှကိစ္စများကိုအာရုံစိုက်ထား၍ လူငယ်များပြောပြောနေသောဗာဆိုင်းကိုသိသည်။

တော်ဝင်ပညာရှင်လီက ဗာဆိုင်းဖြစ်မည်။

သူ့ကို အကြီးကိုမရိုမသေလုပ်သူဟုနာမည်တပ်လိုက်ချင်သည်။

ညပိုင်းမြန်မြန်ဆန်ဆန်ကုန်လွန်သွားသည်။

နောက်တစ်နေ့_

တော်ဝင်ပညာရှင်ဟောင်ကကောင်းကောင်းအိပ်ပျော်ပြီး အလွန်သက်သောင့်သက်သာဖြစ်နေသည်။

ဒီမနက်အိပ်ရာနိုးလာပြီး သူ့ခေါင်းပေါ်တွင်တစ်ခုခုထူးခြားသလိုခံစားနေရသည်။ ပုရွက်ဆိတ်များပြေးနေသလို ယားကျိကျိဖြစ်နေ၏။

သူကအမှတ်တမဲ့မှန်နားလျှောက်သွားပြီးကြည့်လိုက်သည်။ ကန္တာရလိုပြောင်ရှင်းနေဆဲ။

All Chapters