တာအိုအဆင့် ကောင်းကင်ဘုံ ၂၆ ဘုံ
Vol. 107 Ch. 1402
နတ်ဧကရာဇ်လန်ရွှမ်၏ မျက်လုံးများထဲရှိ အသတ်အဖြတ်စိတ်ဆန္ဒသည် ဖြည်းဖြည်းချင်း ပျောက်ကွယ်သွား၏။ ချင်မူ သိမြင်နားလည်ထားသည့် ထိုက်ချူလမ်းစဉ်၏ ကောင်းကင်နတ်သိုင်းမှာ သူ၏ နတ်လက်ချောင်းမဟုတ်သဖြင့် စိတ်အေးသွားလေသည်။
ချင်မူ သိမြင်နားလည်ခဲ့သည့် တာအိုကျင့်စဉ်စနစ်၏ အန္တိမကောင်းကင်နတ်သိုင်းသည် သူ၏ နတ်လက်ချောင်းကောင်းကင်နတ်သိုင်းသာ ဆိုပါက သူ့အနေဖြင့် ချင်မူ့ကို သတ်ကို သတ်ရပေလိမ့်မည်။
နတ်လက်ချောင်းမှာ သူ၏ပြိုင်ဘက်ကင်း ကောင်းကင်နတ်သိုင်းဖြစ်သည်။ အခြားသူများသာ သင်ယူပြီး နားလည်သိမြင်နိုင်သွားလျှင် သူ၏ အားနည်းချက်ကို သိသွားမည်မဟုတ်လော။ ဤသည်က သူ သည်းမခံနိုင်သော အရာပင်။
လန်ရွှမ်အနေဖြင့် ကောင်းကင်နတ်အရှင်ဟွေ့ကဲ့သို့ ကောင်းကင်နတ်သိုင်းများနှင့် ကျင့်စဉ်များအား ကောင်းကင်နတ်အရှင်ဟောင်ဆီသို့ လွှဲပြောင်းပေးလိုစိတ်လည်း မရှိ။ လွှဲပြောင်းပေးလိုက်လျှင် သူ့အသက်ကို ကောင်းကင်နတ်အရှင်ဟောင်၏ လက်ထဲ ထိုးထည့်ပေးလိုက်သလိုသာ ဖြစ်မည်။ သူသည် ထိုမျှလောက် မရက်ရောပေ။
ထိုစဉ် ကမ္ဘာဦးအစ မွေးရာပါမူလချီ ဖရိုဖရဲတာအိုများက အတူကကွ စုစည်းလျက် ပေါက်ကွဲထွက်လာသောကြောင့် နတ်ဧကရာဇ်လန်ရွှမ်၏ မျက်ဝန်းထောင့်စွန်းများ ရုတ်တရက် တွန့်သွားသည်။ စိတ်အေးနေရာမှ တစ်ဖန်ပြန်လည်၍ စိတ်မသက်မသာဖြစ်လာ၏။
ယခုထွက်ပေါ်လာသော ကောင်းကင်နတ်သိုင်းကား ထိုက်ချူလမ်းစဉ်ဖြင့် တည်ဆောက်ကာ အသိစိတ်အလျဉ်နှင့် မွေးရာပါချီတို့ကို ပြီးပြည့်စုံစွာ ပေါင်းစည်းထားသည့် ကောင်းကင်နတ်သိုင်းတစ်ခု ဖြစ်နေသည်။ ဤသိုင်းကွက် ထွက်ပေါ်လာတိုင်း အရာအားလုံးသည် အငွေ့ပျံ၍ ဖရိုဖရဲချီအမျှင်များအဖြစ် ပြောင်းလဲသွားတတ်သည်။
ချင်မူ့ကိုယ်ဟန်အနေထားက အရှေ့သို့ ဦးညွှတ်အရိုအသေပေးနေဟန် ရှိသည်။
သူ ဦးညွှတ်လိုက်သည့်အခါ နဂါးသွဲ့စင်မြင့်၏ အထပ်ရှစ်ထပ်သည် သူ၏ခြေထောက်အောက်တွင် ပေါ်လာ၏။ ချင်မူက စင်မြင့်အထက်၌ ရပ်၍ ဦးညွှတ်အရိုအသေပေးနေသည်။ သူ့အရှေ့ရှိ အရာအားလုံးမှာ ဖရိုဖရဲချီများအဖြစ် ပြောင်းလဲသွားပြီး မည်သည့်အရာမှ မကျန်ရစ်တော့ပေ။
ဤသိုင်းကွက်၏ စွမ်းအားသည် လန်ရွှမ်၏ နတ်လက်ချောင်းထက်ပင် အားကောင်းပြင်းထန်သည်သာမက အထဲ၌ ကိန်းဝပ်နေသည့် အင်အားကလည်း ကြောက်မက်ဖွယ်ကောင်းလှသည်။
မှန်ပါသည်။ နတ်ဧကရာဇ်လန်ရွှမ်သည် ချင်မူသိုင်းကွက်အား သူ၏သိုင်းအခြေခံမှ ကြည့်နေခြင်းဖြစ်၏။ ချင်မူ့သိုင်းအဆင့်သာ သူ့အဆင့်သို့ ရောက်လာလျှင် ဤမွေးရာပါမူလချီ ဖရိုဖရဲတာအိုစုစည်းမှုက နတ်လက်ချောင်းကို များစွာ ကျော်တက်သွားပေလိမ့်မည်။
ယခုတွင် ချင်မူ၏ သိုင်းအဆင့်မှာ မွေးရာပါမူလချီ ဖရိုဖရဲတာအိုစွမ်းအားကို ထုတ်လွှတ်ရန် မလုံလောက်ပေ။ သို့သော် လန်ရွှမ်ကား ဤတိုက်ကွက်၏ အလားအလာကို မြင်နေရချေပြီ။
မွေးရာပါမူလချီ ဖရိုဖရဲတာအိုတိုက်ကွက်က သူ့ရင်ထဲတွင် သတ်ဖြတ်လိုစိတ်များ ထပ်မံပေါက်ဖွားလာစေသည်။
သို့သော် သူက အသတ်အဖြတ်စိတ်ဆန္ဒကို ချိုးနှိမ်ထားသေး၏။ မွေးရာပါမူလချီ ဖရိုဖရဲတာအိုသည် အင်အားကြီးမားပြီး တာအိုအဆင့်ရှိ သူ၏ နတ်လက်ချောင်းအား ကျော်တက်နိုင်သည့်တိုင် ချင်မူ့သိုင်းအဆင့်မှာ နိမ့်လွန်းနေသေးသည့်အတွက် နဂါးသွဲ့ရေကန်အဆင့်သည် သူ့အတွက် အန္တရာယ်မရှိပေ။
ချင်မူ့ကို သတ်လိုက်ပါက ပေးဆပ်ရမည့် တန်ဖိုးမှာ ကြီးမားသည်။ လက်ရှိသူ့အနေဖြင့် နောက်ဆက်တွဲအကျိုးဆက်တို့အား မခံနိုင်တော့ပေ။
ချင်မူက ကောင်းကင်ထက်မှ နဂါးသွဲ့စင်မြင့်ဆီသို့ ဖြည်းဖြည်းချင်း ဆင်းသက်လာသည်။
နတ်ဧကရာဇ်လန်ရွှမ် လှမ်းကြည့်လိုက်သည့်အခါ ထိုလူငယ်၏ အ၀တ်များသည် လွင့်ခါနေရာမှ တဖြည်းဖြည်း ပြန်လည်တည်ငြိမ်လာနေကြောင်း တွေ့လိုက်ရ၏။
ချင်မူက ထိုနေရာတွင် အာရုံစူးစိုက်၍ မျက်လုံးများ ပိတ်ကာ ရပ်နေပြီး လုံး၀ မလှုပ်ရှားချေ။
နတ်ဧကရာဇ်လန်ရွှမ်၏ နှလုံးသားမှာ ဒိန်းခနဲ ခုန်သွား၏။ “သူက တာအိုကို နားလည်သိမြင်နေသေးတာလား…. သူ့ရဲ့ အောင်မြင်နိုင်စွမ်းနဲ့ နာမည်သိမြင်နိုင်စွမ်းက ကောင်းလွန်းနေတာမဟုတ်လား”
ကံကောင်းစွာဖြင့် ချင်မူမှာ လမ်းစဉ်ကို သိမြင်နားလည်နေခြင်းမဟုတ်ပေ။ သူ၏ခန္ဓာကိုယ်ပေါ်တွင် မည်သည့်တာအိုဆွဲငင်ဓာတ်မှ မရှိသဖြင့် နတ်ဧကရာဇ်လန်ရွှမ်မှာ စိတ်အေးသက်သာစွာ သက်ပြင်းချလိုက်မိသည်။ ‘နဂါးသွဲ့ရေကန်က ငါ့အပိုင်ပဲ…. ကောင်းကင်နတ်အရှင်မူနဲ့ ငါက လမ်းစဉ်၀င်ရောက်ဖို့ ခြေတစ်လှမ်းပဲ လိုတော့တာ… ကောင်းကင်နတ်အရှင်မူက နဂါးသွဲ့ရေကန်မှာ ထိုက်ချူရဲ့ မဟာတာအိုကောင်းကင်နတ်သိုင်းကို သိမြင်နားလည်နိုင်ရင် ငါလည်း လုပ်နိုင်တယ်’
သူ့ရင်မှာ အဆက်မပြတ် ခုန်နေတော့သည်။
သူ့တွင် နတ်လက်ချောင်း ရှိထားပြီးဖြစ်သည့်အလျောက် ဤကောင်းကင်နတ်သိုင်းသည်လည်း လမ်းစဉ်၀င်ရောက်ပြီးသော ကောင်းကင်နတ်သိုင်းတစ်ခု ဖြစ်၏။
သူကိုယ်တိုင်သည် ဖန်ဆင်းရှင်ကုန်းယွင်နှင့် ကောင်းကင်နတ်ဧကရာဇ်၏ သွေးဆက်ကို ပိုင်ဆိုင်ထားသူမဟုတ်လော။ နတ်ဘုရားတစ်ပိုင်းများတွင် အမြင့်မားဆုံး သွေးဆက်ဖြစ်သည့်အလျောက် ကောင်းကင်နတ်သိုင်းနှင့်အတူ မွေးဖွားလာသည်ဟုပင် ဆိုရနိုင်သည်။
သူ အရွယ်ရောက်လာသည့်အချိန်တွင် သူ၏ အသိစိတ်အလျဉ်နှင့် မွေးရာပါချီ အောင်မြင်မှုများမှာ အလွန်တရာ နက်နဲလာခဲ့သည်။ ပြိုင်ဘက်ကင်းသော ကောင်းကင်နတ်သိုင်းများကို အသုံးပြုနိုင်ရန် ၎င်းတို့ကို သိမြင်နားလည်ရန် မလိုအပ်ခဲ့ပေ။
ဤသည်က အရွယ်ရောက်ပြီးသော နတ်ဘုရားတစ်ပိုင်း၏ အစွမ်းအစပင်။ ပါရမီသည် သွေးဆက်နှင့်အတူ ပါလာပြီး အရွယ်ရောက်လာသည်နှင့် ပိုမိုထက်သန်လာနိုင်၏။
လန်ရွှမ်သည် အသိစိတ်အလျဉ် မဟာတာအိုနှင့် မွေးရာပါမူလချီနှစ်မျိုးလုံးကို ပိုင်ဆိုင်ထားသူဖြစ်၏။ နဂါးဟန်ခေတ်တွင် ကောင်းကက်နန်းဆောင်ကျင့်စဉ်စနစ်နှင့် ကောင်းကင်နန်းဆောင်ကျင့်စဉ်စနစ် ပေါ်ထွန်းလာခဲ့ပြီး ချင်မူက ကောင်းကင်နတ်အရှင်ယွီကိုယ်စား ကောင်းကင်နတ်သိုင်းလမ်းစဉ်ကို လွှဲပြောင်းပေးခဲ့သည့်အချိန်တွင် နတ်ဘုရားတစ်ပိုင်းတို့၏ ခေါင်းဆောင်ဖြစ်သော လန်ရွှမ်သည်လည်း ကောင်းကင်ရတနာကျင့်စဉ်စနစ်နှင့် ကောင်းကင်နန်းဆောင်ကျင့်စဉ်စနစ်ကို ကျင့်ကြံ၍ အသိစိတ်အလျဉ်နှင့် မွေးရာပါချီလမ်းစဉ်ကို တိုးတက်စေခဲ့၏။
အတိတ်တွင် သူ့မှာ မွေးရာပါကောင်းကင်နတ်သိုင်းကို ပိုင်ဆိုင်ထားသဖြင့် အသုံးပြုရုံသာ အသုံးပြုတတ်ခဲ့သည်။ မည်သို့အလုပ်လုပ်သည်လဲ မသိခဲ့ချေ။
ကောင်းကင်ရတနာနှင့် ကောင်းကင်နန်းဆောင်ကျင့်စဉ်စနစ်ကို ကျင့်ကြံပြီးနောက်တွင်မူ ကိုယ်ပိုင် ကောင်းကင်နတ်သိုင်းကို တီထွင်ခဲ့သည်။
သူ့အနေဖြင့် အသိစိတ်အလျဉ်ကို မွေးရာပါချီနှင့် ပေါင်းစည်းချင်ခဲ့သော်လည်း ထိုသို့သိုင်းကွက်မျိုးကို မဖန်တီးနိုင်ဘဲ ဖြစ်ခဲ့၏။ ကောင်းကင်နတ်ဧကရာဇ် သေဆုံးပြီးနောက် တာအိုဘိုးဘေးကြီးကို ကောင်းကင်နတ်ဧကရာဇ်၏ ခန္ဓာကိုယ်ပေါ်ရှိ မဟာတာအိုသင်္ကေတများကို လေ့လာစေခဲ့ပြီးနောက်မှသာ ဤအခြေအနေမှ ရုန်းထွက်နိုင်ခဲ့သည်။
လန်ရွှမ်သည် ကောင်းကင်နတ်ဧကရာဇ်၏ခန္ဓာကိုယ်ပေါ်ရှိ မဟာတာအိုသင်္ကေတများကို လေ့လာခဲ့ပြီး ကောင်းချီးပေးခံခဲ့ရ၏။ တာအိုသို့ ၀င်ရောက်ခဲ့ကာ နတ်လက်ချောင်းကို ဖန်တီးနိုင်ခဲ့ခြင်းက မဟာတာအိုသင်္ကေတများကြောင့် ဖြစ်ခဲ့သည်။
လက်ချောင်းသိုင်းကို ဖန်တီးပြီးနောက် ၎င်းသည် ကောင်းကင်နတ်အရှင်ဆယ်ပါးအကြားတွင် အစွမ်းထက်ဆုံးကောင်းကင်နတ်သိုင်းတစ်ခု ဖြစ်လာခဲ့၏။
ထိုအချိန်တုန်းက နတ်ဧကရာလန်ရွှမ်သည် နတ်ဘုရားလက်ချောင်းကို ဖန်တီးနိုင်ခဲ့ခြင်းကား တာအိုသို့ ၀င်ရောက်နိုင်ခဲ့သည့် အဓိပ္ပာယ်ဖြစ်မှန်း မသိခဲ့ပေ။ ထို့ကြောင့် ၎င်းကို သေချာမလေ့လာခဲ့။
ကောင်းကင်နတ်အရှင်ဆယ်ပါးသည် တာအိုသို့ တစ်ကြိမ်ထက်ပို၍ ၀င်ရောက်ခဲ့ဖူးကြသည်။ သို့သော် တာအိုကျင့်စဉ်စနစ်မှာ ကျင့်စဉ်စနစ်တစ်ခုအဖြစ် ဖန်ဆီးမခံခဲ့ရသေးပေ။ ထိုခေတ်များတုန်းက တာအိုအဆင့်အား ကောင်းကင်နတ်သိုင်းတစ်ခုအဖြစ်သာ သတ်မှတ်ခဲ့ကြသည်။
ခိုင်ဧကရာဇ် ထွက်ပေါ်လာသည့်အခါကျမှ တာအိုစနစ်သည် ကောင်းကင်ဘုံ ၃၅ ဘုံအဖြစ် ဆက်လက်ပြင်ဆင်ခံခဲ့ရသည်။ ထို့နောက်မှ တာအိုအဆင့်သည် တဖြည်းဖြည်း ကျင့်စဉ်စနစ်တစ်ခု ဖြစ်လာခဲ့သည်။
သို့သော် ယနေ့ခေတ်သို့ ရောက်သည့်တိုင် တစ်လောကလုံးသည် တာအိုကျင့်စဉ်စနစ်ကို လက်မခံကြပေ။ သူတို့အတွက် နေသားကျရန် အချိန်လိုအပ်နေသေးသည်။
“မဟာတာအိုမှာ အဆင့်နိမ့်နဲ့ အဆင့်မြင့်တွေ ရှိသလို ဉာဏ်အလင်းပွင့်တာမှာလည်း အဆင့်နိမ့်နဲ့ အဆင့်မြင့် ရှိတယ်… ငါ့ရဲ့ ထိုက်ချူတာအိုက တစ်လောကလုံးမှာ အမြင့်မားဆုံး မဟာတာအိုပဲ… ခိုင်ဧကရာဇ်ရဲ့ ဓားတာအိုထက် အများကြီး သာလွန်တယ်…. ထိုက်ချူတာအိုအဆင့်ကို သိမြင်နားလည်ပြီးရင် ငါ့ရဲ့သိုင်းအဆင့်က သေချာပေါက် အများကြီး တိုးတက်သွားလိမ့်မယ်…”
နတ်ဧကရာဇ်လန်ရွှမ်မှာ စိတ်ဓာတ်ပြင်းပြနေမိသည်။ သူက ကြီးကြပ်သူနတ်ဘုရားများနှင့် ကျောက်တူးသမားများအား နဂါးသွေးကြောရှစ်ခုကို ပြုပြင်ရန် အမိန့်ပေးလိုက်၏။ ထို ကြီးကြပ်သူနတ်ဘုရားများနှင့် ကျောက်တူးသမားများမှာ ခါးသီးနေကြသော်လည်း အာ,မခံရဲကြချေ။ အမိန့်အတိုင်းသာ တောင်တန်းရှစ်ခုကို ပြုပြင်နေကြရသည်။ သူတို့က စိတ်ထဲမှ တွေးနေကြလေသည်။ “စောစောကလေးတင် ဖျက်ဆီးခိုင်းခဲ့ပြီးတော့ အခုကျ ပြန်ပြင်ခိုင်းနေပြန်ပြီ… နတ်ဧကရာဇ်ကိုယ်ထဲ ကောင်းကင်နတ်အရှင်မူများ ၀င်ပူးနေတာလား”
နတ်ဧကရာဇ်လန်ရွှမ်၏ မျက်နှာအမူအရာမှာ ၀င်းလက်တောက်ပနေပြီး သူက နဂါးသွဲ့စင်မြင့်ဆီသို့ လျှောက်သွားသည်။ သူသည် နဂါးသွဲ့စင်မြင့်ပေါ်တွင် ထပ်မံလျှောက်လှမ်း၍ ထိုက်ချူတာအိုအဆင့်၏ ဒုတိယကောင်းကင်ဘုံသို့ ရောက်ရှိနိုင်ရန် နဂါးသွဲ့စင်မြင့်၏ တာအိုအား ထပ်မံနားလည်ချင်နေမိ၏။
သို့သော် သူ နဂါးသွဲ့စင်မြင့်ပေါ်သို့ ခြေချလိုက်သည့်အချိန်တွင် မည်သည်ကိုမှ သိမြင်နားလည်နိုင်ခြင်း မရှိပေ။
နတ်ဧကရာလန်ရွှမ်မှာ စိုးရိမ်ပူပန်လာမိ၏။ စင်မြင့်တစ်ခုပြီးတစ်ခု တက်သွားသော်လည်း မည်သည့်အရာကိုမှ နားလည်မသိမြင်နိုင်ပေ။
သူ ပြောခဲ့သည့်အတိုင်းပင် မဟာတာအိုတွင် အဆင့်အနိမ့်နှင့် အမြင့်များရှိပြီး သိမြင်နားလည်ခြင်းတွင်လည်း အဆင့်အနိမ့်နှင့် အမြင့်များ ရှိလေသည်။ ဥပမာအားဖြင့် ချင်မူ၏ ဓားတာအိုသည် ကပ်ဘေးဖွင့်လှစ်ခြင်း၊ ကပ်ဘေးပင့်မြှောက်ခြင်းနှင့် ကပ်ဘေးရင်ဆိုင်ခြင်းစသည့် ကောင်းကင်ဘုံသုံးဘုံသာ ဖြစ်၏။ သို့သော် သူ၏ဓားတာအိုသည် လော့ဝူရွှမ်၏ ကောင်းကင်ဓားမ ကောင်းကင်ဘုံ ၁၃ ဘုံကို ထိပ်တိုက်ရင်ဆိုင်နိုင်လေသည်။
နတ်ဧကရာဇ်လန်ရွှန်၏ ထိုက်ချူတာအိုအဆင့် ပထမကောင်းကင်ဘုံမှာ ကောင်းကင်နတ်အရှင်ဆယ်ပါးကြားတွင် စွမ်းအားအကြီးဆုံးအဖြစ် သတ်မှတ်ခံထားရပြီးဖြစ်၏။ ဆက်လက်လေ့လာနေပါက ဒုတိယကောင်းကင်ဘုံကား ပို၍ စွမ်းအားကြီးလာပေလိမ့်မည်။
သို့သော် သူ့မှာ ထိုက်ချူတာအိုအဆင့်၏ ဒုတိယကောင်းကင်ဘုံသို့ ရောက်ရှိနိုင်မည့် အခွင့်အရေးကို ဆုံးရှုံးခဲ့ရပြီးဖြစ်ချေသည်။
နဂါးသွဲ့စင်မြင့်သည် ထိုအခွင့်အရေးကို ဖမ်းဆုပ်နိုင်မည့် နေရာ ဖြစ်သော်လည်း သူသည် စွမ်းအားကြီးလွန်းသဖြင့် နဂါးသွဲ့စင်မြင့်၏ မဟာတာအိုကို ဖိနှိပ်ချိုးနှိမ်ခဲ့မိသည်။ ရလဒ်အနေဖြင့် အခွင့်အရေးကို ဖမ်းဆုပ်နိုင်ခြင်းမရှိတော့ပေ။
နတ်ဧကရာဇ်လန်ရွှမ်က နဂါးသွဲ့စင်မြင့်၏ အထပ်ရှစ်ထပ်မြောက်သို့ ရောက်လာသည့်အခါ မျက်နှာအမူအရာမှ အနည်းငယ် အကျည်းတန်လာသည်။
သူ့အရှေ့တွင် ချင်မူက ကျောပေးလျက် ရပ်နေ၏။ သူ၏ ခန္ဓာကိုယ်တစ်ခုလုံးမှာ နဂါးသွဲ့စင်မြင့်၏ ကမ္ဘာဦးဖရိုဖရဲချီတို့ဖြင့် လွှမ်းခြုံခံထားရပြီး သူ၏ အရှိန်အဝါမှာ သိပ်သည်းနေသည်။
နတ်ဧကရာဇ်လန်ရွှမ်က အသတ်အဖြတ်စိတ်ဆန္ဒကို ထိန်းချုပ်၍ ရှေ့သို့တက်သွားရာ ချင်မူ၏ အရှိန်အဝါတို့ ဖြည်းဖြည်းချင်း တိုးတက်လာသည်ကိုသာ မြင်လိုက်ရသည်။ သူ၏ သိုင်းအဆင့်ကား ဒီရေအလား အဆက်အပြတ် တရိပ်ရိပ် တက်လာနေသည်။
ချင်မူသည် သူ၏နဂါးသွဲ့ရေကန်လမ်းစဉ်ထဲသို့ ၀င်ရောက်လိုက်ခြင်းဖြင့် အကျိုးအမြတ်များစွာ ရရှိသွားကြောင့် လန်ရွှမ်အနေဖြင့် မနာလို၀န်တိုမှုများကို မထိန်းချုပ်နိုင်တော့ပေ။ သို့သော် ချင်မူ၏ သိုင်းအဆင့် အဆက်မပြတ် တိုးတက်နေခြင်းမှာ လမ်းစဉ်သို့ ၀င်ရောက်နေခြင်းကြောင့် မဟုတ်ဘဲ ကောင်းကင်နန်းဆောင်များတွင် နဂါးသွဲ့ရေကန်နှင့် နဂါးသွဲ့စင်မြင့်တို့အား ပြန်လည်ဖန်တီးနေခြင်းကြောင့် ဖြစ်သည်ကိုတော့ သူ နားမလည်နိုင်ချေ။
ချင်မူ၏ အမြုတေသုံးသွယ် လောကသခင်ခန္ဓာတွင် ကောင်းကင်နန်းဆောင် ၁၉ ခု ပါရှိလေသည်။ နဂါးသွဲ့ရေကန်တစ်ခုတည်းကို ပြန်လည်ဖန်တီးခြင်းကပင် သူ၏ သိုင်းအဆင့်နှင့် မှော်စွမ်းအားကို သိသိသာသာ တိုးတက်သွားစေနိုင်၏။ ကောင်းကင်နန်းဆောင် ၁၉ ခုလုံးတွင် နဂါးသွဲ့ရေကန်နှင့် နဂါးသွဲ့စင်မြင့်တို့ကို ပြန်လည်ဖန်တီးခြင်းကိုမူ မှန်းဆနေရန်ပင် မလိုအပ်ချေ။
ချင်မူ၏ နဂါးသွဲ့ရေကန်မှာ ဘိုးဘေးနန်းတော်၏ နဂါးသွဲ့ရေကန်နှင့် လိုက်ဖက်ညီလေသည်။ ထိုမျှသာမက သူသည် နဂါးသွဲ့ရေကန်ထဲတွင် နဂါးသွေးကြောရှစ်ခုကိုပါ သွန်းလုပ်နေ၏။
နဂါးသွေးကြောရှစ်ခု ပြည့်စုံသွားပြီးနောက် ဖြစ်ပေါ်လာသည့် ခံစားချက်မှာလည်း ဖော်ပြ၍ပင် မရနိုင်ပေ။
သူ၏ ပထမဆုံးကောင်းကင်နန်းဆောင်တွင် နဂါးသွဲ့ရေကန်နှင့် နဂါးသွေးကြောများအား ဖန်တီးပြီးနောက် နဂါးသွဲ့ရေကန်မှာ ချက်ချင်းပင် ကမ္ဘာဦးဖရိုဖရဲချီစွမ်းအားတို့ဖြင့် ပြည့်နှက်သွားတော့သည်။ ချီစွမ်းအားတို့က တဖြည်းဖြည်း စုစည်းသိပ်သည်း၍ ကမ္ဘာဦးရေကြည်များအဖြစ် ပြောင်းလဲသွားတော့၏။
မှန်ပါသည်။ ကမ္ဘာဦးရေကြည် ဖွဲ့တည်စီးကျနေသည် အမြန်နှုန်းက နှေးကွေးလွန်းပေသည်။ ထိုမျှမသာက အစစ်အမှန် ဘိုးဘေးနန်းတော် ကမ္ဘာဦးရေကြည် မဟုတ်သော်လည်း သိုင်းအဆင့်ကတော့ သိသိသာသာ တိုးတက်လာ၏။
ထို့အပြင် သူ့တွင် ကောင်းကင်နန်းဆောင် ၁၉ ခု ရှိသည်။ ဝိညာဉ်သန္ဓေသားဘိုးဘေးနန်းတော်ထဲတွင် နဂါးသွဲ့ပင်လယ်နှင့် နဂါးသွဲ့စင်မြင့်တစ်ခုလည်း ရှိ၏။ ထို့ကြောင့် နဂါးသွဲ့စင်မြင့် ၂၀ ခုနှင့် နဂါးသွဲ့ပင်လယ်တစ်ခုနှင့် ညီမျှလေရာ သိုင်းအဆင့် တိုးတက်လာခြင်းက နှိုင်းယှဉ်မရနိုင်ပေ။
နဂါးသွဲ့ရေကန်နှင့် နဂါးသွဲ့စင်မြင့်ကို ပြန်လည်တည်ဆောက်ခြင်းဖြင့် ရရှိလာသော အကျိုးအမြတ်တို့ကား ဤတွင် မရပ်တန့်သွားချေ။
နဂါးသွဲ့စင်မြင့် များစွာ ရှိထားခြင်းဖြင့် သူ၏ချီစွမ်းအင် ပြည်လည်ပြည့်လာနှုန်းက အံ့ဩဖွယ်ကောင်းအောင် တိုးတက်လာမည်ဖြစ်သည်။ ပိုမိုကြာရှည်စွာ တိုက်ခိုက်နိုင်မည်ဖြစ်ပြီး ခွန်အားတိုးတက်လာမှုကလည်း ပြိုင်ဘက်ကင်းလောက်အောင် အံ့သြဖွယ်ကောင်း၏။
ချင်မူသည် သူ၏နဂါးသွဲ့ရေကန်ကို သုံး၍ လမ်းစဉ်ဝင်ရောက်ကာ အကျိုးအမြတ်များရရှိလိမ့်မည်ဟု နတ်ဧကရာဇ်လန်ရွှမ် တွေးထားခဲ့သော်လည်း ချင်မူ့ရည်ရွယ်ချက်သည် ထိုနေရာ၌သာ ရပ်တန့်နေလိမ့်မည်မဟုတ်ဟု ထင်မထားခဲ့ပေ။ ချင်မူက နဂါးသွဲ့ရေကန်အဆင့်ကို ပြန်လည်တည်ဆောက်ချင်ပြီး တာအိုကျင့်စဥ်စနစ်နှင့် ကောင်းကင်ရတနာ၊ ကောင်းကင်နန်းဆောင်ကျင့်စဉ်စနစ်တို့ကို ပေါင်းစည်းချင်နေသည်။
လန်ရွှမ်နှင့် အခြားကောင်းကင်နတ်အရှင်များအတွက် ဤသည်က ပြုပြင်ပြောင်းလဲမှုဖြစ်သော်လည်း ကျန်တစ်လောကလုံးအတွက် အရာများအားလုံးကို ပြန်လည်ထိန်းမတ်ပေးခြင်းဖြစ်သည်။
ရုတ်တရက် ချင်မူက မျက်လုံးများဖွင့်ကာ ပြုံးလိုက်၏။ သူက သူ့အရှေ့ရှိ နတ်ဧကရာဇ်လန်ရွှမ်ဆီ ကြည့်လိုက်ပြီး ခေါင်းညိတ်လိုက်သည်။ “ကျွန်တော့်ရဲ့ လမ်းစဉ်ဝင်ရောက်မှုကို ကာကွယ်ပေးတဲ့အတွက် တာအိုနောင်တော်ကို ကျေးဇူးအများကြီးတင်ပါတယ်”
နတ်ဧကရာဇ်လန်ရွှမ်၏ မျက်လုံးထောင့်စွန်းများက တွန့်သွားပြီး သူက အားတင်းပြုံးလိုက်သည်။ “ကောင်းကင်နတ်အရှင်မူက နဂါးသွဲ့စင်မြင့်ထက်မှာ လမ်းစဉ် သိမြင်နားလည်နေတာလေ… တစ်ခုခုဖြစ်သွားရင် ငါ အပြစ်ကြီးသွားမှာပေါ့”
ချင်မူက ကျယ်လောင်စွာ ရယ်မောလိုက်သော်လည်း သူ၏အပြုံးက ရုတ်တရက် ပျောက်ကွယ်သွားသည်။ “ကျွန်တော်အခုလေးတင် တာအို၀င်ရောက်နေတုန်းက နဂါးသွေးကြောရှစ်ခု ဖျက်ဆီးခံလိုက်ရသေးတယ်… အနာဂတ်မှာလည်း သေချာပေါက် ထပ်ပြီးဖျက်ဆီးခံရမှာပဲ.. အဲဒီမြေအောက်က အရာကြီးက နဂါးသွဲ့ရေကန်ရဲ့ နဂါးသွေးကြောတွေကို ဖျက်ဆီးပစ်ပြီးတော့ ဒီနေရာကို ချေမှုန်းပစ်လိမ့်မယ်… နတ်ဧကရာဇ်၊ နဂါးသွဲ့ရေကန်ထုတ်ကုန်ရဲ့ ၂၀ ရာခိုင်နှုန်းကို ကျွန်တော့်ဆီ ပေးရင် အဲဒီဟာကြီးကို ကူပြီးရှာဖွေပေးမယ်.. ဘယ်လိုသဘောရပါသလဲ”
နတ်ဧကရာဇ်လန်ရွှမ်မှာ ဒေါသူပုန်ထသွားသည်။ သူက အော်ဟစ်လိုက်၏။ “မင်းပြောတော့ ကမ္ဘာဦးရေကြည် ဆယ်ရာခိုင်နှုန်းဆို… အခု ဘာလို့ နှစ်ဆယ်ရာခိုင်နှုန်းဖြစ်သွားလာလဲ”
သူ့စကားဆုံးသည်နှင့် နဂါးသွဲ့ရေကန်အောက်ရှိ ရုတ်တရက် ပြင်းထန်စွာ တုန်ခါသွားသည်။ ဝုန်းခနဲ အသံကြီး ထွက်ပေါ်လာသဖြင့် နတ်ဧကရာဇ်လန်ရွှမ်က လှမ်းကြည့်လိုက်၏။ နဂါးသွဲ့တောင်တန်းရှစ်ခု ကွာဟလာသည်ကို တွေ့လိုက်ရလေသည်။
တောင်တန်းတစ်ခုချင်းစီမှာ လေးငါးပိုင်းအထိ ပြတ်သွားကြ၏။ မြေအောက်တွင် ဧရာမ မကောင်းဆိုးဝါးကြီးတစ်ကောင် ရှိနေပြီး ၎င်းက လက်သည်းစွယ်ကြီးများဖြင့် နဂါးသွဲ့ရေကန်၏ နဂါးသွေးကြောများကို ဖြတ်တောက်နေသယောင်ပင်။
နတ်ဧကရာဇ်လန်ရွှမ်၏ မျက်လုံးထောင့်များ တွန့်သွားပြီး သူက အသိစိတ်အလျဉ်မျက်လုံးကို အလျင်အမြန် အသက်သွင်းကာ တိုက်ခိုက်မှု၏ ရင်းမြစ်ကို ရှာနေ၏။
သို့သော် ကောင်းကင်နှင့် မြေကြီးတခွင် ရှာဖွေသော်လည်း တိုက်ခိုက်မှု၏ အရင်းအမြစ်ကို မတွေ့ရပေ။
“မတူတော့ဘူးလေဗျာ” ချင်မူက အေးအေးလူလူပြောသည်။ “နတ်ဧကရာဇ်သာ ကျွန်တော် လမ်းစဉ်မဝင်ခင်တည်းက ကတိပေးခဲ့မယ်ဆိုရင် ဆယ်ရာခိုင်နှုန်းပဲ ယူမှာပါ… အဲဒီတုန်းက ကျွန်တော်က လမ်းစဉ်မဝင်ရောက်ရသေးဘဲ နတ်ဧကရာဇ်ကို အကူအညီတောင်းရတာဆိုတော့ စျေးချိုတယ်လေ… အခု ကျွန်တော်က လမ်းစဉ်ဝင်ရောက်ပြီးပြီဆိုတော့ နတ်ဧကရာဇ်ဆီကနေ အကူအညီတောင်းစရာ မလိုတော့ဘူး… ဆိုတော့ ဈေးကမျှမျှတဖြစ်မှရမယ်… နတ်ဧကရာဇ် ထပ်ပြီးတုံ့ဆိုင်းနေမယ်ဆိုရင် စျေးက ထပ်တက်သွားမှာနော်”
သူက လက်ချောင်းနှစ်ချောင်းမြှောက်ထားပြီး နောက်ထပ်လက်ချောင်းတစ်ချောင်းကိုလည်း မြှောက်ပေတော့မည်။
နတ်ဧကရာဇ်လန်ရွှမ်၏ မျက်နှာအမူအရာမှာ ရိပ်ခနဲ ဖြတ်ပြေးသွားသည်။ ချင်မူ၏ တတိယလက်ချောင်းက မြှောက်ထားသော်လည်း ထိုအခိုက်အတန့်တွင် သူက ထိုလက်ချောင်းကို အလျင်အမြန် လှမ်းဆုပ်လိုက်၏။ သူက ပြုံးရင်း ပြောလိုက်သည်။ “ကောင်းကင်နတ်အရှင်မူ၊ မဟာမိတ်ခေါင်းဆောင်မူ၊ နှစ်ဆယ်ရာခိုင်နှုန်းဆိုလည်း နှစ်ဆယ်ရာခိုင်နှုန်းပေါ့… မြေအောက်က အဲဒီအရာကြီးက ဘာလဲဆိုတာ ပြောပြလို့ရပြီလား”
ချင်မူက ကျယ်လောင်စွာ ရယ်မောလိုက်ပြီး စင်မြင့်ဘေးသို့ လက်ဖဝါးတင်လိုက်၏။ “မြေအောက်က အရာကြီးလေ” သူက ပြုံးလျက် ဆက်ပြောသည်။ “အဲဒါကြီးက နဂါးသွဲ့ရေကန်နဲ့ နဂါးသွဲ့ပင်လယ်ရဲ့ မဟာတာအိုကို ခိုးယူပြီး ပြန်လည်အသက်ရှင်လာချင်နေတာ… ဒီမြေအောက်က ခေါင်းတလားကြီးတစ်ခုပဲ… ခေါင်းတလား နဂါးသွေးကြောရှစ်ခုကို တိုက်ခိုက်တဲ့အချိန်ကျရင် ခေါင်းတလားထဲကနေ ကြောက်စရာ မြင်ကွင်းကြီးတစ်ခု ထွက်ပေါ်လာတာကို ကျွန်တော် မြင်ခဲ့ရတယ်… အလင်းရောင်က မျက်စိကျိန်းမတတ်ပဲ”
နတ်ဧကရာဇ်လန်ရွှမ်က လှမ်းကြည့်လိုက်သော်လည်း မည်သည့်ခေါင်းတလားကိုမှ မတွေ့ရချေ။ သူက ဇဝေဇဝါဖြင့် မေးလိုက်မိ၏။ “အဲဒီခေါင်းတလားက ဘယ်မှာလဲ”
ချင်မူက သူ၏မျက်ခုံးနှစ်ဖက်ကြားသို့ လက်ညှိုးထိုးလိုက်သည်။ “ကျွန်တော့်ရဲ့မျက်လုံးတွေကနေတဆင့် မြင်ရအောင် ကျွန်တော် အစွမ်းတချို့ ငှားပေးပါမယ်”
နတ်ဧကရာဇ်လန်ရွှမ်မှာ အံ့ဩငေးမောဖွယ်မြင်ကွင်းတစ်ခုကို မြင်လိုက်ရသောကြောင့် မျက်လုံးများပြူးကျယ်သွားတော့သည်။