မဟာခြုံလွှမ်းကောင်းကင်ဘုံ၏ အပိုင်းအစ
Vol. 107 Ch. 1403
လန်ရွှမ်သည် ချင်မူ ဒေါင်လိုက်မျက်လုံးကို ဖွင့်၍ မြေအောက်သို့ ကြည့်နေသည်အား မြင်လိုက်ရသော်ဘည်း သူ မြင်နေရသည့်အရာမှာတော့ မြေအောက် မဟုတ်ပေ။ စကြ၀ဠာဖျက်ဆီးခံနေရသည့် ကြောက်မက်ဖွယ်မြင်ကွင်းတစ်ခု ဖြစ်နေသည်။
မဟာတာအို၊ ကြယ်တာရာများ၊ နဂါးငွေ့တန်းများ၊ နေရာဟင်းလင်းပြင်များ၊ ကောင်းကင်ဘုံများနှင့် မရေမတွက်နိုင်သော သက်ရှိသတ္တဝါတို့သည် ငရုတ်ဆုံထဲ ထည့်ထောင်းခံနေရသည့်ပမာ စိစိညက်ညက် ကြေနေကြသည်။ အင်အားကြီးမားသော ပုဂ္ဂိုလ်များ၏ မသေနိုင်သည့် အသိစိတ်အလျဉ်များပင်လျှင် စကြ၀ဠာနှင့်အတူ ဖျက်ဆီးခံနေရ၏။
ကြောက်မက်ဖွယ်အကောင်းဆုံးအရာက ဟင်းလင်းပြင်အလွှာတို့လည်း ဖျက်ဆီးခံနေရခြင်းပင်။
ဟင်းလင်းပြင်သည် နေရာတိုင်းတွင် ရှိသော်လည်း အစွမ်းထက်သော နတ်ဘုရားများသာ ဟင်းလင်းပြင်၏ တည်ရှိမှုကို အာရုံခံနိုင်ကြသည်။ ဟင်းလင်းပြင်သို့ ၀င်ရောက်နိုင်သည့် နတ်ဘုရားမှာတော့ ပို၍ပင် နည်းပါးသေး၏။ သူတို့၏ ကိုယ်ပိုင်အသိစိတ်အလျဉ်နှင့် မဟာတာအိုကို ဟင်းလင်းပြင်၌ တံဆိပ်ခတ်နှိပ်၍ ဟင်းလင်းပြင်နှင့်အတူ ယှဉ်တွဲတည်ရှိနိုင်သည့် နတ်ဘုရားများကတော့ ပိုပို၍ပင် နည်းချေသည်။
ကိုယ်ပိုင်တာအိုကို အဆင့်မြင့်ဟင်းလင်းပြင်တွင် တံဆိပ်ခတ်နှိပ်ခြင်းက ဇာမဏီငှက်မွှေးနှင့် ချီလင်ဦးချိုများနီးပါး ရှားပါးသည်။ လက်ရှိကောင်းကင်နတ်အရှင်များအကြားတွင် မဟာဧကရာဇ်နှင့် ခိုင်ဧကရာဇ်တို့သာ ထိုသို့လုပ်နိုင်စွမ်း ရှိကြသည်။ ကမ္ဘာဦးခေတ်မှ အင်အားကြီးမားသော ဖန်ဆင်းရှင်များလည်း ထိုသို့လုပ်နိုင်ခဲ့ကြ၏။
မဟာဧကရာဇ်က သူ၏ အသိစိတ်အလျဉ်မဟာတာအိုကို မဟာခြုံလွှမ်း အသိစိတ်အလျဉ်ကောင်းကင်ဘုံအဖြစ် ပြောင်းလဲကာ အန္တိမဟင်းလင်းပြင်ဖြစ်သည့် ၃၅ ခုမြောက် ဟင်းလင်းပြင်ဆီသို့ ပို့လွှတ်ခဲ့သည်။
ထိုစဉ်တုန်းက ကောင်းကင်နတ်ဧကရာဇ်သည် ဖန်ဆင်းရှင်မျိုးနွယ်ကို မျိုးသုဉ်းဖယ်ရှားရန် ရှေးဟောင်းနတ်ဘုရားများနှင့် နတ်ဘုရားတစ်ပိုင်းတချို့ကို ဦးဆောင်ကာ ဟင်းလင်းပြင်ထဲ ၀င်ရောက်၍ ဖန်ဆင်းရှင်မျိုးနွယ်မှ ခတ်နှိပ်ထားခဲ့သော အမှတ်အသားများကို ဖြည်းဖြည်းချင်း ဖယ်ရှားခဲ့သည်။ နတ်ဘုရားတစ်ပိုင်းခေါင်းဆောင်ဖြစ်သည့် နတ်ဧကရာဇ်လန်ရွှမ်သည်လည်း ကောင်းကင်နတ်ဧကရာဇ်နောက်မှ လိုက်၍ ဖန်ဆင်းရှင်အမှတ်အသားများအား ဖယ်ရှားခဲ့ဖူးသည်။ ထို့ကြောင့် ၎င်းတို့ကို စိတ်ထဲမှ နက်နက်ရှိုင်းရှိုင်း မှတ်မိနေသေးသည်။
ဖန်ဆင်းရှင်အမှတ်အသားများကို ဖယ်ရှားရန် မည်မျှခက်မှန်း သူ ကောင်းကောင်းသည်။ ဖန်ဆင်းရှင်အမှတ်အသားသည် ဟင်းလင်းပြင်ထဲသို့ တိုး၀င်လာခဲ့သည့် တီကောင်တစ်ကောင်အလားပင်။ ရှာတွေ့ရန် အလွန်တရာ ခက်သလို ဖျက်ဆီးရန်လည်း အင်မတန် ခက်ခဲသည်။
ယခုတွင် သူ့မြင်ကွင်းထဲ၌ ဟင်းလင်းပြင် ၃၅ ခုသည် အချိန်တိုအတွင်း လျင်မြန်စွာ ပြိုလဲသွားပြီး သိုင်းပညာရှင်များ ၃၅ ခုမြောက် ဟင်းလင်းပြင်တွင် ခတ်နှိပ်ထားကြသည့် အမှတ်အသားများမှာလည်း အစိတ်စိတ်အမွှာမွှာ ကြေမွနေကြချေပြီ။
အဆုံးမရှိနိုင်သော အကြောက်တရားတို့က သူ၏နှလုံးသားထဲတွင် ကြီးစိုးနေရာယူသွားတော့သည်။ သူ့မှာ မျက်လုံးများ ပြူးကျယ်နေပြီး မျက်နှာတွင် သွေးမရှိတော့ပေ။
ထိုစဉ် ၃၆ ခုမြောက် ဟင်းလင်းပြင် ဖျက်ဆီးခံရနေသည်ကို ထပ်မံ တွေ့မြင်လိုက်ရပြန်သည်။
၃၆ ခုမြောက် ဟင်းလင်းပြင်တွင် မဟာဧကရာဇ်သည် သူ၏အသိစိတ်အလျဉ်ကို မဟာခြုံလွှမ်း အဆင့်မြင့်အသိစိတ်အလျဉ် ကောင်းကင်နတ်ဘုံအဖြစ် ခတ်နှိပ်ထားသောကြောင့် ထိုနေရာအား အန္တိမဟင်းလင်းပြင်ဟု ခေါ်ဆိုကြသလို မဟာခြုံလွှမ်းကောင်းကင်ဘုံဟုလည်း ခေါ်ဆိုကြ၏။ ဤအန္တိမဟင်းလင်းပြင်အလွှာမှာ စကြ၀ဠာ ဖျက်ဆီးနေရမှုတွင် ကြက်ဥခွံပမာ မွစာကြဲနေပြီး ရေပူဖောင်းအလား ပေါက်ထွက်သွားသည်။
နတ်ဧကရာဇ်လန်ရွှမ်မှာ ကတုန်ကယင် ဖြစ်လာ၏။ မဟာပျက်ကပ်ကြီးအပေါ် ကြောက်ရွံ့စိတ်က သူ့တာအိုနှလုံးသား၏ အနက်ရှိုင်းဆုံး နေရာထဲအထိ ၀င်ရောက်သွားတော့သည်။
သူ၏ တာအိုနှလုံးသားမှာ အစောကတည်းက ချင်မူ့လောက် မခိုင်မာပေ။ ၎င်းက ကောင်းကင်နန်းဆောင်ကျင့်စဉ်စနစ်၏ အားနည်းချက်ဖြစ်သည်။ ချင်မူသည် မဟာပျက်ကပ်ကြီးကို မြင်နေသည့်တိုင် တည်ငြိမ်နေနိုင်သော်လည်း သူ့မှာတော့ ထိုသို့မဟုတ်ချေ။
'ဒီလိုကပ်ဘေးကြီးက အရာအားလုံး ဖျက်ဆီးနိုင်တယ်… ကောင်းကင်…. ကောင်းကင်နတ်အရှင်တွေတောင် ခံနိုင်ရည်မရှိဘူး’ သူ့မှာ ကြောက်လန့်တုန်လှုပ်နေသည်။
သို့သော် ထူးဆန်းသည်က သူ မြင်ခဲ့ရသည့် အရာအားလုံးသည် ပန်းချီများ ဖြစ်ကြ၏။
မရေမတွက်နိုင်သော နဂါးငွေ့တန်းများမှာ ကြေမွနေကြပြီး ကောင်းကင်ဘုံများမှာ ဖျက်ဆီးချေမှုန်းခံနေရကာ အန္တိမဟင်းလင်းပြင် ပေါက်ကွဲနေသည့် မြင်ကွင်းက မလှုပ်ရှားဘဲ ရပ်တန့်နေ၏။
၎င်းကို ပန်းချီဟု ခေါ်နိုင်သော်လည်း ပန်းချီမဟုတ်ပေ။ ပန်းချီသည် ထုထည်မရှိပေ။ သူ ချင်မူ့ဒေါင်လိုက်မျက်လုံးမှတဆင့် မြင်ခဲ့ရသည်ကမူ သုံးဖက်မြင်ဖြစ်သည်။
ထိုအခိုက်အတန့်တွင် သူ ချင်မူပြောသည့် “အရာကြီး” ကို တွေ့လိုက်ရ၏။
၎င်းက အန္တိမဟင်းလင်းပြင် မဟာခြုံလွှမ်းအဆင့်မြင့် ကောင်းကင်ဘုံထဲမှ ပျံထွက်လာသော ခေါင်းတလားကြီးတစ်ခု ဖြစ်သည်။ အခေါင်းကြီးအား နတ်ရွှေတစ်မျိုးမျိုးဖြင့် သွန်းလုပ်ထားသဖြင့် သတ္တုရောင် လက်နေချေသည်။ သို့သော် စကြ၀ဠာဖျက်ဆီးခံနေရမှုကြောင့် ၎င်းသည်လည်း သံချေးများ တက်နေ၏။
ခေါင်းတလား၏ မျက်နှာပြင်တွင် လန်ရွှမ် မမှတ်မိသော မဟာတာအိုသင်္ကေတများဖြင့် ခတ်နှိပ်ထားသည်။ စကြ၀ဠာ မဟာကပ်ဘေးကြီးအတွင်းတွင် မဟာခြုံလွှမ်း အဆင့်မြင့်အသိစိတ်အလျဉ် ကောင်းကင်ဘုံ၏ တစ်ပိုင်းတစ်စက သူတို့ထံ ဦးတည်လာနေသကဲ့သို့ ပျံသန်းလာနေ၏။
ဤခေါင်းတလား၏ သူမတူသည့် အချက်မှာ ၎င်းသည် မဟာခြုံလွှမ်း အဆင့်မြင့်အသိစိတ်အလျဉ် ကောင်းကင်ဘုံ၏ အပိုင်းအစထဲတွင် ရှိနေခြင်းဖြစ်ပြီး ယင်းအပိုင်းအစထဲတွင် ကြီးမားသော သစ်သားယဇ်ပလ္လင်ကြီးတစ်ခု ရှိလေသည်။ ခေါင်းတလားက ပလ္လင်ပေါ်တွင် ထောင်နေခြင်း ဖြစ်သည်။
မဟာခြုံလွှမ်း အဆင့်မြင့်အသိစိတ်အလျဉ် ကောင်းကင်ဘုံအပိုင်းအစ၏ တစ်၀က်ကျော်က ဘိုးဘေးနန်းတော်ထဲ ၀င်ရောက်ပြီးဖြစ်ကာ မြေအောက်ထဲတွင် မြုပ်နှံခံထားရသည်။
နတ်ဧကရာဇ်လန်ရွှမ် ၎င်းကို မမြင်နိုင်ခြင်းမှာ သူ၏ အသိစိတ်အလျဉ်သည် မဟာခြုံလွှမ်း အဆင့်မြင့်အသိစိတ်အလျဉ် ကောင်းကင်ဘုံကို မမြင်နိုင်သည့်အတွက်ကြောင့်ပင်။
နတ်ဧကရာဇ်လန်ရွှမ်သည် ဤမြင်ကွင်းကို မြင်လျှင် အနည်းငယ် ဇဝေဇဝါဖြစ်သွား၏။
ချင်မူ့အသံက ထွက်ပေါ်လာသည်။ “ခေါင်းတလားထဲက ပုဂ္ဂိုလ်က အရင်စကြ၀ဠာရဲ့ အဆင့်မြင့်သိုင်းပညာရှင်တစ်ယောက်ပဲ… မဟာကပ်ဘေးကြီး ဖြစ်နေတုန်းမှာ သူက ယဇ်ပူဇော်မှုကတဆင့် ကျွန်တော်တို့စကြ၀ဠာဆီ ၀င်ရောက်ဖို့ ကြိုးစားနေတာ… သူ ရှိနေတဲ့ပုံစံက အတော်လေး ထူးဆန်းတယ်… ခေါင်းတလားရဲ့ အနောက်ခြမ်းက သူ့ရဲ့ စကြ၀ဠာထဲမှာ ပေမယ့် အချိန်နဲ့ နေရာဟင်းလင်းပြင်ကတော့ မရှိဘူး… အဲ့ဒါက မဟာကပ်ဘေးကြီး ဖြစ်နေတဲ့ အခိုက်အတန့်မှာပဲ ရှိနေပြီးတော့ မဟာခြုံလွှမ်း အဆင့်မြင့်အသိစိတ်အလျဉ် ကောင်းကင်ဘုံ အပိုင်းအစကို သုံးပြီး သူ့ကိုယ်သူ ကာကွယ်နေတယ်… ခေါင်းတလား အရှေ့ခြမ်းကတော့ ကျွန်တော်တို့ စကြ၀ဠာထဲကို ရောက်နေပြီ… ကျွန်တော်တို့စကြ၀ဠာထဲမှာ ရှိနေခဲ့တာ အချိန်အတော်ကြာပြီ”
နတ်ဧကရာဇ်လန်ရွှမ်မှာ နားမလည်ပေ။ သူက မယုံသင်္ကာဖြင့် မေးလိုက်၏။ “သူ ငါတို့ စကြ၀ဠာမှာ ရှိနေတာ နှစ်ပေါင်းဘယ်လောက် ကြာပြီလဲ”
ချင်မူလည်း သေချာမသိပေ။ “အခုစကြ၀ဠာကို ဖန်တီးခဲ့တုန်းက နဂါးသွဲ့ရေကန်ရဲ့ ကမ္ဘာဦးရေကြည်တွေကို သူ ခိုးယူခဲ့တာ ဖြစ်နိုင်တယ်…. ဒါပေမဲ့ အဲ့ဒီတုန်းက သတိထားခဲ့စရာတွေ ရှိခဲ့လိမ့်မယ်… သူ့ကို ရှေးဟောင်းနတ်ဘုရားတွေနဲ့ ဖန်ဆင်းရှင်တွေ ရှာတွေ့သွားမှာစိုးလို့ နဂါးသွဲ့ရေကန်ရဲ့ စွမ်းအားကို ပေါ်ပေါ်တင်တင် မခိုးရဲခဲ့ဘူး… ဖန်ဆင်းရှင်တွေ၊ ရှေးဟောင်းနတ်ဘုရားတွေနဲ့ နတ်ဘုရားတစ်ပိုင်းတွေ ထွက်ခွာသွားပြီး ဒီနေရာကို ချိတ်ပိတ်ခဲ့တဲ့အခါမှာတော့ သူ ဘာကိုမှ ကြောက်နေစရာမလိုတော့ဘူး… နဂါးသွဲ့ရေကန်၏ နဂါးသွေးကြောရှစ်ခုကို ဖျက်ဆီးပြီးတော့ နဂါးသွဲ့ရေကန်ရဲ့စွမ်းအားကို စိတ်ကြိုက်ခိုးယူနေခဲ့တာ ဖြစ်မယ်”
နတ်ဧကရာဇ်လန်ရွှမ်က ခေါင်းရမ်းရင်း အက်ကွဲစွာ ရေရွတ်လိုက်သည်။ “ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ… သူက ဖျက်ဆီးခံရတဲ့ အရင်စကြ၀ဠာမှာ တစ်၀က်ကျန်နေပြီး နောက်တစ်၀က်က ငါတို့စကြ၀ဠာထဲ ရောက်နေတာလေ”
“အချိန်ကို ဖယ်ထုတ်လိုက်ရင် နားလည်ဖို့ လွယ်ပါတယ်”
ချင်မူက အလေးအနက် ရှင်းပြ၏။ “အချိန်ဆိုတာ မရှိဘူး.. အချိန်ကို ဖယ်ထုတ်လိုက်ရင် စကြ၀ဠာ ဖျက်ဆီးခံရပြီး ပြန်မွေးဖွားလာရင်တောင် အဲ့ဒါက စွမ်းအင်နဲ့ ဒြပ်ထုကြားက ပြောင်းလဲမှုတစ်ခု သက်သက်ပဲ… စွမ်းအင်ကနေ ဒြပ်ထုဖြစ်လာတာက စကြ၀ဠာဖွဲ့တည်လာတာပဲ… ဒြပ်ထုကနေ စွမ်းအင်ဖြစ်သွားတာကျ စကြ၀ဠာ ပြိုလဲသွားတာ…. ဒြပ်ထုပြောင်းလဲသွားလို့ အချိန်ကုန်ဆုံးသွားတယ်လို့ ထင်မှတ်ကြတယ်…. သူက ကျွန်တော်တို့ စကြ၀ဠာကို အရင်စကြ၀ဠာကနေ ကူးလာချင်ပေမယ့် သူ့ကိုယ်သူ စကြ၀ဠာပျက်စီးသွားတာရဲ့ စွမ်းအင်ဖြစ်မသွားစေချင်ဘူး.. ဒါကြောင့် ကျွန်တော်တို့ခေတ်ရဲ့ စွမ်းအင်ကို ခိုးယူပြီး သူ့နေရာမှာ အစားထိုးနေတာပဲ… သူ နဂါးသွဲ့ရေကန်ရဲ့ စွမ်းအားကို ခိုးယူနေရတာလည်း အဲ့ဒီအကြောင်းအရင်းကြောင့်ပဲ… သူက စကြ၀ဠာနှစ်ခုကြားက ဒြပ်ထုနဲ့ စွမ်းအင်မျှချေကို ထိန်းထားဖို့ လိုနေတာ”
နတ်ဧကရာဇ်လန်ရွှမ်မှာ အနည်းငယ် ဇဝေဇဝါဖြစ်နေသေးသော်လည်း တစ်စုံတစ်ယောက်သည် ဤသီအိုရီအား သုံး၍ အောင်မြင်မှုကြီးများ ရရှိခဲ့မှန်း သူ သိထား၏။
ကောင်းကင်နတ်အရှင်လင်၏ နားလည်ရန် ခက်ခဲသည့် ဒြပ်ထုသီအိုရီသည် မည်သူမှ နားမလည်နိုင်သည့် ဆန်းကြယ်မှုတစ်ခု ဖြစ်ခဲ့၏။ ကောင်းကင်နတ်အရှင်လင် ထိုသီအိုရီအား ဖန်တီးခဲ့ပြီးနောက် ကောင်းကင်နတ်အရှင်ဆယ်ပါးမှာ အံ့ဩမှင်သက်ခဲ့ရသည်။
မသိနိုင်သည့်အရာကြောင့် သူ့မှာ ကြောက်ရွံ့နေမိသည်။
ကောင်းကင်နတ်အရှင်လင်ကို သတ်ဖြတ်ရန် ကောင်းကင်နတ်အရှင်ဆယ်ပါးစလုံး သွားခဲ့ကြ၏။ မင်ဖန်းယွီက ဦးဆောင်၍ သူ၏မူလဝိညာဉ်ဖြင့် ကောင်းကင်နတ်ဧကရာဇ်၏ ခန္ဓာကိုယ်ထဲ ၀င်ရောက်ပြီး ကောင်းကင်နတ်မြစ်အထက်တွင် ကောင်းကင်နတ်အရှင်လင်ကို သတ်ဖြတ်ခဲ့သည်။ ရလဒ်အနေဖြင့် မင်ဖန်းယွီနှင့် ကောင်းကင်နတ်ဧကရာဇ်၏ ရုပ်ခန္ဓာသည် အစအနပင် မကျန်ဘဲ ပျောက်ကွယ်သွားခဲ့ရ၏။
“နတ်ဧကရာဇ်၊ ဒီ သိုင်းပညာရှင်က ကောင်းကင်နတ်ဘုံအဆင့်အထက်က သိုင်းပညာရှင်တစ်ယောက်ပဲ… သူ့ခွန်အားက ကောင်းကင်နတ်အရှင်ဆယ်ပါးထဲက ဘယ်သူမဆိုထက် သာလွန်တယ်…. သူသာ ဘိုးဘေးနန်းတော်ထဲ ၀င်လာခဲ့ရင် ကောင်းကင်နတ်အရှင်ဆယ်ပါးရဲ့ အာဏာစက် ပြိုလဲပြီး သူကသာ အာဏာအကြီးမားဆုံး ပုဂ္ဂိုလ်တစ်ယောက် ဖြစ်လာလိမ့်မယ်”
ချင်မူက စိတ်ရှည်လက်ရှည် ရှင်းပြနေသည်။ “အဲ့ဒီအာဏာအတွက် သူက ခင်ဗျားတို့အားလုံးကို သတ်ပစ်နိုင်သလို လက်ပါးစေလည်း လုပ်နိုင်တယ်… ဒီခေတ်ရဲ့ အုပ်ချုပ်သူတစ်ဦး၊ ကောင်းကင်နတ်အရှင်တစ်ပါးအနေနဲ့ ခင်ဗျား ဘာလုပ်မှာလဲ”
နတ်ဧကရာဇ်လန်ရွှမ်သည် အသိစိတ်ပြန်၀င်လာပြီး မျက်ဝန်းများ ဖျတ်ခနဲ တောက်ပသွားသည်။ သူက ပြုံးလျက် ဖြေ၏။ “ငါ သူ့ကို ဘိုးဘေးနန်းတော်ပဲဖြစ်ဖြစ် နဂါးသွဲ့ရေကန်ကိုပဲဖြစ်ဖြစ် ၀င်ခွင့်ပေးမှာမဟုတ်ဘူး… နဂါးသွဲ့ရေကန်ရဲ့ စွမ်းအားကိုလည်း ခိုးယူဖို့ ခွင့်ပြုပေးမှာ မဟုတ်ဘူး”
ချင်မူက သက်ပြင်းချ၍ သူ့မျက်ခုံးနှစ်ဖက်ကြားရှိ ဒေါင်လိုက်မျက်လုံးကို ပိတ်လိုက်သည်။ “ သူ့ကို ဖိနှိပ်ထားမယ့် နတ်ဧကရာဇ်ရှိနေရင် ကျွန်တော် စိတ်အေးပါပြီ”
နတ်ဧကရာဇ်လန်ရွှမ်က သူ့ကို ကြည့်၍ ပြုံးကာ ပြောသည်။ “ကောင်းကင်နတ်အရှင်မူ၊ သူက နဂါးသွဲ့ရေကန်အောက်မှာ ပုန်းနေတာနော်… သူ စွမ်းအားအလုံအလောက် ခိုးယူပြီး ဘိုးဘေးနန်းတော်ထဲ ၀င်လာမှာ စောင့်နေမယ့်အစား သူ့စကြ၀ဠာဆီ ပြန်နှင်ထုတ်ရင်ရော… ငါ သူ့တည်နေရာကို ရှာဖို့ မင်းရဲ့ နတ်မျက်လုံးကို ငှားရလိမ့်မယ်”
သူက ဂုဏ်ယူစွာ ပြုံး၍ အေးအေးလူလူ ဆက်ပြောသည်။ “ငါ အရင်စကြ၀ဠာက သိုင်းပညာရှင်ဆိုတဲ့ပုဂ္ဂိုလ်ကို တကယ် တွေ့ချင်မိတယ်”
ချင်မူက တခဏ တုံ့ဆိုင်းနေသဖြင့် နတ်ဧကရာဇ်လန်ရွှမ်က ပြုး၏။ “ငါက ဒီလောကရဲ့ အုပ်ချုပ်သူ ကောင်းကင်နတ်အရှင်ဆယ်ပါးထဲက တစ်ပါးဆိုတော့ ဒီခေတ် ကောင်းဖို့အတွက် တွေးပေးရမယ်မလား…”
ချင်မူက စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်သည်။ “ခင်ဗျားရဲ့ ရည်ရွယ်ချက်တွေက ကောင်းမွန်မှတော့ ကျွန်တော် ကူညီရတာပေါ့” သူက ပြုံးလျက် ပြော၏။ “နတ်ဧကရာဇ်၊ ခင်ဗျားရော ကျွန်တော်ရောက အဲ့မဟာခြုံလွှမ်း အဆင့်မြင့်အသိစိတ်အလျဉ် ကောင်းကင်ဘုံနား မကပ်နိုင်ဘူး…. ကျွန်တော့်မှာ နတ်လှေသမ္ဗန်ဖြင့် တစ်ဖက်ကမ်းသို့ ရွက်လွှင့်ခြင်းလို့ ခေါ်တဲ့ ကောင်းကင်နတ်သိုင်းတစ်ခု ရှိတယ်…. ကျွန်တော် ခင်ဗျားရဲ့စွမ်းအားကို ငှားယူရင် အဲ့ဒီမဟာခြုံလွှမ်း အဆင့်မြင့်အသိစိတ်အလျဉ် ကောင်းကင်ဘုံအနား ကပ်နိုင်လိမ့်မယ်”
နတ်ဧကရာဇ်လန်ရွှမ်မှာ ရင်အနည်းငယ်ခုန်သွားပြီး တိတ်တဆိတ် ခေါင်းညိတ်လိုက်သည်။ ”ကောင်းကင်နတ်ဧကရာဇ်မူက တော်တော်သိနေတာပဲ”
ချင်မူက သတိကြီးကြီးထားနေပြီး ပြုံးလိုက်၏။ “ကျွန်တော့်သိုင်းအဆင့်က နိမ့်တော့ ကောင်းကင်နတ်သိုင်းတွေကိုပဲ လိုက်စုဆောင်းရတာပေါ့ဗျာ…”
နတ်ဧကရာဇ်လန်ရွှမ်က ရယ်သည်။ “မင်းရဲ့သိုင်းအဆင့်က မြင့်လွန်းနေပြီလေ… အသက်ငါးဆယ်မှာ မင်းအဆင့်အထိ ကျင့်ကြံနိုင်တဲ့သူ မရှိဘူး…. ကျန်တာတွေကို လျစ်လျူရှုထားရင်တောင် အသက်ငါးဆယ်မှာ နဂါးသွဲ့ရေကန်အဆင့်အထိ ကျင့်ကြံပြီး နတ်ဘုရားတစ်ပါးဖြစ်လာဖို့ဆိုတာ အနန္တလောကတွေရဲ့ ဉာဏ်ကြီးရှင်တွေကြားမှာတောင် ရှားပါးတယ်… ပြီးတော့ မင်းရဲ့စွမ်းဆောင်နိုင်စွမ်းတွေက ဒီမှာတင် ရပ်တန့်နေတာမဟုတ်ဘူးလေ…”
နတ်ဧကရာဇ်လန်ရွှမ်၏ မှော်စွမ်းအင် တဟုန်ထိုး ထွက်ပေါ်လာသည့်အခါ ချင်မူက ၎င်းကို ချက်ချင်း သုံး၍ နတ်လှေသမ္ဗန်အား အသက်သွင်းလိုက်သည်။
နတ်လှေသမ္ဗန်ဖြင့် တစ်ဖက်ကမ်းသို့ ရွက်လွှင့်ခြင်းသည် သူ့ကောင်းကင်နတ်သိုင်း၏ အဋ္ဌမကောင်းကင်ဘုံ ဖြစ်သဖြင့် စွမ်းအားအမြောက်အများ မပါ၀င်ချေ။ ၎င်းက ဟင်းလင်းပြင်သို့ ၀င်ရောက်နိုင်သော ကောင်းကင်နတ်သိုင်းတစ်ခုသာ ဖြစ်၏။ ချင်မူသည် အန္တိမဟင်းလင်းပြင်သို့ ၀င်ရောက်နိုင်ရန် လမ်းစဉ်၀င်ရောက်၍ ဤကောင်းကင်နတ်သိုင်းကို ဖန်တီးခဲ့၏။ မဟာဧကရာဇ်၏ ဖိနှိပ်ခြင်းခံထားရသော ကောင်းကင်နတ်အရှင်ယွီ၏ ဝိညာဉ်ကို ကယ်တင်ချင်ခဲ့ခြင်းကြောင့်လည်း ပါသည်။
သို့သော် သူ၏ သိုင်းအခြေခံမှာ အားနည်းနေသေးသဖြင့် အန္တိမဟင်းလင်းပြင်ထဲသို့ မ၀င်ရောက်နိုင်ချေ။ အမြင့်ဆုံးအနေဖြင့် ၁၉ ခုမြောက် ဟင်းလင်းပြင်နှင့် ၂၀ ခုမြောက် ဟင်းလင်းပြင်သို့သာ ၀င်ရောက်နိုင်ပေသည်။
သို့သော် နတ်ဧကရာဇ်လန်ရွှမ်၏ အကူအညီကြောင့် ချင်မူ၏မှော်စွမ်းအင်သည် တဟုန်ထိုး ထိုးတက်သွားပြီး သူ၏အသိစိတ်အလျဉ်က နှိုင်းယှဉ်မရနိုင်အောင် စွမ်းအားကြီးလာသည်။ ဝုန်းခနဲ အသံကြီးနှင့်အတူ လှေကား ဖွဲ့တည်လာတော့သည်။
နတ်လှေတစ်စင်းသည် သူနှင့် နတ်ဧကရာဇ်လန်ရွှမ်၏ ခြေထောက်အောက်တွင် ဖြည်းဖြည်းချင်း ပုံပေါ်လာ၏။ ၎င်းက ပျံသန်းသွားပြီး လေထိပ်က နိမ့်ဆင်းသွား၏။ ထို့နောက် မှန်းဆမရနိုင်သော အမြန်နှုန်းဖြင့် နဂါးသွဲ့ရေကန်အောက်ခြေသို့ ဦးတည်သွားလေသည်။
လှေထိပ်တွင် နတ်ဧကရာဇ်လန်ရွှမ်မှာ သူ့ထံသို့ ပြေး၀င်လာနေသော မြေထုကြီးဆီသို့ ကြည့်နေ၏။ သူက အလျင်အမြန် လက်မြှောက်၍ မျက်နှာကို ကာလိုက်သည်။ သို့သော် လှေက တုန်ခါမှုများကြားတွင် မြေပြင်နှင့် ၀င်တိုက်မသွားချေ။ ထိုအစား မြေပြင်နှင့် ထိတွေ့လျှင်ချင်း မြေအောက်ရှိ ဟင်းလင်းပြင်အလွှာများကို ဖြတ်သွား၏။
လှေက ဟင်းလင်းပြင်အလွှာများကို ဖြတ်သွားပြီး ၃၅ ခုမြောက် ဟင်းလင်းပြင်သို့ တခဏအတွင်း ရောက်ရှိသွားကာ မဟာခြုံလွှမ်း အဆင့်မြင့်အသိစိတ်အလျဉ် ကောင်းကင်ဘုံအပိုင်းအစဆီသို့ တန်းတန်းမတ်မတ် ဦးတည်သွားချေပြီ။
နတ်ဧကရာဇ်လန်ရွှမ်၏ နှလုံးသားက ပြင်းထန်စွာ တုန်ခါနေသည်။ မဟာခြုံလွှမ်း အဆင့်မြင့်အသိစိတ်အလျဉ် ကောင်းကင်ဘုံအပိုင်းအစ၊ အပိုင်းအစထဲရှိ ယဇ်ပလ္လင်နှင့် ယဇ်ပလ္လင်ပေါ်ရှိ ဧရာမခေါင်းတလားကြီးအား မျက်ဝါးထင်ထင် မြင်တွေ့နေရ၏။
သူက အပေါ်သို့ မော့ကြည့်လိုက်ရာ နဂါးသွဲ့စင်မြင့်နှင့် နဂါးသွဲ့ရေကန်အား တွေ့မြင်လိုက်ရသည်။ ဘိုးဘေးနန်းတော်မြေထုမှာ မတည်ရှိသည့်အလားပင်။ ကြီးကြပ်သူနတ်ဘုရားများနှင့် ကျောက်တူးသမားများသည် ပုံရိပ်ယောင်တောင်တန်းများနှင့် ပုံရိပ်ယောင်မြေထုဘေးတွင် ရပ်နေကြသည်ကိုပင် မြင်နေရသည်။
ထိုမြင်ကွင်းကြောင့် သူ့မှာ အံ့ဩမှင်သက်စွာ စုတ်တစ်ချက် သပ်လိုက်မိ၏။
ဝုန်း…
ပရမတ္တနတ်လှေက မဟာခြုံလွှမ်း အဆင့်မြင့်အသိစိတ်အလျဉ် ကောင်းကင်ဘုံအပိုင်းအစနှင့် ၀င်တိုက်သွားပြီး လှေတစ်စင်းလုံးကို ပေါက်ကွဲသွားစေသည်။ လှေထိပ်ပေါ်ရှိ သူတို့နှစ်ယောက်မှာ လေထဲတွင် လူးလိမ့်သွားကြ၏။ သူတို့ကိုယ်သူတို့ ဟန်ချက်ထိန်းမိသည့်အချိန်တွင် သူတို့ကား မဟာခြုံလွှမ်း အဆင့်မြင့်အသိစိတ်အလျဉ် ကောင်းကင်ဘုံအပိုင်းအစထဲသို့ ၀င်ရောက်ပြီးဖြစ်၍ ခေါင်းတလားအရှေ့တွင် မြောလွင့်နေပြီးဖြစ်ကြောင်း တွေ့လိုက်ကြရသည်။
ခေါင်းတလားမှာ အင်မတန် ကြီးမား၏။ သံချေးများက ၎င်း၏သက်တမ်း မည်မျှ ရှည်ကြာကြောင်း သက်သေပြနေသည်။ အောက်ခြေသို့ရောက်လေလေ ပို၍များလေလေ ဖြစ်၏။
၎င်းအပေါ်ရှိ မဟာတာအိုသင်္ကေတအမှတ်အသားများပင်လျှင် လွင့်ပျယ်ပျက်စီးစ ပြုနေသည်။
သို့သော် ခေါင်းတလားအရှေ့တွင် ရပ်နေသည့် သူတို့မှာ ရင်တဒိန်းဒိန်း ခုန်နေကြ၏။ ခေါင်းတလားထံမှ ထွက်ပေါ်လာနေသည့် စွမ်းအားမှာ ကြောက်မက်ဖွယ်ကောင်းလွန်းလှသည်။
လန်ရွှမ်ကဲ့သို့ စွမ်းအားကြီးမားသူပင်လျှင် ရင်တုန်စိတ်လှုပ်ရှားနေမိ၏။
ဤသည်က သန့်စင်သော တာအိုစွမ်းအားဖြစ်သည်။ တာအိုစွမ်းအားသည် သူ၏ကိုယ်ပိုင်စွမ်းအားထက် မြင့်မား၏။ ကျယ်ပြောပြီး မှန်းဆမရနိုင်ပေ။
နတ်ဧကရာဇ်လန်ရွှမ်က သူ၏လက်များကို ကျောနောက်တွင်ထားလိုက်သည်။ သူ၏အသိစိတ်အလျဉ်က လှိုင်းထလာ၏။ သူက ပြုံးလျက် ပြောသည်။ “အရင်စကြ၀ဠာက အင်အားကြီးဖြစ်တည်မှုတစ်ခုတောင် ကပ်ဘေးကို မခံနိုင်ဘူး… နှမြောစရာပဲ”
ထိုအခိုက်အတန့်တွင် ခေါင်းတလားမှာ ရုတ်တရက် ကျွီခနဲ မြည်ကာ ခေါင်းတလားအဖုံးက ပွင့်လာ၏။
နတ်ဧကရာဇ်လန်ရွှမ်မှာ မဟာရန်သူတော်တစ်ဦးကို ရင်ဆိုင်နေရသည့်အလား ခံစားလိုက်ရသည်။ သူ၏ဦးခေါင်းနောက်တွင် ကောင်းကင်နန်းဆောင်များ ပေါ်ထွက်လာပြီး သူ၏မူလဝိညာဉ်လည်း ထွက်ပေါ်လာ၏။ ၎င်းက ကောင်းကင်နတ်ဘုံထဲတွင် ရပ်တည်နေပြီး ခေါင်တလားထဲမှ ပုဂ္ဂိုလ်အား နတ်လက်ချောင်းဖြင့် အချိန်မရွေး သတ်ဖြတ်နိုင်ရန် အဆင်သင့်ဖြစ်နေသည်။
ခေါင်းတလား ပွင့်လာသည့်အချိန်တွင် ၎င်းအတွင်း၌ ခြောက်ကပ်နေသော တာအိုသစ်ပင်ကြီးတစ်ပင်က နေရာယူထားသည်။ အလောင်း သို့မဟုတ် မည်သည့်မူလဝိညာဉ်မှ မရှိပေ။
တာအိုသစ်ပင်ပေါ်တွင် ရှုံ့တွနေသော တာအိုသစ်သီးတစ်လုံးသာ ရှိ၏။
ကျယ်ပြန့်သော အသိစိတ်အလျဉ်တစ်ခုက သစ်သီးထံမှ ထွက်ပေါ်လာပြီး ဖြည်းဖြည်းချင်း ပြောသည်။ “ပုရွက်ဆိတ်တစ်ကောင်လို သေးငယ်တဲ့ဖြစ်တည်မှုတစ်ခုက စကြ၀ဠာတွေအကြား ဖြတ်သန်းသွားလာနိုင်တဲ့ သိမ်းငှက်ကို လှောင်ပြောင်နေတာပါလား.. အသိဉာဏ်မရှိလိုက်တာ… ဟားဟား… မိတ်ဆွေလေးတို့ သနားဖို့ကောင်းတာ မင်းတို့ပဲ”
သူတို့က အသိစိတ်အလျဉ်ဖြင့် ဆက်သွယ်နေကြသဖြင့် ဘာသာစကားမတူလျှင်တောင်မှ အတွေးများကို နားလည်နိုင်ကြသည်။
နတ်ကရာဇ်လန်ရွှမ်က နှာခေါင်းရှုံ့၍ စကားပြောတော့မည့်အချိန်တွင် တာအိုသစ်သီးထံမှ နောက်ထပ်အသိစိတ်အလျဉ်က ထွက်ပေါ်လာပြန်၏။ “မိတ်ဆွေလေး၊ မင်းရဲ့ စကြ၀ဠာ ဖျက်ဆီးခံလိုက်ရရင် ဘယ်လိုထွက်ပြေးမှာလဲ” သူက အေးအေးလူလူ မေးသည်။ “လေကျယ်ပြီးတော့လား… ဒူးထောက်ပြီး ငါ့ကို ခစားလိုက်.. ငါ့ကို ယဇ်ကောင်လုံလုံလောက်လောက် ပူဇော်ပေးရင် အဆင့်တက်တဲ့ နည်းလမ်း သင်ပေးပြီး တာအိုဖြစ်လာအောင် ကူညီပေးမယ်… အနာဂတ်စကြ၀ဠာ ပေါ်ထွက်လာတဲ့အချိန်အထိ နေနိုင်လိမ့်မယ်”
ချင်မူမှာ မျက်နှာအနည်းငယ်ပျက်သွားပြီး နတ်ဧကရာဇ်လန်ရွှမ်ဆီ လှမ်းကြည့်လိုက်သည်။
နတ်ဧကရာဇ်လန်ရွှမ်၏ မျက်နှာအမူအရာမှာ မရေရာမသေချာ ဖြစ်နေချေပြီ။