အခြေအနေ ပြောင်းလဲခြင်း
Vol. 107 Ch. 1404
ချင်မူ့ ရင်ထဲတွင် ရုတ်တရက် မွန်းကြပ်လာသည်။ ယခင် စကြ၀ဠာမှ သိုင်းပညာရှင်သည် မငြင်းဆန်နိုင်သော ကမ်းလှမ်းမှုကို ဖော်ပြခဲ့၏။
နတ်ဧကရာဇ်လန်ရွှမ်၏ အိပ်မက်မှာ ကောင်းကင်နတ်အရှင်ဆယ်ပါး၏ ခေါင်းဆောင်ဖြစ်လာပြီး တာအိုရရှိထားသည့် ပုဂ္ဂိုလ်တစ်ဦး ဖြစ်လာရန်ပင်။ ယခင်စကြ၀ဠာမှ သိုင်းပညာရှင်သည် ပိုမိုကောင်းမွန်သောအရာတစ်ခုကို ကမ်းလှမ်းခဲ့၏။ နောက်စကြ၀ဠာအထိ အသက်ရှင်သန်နိုင်မည်တဲ့လော။
လန်ရွှမ်အနေဖြင့် သူ့နောက်လိုက်သရွေ့ ကောင်းကင်နတ်အရှင်ဆယ်ပါး၏ ခေါင်းဆောင် ၊ ကောင်းကင်နတ်ဧကရာဇ် ဖြစ်လာမည့်အပြင် မဟာတာအိုကိုလည်း အန္တိမဟင်းလင်းပြင်တွင် တံဆိပ်ခတ်နှိပ်ကာ သူ၏အသိစိတ်အအလျဉ်ကို ထာဝရထိန်းသိမ်းထားနိုင်လိမ့်မည်။ စကြ၀ဠာ ဖျက်ဆီးခံရလျှင်တောင်မှ သူသည် မသေဆုံးဘဲ စကြ၀ဠာနောက်တစ်ခုအထိ ရှင်သန်နိုင်မည်ဖြစ်သည်။
မည်မျှ တပ်မက်ဖွယ်ကောင်းသနည်း။
နတ်ဧကရာဇ်လန်ရွှမ်သည် ၎င်းကမ်းလှမ်းချက်ကို လက်ခံ၍ ယခင်စကြ၀ဠာမှ သိုင်းပညာရှင်၏ လက်ပါးစေဖြစ်လာမည်ကို ချင်မူ စိုးရိမ်နေမိသည်။
ချင်မူက ရုတ်တရက် ထပြော၏။ “နတ်ဧကရာဇ်၊ ကျွန်တော်တို့ မဟာခြုံလွှမ်း အဆင့်မြင့်အသိစိတ်အလျဥ် ကောင်းကင်ဘုံအပိုင်းအစဆီ ရောက်လာပြီဆိုမှတော့ ဟိုနားဒီနား လျှောက်ကြည့်ကြရအောင်လေ”
နတ်ဧကရာဇ်လန်ရွှမ်၏အကြည့်များက တောက်ပသွားပြီး လှည့်ကြည့်လာသည်။ ချင်မူကလည်း ပြန်ကြည့်နေ၏။
နတ်ဧကရာဇ်လန်ရွှမ်က ခေါင်းညိတ်၍ ပြုံးသည်။ “ဟုတ်သားပဲ… မဟာခြုံလွှမ်း အဆင့်မြင့်အသိစိတ်အလျဥ် ကောင်းကင်ဘုံဆိုတာ အတိတ်တုန်းက ငါတို့ သိပ်ကို ရောက်ဖူးချင်ခဲ့တဲ့ နေရာပဲ… ဒီဟာက မဟာခြုံလွှမ်း အဆင့်မြင့်အသိစိတ်အလျဥ် ကောင်းကင်ဘုံအစစ် မဟုတ်ဘဲ တစ်စိတ်တစ်ပိုင်းတည်းဆိုပေမယ့် လျှောက်ကြည့်တာ ကောင်းတယ်”
သူတို့နှစ်ယောက်က ခေါင်းတလားကြီးကို ထားခဲ့၍ ဘေးချင်းယှဥ် လျှောက်လာခဲ့ကြသည်။ ချင်မူက မဟာခြုံလွှမ်းအဆင့်မြင့်အသိစိတ်အလျဥ် ကောင်းကင်ဘုံအပိုင်းအစကို သေချာစစ်ဆေးကြည့်ရှုနေပြီး ဟင်းလင်းပြင်ကို လက်ဖြင့် ထိတွေ့လိုက်၏။ သူက လက်ဖဝါးဖြင့် အနည်းငယ်ဖိလိုက်ရာ လက်ဖဝါးရာသည် မဟာခြုံလွှမ်း အဆင့်မြင့်အသိစိတ်အလျဥ် ကောင်းကင်ဘုံတွင် ပေါ်လာသည်။ ထို့နောက် တခဏအကြာတွင် ပြန်လည်ပျောက်ကွယ်သွားသည်။
သူက ချီစွမ်းအင်ကို အသက်သွင်းလျက် မဟာခြုံလွှမ်း အဆင့်မြင့်အသိစိတ်အလျဥ် ကောင်းကင်ဘုံတွင် မဟာတာအိုသင်္ကေတတချို့ ခတ်နှိပ်ရန် ကြိုးစားလိုက်သည်။ သို့သော် သူ၏အမှတ်အသားများမှာ တခဏအတွင်း ပျောက်ကွယ်သွားကြလေသည်။
သို့သော် သူ၏ မဟာတာအိုသင်္ကေတများကို ခတ်နှိပ်နေသည့်အချိန်တွင် သူ၏ တာအိုနှလုံးသားသည် ဤမဟာခြုံလွှမ်း အဆင့်မြင့်အသိစိတ်အလျဥ် ကောင်းကင်ဘုံအပိုင်းအစနှင့် ကိုက်ညီမှုရှိသလို ခံစားနေရ၏။ ကောင်းကင်ဘုံ၏ နှလုံးသားသည် သူ၏နှလုံးသားဖြစ်သယောင် ခံစားနေရလေသည်။
မဟာတာအိုသင်္ကေတများကို ခတ်နှိပ်နေသည့်အချိန်တွင် သူ၏တာအိုသည် စကြ၀ဠာ တည်ရှိနေသရွေ့ ထာ၀ရရှင်သန်နိုင်မည့်အလား ခံစားနေရစေသည်။
ကောင်းကင်၏စိတ်ဆန္ဒက သူ၏နှလုံးသား ဖြစ်လာက သူ့တာအိုသည် ထာ၀ရရှင်သန်နိုင်ပေလိမ့်မည်။ ဤသည်က မဟာခြုံလွှမ်းအဆင့်မြင့်အသိစိတ်အလျဥ် ကောင်းကင်ဘုံ၏ အံ့ဩဖွယ်ကောင်းသော အသုံးဝင်မှုဖြစ်ချေသည်။
ကံမကောင်းစွာဖြင့် အသေချာသိမြင်နားလည်အောင် ကြိုးစားနေစဉ် သူ၏ တာအိုနှလုံးသားသည် နှိုင်းယှဉ်မရနိုင်အောင် ခုန်ပေါက်လာသည်အား ခံစားနေရ၏။ မဟာခြုံလွှမ်း အဆင့်မြင့်အသိစိတ်အလျဥ် ကောင်းကင်ဘုံ၏ ကျယ်ပြောမှုကို မခံစားမိတော့သလို, ကောင်းကင်၏စိတ်ဆန္ဒ၊ နှလုံးသားနှင့် တာအို ထာ၀ရတည်မြဲနိုင်မည့် ခံစားချက်တို့လည်း သင်္ကေတများ ပျောက်ကွယ်သွားမှုနှင့်အတူ ပျောက်ကွယ်သွားတော့သည်။
ချင်မူက သူ၏အသိစိတ်အလျဉ်ဖြင့် တံဆိပ်ခတ်နှိပ်ရန် ကြိုးစားသော်လည်း အရာပေါ်လာလျှင်ချင်း အလျင်အမြန် ပြန်လည်ပျောက်ကွယ်သွားတတ်၏။
နှိုင်းမရနိုင်အောင် ထူးဆန်းသော ခံစားချက်သည် သူ၏နှလုံးသားထဲတွင် ဖြစ်တည်လာ၏။ မဟာခြုံလွှမ်း အဆင့်မြင့်အသိစိတ်အလျဥ် ကောင်းကင်ဘုံကား ရွှံ့တုံးတစ်တုံးအလား ပုံစံမျိုးစုံ ပြောင်းလဲနိုင်နေလေသည်။
သို့သော် ဤသည်က မဟာခြုံလွှမ်း အဆင့်မြင့်အသိစိတ်အလျဥ် ကောင်းကင်ဘုံ၏ တစ်ပိုင်းတစ်စသာ ရှိသေးသည်။ အစစ်အမှန် မဟာခြုံလွှမ်းအဆင့်မြင့်အသိစိတ်အလျဥ် ကောင်းကင်ဘုံဆိုလျှင် မည်သို့ရှိမည်နည်း။ ယခုလို တံဆိပ်ခတ်နှိပ်နိုင်သည်လော ။
နတ်ဧကရာဇ်လန်ရွှမ်သည် မဟာခြုံလွှမ်းအဆင့်မြင့်အသိစိတ်အလျဥ် ကောင်းကင်ဘုံ၏ ထူးခြားဆန်းကြယ်မှုများကို သိမြင်နားလည်နိုင်ရန် ကြိုးစားနေသည့်တိုင် သူ့ကဲ့သို့ အစွမ်းကြီးမားသူတစ်ဦးပင်လျှင် ဤနေရာ၌ မဟာတာအိုကို ထာ၀ရမခတ်နှိပ်နိုင်ချေ။
သူ၏ တာအိုနှလုံးသားမှာ အားနည်းသည့်အပြင်၊ တာအိုအဆင့်ကလည်း ပို၍တိမ်ကောသည်။ သို့သော် သူ့ခွန်အားက သန်မာလွန်းသဖြင့် သင်္ကေတများသည် ချင်မူ့သင်္ကေတများထက် အချိန်အနည်းငယ် ပို၍ ထင်ကျန်နိုင်၏။
‘မဟာခြုံလွှမ်း အဆင့်မြင့်အသိစိတ်အလျဥ် ကောင်းကင်ဘုံက တကယ်ကို အံ့ဩစရာပဲ… ငါ့တာအိုကို ဒီနေရာမှာ ခတ်နှိပ်လိုက်ရုံနဲ့ ထာ၀ရဘ၀ ရနိုင်သလို ခံစားရစေတယ်… ငါ အသတ်ခံရရင်တောင်မှ ငါ့ရုပ်ခန္ဓာ၊ အသိစိတ်အလျဉ်၊ မူလဝိညာဉ်နဲ့ ငါပိုင်ဆိုင်တဲ့အရာမှန်သမျှ သေဆုံးမှာမဟုတ်ဘူး’
နတ်ဧကရာလန်ရွှမ်က စိတ်ခံစားချက်အပြည့်ဖြင့် သက်ပြင်းချလိုက်သည်။ “မဟာဧကရာဇ် မသေနိုင်တာ မဟာခြုံလွှမ်း အဆင့်မြင့်အသိစိတ်အလျဥ် ကောင်းကင်ဘုံရဲ့ သက်ရောက်မှုတွေကြောင့်ပဲ… ခိုင်ဧကရာဇ်ချင့်ယဲ့က အံ့သြဖို့ကောင်းတယ်… မဟာဧကရာဇ်က တာအိုကို ရနိုင်ခဲ့ပေမယ့် အကြောင်းပြချက်ကို မသိခဲ့ဘူး… ခိုင်ဧကရာဇ်ကပဲ အနာဂတ်မျိုးဆက်တွေ အကျိုးရှိနိုင်မယ့် တာအိုကျင့်စဉ်စနစ်ကို တီထွင်နိုင်ခဲ့တာ”
ချင်မူက ပြုံးသည်။ “နတ်ဧကရာဇ်က ပြုပြင်ပြောင်းလဲမှုကို အားကျနေတာလားဗျ… ခိုင်ဧကရာဇ်ကိုများ အားကျနေတာလား”
နတ်ဧကရာဇ်လန်ရွှမ်က ခေါင်းရမ်းလျက် တခဏတုံ့ဆိုင်းနေပြီးနောက် ခေါင်းပြန်ညိတ်လိုက်သည်။
သူ၏မျက်နှာအမူအရာမှာ မှန်းဆမရနိုင်ပေ။ “ခိုင်ဧကရာဇ်က တာအိုကျင့်စဉ်စနစ်ကို တီထွင်ခဲ့ပြီး ကောင်းကင်နန်းဆောင်နဲ့ ကောင်းကင်ရတနာကျင့်စဉ်စနစ်က အားနည်းချက်ကို ဖြည့်တင်းပေးခဲ့တယ်.. ဒါပေမဲ့ သူက တာအိုရှုထောင့်ကနေ စတင်ခဲ့တာနဲ့ပဲ ကောင်းကင်နန်းဆောင်နဲ့ ကောင်းကင်ရတနာကျင့်စဉ်စနစ်က မှားနေတာမဟုတ်ဘူး”
ချင်မူမှာ အနည်းငယ် ကြောင်အသွားပြီး သူ့ဆီ ကြည့်လိုက်သည်။ သူက ရိုကျိုးစွာ မေး၏။ “ဘာလို့ အဲ့ဒီလိုပြောရတာလဲ နတ်ဧကရာဇ်ဗျ”
“သူက တာအိုကို ရဖို့ တာအိုကို သုံးခဲ့တယ်... တာအိုအဆင့်နဲ့ တာအိုနှလုံးသားကို သုံးပြီး သူ့ကိုယ်သူ အဆက်မပြတ် တိုးတက်စေခဲ့တယ်… နောက်ဆုံး အန္တိမဟင်းလင်းပြင်မှာ တံဆိပ်ခတ်နှိပ်နိုင်တဲ့အဆင့်ကို ရောက်ပြီး ဓားလမ်းစဉ်ရဲ့ မဟာခြုံလွှမ်း အဆင့်မြင့်အသိစိတ်အလျဥ် ကောင်းကင်ဘုံကို ကျင့်ကြံနိုင်ခဲ့တယ်”
နတ်ဧကရာဇ်လန်ရွှမ်က အေးဆေးတည်ငြိမ်စွာ ဆက်ပြော၏။ “ငါ စောစောက ကိုယ်ပိုင်ခွန်အားကို သုံးပြီး မဟာခြုံလွှမ်း အဆင့်မြင့်အသိစိတ်အလျဥ် ကောင်းကင်ဘုံမှာ တံဆိပ်ခတ်နှိပ်ဖို့ ကြိုးစားခဲ့တယ်… မအောင်မြင်ခဲ့ပေမယ့် တာအိုရနိုင်မယ့် မျှော်လင့်ချက်ကို မြင်ခဲ့ရတယ်..ကောင်းကင်နန်းဆောင်နဲ့ ကောင်းကင်ရတနာကျင့်စဉ်စနစ်က ခွန်အားကိုပဲ အလေးထားတာ… ကောင်းကင်နတ်ဘုံအဆင့်ကို ရောက်ဖို့ ခွန်အားနဲ့ တာအိုရအောင် လုပ်လို့ရသေးတယ်”
သူ့တွင် သူရဲကောင်းစိတ်ဓာတ်တို့ဖြင့် ပြည့်နှက်နေ၏။ “စောက်ရေးမပါတဲ့ ဘာကောင်းကင်နှလုံးသားကိုမှ နားလည်သိမြင်နေစရာမလိုဘူး… ငါ့တာအိုတည်ရှိမှုကိုလည်း အာရုံခံနေစရာမလိုဘူး…ငါ မဟာကောင်းကင်နတ်ဘုံကို ကျင့်ကြံပြီးရင် ငါ့ခွန်အားက ပြိုင်ဘက်ကင်းဖြစ်လာမှာ…. အဲဒီအခါကျရင် မဟာခြုံလွှမ်း အဆင့်မြင့်အသိစိတ်အလျဥ် ကောင်းကင်ဘုံမှာ ငါ့တာအိုကို တံဆိပ်ခတ်နှိပ်နိုင်လိမ့်မယ်… တာအိုတရား ပေါက်ပေါက် မပေါက်ပေါက် ဘယ်သူမှ ဂရုမစိုက်နေဘူး”
ချင်မူမှာ ပါးစပ်အဟောင်းသား ဖြစ်နေတော့သည်။ တခဏကြာသော် သူက ချီးကျူးလိုက်၏။ “နတ်ဧကရာဇ်က တကယ်ကို ထူးချွန်တာပဲ…”
နတ်ဧကရာဇ်လန်ရွှမ်က ခပ်ယဲ့ယဲ့ ပြုံး၍ ပြောသည်။ “ခိုင်ဧကရာဇ်ကလည်း ငါ့ထက် အားမနည်းတဲ့ ပါရမီရှင်တစ်ယောက်ပဲ”
ချင်မူ တဟားဟား ရယ်လိုက်မိသည်။
နတ်ဧကရာဇ်လန်ရွှမ်သည် ‘ငါ့ထက်အားမနည်းဘူး’ ဆိုတော့ စကားအား ချင်မူ၏လက်သုံးစကားဖြစ်သဖြင့် တမင်ရွဲ့ပြောခဲ့ခြင်းဖြစ်၏။
ချင်မူက အချိန်အတော်ကြာသည်ထိ ရယ်မောနေပြီးနောက် သူ့ရယ်သံမှာ ရုတ်တရက် ရပ်တန့်သွားသည်။ သူက လေသံကို ပြောင်း၍ အနိမ့်အမြင့်မရှိသောအသံဖြင့် ဆက်ပြော၏။ “ယဇ်ပူဇော်ဖို့အတွက် နတ်ဧကရာဇ် ကျွန်တော့်ကို ဘယ်အချိန်သတ်မှာလဲ”
နတ်ဧကရာလန်ရွမ်က ပြုံးလိုက်သည်။ “ဘာလို့ အဲ့ဒီလိုပြောရတာလဲ ကောင်းကင်နတ်အရှင်မူ.. ငါက အရင်စကြ၀ဠာရဲ့ သိုင်းပညာရှင်အိုကြီး စိတ်ကျေနပ်စေဖို့အတွက် မင်းကို သတ်ပြီး ယဇ်ပူဇော်မယ် ထင်နေတာလား…ငါက ကောင်းကင်နတ်အရှင်ဆယ်ပါးထဲက တစ်ပါးပါကွာ… ခွန်အားကို သုံးပြီး တာအိုရနိုင်တဲ့ ဖြစ်နိုင်ချေကို သိထားတာတောင် ဘာလို့ မင်းကို သတ်ပြီး ယဇ်ပူဇော်ရမှာလဲ”
“ကျွန်တော့်တာအိုနှလုံးသားက စင်ကြယ်တယ်… တစ်ယောက်ယောက်ဆီက ကျွန်တော့်ကို သတ်ချင်တဲ့ အသတ်အဖြတ်စိတ်ဆန္ဒလေး နည်းနည်းလောက် ထုတ်လွှတ်လိုက်တာနဲ့ ကျွန်တော့်တာအိုနှလုံးသားမှာ ရောင်ပြန်လာဟပ်လိမ့်မယ်”
ချင်မူက တည်တံ့စွာ ပြောသည်။ “ယခုလေးတင် အဲ့ဒီခေါင်းတလားရှေ့မှာ အရင်စကြ၀ဠာက သိုင်းပညာရှင် ကမ်းလှမ်းတုန်းက ခင်ဗျားက ကျွန်တော့်ကို တိုက်ခိုက်ဖို့ အဆင်သင့်ဖြစ်နေခဲ့တာလေ… ခင်ဗျားရဲ့ အသတ်အဖြတ်စိတ်ဆန္ဒက ကျွန်တော့်တာအိုနှလုံးသားမှာ ရောင်ပြန်ဟပ်ခဲ့တယ်*
“တာအိုအဆင့်က အဲ့ဒီလိုသက်ရောက်မှုမျိုး ရှိတာလား… တကယ်ကို အံ့ဩစရာပဲ… ခိုင်ဧကရာဇ်က ဩချစရာပဲ”
ချင်မူက ပြုံးသည်။ “ခိုင်ဧကရာဇ်ရဲ့ ဓားနှလုံးသားက ကြည်လင်တောက်ပတယ်… သူ့ ဓားနှလုံးသားက ခိုင်မာပေမယ့် ကျွန်တော့်အဆင့်တော့ ရောက်နိုင်မှာမဟုတ်ဘူး”
နတ်ဧကရာဇ်လန်ရွှမ်၏ နှလုံးသားမှာ အနည်းငယ် တုန်လှုပ်သွားသည်။ “ဒါဆို ငါ့ကို မဟာခြုံလွှမ်း အဆင့်မြင့်အသိစိတ်အလျဥ် ကောင်းကင်ဘုံကို လျှောက်ကြည့်ဖို့ ဘာလို့ ဖိတ်ခေါ်ခဲ့ရတာလဲ…. မဟာခြုံလွှမ်း အဆင့်မြင့်အသိစိတ်အလျဥ် ကောင်းကင်ဘုံကို လျှောက်ကြည့်နိုင်မယ့် အခွင့်အရေးကို အသုံးချပြီး လျှို့ဝှက်ချက်တွေ ရှာရင်း ငါ့ရဲ့အသတ်အဖြတ်စိတ်ဆန္ဒ လွင့်ပြယ်သွားအောင် လုပ်ဖို့လား….”
ချင်မူက ခေါင်းညိတ်သည်။
နတ်ဧကရာဇ်လန်ရွှမ်က သက်ပြင်းချ၏။ “တာအိုအဆင့်က အဲ့လိုအဆင့်ထိ ရောက်နိုင်တာပဲ…. ကြည့်ရတာ ကောင်းကင်နန်းဆောင်ကျင့်စဉ်ကို ကျင့်ကြံပြီး တာအိုရဖို့က မလုံလောက်နိုင်ဘူးထင်တယ်…. ငါ ထပ်ပြီးအဆင့်တက်ချင်ရင် တာအိုကျင့်စဉ်စနစ်ရဲ့ ထောက်ပံ့ပေးမှု လိုအပ်တယ်… ကောင်းကင်နတ်အရှင်မူ၊ ငါ မင်းကို ဘာနည်းလမ်း သုံးပြီး သတ်မလဲ မှန်းကြည့်စမ်း”
ချင်မူက တခဏ စဉ်းစားနေသည်။ “ကျွန်တော့်ကို သာမန်နည်းလမ်းတွေနဲ့ သတ်ဖို့ ခက်လိမ့်မယ်… ကျွန်တော့် စွမ်းဆောင်ရည်တွေက နတ်ဧကရာဇ်လောက် မကောင်းပေမယ့် ကျွန်တော့်မှာ အသက်ကယ်နိုင်မယ့် နည်းလမ်းတွေ အများကြီးရှိတယ်လေ… အထူးသဖြင့် ကောင်းကင်နတ်သိုင်းတွေပေါ့… နတ်ဧကရာဇ် ကျွန်တော့်ကို သတ်တဲ့အခါကျရင် ထူးဆန်းတဲ့ ကောင်းကင်နတ်သိုင်းတွေကြောင့် ဗျာမများရအောင် ဂရုစိုက်ရလိမ့်မယ်…. ဒါကြောင့် နတ်ဧကရာဇ်အနေနဲ့ ကျွန်တော့်ကို ဖျက်ဆီးဖို့ အလွယ်ဆုံးနည်းလမ်းက ယဇ်ကောင်အနေနဲ့ အရင်စကြ၀ဠာဆီ ပို့လွှတ်လိုက်ဖို့ပဲ…”
နတ်ဧကရာဇ်လန်ရွှမ်က လက်ခုပ်တီး၍ ချီးကျူးလိုက်သည်။ “နည်းလမ်းကောင်းပဲ…. အရင်စကြ၀ဠာက ဖျက်ဆီးခံထားတဲ့အတွက် ဘာဒြပ်ထုမှ မကျန်တော့ဘူး.. မင်းကို အဲ့ဒီအထဲ ထည့်လိုက်ရင် စွမ်းအင်အလုံးအဖြစ် ပြောင်းလဲခံရပြီး ပျောက်ကွယ်သွားလိမ့်မယ်…. မင်းလို ဆင့်ခေါ်ကောင်းကင်နတ်သိုင်းတွေကို သိထားတဲ့သူတစ်ယောက် ရှိရင်တောင်မှ မင်းဝိညာဉ်ထဲက အနက်ရောင်သဲမှုန်ကို ဆင့်ခေါ်နိုင်မှာမဟုတ်ဘူး…. ဒါက မင်းကို လုံးလုံးလျားလျား ချေမှုန်းဖို့ အကောင်းဆုံးနည်းလမ်း ဖြစ်တဲ့အပြင် အရင်စကြ၀ဠာဆီ ထည့်လိုက်ဖို့က အလွယ်ကူဆုံးပဲ… ဒီမဟာခြုံလွှမ်း အဆင့်မြင့အသိစိတ်အလျဉ် ကောင်းကင်နတ်ဘုံအပိုင်းအစရဲ့ တစ်ဖက်ခြမ်းက ပျက်စီးနေတဲ့ အရင်စကြ၀ဠာထဲမှာ ရောက်နေတာ.. မင်းကို နည်းနည်းလောက် တွန်းလိုက်တာနဲ့ ပြုတ်ကျသွားမှာပဲ”
ချင်မူမှာ တိတ်ဆိတ်နေသည်။
“ဒါပေမဲ့ ငါ မင်းကို မသတ်ပါဘူး… အနည်းဆုံးတော့ အခု မဟုတ်သေးဘူး”
နတ်ဧကရာဇ်လန်ရွှမ်က တဟားဟား ရယ်လျက် ယဇ်ပလ္လင်ပေါ်တွင် တည်ရှိနေသော ခေါင်းတလားဆီသို့ လျှောက်သွား၏။ သူက အေးအေးလူလူ ပြောသည်။ “မင်းရဲ့တာအိုနှလုံးသားက စင်ကြယ်ပေမယ့် ကောင်းကင်နတ်အရှင်တစ်ပါးရဲ့ အတွေးကိုတော့ လိုက်မှီနိုင်စွမ်း မရှိဘူး… ကောင်းကင်နတ်အရှင်မူ၊ မင်းက ကိုယ့်ကိုကိုယ် အထင်ကြီးလွန်းတယ်….. ငါက ခွန်အားသုံးပြီး တာအိုရနိုင်မယ့် လမ်းစဉ်ကို သိမြင်နားလည်ထားပြီးပြီ.. ဆိုတော့ အရင်စကြ၀ဠာက သိုင်းပညာရှင်ရဲ့ အကူအညီကို မလိုအပ်တော့ဘူး… သူ့ကို ဒူးထောက်ပူဇော်နေစရာလည်း မလိုဘူး…”
သူ လှည့်၍ ထွက်ခွာသွားသည်နှင့် ချင်မူမှာ စိတ်အေးသက်သာစွာ သက်ပြင်းချလိုက်မိသည်။
ချင်မူ့တာအိုနှလုံသားထဲရှိ နတ်ဧကရာဇ်လန်ရွှမ်၏ အသတ်အဖြတ်စိတ်ဆန္ဒမှာလည်း ပျောက်ကွယ်သွားလေပြီ။
သူ နတ်ဧကရာဇ်လန်ရွှမ်ကို မဟာခြုံလွှမ်း အဆင့်မြင့်အသိစိတ်အလျဉ် ကောင်းကင်နတ်ဘုံအပိုင်းအစအား စူးစမ်းလေ့လာရန် ဖိတ်ခေါ်ခဲ့သည့်အချိန်မှစ၍ လန်ရွှမ်အား သူ့ကို မည်သို့သတ်မည်လဲ မေးသည့်အချိန်ထိ ... သူ၏လှုပ်ရှားမှုများ၊ စကားအားလုံးမှာ လန်ရွှမ်၏ အသတ်အဖြတ်စိတ်ဆန္ဒကို လုံးလုံးလျားလျား လွင့်ပြယ်စေရန် ဖြစ်ခဲ့သည်။
အဘယ်ကြောင့်ဆိုသော် တာအိုသစ်သီးထဲမှ ဖြစ်တည်မှု လန်ရွှမ်ထံ စကားပြောလိုက်သည့် အခိုက်အတန့်မှစ၍ လန်ရွှမ်သည် ချင်မူ့အား သတ်ဖြတ်လိုစိတ်များ ဖြစ်ပေါ်လာခဲ့၏။
အလွန်တရာ ပြင်းထန်သော အသတ်အဖြတ်စိတ်ဆန္ဒဖြစ်ခဲ့သည်။
ထိုအချိန်တုန်းက လန်ရွှမ်သည် တာအိုသစ်သီးထဲမှ ပုဂ္ဂိုလ်ထံတွင် ဒူးထောက်ကာ ထာဝရနတ်ဘုရားဖြစ်နိုင်မည့် နည်းလမ်းအား သင်ယူလိုခဲ့သည်။ သူသည် လက်ရှိစကြ၀ဠာ၏ အရှင်သခင်ဖြစ်ချင်သည်သာမက နောက်ထပ်စကြ၀ဠာအထိ ရှင်သန်လိုနေ၏။
ယခုမှသာ လန်ရွှမ်၏ အသတ်အဖြတ်စိတ်ဆန္ဒသည် ပျောက်ကွယ်သွားခဲ့ခြင်းပင်။
‘ငါသာ အကျဉ်းထောင်ကိုးထပ်စင်မြင့်ဆီ မသွားခဲ့ရင် အခုလောက်ဆို သေနေလောက်ပြီ’
ချင်မူက ခပ်ယဲ့ယဲ့ ပြုံးလျက် လန်ရွှမ်နောက်မှ လိုက်သွား၏။ သူ၏အသက်ကို ဆုံးရှုံးရမည့် အန္တရာယ်မရှိတော့ပေ။
သူတို့နှစ်ယောက် ခေါင်းတလားဆီသို့ ပြန်ရောက်သွားသော်လည်း ၎င်းမှာ ပိတ်မသွားသေးချေ။ အထဲတွင် နတ်အလင်းတန်းများက သိပ်သည်းစွာ တည်ရှိနေသောကြောင့် တာအိုသစ်ပင်၏ ပတ်ပတ်လည်တွင် နဂါးငွေ့တန်းတစ်ခုက တည်ရှိနေသည့်အလား ထင်ရသည်။
“အရင်စကြ၀ဠာရဲ့ သိုင်းပညာရှင်၊ ခင်ဗျားရဲ့ ကမ်းလှမ်းချက်က သိပ်ကိုကောင်းပါတယ်… ကျုပ် စဉ်းစားပြီးပါပြီ”
အလွန်တရာ ရှေးကျသော အသိစိတ်အလျဉ်တစ်ခုက တာအိုသစ်သီးထဲမှ လွင့်ပျံ့လာသည်။ “ကောင်းတယ်… အမျှော်အမြင်ရှိတဲ့သူတစ်ယောက်ဆိုတာ အခြေအနေကို လက်ခံတယ်… မင်းရဲ့စကြ၀ဠာက ခေတ်နောက်ကျလွန်းနေပြီ… မင်းတို့ရဲ့ ကျင့်စဉ်တွေ၊ လမ်းစဉ်တွေကလည်း အဆင့်နိမ့်လွန်းတယ်… ငါ မင်းကို ငါ့ရဲ့အန္တိမကောင်းကင်နတ်သိုင်းတွေ သင်ပေးပြီး တစ်ခါတည်းနဲ့ စကြ၀ဠာမှာ စွမ်းအားအကြီးဆုံးသူဖြစ်လာအောင် လုပ်ပေးမယ်”
နတ်ဧကရာဇ်လန်ရွမ်က ခါးမတ်မတ် ရပ်ကာ စကားဖြတ်ပြောလိုက်သည်။ သူက ပြုံးနေ၏။ “နောင်တော်၊ ကျုပ် ခင်ဗျားကို ရွေးချယ်စရာလမ်းနှစ်လမ်း ပေးမယ်…. ပထမလမ်းက ကိုယ့်စကြ၀ဠာဆီ ပြန်ပြီး အေးအေးဆေးဆေး သေဖို့ပဲ.. ဒုတိယလမ်းက ခင်ဗျားရဲ့အသိအမြင်တွေအားလုံး ကျုပ်ကို လွှဲပြောင်းပေးပြီး ကိုယ်စကြ၀ဠာဆီ ပြန်ပြီးတော့ အေးအေးဆေးဆေးသေဖို့…. ဘယ်လမ်းရွေးမလဲ နောင်တော်”
“မင်း…”
တာအိုသစ်သီးထဲရှိအသံမှာ ဒေါသူပုန်ထသွားတော့သည်။ “မင်းလို အဆင့်နိမ့်ကျတဲ့ ပုရွက်ဆိတ်ကများ… ငါ့ကို ရိုင်းရိုင်းစိုင်းစိုင်း ဆက်ဆံရဲတယ်ပေါ့… မင်း သိထားသင့်…”
“ကြည့်ရတာ ပထမလမ်းကို ရွေးလိုက်တဲ့ပုံပဲ”
နတ်ဧကရာဇ်လန်ရွှမ်က ကျယ်လောင်စွာ ရယ်လိုက်သည်။ သူ၏ဦးခေါင်းအနောက်ဘက်ရှိ ကောင်းကင်နတ်ဘုံထဲမှ မူလဝိညာဉ်က ရုတ်တရက် တိုက်ခိုက်လိုက်ပြီး ဧရာမခေါင်းတလားကြီးအား လက်ညှိုးထိုးလိုက်၏။ “ဒါပေမဲ့ နောင်တော်၊ ကျုပ်က ခင်ဗျားကို ဒုတိယလမ်း ရွေးစေချင်တာ… ခင်ဗျားပြန်သွားပြီး သေလို့ရပေမယ့် တာအိုသစ်သီးကိုတော့ ထားခဲ့ရလိမ့်မယ်… ဘာလို့လဲဆို ကျုပ်၊ လန်ရွှမ်က ခင်ဗျားရဲ့ တာအိုသစ်သီးကို သဘောကျမိလို့ပဲ…”
ဝုန်း…
နှိုင်းယှဉ်မရနိုင်အောင် ထိတ်လန့်တုန်လှုပ်ဖွယ်ကောင်းသော တုန်ခါမှုကြီးက ခေါင်းတလားဆီမှ ထွက်ပေါ်လာသည်။ ယခင်စကြ၀ဠာမှ တာအိုသစ်ပင်သည် ၎င်း၏သစ်ကိုင်းများကို လွှဲရမ်းလိုက်ရာ ကြယ်တာရာကောင်းကင်က ထွန်းလင်းတောက်ပသွား၏။ နှိုင်းမရနိုင်အောင် ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားတစ်ရပ်က တာအိုသစ်သီးထဲမှ ထွက်ပေါ်လာကာ လန်ရွှမ်၏ နတ်လက်ချောင်းအား ကာလိုက်သည်။
“ဖယ်စမ်း” လန်ရွှမ်က ဟိန်းဟောက်လိုက်ပြီး သူ၏မူလဝိညာဉ်သည် လက်တစ်ချောင်းပြီးတစ်ချောင်း ညွှန်ပြနေ၏။ သူညွှန်ပြသည့်အချိန်တိုင်း နတ်လက်ချောင်းတစ်ချောင်းက ထွက်ပေါ်လာသည်။
ဤသည်မှာ သူ တာအိုဝင်ရောက်ရန် အသုံးပြုခဲ့သည့် တစ်ခုတည်းသော သိုင်းကွက်ဖြစ်၏။ အခြားသူများသာဆိုပါက အရပ်လေးမျက်နှာသို့ ရှောင်တိမ်းကြပေလိမ့်မည်။ သို့သော် ခေါင်းတလားကတော့ သစ်သားယဇ်ပလ္လင်ပေါ်တွင် ရှိနေဆဲပင်။ ၎င်း၏တစ်ပိုင်းက ဘိုးဘေးနန်းတော်ထဲ ဝင်ရောက်နေပြီး ကျန်တစ်ပိုင်းကတော့ ယခင်စကြ၀ဠာထဲ၌ ကျန်နေခဲ့သောကြောင့် ကပ်ဘေးကြီးကို ရင်ဆိုင်နေရပြီး ရှောင်တိမ်းနိုင်သည့် နည်းလမ်းမရှိပေ။
နတ်ဧကရာဇ်လန်ရွှမ်က အတောမသပ်နိုင်အောင် တိုက်ခိုက်နေသည်။ ရုတ်တရက် ခေါင်းတလားကြီးမှာ တောက်ပလာပြီး အထဲမှ နားကွဲလုမတတ် အသံတစ်သံ ပေါ်ထွက်လာ၏။ တာအိုသစ်ပင်ရှိ တာအိုသစ်သီးမှာ သူ၏နတ်လက်ချောင်းကြောင့် ကြွေကျသွားလေပြီ။
လန်ရွှမ်က တဟားဟား ရယ်လိုက်သည်။ သူင တာအိုသစ်သီးကို ကောက်ယူလိုက်၏။ ထို့နောက် ပျံသန်းကာ ခေါင်းတလားအပေါ်သို့ ဆင်းသက်လိုက်ပြီး အခေါင်းအား ခြေထောက်ဖြင့် ဖိချရင်း မာကြောခက်ထန်စွာ ပြော၏။ “သွားသေလိုက်တော့”
သစ်သားယဇ်ပလ္လင်နှင့် ဧရာမခေါင်းတလားကြီးမှာ ယခင်စကြဝဠာသို့ ပြန်လည်ပို့လွှတ်ခံလိုက်ရသည်။ ခေါင်းတလားထဲတွင် တာအိုသစ်သီး မရှိတော့ဘဲ သစ်သားယဇ်ပလ္လင်နှင့် ဧရာမခေါင်းတလားကြီးမှာ မဟာကပ်ဘေးကြီးအလယ်တွင် ပြာကျ၍ အစအနပင် မကျန်ဘဲ ပျောက်ကွယ်သွားတော့သည်။
နတ်ဧကရာဇ်လန်ရွှမ်က မြေပေါ်သို့ ဆင်းသက်၍ တာအိုသစ်သီးကို မြှောက်လိုက်၏။ သူက တဟားဟား ရယ်မောလိုက်သည်။ “ကောင်းကင်နတ်အရှင်မူ၊ တခြားကောင်းကင်နတ်အရှင်တွေနဲ့ မင်း ... ငါ့ဆီမှာ အညံ့ခံရမယ့် နေ့ ရောက်လာတော့မယ်”
ချင်မူက ဘေးတွင် ရပ်၍ ပြုံးလျက်ပင်။ “ဂုဏ်ယူပါတယ် နတ်ဧကရာဇ်”