← Chapters

မဟာစစ်ပွဲကြီး စတော့မည်

Vol. 107 Ch. 1406

မဟာစစ်ပွဲကြီး စတော့မည်

Vol. 107 Ch. 1406

‘ထူးဆန်းလိုက်တာ… ဖန်ဆင်းရှင်တွေတောင် ထိုက်ကျိနယ်မြေ ရှိမှန်း မသိခဲ့ကြဘူး… ထိုက်ကျိကျောက်တုံးတွင်းအတုကိုပဲ ရှာတွေ့ခဲ့ကြတာ… ကောင်းကင်နတ်ဧကရီက ဒီနေရာကို ဘယ်လိုလုပ်ရှာတွေ့သွားတာလဲ’

ချင်မူမှာ စိတ်ရှုပ်ထွေးလာသည်။ ထိုက်ကျိနယ်မြေရှိ ရှေးဟောင်းနတ်ဘုရား အမြွှာနတ်ဘုရားနှစ်ပါးမှာ အလွန်တရာထူးဆန်း၏။ အခြားနတ်ဘုရားဥအားလုံးမှာ တူးဖော်ခံခဲ့ရသော်လည်း ဤရှေးဟောင်းနတ်ဘုရားနှစ်ပါးကတော့ လွတ်မြောက်ခဲ့လေသည်။

ထိုမျှသာမက ရှေးဟောင်းနတ်ဘုရားနှစ်ပါးကား အလွန်တရာ ထက်မြက်ကြ၏။ ယခင်က ချင်မူသည် ထိုက်စု၏အားကိုးဖြင့် ဤနေရာကို ရှာတွေ့ခဲ့ပြီး အံ့ဖွယ်ကောင်းကင်နတ်သိုင်းများ ပြသခဲ့သဖြင့် ကျောက်တုံးတွင်းမှာ သူ့ကို ထိခိုက်အောင် မလုပ်နိုင်ခဲ့ပေ။။ ထိုကြောင့် ထိုရှေးဟောင်းနတ်ဘုရားနှစ်ပါးသည် ချင်မူနှင့် တိုက်ရိုက်အပေးအယူလုပ်ခဲ့ပြီး ထိုက်ကျိနတ်ကျောက်တုံးတစ်ရာနှင့် ထိုက်ကျိမူလကျောက်တုံးကို ပေးကာ မဟူရာသစ်ပင်ကြီး၏ တည်နေရာကိုလည်း ပြောပြခဲ့ကြသည်။

ကောင်းကင်နတ်ဧကရီ ဤနေရာကို ရှာတွေ့ခဲ့ခြင်းက ရှေးဟောင်းနတ်ဘုရားများ၏ အကူအညီမပါဘဲ မဖြစ်နိုင်ပေ။ ဥမှ ပေါက်ဖွားလာသော ရှေးဟောင်းနတ်ဘုရားများသာ ထိုက်ကျိနယ်မြေကို ရှာတွေ့နိုင်ကြသည်မဟုတ်လော။

ကောင်းကင်နတ်ဧကရီကို ကူညီခဲ့သူက ကောင်းကင်နတ်အရှင်ရှောင် သို့မဟုတ် ထိုက်စုများလော။

‘ထိုက်စုက ကောင်းကင်နတ်အရှင်ဟောင်ကို ကူညီနေတာဆိုတော့ ကောင်းကင်နတ်ဧကရီကို အကြံပေးဖို့ မဖြစ်နိုင်ဘူး… ကောင်းကင်နတ်အရှင်ရှောင်နဲ့ ကောင်းကင်နတ်ဧကရီအကြားမှာ ဖြေဖျောက်လို့မရတဲ့ ရန်ငြိုးရှိတယ်… ဆိုတော့ ကောင်းကင်နတ်အရှင်ရှောင်က အကြံပေးခဲ့ရင်တောင်မှ ကောင်းကင်နတ်ဧကရီအနေနဲ့ ဒီနေရာကို လာဖို့ ဆန္ဒရှိခဲ့မှာမဟုတ်ဘူး… ထိုက်ရှီကျ ငါနဲ့အတူ ရှိနေတာ... ထိုက်ယီကလည်း လောကရဲ့ အရှုပ်တွေထဲမှာ ဝင်ပါမှာ မဟုတ်ဘူး… ဒါဆို ကောင်းကင်နတ်ဧကရီကို ဒီနေရာဆီ လာဖို့ အကြံပေးခဲ့တဲ့သူက….”

ချင်မူ့မျက်နှာအမူအရာမှာ ထူးဆန်းနေသည်။ “ရှေးဟောင်းနတ်ဘုရားထိုက်ကျိကိုယ်တိုင်ပဲ…. ထိုက်စုက ကောင်းကင်နတ်အရှင်ဟောင်ကို ရှာတွေ့သွားတော့ သူ့အကူအညီနဲ့ ထိုက်စုကျောက်တုံးတွင်းကို ပြန်ယူပြီး တာအိုရယူလိမ့်မယ်… ရှေးဟောင်းနတ်ဘုရားထိုက်ကျိရဲ့ ကျောက်တုံးတွင်းက အကောင်းအတိုင်း ရှိနေသေးတယ်.. သူ ကောင်းကင်နတ်ဧကရီကို ခေါ်ခဲ့တာက ကောင်းကင်နတ်အရှင်ဆယ်ပါးကြားမှာ သူ့ကို ကူညီပေးမယ့်သူ ရှိနေဖို့ပဲ… အဲဒီရှေးဟောင်းနတ်ဘုရားတွေက သူတို့ပြောသလို အချင်းချင်း သိပ်ကွာကြတာ မဟုတ်ပါဘူး”

သူက ချက်ချင်း ကောက်ချက်ချလိုက်သည်။ “အခုပြဿနာရှာနေတာက အရှင်မယွမ်မု မဟုတ်ဘဲ ရှေးဟောင်းနတ်ဘုရားထိုက်ကျိပဲ… အဲဒီရှေးဟောင်းနတ်ဘုရားနှစ်ပါးက ကောင်းကင်နတ်အရှင်ဆယ်ပါးကြောင့် ဘိုးဘေးနန်းတော်ပွင့်သွားခဲ့တာ မြင်ခဲ့ပြီး သူတို့ရဲ့ကျောက်တုံးတွင်းအပေါ် ကာကွယ်ဖို့ ခက်ခဲလာမှန်း သဘောပေါက်သွားတာဖြစ်ရမယ်… သူတို့ကို ဘယ်အချိန်ရှာတွေ့သွားကြမလဲ မသိနိုင်တော့ ပြင်ဆင်လာကြတာပဲ… သူတို့တွေ လူ့လောကထဲ ဝင်ရောက်လာကြတော့မယ်”

ထိုအခိုက်အတန့်တွင် ကောင်းကင်လက်နက် ကောင်းကင်နတ်အရှင်ယွီသည် ကျွယ်ဝူချိန်ကို စိုက်ကြည့်နေပြီး နတ်အရှင်မချန်းကတော့ ကောင်းကင်လက်နက်ကို စိုက်ကြည့်နေ၏။ ချင်မူက သူတို့သုံးယောက်လုံးကို တစ်ပြိုင်နက်တည်း ကြည့်နေသည်။

ကျွယ်ဝူချိန်က မည်သည်ကိုမှ အာရုံမခံမိသည့်အလား ကျောက်တုံးတွင်းဆီသို့ ဆက်လက်လျှောက်သွားနေသည်။ ချင်မူမှာ တစ်ခုခုလွဲမှားနေမှန်း သတိထားမိသွားသဖြင့် ပတ်ဝန်းကျင်ကို အလျင်အမြန် အကဲခတ်လိုက်သည်။

“ကျွယ်ဝူချိန် သွားနေတဲ့နေရာက ထိုက်ကျိကျောက်တုံးတွင်းရဲ့ ဗဟို မဟုတ်ဘူး… သူ သွားနေတဲ့လမ်းအရ ကျောက်တုံးတွင်းအစစ်အမှန်ဆီ ဦးတည်နေတာမဟုတ်ဘူး… ဟုတ်တယ်... သူ့အနောက်ကနေ တစ်ယောက်ယောက် လိုက်လာတာကို ရှေးဟောင်းနတ်ဘုရားထိုက်ကျိ အာရုံခံမိသွားလို့ ကျောက်တုံးတွင်းအတုကို ဖန်ဆင်းလိုက်တာပဲ”

ချင်မူ တမုဟုတ်ချင်း သဘောပေါက်သွားသည်။ “ဒီရှေးဟောင်းနတ်ဘုရားနှစ်ပါးက လှည့်စားတဲ့ နေရာမှာ အတော်ဆုံးပဲ… ပြီးတော့ ကောင်းကင်နတ်ဧကရီအနေနဲ့ ကျွယ်ဝူချိန်ရဲ့ ရုပ်ခန္ဓာကိုပဲ သုံးလို့ရတာ မဟုတ်ဘူးလေ… သူ့ရဲ့ခန္ဓာကိုယ်အစစ်အမှန်လည်း ရှိသေးတာပဲ”

သူက နတ်အရှင်မချန်း၊ ကျွယ်ဝူချိန်နှင့် ကောင်းကင်လက်နက် ကောင်းကင်နတ်အရှင်ယွီတို့အား နောက်ယောင်ခံလိုက်မနေတော့ချေ။ ထိုအစား တိတ်တဆိတ် ဆုတ်ခွာ၍ ကျောက်တုံးတွင်းအစစ်ထဲသို့ ဝင်ရောက်သွားသည်။

ထိုက်ကျိကျောက်တုံးတွင်းမှာ သူ့အတွက် ရင်းနှီးနေသော လမ်းတစ်လမ်းဖြစ်သည်။ သူ ဤနေရာသို့ နောက်ဆုံးတစ်ကြိမ် လာရောက်ခဲ့တုန်းက ဖန်သားကောင်းကင်စေတီကို သုံးကာ နှိုင်းယှဉ်မရနိုင်အောင် အန္တရာယ်များသော ထိုက်ကျိကြယ်တာရာနယ်မြေကို ဖြတ်သန်းခဲ့ရသည်။ ဤတစ်ကြိမ်တွင် ထိုက်ချူ၊ ထိုက်ရှီ၊ ထိုက်စု၊ ထိုက်ယီ၊ ထိုက်ကျိတို့၏ မဟာတာအိုကောင်းကင်နတ်သိုင်းများတွင် ကျွမ်းကျင်နေပြီဖြစ်သည်။ သူ ထိုက်ကျိကြယ်တာရာနယ်မြေသို့ ဝင်ရောက်လိုက်သည့်အချိန်တွင် မည်သည့်အန္တရာယ်မှ မရှိတော့ပေ။

ချင်မူက ကျောက်တူးသည့်နေရာသို့ ရောက်လာသည်။ အချိန်အတော်ကြာပြီးနောက် ပြန်လှည့်ကြည့်လိုက်ရာ ဘိုးဘေးနန်းတော်မြေထုပေါ်တွင် မဟုတ်တော့ဘဲ ကျယ်ပြောသော ကြယ်တာရာကောင်းကင်တစ်ခုဆီသို့ ရောက်လာကြောင်း သတိထားမိလိုက်၏။

သူ ခေါင်းပြန်လှည့်လိုက်သည့်အခါ သူ့အရှေ့တွင် သဲကန္တာရတစ်ခု ရှိနေသေးကြောင်း တွေ့လိုက်ရသည်။ သူသည် ဘိုးဘေးနန်းတော်ထဲတွင် ရှိနေဆဲပင်။

ဤသည်က ထိုက်ကျိကြယ်တာရာနယ်မြေ၏ အံ့သြဖွယ်ကောင်းသော အခြေအနေတစ်ခုပင်။

“အဲဒီရှေးဟောင်းနတ်ဘုရားနှစ်ပါးမှာ နက်နဲတဲ့ ကောင်းကင်နတ်သိုင်းတွေ ရှိကြတာပဲ… မဟာဧကရာဇ်နဲ့ အရှင်မယွမ်မုက ဘိုးဘေးနန်းတော်မှာ ကျင်လည်ခဲ့ကြတဲ့သူတွေ ဆိုပေမယ့် ထိုက်ကျိကျောက်တုံးတွင်းကို ရှာဖို့ အန္တရာယ်တွေအများကြီး ဖြတ်သန်းရလိမ့်မယ်… ဒါ့အပြင် ကျွယ်ဝူချိန်က သူတို့ကို ရှေးဟောင်းနတ်ဘုရားထိုက်ကျိ ဖန်တီးထားတဲ့ ကျောက်တုံးတွင်းအတုဆီ ခေါ်သွားနေသေးတာ… အဲဒါက အတုဆိုတာ သူတို့ မပြောနိုင်လောက်ဘူး”

ချင်မူက ခေါင်းရမ်းလိုက်သည်။ ထိုအခိုက်အတန့်တွင် ကောင်းကင်နတ်ဧကရီကို မြင်လိုက်ရ၏။

သူထင်ထားသည့်အတိုင်းပင် ကောင်းကင်နတ်ဧကရီသည် သူမ၏ခန္ဓာကိုယ်အစစ်ဖြင့် အနက်ရောင်သဲကန္တာရထဲတွင် လျှောက်လှမ်းနေသည်။ ပျံ့လွင့်နေသော အနက်ရောင်သဲမှုန်များက မရေမတွက်နိုင်သော ကြယ်တာရာများ ဖြစ်ကြပြီး လေပြင်းများကလည်း အရှိန်အဟုန်ဖြင့် တိုက်ခတ်နေကြ၏။ လေထဲတွင် မျောလွင့်နေသော အနက်ရောင်သဲမှုန်များကား မိုးသက်မုန်တိုင်းတစ်ခုထက်ပင် အားကောင်းသိပ်သည်းနေသည်။

ကြယ်တာရာများက သဲမှုန်များဖြစ်ကြပြီး လေပြင်းတို့သည် သဲမှုန်များအား သယ်ဆောင်တိုက်ခိုက်နေ၏။ ၎င်းတို့ လူတစ်ယောက်၏ခန္ဓာကိုယ်နှင့် ထိတွေ့သွားခြင်းက ကြယ်ကြွေကျခြင်းနှင့် ဆင်တူလေသည်။ ၎င်းတို့အား မခုခံနိုင်လျှင် သဲကန္တာရကို ဖြတ်သန်းရန် အလွန်တရာခက်လိမ့်မည်။

ချင်မူ၏ခန္ဓာကိုယ်သည် အသွင်မရှိ, ဒြပ်ထုမဲ့သည့် အခြေအနေသို့ ပြောင်းလဲသွား၏။ သူ့ခန္ဓာကိုယ်ကို အနက်ရောင်သဲမှုန်များ ဖောက်ထွက်သွားကြသော်လည်း သူ့ကို တစ်စက်ကလေးမှ မနာကျင်စေပေ။

ထူးဆန်းသည်က အနက်ရောင်သဲကန္တာရသည် အန္တရာယ်များသော်လည်း ကောင်းကင်နတ်ဧကရီ လျှောက်လှမ်းနေသည့် လမ်းကတော့ တည်ငြိမ်အေးချမ်းနေသည်။ အနက်ရောင်လေပြင်းများနှင့် သဲမှုန်များက ဘေးတစ်ဖက်တချက်စီတွင် တဝုန်းဝုန်း တိုက်ခတ်တိုးဝှေ့နေကြသော်လည်း သူမအရှေ့ရှိ လမ်းကတော့ ဖြောင့်ဖြူးချောမွေ့နေ၏။

‘တကယ်ကြီး ရှေးဟောင်းနတ်ဘုရားထိုက်ကျိက သူ့ကို လမ်းပြနေတာပဲ' ချင်မူက စိတ်ထဲမှ ရေရွတ်လိုက်သည်။

သူက ပတ်ဝန်းကျင်ကို အသေအချာ အကဲခတ်လိုက်သော်လည်း ရှေးဟောင်းနတ်ဘုရားထိုက်ကျိသည် သူ့ကို သတိမထားမိပုံပင်။ အနက်ရောင်သဲမှုန်များ သူ့ခန္ဓာကိုယ်ကို ဖြတ်သွားသည့်နှုန်းက အခြားနေရာများနှင့် တန်းတူဖြစ်နေပြီး သူ့ကို ပစ်မှတ်ထားမနေချေ။

ရှေးဟောင်းနတ်ဘုရားနှစ်ပါးသာ ချင်မူ့ကို ရှာတွေ့သွားပါက သူ့ကို ပစ်မှတ်ထား၍ ထိုက်ကျိကြယ်တာနယ်မြေတွင် အပြောင်းအလဲများစွာ ဖြစ်ပွားစေလိမ့်မည်။ သူ့ကို မသတ်နိုင်သည့်တိုင် ကျောက်တုံးတွင်း၏တည်နေရာကို မသိအောင်တော့ လုပ်နိုင်ကြ၏။

နောက်ဆုံးတွင် ကောင်းကင်နတ်ဧကရီက ထိုက်ကျိကြယ်တာရာနယ်မြေ၏ အလယ်ဗဟိုသို့ ရောက်လာသည်။ နဂါးသွေးကြောတစ်ကြောနှင့်တူသည့် တောင်တန်းတစ်တန်းသည် နယ်မြေတစ်ခုလုံးကို ဖြတ်၍ နေရာယူထားပြီး နှစ်ခြမ်းကွဲနေသည်။

ချင်မူ့အတွက် ဤသည်က ကြယ်တာရာနယ်မြေ ဖြစ်သော်လည်း သူမအတွက်တော့ သဲကန္တာရတစ်ခုသာ ဖြစ်၏။

သူမသည် သဲကန္တာရတစ်ခုကိုသာ မြင်နေရ၏။

ကောင်းကင်နတ်ဧကရီ တောင်တန်းပေါ်သို့ တက်လိုက်သည့်အခါ သူမအရှေ့ရှိ တောင်တန်းများသည် အလိုအလျောက် ရွေ့လျားနေကြောင်း တွေ့လိုက်ရလေသည်။ တောင်တန်းအချို့က အသက်မရှိသော ကျောက်တုံးကြီးများအဖြစ်မှ အသွေးအသားရှိသည့် သားရဲများသဏ္ဍာန် ပြောင်းလဲကာ ထရပ်၍ သူမကို လမ်းဖယ်ပေးနေကြ၏။ အချို့တောင်ကြားများကတော့ အလိုအလျောက် ရွေ့၍ ချောမွေ့သော လမ်းတစ်လမ်းအဖြစ် ပြောင်းလဲသွားကြသည်။

“ရှေးဟောင်းနတ်ဘုရားနှစ်ပါးက မျက်နှာလိုက်ချက်ပဲ… ငါ လာခဲ့တုန်းကတော့ ရသမျှ နည်းလမ်းအကုန်နဲ့ တားဆီးနေကြတာ… ကောင်းကင်နတ်ဧကရီလည်း လာရော မျက်နှာလုပ်နေကြတာ မရှက်ကြဘူးလား မသိ…”

ချင်မူက ခေါင်းတရမ်းရမ်းဖြင့် ကောင်းကင်နတ်ဧကရီနောက်မှ ကျောက်တုံးတွင်းဆီသို့ လိုက်သွားသည်။

ကောင်းကင်နတ်ဧကရီသည် ကျောက်တုံးတွင်းထဲသို့ ဝင်ရောက်သွား၏။ သူမမှာ ပတ်ဝန်းကျင်သို့ အကဲခတ်လိုက်ရာ ကျောက်တုံးတွင်းထဲ၌ ဖော်ပြမရနိုင်သော ပြောင်းလဲမှုများကို မြင်လိုက်ရသဖြင့် တအံ့တဩ စုတ်တစ်ချက် သပ်လိုက်မိသည်။

သူမသည်လည်း ရှေးဟောင်းနတ်ဘုရားတစ်ပါး ဖြစ်သည့်တိုင် ရှေးဟောင်းနတ်ဘုရားထိုက်ကျိကဲ့သို့ စွမ်းဆောင်ရည်များ မရှိပေ။ အဆုံးသတ်မြို့ပျက်၏ နတ်ဘုရားမတစ်ပါး၊ ကမ္ဘာလောက၏ မိခင်ဖြစ်သည့် ကောင်းကင်နတ်ဧကရီ သူမမှာ ရှေးဟောင်းနတ်ဘုရားထိုက်ကျိ၏ စွမ်းဆောင်ရည်များကို အားကျနေမိလေသည်။

နောက်ဆုံးတွင် ထိုက်ကျိကျောက်တုံးတွင်းအလယ်သို့ ရောက်လာပြီး သဘာဝထိုက်ကျိယဇ်ပလ္လင်ကို တွေ့လိုက်ရသည်။ ထိုက်ကျိကျောက်တုံးရိုင်းခုနစ်တုံးက ရှေးဟောင်းနတ်ဘုရားဥကို စောင့်ရှောက်နေပြီး ကျောက်တုံးတွင်းနှင့် သဟဇာတဖြစ်သည့် ခပ်ငြိမ်ငြိမ် အရှိန်အဝါတစ်ခုကို ထုတ်လွှတ်ကာ အေးချမ်းနေစေသည်။

ကောင်းကင်နတ်ဧကရီက ယဇ်ပလ္လင်ပေါ်ရှိ ရှေးဟောင်းနတ်ဘုရားဥဆီ လျှောက်သွားလိုက်ပြီး ဖြည်းဖြည်းချင်း ထိုင်ချလိုက်၏။ သူမက မေးလေသည်။ “တာအိုနောင်တော်၊ ဒီနေရာက တိတ်ဆိတ်ပြီး ရှင့်ကို ဘယ်သူမှ အနှောင့်အယှက်မပေးနိုင်ဘူးပဲ… ဘာလို့ ကျွန်မကို ခေါ်လိုက်ရလဲဆိုတာ သိခွင့်ရှိမလား”

ဥထဲရှိ တာအိုအသံက တုန်ရီသွားပြီး စကားသံတစ်သံအဖြစ် ပြောင်းလဲသွားသည်။ ၎င်းက ယောက်ျားသံနှင့် မိန်းမသံ တစ်လှည့်စီ ပြောင်းနေကြ၏။ မိန်းမအသံက ပြုံးနေသံဖြင့် ပြောသည်။ “ညီမတော်ကို ကိစ္စကြီးတစ်ခုအတွက် တိုင်ပင်ဖို့ ခေါ်လိုက်ရတာပါ”

ကောင်းကင်နတ်ဧကရီက ခပ်ယဲ့ယဲ့ ပြုံးလိုက်ကာ ချက်ချင်း မတုံ့ပြန်ပေ။ သူမက ဟိုဟိုသည်သည်ကြည့်၍ ပြော၏။ “ဒီနေရာက တိတ်ဆိတ်ပေမယ့် တစ်ယောက်ယောက်တော့ ရောက်လာခဲ့ဖူးတဲ့ပုံပဲ… ကျောက်တုံးရိုင်းတစ်တုံး ပျောက်နေတယ်နော်”

ဥထဲမှ ယောက်ျားသံထွက်ပေါ်လာပြီး ဖော်ရွေစွာ ပြောသည်။ “အဲဒီအကြောင်းဆိုမှ လွန်ခဲ့တဲ့နှစ်အနည်းငယ်တုန်းက မဖိတ်ခေါ်တဲ့ ဧည့်သည်တစ်ယောက်က ငါ့နေရာထဲ ကျူးကျော်လာပြီးတော့ မူလကျောက်တုံးတစ်တုံးနဲ့ နတ်ကျောက်တုံးတစ်ရာကို တောင်းသွားခဲ့တယ်လေ”

ကောင်းကင်နတ်ဧကရီမှာ စိတ်လှုပ်ရှားသွားပြီး သိချင်စိတ်ပြင်းပြစွာ မေးလိုက်သည်။ “ဘယ်သူကများ တာအိုနောင်တော်ဆီကနေ တောင်းသွားရဲတာလဲ”

“အဲဒီလူက ချင်မူ၊ ကောင်းကင်နတ်အရှင်မူပေါ့ ... နှမတော်ရဲ့အနောက်က လိုက်လာခဲ့တဲ့သူပေါ့”

ဥထဲမှာ မိန်းမအသံက ထွက်ပေါ်လာပြန်ပြီး နူးညံ့ညင်သာစွာ ဆက်ပြောသည်။ “ကောင်းကင်နတ်အရှင်မူ၊ ပုန်းနေစရာ မလိုပါဘူး… နင့်ကို တွေ့တာ ကြာလှနေပြီ… နင့်ရဲ့ကောင်းကင်နတ်သိုင်းတွေ၊ သိုင်းကွက်တွေကြောင့် တားဆီးမရနိုင်မှန်း သိလို့ သည်းခံနေခဲ့တာ…ကျေးဇူးပြုပြီး ထွက်လာခဲ့ပါ”

ကောင်းကင်နတ်ဧကရီမှာ ပါးစပ်အဟောင်းသား ဖြစ်သွားမိသည်။ သူမက ကပျာကယာ ထရပ်လိုက်၏။ သူမ လှည့်ကြည့်လိုက်သည့်အချိန်တွင် သူမနှင့် မလှမ်းမကမ်းမှ လျှောက်လာနေသော ချင်မူ့ကို တွေ့လိုက်ရသည်။

‘သူ့အစွမ်းအစတွေက အဲ့လောက်မကောင်းပေမယ့် သူ့နည်းလမ်းတွေက တကယ်ထူးဆန်းတာပဲ… ငါတောင် အရူးလုပ်ခံလိုက်ရတယ်’

ကောင်းကင်နတ်ဧကရီသည် အထိတ်တလန့် ဖြစ်သွားခဲ့သော်လည်း ချင်မူ့ကို ပြုံးလျက် နှုတ်ဆက်၏။

ချင်မူကလည်း ပြန်လည်နှုတ်ဆက်လိုက်ပြီး ယဇ်ပလ္လင်ပေါ်ရှိ ရှေးဟောင်းနတ်ဘုရားဥကို ဦးညွှတ်အရိုအသေပေးပြီးနောက် ကောင်းကင်နတ်ဧကရီနှင့်အတူ ထိုင်လိုက်သည်။

သူက ယခင်တစ်ခေါက်တုန်းက သူ၏ဓားအား ယဇ်ပလ္လင်ထဲသို့ ထိုးစိုက်ခဲ့သည့်အတိုင်း ထပ်လုပ်ချင်သောကြောင့် ဓားကို စမ်းလိုက်သော်လည်း မည်သည်ကိုမှ မစမ်းမိပေ။ ထိုအခါမှသာ သူ၏ဓားကျိုးသည် ခိုင်ဧကရာဇ်၏ ရွှင်ပျော်ပျော်ဓားကြောင့် ကျိုးခဲ့မှန်း သတိရကာ အနည်းငယ် နောင်တရမိသွားသည်။

‘ကောင်းကင်မဟာမိတ်အစည်းအဝေးမှာ ခိုင်ဧကရာဇ်က သိပ်ကိုရက်စက်တာပဲ… သူ့ဓားလမ်းစဉ်က နံပါတ်တစ်ဆိုတာ ပြချင်လို့ ငါ့ဓားကို အစိတ်စိတ်အမွှာမွှာ ကွဲအောင် လုပ်ခဲ့တယ်… မဟုတ်ရင် ငါ့ဓားကို ယဇ်ပလ္လင်မှာ စိုက်ပြီး ရှေးဟောင်းနတ်ဘုရားထိုက်ကျိ ငါ့ကို ကြောက်အောင် လုပ်နိုင်မှာ… သူတို့ ငါ့ကို လှည့်စားရဲမှာမဟုတ်ဘူး”

သူက ဆတ်ခနဲ အသိစိတ် ပြန်ဝင်လာပြီး ပြုံးလျက် ပြောလိုက်၏။ “ဥထဲက တာအိုနောင်တော်တို့က အေးဆေးနေတာပဲနော်… ကောင်းကင်နတ်ဧကရီကို စကားစမြည်ပြောဖို့ ဖိတ်ခေါ်ပေမယ့် ကျွန်တော့်ကျတော့ မခေါ်ဘူးဗျာ… ကျွန်တော်တို့ရဲ့ မိတ်ဆွေသံယောဇဉ်က ဘယ်ရောက်သွားတာတုန်း… ဘိုးဘေးနန်းတော်ရဲ့ ပထမဦးဆုံးရတနာ‌မြေ၊ မဟူရာသစ်ပင်ကြီးနဲ့ သစ်နက်တောင်တန်း၊ ဘယ်ငှက်မှ မကျူးကျော်ရဲတဲ့ ရတနာမြေကို ကျွန်တော် သိမ်းပိုက်နိုင်လိုက်ပြီ.. နောင်တော်တို့ကိုတောင် ကျေးဇူးမတင်ရသေးဘူးပဲ”

ဥထဲက ယောက်ျားသံက ကျယ်လောင်စွာ ရယ်မောလိုက်ပြီး ခပ်ပြတ်ပြတ် ပြောသည်။ “ကောင်းကင်နတ်အရှင်မူ၊ ငါ့ကို အခွင့်ကောင်းယူခဲ့ပြီးတော့မှ လူလိမ္မာလို ဟန်ဆောင်မနေနဲ့…. မင်း မဟူရာသစ်ပင်ဆီကနေ အကျိုးအမြတ်တွေ မရေတွက်နိုင်အောင် ရခဲ့တယ်မလား… ငါ ပြန်ပြောပြရဦးမှာလား”

အမျိုးသမီးရှေးဟောင်းနတ်ဘုရားအသံက ကြည်လင်ပြတ်သားစွာ ထွက်ပေါ်လာသည်။ “တခြားသူတွေအတွက် အဲဒီနေရာက ဘိုးဘေးနန်းတော်မှာ အန္တရာယ်အများဆုံးနေရာပေမယ့် နင့်အတွက်ကတော့ အမြင့်မြတ်ဆုံးနေရာမလား… ငါတို့ပြောတာ မှန်တယ်မလား”

ချင်မူက နှာတစ်ချက်မှုတ်လိုက်ပြီး ယဇ်ပလ္လင်အား ဓားဖြင့် ထိုးစိုက်ချင်နေသည်။ ‘ဒီရှေးဟောင်းနတ်ဘုရားနှစ်ပါးရဲ့ နှလုံးသားတွေက မရိုးရှင်းဘူး… ဓားကို ဥပေါ်တင်လိုက်မှ အမှန်အတိုင်း ပြောမှာ… ကံဆိုးလိုက်တာကွာ.. ငါ အကောင်းဆုံးနတ်ရွှေကို ရှာပြီး အကောင်းဆုံးနတ်ဓားတစ်လက် သွန်းလုပ်ရမယ်… အဲ့ဒါဆိုမှ ဘိုးဘိုးရွှေအက ငါ့ကိုလှည့်စားခဲ့တာပဲ… ငါ့ရဲ့ဓားကျိုးက အကောင်းဆုံး ကောင်းကင်လက်နက်ဆိုပြီး လိမ်ပြောခဲ့တာ’

သူသည် ငေးငိုင်စွာဖြင့် မေးစေ့မှ မုတ်ဆိတ်မွှေးကို ပွတ်နေသည်။

ဤအခြေအနေသို့ ရောက်နေသည့်တိုင် တခြားအရာများအကြောင်း စဉ်းစားနိုင်နေသေးသည့် ချင်မူ့ကို ကြည့်ရင်း ကောင်းကင်နတ်ဧကရီမှာ မလေးစားဘဲ‌ ‌မနေနိုင်တော့ပေ။ ‘ကောင်းကင်နတ်အရှင်မူက အမြဲတမ်း နှလုံးသားမရှိတဲ့ ပုံပေါက်တယ်… ထူးဆန်းစွာနဲ့ ထိုက်ကျိကျောက်တုံးတွင်းထဲက တာအိုနောင်တော်ကလည်း နှလုံးသားမရှိဘဲ မွေးဖွားလာတဲ့ပုံပဲ… သူ့ရဲ့ကောင်းကင်နတ်သိုင်းတွေက ဘယ်လောက်အထိ အစွမ်းထက်လဲ… ဘာလို့ သူက တစ်စက်လေးမှ ကြောက်မနေရတာလဲ’

ချင်မူမှာ ပထမတစ်ခါ လာခဲ့တုန်းက အခက်အခဲ အတားအဆီးများစွာ ကျော်ဖြတ်ခဲ့ရသည်ကို သူမ မသိပေ။ သူသာ ကောင်းကင်နတ်သိုင်းများကိုသာ မလေ့လာခဲ့လျှင် ဥထဲရှိ ထိုက်ကျိရှေးဟောင်းနတ်ဘုရား၏ လက်ချက်ကြောင့် သေနေချေပြီ။ သူ၏အလောင်းသည်လည်း မရေမတွက်နိုင်သောအလောင်းများကြား လဲလျောင်းနေလိမ့်မည်။

ရှေးဟောင်းနတ်ဘုရားထိုက်ကျိမှာ ချင်မူ့ကို မည်သည့်အရာမှ မလုပ်နိုင်သည့်အပြင် ယဇ်ပလ္လင်ကို ဓားဖြင့် ထိုးခဲ့သည့်အတွက် ကြောက်ရွံ့ရ၏။

မှန်ပါသည်။ ဥထဲမှ ရှေးဟောင်းနတ်ဘုရားကား ကောင်းကင်နတ်ဧကရီအား ထိုအကြောင်း ပြောပြရင်း ကိုယ့်ပေါင်ကိုယ် လှန်ထောင်းမည်မဟုတ်။

“တာအိုနောင်တော်၊ ကျွန်မကို ဘာလို့ခေါ်လိုက်ရတာလဲ” ကောင်းကင်နတ်ဧကရီက မေး၏။

ဥထဲမှ ယောက်ျားသံတစ်သံ ထွက်ပေါ်လာသည်။ “လွန်ခဲ့တဲ့ နှစ်အနည်းငယ်တုန်းက ထိုက်စု ငါ့ကို လာရှာခဲ့တယ်… တောင်တန်းထဲက ထွက်ပြီး သူနဲ့အတူ ပူးပေါင်းစေချင်တာတဲ့… ငါ ငြင်းဆိုခဲ့တယ်… ဒါပေမဲ့ လက်မလျှော့ဘူး… သူက စောစောစီးစီး မွေးဖွားသွားခဲ့တော့ ငါတို့ သူ့ကို ဘာမှမလုပ်နိုင်ဘူး… ရွေးချယ်စရာ မရှိလို့ ကောင်းကင်နတ်အရှင်ဟောင်ကို သွားရှာဖို့ ပြောခဲ့ရတယ်”

ကောင်းကင်နတ်ဧကရီမှာ အံ့အားသင့်သွားသည်။ “ဥက‌ မွေးဖွားတဲ့ နောက်ထပ်ရှေးဟောင်းနတ်ဘုရားတစ်ပါးက ကောင်းကင်နတ်အရှင်ဟောင်ကို သွားရှာခဲ့တာလား… ရှေးဟောင်းနတ်ဘုရားတစ်ပါးရဲ့ အကူအညီရထားတဲ့ ကောင်းကင်နတ်အရှင်ဟောင်ကို ရင်ဆိုင်ဖို့ ပိုပြီးခက်တော့မှာပဲ”

ဥထဲမှ မိန်းမအသံက ထပ်မံထွက်ပေါ်လာပြန်သည်။ “ဒီတစ်ကြိမ်မှာ ဘိုးဘေးနန်းတော်က လုံးဝပွင့်သွားပြီဆိုတော့ ငါတို့ရဲ့ တည်ငြိမ်အေးဆေးတဲ့ နေရာက ထပ်ပြီး တည်ငြိမ်နိုင်တော့မှာ မဟုတ်ဘူး… ဒါကြောင့် တာအိုမိတ်ဆွေတစ်ယောက် လိုအပ်တယ်… ငါတို့က မမွေးဖွားသေးတဲ့အပြင် အဲဒီကောင် ခြိမ်းခြောက်ခံခဲ့ရလို့ ထိုက်ကျိကျောက်တုံးရိုင်းကို ပေးခဲ့ရတယ်… ဒါကြောင့် မွေးဖွားပြီးတဲ့ သက်ရှိတွေကို ငါတို့မယုံဘူး”

ချင်မူက နှာခေါင်းကို ပွတ်နေရင်း ယဇ်ပလ္လင်အား ဓားဖြင့် ထိုးချင်စိတ်တို့ တဖွားဖွား ဖြစ်ပေါ်နေသည်။ ‘ငါ နောက်ထပ် ဓားတစ်လက် သွန်းလုပ်ရမယ်’

“ဒါကြောင့် ငါတို့ယုံကြည်နိုင်တဲ့ ရှေးဟောင်းနတ်ဘုရားတွေထဲက တာအိုမိတ်ဆွေတစ်ယောက် လိုအပ်တယ်”

ယဇ်ပလ္လင်ဆီမှ ယောက်ျားသံ ထွက်လာသည်။ “ ထိုက်ကျိ၊ ယင်ယန်လမ်းစဉ်က အတောမသတ်နိုင်အောင် ပြောင်းလဲနိုင်တယ်… တစ်လောကလုံးက ရှေးဟောင်းနတ်ဘုရားတွေထဲမှာ ငါတို့ရဲ့လမ်းစဉ်နဲ့ ကိုက်ညီပြီး တစ်ယောက်နဲ့တစ်ယောက် အကျိုးအမြတ်ရစေနိုင်မယ့် သူက ကောင်းကင်နတ်ဧကရီပဲ”

“ကောင်းကင်နတ်ဧကရီရဲ့ တာအိုက မွေးဖွားပေးတဲ့ တာအိုလမ်းစဉ်… သူဟာ သက်ရှိသတ္တဝါတွေအားလုံး အဆုံးသတ်ရသလို ပြန်လည်မွေးဖွားရတဲ့ နေရာဖြစ်တဲ့ အဆုံးသတ်မြို့ပျက်ကို ထိန်းချုပ်ထားနိုင်သူမဟုတ်လား”

ဥထဲမှ မိန်းမအသံ ထွက်ပေါ်လာသည်။ “အမြွှာပန်းပွင့်… တစ်ပွင့်က ဖျက်ဆီးခြင်းတာအို၊ တစ်လောကလုံး ဖရိုဖရဲဖြစ်နေတာကို ထိုင်ကြည့်ရတာ ကြိုက်တဲ့ နတ်ဘုရားမတစ်ပါးကို ကိုယ်စားပြုတယ်… နောက်တစ်ခုကတော့ အသက်တာအို၊ သက်ရှိတွေအားလုံးကို မွေးမြူစောင့်ရှောက်ပေးတဲ့ ရှေးဟောင်းနတ်ဘုရားပဲ.. နင့်ကို သူ့ရဲ့ကောင်းကင်နတ်ဧကရီအနေနဲ့ ထိုက်ချူရွေးချယ်ခဲ့ရတဲ့ အကြောင်းအရင်းပေါ့”

“အရှင်မယွမ်မုရဲ့ အဆုံးသတ်မြို့ပျက်က အရာအားလုံးကို ဝါးမြိုပစ်တဲ့ အမှောင်ထု… နင့်ရဲ့ အဆုံးသတ်မြို့ပျက်ကတော့ အရာအားလုံးကို စောင့်ရှောက်ပေးတဲ့ အမျိုးသမီးတစ်ယောက်ပဲ… တစ်ခုက ဖျက်‌ဆီးပြီးတော့ တစ်ခုက ပြန်မွေးဖွားပေးတယ်”

“နင့်ရဲ့အကူအညီနဲ့ဆို ငါတို့ရဲ့ ယင်ယန်တာအိုက ပြီးပြည့်စုံနိုင်လိမ့်မယ်…. ငါတို့ရဲ့အကူအညီနဲ့ဆို နင် သေခြင်းရှင်ခြင်းအကြားမှာ ကျင့်ကြံနိုင်ပြီး ယွမ်မုနဲ့ ပေါင်းစည်းသွားနိုင်မယ်... သူမတူတဲ့ ဖြစ်တည်မှုတစ်ခု ဖြစ်လာလိမ့်မယ်”

“ညီမတော်၊ ဘိုးဘေးနန်းတော် ပြန်ပေါ်လာတာက ဒီလောကမှာ ပဋိပက္ခတွေ ပြန်ပေါ်လာမယ့် အဓိပ္ပာယ်ပဲ... နောင်ဖြစ်လာမယ့် တိုက်ပွဲတွေက ကမ္ဘာဦးခေတ်က ပျက်သုဉ်းခြင်းစစ်ပွဲထက် အ‌ဆရာပေါင်းများစွာ ပိုမိုပြင်းထန်ပြီးတော့ ခမ်းနားလိမ့်မယ်”

“ဖန်ဆင်းရှင်တွေ မျိုးသုဉ်းသွားတဲ့ တိုက်ပွဲထက် အဆတစ်ရာ ဖျက်ဆီးနိုင်တဲ့ တိုက်ပွဲကို ရင်ဆိုင်ရရင် အားလုံးသေသွားနိုင်တယ်…. ရှေးဟောင်းနတ်ဘုရားတွေ၊ ကောင်းကင်နတ်အရှင်တွေနဲ့ ငါတို့တွေရော ပါတယ်… တာအိုရရှိပြီးတဲ့ ပုဂ္ဂိုလ်တွေတောင်မှ သေသွားနိုင်ချေ ရှိတယ်”

“ငါတို့နဲ့ ပူးပေါင်းပြီး ကြိုတင်ပြင်ဆင်ထားပါ… ဘယ်လိုထင်သလဲ”

ကောင်းကင်နတ်ဧကရီ၏ ခန္ဓာကိုယ်မှာ တုန်ရီနေသည်။ သွေးသံချေးဇုန်တိုက်ပွဲထက် အဆတစ်ရာ ပိုမိုပြင်းထန်မည်တဲ့လော။ ၎င်းက မည်သို့ဖြစ်နိုင်မည်နည်း။

All Chapters