← Chapters

သေမျိုးလောက၏ လမ်းစဉ်

Vol. 107 Ch. 1407

သေမျိုးလောက၏ လမ်းစဉ်

Vol. 107 Ch. 1407

ကောင်းကင်နတ်ဧကရီက ချင်မူ့ကို ကြည့်လိုက်သော်လည်း သူ့မျက်နှာအမူအရာမှာ မှင်သေသေ ဖြစ်နေဆဲပင်။ သူသည် ဤကိစ္စကို အစောကြီးတည်းက သိထားသည့်အလား အံ့ဩတုန်လှုပ်ပုံမပေါ်ချေ။

ကောင်းကင်နတ်ဧကရီက စိတ်ထိန်း၍ တခဏ တွေးလိုက်သည်။ “ကျွန်မရဲ့ အရင်ယောက်ျားက အရွယ်မတိုင်ခင် မွေးဖွားလာပြီး ယဇ်ပူဇော်ဖို့ မဟာဧကရာဇ် တူးဖော်တာကို ခံခဲ့ရတယ်…. ဆိုတော့ သူ့သိုင်းအခြေခံနဲ့ စွမ်းဆောင်ရည်တွေမှာ ပြစ်ချက်တွေအများကြီး ရှိခဲ့တယ်…. တာအိုအစ်ကိုတော်က ဒီနေရာမှာ နှစ်ကုဋေပေါင်းများစွာ တိတ်တဆိတ် နေထိုင်နေခဲ့တော့ ပြီးပြည့်စုံတဲ့အခြေအနေ ရောက်နေပြီး ကျွန်မယောက်ျားလိုမျိုး ဖြစ်လာမှာမဟုတ်ဘူး… ဘာလို့ အနာဂတ်အတွက် တွေးကြောက်နေရတာလဲ”

သူမစကား၏ အဓိပ္ပာယ်မှာ ရှေးဟောင်းနတ်ဘုရားထိုက်ကျိကို မေးခွန်းထုတ်ရန် ဖြစ်သည်။ သူတို့သည် ဤနေရာတွင် ပုန်းခိုနေခဲ့ကြပြီး ကျောက်တုံးတွင်း၏ စွမ်းအားကို အေးအေးဆေးဆေး စုပ်ယူနေခဲ့ကြသည် မဟုတ်လော။ အချိန်အတော်ကြာပြီးနောက် ပြီးပြည့်စုံစွာ မွေးဖွားလာသင့်ပြီဖြစ်သော်လည်း အဘယ်ကြောင့် ယခုအထိ မမွေးဖွားလာသေးပါသနည်း။

သို့သော် သူမက ကောင်းကင်နတ်ဧကရီဖြစ်သည့်အတွက် မေးခွန်းသည် အနည်းငယ် ပါးနပ်လေသည်။

“အချက်အလက်အရ ပြောမယ်ဆိုရင်တော့ ငါတို့ တကယ် မွေးဖွားလာလို့ရပြီ… ဒီလောက်အချိန်အများကြီးအတွင်း ကျောက်တုံးတွင်းရဲ့ စွမ်းအားအားလုံး စုပ်ယူခဲ့ပြီးပြီ”

ဥထဲမှ ယောက်ျားသံက ရှင်းပြ၏။ “ဒါပေမဲ့ ဘိုးဘေးနန်းတော်က ငါတို့ရဲ့မွေးဖွားမှုကို ကန့်သတ်ထားတယ်”

ကောင်းကင်နတ်ဧကရီမှာ ဇဝေဇဝါဖြစ်သွားပြီး ချင်မူမှာလညး သိချင်လာမိ၏။ သူ့ခန္ဓာကိုယ်က ရှေ့သို့ အနည်းငယ် ကိုင်းလာသည်။

ဥထဲမှ မိန်းမအသံက ဆက်ပြောသည်။ “ငါတို့ ထိုက်ကျိကျောက်တုံးတွင်းစွမ်းအားကို စုပ်ယူနေတာကြာခဲ့ပြီ…. စကြ၀ဠာဖြစ်တည်တဲ့အချိန်တည်းက မရပ်တန့်ခဲ့ဘူး… ဖန်ဆင်းရှင်မျိုးနွယ် ပေါ်ထွက်လာတော့ သူတို့က ကျောက်တူးဖော်ဖို့ လာခဲ့ကြတယ်… ကျောက်တုံးတွင်းငါးတွင်းလုံး တူးဖော်ခဲ့ရတယ်… ဖန်ဆင်းရှင်တွေမတိုင်ခင်တုန်းက မွေးဖွားခဲ့တဲ့ တာအိုနောင်တော်တစ်ယောက် ရှိတယ်… သူက ကျောက်တုံးတွင်းအလွတ်ကို ထားခဲ့ပြီး လွတ်မြောက်သွားခဲ့တာပေါ့… သူ မွေးဖွားတုန်းက သေမျိုးလောကရဲ့ ဘာအနှောင့်အယှက်မှ မရှိခဲ့ဘူး… သူ့မဟာတာအိုက စင်ကြယ်ခဲ့တယ်… ဒါကြောင့်ပဲ မွေးဖွားတာနဲ့ အဆင့်တက်ပြီး တာအိုဖြစ်လာခဲ့တယ်”

ဥထဲက ယောက်ျားသံက ပြောသည်။ “သူ့နောက်မှာတော့ တာအိုနောင်တော်ထိုက်ချူပဲ…. တာအိုနောင်တော်ထိုက်ချူအနေနဲ့ စောစောကသူ ပြီးရင် တာအိုရဖို့ မျှော်လင့်ချက် ရှိခဲ့တယ်… ကံဆိုးစွာနဲ့ သူ အရွယ်ရောက်နေတဲ့ တစ်၀က်တစ်ပျက်မှာတင် ဥတူးဖော်ခဲ့ရပြီး ဖန်ဆင်းရှင်တွေက ရတနာအဖြစ် ပူဇော်ကိုးကွယ်ခဲ့ကြတယ်… သူက မမွေးဖွားခင်တည်းက ညစ်ထေးခံခဲ့ရတာ…. သူ့‌အနေနဲ့ တာအိုအရှင်သခင်တစ်ပါး ဖြစ်လာဖို့ သိပ်ကို ခက်ခဲခဲ့တယ်… သူက ဖန်ဆင်းရှင်တွေ ပူဇော်ကိုးကွယ်ထားတဲ့ စွမ်းအားကို သူ့ခန္ဓာကိုယ်ကနေ ဖယ်ရှားပြီး ထိုက်ချူကျောက်တုံးတွင်းရဲ့ စွမ်းအားတွေကို ပြန်သိမ်းယူခဲ့ရတယ်”

“တတိယမြောက် တာအိုနောင်တော်ကတော့ ထိုက်ရှီပဲ… သူ တူးဖော်ခံရတုန်းက သူလည်း တစ်လောကလုံးက ပူဇော်ကိုးကွယ်ကြတဲ့ ရတနာတစ်ပါးအဖြစ် ဆက်ဆံခံခဲ့ရတာ... ဒါပေမဲ့ နောက်ဆုံးမှာ မဟာဧကရာဇ်ရဲ့ ယွီမျိူးနွယ်စုလက်ထဲ ရောက်ခဲ့တယ်.. မဟာဧကရာဇ် ရှုံးနိမ့်သွားပြီးနောက် ထိုက်ချူလက်ထဲ ရောက်ခဲ့တယ်… ထိုက်ချူက ဥမဟုတ်တော့ဘူး.. သူက စွမ်းအားကို လိုချင်တပ်မက်တဲ့အတွက်ကြောင့် ထိုက်ရှီ ပြည့်ပြည့်စုံစုံ မွေးဖွားလာတာက သူ့နေရာကို ခြိမ်းခြောက်မှာ စိုးရိမ်ခဲ့တယ်… အဲဒါကြောင့်မို့လို့ အကျဉ်းချခဲ့တာပဲ”

“ထိုက်စုကလည်း ခက်ခဲတဲ့ ဘဝကို ရင်ဆိုင်ရတဲ့သူတစ်ယောက်ပဲ… သူက ကျောက်တုံးတွင်းထဲကနေ ဖန်ဆင်းရှင် ရှင်းမျိုးနွယ်စုရဲ့ တူးထုတ်တာကို ခံခဲ့ရပြီးတော့ ယွီမျိုးနွယ်စုရဲ့ လက်ထဲလည်း ရောက်ခဲ့တယ် … အဲဒီနောက်တော့ မြောက်နတ်မင်းမဟူရာလိပ်လက်ထဲ ရောက်သွားပြီး ရတနာတစ်ပါးအဖြစ် ဆက်ဆံခံခဲ့ရတယ်… သူ့ကို ဖန်သားကောင်းကင်စေတီအဖြစ် သန့်စင်ခဲ့ကြတာ… သူက ခါးသီးမုန်းတီးစွာနဲ့ မွေးဖွားလာနိုင်မယ့် လမ်းစဉ်ကို ရှာဖွေနေခဲ့ပေမယ့်…. လူအယုတ်တမာတစ်ယောက်ကြောင့် အရင်စကြ၀ဠာ‌ဆီ ခေါ်သွားခံခဲ့ရတယ်…. စောစောစီးစီး မွေးဖွားလာရုံကလွဲပြီး ရွေးချယ်စရာ မရှိခဲ့ဘူး”

“သူသာ တာအိုဖြစ်လာချင်ရင် ကံကြွေးတွေက များပြားလွန်းနေပြီ…. ရှင်းမျိုးနွယ်စု၊ ကျူယွီမျိုးနွယ်စုကို ကလဲ့စားချေရမယ့်အပြင် ရတနာအဖြစ် သန့်စင်ခံခဲ့ရတာအတွက်ရော၊ အချိန်မတိုင်ဘဲ မွေးဖွားလာခဲ့ရတာအတွက်ပါ ကလဲ့စားချေရလိမ့်မယ်…. အရင်စကြ၀ဠာမှာ မဆပ်ရသေးတဲ့ ကံကြွေးတွေလည်း ရှိသေးတယ်”

ချင်မူမှာ ၎င်းကိုကြားလျှင် ကြက်သီးတဖြန်းဖြန်း ထသွားတော့သည်။

ထိုက်ကျိ ပြောနေသည့် လူယုတ်မာမှာ သူပင်ဖြစ်၏။

သူ မဟူရာသစ်ပင်ကြီးမှ ညအချိန် ထွက်လာခဲ့မိတုန်းက ထိုက်စုဥကို ယခင်စကြ၀ဠာ ဖျက်ဆီးခံခဲ့ရသည့် အခိုက်အတန့်သို့ ခေါ်သွားမိသည်။ မဟူရာသစ်ပင်ဆီသို့ ပြန်ရောက်ရန် ထိုက်စုဥကို လေထဲမြှောက်ထားရုံမှ တစ်ပါး ရွေးချယ်စရာမရှိခဲ့သဖြင့် ထိုက်စုမှာ ထိုအခိုက်အတန့်၌ မွေးဖွားလာခဲ့ရလေသည်။

ထိုက်စု မွေးဖွားလာမှုက သူနှင့်များစွာ ပတ်သက်နေသည်။

“ငါတို့လည်း လောကရဲ့ ကိစ္စတွေကြောင့် ညစ်ထေးခံနေရပြီ”

ဥထဲမှ မိန်းမအသံက သက်ပြင်းချလိုက်၏။ “ငါတို့ တာအိုမိတ်ဆွေရဲ့ အဖြစ်အပျက်တွေကို စောင့်ကြည့်နေရင်း သတိကပ်လာမိတယ်… သတိထားနေရင်း ငါတို့ရဲ့ တာအိုနှလုံးသားတွေဟာ မဖြူစင်တော့ဘူး…. အဲဒီကစပြီး ငါတို့အနေနဲ့ တာအိုဝင်ရောက်ဖို့ ခြေတစ်လှမ်းပဲ လိုလာခဲ့တယ်”

“ဒါပေမဲ့ အဲဒီတုန်းက ဒီအချိန်ကို မမျှော်လင့်ခဲ့မိဘူး…. ငါတို့ ကျောက်တုံးတွင်းအတု ဖန်တီးပြီးတော့ ဖန်ဆင်းရှင်တွေကို လှည့်စားရင်း ကျောက်တုံးတွင်းအစစ်ကို ဖွက်ထားခဲ့ကြတယ်…. ဒီလိုနည်းနဲ့ တာအို၀င်ရောက်ဖို့ ခြေတစ်လှမ်းပဲ လိုခဲ့တယ်…”

ဥထဲမှ ယောက်ျားသံက သက်ပြင်းချလိုက်သည်။ “ငါတို့ ထိုက်ကျိကြယ်တာရာနယ်မြေကို တည်ဆောက်ပြီး ငါတို့ကိုယ်ငါတို့ ကာကွယ်ဖို့ ကျောက်တုံးတွင်းထဲကို ဝင်ရောက်လာတဲ့ ဖန်ဆင်းရှင်တွေနဲ့ တခြားသတ္တဝါတွေကို သတ်ဖြတ်ပစ်ခဲ့တယ်… သတ်ဖြတ်လိုတဲ့ စိတ်ဆန္ဒကြောင့်ပဲ ငါတို့ဟာ တာအိုနဲ့ ပိုဝေးကွာခဲ့ရတယ်… အဲဒီအချိန်တုန်းကတော့ သဘောမပေါက်ခဲ့ဘူး…. ငါတို့အောင်မြင်ခဲ့ပြီလို့ ထင်ခဲ့တာ”

ဥထဲမှ မိန်းမအသံက ဆက်ပြောသည်။ “ငါတို့ကိုယ်ငါတို့ ဖုံးကွယ်ထားခဲ့ကြတယ်… အမြဲ ရင်တမမနဲ့ နေခဲ့ရတာ… မဟာဧကရာဇ် ဒါမှမဟုတ် ထိုက်ချူများ ရှာတွေ့သွားမလားဆိုပြီး စိုးရိမ်ခဲ့ကြရတယ်… မဟာဧကရာဇ် ရှေးဟောင်းနတ်ဘုရားတွေကို ဦးဆောင်ပြီး ဘိုးဘေးနန်းတော်ကို ချိပ်ပိတ်ခဲ့တော့မှ ငါတို့စိတ်အေးခဲ့ရတယ်... အဲဒီနောက်ပိုင်း ထိုက်ကျိကျောက်တုံးတွင်းစွမ်းအားကို စုပ်ယူပြီး တာအိုဖြစ်လာနိုင်ပြီလို့ ငါတို့ခံစားခဲ့ရတယ်”

ဥထဲမှ ယောက်ျားသံက သက်ပြင်းချလိုက်ပြန်သည်။ “အဲဒီအချိန်ရောက်မှ ငါတို့ဟာ အပြင်လောက‌ကြောင့် ညစ်ညမ်းလာမှန်း သိခဲ့ရတယ်… အပြင်လောကရဲ့ အနှောင့်အယှက်တွေ မရှိတော့ပေမယ့် တာအိုနဲ့ ဝေးသထက်ဝေးလာခဲ့ကြရတယ်… အဲဒါတင် မကသေးဘူး… နောက်ထပ်ကြောက်စရာကောင်းတဲ့အရာတစ်ခုကို ရှာတွေ့ခဲ့တယ်”

မိန်းမအသံနှင့် ယောက်ျားသံနှစ်သံလုံးမှာ တိတ်ဆိတ်ငြိမ်သက်သွားကြသည်။

ချင်မူမှာ အနည်းငယ်စိတ်လှုပ်ရှားလာမိသည်။ သူ့တွင် ထိတ်လန့်တုန်လှုပ်ဖွယ် ခန့်မှန်းချက်တစ်ခုရှိလေသည်။ သူက ပါးစပ်ဟ၍ မေးရန်ပြင်လိုက်သော်လည်း မြိုသိပ်လိုက်၏။

ကောင်းကင်နတ်ဧကရီမှာ သူ့ထက် စိတ်တည်ငြိမ်စွာဖြင့် ငြိမ်သက်စွာ စောင့်ဆိုင်းနေလေသည်။

တခဏကြာသော် ဥထဲမှ မိန်းမအသံနှင့် ယောက်ျားသံတို့က တစ်ပြိုင်နက် ထွက်ပေါ်လာပြီး ပြောလိုက်ကြသည်။ “ဘိုးဘေးနန်းတော်က ချိပ်ပိတ်ခံထားရပေမယ့် ဘိုးဘေးနန်းတော်မှာ ငါတို့တင် မဟုတ်ဘဲနဲ့ တခြားသူတွေရှိနေတာကိုပါ သိခဲ့ရတယ်”

ချင်မူ့ရင်မှာ တဒိန်းဒိန်း ခုန်သွားသည်။ သူက စိတ်ထဲမှ တွေးနေ၏။ ‘ထင်ထားတဲ့အတိုင်း ငါ့အတွေးနဲ့ တူတူပဲ’

‘ဘိုးဘေးနန်းတော်က ချိပ်ပိတ်ခံထားရပေမယ့် အစောဆုံး မွေးဖွားခဲ့တဲ့ တာအိုနောင်တော်ကို ချိပ်မပိတ်နိုင်ခဲ့ဘူး… သူက ထူးဆန်းပြီး မှန်းဆလို့မရဘူး… ဒါပေမဲ့ ဘိုးဘေးနန်းတော်ထဲက တခြားသူတွေက သူမဟုတ်ဘူး’

“အဲဒီတခြားသူတွေက မြေအောက်မှာရှိပေမယ့် မြေအောက်ကလာကြတာ မဟုတ်ဘူး… အရင်စကြ၀ဠာက ပုဂ္ဂိုလ်တွေပဲ… အရင်စကြဝဠာက လာကြတာ”

“သူတို့က ပြင်ဆင်မှုတွေတောင် လုပ်ထားပြီးပြီ… ဘိုးဘေးနန်းတော်ထဲမှာ ထောင်ချောက်တွေအများကြီး ချထားကြတယ်… ငါတို့ရဲ့ ထိုက်ကျိကျောက်တုံးတွင်းကိုတောင် အကောက်ကြံနေကြတာ”

“မင်းတို့ ဘိုးဘေးနန်းတော်ကို ချိပ်ပိတ်ပြီး ထွက်သွားခဲ့ကြတုန်းက အရင်စကြဝဠာရဲ့ အပျက်အစီးတစ်ခု ငါတို့ကျောက်တုံးတွင်းနေရာဆီ ရောက်လာခဲ့တာ ခံစားခဲ့ရတယ်… အဲဒါက ငါတို့ ကျောက်တုံးတွင်းရဲ့ စွမ်းအားနဲ့ မဟာတာအို စုပ်ယူနေတာကို ထိန်းချုပ်လိုက်တဲ့အတွက် နှစ်တွေကြာလာတာနဲ့အမျှ ငါတို့ရဲ့ ဖြစ်စဉ်ကို နှေးကွေးလာစေတယ်”

ဥထဲမှ ထိုက်ကျိရှေးဟောင်းနတ်ဘုရား၏ စကားသံထဲတွင် ကြောက်ရွံ့မှုများ ရောယှက်နေ၏။ “ငါတို့လည်း ထိတ်လန့်လာကြတယ်… ဆိုတော့ မဖိတ်ခေါ်တဲ့ဧည့်သည်တွေ ကျောက်တုံးတွင်းဆီ ရောက်လာရင် ထိုက်ကျိကျောက်တုံးရိုင်းတွေ ငှားပေးတယ်… ဘာလို့လဲဆိုတော့ ပြီးခဲ့တဲ့ နှစ်တစ်သန်းအတွင်း ကျောက်တုံးရိုင်းတွေဆီကနေ စွမ်းအားများများစားစား မစုပ်ယူနိုင်ခဲ့ဘူးလေ… ဒီတော့ သူ့ကို အချိန်တစ်ခု ငှားလိုက်တာက ငါတို့ကို ဘာမှထိခိုက်မှုမရှိခဲ့ဘူး”

ချင်မူက ချက်ချင်းပင် မျက်ခုံးနှစ်ဖက်ကြားရှိ ဒေါင်လိုက်မျက်လုံးကိုဖွင့်ကာ ကျောက်တုံးတွင်း၏ မြေအောက်သို့ ကြည့်လိုက်သည်။ သူ၏နတ်မျက်လုံးများသည် ပြိုင်ဘက်ကင်းသည့်အလျောက် နဂါးသွဲ့ရေကန်၏ မဟာခြုံလွှမ်း အဆင့်မြင့်အသိစိတ်အလျဉ် ကောင်းကင်ဘုံအပိုင်းအစများကိုပင် ထိုးဖောက်မြင်ရနိုင်၏။ ထိုက်ကျိကျောက်တုံးတွင်းတစ်ခုလုံး၏ မြေအောက်တစ်ခုလုံးကို ချက်ချင်း မြင်လိုက်ရသည်။

မဟာခြုံလွှမ်း အဆင့်မြင့်အသိစိတ်အလျဉ် ကောင်းကင်ဘုံ၏ ရှေးဟောင်းအပိုင်းအစတစ်ခုသည် ကြယ်တာရာမြေကို တိုက်စားနေပြီး ကျောက်တုံးတွင်းအား ဝါးမြိုနေကြောင်း တွေ့လိုက်ရသည်။ ထိုက်ကျိကျောက်တုံးတွင်း၏ အောက်တည့်တည့်တွင် ထူးဆန်းသော အပျက်အစီးတစ်ခု ရှိနေ၏။ အပျက်အစီးပေါ်တွင် အရည်အသွေးအကောင်းဆုံး နတ်ရွှေတို့ဖြင့် တည်ဆောက်ထားသော အဆောက်အဦးများ မတ်တည်နေသည်။ ၎င်းတို့ကို သံချေးများ ဖုံးအုပ်ထားသော်လည်း မျက်နှာပြင်ပေါ်၌ မဟာတာအိုလှိုင်းဂယက်များ စီးဆင်းနေသေးသည်ကို မြင်နေရ၏။

စကြ၀ဠာပျက်စီးခြင်းကပ်ဘေးကို ရှောင်ရှား၍ စကြ၀ဠာအသစ်သို့ ကူးပြောင်းနိုင်ရန် ရည်ရွယ်ချက်ဖြင့် အဆင့်မြင့်နတ်ရွှေကို အသုံးပြုကာ နတ်မြို့တော်တစ်ခု တည်ဆောက်ခဲ့သည့် အဆင့်မြင့်လူနေမှုအဖွဲ့အစည်းတစ်ခုမှ ကျန်ရစ်ခဲ့သော အပျက်အစီးများ ဖြစ်ပေလိမ့်မည်။

သို့သော် အားလုံး အသတ်ခံထားရသကဲ့သို့ မည်သည့်သက်ရှိကိုမှ မတွေ့ရပေ။ မဟာခြုံလွှမ်း အဆင့်မြင့်အသိစိတ်အလျဉ် ကောင်းကင်ဘုံအပိုင်းအစတစ်ခု ဖြစ်သဖြင့် ထိုမျှရိုးရှင်းလိမ့်မည်မဟုတ်။

သို့သော် ကောင်းကင်နတ်ဧကရီသည် ထိုမြင်ကွင်းကို မမြင်ရသဖြင့် ရှေးဟောင်းနတ်ဘုရားထိုက်ကျိ၏ အကြောက်တရားကို နားမလည်နိုင်ချေ။ “တာအိုနောင်တော်၊ ရှင်တို့အားလုံးက ချုပ်နှောင်ခံထားရပြီး သိုင်းအခြေခံ မမြှင့်တင်နိုင်တော့ ပြီးပြည့်စုံစွာ မွေးဖွားလာနိုင်မှာမဟုတ်ဘူး… ဆက်ပြီး မတိုးတက်နိုင်တော့ဘူးဆိုတော့ ကျွန်မကို ဘယ်လိုကူညီမှာလဲ”

သူမက မှင်သေသေ ပြောသည်။ “တည့်တိုးပြောမိရင် ခွင့်လွှတ်ပေးပါ…. ကျွန်မအတွက် အကျိုးအမြတ်လုံလုံလောက်လောက် မရှိရင် ရှင်တို့နဲ့ ဘာလို့ ပူးပေါင်းရမှာလဲ… ရှင်တို့ ကျွန်မကို မကူညီနိုင်ရင် ရှင်တို့နဲ့ မဟာမိတ်ဖွဲ့ပြီး အနာဂတ်ကပ်ဘေးကို ခုခံဖို့က ဟာသတစ်ခုပဲလေ”

ချင်မူ့အကြည့်က ဖျတ်ခနဲ တောက်ပသွားသည်။ “ဒါဆိုရင် တာအိုနောင်တော်တို့က အချိန်မတန်သေးဘဲ မွေးဖွားဖို့ ရည်မှန်းထားကြတာလား”

ကောင်းကင်နတ်ဧကရီမှာ အနည်းငယ် တုန်လှုပ်သွားသည်။ သူ၏သတိပေးချက်ကြောင့် ချက်ချင်းပင် အဓိကအချက်ကို စဉ်းစားမိသွား၏။

ရှေးဟောင်းနတ်ဘုရားထိုက်ကျိ သူမကို ဖိတ်ခေါ်ခဲ့ခြင်းမှာ အချိန်မတန်သေးဘဲ မွေးဖွားလိုသောကြောင့် ဖြစ်ကောင်းဖြစ်ပေလိမ့်မည်။

ရှေးဟောင်းနတ်ဘုရားထိုက်ကျိ မွေးဖွားလာပြီး ကျောက်တုံးတွင်းထဲမှ ထွက်ခွာလာနိုင်ပါက သူမကို ကူညီပေးနိုင်လိမ့်မည်။

ရှေးဟောင်းနတ်ဘုရားထိုက်ကျိသည် ချီးကျူးလိုက်၏။ “ကောင်းကင်နတ်အရှင်မူက တကယ်ကို ထက်မြက်ပါပေတယ်… အရိပ်ပြရင် အကောင်မြင်တတ်တယ်… ကံမကောင်းစွာနဲ့ မင်းရဲ့ခွန်အားက မလုံလောက်ဘူး…. မဟုတ်ရင် ကောင်းကင်နတ်ဧကရီမဟုတ်ဘဲ မင်းကိုပဲ မဟာမိတ်အဖြစ် ရွေးချယ်ခဲ့မှာ… မင်းထင်တာ မှန်တယ်… ငါတို့မှာ မွေးဖွားလာဖို့ ရည်ရွယ်ချက်ရှိတယ်”

ဥထဲမှ မိန်းမအသံက ပြောသည်။ “ငါတို့က ဒီနေရာမှာ ပိတ်မိနေတာ… ကျောက်တုံးတွင်းအလွတ်ကြီး ရှိပေမယ့် စွမ်းအားကို မစုပ်ယူနိုင်သလို မဟာတာအိုကိုလည်း သိမြင်နားမလည်နိုင်ဘူး… ငါတို့ရဲ့ တာအိုနှလုံးသားတွေက အပြင်လောကရဲ့ ကျူးကျော်ဖျက်ဆီးတာ ခံခဲ့ရပြီးပြီ… ထိုက်ကျိကျောက်တုံးတွင်းကို အမြဲတမ်း စောင့်ရှောက်နေမယ့်အစား စောစောစီးစီး မွေးဖွားပြီးတော့ အပြင်လောကမှာ ကျင်လည်ချင်တယ်”

ဥထဲမှ ယောက်ျားအသံက ဆက်ပြောသည်။ “အပြင်လောကအရေးကိစ္စတွေက ငါတို့ရဲ့တာအိုနှလုံးသားတွေကို ဖျက်စီးခဲ့တယ်… ငါတို့မှာ ကြောက်ရွံမှု၊ ပျော်ရွှင်မှု၊ ဒေါသ၊ ပူဆွေးမှု ကိန်းဝပ်နေတဲ့ နှလုံးသားတွေ ပိုင်ဆိုင်ထားတယ်… မကောင်းတဲ့ခံစားချက်တွေ ဖြစ်တဲ့ လောဘ၊ အကြောက်တရား၊ အသက်အဖြတ်စိတ်ဆန္ဒ၊ ရမ္မက်၊ အာဏာ၊ အကျိုးအမြတ်၊ ကောက်ကျစ်မှုတွေက ငါတို့ရဲ့ တာအိုလမ်းစဉ်ကို နှောင့်နှေးစေခဲ့တယ်… အဲဒီခံစားချက်တွေကို သေမျိုးလောကဆီကနေ ရခဲ့တာ‌ဆိုတော့ သေမျိုးလောကထဲ လျှောက်လှမ်းရမယ်”

ဥထဲမှ မိန်းမအသံက ပြောသည်။ “သေမျိုးလောကထဲ လျှောက်လှမ်းပြီးမှ လောဘ၊ အကြောက်တရား၊ အာဏာနဲ့ လိုအင်ဆန္ဒတွေ ကျော်ဖြတ်နိုင်မှာ… အဲဒီအချိန်ကျမှ ထက်မြက်တဲ့ နှလုံးသားနဲ့ အကြောက်တရားကို ဖယ်ရှားပြီး ငါတို့ရဲ့ တာအိုနှလုံသားဟာ သက်ရှိတွေ ပေါ်မလာခဲ့ခင်တုန်းကလို ရိုးရှင်းသွားလိမ့်မယ်… ဒါကြောင့် လမ်းစဉ်ဝင်ရောက်ပြီး ငါတို့ လွတ်မြောက်နိုင်လိမ့်မယ်”

ထိုက်ကျိရှေးဟောင်းနတ်ဘုရား၏ စကားများက ကောင်းကင်နတ်ဧကရီနှင့် ချင်မူကို မတူညီသော ခံစားချက်များ ခံစားနေရစေသည်။ သူတို့၏နှလုံးသားများတွင် နားလည်မှုများက မတူညီကြပေ။

ကောင်းကင်နတ်ဧကရီသည် သူမ မွေးဖွားလာခဲ့သည့်အချိန်ကို ပြန်လည်သတိရသွား၏။ သူမကို အသိစိတ်ဝင်လာခဲ့စေသောအရာက အဆုံးသတ်မြို့ပျက်လမ်းစဉ် ဖြစ်သည်။ ထိုအချိန်တုန်းက သူမ၏ အသိစိတ်အလျဉ်သည် ပြိုင်ဘက်ကင်းအောင် ဖြူစင်နေခဲ့ပြီး အဆုံးသတ်မြို့ပျက်လမ်းစဉ်နှင့် အသင့်တော်ဆုံး ဖြစ်ခဲ့သည်။

သူမ၏တာအိုနှလုံးသားက သူမ၏နှလုံးသားပင်။

သူမကား အဆုံးသတ်မြို့ပျက် အမှောင်ထု၏ ကြာပန်းပွင့်ထဲတွင် မွေးဖွားလာခဲ့သူမဟုတ်လော။ ၎င်းက တည်ငြိမ်အေးဆေးပြီး လှပခဲ့လေသည်။

သို့သော် ထိုအရာများအားလုံး ဘယ်အချိန်က ပြောင်းလဲသွားခဲ့ပါသနည်း။

ဖန်ဆင်းရှင်သည် သူမကို ရှာတွေ့သွားသောကြောင့် တာအိုမှ မွေးဖွားလာခဲ့သည့် ဤရှေးဟောင်းနတ်ဘုရား သူမ၏ မျိုးပွားပေးနိုင်သောစွမ်းအားကို သိရှိသွားကာ သူ့အား ကာကွယ်ပေးရန် တောင်းဆိုပြီး မျိုးနွယ်ဝင်ကလေးများစွာ မွေးဖွားရေးအတွက် သူမအပေါ် ကိုးကွယ်ပူဇော်ခဲ့သည့်အချိန်တွင်လော။

ထိုဖန်ဆင်းရှင်သည် သူမ၏စွမ်းအားကို အသုံးပြု၍ သူ၏ရန်သူများကို ရှင်းလင်းသတ်ဖြတ်ခဲ့သည့်အချိန်တွင်လော။

ထိုဖန်ဆင်းရှင် သူမကို ချစ်ခင်နှစ်သက်ခဲ့သည့်အချိန်တွင်လော။။

သို့မဟုတ် ထိုသူ ဖန်ဆင်းရှင်များနှင့် သက်ရှိအားလုံး၏ ကိုးကွယ်ပူဇော်မှုကို ခံစားခဲ့ရပြီး အာဏာတပ်မက်လာမိသည့်အချိန်တွင်လော။

သို့သော် သူမသည် ထိုက်ကျိကဲ့သို့ အဆင့်မြင့်အသိစိတ်အလျဉ် မရှိသည့်အတွက် သေမျိုးလောကသို့ ကျရောက်ခဲ့ရသည်။

ချင်မူက တခြားကိစ္စကို တွေးနေ၏။

ရှေးဟောင်းနတ်ဘုရားထိုက်ကျိအနေဖြင့် သေမျိုးလောကတွင် ‌သူ၏တာအိုနှလုံးသားကို သန့်စင်ခြင်းက သင့်လျော်သောလမ်းစဉ်ဖြစ်သည်ဟု သူ ခံစားရသည်။ ပြောရလျှင် သူသည်လည်း ဤသေမျိုးလောက၏ အခက်အခဲ၊ စမ်းသပ်ချက်များစွာကို ကျော်ဖြတ်ပြီး ဖြည်းဖြည်းချင်း တိုးတက်လာခဲ့သူ မဟုတ်ပါလော။ သူ၏တာအိုနှလုံးသားလည်း တိုးတက်လာခဲ့ပြီး တာအိုလမ်းစဉ်လည်း ဖြည်းဖြည်းချင်း မြင့်မားလာခဲ့သည်။

သူသည် နောက်ထပ်ကိစ္စတစ်ခုကို စဉ်းစားမိသွား၏။ ၎င်းက လန်ယွီတျန်းပင်။

အတိတ်တုန်းက ကောင်းကင်နတ်အရှင်ယွီမှာ အပြင်လောက၏ အရေးကိစ္စများကြောင့် နှောက်ယှက်ခံခဲ့ရပြီး သူ၏တာအိုနှလုံးသားသည် လန်ယွီတျန်းလောက် မသန့်စင်‌ခဲ့ပေ။ ယခုတွင် လန်ယွီတျန်းသည် သေမျိုးလောက၌ ကျင်လည်နေသော်လည်း သက်ရှိသတ္တဝါအားလုံး မမွေးဖွားလာခင်တုန်းက ဥမှ ပေါက်ဖွားခဲ့သော ရှေးဟောင်းနတ်ဘုရားတစ်ပါးနှင့် ပို၍ဆင်တူ၏။ သူ့တွင် လက်တွေ့အသုံးချလိုသည့် နှလုံးသားလည်း မရှိသလို အာဏာလိုချင်သည့် အနှောင့်အယှက် အတွေးများလည်း မရှိပေ။ သူ့တွင် နှိုင်းယှဉ်မရနိုင်အောင် စင်ကြယ်သည့် တာအိုနှလုံးသားသာ ရှိတော့သည်။

ထိုက်ယီမှလွဲ၍ အခြားဥရှေးဟောင်းနတ်ဘုရားများနှင့် ယှဉ်လျှင် သူသည် ဥမှ ပေါက်ဖွားလာသော ရှေးဟောင်းနတ်ဘုရားနှင့် ပို၍တူပြီး သူ့ကိုယ်သူ တိုးတက်လာအောင် အပြင်လောက၏ ဗဟုသုတတို့အား ကျောက်တုံးတွင်းများမှ အာဟာရဓာတ်များအလား တိတ်ဆိတ်စွာ စုပ်ယူနေသည်။

သူသည် တာအိုရရှိနိုင်သည့် အနီးစပ်ဆုံးပုဂ္ဂိုလ် ဖြစ်၏။

ချင်မူ၏ ဝိညာဉ်သန္ဓေသား ကောင်းကင်ရတနာထဲမှ ထိုက်ရှီသည်လည်း ကိုယ်ပိုင်သိမြင်နားလည်မှုများ ပိုင်ဆိုင်ထားသည်။ သူက ထိုက်ကျိ၏စကားကို နားထောင်ရင်း မူလကျောက်တုံးများနှင့် ထိုက်ရှီကျောက်တုံးတွင်း၏ စွမ်းအားများအား စုပ်ယူနေခြင်းကိုပင် ရပ်ထားကာ အနာဂတ်လမ်းစဉ်အကြောင်း တွေးနေချေပြီ။

‘ရှေးဟောင်းနတ်ဘုရားထိုက်ကျိက ငါ့နောက်မှ ဖွဲ့တည်လာတာ ဆိုပေမယ့် သူရဲ့ တာအိုနားလည်မှုက ငါ့ထက် သာနေပြီ’

သူက သက်ပြင်းချလိုက်သည်။ သူ့မှာ အကျိုးအမြတ်များစွာ ရရှိလိုက်သကဲ့သို့ ခံစားလိုက်ရသည်။ ‘ကောင်းကင်နတ်ဧကရီက ငါ့ရဲ့ထိုက်ရှီကျောက်တုံးတွင်းကို သိမ်းပိုက်ထားတာ… ငါ ကောင်းကင်နတ်အရှင်မူအားကိုးနဲ့ ကျောက်တုံးတွင်းကို ပြန်ယူပြီးတော့ စွမ်းအား စုပ်ယူနိုင်ရင်တောင်မှ ပြီးပြည့်စုံလာမှာ မဟုတ်သလို အဆင့်တက်ပြီး တာအိုလည်း ရနိုင်မှာမဟုတ်ဘူး… ငါလည်း ထိုက်ကျိရှေးဟောင်းနတ်ဘုရားလို အပြင်လောကဆီ ထွက်ပြီးတော့ ကျင်လည်ရမယ်… အဲ့ဒါမှ တာအိုနောင်တော်ထိုက်ယီအဆင့်ကို ရောက်နိုင်မှာ’

သူတို့တွင် ကိုယ်ပိုင်သိမြင်နားလည်မှုများနှင့် အကျိုးအမြတ်များ ရှိထားကြသော်လည်း သိမြင်နားလည်ထားသည့် အရာများကတော့ မတူညီကြပေ။

ဥထဲရှိ ရှေးဟောင်းနတ်ဘုရားထိုက်ကျိက ပြောသည်။ “ဒီတစ်ကြိမ် ငါတို့ ကောင်းကင်နတ်ဧကရီကို ဖိတ်ခေါ်ခဲ့တာက ငါတို့ရဲ့ခွန်အားက ဥထဲကနေ ဖောက်ထွက်နိုင်ဖို့ မလုံလောက်လို့ပဲ… ကျေးဇူးပြုပြီး ငါတို့ကို ကူညီပေးပါ”

ကောင်းကင်နတ်ဧကရီက ထရပ်၍ တည်ကြည်လေးနက်စွာ ပြောသည်။ “ကျွန်မတို့ ရှင်တို့ကို ကူညီပေးသင့်ပါတယ်”

ချင်မူကလည်း ထရပ်၍ အလေးအနက် ပြော၏။ “ဥထဲက တာအိုနောင်တော်တို့… ခင်ဗျားတို့ မွေးလာပြီးရင် ကျွန်တော့်ကို ဘယ်လိုဆက်ဆံမှာလဲ…. ခင်ဗျားတို့ရဲ့ ရပ်တည်ချက်ကို ကျွန်တော်သိချင်တယ်”

ကောင်းကင်နတ်ဧကရီက သူ့ဆီ လှည့်ကြည့်လိုက်ပြီး သူမ၏ လှပသော မျက်ဝန်းလေးများထဲတွင် အသက်အဖြတ်စိတ်ဆန္ဒတို့ ဖြတ်ပြေးသွားလေသည်။ “ကောင်းကင်နတ်အရှင်မူ၊ လက်ရှိကောင်းကင်နတ်အရှင်ဆယ်ပါးနဲ့ နင်က တစ်လှေတည်းစီးနေတဲ့သူတွေမလား… ကိုယ့်နေရာကိုယ် သိသင့်တယ်…. အတွေးတွေအများကြီး မတွေးနဲ့…. နင်ပဲ ဒုက္ခရောက်မှာ… အ‌ဆုံးသတ်မြို့ပျက်က နင့်ကို ရှင်းလင်းပစ်နိုင်တဲ့ ရှားရှားပါးပါး အရာတွေထဲက တစ်ခုပဲ… အဆုံးသတ်မြို့ပျက် မဟာတာအိုက ရင်ဆိုင်ရခက်တဲ့ ကောင်းကင်နတ်သိုင်းတွေကို ဖျက်ဆီးပစ်နိုင်တဲ့ မဟာတာအိုတစ်ခုလည်း ဟုတ်တယ်”

ချင်မူ ကျယ်လောင်စွာ ရယ်မောလိုက်ပြီး အသတ်အဖြတ်စိတ်ဆန္ဒတို့အား ထုတ်ဖော်လိုက်သည်။ “တာအိုနောင်တော်တို့ အနာဂတ်မှာ ကျွန်တော်နဲ့ ရန်သူတွေဖြစ်လာချင်ရင် ကျွန်တော် ဒီနေ့မှာ သေတဲ့အထိ တိုက်ခိုက်မှာ… သေချာစဉ်းစားပါ”

သူက ချာခနဲ လှည့်လိုက်သည်။ “ကောင်းကင်နတ်ဧကရီ၊ ခင်ဗျားရဲ့ အဆုံးသတ်မြို့ပျက် ကောင်းကင်နတ်သိုင်းက ကျွန်တော့်ကို ရှင်းလင်းသတ်ဖြတ်နိုင်မယ်လို့ ထင်ရင် ကြိုးစားကြည့်လေ”

All Chapters