← Chapters

ခင်ဗျားခန္ဓာကိုယ်ကို ခင်‌ဗျားထက် ကျွန်တော် ကောင်းကောင်းသိတယ်

Vol. 107 Ch. 1408

ခင်ဗျားခန္ဓာကိုယ်ကို ခင်‌ဗျားထက် ကျွန်တော် ကောင်းကောင်းသိတယ်

Vol. 107 Ch. 1408

ကောင်းကင်နတ်ဧကရီ၏ အသတ်အဖြတ်စိတ်ဆန္ဒ မြင့်တက်လာသည်အား ချင်မူ ခံစားနေရသည်။ သူက မှင်သေသေ ပြော၏။ “ကောင်းကင်နတ်ဧကရီ၊ ခင်ဗျားမှာ အသတ်အဖြတ်စိတ်ဆန္ဒ ရှိတယ်… တာအိုရဖို့ ခြေတစ်လှမ်းပဲ လိုတော့တာပေါ့”

“ကောင်းကင်နတ်အရှင်မူ၊ နင်က အနာဂတ်မှာ တာအိုရင် လေသက်သက် တာအိုပဲ ဖြစ်မှာ”

ကောင်းကင်နတ်ဧကရီက လက်မြှောက်၍ ညွှန်ပြလိုက်ရာ ချင်မူ့ဦးခေါင်းပေါ်တွင် အဆုံးသတ်မြို့ပျက် ပေါ်ထွက်လာ၏။ သူမက အေးစက်စွာ ခြိမ်းခြောက်သည်။ “ငါ့ရဲ့ အဆုံးသတ်မြို့ပျက်ပင်လယ်… အစွမ်းထက်ဆုံးသူရဲကောင်းတွေ ဘယ်လောက်သတ်ဖြတ်ခဲ့သလဲ ငါ မသိဘူး… နင်က ပထမဦးဆုံး မဟုတ်သလို နောက်ဆုံးလည်း ဖြစ်မှာမဟုတ်ဘူး… ငါ့ရဲ့ ပင်လယ်မျက်လုံးထဲ နင့်ကို ထည့်ပစ်မယ်… နှစ်တစ်ရာ အသက်ရှင်နိုင်ရင်တော့ နင့်ကို အသက်ချမ်းသာပေးမယ်”

ချင်မူ၏ တိုက်ခိုက်လိုစိတ်ကလည်း ကောင်းကင်ထက်သို့ မြင့်တက်သွားသည်။ သူက လက်ညှိုးတစ်ချောင်း ဆန့်၍ အနည်းငယ်ခါလိုက်သည်။ အကန့်အသတ်မရှိသော ရေများက လေထဲတွင် ဝေါခနဲ ပြည့်နှက်သွား၏။ နဂါးသွဲ့ပင်လယ်တစ်စင်းက သူတို့နှစ်ယောက်ကြားတွင် ချက်ချင်း ပေါ်ထွက်လာပြီး နှစ်ယောက်လုံးကို ဝေးသထက် ဝေးကွာသွားစေသည်။ ချင်မူက နဂါးသွဲ့ပင်လယ်ဘေးရှိ နဂါးသွဲ့စင်မြင့်ထက်တွင် ရပ်နေပြီး ကောင်းကင်နတ်ဧကရီထံသို့ အေးစက်စွာ စိုက်ကြည့်နေ၏။

သူ့အနောက်တွင် အလင်းရောင်များ ထွန်းလင်းတောက်ပလာကာ ကောင်းကင်နန်းဆောင်များ ထွက်ပေါ်လာသည်။ မူလဝိညာဉ်များက နဂါးသွဲ့ပင်လယ်ထက်ရှိ ကောင်းကင်နန်းဆောင်များထဲတွင် ရပ်နေကြသည်။

'ငါ့ရဲ့ မူလဝိညာဉ် နဂါးသွဲ့ရေကန်ကို ဖြတ်ပြီး နတ်ဘုရားစီရင်ရာစင်မြင့်ကို ကျော်ဖြတ်သွားနိုင်ရင် အကျဉ်းထောင်ကိုးထပ်အဆင့်ဆီ ရောက်နိုင်လိမ့်မယ်… ဒါဆို ငါ ကောင်းကင်နတ်အရှင်တစ်ပါးကို တိုက်ခိုက်နိုင်မလား”

သူ၏မျက်လုံးများက တောက်ပသွားပြီး ထိတ်လန့်တုန်လှုပ်ဖွယ် ယုံကြည်ချက်တစ်ခုက သူ၏နှလုံးသားထဲတွင် လှိုင်းထန်လာသည်။ သူသည် ကောင်းကင်နတ်အရှင်တစ်ပါးနှင့် ထိပ်တိုက်ရင်ဆိုင်တိုက်ခိုက်လို၏။

ကောင်းကင်နတ်ဧကရီသည် နတ်အရှင်မယန် လုံးလုံးလျားလျား ဆင်းသက်လာခြင်းမဟုတ်သဖြင့် သူ ယခုလိုသတ္တိကောင်းနေခြင်းဖြစ်သည်။ နတ်အရှင်မယန်သာ ဆင်းသက်လာခဲ့ပါက ဤမျှရဲတင်းသောအတွေးမျိုး တွေးရဲမည်မဟုတ်ပေ။

နတ်အရှင်မယန်၏ စွမ်းဆောင်ရည်များမှာ မှန်းဆမရနိုင်သော်လည်း ကောင်းကင်နတ်ဧကရီမှာတော့ ရှေးဟောင်းနတ်ဘုရားတစ်ပါးသာ ဖြစ်သည်။ သူမကို မူလဝိညာဉ်နှင့် ထိန်းချုပ်နေလျှင်ရင်တောင်မှ နတ်အရှင်မယန်၏ အတိုက်အခိုက်စွမ်းရည်ကို မယှဉ်နိုင်ချေ။

ချင်မူသာ အဆင့်နှစ်ဆင့် တစ်ပြိုင်တည်း တက်သွားပါက ထိုအဆင့်များသည် မပြည့်စုံလျှင်တောင်မှ သူ၏သိုင်းအဆင့်က တဟုန်ထိုး တိုးတက်သွားပြီး သူ၏စွမ်းဆောင်ရည်များသည်လည်း အံ့မခန်းလိလိ တိုးတက်လာပေလိမ့်မည်။ ထိုသို့အခြေအနေမျိုးတွင် ကောင်းကင်နတ်အရှင်တစ်ပါးနှင့် ရင်ဆိုင်နိုင်ပါမည်လော။

သူသည် နဂါးသွဲ့ရေကန်အဆင့်ကို ကျင့်ကြံပြီးဖြစ်သဖြင့် ကြွားဝါလို၏။ သူ၏ သိုင်းအခြေံခံ၊ စွမ်းဆောင်ရည်နှင့် တာအိုကျင့်စဉ်စနစ်ကို မြင်တွေ့စေလို၏။

သူတို့နှစ်ယောက်လုံး တိုက်ခိုက်တော့မည့်ဆဲ‌ဆဲ ဖြစ်သည်။

ကောင်းကင်နတ်ဧကရီ လှုပ်ရှားတော့မည့်အချိန်တွင် ဥထဲမှ ထိုက်ကျိရှေးဟောင်းနတ်ဘုရားက ရုတ်တရက် သက်ပြင်းချ၍ ပြိုင်တူပြောလိုက်၏။ “မင်းတို့နှစ်ယောက်လုံး စိတ်အေးအေးထားကြစမ်း”

ချင်မူ့ကောင်းကင်နန်းဆောင်များမှ မူလဝိညာဉ်များမှာ နဂါးသွဲ့ရေကန်အစွန်းသို့ ရောက်ရှိနေကြပြီဖြစ်ပြီး သူ၏သိုင်းအခြေခံက ဆက်လက်မြင့်မားနေသည်။ သူ၏မူလဝိညာဉ်တို့သည် ကောင်းကင်နန်းဆောင်များ၏ နတ်ဘုရားစီရင်ရာစင်မြင့်ဆီသို့ လျှောက်လှမ်းနေကြချေပြီ။

ရှေးဟောင်းနတ်ဘုရားထိုက်ကျိ၏ စကားကြောင့် သူ၏မူလဝိညာဉ်များက ရပ်တန့်သွားသည်။ ကောင်းကင်နတ်ဧကရီက မျက်ခုံးပင့်၍ ဒေါသကို ထိန်းချုပ်လိုက်၏။

ရှေးဟောင်းနတ်ဘုရားထိုက်ကျိက ပြောသည်။ “ကောင်းကင်နတ်ဧကရီ၊ ကောင်းကင်နတ်အရှင်မူ.. နောက်ကိုဆုတ်ပြီးတော့ စိတ်ကို ရှင်းလင်းလိုက်ပါ… နောက်တစ်လှမ်း ထပ်တက်လာရင် သွေးချောင်းစီးသွားလိမ့်မယ်… ဒီလိုအသေးအဖွဲကိစ္စလေးနဲ့ အငြင်းပွားနေစရာ မလိုဘူး… ကောင်းကင်နတ်အရှင်မူ၊ ငါတို့က မွေးဖွားလာပြီးရင် အပြင်လောကထဲမှာ ကျင်လည်ပြီးတော့ ငါတို့ရဲ့ တာအိုနှလုံးသားတွေကို သန့်စင်မှာ… ကောင်းကင်နတ်အရှင်မူနဲ့ အနာဂတ်မှာ ရန်သူတွေ ဖြစ်မလာစေရဘူးလို့ ကတိပေးတယ်… ကျေနပ်ပြီလား”

ချင်မူက အသက်အဖြတ်စိတ်ဆန္ဒနှင့် တိုက်ခိုက်လိုစိတ်အား လွင့်ပြယ်သွားစေပြီး ကျယ်လောင်စွာ ရယ်မောလိုက်သည်။ သူက မြေပြင်သို့ ဦးညွှတ်အရိုအသေပေးလိုက်၏။ “သဘောထားကြီးပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် နောင်တော်တို့… ကျွန်တော် အမြဲမှတ်ထားပါမယ်… ကျွန်တော် ဒီနေ့ပြောခဲ့တဲ့စကားကို နောင်တော်တို့ မမေ့သွားဖို့လည်း မျှော်လင့်ပါတယ်”

“ငါတို့ မမေ့ဝံ့ပါဘူး” ရှေးဟောင်းနတ်ဘုရားထိုက်ကျိ၏ ယောက်ျားသံနှင့် မိန်းမသံတို့က ဥထဲတွင် ပဲ့တင်ထပ်သွားသည်။

“နောင်တော်တို့ ကတိပေးမှတော့ ကျွန်တော် စိတ်အေးပါပြီ”

ချင်မူက နောက်သို့ ခြေတစ်လှမ်း ဆုတ်ပြီးနောက် ကောင်းကင်နတ်ဧကရီထံ တစ်ချက်ကြည့်ကာ ထွက်သွားသည်။ “ကောင်းကင်နတ်ဧကရီ၊ ကျွန်တော် အပြင်မှာ စောင့်နေပါ့မယ်”

ကောင်းကင်နတ်ဧကရီက သူ့ကို လျစ်လျူရှု၍ မေး၏။ “တာအိုအစ်ကိုတော်တို့ ဘယ်တော့မွေးဖွားချင်တာလဲ”

ရှေးဟောင်းနတ်ဘုရားထိုက်ကျိမှာ ချင်မူ ထွက်ခွာသွားသည်ကို မြင်လျှင် အနည်းငယ် အံ့အားသင့်သွားသော်လည်း လက်ရှိကိစ္စသည် သူတို့နှစ်ယောက် မွေးဖွားခြင်း၊ မဖွားခြင်းနှင့် သက်ဆိုင်နေသဖြင့် စိတ်ထဲ မထားတော့ပေ။ “ငါတို့ရဲ့ခွန်အားက ဥခွံကို ဖောက်ထွက်ဖို့ မလုံလောက်ဘူး…. ဆိုတော့ ကောင်းကင်နတ်ဧကရီအနေနဲ့ ငါတို့အပြင်ထွက်လာလို့ရအောင် ဥခွံကို ခွဲပေးဖို့ တောင်းဆိုချင်တယ်… ဘိုးဘေးနန်းတော်မှာ ဖရိုဖရဲတွေ ဖြစ်လာဖို့ မဝေးတော့ဘူးဆိုတော့ တတ်နိုင်သမျှ အမြန်ဆုံး မွေးဖွားလာတာ အကောင်းဆုံးပဲ” သူက ပြောသည်။

“ကောင်းပါပြီ”

ကောင်းကင်နတ်ဧကရီက ချာခနဲ လှည့်၍ ကျောက်တုံးတွင်းထဲမှ ထွက်ခွာသွားသည်။ “ကျွန်မရဲ့ခန္ဓာကိုယ်အစစ်အမှန် မကြာခင် ရောက်လာပါလိမ့်မယ်… အဲဒီအချိန်ကျရင် အဆုံးသတ်မြို့သတ်ကို ပြန်ဖွင့်ပြီး ကျောက်တုံးတွင်းဆီ ယူလာဖို့ အစ်ကိုတော်တို့နှစ်ယောက်အကူအညီကို ကျွန်မ လိုအပ်တယ်… ဥခွံကို ခွဲဖို့ အမြွှာကြာပွင့်ရဲ့စွမ်းအားကို ငှားယူဖို့ လိုတယ်”

ရှေးဟောင်းနတ်ဘုရားထိုက်ကျိက အလျင်အမြန် ပြောသည်။ “မစိုးရိမ်ပါနဲ့ ကောင်းကင်နတ်ဧကရီ… ငါ့မှာ ဝှက်ဖဲတွေ ရှိပါသေးတယ်… ဒါပေမဲ့ ကောင်းကင်နတ်အရှင်မူ..”

“ရှင်တို့နှစ်ယောက် ဒီကိစ္စကို စိတ်ပူဖို့ မလိုပါဘူး… ရှင်တို့က သူနဲ့ မပတ်သက်ဘူးလို့ ကတိပေးခဲ့ပေမယ့် ကျွန်မကတော့ ကတိမပေးခဲ့ဘူးလေ”

ကောင်းကင်နတ်ဧကရီ၏ ပုံရိပ်က ကျောက်တုံးတွင်းထဲမှ ပျောက်ကွယ်သွားပြီး ထိုက်ကျိကြယ်တာရာလွင်ပြင်သို့ ရောက်ရှိသွားသည်။ ချင်မူက ထိုက်ကျိကြယ်တာရာလွင်ပြင်၏ တခြားတစ်ဖက်သို့ လျှောက်သွားပြီး အဖြူရောင်သဲမှုန်များက ကောင်းကင်ထက်တွင် ကခုန်နေကြ၏။ ကောင်းကင်နတ်ဧကရီ၏ ပုံရိပ်ကလည်း အဖြူရောင်သဲမှုန်များထဲ ဝင်ရောက်ပျောက်ကွယ်သွားတော့သည်။ သူမ၏အသံက အဝေးမှ ပျံ့လွင့်လာသည်။

“လူတစ်ယောက်က သူ့ရဲ့ အတိုင်းအတာကို သိသင့်တယ်… ကောင်းကင်နဲ့ မြေကြီးရဲ့ ခမ်းနားမှုကို နားလည်သင့်တယ်… ကျွန်မ ပြောပြီးစကား ပြန်ရုပ်သိမ်းလို့မရဘူး... ပင်လယ်မျက်လုံးမှာ သွားဖြည့်ပေးရမယ်လို့ ကျွန်မပြောရင် သူ ဖြည့်ပေးရမယ်... သူ့ကို နှစ်တစ်ရာကြာ ဖိနှိပ်ထားမယ်လို့ ပြောခဲ့တဲ့အတွက် ဖိနှိပ်ထားရမယ်”

ဥထဲမှ ရှေးဟောင်းနတ်ဘုရားထိုက်ကျိက သက်ပြင်းချလိုက်သည်။

“ကောင်းကင်နတ်အရှင်မူအနေနဲ့ မဟူရာသစ်ပင်လို အန္တရာယ်များတဲ့နေရာတစ်နေရာမှာ ရှင်ကျန်နိုင်နေတာက သူ့သိုင်းအခြေခံက အံ့မခန်း ခိုင်မာတဲ့ အဓိပ္ပာယ်ပဲ… သူ့ကို သိပ်ပြီး စိုးရိမ်နေစရာ မလိုပါဘူး”

ဥထဲမှ မိန်းမအသံက ပြောသည်။ “ဒ့ါအပြင် သူက ငါတို့ကို ခြိမ်းခြောက်ပြီး ကျောက်တုံးရိုင်းနဲ့ နတ်ကျောက်တုံးတစ်ရာပေးအောင် ဖိအားပေးခဲ့တာ… နှစ်တစ်ရာ ဖိနှိပ်ခံရဖို့ သင့်တော်ပါတယ်”

ဥထဲရှိ ယောက်ျားသံက ပြော၏။ “မင်းပြောတာ မှန်ပါတယ်… ဒါပေမဲ့ သူ မဟူရာသစ်ပင်မှာ အသက်ရှင်နေနိုင်တာဆိုတော့ တာအိုနောင်တော်ဆီက ခွင့်ပြုချက်ရထားတဲ့အဓိပ္ပာယ်ပဲ…. ငါတို့အဲဒီဟာကို ထည့်တွက်ရမယ်… အနည်းဆုံးတော့ တာအိုနောင်တော်ရဲ့ မျက်နှာကို ထောက်ထားသင့်တယ်… ပြီးတော့…”

သူက တခဏစဉ်းစားနေပြီးနောက် ပြောသည်။ “သူ့ဆီကနေ တာအိုနောင်တော်ထိုက်ရှီရဲ့ အရှိန်အဝါကို ခံစားမိတယ်… အခုလေးတင် သူ့ရဲ့အရှိန်အဝါက နောင်တော်ဆီကနေ ထွက်ပေါ်လာတာ”

“နင် အစိုးရိမ်လွန်နေတာပါ”

ဥထဲရှိ မိန်းမအသံက ရယ်မောလိုက်သည်။ “ထိုက်ယီကို စိုးရိမ်တာက နားလည်ပေးလို့ရပေမယ့် ဘာကိစ္စ ထိုက်ရှီကိုပါ စိုးရိမ်နေရမှာလဲ… ထိုက်ရှီက မကြွယ်ဝတဲ့အပြင် ငါတို့အောက် အများကြီးနိမ့်ကျတယ်… သူက ထိုက်ချူပြီးတော့ တူးဖော်ခံခဲ့ရတဲ့ ဒုတိယမြောက်ဥပဲ… ထိုက်ချူလိုလည်း ကြွယ်ဝချမ်းသာတာမဟုတ်ဘူး… ထိုက်ချူက ပိုပြီးရင့်ကျက်တယ်… အစောကြီးမွေးဖွားခဲ့ပေမယ့် ဖန်ဆင်းရှင်တွေ ကိုးကွယ်ပူဇော်တာကို ခံခဲ့ရတာ… စွမ်းအားကြီးပြီးတော့ အာဏာလည်း ရှိတယ်… ထိုက်ရှီမှာက ဘာများရှိလို့လဲ… အတူးခံခဲ့ရပြီးကတည်းက ထိုက်ချူက ဖိနှိပ်ထားခဲ့တာ… ကောင်းကင်နတ်အရှင်မူနဲ့ သူ ပူးပေါင်းသွားရင်တောင်မှ ကောင်းကင်နတ်အရှင်မူက အရေးမပါတဲ့ ပုဂ္ဂိုလ်တစ်ယောက်ပဲ”

ဥထဲမှ ယောက်ျားသံက တုံ့ပြန်သည်။ “သူက ဘိုးဘေးနန်းတော်ထဲကနေ ပေါက်ဖွားလာပြီးတော့ မွေးရာပါတာအိုငါးခုနဲ့ မွေးဖွားလာခဲ့တာလေ… သူတို့ကို လျှော့တွက်ထားလို့မရဘူး”

“ထိုက်ရှီက တာအိုရဖို့ အဝေးကြီးလိုပါသေးတယ်… ငါတို့က သူ့ထက် ပိုနီးစပ်တယ်… ငါတို့ သတိထားလွန်းနေရင် တာအိုရဖို့ ခက်ခဲသွားလိမ့်မယ်… အစိုးရိမ်လွန်နေစရာမလိုပါဘူး”

ဥထဲမှ မိန်းမအသံက ဆက်ပြောသည်။ “ထိုက်ရှီအကူအညီနဲ့ဆို သူ အဆုံးသတ်မြို့ပျက်ထဲမှာ ဖိနှိပ်ခံထားရရင်တောင်မှ သေမှာမဟုတ်ဘူး… ငါတို့ဆီက နတ်ကျောက်တုံးတွေ ဓားပြတိုက်သွားတဲ့ယှဉ်ရင် နှစ်တစ်ရာက မပြောပလောက်ဘူး… သူက နတ်ဘုရားမထိုက်စုကိုလည်း ရန်စခဲ့သေးတယ်.. ထိုက်စုက သူ့ကို အရိုးထဲအထိ မုန်းတီးနေတာ.. အဲဒါတစ်ခုတည်းကတင် သူ တာအိုရစေဖို့ ခက်ခဲလိမ့်မယ်… သူ့အကြောင်း သိပ်ပြီးစိုးရိမ်နေစရာမလိုပါဘူး”

“ဟုတ်ပါတယ်လေ” ဥထဲမှ ယောက်ျားအသံက တိတ်ဆိတ်သွားပြီး နတ်အရှင်မယန် ရောက်လာမည်ကိုသာ စောင့်မျှော်နေသည်။

ကောင်းကင်နတ်ဧကရီ အဖြူရောင်သဲကန္တာရအား ဖြတ်သန်းသွားနေစဉ် ရှေးဟောင်းနတ်ဘုရားထိုက်ကျိသည် သူမကို စောင့်ရှောက်ပေးနေ၏။ အဖြူရောင်သဲမှုန်များသည် သေဆုံးပြီးသော ကြယ်တာရာများဖြင့် ဖွဲ့တည်ထားခြင်းဖြစ်သည့်အလျောက် အလွန်တရာ သိပ်သည်းလေးလံ၏။ ၎င်းက တုန်လှုပ်ဖွယ်ကောင်းသော မြေသံလိုက်ဆွဲအားစွမ်းအင်တို့ဖြင့် ပြည့်နှက်နေသောကြောင့် နေရာဟင်းလင်းပြင်ကို ပုံပျက်စေကာ ဒြပ်ထုများ ပြောင်းလဲခြင်းကို နှေးကွေးနေစေသည်။

ဒြပ်ထုပြောင်းလဲခြင်းသည် အချိန်ကုန်ဆုံးသွားသည့် ပုံရိပ်ယောင်ကို ဖြစ်ပေါ်စေ၏။ ဤနေရာတွင် ဒြပ်ထုများသည် ရပ်တန့်နေလုနီးပါး ဖြစ်ပြီး ပြောင်းလဲသည့်အမြန်နှုန်းက အလွန်တရာ နှေးကွေးသဖြင့် အချိန်များရပ်တန့်နေသည့်အလား ထင်ယောင်ထင်မှား ဖြစ်စေသည်။

အဖြူရောင်သဲကန္တာရတွင် ဒြပ်ထုများ ပြောင်းလဲနှုန်းမှာ နှေးကွေးလွန်းသဖြင့် စွမ်းအင်များစွာ စုစည်းနေသည်။ စွမ်းအင်များ ပေါက်ကွဲသွားပါက နှိုင်းယှဉ်မရနိုင်အောင် ကြောက်စရာကောင်းသော ဓားချီများ ပေါက်ဖွားလာနိုင်သည်။

ဤဓားချီက စကြ၀ဠာ၏ ဟင်းလင်းပြင်တစ်လျှောက် ဖြတ်၍ နဂါးငွေ့တန်းမြောက်များစွာကို ဖြတ်သန်းသွားနိုင်ပြီး ဂြိုဟ်များနှင့် ကြယ်တာရာများကို ဖျက်ဆီးပစ်နိုင်၏။ ၎င်းက အလွန်အမင်း စွမ်းအားကြီးပေသည်။

ထိုက်ကျိကြယ်တာရာလွင်ပြင်၏ အဖြူရောင်သဲကန္တာရထဲတွင် ဓားချီများမှာ နေရာတိုင်းတွင် ရှိနေသဖြင့် ခုခံရန် မဖြစ်နိုင်လုနီးပါးပင်။

သာမန်အခြေအနေဆိုပါက ကောင်းကင်နတ်ဧကရီသည် ဤမျှအန္တရာယ်များသောနေရာသို့ အလွယ်တကူ လာရောက်မည်မဟုတ်ပေ။

ကံကောင်းစွာဖြင့် ရှေးဟောင်းနတ်ဘုရားထိုက်ကျိသည် ကူညီပေးနေသောကြောင့် သူမသည် အားစိုက်ထည့်နေစရာမလိုချေ။ ရှေ့သို့သာ ဆက်လျှောက်ရုံပင်။

သူမအရှေ့တွင် လေနှင့် သဲမှုန်များက ပြင်းထန်စွာ တိုက်ခတ်နေ၏။ ကောင်းကင်နတ်ဧကရီသည် မှုန်ဝါးဝါး လူရိပ်တစ်ခုကို မြင်လိုက်ရသည်။ ၎င်းက ချင်မူပင်။

အရွယ်ရောက်ပြီးသား အခြားလူများနှင့်ယှဥ်ပါက ချင်မူက အရပ်ရှည်ပြီး ငယ်ရွယ်ပုံပေါက်သည်။ သူ၏မျက်နှာတွင် ငယ်ရွယ်နုပျိုမှု၏ အငွေ့အသက်များ ရှိနေသေးပြီး သူ့မေးစေ့ရှိ မုတ်ဆိတ်မွှေးကတော့ အလွန်တရာ ခေါင်းမာသည်။ အမြဲ‌ သူ့မေးစေ့တွင် တိုစစ ပေါက်လာတတ်၏။

ချင်မူသည် အဖြူရောင်သဲကန္တာရထဲတွင် ရပ်နေပြီး သူ၏အရှိန်အဝါက အားကောင်းသထက် အားကောင်းလာနေသည်။

ကောင်းကင်နတ်ဧကရီက အနည်းငယ်မျက်ခုံးပင့်လိုက်၏။ လူငယ်သည် သဲကန္တာရအလယ်တွင် ရပ်နေပြီး ကြောက်လန့်ဖွယ် အဖြူရောင်သဲမှုန်တို့က သူ့ကို ဖြတ်တိုက်နေလေသည်။ စကြ၀ဠာ၏ ထိတ်လန့်တုန်လှုပ်ဖွယ် ဓားချီတို့က သူ၏ခန္ဓာကိုယ်ကို ဖောက်ထွက်သွားကြသော်လည်း မည်သည့်ထိခိုက်မှုမှ မရှိပေ။

အသွင်သဏ္ဍာန်ရှိသော်လည်း ဒြပ်ထုကင်းမဲ့နေခြင်း ... ဤသည်က ထိုက်ရှီတာအိုပင်။

ချင်မူသည် သူပင် မသိလိုက်ဘဲ တာအိုကျင့်စနစ်၏ ၂၄ ဘုံမြောက် ကောင်းကင်ဘုံသို့ ရောက်ရှိနေခဲ့ချေပြီ။

ဤအခြေအနေတွင် သိုင်းကွက်တစ်သောင်းနှင့် လမ်းစဉ်တစ်သောင်းပင်လျှင် သူ့ကို အန္တရာယ်မပြုနိုင်ချေ။ ထိုက်ကျိကြယ်တာရာလွင်ပြင်ကဲ့သို့ နေရာ၌ပင် သူသည် ဘေးကင်းနေသေး၏။

မွေးရာပါအခြေအနေတွင် မဟာတာအိုငါးခု ၊ လမ်းစဉ်ငါးခု ရှိသည်။ ဖရိုဖရဲတာအိုဖြင့် ထိုက်ယီ၊ အသွင်ရှိ၊ ဒြပ်မဲ့သည့် တာအိုဖြင့် ထိုက်ရှီ၊ မွေးရာပါမူလတာအိုဖြင့် ထိုက်ချူ၊ အသွင်နှင့်ဒြပ်ထု ရှိသော်လည်း ရုပ်ခန္ဓာမရှိသည့် ထိုက်စု၊ ယင်နှင့်ယန်တာအို ထိုက်ကျိ။ ၎င်းတို့ထဲမှ တစ်ခုကိုသာ နားလည်သိမြင်နိုင်ပါက မွေးရာပါအခြေအနေ၏ ပြိုင်ဘက်ကင်းနေရာတွင် ရပ်တည်နိုင်ပေလိမ့်မည်။

ချင်မူသည် ထိုက်ရှီလမ်းစဉ်မှ နားလည်သိမြင်ခဲ့သော ကောင်းကင်နတ်သိုင်းတစ်ခုကို အသက်သွင်းထား၏။ ၎င်းက ထုတ်ပြထားခြင်းသာဖြစ်သော်လည်း ဤသို့အခြေအနေမျိုးတွင် သူ့ကို ထိခိုက်စေချင်ပါက မဟာတာအိုငါးခုထဲမှ ကောင်းကင်နတ်သိုင်းကို သုံးရမည်ဖြစ်ပြီး စွမ်းဆောင်ရည်များသည် သူ့ထက်များစွာ မြင့်မားရလိမ့်မည်။

သို့သော် ကောင်းကင်နတ်သိုင်းများက ကောင်းကင်နတ်သိုင်းများသာဖြစ်ပြီး မဟာတာအိုကတော့ မဟာတာအိုသက်သက်ပင်။

ကောင်းကင်နတ်သိုင်းများသည် အသွင်ပြောင်းလဲရာတွင် အားနည်းချက်များ ရှိသည်။ တာအိုကို မရသေးသရွေ့ အားနည်းချက်များက ပျောက်ကွယ်သွားမည်မဟုတ်ပေ။ ထိုသို့မဟုတ်ပါက ကောင်းကင်နတ်ဧကရာဇ်ထိုက်ချူ မသေဆုံးနိုင်သလို၊ ထိုက်ကျိသည်လည်း ပုန်းနေစရာလိုမည်မဟုတ်။ ထိုက်ရှီလည်း ကံဆိုးမည်မဟုတ်သလို ထိုက်စုလည်း အချိန်မတိုင်ဘဲ မွေးဖွားလာခဲ့မည်မဟုတ်ပေ။

“ကောင်းကင်နတ်ဧကရီ၊ ငါတို့အနေနဲ့ မင်းကို ကူညီပေးဖို့ မဖြစ်နိုင်ဘူး… ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါ” ရှေးဟောင်းနတ်ဘုရားထိုက်ကျိ၏အသံက ကောင်းကင်နတ်ဧကရီ၏ နားထဲသို့ ရုတ်တရက်ဝင်ရောက်လာ၏။

ကောင်းကင်နတ်ဧကရီက အသာအယာ ခေါင်းညိတ်၍ မှင်သေသေ ပြောသည်။ “အစ်ကိုတော်တို့နှစ်ယောက် ကျွန်မကို ကူညီပေးစရာမလိုပါဘူး”

သူမ၏အသံ ထွက်ပေါ်လာသည်နှင့် သူမတို့ ပတ်ပတ်လည်ရှိ အဖြူရောင်သဲကန္တာရမှာ ငြိမ်ကျသွား၏။ အဖြူရောင်သဲမှုန်က တိုက်ခတ်မနေတော့ဘဲ အရာအားလုံး တည်ငြိမ်သွားသည်။

ဝုန်း…

ချင်မူ၏ ဝိညာဉ်သန္ဓေသား ကောင်းကင်ရတနာနယ်ပယ်က ရုတ်တရက် ပေါက်ကွဲထွက်လာသဖြင့် ကောင်းကင်နတ်ဧကရီ၏ မျက်လုံးထောင့်များ တွန့်သွား၏။ ချင်မူသည် သူမကို စောစောက ကျောခိုင်းထားခဲ့သော်လည်း ယခုတွင်တော့ မျက်နှာမူထားသည်။ ချင်မူ့ခန္ဓာကိုယ်က လှည့်မလာခဲ့သော်လည်း သူမသည် ချင်မူ၏ မျက်နှာကို မြင်နေရ၏။ ၎င်းကြောင့် ကောင်းကင်နတ်ဧကရီမှာ ဇဝေဇဝါဖြစ်သွားသည်။

“သူ့ကိုယ်သူ ထူးခြားဆန်းကြယ်တဲ့ပုံဖမ်းနေတယ်”

ကောင်းကင်နတ်ဧကရီက အေးစက်စွာ နှာမှုတ်လိုက်ပြီး လက်မြှောက်၍ ညွှန်ပြလိုက်၏။ အဆုံးသတ်မြို့ပျက်‌အမှောင်ထုက ချင်မူ၏ ဦးခေါင်းအထက်တွင် ပေါ်ထွက်လာသည်။ ၎င်းက မိုင်တစ်သောင်းရှည်လျားပြီး ကတော့ချွန်ပုံရှိကာ ချင်မူ့ကို ဝါးမြိုပေတော့မည်။

ကောင်းကင်နတ်ဧကရီက ချာခနဲ လှည့်၍ ထွက်ခွာသွားသည်။ “နင် တိုက်ကွက်လေးတစ်ကွက်ကိုတောင် ခံနိုင်ရည်မရှိပါဘူး”

ထိုအခိုက်အတန့်တွင် တစ်လောကလုံးကို တုန်လှုပ်သွားစေသည့် ပေါက်ကွဲသံကြီးက အဆုံးသတ်မြို့ပျက်ဆီမှ ပေါ်ထွက်လာ၏။ ဧရာမမိစ္ဆာကြီးတစ်ကောင်က ဝါးမြိုမရနိုင်သည့် အရာတစ်ခုကို ဝါးမြိုနေသည့်အလားပင်။ ၎င်းက လည်ချောင်းထဲတွင် တစ်နေပြီး မြိုချမရသလို ထွေးထုတ်၍လည်း မရချေ။

ကောင်းကင်နတ်ဧကရီက မျက်မှောင်ကြုတ်၍ လှည့်ကြည့်လာသည်။ ချင်မူသည် မလှုပ်ရှားဘဲ အဆုံးသတ်မြို့ပျက်အမှောင်ထုထဲတွင် ရပ်နေသည်အား တွေ့လိုက်ရ၏။ အဆုံးသတ်မြို့ပျက်အမှောင်ထုသည် မည်မျှပင် ကြောက်စရာကောင်းပါစေ သူ့ကို ထိခိုက်အောင်မလုပ်နိုင်ချေ။

“ကောင်းကင်နတ်ဧကရီ၊ ခင်ဗျားရဲ့ရုပ်ခန္ဓာက အမြဲတမ်း ကျွန်တော့်လက်ထဲမှာ ရှိနေခဲ့တာ မမေ့နဲ့နော်”

အဆုံးသတ်မြို့ပျက်အမှောင်ထုထဲတွင် ချင်မူက လက်ဆန့်တန်း၍ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်၏။ “ခင်ဗျားရုပ်ခန္ဓာရဲ့ လျှို့ဝှက်ချက်တွေအားလုံးကို ကျွန်တော် သိထားပြီးပြီ… အဏုမြူသင်္ချာနဲ့ အခြေခံသင်္ချာကို သုံးပြီး ခင်ဗျားခန္ဓာကိုယ်ရဲ့ အသေးစိတ်ကျတဲ့ ပုံစံတစ်ခုကိုတောင် တည်ဆောက်ထားခဲ့သေးတာ”

သူက ဂုဏ်ယူဝံ့ကြွားစွာ ပြုံးလိုက်သည်။ “ခင်ဗျားရဲ့ခန္ဓာကိုယ်ကို ခင်ဗျားထက်တောင် ပိုသိသေးတယ်*

“လူယုတ်မာကောင်”

ကောင်းကင်နတ်ဧကရီက နှာခေါင်းရှုံ့၍ ပြောသည်။ “ကြည့်ရတာ နင့်လက်တင် မကဘူး.. ခေါင်းကိုပါ ဖြတ်ပစ်ရမှာပဲ”

All Chapters