ပြိုင်ဘက်ကင်းသော စွမ်းအား
Vol. 107 Ch. 1409
ဤအချိန်တွင် နတ်အရှင်မယန်သည် ထိုက်ကျိကြယ်တာရာလွင်ပြင်ဆီသို့ အလျင်အမြန် ခရီးနှင်နေသည်။ သူမက အနက်ရောင်သဲကန္တာရကို ဖြတ်သန်းနေပြီး နတ်အရှင်မချန်းနှင့် ကောင်းကင်လက်နက် ကောင်းကင်နတ်အရှင်ယွီကလည်း သဲကန္တာရထဲသို့ လိုက်ပါလာသည်။
နတ်အရှင်မချန်းနှင့် ကောင်းကင်နတ်အရှင်ယွီနှစ်ယောက်လုံးမှာ ကောင်းကင်နတ်အရှင်အဆင့် ပုဂ္ဂိုလ်များ ဖြစ်ကြသည်။ ကျွယ်ဝူချိန်ပင်လျှင် သူတို့ကို အာရုံမခံနိုင်ချေ။ ကျောက်တုံးတွင်းမှာ အဆက်မပြတ် ပြောင်းလဲနေသဖြင့် ကောင်းကင်နတ်အရှင်နှစ်ပါးမှာ အံ့ဩငေးမောစွာ စုတ်တစ်ချက် သပ်လိုက်မိကြသည်။
သူတို့ ကျောက်တုံးတွင်းဆီ လျှောက်လာကြသည့်အချိန်တွင် ဤကျောက်တုံးတွင်းသည် ထိုက်ကျိမဟာတာအို၏ ထူးခြားဆန်းကြယ်မှုတို့ဖြင့် ပြည့်နှက်နေကြောင်း ခံစားလိုက်ကြရသည်။ ယင်နှင့်ယန်က အတောမသတ်စွာ မွေးဖွားလျက် ပြောင်းလဲနေကြလေသည်။
ထိုက်ကျိတာအိုသည် ကောင်းကင်နှင့် မြေကြီး၏ သက်ရှိသတ္တါများအား အသွင်ပြောင်းလဲနိုင်သည်။ အထူးသဖြင့် ကမ္ဘာဦးသားရဲများ၊ ပန်းပွင့်များ၊ မြက်ပင်များ၊ ပိုးကောင်များ၊ လူသားများ၊ နတ်ဘုရားများ၊ မိစ္ဆာများနှင့် မကောင်းဆိုးဝါးများပင်။ ရှေးဟောင်းနတ်ဘုရားများကိုပင် ဖန်ဆင်း၍ ရနိုင်၏။
အသက်မရှိသည့် အရာများဖြစ်ကြသည့် မြစ်များ၊ တောင်တန်းများ၊ ပင်လယ်များ၊ မိုးကြိုးတိမ်တိုက်များ၊ လျှပ်စီးများ၊ နေ၊ လနှင့် ကြယ်တာရာတို့ကိုပါ အသွင်ပြောင်းလဲနိုင်၏။ ၎င်းက ဖန်ဆင်းခြင်း၏ ခမ်းနားဆန်းကြယ်မှုပင်။
နတ်အရှင်မချန်းနှင့် ကောင်းကင်လက်နက် ကောင်းကင်နတ်အရှင်ယွီကို ထိန်းချုပ်နေသည့် ရှစ်ချီလော်ပင်လျှင် ငေးကြောင်သွားသည်။ သူတို့မှာ ထိုက်ကျိရှေးဟောင်းနတ်ဘုရားများ၏ စွမ်းအားနှင့် ထိုက်ကျိကျောက်တုံးတွင်း ကျယ်ပြောနက်နဲမှုကို ချီးကျူးမိကြလေသည်။
သို့သော် ဤသည်မှာ သူတို့၏အမြင်အာရုံကို ဖုံးကွယ်ရန် ဖန်တီးထားသည့် ကျောက်တုံးတွင်းအတု ဖြစ်သည်ကိုတော့ မသိကြချေ။
ဥမှ ပေါက်ဖွားသော ရှေးဟောင်းနတ်ဘုရားများကြားတွင် ထိုက်ကျိရှေးဟောင်းနတ်ဘုရားနှစ်ပါးကား ဉာဏ်အများဆုံး ဖြစ်ကြသည်။ ကောင်းကင်နတ်အရှင်များပင်လျှင် ဤကျောက်တုံးတွင်းအတု၏ နတ်နဲကျယ်ပြောမှုကို အာရုံခံနိုင်ရန် ခက်ခဲနေ၏။
သို့သော် ကျွယ်ဝူချိန်၏အနောက်မှ အချိန်အတော်ကြာ လိုက်လာခဲ့ပြီးသည့်တိုင် နတ်အရှင်မချန်းနှင့် ကောင်းကင်လက်နက် ကောင်းကင်နတ်အရှင်ယွီတို့ကား ကျောက်တုံးတွင်းထဲသို့ မဝင်ကြသေးပေ။ သူတို့မှာ စိုးရိမ်သင်္ကာမကင်းဖြစ်နေကြသည်။
ကောင်းကင်လက်နက် ကောင်းကင်နတ်အရှင်ယွီက ကျောက်တုံးတွင်း၏ စွမ်းအားကို စမ်းသပ်ရန် ပြင်လိုက်စဉ် ကျွယ်ဝူချိန်၏ ကြည်လင်အေးမြသောအသံက ရုတ်တရက် ထွက်ပေါ်လာ၏။ “တာအိုအစ်ကိုတော် ကျွယ်ဝူချိန်လာတွေ့ပါတယ်… ကျေးဇူးပြုပြီး ကိုယ်ယောင်ပြပေးပါ”
ကောင်းကင်လက်နက် ကောင်းကင်နတ်အရှင်ယွီက ချက်ချင်း နောက်ဆုတ်လိုက်သည်။ သို့သော် ကျောက်တုံးတွင်းထဲရှိ အပြောင်းအလဲတို့က တဖြည်းဖြည်း ငြိမ်ကျသွားပြီး ကျွယ်ဝူချိန်၏ ခြေဖဝါးအောက်၌ လမ်းတစ်သွယ် ပေါ်လာကြောင်း တွေ့လိုက်ရလေသည်။
ကျွယ်ဝူချိန်က ကျောက်တုံးတွင်းထဲသို့ ဝင်ရောက်သွားသည်။
ကောင်းကင်နတ်အရှင်နှစ်ပါးမှာ သူမနောက်မှ လိုက်လာခဲ့သည်မှာ ကြာခဲ့လေပြီ။ သည်းခံနိုင်စွမ်း ကုန်ဆုံးတော့မည့်အချိန်တွင် ခမ်းနားထည်ဝါသော သဘာဝယဇ်ပလ္လင်တစ်ခုက သူတို့အရှေ့၌ ပေါ်ထွက်လာသည်။ ထိုက်ကျိကျောက်တုံးရိုင်းရှစ်တုံးကား နတ်ဘုရားဥတစ်လုံးကို စောင့်ရှောက်နေကြ၏။
ကောင်းကင်နတ်အရှင်နှစ်ပါးက ၎င်းကို ဘာမှမလုပ်ကြသေးပေ။ သူတို့နှစ်ယောက်သည် ကျွယ်ဝူချိန် နတ်ဘုရားဥအား ဦးခေါင်းညွှတ်အရိုအသေပေးပြီးနောက် ထိုင်ချလိုက်သည်ကို ကြည့်နေကြသည်။
ကျွယ်ဝူချိန်နှင့် နတ်ဘုရားဥက စကားစမြည်ပြောနေကြ၏။ ကောင်းကင်နတ်အရှင်နှစ်ပါး လူလုံးထွက်ပြတော့မည့်အချိန် စကားလမ်းကြောင်းမှာ ရုတ်တရက် ပြောင်းလဲသွားသည်။ သူတို့နှစ်ယောက် လောကအရေးကိစ္စများကို ပြောနေကြစဉ် နတ်ဘုရားဥက ခရာတစ်ခုကို မှုတ်လိုက်ကာ ကောင်းကင်နှင့်မြေကြီးကို မှောင်မိုက်သွားစေသည်။ ကောင်းကင်နတ်အရှင်နှစ်ပါးမှာလည်း ဆက်လက်သည်းခံလိုက်ကြသည်။
ထိုအခိုက်အတန့်တွင် ကောင်းကင်နတ်အရှင်နှစ်ပါးသည် ကောင်းကင်နတ်သိုင်းတစ်ခု၏ လှိုင်းဂယက်ထလာသလို ရုတ်တရက် ခံစားလိုက်ရသည်။ ထိုက်ကျိကျောက်တုံးတွင်းပင်လျှင် လှိုင်းဂယက်များကြားထဲတွင် အနည်းငယ် တုန်ခါသွားပြီး လေအတိုက်ကြောင့် လွင့်သွားသည့် စာရွက်ကဲ့သို့ အနည်းငယ် လှုပ်ခါသွား၏။
“မဟုတ်သေးဘူး… ထိုက်ကျိကျောက်တုံးတွင်းအစစ်က စကြ၀ဠာ စတင်ပေါ်ပေါက်ကတည်းက ထွက်ပေါ်လာခဲ့တာ… ကောင်းကင်နတ်သိုင်းရဲ့ လှိုင်းဂယက် မပြောနဲ့... ကောင်းကင်နတ်အရှင်တွေ တိုက်ခိုက်ရင်တောင်မှ တုန်လှုပ်စေနိုင်မှာမဟုတ်ဘူး”
ကောင်းကင်နတ်အရှင်နှစ်ပါးမှာ သတိကပ်သွားကြသည်။ ဤအခိုက်အတန့်တွင် ဒုတိယမြောက် လှိုင်းဂယက်က ထွက်ပေါ်လာပြန်၏။ ဤလှိုင်းဂယက်က ပို၍ပင် အားကောင်းပြင်းထန်နေသဖြင့် ကောင်းကင်နတ်အရှင်များသည် စွန်းအားကုန်တိုက်ခိုက်နေကြသည့်အလား ထင်ရသည်။ ကောင်းကင်လက်နက် ကောင်းကင်နတ်အရှင်ယွီက သံရှည်ဆွဲ၍ အော်ဟစ်လိုက်ရင်း စွမ်းအားအလုံးစုံ ထုတ်လွှတ်လိုက်၏။ ချက်ချင်းဆိုသလို ဤကျောက်တုံးတွင်းမှာ ပြိုလဲကျသွားတော့သည်။ တောင်တန်းများ ပြိုလဲပြီး နေနှင့်လလည်း ပုံပျက်ကာ မရေမတွက်နိုင်သောသားရဲများ၊ နတ်ဘုရားများနှင့် အခြားထူးဆန်းသော ဖြစ်စဉ်အားလုံးက ယင်ယန်ချီမျှင်များအဖြစ် ပြောင်းလဲကာ ပြန့်ကြဲသွားကြတော့သည်။
“ငါ့ကို အရူးလုပ်နေတာပဲ”
ကောင်းကင်လက်နက် ကောင်းကင်နတ်အရှင်ယွီက ထရပ်လိုက်စဉ် အနက်ရောင်လှိုင်းကြီးတစ်လှိုင်း ၀င်ရောက်လာသည်ကို တွေ့လိုက်ရသည်။ မကြာမီ ၎င်းအနက်ရောင်သဲမှုန်များက သူ၏မျက်လုံးထဲတွင် နှိုင်းယှဥ်မရနိုင်အောင် ကြီးမားလာကြချေပြီ။ ထို့နောက် ချက်ချင်းဆိုသလို ဂြိုဟ်ကြီးများအသွင် ပြောင်းလဲသွားကာ အနက်ရောင်သဲကန္တာရသည် ကြယ်တာရာကုဋေချီ ပြည့်နှက်နေသည့် နဂါးငွေ့တန်းတစ်ခြအဖြစ် ပြောင်းလဲသွားသည်။
သူသည် ကျယ်ပြောသော နဂါးငွေ့တန်းအလယ်တွင် ရှိနေပြီး ဂြိုဟ်များက သူ့အရှေ့တွင် လှည့်ပတ်ကခုန်ကာ သူ၏အမြင်အာရုံကို ဖုံးကွယ်ထားကြ၏။
ထိုစဉ် နတ်အရှင်မချန်းမှာလည်း ကျယ်ပြောသော နဂါးငွေ့တန်းတစ်ခုဆီသို့ ရောက်ရှိသွားသည်ကို တွေ့လိုက်ရသည်။ သူမက ပတ်ဝန်းကျင်အား ကြည့်လိုက်ရာ ကောင်းကင်လက်နက် ကောင်းကင်နတ်အရှင်ယွီနှင့် ကျွယ်ဝူချိန်ကို အစအနပင် မမြင်ရတော့ချေ။
“ထိုက်ကျိရှေးဟောင်းနတ်ဘုရားက တော်တော်စွမ်းအားကြီးတာပဲ…”
နတ်အရှင်မချန်းက ရေရွတ်လိုက်မိသည်။ “မမွေးဖွားသေးတာတောင် ကောင်းကင်နတ်အရှင်တစ်ပါးကို လှယ်စားနိုင်တယ်… မွေးဖွားလာခဲ့ရင် ဘယ်လောက်တောင်များ အစွမ်းထက်မလဲမသိဘူး… ဒီလိုနည်းလမ်းက ကောင်းကင်နတ်အရှင်တစ်ပါးကို မပိတ်လှောင်နိုင်ဘူး… ထိုက်ချူလို ဒီလောကပေါ် ရောက်လာပြီး ဖျက်ဆီးမှုတွေ မလုပ်နိုင်အောင် ဥခွံထဲမှာပဲ သေသွားတာကောင်းတယ်”
သူမက ရှေ့သို့တက်သွားပြီး သူမ၏ အဆင့်မြင့်အသိစိတ်အလျဉ်ကို အရပ်လေးမျက်နှာသို့ ဖြန့်ကျက်ကာ ကြယ်တာရာများအား လွင့်ထွက်သွားစေသည်။ ထိုက်ကျိရှေးဟောင်းနတ်ဘုရားအနေဖြင့် မည်မျှပင်စွမ်းအားကြီးပါစေ ဟင်းလင်းပြင်ကိုတော့ မထိတွေ့နိုင်ချေ။
ထိုက်ကျိသည် ထိုက်ချူထက် အဆင့်မြင့်၏။ ထိုက်ချူတာအိုသည် မွေးရာပါချီနှင့် အသိစိတ်အလျဉ်အဖြစ် ခွဲခြားခံထားရသည်။ အသိစိတ်အလျဉ်မှာ ဟင်းလင်းပြင်သို့ အသုံးဝင်၏။ မဟာဧကရာဇ်၏ လူဝင်စားဖြစ်သည့်အလျောက် နတ်အရှင်မချန်း၏ အသိစိတ်အလျဉ်မှာ စွမ်းအားကြီးလေသည်။ ထိုက်ကျိကြယ်တာရာလွင်ပြင်ရှိ အန္တရာယ်များက သူမအပေါ် သက်ရောက်မှုမရှိပေ။
ရှေးဟောင်းနတ်ဘုရားထိုက်ကျိ မွေးဖွားလာပြီး တာအိုကျင့်စဉ်စနစ်၏ ကောင်းကင်ဘုံ ၃၅ ဘုံသို့ ရောက်ရှိသည့်အခါမှသာ မဟာဧကရာဇ်အတွက် အန္တရာယ်ရှိလေသည်။ သို့သော် ၎င်းက မဟာဧကရာဇ်၏ တာအိုသစ်သီးကို အန္တရာယ်မပေးနိုင်ချေ။
ရှေးဟောင်းနတ်ဘုရားထိုက်ကျိသည် တာအိုရရှိပြီး အန္တိမဟင်းလင်းပြင်၌ တာအိုတံဆိပ် ခတ်နှိပ်သည့်အခါမှသာ မဟာဧကရာဇ်၏ အသက်အန္တရာယ်ကို ခြိမ်းခြောက်နိုင်လိမ့်မည်။
ရှေးဟောင်းနတ်ဘုရားထိုက်ကျိ ပြောခဲ့သည့်အတိုင်း သူတို့သည် တာအိုနှင့် ဝေးကွာနေသေး၏။ ဦးစွာ မွေးဖွားပြီးနောက် သေမျိုးလောကထဲသို့ ဝင်ရောက်ကာ တာအိုရနိုင်ရန် သူတို့ကိုယ်သူတို့ သန့်စင်ရပေလိမ့်မည်။ မဟုတ်လျှင် ဥမှပေါက်ဖွားသည့် ရှေးဟောင်းနတ်ဘုရားများဖြစ်လျှင်တောင်မှ သူတို့၏အသက်အန္တရာယ်ကို ခြိမ်းခြောက်နိုင်သည့် ပုဂ္ဂိုလ်များစွာ ရှိသေးသည်။
နတ်အရှင်မချန်းက ကြယ်တာရာလွင်ပြင်အား ဖြတ်၍ ကျောက်တုံးတွင်းအစစ်အမှန်ကို ရှာဖွေနေသည်။ တခြားတစ်ဖက်တွင် ကောင်းကင်လက်နက် ကောင်းကင်နတ်အရှင်ယွီမှာ အဆုံးသတ်မြို့ပျက်၏ ဝါးမြိုခြင်းကို ခံနေရသည်။ ကြယ်တာရာလွင်ပြင်ထဲတွင် အက်ကွဲကြောင်းကြီးတစ်ကြောင်းက လျင်မြန်စွာ ထွက်ပေါ်လာနေပြီး ၎င်းဖြတ်သန်းသွားသည့် နေရာတိုင်းရှိ ကြယ်တာရာများပင်လျှင် ဝါးမြိုခံနေရသည်။
ဆယ့်တစ်ပါးမြောက် ကောင်းကင်နတ်အရှင်ဖြစ်သည့် အရှင်မယွမ်မု၏ အန္တိမကောင်းကင်နတ်သိုင်းများမှာလည်း စွမ်းအားကြီးမား၏။ ကြယ်တာရာလွင်ပြင်ပင်လျှင် သူမကို မတားနိုင်ပေ။
ကောင်းကင်နတ်အရှင်နှစ်ပါးမှာ ရုတ်တရက် တစ်စုံတစ်ခုကို တွေ့ရှိသွားကြသည်။ သူတို့အရှေ့တွင် ကြယ်တာရာလွင်ပြင်တလျှောက် ဆန့်တန်း၍ ဂြိုဟ်များစွာအား ဖိနှိပ်ထားသော တောင်တန်းတစ်ခုကို မြင်လိုက်ရသည်။
ဤတောင်တန်းသည် အလွန်တရာ အံ့သြဖွယ်ကောင်းပြီး မြင်ရသူတိုင်းကို ပါးစပ်အဟောင်းသားဖြစ်နေစေ၏။
ကောင်းကင်နတ်အရှင်များ၏ ကောင်းကင်နတ်သိုင်းလှိုင်းဂယက်များသည် ဤနေရာမှ ထွက်ပေါ်လာခြင်းဖြစ်သည်။ ဤတစ်ကြိမ်တွင် ထိုလှိုင်းဂယက်များမှာ ပို၍ရှင်းလင်းပြတ်သားနေကြ၏။ ထိုလှိုင်းများမှာ နတ်အရှင်မယန်၏ ကောင်းကင်နတ်သိုင်းများဖြစ်ကြောင်း ကောင်းကင်နတ်အရှင်နှစ်ပါး သဘောပေါက်သွားကြသည်။
“နတ်အရှင်မယန်က ရှေးဟောင်းနတ်ဘုရားထိုက်ကျိကို သတ်ဖို့ ကြိုးစားနေတာများလား”
သူတို့နှစ်ယောက်မှာ ပြိုင်တူအံ့အားသင့်နေကြသည်။ သူတို့က တောင်တန်းဆီသို့ အလောတကြီး ဦးတည်သွားကြသည်။ ဧရာမတောင်တန်းထိပ်သို့ ရောက်လျှင် ဟိုဟိုသည်သည် ကြည့်လိုက်ကြ၏။ ရုတ်တရက် ကြယ်တာရာလွင်ပြင်မှာ သဲကန္တာရ ပြန်ဖြစ်သွားချေပြီ။ မရေမတွက်နိုင်သော ကြယ်တာရာများ ပျောက်ကွယ်သွားပြီး သဲမှုန်များသာ ကျန်ရစ်ခဲ့၏။
ထူးဆန်းသည်က တစ်ဖက်တွင် အနက်ရောင်သဲကန္တာရ ဖြစ်နေပြီး ကျန်တစ်ဖက်တွင်တော့ အဖြူရောင်သဲကန္တာရ ဖြစ်နေချေသည်။ ဤတောင်တန်း၏ ပထဝီအနေအထားမှာ ရှုပ်ထွေးလွန်းကာ အဆက်မပြတ် ပြောင်းလဲနေလေသည်။ ကောင်းကင်နတ်အရှင်နှစ်ပါးပင်လျှင် နတ်အရှင်မယန်ကို ရှာမတွေ့နိုင်ကြပေ။
ထိုအခိုက်အတန့်တွင် ကောင်းကင်နတ်သိုင်း လှိုင်းအသေးစားတစ်လှိုင်းက ရုတ်တရက် လိမ့်ထွက်လာသည်။ ကောင်းကင်နတ်အရှင်နှစ်ပါးလည်း အလျင်အမြန် ပြေးသွားကြည့်ကြရာ ကောင်းကင်ထက်တွင် အဖြူရောင်သဲမှုန်များ ကခုန်နေကြောင်း တွေ့လိုက်ကြရသည်။ လူရိပ်နှစ်ခုက အဖြူရောင်သဲကန္တာရတွင် ပြေးလွှား၍ တစ်ယောက်နှင့်တစ်ယောက် တိုက်ခိုက်နေကြလေသည်။
သူတို့နှစ်ယောက်အနောက်တွင်တော့ ကောင်းကင်နန်းဆောင်များက နတ်အလင်းရောင်တို့ဖြင့် တောက်ပနေချေသည်။ လေပြင်းများနှင့် သဲမှုန်များက အားကောင်းစွာ တိုက်ခတ်နေလျှင်တောင်မှ ကောင်းကင်နန်းဆောင်များမှ အလင်းရောင်ကို ကာကွယ်ရ န်ခက်ခဲပေလိမ့်မည်။
“ကောင်းကင်နတ်ဧကရီ”
“အစ်မတော်…. အဲဒီကောင်မ”
ကောင်းကင်နတ်အရှင်နှစ်ပါးမှာ လူရိပ်နှစ်ခုထဲမှ တစ်ခုသည် ကောင်းကင်နတ်ဧကရီ ဖြစ်မှန်း သိလိုက်ကြရသည်။ သူမကို တိုက်ခိုက်နေသူကို မြင်လျှင် ပို၍ပင် အံ့အားသင့်သွားကြ၏။ ၎င်းက ကောင်းကင်နတ်အရှင်မူ၊ ချင်မူဖြစ်ချေသည်။
ထိုအခိုက်အတန့်တွင် ချင်မူသည် အဖြူရောင်သဲကန္တာရကို အလွန်လျင်မြန်သောအမြန်နှုန်းဖြင့် ဖြတ်သန်းသွားလာနေ၏။ သူ့အရှေ့နှင့်အနောက်တွင် အဆုံးသတ်မြို့ပျက်အမှောင်ထုက နေရာယူထားသည်။ ၎င်းတို့က အရာအားလုံးကို ဝါးမြိုနိုင်သည့် တွင်းနက်ကြီးများအလား အားလုံးကို ၀ါးမြိုနေကြ၏။
ဤသည်က ကောင်းကင်နတ်ဧကရီ၏ ကောင်းကင်နတ်သိုင်းပင်။
သူ၏ခြေထောက်အောက်တွင်တော့ ဝိညာဉ်သန္ဓေသားကောင်းကင်ရတနာနယ်ပယ်သည် ဖြန့်ကျက်၍ သူ၏လှုပ်ရှားမှုများနှင့်အတူ လှုပ်ရှားနေချေသည်။
သူ့အရှေ့တွင်တော့ ကိုက်သုံးရာအကွာအဝေး ရှိပြီး ကောင်းကင်နတ်ဧကရီကလည်း အလျင်အမြန် ဖြတ်သွားနေ၏။ သူမ၏လက်ချောင်းများနှင့် လက်ဖဝါးထဲတွင် အမျိုးမျိုးသော ကောင်းကင်နတ်သိုင်းများက ပြန့်ကျဲနေရာယူထားကြသည်။
ရုတ်တရက် ချင်မူ၏ ကောင်းကင်နန်းဆောင် ၁၉ခု မှ မူလဝိညာဉ် ၁၈ ခုက ပျံထွက်လာကြပြီး ပင်မကောင်းကင်နန်းဆောင်၏ မူလဝိညာဉ်ကို လှည့်ပတ်လိုက်ကြ၏။ သူတို့အားလုံး၏ ပုံသဏ္ဌာန်များက မတူညီကြဘဲ အတိုက်အခိုက်စိတ်ဆန္ဒတို့က ကောင်းကင်သို့ မြင့်တက်သွားကြသည်။ ဧကရာဇ် ၁၈ပါးက ဥသျှောမင်းဘုရားတစ်ပါးကို ဝိုင်းဝန်းလှည့်ပတ်နေပြီး ကမ္ဘာလောကတစ်သောင်းမှ ရှေးဟောင်းနတ်ဘုရားများလည်း ထွက်ပေါ်လာသည့်အလားပင်။ ၎င်းတို့က ခက်ထန်ကြမ်းတမ်းစွာဖြင့် တစ်ယောက်ကိုတစ်ယောက် တိုက်ခိုက်သတ်ဖြတ်နေကြပြီး စစ်နတ်ဘုရားတစ်ပါး၏ အရှိန်အဝါကို ထုတ်လွှတ်နေသည်။
နဂါးနှင့်ဟန်တိုက်ပွဲ.
ဤကောင်းကင်နတ်သိုင်းတွင် နဂါးဟန်ခေတ်ရှိ ကောင်းကင်နတ်ဘုံသုံးခုကြားမှ ခမ်းနားကြီးကျယ်သောတိုက်ပွဲကို အရှင်မယွမ်မုနှင့် မဟာဧကရာဇ် မြင်နေရချေသည်။ ကောင်းကင်နတ်အရှင်ယွင်မှ မဟာဧကရာဇ်ကို အကောက်ကြံ၍ ချုံခိုတိုက်ခိုက်ခဲ့သော အရိပ်များနှင့် ကောင်းကင်နတ်ဧကရာဇ်ထိုက်ချူကို တိုက်ခိုက်သတ်ဖြတ်ခဲ့ကြသည့် တန်ခိုးရှင်များနှင့် နတ်ဘုရားတစ်ပိုင်းများ၏ အရိပ်များကို မြင်နေရချေသည်။ ကောင်းကင်နတ်ဘုံသုံးခု၏ စစ်တပ်ကြီးများ ချီတက်လာပြီး ကောင်းကင်ထက်တွင် သွေးကျောင်းစီးသော တိုက်ပွဲကြီး ဖြစ်ပေါ်နေသည်ကို တွေ့မြင်နေကြရ၏။
ဤကောင်းကင်နတ်သိုင်းသည် ချင်မူ့တာအိုစနစ်၌ ၁၇ခုမြောက် ကောင်းကင်ဘုံဖြစ်လေသည်။ ၎င်းက နဂါးဟန်ခေတ်ရှိ သွေးသံရဲရဲတိုက်ပွဲကို အပြည့်အဝ ထုတ်ဖော်ပြသထား၏။
ဝုန်း….
ချင်မူနှင့် ကောင်းကင်နတ်ဧကရီမှာ ဝုန်းခနဲ ဝင်တိုက်သွားကြပြီး ကောင်းကင်နတ်သိုင်း၏ စွမ်းအားကို အဆုံးအစွန်အထိ ထုတ်လွှတ်လိုက်ကြသည်။ သို့သော် သူတို့နှစ်ယောက်ဝင်တိုက်သွားသည့်အချိန်တွင် ချင်မူမှာ နောက်သို့လန်ကျသွား၏။ သူက သဲကန္တာရမြေပြင်ပေါ်တွင် လဲလျောင်းကာ ကောင်းကင်နတ်ဧကရီ၏ စွမ်းအားကို ခုခံရင်း ဆုတ်ခွာနိုင်ရန် ကြိုးစားနေသည်။
နောက်တခဏတွင် အမှောင်ထုကြီးတစ်ခုက သူ့အနောက်တွင် ပေါ်လာပြီး ကောင်းကင်နတ်ဧကရီ ထွက်လာ၏။ သူမ၏အင်္ကျီလက်စရှည်များသည် လေထဲတွင် မြောလွင့်နေပြီး ချင်မူ၏ ဦးခေါင်းကို ပစ်မှတ်ထားလျက် ပြေးဝင်သွားသော မြွေတစ်ကောင်၏ အမှောင်ထုပါးစပ်ပေါက်ကြီးပမာ ပြောင်းလဲသွားသည်။
ချင်မူက ဆုတ်ခွာနေသည့်အမြန်နှုန်းမှာ လျော့ကျမသွားပေ။ မူလဝိညာဉ် ၁၈ခုလုံးက ကိုယ်ပိုင်နေရာအသီးသီးသို့ ပြန်သွားကြပြီး နတ်ဘုရားစီရင်ရာစင်မြင့်များတွင် ထိုင်လိုက်ကြသည်။ သွေးနှင့်မိစ္ဆာချီတို့သည် သူတို့၏ပတ်ပတ်လည်တွင် လှည့်ပတ်နေကြသော်လည်း သူ့မူလဝိညာဉ်များအပေါ် ထိခိုက်နိုင်ခြင်းမရှိပေ။
ချင်မူမှာ သူကိုယ်တိုင်ပင် သတိမထားမိလိုက်ပဲ နဂါးသွဲ့ရေကန်အဆင့်ကို ဖြတ်၍ နတ်ဘုရားစီရင်ရာစင်မြင့်အဆင့်သို့ ရောက်ရှိသွားချေပြီ။
ကောင်းကင်နန်းဆောင်အားလုံးက ရုတ်တရက် ကျုံ့၀င်သွားကြပြီး သူ့မျက်ခုံးနှစ်ဖက်ကြားသို့ ပြိုင်တူ၀င်ရောက်သွားကြသည်။
ချင်မူ့ရုပ်ခန္ဓာမှာ ချက်ချင်းပင် နှိုင်းယှဉ်မရနိုင်အောင် တောက်ပလာ၏။ ရှေးဟောင်းနတ်ဘုရား အမှတ်အသားများက သူ့ရုပ်ခန္ဓာ၏ မွှေးညှင်းပေါက်အားလုံးတွင် ထွက်ပေါ်လာပြီး ရုပ်ခန္ဓာခွန်အားကို အဆုံးအစွန်အထိ မြှင့်တင်ပေးလိုက်သည်။ ထိုအခိုက်အတန့်တွင် သူ၏မျက်ခုံးနှစ်ဖက်ကြားရှိ ကောင်းကင်နတ်ဘုံထဲမှ ကောင်းကင်နန်းဆောင်များ၏ တည်နေရာများ ပြောင်းလဲသွားကြ၏။ ၎င်းတို့က ဖန်ဆင်းခြင်းကောင်းကင်နန်းဆောင်၏ ပင်မခန္ဓာကိုယ် ဖြစ်လာကြပြီး ကျန်ကောင်းကင်နန်းဆောင်များက တစ်ခုနှင့်တစ်ခု သဟဇာတ ဖြစ်သွားကြသည်။
တခဏအတွင်း သူ၏ခွန်အားက စုစည်းသွားချေပြီ။
သူ၏ရုပ်ခန္ဓာက မြန်မြန်ဆန်ဆန် ကြီးထွားလာပြီး ကြွက်သားများက တောင့်တင်းခိုင်မာလာကြသည်။ သူ၏ခွန်အားသည် ချက်ချင်းဆိုသလို ပြိုင်ဘက်ကင်းသော အနေအထားသို့ ရောက်ရှိသွား၏။
ချိမင်နတ်ဘုရားခန္ဓာ။
သဲကန္တာရနှင့် ကပ်လုဆဲဆဲ ဖြစ်နေသည့် သူ၏ခန္ဓာကိုယ်က ငေါက်ခနဲ ထလာသည်။ သူ၏ကောင်းကင်ရတနာနယ်ပယ်က ကောင်းကင်နတ်ဧကရီ သူ့အနောက်တွင် မပေါ်လာနိုင်အောင် ဟန့်တားလိုက်သည်။ ချင်မူက ကောင်းကင်နတ်ဧကရီ၏ အင်္ကျီလက်စကို ထိုးကာ နဂါးပါးစပ်ကြီးသဖွယ် အမှောင်ထုဆီသို့ ပြေးဝင်သွားတော့သည်။ အဆုံးသတ်မြို့ပျက်အမှောင်ထု သူ့ကို မည်မျှပင် ဝါးမြိုရန် ကြိုးစားပါစေ သူ့လက်သီး၏စွမ်းအားကို မဖျက်စီးနိုင်ပေ။
သူ့တာအိုအဆင့်၏ ၁၈ခုမြောက် ကောင်းကင်ဘုံဖြစ်သည့် ချိမင်နတ်ခန္ဓာသည် သူ၏ဖန်ဆင်းခြင်းလမ်းစဉ်ကို စုစည်းပေးခဲ့ရုံသာမက သိုင်းလမ်းစဉ်နှင့် သိုင်းကွက်များကိုလည်း စုစည်းပေးခဲ့သည်။ ရှေးဟောင်းနတ်ဘုရားများသည် သန်မာသော ရုပ်ခန္ဓာများကြောင့် နာမည်ကျော်ကြားသလို မဟာတာအိုကိုလည်း အလိုအလျောက် ရရှိထားကြ၏။။ သို့သော် သိုင်းလမ်းစဉ်သည် အနီးကပ်တိုက်ခိုက်ရာတွင် အထူးပြုသည့် အန္တိမကျင့်စည်တစ်ခု ဖြစ်ချေသည်။
သူကား သိုင်းလမ်းစဉ်၏ ဧကရာဇ်တစ်ပါးအလားပင်။ အနီးကပ်တိုက်ခိုက်ရာတွင် နဂါးများကိုပင် တစ်စစီစုတ်ဖြဲ၍ ဇာမဏီငှက်များကို ချေမှုန်းသတ်ဖြတ်နိုင်သကဲ့သို့ သူ၏လောကသခင်ခန္ဓာသည် ကောင်းကင်ဘုံသို့ပင် ထိုးခွဲသွားနိုင်၏။ တစ်ချိန်တည်းမှာပင် ဖျက်ဆီးမရနိုင်သော ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားပြီး ချိမင်ဧကရာဇ်၏ ထာဝရနတ်ဘုရား မူလဝိညာဉ်ကိုပါ ရရှိထားသေးသည်။
ကောင်းကင်နတ်ဧကရီ၏ အင်္ကျီလက်စထဲတွင် သူမ၏လက်ဖဝါးက ဝိညာဥ်မြွေတစ်ကောင်ကဲ့သို့ ထွက်ပေါ်လာပြီး ချင်မူ၏လက်သီးနှင့် ၀င်တိုက်သွား၏။ ရှေးဟောင်းနတ်ဘုရား၏ နှိုင်းယှဉ်မရနိုင်အောင် စွမ်းအားကြီးသော ခန္ဓာကိုယ်မှာ အပြည့်အဝ အသုံးချခံနေရချေပြီ။
သူမ၏ခန္ဓာကိုယ်အစစ်အမှန်သည် အရှင်မယွမ်မု လုပ်ကြံသတ်ဖြတ်ခြင်းကြောင့် နဂါးဟန်ခေတ်အလယ်ပိုင်းတွင် စောစောစီးစီး သေဆုံးသွားခဲ့ရသည်။ သူမမှာ တစ္ဆေသင်္ဘောပေါ်တွင် ဖိနှိပ်ခံခဲ့ရသော်လည်း ချင်မူ့ထံမှ ရုပ်ခန္ဓာကို ပြန်လည်ရရှိပြီးနောက် သိုင်းအခြေခံကို အသုံးပြုကာ အစစ်အမှန်ခန္ဓာကိုယ်၏ စွမ်းအားအထိ မြှင့်တင်ခဲ့၏။ ၎င်းက ပေါ့သေးသေးကိစ္စ မဟုတ်ပေ။
သို့သော် သူမသည် ချင်မူနှင့် ထိပ်တိုက်ရင်ဆိုင်ရာတွင် အရေးမသာပေ။ သူ၏ရုပ်ခန္ဓာနှင့် မူလဝိညာဥ်မှာ မြင့်မားစွာ တစ်သားတည်း ဖြစ်နေသည့်အတွက် အသိစိတ်အလျဉ်နှင့် ချီစွမ်းအင်တို့မှာ ခန္ဓာကိုယ်တစ်ခုထဲတွင် သိပ်သည်းပါဝင်နေ၏။
သူတို့နှစ်ယောက်ဝင်တိုက်လိုက်သည်နှင့် ရှေးဟောင်းနတ်ဘုရား အမှတ်အသားများမှာ ချင်မူ၏ရုပ်ခန္ဓာမွေးညှင်းပေါက်အားလုံးတွင် တောက်ပလာခဲ့ကြ၏။ ၎င်းတို့က ရှေးဟောင်းနတ်ဘုရားနှစ်သောင်းအဖြစ် ပြောင်းလဲ၍ သူ့ပတ်ပတ်လည်တွင် ပျံသန်းနေခဲ့ကြပြီး မွေးညှင်းပေါက်ထဲ ဝင်ရောက်သွားကြသည်။
စွမ်းအားလှည့်ပတ်သွားတိုင်း ချင်မူ့ခန္ဓာကိုယ်ထဲရှိ တာအိုအသံက တုန်ခါလာတတ်၏။ အဖြူရောင်သဲကန္တာရ၏ လေပြင်းနှင့် သဲမှုန်များပင်လျှင် ကြည်လင်ပြတ်သားသည့် တာအိုအသံကို မခုခံနိုင်ကြပေ။
ကောင်းကင်နတ်ဧကရီ၏ အကြည့်မှာ အေးစက်နေသည်။ သူမ၏ပုံရိပ်က ကခုန်နေသည့်အလား ရွေ့လျားနေပြီး သူမ၏အင်္ကျီလက်စများက မြွေများအလား လွင့်ခါနေ၏။ သူမ၏အင်္ကျီလက်စများသည် အမှောင်ထုများ ဖြစ်ကြပြီး မကြာခဏဆိုသလို သူမ၏နူးညံ့သောလက်ကလေးများက အင်္ကျီလက်စများထဲမှ ထွက်ပေါ်လာတတ်သည်။ တိုက်ကွက်တိုင်းက လှပသော်လည်း အသတ်အဖြတ်စိတ်ဆန္ဒတို့က နက်ရှိုင်းစွာ ကိန်း၀ပ်နေကြ၏။
သူတို့နှစ်ယောက်က နောက်တစ်ကြိမ် ထပ်မံဝင်တိုက်ပြီးနောက် ဆုတ်ခွာလိုက်ကြသည်။
ဝှစ်….
ကောင်းကင်နန်းဆောင်၁၉ခုက ချင်မူ့ဦးခေါင်းနောက်မှ ပျံထွက်လာပြီး ဧရာမကောင်းကင်နတ်ဘုံကြီးအဖြစ် ပြောင်းလဲသွားသည်။သူက လက်ယှက်လျက် ဦးညွှတ်အရိုအသေပေးလိုက်၏။
ကောင်းကင်နတ်ဧကရီ၏ မျက်နှာအမူအရာမှာ အနည်းငယ်ပြောင်းလဲသွားပြီး အပေါ်သို့ အလောတကြီး ပျံတက်၍ သူ၏တိုက်ကွက်ကို ရှောင်တိမ်းလိုက်သည်။
ချင်မူက ဦးညွှတ်လိုက်သည့်အချိန်တွင် သူ့အရှေ့ရှိ မရေမတွက်နိုင်သော အဖြူရောင်သဲမှုန်များမှာ ချက်ချင်း ပျက်စီးပျောက်ကွယ်သွားပြီး ဖရိုဖရဲချီအမျှင်များအဖြစ် ပြောင်းလဲသွားကြ၏။
သို့သော် ကောင်းကင်နတ်ဧကရီမှာ ရှောင်တိမ်းလိုက်သည့်တခဏမှာတင် ... သူမ မည်သို့ပင်ရှောင်တိမ်းပါစေ ချင်မူ၏ ဝိညာဉ်သန္ဓေသား ကောင်းကင်ရတနာနယ်ပယ်သည် ထိပ်တိုက်တွေ့ဆုံမည်ကို သဘောပေါက်သွား၏။
ပတ်ဝန်းကျင်ရှိ အဖြူရောင်သဲမှုန်များက ချင်မူကို ဗဟိုပြု၍ ပြင်းထန်စွာ တုန်ခါနေကြပြီး ဖရိုဖရဲချီများအဖြစ် ပြောင်းလဲကာ ပြေး၀င်လာကြသည်။ ဘေးတွင်ရပ်ကြည့်နေသည့် နတ်အရှင်မချန်းနှင့် ကောင်းကင်လက်နက် ကောင်းကင်နတ်အရှင်ယွီတို့မှာ ၎င်းကို မြင်လျှင် မျက်နှာပျက်သွားကြ၏။ “ကောင်းလိုက်တဲ့ ကောင်းကင်နတ်သိုင်း”
“ရှောင်တိမ်းလို့ မရနိုင်တဲ့ ကောင်းကင်နတ်သိုင်းက တစ်ခါပဲ လှုပ်ရှားပြီး ပျောက်ကွယ်သွားတဲ့ နတ်ဧကရာဇ်လန်ရွှမ်ရဲ့ နတ်ဘုရားလက်ချောင်းထက် ပိုပြီးအားကောင်းပြင်းထန်တယ်”
ဤကောင်းကင်နတ်သိုင်းမှာ တာအိုကျင့်စဉ်စနစ်၏ ၂၆ ဘုံမြောက် ကောင်းကင်ဘုံဖြစ်ချေသည်။
ချင်မူ၏ အင်အားအကြီးမားဆုံး ကောင်းကင်နတ်သိုင်း…. တာအိုတို့ တစ်သားတည်းပေါင်းစည်းနေသော မူလချီကောင်းကင်နတ်သိုင်းပင်။