← Chapters

ဧကရီအား ရိုက်နှက်ခြင်း

Vol. 107 Ch. 1410

ဧကရီအား ရိုက်နှက်ခြင်း

Vol. 107 Ch. 1410

ကောင်းကင်နတ်ဧကရီမှာ အရပ်လေးမျက်နှာမှ ပြေး၀င်လာကြသော ဖရိုဖရဲချီတို့အား မြင်လိုက်ရသည်နှင့် အလျင်အမြန် နောက်ဆုတ်သွားသည်။ သို့သော် ချင်မူ၏ ကမ္ဘာဦးဖရိုဖရဲတာအို ကောင်းကင်နတ်သိုင်းမှာ အလွန်လျင်မြန်သောကြောင့် မကြာမီ သူမကို လိုက်မှီလာချေပြီ။

‌ကောာင်းကင်နတ်ဧကရီက ဆက်လက်နောက်ဆုတ်နေပြီး အမှောင်ထုတစ်ခုက သူမအနောက်တွင် ဖျတ်ခနဲ ပေါ်လာ၏။ သူမ အမှောင်ထုထဲ ၀င်ရောက်သွားသည့်အခါ အမှောင်ထုက ပိတ်သွားသည်။ ‌ကောင်းကင်နတ်ဧကရီမှာ အစအနပင်မကျန်ဘဲ ပျောက်ကွယ်သွားတော့သည်။

နောက်တခဏတွင် မူလချီဖရဲဖရဲတာအို၏ စွမ်းအားက အရှိန်အဟုန်ဖြင့် ရောက်လာကာ နေရာဟင်းလင်းပြင်အနက်ထဲရှိ အဆုံးသတ်မြို့ပျက်အမှောင်ထုအပေါ် ချက်ချင်း ဖိချလိုက်သည်။ အဆုံးသတ်မြို့ပျက် အမှောင်ထုထဲတွင် ပုန်းခိုနေသည့် ကောင်းကင်နတ်ဧကရီမှာ ဤအခြေအနေအား မျှော်လင့်မထားခဲ့ချေ။ ချင်မူ၏တိုက်ကွက်သည် အဆုံးသတ်မြို့ပျက်အား အမှန်တကယ် ထိုးဖောက်၍ သူမထံသို့ ပြေးဝင်လာသဖြင့် သူမမှာ အံ့အားသင့်နေမိ၏။

“ခင်ဗျား မရှောင်နိုင်ဘူးဆိုတော့ ထိပ်တိုက်ရင်ဆိုင်လိုက်လေ… ခင်ဗျားရဲ့ နတ်ဘုရားစီရင်ရာစင်မြင့် သိုင်းအဆင့်က ကျွန်တော့်ရဲ့ ရှေးဟောင်းနတ်ဘုရား မှော်စွမ်းအင်ကို ယှဉ်ပြိုင်နိုင်မယ်မထင်ဘူး”

‌ကောင်းကင်နတ်ဧကရီက ထိပ်တိုက်ရင်ဆိုင်ရန် လက်မြှောက်လိုက်သည်။ သူမ၏ မှော်စွမ်းအင်သည် ချက်ချင်း ပေါက်ကွဲထွက်လာပြီး ချင်မူ၏ မူလချီဖရိုဖရဲတာအိုနှင့် ထိတွေ့သွားသည့်အခါ ထိုကောင်းကင်နတ်သိုင်းနှင့် တစ်သားတည်း ဖြစ်ပြီး တိုက်ကွက်အား ပိုမိုစွမ်းအားကြီးမားလာစေကြောင်း ခံစားနေ၏။

ကောင်းကင်နတ်ဧကရီမှာ အံ့ဩမှင်သက်သွားပြီး အလျင်အမြန် လက်ဖဝါးရုတ်လိုက်သည်။ သူမက ဆံနွယ်များထဲမှ ဆံထိုးတစ်လက် ထုတ်လိုက်၏။ ၎င်းသည် အဆုံးသတ်မြို့ပျက်အတွင်းမှ သတ္ထုဖြင့် သွန်းလုပ်ထားခြင်းဖြစ်သဖြင့် သူမသည် မှော်စွမ်းအင်တို့ကို ၎င်းထဲ ပေါင်းထည့်၍ လက်တစ်ချက် ခါကာ ပစ်လွှတ်လိုက်သည်။

ချွင်…

ဆံထိုးက လေလှိုင်းများကို ခွင်းလျက် ချင်မူ၏ ကောင်းကင်နတ်သိုင်းကို ဖောက်ထွက်သွား၏။ ၎င်းက တိုက်ကွက်၏စွမ်းအားကို နှစ်ခြမ်းခွဲကာ ချင်မူ့ထံ တန်းတန်းမတ်မတ် ဦးတည်သွားတော့သည်။

ဆံထိုး၏ အမြန်နှုန်းမှာ အလွန်တရာ မြန်ဆန်သော်လည်း အဆုံးသတ်မြို့ပျက်၏ သတ္တုပင်လျှင် ချင်မူ့တိုက်ကွက်ကြောင့် အဆက်မပြတ် ပျက်စီးလာရ၏။ ၎င်းက ချင်မူ့ရှေ့သို့ ရောက်သည့်အခါတွင် ဖရိုဖရဲချီမျှင်များအဖြစ် ပြောင်းလဲသွားပြီး သတ္ထုအသွင် မရှိတော့ဘဲ သံအပ်‌တစ်ချောင်းသာ ကျန်တော့သည်။ အပ်သည် ချင်မူ့မျက်ခုံးနှစ်ဖက်ကြားထဲ ဝင်ရောက်ကာ သူ၏ဦးနှောက်ထဲတွင် ထိုးစိုက်သွား၏။

ဝုန်း….

ကျယ်လောင်သော ပေါက်ကွဲသံကြီးတစ်ချက် ပေါ်ထွက်လာပြီး သံအပ်ကား ချင်မူ့ခေါင်းထဲတွင် ပေါက်ကွဲသွားချေပြီ။ ၎င်းက အဆုံးသတ်မြို့ပျက်အမှောင်ထုအဖြစ် ချက်ချင်း အသွင်ပြောင်းသွားပြီး ချင်မူ့ဦးခေါင်းကို ဝါးမြိုနေတော့၏။

ချင်မူ့ခေါင်းပြတ်န္ဓာကိုယ်ကြီးက ယိုင်သွားသော်လည်း မြေပေါ် လဲကျသွားပေ။ သို့သော် သူ၏လည်ပင်းက ဆတ်ဆတ်ခါလာကာ ခေါင်းသုံးခေါင်း ပေါက်လာ၏။ ထို့နောက် နောက်ထပ် လက်လေးဖက်ကလည်း သူ၏ချိုင်းအောက်မှ ဖောက်ထွက်လာကြသည်။

ထိုအခိုက်အတန့်တွင် မူလချီဖရိုဖရဲတာအို ကောင်းကင်နတ်သိုင်း၏ စွမ်းအားမှာ ကုန်ဆုံးသွားလေပြီ။ ကောင်းကင်နတ်ဧကရီက ဖရိုဖရဲချီများအထဲမှ ထွက်လာသည်။ သူမ၏အင်္ကျီများမှာ ပျက်စီးနေသောကြောင့် ဖြူစွတ်နေသော အသားအရေမှာ ထင်းလင်းပေါ်လွင်နေကာ သူမ၏ ခန္ဓာကိုယ်ကို ရှင်းလင်းပြတ်သားစွာ မြင်နေရချေသည်။

ကောင်းကင်နတ်ဧကရီ၏ မျက်နှာမှာ အသတ်အဖြတ်စိတ်ဆန္ဒတို့ဖြင့် ခက်ထန်နေ၏။ သူမက ချင်မူ့ထံသို့ လျှောက်လာ၍ နှာခေါင်းရှုံ့လိုက်သည်။ “ကောင်းကင်နတ်အရှင်မူ၊ ဒီကောင်းကင်နတ်သိုင်းက နင့်ရဲ့သိုင်းအခြေခံကို အတော်လေး ကုန်ခမ်းသွားစေတယ်မလား.. နင့်မှာ မှော်စွမ်းအင် ဘယ်လောက်ကျန်သေးလဲ”

ချင်မူ့ဦးခေါင်းပေါ်ရှိ နတ်အလင်းတန်းများက ကောင်းကင်ထက်သို့ ပြေးတက်သွားကာ ဧရာမကောင်းကင်နတ်ဘုံတစ်ခုကို ဖွဲ့တည်လိုက်သည်။ ဦးခေါင်းသုံးလုံးက တစ်ပြိုင်နက် ရယ်မောလိုက်၏။ “ကျွန်တော့်မှာ မှော်စွမ်းအင်တွေအများကြီး ရှိသေးတယ်… ကြည့်လိုက်ပါ ကောင်းကင်နတ်ဧကရီ”

ကောင်းကင်နတ်ဘုံရှိ ကောင်းကင်နန်းဆောင်အသီးသီးတွင် ချင်မူ၏မူလဝိညာဉ်တို့သည် နတ်ဘုရားစီရင်ရာစင်မြင့်ဆီသို့ ထွက်ခွာနေကြကြောင်း တွေ့လိုက်ရသဖြင့် ကောင်းကင်နတ်ဧကရီမှာ မျက်နှာပျက်သွားသည်။ သူတို့အားလုံးကား နောက်ထပ်အဆင့်တစ်ဆင့်ဆီသို့ တက်လှမ်းနေကြချေပြီ။

ချင်မူသည် ယခုလိုအချိန်အတွင်း နဂါးသွဲ့ရေကန်ကို ဖြတ်ကာ နတ်ဘုရားစီရင်ရာစင်မြင့်ဆီသို့ အဘယ်ကြောင့် ဝင်ရောက်နေသည်လဲ သူမ နားမလည်နိုင်ပေ။ အဘယ်ကြောင့် နတ်ဘုရားစီရင်ရာစင်မြင့်သို့ တိုက်ရိုက်ဖြတ်ကျော်၍ နောက်ထပ်တစ်ဆင့်အား တက်လှမ်းနေရပါသနည်း။

သို့သော် ချင်မူ၏ နောက်ထပ်တစ်ဆင့်က ကျောက်စိမ်းမြို့တော်အဆင့် ဖြစ်မနေသဖြင့် သူမမှာ ပို၍ပင် နားမလည်နိုင်တော့ချေ။ သာမန်ဆိုလျှင် နတ်ဘုရားစီရင်ရာစင်မြင့်အဆင့် ပြီးပါက ကျောက်စိမ်းမြို့တော်အဆင့် ဖြစ်ရပေလိမ့်မည်။ သို့သော် ချင်မူ၏ ကောင်းကင်နန်းဆောင်များတွင်… နတ်ဘုရားစီရင်ရာစင်မြင့်နှင့် ကျောက်စိမ်းမြို့တော်အဆင့်အကြားတွင် ဧရာမကောင်းကင်အကျဉ်းထောင်ကြီးတစ်ခု ထူမတ်နေသည်။

ကောင်းကင်အကျဉ်းထောင်သည် ကောင်းကင်နတ်ဘုံမှ ရာဇဝတ်သားများ ချုပ်နှောင်ခံရသည့်နေရာ ဖြစ်သည်။ ၎င်းတွင် လူရမ်းကားများ ပြည့်နှက်နေပြီး အကျဉ်းခံလိုက်ရသည်နှင့် ပြန်လည်လွတ်မြောက်နိုင်ရန် ခက်ခဲလေသည်။ ထိုနေရာရှိ အကျဉ်းသားများမှာ အဆိုးရွားဆုံးသော ပြစ်မှုများကို ကျူးလွန်ခဲ့ကြသည့်အတွက် နတ်ဘုရားစီရင်ရာစင်မြင့်တွင် ကွပ်မျက်ခြင်းကပင် သတ်ညှာပေးရာကျ၏။ ထို့ကြောင့် ကောင်းကင်အကျဉ်းထောင်ထဲတွင် ချုပ်နှောင်ထားပြီး အတောမသတ်နိုင်သော ဒုက္ခဆင်းရဲများကို ခံစားနေကြရခြင်း ဖြစ်သည်။

ကောင်းကင်အကျဉ်းထောင်မှာ ကောင်းကင်နန်းဆောင်ကျင့်စဉ်စနစ်၏ အဆင့်တစ်ဆင့် မဟုတ်ပေ။ နတ်ဘုရားတစ်ပါး၏ မူလဝိညာဉ်အနေဖြင့် ထိုနေရာသို့ သွားပါက သိုင်းအခြေခံ မြင့်တက်မလာနိုင်။ နဂါးဟန်ခေတ်တွင် ကောင်းကင်နန်းဆောင်စနစ် ကျယ်ပြန့်လာခဲ့ပြီးနောက် မရေမတွက်နိုင်သော နတ်ဘုရားများသည် ကောင်းကင်အကျဉ်းထောင်ကို အကြိမ်ပေါင်းမြောက်မြားစွာ စမ်းသပ်ခဲ့ကြသော်လည်း မည်သည့်သက်ရောက်မှုမှ မရှိခဲ့ပေ။

ချင်မူ့အတွက်တော့ သူ၏မူလဝိညာဉ် ကောင်းကင်အကျဉ်းထောင်ထဲသို့ ၀င်ရောက်သွားသည့်အချိန်တွင် သိုင်းအခြေခံနှင့် စွမ်းဆောင်ရည်တို့ကား တဟုန်ထိုး တိုးတက်သွားကြသည်။

ကောင်းကင်အကျဉ်းထောင်သည် သူ့ကြောင့် အဆင့်တစ်ဆင့်အဖြစ် ပွင့်လာခဲ့သည်မှာ သိသာလှ၏။

ကောင်းကင်နတ်ဧကရီ ပို၍ပင် နားမလည်နိုင်သည့်အရာ ရှိသည်။ ချင်မူ့တွင် ကောင်းကင်နန်းဆောင် ၁၉ ခု နှင့် ကောင်းကင်အကျဉ်းထောင်အဆင့်အထိ ပိုင်ဆိုင်ထားပြီး ကျောက်စိမ်းမြို့တော်အဆင့်နှင့် တူညီသော်လည်း သူမနှင့် များစွာဝေးကွာနေသေးသည်။ မူလဝိညာဥ်ဖြစ်စေ၊ ရုပ်ခန္ဓာဖြစ်စေ၊ မှော်စွမ်းအင်ဖြစ်စေ သူမအောက် နိမ့်ကျနေသေးသည်။ ချင်မူ၏ ရုပ်ခန္ဓာ၊ မူလဝိညာဉ်၊ မှော်စွမ်းအင်တို့မှာ သူမအောက် များစွာနိမ့်ကျနေသော်လည်း ချင်မူ့စွမ်းအားများ မည်သည့်နေရာမှ ထွက်ပေါ်လာသည်လဲ သူမ နားမလည်နိုင်ပေ။

သို့သော် ချင်မူ့ခန္ဓာကိုယ်တွင် သဲလွန်စတချို့ကို တွေ့ရှိနိုင်၏။ အခြားကောင်းကင်နတ်သိုင်းပညာရှင်များသည် ကောင်းကင်ရတနာခုနစ်ခုအား ကျင့်ကြံကြသည့်အပြင် ထာဝရငြိမ်းချမ်းရေးအင်ပါယာ၏ ကောင်းကင်နတ်သိုင်းပညာရှင်များပင်လျှင် ကောင်းကင်ရတနာခုနစ်ခုကို ကျင့်ကြံကြသည်။ သူကမူ ကောင်းကင်တံတား ကောင်းကင်ရတနာကို စကြ၀ဠာ၏ တာအိုနှင့် လိုက်လျောညီထွေဖြစ်အောင် ပြောင်းလဲခဲ့၏။

သို့ရာတွင် ထိုရတနာများကို ချင်မူ့ခန္ဓာကိုယ်အပေါ်တွင် မတွေ့ရပေ။

သူ၏ကောင်းကင်ရတနာသည် ဝိညာဉ်သန္ဓေသား ကောင်းကင်ရတနာဟု နာမည်ရှိသော်လည်း အခြားကောင်းကင်နတ်သိုင်းပညာရှင်များ၏ ဝိညာဥ်သန္ဓေသားကောင်းကင်ရတနာများနှင့် ကွဲပြားနေသည်။

ချင်မူ့တွင် ကောင်းကင်ရတနာတစ်ခုတည်းသာ ရှိနေပြီး ၎င်းအတွင်း၌ ရွှမ်တု၊ ယိုတု၊ ယွမ်တုနှင့် ၀င်ရိုးစွန်းလေးခုသာမက ရှေးဟောင်းနတ်ဘုရားများ၏ ကောင်းကင်ဘုံတို့ပါ ရှိလေသည်။ ကြယ်တာရာများနှင့် နဂါးငွေ့တန်းများလည်း ရှိကာ စကြ၀ဠာတစ်ခုလုံးပင် ကိန်းဝပ်နေ၏။

အဆုံးသတ်မြို့ပျက်အမှောင်ထုပင်လျှင် တွေ့နေရသည်။

ပို၍အရေးကြီးသည်က ဘိုးဘေးနန်းတော်က သူ၏ဝိညာဉ်သန္ဓေသား ကောင်းကင်ရတနာ၏ အလယ်ဗဟိုတွင် တည်နေသည်။

ပို၍ပင် ကြောက်မက်ဖွယ်ကောင်းသည်က ဘိုးဘေးနန်းတော်၏ အနောက်ဘက်ခြမ်းလည်း ပါရှိနေခြင်းပင်။

အခြားကောင်းကင်နတ်သိုင်းပညာရှင်များ၊ နတ်ဘုရားများနှင့် ယှဉ်ပါက သူ၏သိုင်းအခြေခံသည် ကောင်းကင်နှင့် မြေကြီးပမာ ကွာခြားနေသည်။

အခြားသူများ၏ ကောင်းကင်ရတနာအားလုံးကို သူ၏ဝိညာဉ်သန္ဓေသား ကောင်းကင်ရတနာထဲတွင် စုပေါင်းထည့်လိုက်ပါက သမုဒ္ဒရာအတွက် ရေတစ်စက်လေးကဲ့သို့ပင် ဖြစ်လိမ့်မည်။ အဘယ်ကြောင့်ဆိုသော် ချင်မူ၏ ကောင်းကင်နန်းဆောင်သည် ဘိုးဘေးနန်းတော်အထက်တွင် တည်ဆောက်ထားခြင်းဖြစ်ပြီး နေရာအနည်းငယ်သာ ယူထားခြင်းကြောင့်ပင်။

‘ကောင်းကင်နတ်အရှင်မူက ငါတို့နဲ့တူတူပဲ… သူ့ရဲ့ကျင့်စဉ်စနစ်ကို တစ်ယောက်တည်း သိမ်းထားပြီး ထာဝရငြိမ်းချမ်းရေးအင်ပါယာနဲ့ မဝေမျှခဲ့ဘူး’

ကောင်းကင်နတ်ဧကရီက နှာခေါင်းရှုံ့ကာ စိတ်ထဲမှတွေးနေ၏။ ‘နင့်ကိုယ်နင် ဘယ်လောက်ထက်မြတ်ကြောင်း ကြွားဝါနေပေမယ့် နင်က တကယ်တော့ ကိုယ်ကျိုးပဲ ကြည့်တဲ့သူတစ်ယောက်ပဲ… ထူးဆန်းပြီး ပိုပြီးကောက်ကျစ်ရုံပဲ ရှိတယ်’

သို့သော် ချင်မူသည် သူ၏ကျင့်စဉ်စနစ်ကို မမျှဝေလိုခြင်း မဟုတ်ကြောင်းကိုတော့ သူမ မသိပေ။ သူ၏ကျင့်စဉ်စနစ် အောင်မြင်ရသည့် အကြောင်းအရင်းမှာ ... သူ၏ဝိညာဉ်နှင့် မျက်လုံးများကို ဖယ်ထုတ်၍ ချင်ဖုန်းကျင့်ဆီ ပေးခဲ့စဉ်တုန်းက ဓားဖြင့် သူ၏ကောင်းကင်နန်းဆောင်နှင့် ကောင်းကင်ရတနာများ ဖျက်ဆီးခဲ့သောကြောင့်ပင်။

သူ၏ မသေနိုင်သော ထာဝရအသိစိတ်အလျဉ်ပင် သေဆုံးရတော့မည့် အန္တရာယ်ကို ရင်ဆိုင်ရသော်လည်း သူသည် ထိုအခြေအနေကိုပင် အခွင့်ကောင်းယူကာ ဝိညာဉ်သန္ဓေသား ကောင်းကင်ရတနာကို ပြန်လည်အသက်သွင်း၍ သူ၏ကိုယ်ပိုင်ဝိညာဉ်ကိုပါ မွေးဖွားလာစေခဲ့၏။

သူ၏ဝိညာဉ်နှင့် ဝိညာဉ်သန္ဓေသားတို့မှာ သူ့ခန္ဓာကိုယ်ထဲရှိ ရှေးဟောင်းနတ်ဘုရားများနှင့် ထပ်တူကျနေသည်။

အခြားသူများအနေဖြင့် သူ့အနေအထားအတိုင်း ဖြစ်နိုင်ရန် မဟာအခွင့်အရေးကြီးတစ်ခု လိုအပ်လေသည်။ သူ၏ကျင့်စဉ်စနစ်ကို အတင်းအကြပ် ကျင့်ကြံပါက သေဆုံးရမည်သာ ဖြစ်ပြီး အောင်မြင်နိုင်ရန် အလားအလာ မရှိပေ။

သူ၏လမ်းစဉ်နှင့်ယှဉ်လျှင် ယခု လန်ယွီတျန်း လျှောက်လှမ်းနေသည့် လမ်းစဉ်မှာ ပို၍ ဘေးကင်းပြီး လွယ်ကူသည်။ လန်ယွီတျန်း ထိုလမ်းစဉ်အား ဖွင့်လှစ်၍ မျှဝေပေးသရွေ့ အခြားသူများအနေဖြင့် ချင်မူ၏ အန္တရာယ်များသော လမ်းစဉ်ကို လိုက်လံလျှောက်လှမ်းစရာမလိုဘဲ ဘိုးဘေးနန်းတော်အား ကျင့်ကြံနိုင်ကြလိမ့်မည်။

ထိုလမ်းစဉ်သည် ချင်မူ့လမ်းစဉ်လောက် မမြင့်မားသော်လည်း ခြားနားမှုက မပြောပလောက်ပေ။ သူတို့သာ အထွတ်အထိပ်အထိ ကျင့်ကြံနိုင်ပါက လက်ရှိကောင်းကင်နတ်အရှင်များထက်ပင် ကျော်တက်သွားကြလိမ့်မည်။

နားလည်သိမြင်နိုင်ရန် လိုအပ်သည့် အချက်များက မြင့်မားနေသောကြောင့် အထွတ်အထိပ်အထိ ကျင့်ကြံနိုင်သူ တချို့တစ်ဝက်သာ ရှိနေသည့် ... အခက်အခဲသာ ရှိသည်။

ချင်မူ့သိုင်းအဆင့်က အကျဉ်းထောင်ကိုးထပ်၏ အမြင့်ဆုံးအထပ်သို့ ရောက်ရှိသွားပြီးနောက် အဆပေါင်းများစွာ တိုးတက်လာသည်။ ၎င်းက ပြဿနာကြီးဖြစ်သည်ဟု ကောင်းကင်နတ်ဧကရီမှာ ထပ်မံခံစားလိုက်ရပြန်သည်။ သို့သော် ရုတ်တရက် စိတ်အေးသွားပြန်၏။

အဘယ်ကြောင့်ဆိုသော် ထိုအခိုက်အတန့်တွင် အဆုံးသတ်မြို့ပျက်၏ အရှိန်အဝါကို အာရုံခံမိသည့်အတွက်ပင်။

ရှေးဟောင်းနတ်ဘုရားထိုက်ကျိမှာ နောက်ဆုံးတော့ လှုပ်ရှားလာပြီး နေရာဟင်းလင်းပြင်ကို ဆွဲယူ၍ အဆုံးသတ်မြို့ပျက်နှင့် ထိုက်ကျိကြယ်တာရာလွင်ပြင်အကြားရှိ အကွာအဝေးကို နီးကပ်သထက် နီးကပ်လာစေသည်။

ကောင်းကင်နတ်ဧကရီမှာ အသက်ဓာတ်တာအို၏ ရှေးဟောင်းနတ်ဘုရားဖြစ်သော်လည်း ကိုးကွယ်ပူဇော်ခံရသည့် အခြားနတ်ဘုရားများကဲ့သို့ မွေးရပ်မြေနှင့် နီးကပ်လာလေလေ ပိုမိုအားကောင်းလာလေလေပင်။ သူမကဲ့သို့ ရှေးဟောင်းနတ်ဘုရားများဖြစ်သော ကောင်းကင်နယ်စားမင်းနှင့် မြေအောက်ဘုံအရှင်သခင်တို့သည်လည်း ကိုယ်ပိုင်ပိုင်နက်အသီးသီးတွင် အင်အားအကြီးဆုံးဖြစ်ကြသည်။

ယခုတွင် အဆုံးသတ်မြို့ပျက်က တဖြည်းဖြည်း နီးကပ်လာသဖြင့် ကောင်းကင်နတ်ဧကရီ၏ အတိုက်အခိုက်စွမ်းရည်လည်း တိုးတက်လာ၏။

တစ်ချိန်တည်းမှာပင် ကောင်းကင်လက်နက် ကောင်းကင်နတ်အရှင်ယွီမှာ အနည်းငယ် စိတ်လှုပ်ရှားသွားသည်။ သူသည်လည်း အဆုံးသတ်မြို့ပျက် နီးကပ်လာကြောင်း အာရုံခံလိုက်မိသဖြင့် ဝမ်းသာသွား၏။ သူ၏ခွန်အားသည်လည်း တိုးတက်လာလေပြီ။

ကောင်းကင်လက်နက် ကောင်းကင်နတ်အရှင်ယွီမှာ နတ်အရှင်မယွမ်မု၏ ထိန်းချုပ်မှုအောက်တွင်ဖြစ်သည်။ နတ်အရှင်မယွမ်မုသည် ကောင်းကင်နတ်ဧကရီနည်းတူ အဆုံးသတ်မြို့ပျက်မှ မွေးဖွားလာသူ မဟုတ်လော။

အဆုံးသတ်မြို့ပျက် နီးကပ်လာသည်နှင့် သူမ၏ခွန်အားက အလိုအလျောက် တိုးတက်လာလိမ့်မည်။

နတ်အရှင်မချန်းသည်လည်း အဆုံးသတ်မြို့ပျက်၏ အရှိန်အဝါကို အာရုံခံမိကာ မျက်နှာအနည်းငယ်ပျက်သွားသည်။ သူမက အလျင်အမြန် ခေါင်းမော့ကြည့်လိုက်ရာ ထိုက်ကျိကြယ်တာရာလွင်ပြင်ကောင်းကင်ထက်တွင် ရှည်လျားကျဉ်းမြောင်းသော အမှောင်ထုတစ်ခု ထွက်ပေါ်လာကြောင်း တွေ့လိုက်ရ၏။ ၎င်းက မည်းမှောင်နေပြီး မှန်းဆမရပေ။

အမှောင်ထုသည် အစက အလွန်တရာ ဝေးကွာနေခဲ့၏။ အဝေးမှကြည့်ပါက မှိတ်လုမှိတ်ခင် မျက်လုံးတစ်လုံးနှင့်ပင် တူလေသည်။

သို့သော် အမှောင်ထုမှာ တဖြည်းဖြည်း ကြီးမားလာနေသည်။ ကြီးမားလာရုံတင်မကဘဲ နီးကပ်လာနေ၏။

အမှောင်ထုကို အဆုံးသတ်မြို့ပျက်၏ သတ္တုများဖြင့် ဖွဲ့တည်ထားသော တောင်တန်းများက ဝန်းရံထားပြီး ၎င်းတို့ပတ်ပတ်လည်တွင် သေဆုံးပြီးသော ကြယ်တာရာများကလည်း လှည့်ပတ်နေကြ၏။ တချို့သော ကြယ်တာရာများက ပျက်စီးနေကြပြီး အမှောင်ထု၏ ဆွဲငင်ခြင်း ခံရကာ အမှောင်ထုအား လှည့်ပတ်နေကြသည်။

အမှောင်ထုထဲတွင် ဧရာမပန်းပွင့်ကြီးနှစ်ပွင့်က တဖြည်းဖြည်း ပေါ်လွင်လာသည်။

“ဟ…. ‌မြေခွေးမလေး နှစ်ကောင်တော့ အဆုံးသတ်မြို့ပျက်ကို ချက်ချင်း ဆင့်ခေါ်ခဲ့တာပါလား”

နတ်အရှင်မချန်းပင်လျှင် မျက်နှာမပျက်ဘဲ မနေနိုင်တော့ပေ။ ဤကိစ္စသည် ရှုပ်ထွေးမှန်း သူမခံစားခဲ့ရ၏။ သို့သော် ကောင်းကင်နတ်ဧကရီနှင့် ကောင်းကင်လက်နက် ကောင်းကင်နတ်အရှင်ယွီတို့က အဆုံးသတ်မြို့ပျက်ကို ဆင့်ခေါ်ပြီး ရှေးဟောင်းနတ်ဘုရားထိုက်ကျိက သူ၏စွမ်းအားကို သုံး၍ နေရာဟင်းလင်းပြင်ကို ပိုမိုနီးကပ်လာစေလိမ့်မည်ကိုတော့ ထင်မထားခဲ့ပေ။

ချင်မူသည်လည်း အဆုံးသတ်မြို့ပျက်၏ အရှိန်အဝါကို ခံစားလိုက်ရသဖြင့် မျက်နှာပျက်သွားသည်။

သူသည် သူ၏စွမ်းဆောင်ရည်များက ကောင်းကင်နတ်အရှင်တစ်ပါးနှင့် ရင်ဆိုင်နိုင်ခြင်းရှိ၊ မရှိ သိလိုသည့်အတွက် သိုင်းအဆင့်များအား အတင်းအကြပ် မြှင့်တင်ခဲ့ခြင်း ဖြစ်၏။ ဤနေရာ၌ သေဆုံးလို၍ မဟုတ်ပေ။

အဆုံးသတ်မြို့ပျက်သည် ကောင်းကင်နယ်စားမင်းပင်လျှင် ကြောက်ရွံသောနေရာ ဖြစ်ချေသည်။ ထိုနေရာတွင် တာအိုတို့ ဖျက်ဆီးခံခဲ့ရသည်။ အမှောင်ထု ထွက်ပေါ်လာသည်နှင့် ကောင်းကင်နတ်ဧကရီ၏ ခွန်အားသည် တဟုန်ထိုး တိုးတက်သွားလိမ့်မည်။ အမှောင်ထုနီးကပ်လာလေလေ သူမက ပိုမိုသန်မာလာလေလေပင်။

ကောင်းကင်နတ်ဧကရီ၏ခွန်အား အထွတ်အထိပ်သို့ မရောက်ခင် သူ၏ခွန်အားကို စမ်းသပ်ရလိမ့်မည်။ သူအဖြေင့် ကောင်းကင်နတ်ဧကရီကို သတ်လိုစိတ် မရှိသလို၊ သတ်နိုင်စွမ်းလည်း မရှိပေ။ ကောင်းကင်နတ်အရှင်တစ်ပါးနှင့်သာ တိုက်ခိုက်ကြည့်လိုခဲ့ခြင်း ဖြစ်သည်။

သူက သံရှည်ဆွဲ၍ ဟိန်းဟောက်လိုက်ရင်း ပြေး၀င်သွား၏။ ထိုအခိုက်အတန့်တွင် သူ့ခန္ဓာကိုယ်ထဲမှ စွမ်းအားအလုံးစုံ ပေါက်ကွဲထွက်လာတော့သည်။

သူက ခြေတစ်လှမ်း တက်လိုက်ပြီး သူ၏ လက်များသည် ကောင်းကင်နှင့် မြေကြီးကို မြှောက်တင်လိုက်၏။ ထို့နောက် အတားအဆီးအစီအရင် ဖော်ဆောင်လိုက်ပြီး တာအိုစနစ်၏ ပထမကောင်းကင်ဘုံ ကောင်းကင်နှင့်မြေကြီး၏ အစီအရင်လေးခုအား ဖွဲ့တည်လိုက်သည်။

ကောင်းကင်နှင့်မြေကြီး၏ အစီအရင်လေးခုက သူ၏ပတ်ပတ်လည်တွင် နယ်ပယ်တစ်ခု ဖွဲ့တည်လိုက်ပြီး နတ်ဘုရားမိစ္ဆာတို့၏ မျက်နှာလေးဖက် ပေါ်လာ၏။ ၎င်းတို့က အမျက်ဒေါသ၊ ပူဆွေးသောက၊ ပျော်ရွှင်မှုနှင့် ကျေနပ်မှု စရှိသော အသွင်အမူအရာတို့ဖြင့် ကြည့်ရှုနေကြသည်။

ချင်မူက နောက်ထပ်ခြေတစ်လှမ်း လှမ်းလိုက်ရာ ကောင်းကင် နှင့်မြေကြီး၏ မုခ်၀က သူ့အနောက်တွင် ပေါ်လာ၏။ မုခ်၀က ကောင်းကင်နှင့် မြေကြီးကို ဆက်သွယ်ပေးထားသည်။ မုခ်၀၏ အပေါ်ပိုင်းက ရွှမ်တုနှင့် ဆက်နွယ်နေပြီး အောက်ပိုင်းကတော့ ယိုတုနှင့် ဆက်နွှယ်နေ၏။ ကောင်းကင်နှင့် မြေကြီးသည် တစ်ခုဆီမှ တစ်ခု စွမ်းအင်များ ငှားယူနေကြသည်။

ဤသည်က တာအိုအဆင့်၏ ဒုတိယကောင်းကင်ဘုံပင်။

သူက တတိယခြေလှမ်း လှမ်းလိုက်သည်။ ကောင်းကင်နတ်မြစ်သည် ဝေါခနဲ စီးဆင်းလာ၏။ ၀င်ရိုးစွန်းလေးခု ထွက်ပေါ်လာပြီး ကောင်းကင်နှင့်မြေကြီး၏ မုခ်၀ကိုသာမက အစီအရင်လေးခုကိုပါ လှည့်ပတ်သွားသည်။

သူက စတုတ္ထခြေလှမ်း လှမ်းလိုက်ရာ အသိစိတ်အလျဉ်ကောင်းကင်ဘုံ ပေါ်ထွက်လာကြ၏။ သူ၏ဦးခေါင်းပေါ်တွင် ကောင်းကင်ဘုံကား အမိုးအကာတစ်ခုကဲ့သို့ နေရာယူထားလေသည်။

သူ ပဉ္စမခြေလှမ်း လှမ်းလိုက်ချိန်တွင်တော့ ခရမ်းရောင်ပန်းပွင့်များ ထွက်ပေါ်လာပြီး နှစ်ပိုင်း၊ နှစ်ပိုင်းမှလေးပိုင်း၊ လေးပိုင်းမှ ရှစ်ပိုင်းအဖြစ် ကွဲထွက်သွားကြ၏။ တခဏအတွင်း ကောင်းကင်မှာ ခရမ်းရောင်ပန်းပွင့်များဖြင့် ပြည့်နှက်သွားတော့သည်။

ဆဌမခြေလှမ်းက ခန္ဓာမဲ့ဝိညာဉ်တို့အား ဆင့်ခေါ်သိမ်းယူသော ယိုတုကောင်းကင်နတ်သိုင်း ဖြစ်ပြီး သတ္တမခြေလှမ်းက ရွှမ်တုထက်က ကျောက်စိမ်းစင်မြင့် ကောင်းကင်နတ်သိုင်းဖြစ်သည်။

ချင်မူသည် တခဏအတွင်း ခြေလှမ်း ၂၆ လှမ်း လှမ်းလိုက်ပြီး တာအိုအဆင့်၏ ကောင်းကင်ဘုံ ၂၆ ဘုံက တစ်ခုနှင့်တစ်ခု ထပ်၍ သူ၏အရှိန်အဝါကို ပြိုင်ဘက်ကင်းသွားစေသည်။ ၎င်းက လျှပ်စီးမိုးကြိုးအလား လျင်မြန်သောကြောင့် အဖြူရောင်သဲကန္တာရထဲတွင် လျှပ်စီးတန်းတစ်တန်း ကျန်ရစ်ခဲ့သည်။ သူသည် အဆုံးမရှိသော စွမ်းအားတို့ဖြင့် ကောင်းကင်နတ်ဧကရီ၏ ရှေ့မှောက်သို့ ရောက်ရှိသွားချေပြီ။

“ကောင်းကင်နတ်အရှင်မူ၊ နင် တကယ် သေချင်နေတာလား”

ကောင်းကင်နတ်ဧကရီမှာ သူမ၏ဒေါသကို မထိန်းချုပ်နိုင်တော့‌ပေ။ သူမ၏အဝတ်အစားများမှာ ချင်မူ့ဖရိုဖရဲချီကြောင့် ပျက်စီးသွားပြီဖြစ်ပြီး သူမ၏ခန္ဓာကိုယ်ကို ဖုံးကွယ်ထားရန် ခက်ခဲနေ၏။ ယခုတွင် ချင်မူသည် ယုံကြည်ချက်ရှိစွာဖြင့် ထူးဆန်းသောအဆင့်တစ်ဆင့်သို့ ရောက်ရှိသွားသည့်အပြင် အဆုံးသတ်မြို့ပျက် နီးကပ်လာနေသည့်ကြားမှ လှုပ်ရှားရဲသေးသည်။ သူကား ကိုယ့်သေတွင်းကိုယ်တူးနေခြင်းပင်။

“နင်ဒီလောက်သေချင်နေရင် နင့်ဆန္ဒကို ငါ ဖြည့်ဆည်းပေးရတာပေါ့”

ကောင်းကင်နတ်ဧကရီ၏ အရှိန်အဝါတို့က တဟုန်ထိုးမြင့်တက်သွားသည်။ သူမသည် ချင်မူ၏ တိုက်ကွက်ကို ရင်ဆိုင်ရန် အဆုံးသတ်မြို့ပျက် ရောက်ရှိလာနှုန်းအား တိုးမြှင့်လိုက်၏။

ထိုအခိုက်အတန့်တွင် အရှင်မယွမ်မုက ကောင်းကင်လက်နက် ကောင်းကင်နတ်အရှင်ယွီကို ထိန်းချုပ်၍ ထိုက်ကျိကျောက်တုံးတွင်းဆီသို့ ပြေးဝင်သွားသည်။ နတ်အရှင်မချန်းကလည်း အရှင်မယွမ်မု၏ တည်နေရာကို အာရုံခံလိုက်မိသည့်အပြင် ချင်မူနှင့် ကောင်းကင်နတ်ဧကရီတို့ကြားရှိ တိုက်ပွဲကို မကြည့်လိုသောကြောင့် ကောင်းကင်လက်နက် ကောင်းကင်နတ်အရှင်ယွီနောက် လိုက်သွားလေသည်။

ထိုအခိုက်အတန့်တွင် တစ်လောကလုံးကို တုန်လှုပ်သွားစေသည့် တုန်ခါမှုကြီး ထွက်ပေါ်လာလေရာ ကောင်းကင်နတ်အရှင်နှစ်ပါး လှည့်ကြည့်လိုက်မိ၏။ ကောင်းကင်နတ်ဧကရီ သွေးအန်လျက် နောက်သို့လွင့်ထွက်သွားကြောင်း တွေ့လိုက်ကြရသည်။ သူမ၏ ဖြူဖွေးနေသော ခန္ဓာကိုယ်မှာ အဖြူရောင်သဲကန္တာရထဲသို့ ပြုတ်ကျ၍ လိမ့်ထွက်သွားတော့သည်။

ချင်မူက ခန္ဓာကိုယ်ကို ရှေ့သို့ကိုင်း၍ ဆင်းသက်လာ၏။ သူ၏အမြန်နှုန်းက အလင်းတန်းနီးပါး မြန်ဆန်ပြီး ကောင်းကင်နတ်သိုင်း ၂၆ ခုသည် မြှားများကဲ့သို့ တခဏအတွင်း ထွက်ပေါ်လာကာ ကောင်းကင်နတ်ဧကရီ၏ ခန္ဓာကိုယ်ကို စုပြုံဝင်တိုက်လိုက်ကြသည်။

အချိန်တိုအတွင်း ကောင်းကင်နတ်ဧကရီမှာ မိုင်ပေါင်းများစွာ လွင့်ထွက်သွားပြီး ချင်မူသည် နောက်ဆုံးတိုက်ကွက်အတွက် သူ၏ မဟာကောင်းကင်နတ်သိုင်းများကို အသက်သွင်းလိုက်သည်။ သူက လက်ယှက်၍ ဦးညွှတ်အရိုအသေပေးလိုက်၏။

ဝုန်း….

ကောင်းကင်နတ်ဧကရီ၏ ဖြူဥနေသော ခန္ဓာကိုယ်မှာ လေပေါ်မြောက်တက်သွားပြီး သူမပတ်ပတ်လည်ရှိ နေရာဟင်းလင်းပြင်မှာ ပေါက်ကွဲ၍ ဖရိုဖရဲချီစက်လုံးတစ်လုံးအဖြစ် ပြောင်းလဲသွားသည်။ ဖရိုဖရဲချီလှိုင်းများက အပြင်းအထန် လှည့်ပတ်ပေါက်ကွဲနေကြပြီး ထိုက်ကျိကြယ်တာရာလွင်ပြင်တွင် အပေါက်ကြီးတစ်ပေါက် ဖြစ်သွားစေ၏။

“ခွေးကောင်”

ကောင်းကင်နတ်ဧကရီ၏ ဒေါသတကြီး ဆဲဆိုသံက ထွက်ပေါ်လာပြီး သူမက ဖရိုဖရဲချီလှိုင်းများထဲမှ ပြေးထွက်လာသည်။ သူမ၏ခန္ဓာကိုယ်ပေါ်တွင် မည်သည့်အဝတ်အစားမှ မရှိတော့ပေ။ သူမ မော့ကြည့်လိုက်သည့်အချိန်တွင် ချင်မူသည် ခုန်တက်ပျံသန်းသွားကြောင်း တွေ့လိုက်ရ၏။ ပရမတ္တလှေက သူ့ခြေထောက်အောက်တွင် ပေါ်လာပြီး သူ့ကို သယ်ဆောင်ကာ အဝေးသို့ ပျံသန်းသွားတော့သည်။

ကောင်းကင်နတ်ဧကရီက ဒေါသတကြီး လိုက်သွားသော်လည်း ရှာမတွေ့နိုင်တော့ပေ။

All Chapters