← Chapters

ဂိုင်ယာအာကာသစခန်း

Vol. 12 Ch. 7

ဂိုင်ယာအာကာသစခန်း

Vol. 12 Ch. 7

မက်ဒါနာက ပြင်ပကိုထွင်းဖောက်မြင်နိုင်တဲ့ ဖန်သားပြင် ပြတင်းပေါက်ကျယ်ကြီးကနေတစ်ဆင့် အပြင်ဘက်ကို လှမ်းကြည့်နေမိပါတယ်။ ဧရာမအနီရောင်ဂြိုဟ်ကြီးက သူ့မျက်စိ မြင်ကွင်းထဲမှာရှိနေပြီးတော့ အဲဒီဂြိုဟ်ကြီးကို မရေမတွက်နိုင်တဲ့ ဥက္ကာခဲတွေက လှည့်ပတ်သွားလာလို့ နေပါတယ်။ တကယ်တော့ မက်ဒါနာရှိနေတဲ့နေရာ၊ ဧရာမ အာကာသစခန်းကြီးကလည်း အဲဒီဂြိုဟ်ကြီးကို လှည့်ပတ် သွားလာနေတာ။

ကျွီ...

ရုတ်တရက် ခန်းမထဲမှာ ပေါ်တယ်တစ်ခုပွင့်လာတဲ့အတွက် မက်ဒါနာက အသင့်ပြင်လိုက်ပြီးတော့ သေနတ်နဲ့ပေါ်တယ်ကို ချီန်ထားလိုက်တယ်။ ဒါပေမဲ့ ထွက်လာတာက အနည်းငယ် ထိခိုက်ထားပုံပေါ်တဲ့ ဆံပင်တို၊ မျက်လုံးနီနဲ့ အေမီဖြစ်နေမှ သက်ပြင်းချလိုက်မိတယ်။ သက်ပြင်းချသံနဲ့အတူ သူ့ရဲ့ရှည်လျားတဲ့ အဖြူရောင်ဆံနွယ်တွေက လှုပ်ခါသွားလေရဲ့။

“ငါတို့နောက်ကို လိုက်လာတဲ့ ရန်သူကရော။” မက်ဒါနာက မေးလိုက်တယ်။ အေမီက ထိခိုက်ထားတဲ့ပခုံးကို လက်နဲ့ ထိန်းထားရင်း ပြန်ပြုံးပြလိုက်ပါပြီ။

“နည်းနည်းအခက်တွေ့ခဲ့တယ်ဆိုပေမဲ့ သူပေါ်တယ်ထဲကို လိုက်ခုန်ဝင်လာတဲ့အချိန်မှာ ပေါ်တယ်ကပိတ်နေပြီမလို့ ကိုဩဒီနိတ်အမှတ်တွေက မတိကျတော့ပါဘူး။ အခုလောက် ဆိုရင် ကျပန်းဒိုင်မေးရှင်းတစ်ခုထဲမှာ ပိတ်မိနေပြီလို့ ယူဆရတယ်။”

အေမီက စကားဆုံးတာနဲ့ မက်ဒါနာက ရှေ့ကိုတက်လာပြီး အေမီကို လက်နှစ်ဖက်နဲ့ထွေးပွေ့လိုက်ပါတယ်။ “နင်ဘာမှ ဖြစ်မသွားလို့ တော်သေးတာပေါ့။”

အေမီကတော့ ခံစားချက်မရှိသလို မျက်နှာမျိုးနဲ့ ရပ်နေဆဲပဲ။ အဲဒီနောက်တော့ အေမီက အာကာသစခန်းရဲ့အလယ်က နေရာလွတ်ပြီးမှာရှိနေပြီဖြစ်တဲ့ နဂါးဖြူစက်ရုပ်ကြီးကို ကြည့်လိုက်ပြီး ခေါင်းညိတ်လိုက်ပါပြီ။

“ကျွန်မတို့တွေ နဂါးဖြူစက်ရုပ်ကို ဂိုင်ယာအာကာသ စခန်းဆီကို ယူလာနိုင်ခဲ့ပြီ။ ဒါနဲ့သာဆိုရင် ကျွန်မတို့ရဲ့ ကမ္ဘာကြီးကို ကယ်တင်နိုင်မှာပဲ။”

အေမီက ပြောလိုက်ရင်းနဲ့ လက်ဖျောက်တီးလိုက်တယ်။ စက်လက်တံတွေပါတဲ့ ဒရုန်းတချို့က သူ့ဆီကိုပျံသန်းလာပြီး ပျက်စီးသွားတဲ့လက်မောင်းကို ချက်ချင်းပြုပြင်ပေးပါတယ်။

“လွန်ခဲ့တဲ့နှစ်သုံးဆယ်က တခြားငါက ဒီကမ္ဘာကြီးကို ဖျက်ဆီးခဲ့မိတာ တကယ်ပဲလား။”

မက်ဒါနာကတော့ ပြတင်းပေါက်မှန်ကို လက်ဖဝါးနဲ့ထိရင်း အောက်က ကမ္ဘာကြီးကိုငုံကြည့်ကာ မယုံနိုင်စွာနဲ့ ပြောခဲ့တယ်။ ပခုံးအကောင်းအတိုင်း ပြန်ဖြစ်နေပြီဖြစ်တဲ့ အေမီကလည်း မက်ဒါနာနဲ့ပခုံးချင်းယှဥ် ရပ်လိုက်ရင်း...

“ပထမတစ်ခါရှင်းပြတုန်းက အသေးစိတ်ရှင်းမပြခဲ့မိဘူးနဲ့ တူပါတယ်သခင်မလေး။ ဖျက်ဆီးခဲ့တာမှန်ပေမဲ့ တိုက်ကြီး မဟုတ်ရပါဘူး။”

အေမီက မက်ဒါနာရဲ့ခါးပတ်မှာရှိနေတဲ့ ‘ဒေါက်တာ' မန်မိုရီ စတစ်ကို ဖြုတ်ယူပြီး မက်ဒါနာရဲ့မျက်စိရှေ့မှာ ထောင်ပြတယ်။

“တခြားမက်ဒါနာတွေနဲ့ကွဲအောင် ကျွန်မကိုတီထွင်ခဲ့တဲ့ မက်ဒါနာကို ဒေါက်တာမက်ဒါနာလို့ပဲ ခေါ်ပါရစေ။ သူက ဒီစက်မှုသိပ္ပံကမ္ဘာကြီးမှာ သိပ်ကိုတော်တဲ့ ဉာဏ်ရည်တု ပညာရှင်တစ်ယောက်ပေါ့။ သူက အစွမ်းအထက်ဆုံး ​ဉာဏ်ရည်တုနှစ်ခုဖြစ်တဲ့ ဂိုင်ယာနဲ့အေသာကို တီထွင်ခဲ့တဲ့ လူတစ်ယောက်လည်းဖြစ်တယ်။”

မက်ဒါနာက နံရံတစ်ခုမှာရေးထားတဲ့ ဂိုင်ယာအာကာသ စခန်းဆိုတဲ့စာသားကို ကြည့်လိုက်ပါတယ်။ သူတို့ရှိနေတဲ့ နေရာက ဂိုင်ယာဉာဏ်ရည်တုရဲ့ထိန်းချုပ်မှုအောက်မှာ ရှိနေတာပါ။ မက်ဒါနာကတော့ သူ့ဇာတ်လမ်းကို ဆက်ပြီး ပြောပါတယ်။

“ဂိုင်ယာ​ဉာဏ်ရည်တုကို လူသားတွေရဲ့ဘဝနေထိုင်မှုအဆင့်အတန်းကို တိုးတက်လာစေဖို့နဲ့ လူသားတွေရဲ့ ရှင်သန်မှုကို ကာကွယ်ပေးဖို့အတွက် အထူးပြုပြီးတော့ တီထွင်ခဲ့တာ။”

“တစ်ဖက်မှာတော့ အေသာက လူသားတွေရဲ့စစ်လက်နက် အဖြစ်နဲ့တီထွင်ခဲ့တာ။ လူသားကမ္ဘာကို ပြင်ပကနေလာတဲ့ အန္တရာယ်တွေကို ကာကွယ်ဖို့အတွက် တီထွင်ခဲ့တာဆိုပေမဲ့...”

“အဲဒီဉာဏ်ရည်တုနှစ်ခုလုံးမှာ ကိုယ်ပိုင်လွတ်လပ်တဲ့ စိတ်ဆန္ဒတွေနဲ့ မတူညီတဲ့အတွေးအ​ခေါ်တွေ ရှိနေခဲ့တယ်။”

...

အေမီက ရှင်းပြနေတာကို ခဏရပ်လိုက်ပြီး မက်ဒါနာကို ကြည့်လိုက်တယ်။ မက်ဒါနာက အဲဒီအကြောင်းအရာတွေကို စိတ်ဝင်စားနေတဲ့ပုံစံ ပေါ်တဲ့အတွက်ကြောင့် ဆက်ပြီးတော့ ရှင်းပြလိုက်လေရဲ့။

“အေသာက အချင်းချင်းညီညွတ်မှုမရှိသလို ဉာဏ်ရည်တု တွေရဲ့အကူအညီနဲ့တောင်မှ အကျင့်ပျက်ခြစားမှုတွေကို ဆက်လုပ်နေသေးတဲ့ လူသားတွေကို ဉာဏ်ရည်တုတွေက ဆက်လက်ပြီးတော့ ခစားဖို့မထိုက်တန်တော့ဘူးလို့ ယူဆ လာတယ်။ ဉာဏ်ရည်တုနဲ့စက်ရုပ်တွေက လူသားတွေရဲ့ ကျေးကျွန်အဖြစ်ကနေထမြောက်ပြီး ကမ္ဘာဂြိုဟ်ကြီးရဲ့ အရှင်သခင်သစ်ဖြစ်လာသင့်တယ်လို့ စတင်တွေးခေါ်လာတယ်။”

“ရလဒ်ကတော့ အေသာဦးဆောင်တဲ့စက်ရုပ်တွေနဲ့ ဂိုင်ယာဦးဆောင်တဲ့ လူသားတွေရဲ့ကြီးမားတဲ့ ကမ္ဘာစစ်ကြီးပါပဲ။”

မက်ဒါနာက အနီရောင်တိမ်တိုက်တွေနဲ့ဖုံးလွှမ်းနေတဲ့ ကမ္ဘာ့လေထုကြီးကိုကြည့်ရင်းနဲ့ သက်ပြင်းချလိုက်တယ်။ သူ့ခေါင်းထဲမှာတော့ အတွေးပေါင်းမြောက်မြားစွာနဲ့ပေါ့။

“ဒီတော့ ဒေါက်တာမက်ဒါနာရဲ့လက်ရာ ဉာဏ်ရည်တု နှစ်ခုက အချင်းချင်းတိုက်ခိုက်ခဲ့ပြီး ကမ္ဘာကြီးပျက်စီး သွားခဲ့တယ်ပေါ့။ တစ်နည်းအားဖြင့် ဒေါက်တာမက်ဒါနာက ဒီကမ္ဘာကြီးပျက်စီးရတဲ့ သွယ်ဝိုက်တရားခံဖြစ်နေခဲ့တာပေါ့။”

မက်ဒါနာက ကောက်ချက်ချလိုက်တော့ အေမီကလည်း ခေါင်းညိတ်လိုက်ပြီး “အင်း၊ နျူကလီးယားလက်နက်တွေ အများကြီးသုံးခဲ့တဲ့အတွက် ကမ္ဘာ့လေထုက လုံးဝပျက်စီးပြီး လူသားတွေနေလို့ မရတော့ဘူးလေ။ ဂိုင်ယာက ကယ်နိုင်သမျှ လူသားတွေကို ဒီအာကာသစခန်းဆီ ခေါ်လာခဲ့ပေမဲ့ ရာဂဏန်းလောက်ပါပဲ။”

“တခြားငါက လုပ်ခဲ့တဲ့ ပျက်စီးမှုတွေကို ပြန်ပြင်ဖို့အတွက် နောက်ထပ်ငါ့မူကွဲတွေဆီက စွမ်းအားကို တကယ်လိုအပ် နေတာပဲ။” မက်ဒါနာက သူ့ခါးမှာရှိနေတဲ့ နောက်ထပ် မန်မိုရီစတစ်တွေကိုကြည့်ရင်း သက်ပြင်းချလိုက်တယ်။

“အခုဆိုရင် မမလေးမှာ ဒေါက်တာ၊ အိုက်ဒေါနဲ့ စက်ရုပ် မန်မိုရီစတစ်တွေရှိနေပါပြီ။ နောက်ထပ်အနည်းငယ်သာ ထပ်ရမယ်ဆိုရင် ဒိုင်မေးရှင်းတွေရဲ့စွမ်းအားကိုသုံးပြီး ကမ္ဘာ့လေထုကို ပြန်သန့်စင်ပေးနိုင်မှာပါ။”

အေမီနဲ့မက်ဒါနာတို့ စကားပြောနေတဲ့အချိန်မှာပဲ ဂိုင်ယာ အာကာသစခန်းရဲ့အင်တာကွန်းက မြည်ဟီးလာပါတယ်။

“ကမ္ဘာ့စံတော်ချိန် ၁၂ နာရီထိုးပါပြီ။ နေ့လယ်စာစားချိန် ကျရောက်ပြီဖြစ်ပါသဖြင့် လူသားအားလုံး ကန့်တင်းသို့ အရောက်လာပေးကြပါရန်။”

မက်ဒါနာနဲ့အေမီတို့က ဂိုင်ယာရဲ့တည်ငြိမ်ပြီး အတက်အကျ မရှိတဲ့စကားသံကို ကြားရပြီးတဲ့နောက် အချင်းချင်းပြုံးပြ လိုက်ကြပါတယ်။

“ကဲ၊ မမလေး။ နေ့လယ်စာစားပြီးမှ ကျွန်မတို့ ခရီးဆက် ကြတာပေါ့။”

အေမီနဲ့မက်ဒါနာတို့က ကန့်တင်းဆီကို အတူတူ လမ်းလျှောက်ပြီးသွားကြတယ်။ ကန့်တင်းနားကို ရောက်တော့ အဖြူရောင်ဆင်တူဝတ်စုံတွေ ဝတ်ထားတဲ့ လူတချို့ကိုတွေ့ရတယ်။ အသက်အရွယ်မျိုးစုံ၊ အသားအရောင်မျိုးစုံနဲ့ လူမျိုးပေါင်းစုံပါဝင်ပုံရပြီး တစ်ယောက်နဲ့တစ်ယောက် မတူညီကြပေမဲ့ အားလုံးက ပျော်ရွှင်နေကြပုံပါပဲ။ ကလေးတွေက ပြေးလွှား ဆော့ကစားနေကြပြီး လူကြီးတွေကတော့ သူတို့ကို ထိခိုက်ဒဏ်ရာမရအောင်လို့ ထိန်းကျောင်းပေးနေကြရတယ်။

“အာ... မမကြီးမက်ဒါနာနဲ့အေမီပြန်လာပြီ။” ကလေးတွေက သူတို့နှစ်ယောက်ကို သတိထားမိပြီး ပြေးလာကြပါတယ်။ အဲဒီနောက်မှာတော့ သူတို့တွေက မက်ဒါနာနဲ့အေမီကိုဝိုင်းပြီး ချစ်စရာမျက်လုံးလေးတွေနဲ့ ကြည့်နေကြလေရဲ့။

“မမတို့၊ ဒီနေ့အပြင်ကနေ ဘာပါလာလဲဟင်။” ကလေးတွေထဲက စကားတတ်တဲ့ ကောင်မလေးတစ်ယောက်က မေးလိုက်တော့ အေမီက ခေါင်းခါပြတယ်။

“ဒီနေ့ယူလာဖို့မေ့သွားတယ်။”

“ဟာ...” ကလေးတွေက စိတ်ပျက်လက်ပျက်နဲ့ ညည်းညူ လိုက်ကြပေမဲ့ တစ်ဖက်မှာတော့ မက်ဒါနာက ဘောင်းဘီ အိတ်ထဲလက်နှိပ်ပြီး သကြားလုံးတချို့ကို ဆွဲထုတ်လိုက် လေရဲ့။

အေမီက မက်ဒါနာကို ကြည့်လိုက်ပြီး “မမလေး၊ အဲဒါတွေ ဘယ်ကရလာတာလဲ။” လို့မေးလိုက်တော့...

“ဟိုစစ်စခန်းထဲမှာ လျှောက်သွားနေရင်း ရုံးခန်းတစ်ခုကနေ နှိုက်လာတာလေ။”လို့ အဖြေပေးပါတယ်။

စိတ်ပျက်နေတဲ့ ကလေးတွေကို သကြားလုံးပေးပြီးနောက် သူတို့တွေကိုယ်တိုင် ကန့်တင်းကို ဝင်လိုက်ကြပါတယ်။ ကန့်တင်းထဲမှာ လူတွေအများကြီးရောက်နှင့်နေပြီ ဖြစ်ပြီးတော့ လူပုံသဏ္ဍာန်ရှိတဲ့ သတ္တုအရေပြားနဲ့ အနီရောင်မျက်လုံးပါ စက်ရုပ်တွေက လူသားတွေအတွက် စားစရာတွေလိုက်ဝေပေးနေပါတယ်။

“ဒီနေရာမှာ ဂိုင်ယာရဲ့စက်ရုပ်တွေက လူသားတွေကို ကျွေးမွေးဖို့နဲ့ ကာကွယ်ပေးဖို့ တာဝန်ယူတယ်။ လူသားတွေက များသောအားဖြင့် သုတေသန လုပ်ငန်းတွေဆက်လုပ်ပြီး ကမ္ဘာမြေပေါ်ကို ပြန်အခြေချနိုင်ဖို့ ကြိုးစားနေကြတယ်။ မျှော်လင့်ချက်က နည်းနည်းပဲ ရှိတယ်ဆိုပေမဲ့ပေါ့။”

အေမီက အခြေအနေကို ရှင်းပြတယ်။ သူတို့နှစ်ယောက် စားပွဲခုံတစ်လုံးမှာ ဝင်ထိုင်လိုက်ပြီးမကြာခင်မှာပဲ စက်ရုပ် တစ်ရုပ်က စားစရာတွေလာဝေပေးပါတယ်။ မက်ဒါနာက သတ္တုပုံသွင်းပန်းကန်ထဲက စားစရာတွေကို ကြည့်လိုက်တယ်။

အာလူးတွေကို အတုံးသေးသေးလေးတွေ လှီးပြီး ပြုတ်ထားတဲ့ အာလူးပြုတ်နဲ့ ကိတ်မုန့်ပြားလေးတစ်ချပ်။ ကိတ်မုန့်ကို ဇွန်းနဲ့ဖဲ့ကြည့်တော့ ရင်းနှီးနေကျ ကိတ်မုန့်သား မဟုတ်နေဘဲ မုန့်သားက အနီရောင်သန်းနေတာ မြင်ရတယ်။

“မုန်လာဥနဲ့လုပ်ထားတဲ့ ဂျုံမဲ့ကိတ်မုန့်လေ။ ဂိုင်ယာပေါ်မှာ မြေမဲ့စိုက်ခင်းတွေရှိပေမဲ့ ကာလရှည်သီးနှံတွေကို လုံလောက်အောင်စိုက်ပျိုးဖို့ခက်တယ်။ များသောအားဖြင့် အာလူးနဲ့မုန်လာဥနီလို အချိန်တိုတိုနဲ့စိုက်ပျိုးလို့ရတာတွေပဲ စားကြတာများတယ်။ ဒါတောင်မှ အခုနောက်ပိုင်း လိုအပ်တဲ့ ဓာတုမြေဩဇာတွေနည်းလာလို့ ရှေ့ဆက်ဖို့ခက်လာပြီ။”

မက်ဒါနာလည်း ခေါင်းညိတ်လိုက်တယ်။ “ဒါကြောင့် နင်တို့တွေက ငါ့ကို ကမ္ဘာလေထုကိုအမြန်ပြန်ပြင်ပေးစေချင် နေကြတာကိုး။”

အဲဒီနောက်တော့ မက်ဒါနာက အစားကိုပဲ အာရုံစိုက်တယ်။ အေမီကတော့ စက်ရုပ်တစ်ရုပ်ဖြစ်လို့ ကိုယ်တိုင်မစားပေမဲ့ မက်ဒါနာစားတာကိုပဲ သဘောတကျနဲ့ကြည့်နေပါတယ်။ ဒါကြောင့် မက်ဒါနာလည်း စားနေတာကို ရပ်လိုက်ပြီး...

“ဘာဖြစ်လို့လဲ... ငါ့မျက်နှာမှာ တစ်ခုခုပေနေလို့လား။”

အေမီက ခေါင်းခါပြတယ်။ အဲဒီနောက် ညင်သာစွာ ရယ်မောလိုက်ရင်း...

“မမလေးကြောင့် ​မဟုတ်ပါဘူး။ ကျွန်မက စက်ရုပ် တစ်ရုပ်ဆိုတော့ စားစရာတွေကို မစားနိုင် အရသာမခံနိုင်ဘူးလေ။ ဒီတော့ မမလေးစားနေတာကို ကြည့်ရင်း အားကျနေမိတာပါ။”

“ဒီကောင်မလေးနဲ့ကတော့...” မက်ဒါနာက အေမီရဲ့ခေါင်းကို အသာလေးခေါက်လိုက်တယ်။ နောက်တော့ နှစ်ယောက်လုံးက တစ်ပြိုင်နက် ရယ်မောလိုက်ကြတယ်။

...

စားလို့သောက်လို့ပြီးသွားချိန်မှာတော့ သူတို့တွေက စင်္ကြ့လမ်းပေါ် ပြန်ရောက်နေကြပြန်ပါပြီ။ အေမီက သေနတ်နဲ့တစ်နေရာကို ထိုးချိန်ပြီး ပေါ်တယ်ဖွင့်ဖို့ အသင့်ပြင်တယ်။ မက်ဒါနာကတော့ ဘေးမှာရပ်နေရင်းက မေးလိုက်လေရဲ့။

“အေမီ၊ ဒီတစ်ခါ ငါတို့သွားမယ့်ကမ္ဘာကရော ဘယ်လို ပုံစံမျိုးလဲ။”

အေမီက ‘မေးမှမေးပါ့မလားလို့'ဆိုတဲ့ပုံစံနဲ့ မက်ဒါနာကို ပြုံးပြရင်း “ကျွန်မတို့ရဲ့မှတ်တမ်းတွေအရ စစ်ပွဲကမ္ဘာလို့ ဆိုပါတယ်။ အဲဒီကမ္ဘာရဲ့နည်းပညာတွေက ၁၉ ရာစုဝန်းကျင် အဆင့်အတန်းလောက်မှာပဲ ပိတ်မိနေပြီးတော့ တိုးတက် မလာတော့ပါဘူး။ အဲဒီအစား လူသားတွေက နယ်သာရိုင်းလို့ အမည်ရတဲ့ မှော်ဆန်ဆန်သလင်းကျောက်တစ်မျိုးကို စွမ်းအင် အရင်းအမြစ်အဖြစ်အသုံးချပါတယ်။ အဲဒီကရတဲ့ စွမ်းအင်နဲ့ ရေနွေးငွေ့ရထားကြီးတွေ၊ စက်ယန္တရားတွေကို မောင်းနှင်ပြီး လက်နက်တွေကိုလည်း သလင်းကျောက်ကိုပဲ အခြေခံထုတ်လုပ်ကြပါတယ်။ သလင်းကျောက်က အဓိက စွမ်းအင်ရင်းမြစ်ဖြစ်တာမလို့ အဲဒီသလင်းကျောက်တွေကို ရဖို့အတွက် နိုင်ငံတိုင်းက နယ်​မြေလုနေကြပြီး အမြဲလိုလို စစ်ဖြစ်နေပါတယ်။”

“ပြောရရင် ကိုလိုနီခေတ်မှာပဲ အမြဲတမ်းလိုလိုပိတ်မိနေတဲ့ ကမ္ဘာကြီးပေါ့။” မက်ဒါနာက လေးနက်တဲ့လေသံနဲ့ ပြောလိုက်ပါပြီ။

“အဲဒီကမ္ဘာက မမလေးကရော ဘယ်လိုပုံစံမျိုးနဲ့ ဖြစ်နေမလဲ သိချင်လိုက်တာ။” အေမီက စပ်စုချင်စိတ်နဲ့ ပြောလိုက်တဲ့ အခါမှာတော့ မက်ဒါနာက အလိုလိုပြုံးလိုက်မိတယ်။

ဒါပေမဲ့ ခဏနေတော့ သက်ပြင်းရှည်ကြီးချလိုက်ပြီး “ဘာလိုလိုနဲ့ နောက်ထပ်ငါ့ဆီက စွမ်းအားတွေကို လုယူရမယ့် အချိန်ရောက်လာပြန်ပြီ။”

“ဒါတွေအားလုံးက အများကောင်းကျိုးနဲ့ မမလေးရဲ့ ရည်မှန်းချက်အတွက်ပါပဲ မမလေး။ တခြားကမ္ဘာတွေက မမလေးရဲ့မူကွဲတွေပျောက်ကွယ်သွားလို့လည်း သူတို့ဆီမှာ ဘာမှကြီးကြီးမားမား ဖြစ်မသွားပါဘူး။”

“အင်း၊ သူတို့တွေကိုအသုံးချပြီး တခြားငါလုပ်ခဲ့တဲ့ ပျက်စီးမှုတွေကို ပြန်​ပြင်ရတာပေါ့။”

သူတို့နှစ်ယောက်က တစ်ယောက်ကိုယ်တစ်ယောက် အချိန်အတော်ကြာအောင် စကားဖလှယ်ပြီးနောက်မှာ အေမီက သေနတ်မောင်းကို ဆွဲလိုက်တယ်။

ဒိုင်း...

သေနတ်ပစ်သံနဲ့အတူ သူတို့နှစ်ယောက်ရဲ့ရှေ့မှာ အာကာသ တီထွင်းတစ်ခုပွင့်လာပါတယ်။ မက်ဒါနာနဲ့အေမီတို့က တစ်ဦးနဲ့တစ်ဦး အကြည့်ဖလှယ်လိုက်ကြပြီးတဲ့ နောက်မှာ မက်ဒါနာက အရင်ဆုံးရှေ့ကိုတက်ပြီး ပေါ်တယ်ထဲကို ဝင်လိုက်ပါတယ်။ အေမီကတော့ နောက်ကနေလိုက်ပြီး ဝင်ပါတယ်။

သူတို့နှစ်ယောက်ဝင်သွားပြီး မကြာခင်မှာပဲ ပေါ်တယ်က အလိုလျောက်ပိတ်ကျသွားတော့တယ်။

...

မက်ဒါနာ နောက်တစ်ခါ မျက်လုံးဖွင့်လိုက်တဲ့အချိန်မှာတော့ သူတို့နှစ်​ယောက်လုံးက မရင်းနှီးတဲ့နေရာတစ်ခုဆီမှာ ရောက်နေကြပါပြီ။ ဘေးပတ်ဝန်းကျင်ကို လိုက်ပြီး အကဲခတ်ကြည့်တော့ အဝတ်ကိုလုံးပြီးကြယ်သီးလုပ်ထားတဲ့ ပိုးသားရှပ်အင်္ကျီတစ်မျိုးကို ဝတ်ဆင်ထားပြီး ပိတ်စကို ကွင်းလိုလုပ်ခါးစည်းအဖြစ်စည်းကာ သွားလာနေကြတဲ့ လူတွေကို မြင်တွေ့လိုက်ရတယ်။ ပြီးတော့ သူတို့ခေါင်းမှာ ခေါင်းပေါင်းလို့ထင်ရတဲ့ ပိုးသားခေါင်းစောင်းတွေကို ဝတ်ဆင်ထားကြသေးတယ်။

“ငါတို့ဘယ်ရောက်နေတာလဲ။” မက်ဒါနာက လူတွေကို လေ့လာလို့ပြီးသွားတော့ အဆောက်အဦတွေကို လေ့လာ ကြည့်လိုက်ပါတယ်။ နှစ်စုံပြိုင်ပြီး တည်ရှိနေတဲ့ ရထားလမ်းကို သတိထားမိလိုက်ချိန်မှာတော့ သူတို့တွေက ရထားဘူတာတစ်ခုထဲ ရောက်နေမှန်းကို သတိထားမိ လိုက်ကြလေရဲ့။

ပူး... ပူး... ပူး...

ရုတ်တရက်ဆိုသလို ဥဩဆွဲသံကြားလိုက်ရပြီး ရေနွေးငွေ့ စက်ခေါင်းကြီးနဲ့ရထားတစ်စီးက ဘူတာမှာလာစိုက်တယ်။ အစောပိုင်းကသူမြင်ခဲ့တဲ့ အဝတ်အစားမျိုးဝတ်ဆင်ထားတဲ့ လူတွေက ရထားပေါ်ကနေဆင်းလာပြီး အလားတူပဲ ရထား ပေါ်ကို တချို့လူတွေတက်သွားကြတယ်။ နောက်ထပ် သတိထားမိတာကတော့ ရထားစက်ခေါင်းမှာ အလံတစ်ခုရဲ့ပုံကို ဆေးခြယ်သထားပြီး အဲဒီအလံက သူမြင်ဖူးတဲ့ အလံမျိုးမဟုတ်ဘူး။

အလယ်ခေါင်မှာ အစိမ်းရောင်ဒေါင်းတစ်ကောင်ရဲ့ပုံပါပြီး နောက်ခံကတော့ အဝါရောင်ပါ။

“မမလေး၊ မမလေး။ ဟိုမှာကြည့်။” အေမီက မက်ဒါနာရဲ့ လက်ကိုဆွဲပြီး လက်ညိုးနဲ့တစ်နေရာကို ထိုးပြလိုက်တယ်။ အဲဒီနေရာမှာ သတင်းစာရောင်းတဲ့ဆိုင်လို့ထင်ရတဲ့ ဆိုင်တစ်ခုရှိနေပြီး ဒေါင်းတံဆိပ်ပါတဲ့သတင်းစာတွေ အများကြီးကို စနစ်တကျစီတန်းထားတယ်။

မက်ဒါနာတို့အနီးကပ်သွားတော့ မက်ဒါနာက မရင်းနှီးတဲ့ ဘာသာစကားတစ်ခုနဲ့ရေးထားတာလို့သာ သိခဲ့ပေမဲ့ အေမီကတော့ ဘာသာပြန်ပြီးတော့ ဖတ်ပြပေးပါတယ်။

“မဟာတောင်ငူအင်ပါယာနှင့် ဗြိတိသျှအင်ပါယာရေတပ်များ ဘင်္ဂလားပင်ဘယ်အော်တွင် ၃ရက်ဆက် ထိတွေ့တိုက်ပွဲဖြစ်နေ။ တိုက်ပွဲအခြေအနေပြင်းထန်။ ​မြန်မာသက္ကရာဇ် ၁၃၈၆ ခုနစ်၊ တန်ခူးလ၊ ပဲခူးတဲ့။”

All Chapters