← Chapters

ကျောက်မုခ်

Vol. 16 Ch. 207

ကျောက်မုခ်

Vol. 16 Ch. 207

ဤနေရာသည် မျက်စိတစ်ဆုံးမြင်နိုင်သော ပြင်ကျယ်ကြီးဖြစ်၏။ ပတ်ဝန်းကျင်တစ်ခုလုံး မိုးအုံ့သောနေ့ကဲ့သို့ မှောင်ရိပ်သန်းကာ မှုန်မှိုင်းနေ၏။

ထို‌မှောင်မှိုင်းနေသော ‌နေရာ၏ရှေ့တွင် ကောင်းကင်နှင့်မြေပြင်ထိစပ်လုနီးပါး မီတာရာပေါင်းများစွာမြင့်မားသော ကျောက်မုခ်ကြီးတစ်ခုရှိ၏။ ကျောက်သားမျက်နှာပြင်သည် အနည်းငယ်အဝါရောင်သန်းနေပြီး အချိန်၏တိုက်စားမှုနှင့် ရှေးဟောင်းခေတ်ပေါင်းများစွာကို ကြုံတွေ့လာရဟန်ပေါ်နေသည်။

ဤမဟာကျောက်မုခ်ကြီး၏ရှေ့တွင် မည်သူမဆိုသေးငယ်သော ပုရွက်ဆိတ်လေးကဲ့သို့ပင်။ နှစ်ထောင်ပေါင်းများစွာတည်ရှိလာသော ကျောက်မုခ်ကြီးသည် သူ့အောက်ခြေမှ မရေမတွက်နိုင်သောသူများကို ဧရာမဘီလူးကြီးတစ်ကောင်ငုံ့ကြည့်နေသလိုထင်ရပေသည်။

ကျောက်မုခ်ကြီး၏တစ်ဖက်တွင် အဆုံးမဲ့တောင်တန်းကြီးသဖွယ် ရှည်လျားငြိမ်သက်စွာရှိနေသော နန်းတော်ကြီးတစ်ခု။

ထိုအချိန်တွင် မရေမတွက်နိုင်သော ပုံရိပ်များသည် ကျောက်မုခ်ကြီး၏ရှေ့တွင်စုရုံးလာကြသည်။ သို့သော်လည်း ထူးခြားသည်မှာ ထိုပုံရိပ်များသည် ကျောက်မုခ်ကြီးရှေ့တွင် ခြေတစ်လှမ်းမျှရှေ့မတက်ကြချေ။

ကျိုးဝမ်သည် လူအုပ်ကြီးရှေ့မှ လွီယွမ်ဟွာ၊ ချင်လျန် နှင့် အခြား လူငယ်ပညာရှင်လေးဦးကိုတွေ့လိုက်ရသည်။ လွီယွမ်ဟွာသည် သူ့နောက်မှလူအုပ်ကို စကားအနည်းငယ်ပြောပြီးနောက် လေးညှို့မှလွှတ်လိုက်သော မျှားတစ်စင်းကဲ့သို့ ကျောက်မုခ်ကြီးထံ တိုးဝင်သွားသည်။

" ဒေါင် "

လွီယွမ်ဟွာတိုးဝင်သွားသည်နှင့် ကျောက်မုခ်ကြီးထံမှ ရွှေရောင်အလင်းတန်းတစ်ခုရုတ်ချည်းပေါ်ထွက်လာသည်။ ထို့နောက် လွီယွမ်ဟွာ၏ရှေ့တွင် ရွှေရောင်အတားအဆီးတစ်ခုပေါ်လာပြီး ပိတ်ဆို့သွား၏။

" ဟမ့် "

လွီယွမ်ဟွာ အေးစက်စက်နှာမှုတ်လိုက်သည်။ သူ့လက်သီးကိုဖြည်းညင်းစွာဆုပ်လိုက်သောအခါ ရွှေရောင်လက်ဝါးကြီးတစ်ခုပေါ်လာပြီး အတားအဆီးကို တခဏအတွင်း ဖျက်ဆီးသွား၏။ သူ့ပုံရိပ်သည် မုခ်တွင်းသို့ ရုတ်ချည်းဝင်ရောက်သွား၏။

လွီယွမ်ဟွာ၏ နောက်ကျောကိုကြည့်ရင်း ကျိုးဝမ်တီးတိုးရေရွတ်လိုက်၏။

" ဒီကျောက်မုခ်က ထူးခြားချက်တွေရှိနေတာလား "

" ဟီးဟီး ဒီကျောက်မုခ်ကြီးက ဒီလှိုဏ်ဂူခန်းဆောင်ရဲ့ပညာရှင်တွေလုပ်ထားတဲ့ အကာအကွယ်အစီအရင်ပဲဖြစ်ရမယ် ဒါက ဒီလှိုဏ်ဂူဂေဟာကိုကာကွယ်တဲ့အစီအရင်အမျိုးအစားတစ်မျိုးပဲ အပြင်လူဝင်လိုက်တာနဲ့ ကျောက်မုခ်ကြီးအတွင်းက အစီအရင်အသက်ဝင်လာပြီး ကျူးကျော်သူကို တားဆီးမယ့်အကာအကွယ်ဖန်တီးပေးတာပဲ ရှေးခေတ်ကတည်းက ဒီလိုခုခံရေးမဟာအစီအရင်တွေက အရမ်းစွမ်းအားကြီးတယ် မူလဧကရာဇ်နယ်ပယ် တန်ခိုးရှင်တောင် လွယ်လွယ်ကူကူမဖျက်ဆီးနိုင်ဘူး "

ကျိုးဝမ်၏ပခုံးပေါ်တွင် ရှောင်ဟေးရုတ်တရက်ပေါ်လာသည်။ သူမလက်လေးဖြင့် မေးသပ်ရင်းတခစ်ခစ်ရယ်မောနေ၏။

" မူလဧကရာဇ်နယ်ပယ်တန်ခိုးရှင်တောင် မဖျက်ဆီးနိုင်ဘူးတဲ့လား အခုလေးတင် လွီယွမ်ဟွာက လွယ်လွယ်ကူကူဝင်သွာစတာမဟုတ်ဘူးလား "

ကျိုးဝမ်ထိတ်လန့်သွားပြီး အံ့ဩတကြီးမေးလိုက်၏။

" ဟမ့် ဒီလှိုက်ဂူခန်းဆောင်ကရှိနေတာ အနည်းဆုံး နှစ်ပေါင်းတစ်သောင်းကျော်သွားခဲ့ပြီ မဟာအကာအကွယ်အစီအရင်တောင်မှ အချိန်ရဲ့တိုက်စားမှုဒဏ်မခံနိုင်ဘူး ဒါကြောင့် သူ့ရဲ့အစွမ်းက အရင်ကထက်အများကြီးအားနည်းသွားပြီ ငါခန့်မှန်းသလိုဆိုရင် လူသားဘုရင်အဆင့်နဲ့အထက် ဘယ်သူမဆို မဟာအကာအကွယ်အစီအရင်ကိုအေးဆေးဖြတ်ကျော်နိုင်တယ် " ရှောင်ဟေးသည် ကျိုးဝမ်ကို မျက်စောင်းထိုးကြည့်ပြီး တည်တည်ငြိမ်ငြိမ်ပြန်ပြောလိုက်၏။

ကျောက်မုခ်ကြီး၏ အခြားတစ်ဖက်တွင် လွီယွမ်ဟွာ အောင်မြင်စွာဝင်သွားပြီးနောက် ရှုမူ၊ ချင်ဟွေ့၊ ကြည်လင်သောကြာပန်းနှင့် ကွမ်းမို နှင့်အခြားသခင်လေးလေးယောက်တို့သည် ကျောက်မုခ်အတွင်းသို့ အလွယ်တကူဝင်သွားကြ၏။

သူတို့ငါးဦးအလွယ်တကူဝင်ရောက်သွားပြီးနောက် လူသားဘုရင်အဆင့်နှင့်အထက် တန်ခိုးရှင်အချို့လိုက်ပါသွားကြသည်။ သူတို့၏ခွန်အားသက်သက်ဖြင့် အကာအရံကိုချိုးဖောက်သွားကြ၏။ ထိုသူတို့အထဲတွင် ကျိုးဝမ်သိသော နဝမသမီးတော်၊ လင်းဂျူ၊ ရှုချန်း တို့ပါဝင်သည်။

လူသားဘုရင်အဆင့်အောက်တန်ခိုးရှင်များကတော့ သူတို့နေရာတွင် ဆက်လက်ရပ်ကျန်နေကြသည်။ သူတို့သည် ကျောက်မုခ်အတွင်းသို့ဝင်ရန် ရည်ရွယ်ချက်မရှိကြပေ။

ရွှစ်

ရွှစ်၊ ရွှစ်

အင်အားစုငါးခုမှ တန်ခိုးရှင်များဝင်ရောက်သွားပြီးနောက် ကျောက်မုခ်ကြီးရှေ့မှ ရောက်နှင့်ပြီးသောအဖွဲ့များသည် အုတ်သော်သောင်းတင်းဖြစ်လာကြသည်။ ထို့နောက် မရေတွက်နိုင်သောတန်ခိုးရှင်များသည် ကျောက်မုခ်ထဲသို့ ကျိုင်းကောင်များသဖွယ် တိုးဝင်သွားကြသည်။

ဘန်း ၊ ဘန်း

သို့သော်လည်း များပြားလှသောလူအုပ်ထဲမှ အချို့သာ လူသားဘုရင်အဆင့်ဖြစ်ကြသည်။ ထို့ကြောင့် ထိုသူအချို့သာ ကျောက်မုခ်၏ ပိတ်ဆို့မှုကို သူတို့၏ခွန်အားကိုမှီခို၍ ချိုးဖျက်ဝင်ရောက်‌နိုင်ခဲ့ကြသည်။ အများစုသည် တံမြက်စည်းနှင့်လှဲလိုက်သော သစ်ရွက်ခြောက်များကဲ့သို့ ပြန်လည်လွှင့်ထွက်သွားကြ၏။

သိသာစွာပင် နောက်သို့လွှင့်ထွက်လာသောသူအများစုမှာ လူသားဘုရင်အဆင့်အောက်မှဖြစ်ကြသည်။

" သေစမ်း ရှေးဟောင်းဂူခန်းဆောင်မှာ ဒီလိုကျောက်မုခ်ကြီးရှိမယ်လို့မထင်ခဲ့ဘူး "

" ဒီလိုကျောက်မုခ်နဲ့ဆိုရင် လုံလောက်အောင်မသန်မာတဲ့ငါတို့အတွက်အခွင့်အရေးမရှိတော့ဘူး "

" ကံဆိုးတယ် ဒီခရီးကအချည်းနှီးဖြစ်ရပြီ "

" ... "

ကျင့်ကြံသူများတစ်ဦးပြီးတစ်ဦးလွှင့်ထွက်လာပြီးနောက် ကျောက်မုခ်ရှေ့တွင် ဆဲဆိုသံများပြည့်နှက်နေတော့သည်။ မရေတွက်နိုင်သော ကျင့်ကြံသူများ စတင်ဆဲဆိုတော့၏။ ကျောက်မုခ်တွင်းသို့မဝင်နိုင်လျှင် ရှေးဟောင်းဂူခန်းဆောင်ထံမှရတနာများကိုရရန်ကံမစပ်မှန်း သူတို့သိကြပေသည်။

" ငါ ရှေးဟောင်းလှိုဏ်ဂူခန်းဆောင်ကိုရောက်ရောက်ချင်း ဒီလိုခက်ခဲမှုနဲ့ကြုံရမယ်လို့မထင်ခဲ့ဘူး ဒါပေမယ့် ငါကြိုးစားကြည့်ရမယ် ငါ့ရဲ့ရေခဲနဲ့မီးတော်ဝင်သင်္ကေတပေါ်အားကိုးလို့မရဘူးဆိုရင် ကျောက်မုခ်ရဲ့အတားအဆီးကိုဖျက်ဆီးဖို့ ငါ့ရဲ့သိုင်းစွမ်းအားကိုအသုံးပြုလို့ရနိုင်လား "

ကျိုးဝမ် တီးတိုးပြောလိုက်၏။ ထို့နောက် သူသည် အလင်းတန်းအဖြစ်သို့ပြောင်းလဲသွားပြီး ကျောက်မုခ်ထံ တိုးဝင်သွား၏။

မကြာသေးမီက ရှုံးနိမ့်မှုကြောင့် ယေဘုယျအားဖြင့် ကျောက်မုခ်အပြင်ဘက်တွင် အားနည်းသောကျင့်ကြံသူများသာပြည့်နေကြသည်။ တယောက်ယောက်က ရုတ်တရက် ကျောက်မုခ်ကို ချိုးဖျက်ရန်ကြိုးစားသောအခါ သူတို့၏အာရုံကိုစွဲဆောင်သွား၏။

သို့သော်လည်း ထိုကျင့်ကြံသူများသည် ကျိုးဝမ်၏ ခန့်ညားသောရုပ်ရည်နှင့် ထုတ်လွှင့်နေသော အထည်ဒြပ်ယန်ရောင်ဝါကို မြင်သောအခါ ရုပ်ချည်း ဝန်တိုစိတ်ဖြင့် ပြုံးမိကြသည်။

" ဒီကောင်က ငတုံးလား အထည်ဒြပ်ယန်အဆင့် ၈ ပဲရှိသေးတာတောင် ကျောက်မုခ်ထဲ ဝင်ရဲတာလား "

" ယုံကြည်မှုလွန်ကဲနေတာပဲ အထည်ဒြပ်ယန်ထိပ်ဆုံးအဆင့်ရောက်နေတဲ့ ငါတောင် မချိုးဖျက်နိုင်ဘူး ဒီလို အားနည်းတဲ့ကျင့်ကြံမှုနဲ့ကလေးက ဘယ်လိုလုပ်ဝင်နိုင်မှာလဲ "

" ဟီးဟီး ကျောက်မုခ်ရဲ့စွမ်းအားကြောင့် အဲ့ကလေးလွှင့်ထွက်လာတဲ့အခါ သူဘယ်လောက်အရှက်ကွဲမလဲကြည့်ရအောင် "

ကျိုးဝမ်၏ မီးပုံထဲတိုးဝင်သော ပိုးဖလံသဖွယ် ကျောက်မုခ်ထဲသို့ဝင်ရောက်သွားမှုကို ထိုသူတို့မြင်သောအခါ ကျောက်မုခ်အပြင်ဘက်မှ ကျင့်ကြံသူများက ရုတ်တရက်သရော်ကြသည်။ လူတိုင်းသည် ကျိုးဝမ်၏နောက်ကျောကို လှောင်ပြောင်ရယ်မောရင်း ကြည့်နေကြ၏။ ကျောက်မုခ်ထံမှ လွှင့်ထွက်လာသောအခါဖြစ်လာမည့်လူငယ်၏ မျက်နှာသွင်ပြင်ကို ကြည့်ရှုလိုနေကြသည်။

" ကြက်သွေးရောင်သွေးသားရဲခန္ဓာ ဒုတိယကောင်းကင် အမျက်ဒေါသ "

ကျိုးဝမ်၏လည်ချောင်းထဲမှ တိုးညှင်းသော ဟိန်းဟောက်သံပေါ်ထွက်လာသည်။ ထို့နောက် သူ့ခန္ဓာကိုယ်မှ ကြွက်သားအားလုံးရုတ်တရက် ဖောင်းကြွလာသည်။ မရေတွက်နိုင်သောသွေးကြောများဖောင်းကြွလာပြီး သူ့အသွင်မှာ သူမတူထူးကဲစွာ ရက်စက်ကြမ်းကြုတ်သောအသွင်ပေါ်လာခဲ့သည်။

ကျိုးဝမ်ကျောက်မုခ်အနားသို့ ချဉ်းကပ်သွားချိန်တွင် သူ့ခါးကိုလှည့်၍ သူ့ခန္ဓာမှ အဆုံးမဲ့ယွမ်စွမ်းအားများ ပေါက်ကွဲထွက်လာသည်။ ထို့နောက် လက်သီးဆုပ်လိုက်၏။ သူ့လက်သီးအစုံသည် လေထဲတွင် လေဟာနယ်လမ်းကြောင်းတစ်ခုကို ထူးဆန်းစွာဖြစ်ပေါ်စေပြီး ကျောက်မုခ်ထဲသို့ ပြင်းထန်စွာ ထိုးချလိုက်၏။

" ကမ္ဘာဦး ပျက်သုဉ်းခြင်းဟိန်းသံလက်သီး နဂါးဆယ်ကောင်ကောင်းကင်၌ပျံဝဲခြင်း "

ကျိုးဝမ်၏လက်သီးနှင့်ကျောက်မုခ်ထိသွားစဉ်တွင် သူ့ခန္ဓာကိုယ်မှ နဂါးတစ်ကောင်၏ ဟန်းသံပဲ့တင်ထွက်ပေါ်လာ၏။ ထို့နောက် ကျိုးဝမ်၏ချည်နဲ့သောခန္ဓာကိုယ်နောက်တွင် နဂါးကြီးဆယ်ကောင်၏ ပုံရိပ်ပေါ်လာ၏။

ဘုန်း

ကျိုးဝမ်၏လက်သီးအရှိန်နောက်လိုက်ပြီး နဂါးကြီးဆယ်ကောင်၏တစ္ဆေသည် ကျောက်မုခ်၏ အကာအရံထံသို့ တိုးဝင်သွားကြ၏။ ရုတ်တရက် ကြမ်းတမ်းသောတုန်ခါမှုသည် ကျောက်မုခ်ထံသို့ ပျံ့နှံ့သွား၏။ ကျောက်မုခ်အပြင်ဘက်မှ အကြောင်းမဲ့သက်သက် ရယ်မောလှောင်ပြောင်နေသော များစွာသော ကျင့်ကြံသူများသည် ထိုတုန်ခါမှုကြီးကြောင့် တည်ငြိမ်စွာမရပ်နိုင်တော့ပဲ ယိမ်းယိုင်သွားကြ၏။

" မဖြစ်နိုင်တာ ဒီကောင်လေးကတကယ်ပဲ ကျောက်မုခ်ရဲ့အကာအရံကို ချိုးဖောက်နိုင်တာလား "

လူအုပ်ကြီးသည် ပျံ့နှံ့သွားသော တုန်ခါမှုကို သတိထားမိလိုက်သောအခါ ရုတ်တရက် တိတ်ဆိတ်သွားကြ၏။ လူတိုင်း၏မျက်နှာမှအပြုံးများ ရပ်တန့်သွား၏။ ထိုအစား ကျိုးဝမ်၏လက်သီးချက်ကြောင့် ထပ်ခါထပ်ခါတုန်ခါနေသောကျောက်မုခ်ကြီးကို ငေးကြည့်နေမိကြသည်။

ဘန်း

ကျောက်မုခ်ရှေ့တွင် ကျိုးဝမ်၏မျက်စိကျဉ်းမြောင်းသွား၏။ ကျောက်မုခ်အတွင်းမှ သူဝင်ရောက်လာမည်ကို အဆက်မပြတ်ဟန့်တားနေသော အားကောင်းသည့် ခုခံမှုကြောင့် မတတ်နိုင်ပဲ မျက်စိကျဉ်းမြောင်းသွား၏။ ထိုခုခံမှုသည် အမြင့်ဆုံးသို့ရောက်သောအခါ မသည်းမကွဲညည်းညူကာ နောက်သို့ မီတာအနည်းငယ်ဆုတ်လိုက်ရ၏။

နောက်ဆုတ်သွားသောလူငယ်၏ ပုံရိပ်ကို ကြည့်ရင်း စိတ်သက်သာစွာ သက်ပြင်းချလိုက်၏။ ကျောက်မုခ်တုန်ခါသွားသောကြောင့် အထည်ဒြပ်ယန်အဆင့်သာရှိသေးသောထိုလူငယ်များ ကျောက်မုခ်ထဲသို့ ဝင်သွားနိုင်မလားဟု ထင်မိလုနီးပါးပင်။

" ရည်ရွယ်ချက်ရှိရှိ ထူးဆန်းချင်ယောင်ဆောင်နေတဲ့ကလေးပဲ မင်းမှာအရည်အချင်းမရှိရင် ဟန်မဆောင်နဲ့ ကိုယ့်ကိုယ်ကိုအရှက်ရအောင်မလုပ်နဲ့ "

" နို့နံ့မစင်သေးတဲ့ကောင်လေးဆိုတဲ့အတိုင်းပဲ ကျင့်ကြံသူတွေအများကြီး ကြိုးစားခဲ့ပြီးပြီ လူသားဘုရင်အဆင့်အောက်ကျင့်ကြံသူတွေ ကျောက်မုခ်ကိုမဖြတ်နိုင်ဘူး မင်းအလျှော့ပေးလိုက်ဖို့ အကြံပေးမယ် "

အသက်ရှုချိန်အနည်းငယ်ကြာပြီးနောက် အထင်အမြင်သေးသော လှောင်ပြောင်ရယ်မောသံများ ကျောက်မုခ်အပြင်ဘက်တွင် ပျံ့နှံ့လာပြန်သည်။

အသက်ဝဝရှူပြီးနောက် ကျိုးဝမ်သည် သူ့နောက်မှ လှောင်ပြောင်ရယ်မောသံများကို လျစ်လျူရှုလိုက်၏။ ထိုအစား ကျောက်မုခ်ကိုစေ့စေ့စပ်စပ်ကြည့်ပြီး တိုးညှင်းစွာပြောလိုက်သည်။

" ကြည့်ရတာဒီအကွက်အသုံးမဝင်ဘူးပဲ ဒါဆို ဒီတစ်ကွက်နဲ့စမ်းကြည့်မယ် "

သူပြောပြီးနောက် မြေပြင်ပေါ် ခြေဆောင့်နင်းချလိုက်သည်။ သူ့ခန္ဓာကိုယ်သည် ကျောက်မုခ်ထံသို့ တိုးဝင်သွားပြန်သည်။ ထိုအချိန်တွင် သူ့လက်အစုံသည် ရွှေရောင်အလင်းဖြင့် အလွန်တောက်ပလာ၏။ ထို့နောက် ပို၍ကျယ်လောင်သောနဂါးဟိန်းသံထွက်ပေါ်လာသည်။ ၎င်းသည် မရေတွက်နိုင်သောနဂါးများ အသိုက်ထဲမှဟိန်းဟောက်လိုက်သကဲ့သို့ပင်။

" ဒီကောင်လေးရဲ့ဦးဏှောက်က တစ်ခုခုဖြစ်နေတာလား "

ကျိုးဝမ်နောက်တဖန် ကျောက်မုခ်ထံသို့ တိုးဝင်သွားသောအခါ လူအုပ်ကြီး၏ရယ်မောသံသည်ပို၍ကျယ်လောင်လာသည်။ သူတို့၏စကားများသည် ထိန်းမနိုင်အောင်ပိုဆိုးလာသည်။ သူတို့၏အမြင်တွင် လက်ရှိကျိုးဝမ်သည် ဆက်ကပ်ထဲမှ မျောက်တစ်ကောင်ကဲ့သို့ပင်။

" ကမ္ဘာဦးနဂါးဟိန်းသံလက်သီး- နဂါးရာချီ ကောင်းကင်သို့စစ်ပြိုင်ခြင်း "

ကျိုးဝမ်၏လည်ချောင်းထဲမှ ဟိန်းဟောက်သံထွက်ပေါ်လာသည်။ သူ့လက်သီးသည် ရွှေရောင်မီးတောက်အလင်းတောက်ပနေ၏။ ကျောက်မုခ်ထံသို့ မချိုးဖက်နိုင်သောဆန္ဒဖြင့် တိုးဝင်သွား၏။ မရေတွက်နိုင်သော ကြီးမားသည့်နဂါးတစ္ဆေအရိပ်များသည် အာကာသထဲမှထွက်လာပြီးနောက် ကျိုးဝမ်၏လက်သီးတွင်လာရောက်စုစည်းကြသည်။ လက်သီးမှအလင်းသည် ပို၍တောက်ပလာ၏။ နောက်ဆုံးတွင် ကျိုးဝမ်၏ခန္ဓာကိုယ်တစ်ခုလုံးသည် နဂါးကြီးအသွင်ပြောင်းကာ ကျောက်မုခ်ထံတိုးဝင်‌ဆောင့်သွား၏။

ဘုန်း

ကျောက်မုခ်ကြီး၏မိုင်တစ်ရာဝန်းကျင်အတွင်း ပို၍ ပြင်းထန်သော ငလျင်လှိုင်းတစ်ခုထွက်ပေါ်လာသည်။ ထို့နောက်တဆက်တည်း မြေပြင်တွင်အက်ကွဲကြောင်းများပေါ်လာပြီး လက်သီးနှင့် ကျောက်မုခ်ကြားထဲတွင် လေဟာနယ်ထဲမှ အဆုံးမဲ့လေများထွက်ပေါ်လာသည်။

ခရက်

အက်ကွဲသံတိုးတိုးလေးထွက်ပေါ်လာသည်။ ပတ်ဝန်းကျင်တခွင်တွင်ပြည့်နှက်နေသော ရယ်မောသံများမှာ အရေးမပါတော့ပေ။

သို့သော်လည်း ‌ထိုနေရာရှိရယ်မောသံများအားလုံးကို အက်ကွဲသံလေးကရပ်တန့်သွားစေသည်။ ထို့နောက်လူတိုင်းသည် သူတို့ရှေ့မှကျောက်မုခ်ကိုမယုံနိုင်စွာကြည့်နေကြသည်။

ကျောက်မုခ်၏ ရွှေရောင်အကာအရံပေါ်တွင် အက်ကွဲကြောင်းများပေါ်လာသည်။ ထိုအက်ကွဲကြောင်းများသည် ပင့်ကူအိမ်သဖွယ် အရပ်မျက်နှာအသီးသီးသို့ပျံ့နှံ့သွား၏။ နောက်ဆုံးတွင် လူတိုင်း၏ ကြက်သေသေနေသောအကြည့်အောက်တွင် လုံးဝကွဲကြေသွားတော့သည်။

ရွှစ်

ကျောက်မုခ်၏အကာအရံပျက်ဆီးသွားသည်နှင့်တပြိုင်နက် ကျိုးဝမ်သည်အရိပ်တစ်ခုသဖွယ် အတွင်းသို့ဝင်ရောက်သွားတော့သည်။ ခြေလှမ်းအနည်းငယ်အတွင်း လူတိုင်း၏မျက်စိရှေ့မှပျောက်ကွယ်သွားတော့သည်။ ကျိုးဝမ်ကျောက်မုခ်ထဲဝင်ရောက်ပြီးနောက် ရွှေရောင်အကာအရံသည် ပြန်လည်ဖွဲ့စည်းသွား၏။

*************

All Chapters