အင်ပါယာယွမ်ဆေးလုံး
Vol. 16 Ch. 208
အုံ့မှိုင်းနေသော မီးခိုးရောင်သည် အာကာသတစ်ခုလုံးကို ဖုံးလွှမ်းသွားကာ ရှေးဟောင်းဂူ၏ အငွေ့အသက်ကို ဆန်းကြယ်သည့်အသွင်ဖြစ်ပေါ်နေစေသည်။
ရွှစ်
အရိပ်တစ်ရိပ်သည် လေဟာနယ်ကိုဖြတ်ကျော်၍ ရင်ပြင်ပေါ်ရုတ်တရက်ရောက်လာသည်။ ရင်ပြင်သည် နှင်းကဲ့သို့ဖြူသောကျောက်များဖြင့်ပြုလုပ်ထားပြီး တစ်ခုစီသည်ပေအနည်းငယ်ရှိသည်။ ရင်ပြင်သည် ပေတစ်သောင်းကျော်ကျယ်ပြီး ရင်ပြင်ပေါ်မှလူများသည် ပုရွက်ဆိတ်သာသာထင်ရပေသည်။
ရင်ပြင်၏ရှေ့တွင် ကြီးကျယ်ခမ်းနားသော နန်းတော်တစ်ခုရှိသည်။ စူးရှတောက်ပသောရောင်ခြည်များသည် နန်းတော်မှဖြာထွက်နေသည်။ ၎င်းသည် ကျောက်မြက်ရတနာများနှင့်ပြည့်နှက်နေသော အဖိုးတန်မြင်ကွင်းတစ်ခုပင်။
" ရှေ့ကနန်းတော်က ဂူနန်းရှင်ရဲ့နန်းတော်ပဲဖြစ်ရမယ် ရတနာတွေကနန်းတော်ထဲမှာဖွက်ထားတာဖြစ်နိုင်တယ် " ရှောင်ဟေးဟုအမည်ရှိသော ခွေးသည် ကျိုးဝမ်၏ပခုံးထက်တွက် ဇိမ်ကျကျထိုင်နေပြီး ရွတ်နောက်နောက်ပြောလိုက်သည်။
" တကယ့်ကိုအထင်ကြီးစရာပဲ နန်းတော်တစ်ခုတည်းကတောင် ဒီလောက်ကြီးမားတယ် ဒီရှေးဟောင်းဂူနန်းရှင်က သူ့ကိုယ်သူဘယ်လိုပျော်အောင်နေရမယ်ဆိုတာသိတာပဲ " ကျိုးဝမ်က ပါးစပ်အဟောင်းသားနှင့် မနာလိုစွာပြောလိုက်သည်။
ပြင်ပကမ္ဘာနှင့်ယှဉ်ပါက ဤနေရာတွင် လူအရေအတွက်ပိုနည်းသည်။ ကျိုးဝမ်သည် ရံဖန်ရံခါ ခေါင်းပင့်၍ အနက်ရောင်အစက်အပြောက်တချို့ကိုကြည့်သည်။ ကျောက်တံခါးကိုဖြတ်ကျော်နိုင်သောစစ်သည်အရေအတွက်သည် သိသိသာသာနည်းပါးလှသည်။
ဤအရေအတွက်သည် ခန့်မှန်းခဲ့ပြီးဖြစ်၏။ ကျိုးဝမ်၏ခန့်မှန်းချက်အရ လူသားဘုရင်အဆင့်သီးသန့်ပင်လျှင် ရာချီပေမည်။ သို့သော် ကျောက်တံခါးအပြင်ဘက်တွင် စုရုံးနေသော ထောင်သောင်းမကသော စစ်သည်များနှင့် နှိုင်းယှဉ်ပါက ဤအရေအတွက်မှာ အမှန်တကယ်ပင် အလွန်နည်းပါးပါသည်။
ရင်ပြင်ကိုဖြတ်ကျော်ပြီးနောက် ကျယ်ဝန်းသော စင်္ကြံတစ်ခုကိုတွေ့ရသည်။ စင်္ကြံအဆုံးတွင် လမ်းကြောင်းများစွာရှိပြီး လမ်းကြောင်းများတဖက်တွင် ရတနာများပြည့်နှက်နေသော နန်းတော်ကြီးရှိသည်။
လက်ရှိတွင် လူပေါင်းများစွာသည် ပြန့်ကျဲနေပြီး လမ်းကြောင်းများသို့ အလုအယက်ဝင်နေကြသည်။
" ကျိုးဝမ် ဘယ်ဘက်အစွန်ဆုံးလမ်းကိုသွား ဒီနဂါးအရှင်ရဲ့အာရုံသာမမှားဘူးဆိုရင် ဒီလမ်းကြောင်းမှာ ပစ္စည်းကောင်းရှိရမယ် "
ကျိုးဝမ်သည် မည်သည့်လမ်းကြောင်းရွေးရမည်ကို တုံ့ဆိုင်းနေစဉ်တွင် ရှောင်ဟေးကပခုံးပေါ်မှ ရုတ်တရက်ပြောလိုက်သည်။
၎င်းကိုကြားလျှင် ကျိုးဝမ်အနည်းငယ် ထိတ်လန့်သွား၏။ သို့သော်လည်း သူများများစားစားမေးမနေတော့ပေ။ ထိုအစား ပေါ့ပါးသောခြေလှမ်းဖြင့်ဘယ်ဘက်အစွန်ဆုံးလမ်းကြောင်းသို့ အပြေးအလွှားသွားခဲ့သည်။ ရှောင်ဟေး၏အာရုံသည်အလွန်အားကောင်းကြောင်း ကျိုးဝမ်သိသည်။ ထို့ကြောင့် ရှောင်ဟေး၏စကားကိုကြားရသောအခါ သူတုံ့ဆိုင်းမနေတော့ပေ။
လမ်းလေးသည် အတော်ကျယ်ဝန်းပြီး ဘေးနှဖက်တွင် ကျောက်သားအခန်းများဖြင့်ပြည့်နေသည်။ သို့သော် ကျောက်တုံးအခန်းအများစု၏တံခါးများသည် ကျိုးပဲ့နေကြပြီး စစ်သည်တော်များသည် လောဘတကြီးဖြင့် ဝင်ရောက်ရှာဖွေနေကြသည်။
" ဟေး ဒီကျောက်သားအခန်းတွေက ပုံမှန်အားဖြင့် အလွတ်တွေ တခုခုရှိရင်တောင် ဒီလိုထင်ရှားတဲ့နေရာမှာထားမှာမဟုတ်ဘူး ကောင်လေး ဒီကောင်တွေကိုအာရုံစိုက်ဖို့မလိုဘူး ဆက်သွားရအောင် " ရှောင်ဟေးက အထင်သေးသောအကြည့်နှင့် ဝံ့ကြွားစွာပြောသည်။
ကျိုးဝမ်သည် ခေါင်းညိတ်လိုက်ပြီး အရှိန်အပြည့်ဖြင့် လမ်းကြောင်းအတိုင်းလျင်မြန်စွာ ဆက်သွားတော့သည်။ လမ်းတလျှောက်တွင် လမ်းကြောင်းနှစ်ဖက်လုံးရှိ ကျောက်ခန်းများတွင်ရှာဖွေနေကြသူများကိုတွေ့ခဲ့ရသည်။
လမ်းကြောင်းထဲသို့ သူပို၍ဝင်လာသည်နှင့်အမျှ စစ်သည်တော်များတဖြည်းဖြည်းပို၍နည်းပါးလာသည်။ စစ်သည်အများစုသည် ဤနေရာသို့မရောက်သေးသည်မှာ ထင်ရှားသည်။
၁၅မိနစ်ခန့်မရပ်မနားပြေးပြီးနောက် ကျိုးဝမ်၏မျက်လုံးများတောက်ပသွားကာ ရပ်တန့်လိုက်၏။ သူ့အကြည့်တို့သည် အရှေ့မှသာမန်ကျောက်တုံးအခန်းလေးကိုစိုက်ကြည့်နေ၏။ အခန်းထဲမှ ထူးဆန်းသောပြောင်းလဲမှုကိုခံစားလိုက်ရသည်။
" အထဲမှာကောင်းတာတစ်ခုရှိရမယ် "
ထိုကဲ့သို့ ပြောင်းလဲခြင်းသည် သူ့ရှေ့မှကျောက်တုံးအခန်းမတိုင်ခင်မဖြစ်ခဲ့ပေ။ ရုတ်တရက် ကျိုးဝမ် နှလုံးခုန်သွားပြီး ရှေ့သို့လျင်မြန်စွာတိုးဝင်သွား၏။ သို့သော်လည်း တံခါးကိုထိလိုက်စဉ် ပြင်းထန်သောစွမ်းအင်အတက်အကျကြောင့် နောက်သို့ပြန်ကန်သွားသည်။
" ဒီကျောက်တံခါးရဲ့ စွမ်းအင်အကာအကွယ်က တော်တော်ထူးဆန်းတယ် တကယ်တော့ တံခါးရဲ့နောက်မှာ ယန္တရားသော့ခတ်ထားတာပဲ ကောင်လေး မင်းရဲ့စိတ်စွမ်းအင်ကိုအသုံးချပြီး ဝင်လို့ရတယ် တကယ်လို့အားသုံးပြီးဖျက်ဆီးချင်ရင်တော့ ငါစိုးရိမ်တာ အချိန်အရမ်းယူရမှာကိုပဲ "
ကျိုးဝမ်ခေါင်းညိတ်လိုက်၏။ သူ့စိတ်ထဲတွင်လှုပ်ခတ်သွားပြီး နီဝမ်နန်းတော်ထဲမှ စိတ်စွမ်းအားများထွက်ပေါ်လာသည်။ စိတ်စွမ်းအင်အမျှင်များသည် ကျောက်တံခါးကိုရစ်ပတ်သွားပြီး လျင်မြန်စွာပေါင်းစပ်သွား၏။ ခဏကြာပြီးနောက် ကျောက်တံခါး ရုတ်တရက်တုန်ခါသွား၏။ ထို့နောက် ကျိုးဝမ်၏ အံ့အားသင့်နေသောအကြည့်အောက်တွင် ကျောက်တံခါးတုန်ခါသွားကာ အသံမြည်ပြီးပွင့်လာသည်။
ကျောက်တံခါးပွင့်ပြီးနောက် ကျိုးဝမ်ရှေ့တိုးလိုက်သည်။ ထို့နောက် စူးရှသောအလင်းတန်း သူ့မျက်စိထဲသို့တိုးဝင်သွားသောကြောင့် မျက်စိမှိတ်လိုက်ရ၏။ ထိုအခိုက်တွင် ကျောက်တုံးခန်းမထဲ၌ အေးမြသောကျောက်စိမ်းများပြည့်နှက်နေသည်ကို သူတွေ့လိုက်ရ၏။ အေးစက်သောအငွေ့အသက်ဖျော့ဖျော့က သူ့ကိုလွှမ်းခြုံသွား၏။
ကျောက်တုံးအခန်း၏ အပြင်အဆင်မှာ ရိုးရှင်းသော်လည်း သန့်ရှင်းသပ်ရပ်သည်။ ကျောက်တုံးအခန်းကို လှည့်ပတ်ကြည့်ရှုရင်း အခန်းအလယ်ရှိ ကြမ်းပြင်ပေါ်မှ ဆေးလုံးများက သူ့အာရုံကိုစွဲဆောင်သွား၏။
ထိုဆေးလုံးများသည် ကလေးငယ်တစ်ယောက်၏လက်သီးဆုပ်အရွယ်ရှိပြီး ကျောက်စိမ်းကဲ့သို့ချောမွေ့လှသည်။ ၎င်းတို့သည် အလွန်အရည်အသွေးကောင်းသည်မှာ ထင်ရှားပေသည်။ ထို့ပြင် ယွမ်စွမ်းအင်လှိုင်းများသည် ထိုဆေးလုံးများမှ ထွက်ပေါ်နေပေသည်။
" ဒါက ဧကရာဇ်ဆေးလုံးလား "
အင်ပါယာဆေးလုံးသည် အကြွင်းမဲ့အင်ပါယာအဆင့်များသာ ကောင်းကင်နှင့်မြေပြင်မှ ယွမ်စွမ်းအင်များကိုထုတ်ယူ၍ ဖော်စပ်နိုင်ခြင်းဖြစ်သည်။ ၎င်းတွင် အလွန်သန့်စင်ပြင်းထန်သော ယွမ်စွမ်းအားပါရှိသည်။ ဤဆေးလုံးကိုအသုံးပြု၍ကျင့်ကြံသူများသည် အနည်းဆုံး နှစ်ဆပို၍ အကျိုးရှိသည်။
ကျိုးဝမ်၏ခန့်မှန်းချက်အရ အင်ပါယာဆေးလုံးတစ်လုံးသည် ယွမ်တစ်သန်းတန်ဖိုးရှိသည်။ ထို့ပြင် ငွေရှိတိုင်းဝယ်၍မရပေ။ ကျိုးမိသားစု၏နှစ်စဉ်ဝင်ငွေမှာလည်း ဤပမာဏဝန်းကျင်သာဖြစ်သည်။ တနည်းအားဖြင့် ကျိုးမိသားစု မွဲပြာကျသွားလျင်ပင် ဤဆေးလုံးတစ်လုံးသာတတ်နိုင်သည်။
သို့သော် ထိုမျှဈေးကြီးသောဆေးလုံးများသည် ကျောက်ခန်း၏ကြမ်းပြင်တွင် ဒီအတိုင်းစုပုံထား၏။ ဆေးလုံးအရေအတွက် သောင်းချီရှိနေသည်။ ၎င်းတို့ကို ယွမ်ဒင်္ဂါးအဖြစ်လဲလိုက်လျှင် ဘီလီယံများစွာရရှိပေမည်။ ဤချမ်းသာမှုသည် မြို့တစ်မြို့၏ချမ်းသာမှုနှင့်ယှဉ်နိုင်သည်ဟု ဆိုနိုင်ပေသည်။
တန်ဂျားတစ်မြို့လုံး၏ကြွယ်ဝချမ်းသာမှုများပေါင်းလိုက်လျှင်ပင် ဤကျောက်ခန်းထဲရှိ အင်ပါယာယွမ်ဆေးလုံးစုစုပေါင်းတန်ဖိုးနှင့် နှိုင်းယှဉ်၍မရပေ။
ဤမျှများပြားသော ကြွယ်ဝချမ်းသာမှုရှေ့တွင် ကျိုးဝမ်ပင်လျှင် မအံ့ဩပဲမနေနိုင်တော့။ ကျိုးဝမ် စက္ကန့်အနည်းငယ် သတိလွတ်သွားခဲ့၏။ ဘာမှမပြောတော့ပဲ သူ၏ချန်ခွန်အိတ်ကိုဖွင့်လိုက်၏။ စိတ်စွမ်းအင်များပြန့်လွှင့်သွားပြီး ကြမ်းပြင်ပေါ်မှဆေးလုံးများလေပေါ်ပျံတက်လာသည်။ ကျိုးဝမ်၏ မြူးကြွသောအကြည့်အောက်တွင် ၎င်းတို့သည် ချန်ခွန်အိတ်ထဲသို့ အဆက်မပြတ်ဝင်ရောက်သွားကြ၏။
ကံကောင်းထောက်မစွာ ကျိုးဝမ်အသုံးပြုနေသောချန်ခွန်အိတ်သည် ဘရွှယ်ထံမှရရှိလာသောအဆင့်မြင့်အိတ်ဖြစ်သည်။ အိတ်ထဲတွင် အလွန်ကျယ်ဝန်း၏။ ထို့ကြောင့် ကျိုးဝမ်အနေဖြင့် အင်ပါယာဆေးလုံးများ အိတ်ထဲမဆံ့မည်ကို စိုးရိမ်စရာမလိုပေ။
ဤမျှများပြားသော အင်ပါယာယွမ်ဆေးလုံးများ၏စုစုပေါင်းတန်ဖိုးသည် အဆင့်မြင့်စိတ်ဝိဉာဉ်ရတနာတစ်ခုနှင့် နှိုင်းယှဉ်နိုင်သည်။ ကျိုးဝမ်သည် ရှေးဟောင်းလှိုဏ်ဂူထဲသို့ ဝင်ရုံမျှဖြင့် ဤမျှများပြားသော အကျိုးရလာဒ်ရရှိမည်ဟု မမျှော်လင့်ခဲ့ပေ။
ကျိုးဝမ်၏မျက်လုံးများ နီရဲနေ၏။ ကြမ်းပြင်ပေါ်ပြည့်နှက်နေသော အင်ပါယာယွမ်ဆေးလုံးများကို အလွန်ဂရုစိုက်၍ လျင်မြန်စွာသိမ်းယူနေ၏။ သူ့ပခုံးပေါ်မှရှောင်ဟေးသည် သူမ၏ညာလက်ကိုဝှေ့ယမ်းလိုက်သောအခါ နောက်ထပ်ဆေးလုံးတပုံသည် ကျိုးဝမ်၏ချန်ခွန်အိတ်ထဲသို့ ဝင်သွားသည်။
တောက် တောက်
ကျောက်ခန်းထဲရှိ အင်ပါယာဆေးလုံးများမှာ အလွန်များပြားလှသည်။ ကျိုးဝမ်သည် လက်နှဖက်လုံးသုံးသော်လည်း မိနစ်အနည်းငယ်ကြာပြီးနောက် တဝက်ကိုသာစုဆောင်းနိုင်ခဲ့သည်။ ထိုအချိန်တွင် တိုးညင်းသောခြေသံများကြားလိုက်ရသောကြောင့် သူ့နားရွက် လှုပ်ခတ်သွား၏။
ခြေသံကိုကြားလိုက်ရသောအခါ ကျိုးဝမ်၏အမူအယာမည်းမှောင်သွား၏။ သူရုတ်တရက်လှည့်ကြည့်လိုက်သောအခါ ကျောက်တံခါးအပြင်ဘက်တွင်ရပ်နေသော လူလေးယောက်ကိုတွေ့လိုက်ရသည်။ သို့သော် သူတို့လေးဦးသည် လက်ရှိတွင် ကျောက်ခန်းထဲပြန့်ကျဲနေသော အင်ပါယာဆေးလုံးများကိုစိုက်ကြည့်ပြီး တုန်လှုပ်ခြောက်ချားနေကြ၏။
ထို့နောက် သူတို့အကြည့်သည် ဆေးလုံးများကိုကောက်ယူနေဆဲဖြစ်သော ကျိုးဝမ်ထံရပ်တန့်သွား၏။
" အထည်ဒြပ်ယန်အဆင့်စစ်သည်တော်လား လိမ်မာတဲ့ကောင်လေး ဒီခွန်အားနဲ့ ကျောက်တံခါးကိုဖြတ်ကျော်ပြီး ဒီနေရာကိုရောက်လာနိုင်ခဲ့တာပဲ နည်းနည်းတော့ထူးဆန်းတယ် ကောင်လေး မင်းအတွက်ဘာကောင်းလဲဆိုတာသိရင် လက်ထဲကချန်ခွန်အိတ်ကိုချပြီး ဒီနေရာကထွက်သွား "
သူတို့လေးယောက်အုပ်စုဖွဲ့ထားသည်မှာ ထင်ရှားပေသည်။ သူတို့ ကျောက်ခန်းထဲသို့ လမ်းလျှောက်ဝင်လာပြီး ဝင်ပေါက်အားလုံးကိုပိတ်ထားလိုက်သည်။ ထို့နောက် သူတို့သည် ကျိုးဝမ်ကို အကျည်းတန်စွာပြုံးပြလိုက်ကြ၏။ များပြားလှသောအင်ပါယာဆေးလုံးများ၏ သွေးဆောင်မှုအောက်တွင် သူတို့လေးဦးသည် အထည်ဒြပ်ယန်အဆင့်ကောင်လေးမဆိုထားနှင့် ကမ္ဘာမြေဘုရင်အဆင့်ကျင့်ကြံသူဆိုလျှင်ပင် တွန့်ဆုတ်နေမည်မဟုတ်ပေ။
လူသားများသည် စည်းစိမ်ဥစ္စာအတွက် သေဆုံးကြပြီး ငှက်များသည် အစာအတွက် သေဆုံးကြသည်။
ကျိုးဝမ်၏အမူအရာမှာ ပြောင်းလဲခြင်းမရှိပေ။ ခြေသံများအား သူကြားစဉ်ကတည်းက သူတို့လေးဦးသည် စဦးလူသားဘုရင်အဆင့်သာရှိသေးသည်ကို သူသိပေသည်။ ထိုသို့သောခွန်အားဖြင့် ကျိုးဝမ်သည် သူတို့ကိုအလေးအနက်မထားခဲ့ပေ။ အဆုံးတွင် သူသည် ပြီးပြည့်စုံသောလူသားဘုရင်အဆင့်ကိုပင် သတ်ဖြတ်ခဲ့ဖူးပေသည်။ စဦးလူသားဘုရင်အဆင့်တစ်ယောက်ကို အဘယ်ကြောင့် သူကြောက်ရလိမ့်မည်နည်း။
ကျိုးဝမ် သူတို့လေးယောက်ကို တည်ငြိမ်စွာ စိုက်ကြည့်လိုက်၏။ ကြမ်းပြင်ပေါ်မှ အင်ပါယာဆေးလုံးများကို ဆက်လက်ကောက်ယူခြင်းကို မရပ်တန့်ခဲ့ပေ။ တံခါးဝမှသူတို့လေးဦးကို လုံးဝလျစ်လျူရှုထား၏။
" ကောင်လေး မင်း နားမကြားဘူးလား ကြည့်ရတာ ငါမင်းကိုသင်ခန်းစာမပေးရင် မင်းအသိတရားမရဘူးပဲ "
အရှေ့ဆုံးမှသက်လတ်ပိုင်းအရွယ်လူကြီးသည် အေးစက်စက်နှာမှုတ်လိုက်သည်။ သူ ရှေ့သို့ခြေတလှမ်းတိုးကာ ကျိုးဝမ်ထံသို့ တိုက်ရိုက်ပျံသန်းသွား၏။
" သေချင်နေတာလား မင်းလူမှားပြီးပြောနေမှာကို ငါစိုးရိမ်တယ် "
ကျိုးဝမ်သည် သူ့ထံသို့တိုးဝင်လာသော သက်လတ်ပိုင်းအရွယ်လူကြီးကို စိုက်ကြည့်လိုက်၏။ အတွေးတချက်နှင့် နီဝမ်နန်းတော်တွင်းမှ စိတ်စွမ်းအားများ ရုတ်တရက်ပေါက်ကွဲထွက်လာသည်။ ၎င်းသည် ချွန်ထက်သောအပ်တစ်ခုအသွင်ပြောင်းသွားပြီး သက်လတ်ပိုင်းလူကြီး၏ မျက်ခုံးနှစ်ခုကြားထဲ ပစ်လွှတ်လိုက်၏။
သက်လတ်ပိုင်းအရွယ်လူကြီးသည် အကာအကွယ်မဲ့နေခဲ့သည်။ စိတ်စွမ်းအင်အပ်ချောင်းသည် သူ့မျက်ခုံးကြားထဲသို့ ရုတ်တရက်တိုးဝင်သွားခဲ့သည်။ ထို့နောက် သူ၏ခန္ဓာကိုယ်သည် လေထဲတွင်ရပ်တန့်သွား၏။ ထိုအချိန်တွင် အနက်ရောင်အရိပ်တစ်ခုထွက်ပေါ်လာသည်။ သူသည် ကျိုးဝမ်ဖြစ်ပေသည်။
ကျိုးဝမ်သည် သူ့ရှေ့မှ တနည်းနည်းဖြင့် နှေးကွေးနေသော လူကြီးကို အေးစက်စက်စိုက်ကြည့်လိုက်သည်။ ရက်စက်သောအရိပ်အယောင်များ သူ့မျက်လုံးထဲပေါ်လာ၏။ သူ့ညာလက်ဖြင့် ထိုလူ၏လည်ပင်းကိုညှစ်ပြီး အားအနည်းငယ်စိုက်လိုက်သည်။ အရိုးကျိုးသံနှင့်အတူ ထိုလူ၏လည်ပင်းသည် ထူးဆန်းသောပုံဏ္ဍာန်လိမ်သွား၏။
ဘန်း
သူ့လက်ကိုညင်သာစွာဝှေ့ယမ်းလိုက်ပြီး ထိုသက်လတ်ပိုင်းလူ၏အလောင်းသည် မြေပြင်ပေါ်သို့ အမှိုက်ထုပ်တစ်ခုလို ပြုတ်ကျသွား၏။
အသက်မဲ့သွားသောလူ၏ ပုံပျက်ပန်းပျက်ခန္ဓာကိုယ်ကိုကြည့်ပြီး တံခါးဝ၌ပိတ်ထားသော ရှေးဟောင်းကျင့်ကြံသူသုံးဦးသည် ချက်ချင်းတိတ်ဆိတ်သွားကြ၏။ မြေပြင်ပေါ်မှအလောင်းနှင့် သူတို့ရှေ့မှ အေးစက်စက်လူငယ်ကိုကြည့်ရင်း အနည်းငယ် ပါးစပ်အဟောင်းသားဖြစ်သွားကြ၏။
" စိတ်စွမ်းအင်လား တကယ်တော့ မင်းက လျှို့ဝှက်ကျင့်ကြံသူမဟုတ်လား "
နောက်ဆုံးတွင် သူတို့ထဲမှတယောက်သည် ပါးစပ်ဟကာ သူ့ရှေ့မှ ကျိုးဝမ်ကိုကြည့်လိုက်၏။ သူ့မျက်လုံးထဲ တုန်လှုပ်မှုများဖြစ်ပေါ်နေသည်။
" မင်းက အမြင်ကောင်းတာပဲ ဒါပေမယ့် ရောက်လာပြီးမှတော့ ထွက်သွားဖို့မလိုတော့ဘူး မင်းရဲ့အဖော်နဲ့အတူလိုက်သွား "
ကျိုးဝမ်လက်ခုပ်တီးလိုက်၏။ သူ့အကြည့်သည် သူ့စကားကဲ့သို့ အေးစက်သွား၏။
" အတူတူတိုက်ကြရအောင် ငါတို့သုံးယောက်ပေါင်းတိုက်ရင် သူခံနိုင်မှာမဟုတ်လောက်ဘူး "
ယခုလေးတင်စကားပြောခဲ့သောလူသည် မျက်စိကျဉ်းလိုက်ပြီး ကျယ်လောင်စွာအော်လိုက်သည်။
အော်ဟစ်သံကြားပြီးနောက် သူတို့ထံ၌ လွတ်လမ်းမရှိတော့မှန်း သတိထားလိုက်မိကြ၏။ ထို့ပြင် ကျောက်ခန်းထဲတွင် အင်ပါယာယွမ်ဆေးလုံးအများအပြားရှိနေသေးသည်။ နောက်ဆုံးတွင် ချမ်းသာမှုသည် အန္တရာယ်ကြားမှသာ ရရှိနိုင်ပေသည်။
ကျိုးဝမ် အေးစက်စွာ ပြုံးလိုက်၏။ စိတ်စွမ်းအင် စီးကြောင်းရှစ်ခုသည် သူ၏နီဝမ်နန်းတော်ထဲမှ ထွက်လာပြီး ပါးလျသောစိတ်စွမ်းအင်အပ်ချောင်း ၈ချောင်းအဖြစ် သွန်းလောင်းသွား၏။ သူတို့သုံးယောက်ထံသို့ ရုတ်တရက် ပစ်လိုက်၏။
အားကောင်းသော စိတ်စွမ်းအင်စီးကြောင်း ရှစ်ခု၏ထောက်ပံ့မှုဖြင့် စဦးလူသားဘုရင်များအဆင့်များသည် ကျိုးဝမ်၏ပြိုင်ဘက်မဟုတ်ပေ။ ထို့ကြောင့် ကျိုးဝမ်သည် ကျန်သုံးဦးကိုအပြတ်ရှင်းရန် အချိန်များစွာ မပေးခဲ့ပေ။
***********