ချောက်ချားဖွယ်ကောင်းသော
Vol. 17 Ch. 211
အာဝူးးးးးး
ခန်းမထဲတွင် သားရဲဟိန်းဟောက်သံများ ပဲ့တင်ထပ်သွား၏။ မကြာခင် ကောင်းကင်နှင့်မြေကြီးအား ဆက်သွယ်ထားသည့် ကျောက်တိုင်များ ပြိုကျသွား၏။ ထိုနောက်တွင် တောင်တန်းကြီးများကဲ့သို့ ပေရာချီမြင့်မားသော သားရဲကြီးများသည် ကျောက်တိုင်များထဲမှ ခုန်ထွက်လာကြသည်။
" ဒါတွေက ဘာကောင်တွေလဲ "
ရင်းရွှယ်လော့၏မျက်နှာ ဖြူဆုတ်သွား၏။ သူသည် ကျိုးပဲ့သွားသောတိုင်များမှ ထွက်ပေါ်လာသောသားရဲကြီးများကိုကြည့်ကာ တုန်လှုပ်နေသောအသံဖြင့် ပြောလိုက်သည်။
သူသည် ရာနှင့်ချီသော သားရဲများထံမှ အားကောင်းသောရောင်ဝါကို ခံစားနေရသည်။ ဤအရှိန်အဝါများသည် သူ့ကိုပင် အနည်းငယ် တုန်လှုပ်သွားစေသည်။ ထို့ပြင် သူ့ပတ်ပတ်လည်တွင် သားရဲမြောက်များစွာ ဝန်းရံထား၏။ သူတို့ထုတ်ဖော်ထားသော အရှိန်အဝါများသည် သူ့အပေါ်သို့ တောင်ကြီးတစ်လုံးဖိချထားသည့်နှယ်။
" သေ "
ရုတ်တရက် ကျောက်တိုင်ထံမှာ အသံတစ်သံ ထွက်ပေါ်လာသည်။ ထို့နောက် သားရဲကြီးများသည် ရင်းရွှယ်လော့နှင့် ဆံပင်ဖြူအဘိုးကြီးတို့နှစ်ယောက်ကို ရဲရဲနီသောမျက်လုံးများဖြင့် စိုက်ကြည့်နေကြသည်။
" ပြန်ဆုတ် "
ပြင်းထန်သော အန္တရာယ်အသိကြောင့် ရင်းရွှယ်လော့အော်ဟစ်လိုက်သည်။ သူ့ခြေဖျားနှင့် မြေကြီးကိုခတ်ကာ တစ္ဆေတစ်ကောင်လို နောက်သို့ ခုန်ဆုတ်လိုက်၏။ ကျောက်တိုင်များနှင့် ဝေးဝေးနေနိုင်သရွေ့ ဘေးကင်းမည်ကို သူသိပေသည်။
" ဘန်း "
သို့သော် ရင်းရွှယ်လော့၏အတွေးသည် ရိုးရှင်းလွန်းလှသည်။ သူ့နောက်မှ လေပြင်းတချက်တိုက်ခတ်သွားပြီး သားရဲလက်သည်းကြီးတစ်ခုသည် သူ့နောက်ကျောကို ရိုက်ချသွား၏။
" သေစမ်း "
တချက်ကျိန်ဆဲလိုက်ပြီး ရင်းရွှယ်လော့သည် လက်နှစ်ဖက်ဖြင့် ချိပ်စည်းတစ်ခုကို အလျင်အမြန်ပြုလုပ်ကာ သူ့ရှေ့တွင် အနီရောင်အတားအဆီးတစ်ခု ဖန်တီးလိုက်သည်။
ခွမ်း။
သူ့ကိုထိတ်လန့်သွားစေသည်မှာ သူ၏သွေးရောင်အတားအဆီးသည် သားရဲ၏လက်သည်းအောက်တွင် စက္ကူတစ်ရွက်ကဲ့သို့ စုတ်ပြဲသွားခြင်းဖြစ်သည်။
ဖူးးးး။
ရင်းရွှယ်လော့၏ပါးစပ်ထဲမှ သွေးတစ်လုပ် အန်ထွက်သွား၏။ ရင်းရွှယ်လော့သည် အတောင်ကျိုးနေသော လိပ်ပြာတစ်ကောင်ကဲ့သို့ အနောက်သို့ လွှင့်ထွက်သွား၏။ သူ မြေပြင်ပေါ်သို့ ပြင်းပြင်းထန်ထန်ပြုတ်ကျသွားပြီး တွင်းနက်ကြီးတစ်ခုဖြစ်သွားသည်။
ရင်းရွှယ်လော့နှင့်အတူပါလာသော ဆံပင်ဖြူအဘိုးကြီးမှာ ပို၍ပင် အခြေအနေဆိုးသေးသည်။ ဧရာမသားရဲအုပ်ကြီးအလယ်တွင် အပိုင်းပိုင်းကိုက်ဖြတ်ခံရကာ သေဆုံးသွား၏။
" ကျိုးဝမ် ဒီအဘိုးကြီးတစ္ဆေဖြစ်သွားရင်တောင် မင်းကိုခွင့်မလွှတ်ဘူး "
တွင်းနက်ကြီးထဲတွင် ရင်းရွှယ်လော့သည် ခက်ခက်ခဲခဲခေါင်းမော့ကာ အခြားတဖက်မှ အေးစက်စက်လူငယ်ကို စိုက်ကြည့်လိုက်သည်။ သူသည် ဧရာမသားရဲလက်သည်းကြီးဖြင့် အကုတ်မခံရရင် ကြမ်းကြုတ်စွာ အော်ဟစ်လိုက်၏။ ခဏကြာသောအခါ သူပသက်မရှူတော့ပေ။
အသက်ရှူရပ်သွားသော ရင်းရွှယ်လော့ကိုကြည့်နေစဉ် ကျိုးဝမ်၏မျက်လုံးထဲတွင် စာနာမှုအရိပ်အယောင်လုံးဝမရှိပေ။ သူရေရွတ်လိုက်၏။
" ကိုယ့်အပြစ်နဲ့ကိုယ် ပြန်ခံရတာပဲ ငါ့ကိုသတ်ဖို့ရည်ရွယ်ကတည်းက သေဖို့လည်းပြင်ဆင်ထားရမယ် "
စကားဆုံးသည်နှင့် ကျိုးဝမ်သည် ခြေတလှမ်းရှေ့တိုးကာ ထိုနေရာမှ ပေါ့ပေါ့ပါးပါးထွက်လာပြီး ခန်းမအတွင်းဘက်သို့ ဦးတည်သွားတော့သည်။
နောက်ဆုံးတွင် ကျိုးဝမ်သည် မြေပုံပေါ်မှတ်သားထားသော စမ်းသပ်ဆေးဥယျာဉ်သို့ ရောက်လာသောအခါ သူ့မျက်လုံးအစုံတောက်ပသွားပြီး ကြက်သေသေသွား၏။
ပျိုးဥယျာဉ်သည် အရှေ့ခန်းမ၏တောင်ဘက် ချိုင့်ဝှမ်းတစ်ခုတွင် တည်ရှိသည်။ ထိုနေရာသည် သီးသန့်ဆန်ပြီး ချိုင့်ဝှမ်းပတ်လည်တွင် ချုံနွယ်ပိတ်ပေါင်းများပြည့်နေသည်။ စွန့်ပစ်မြေတစ်ခုဖြစ်သည်။ မြေပုံပေါ်တွင်မမှတ်ထားပါက ကျိုးဝမ်သည် ဤစွန့်ပစ်မြေအား စမ်းသပ်ဆေးဥယျာဉ်ဟု ထင်မိမည်မဟုတ်ပေ။
ပတ်ဝန်းကျင်ကိုစစ်ဆေးပြီး မည်သူမျှမရှိမှန်းသေချာမှ ကျိုးဝမ်သည် ချုံနွယ်များကြားတိုးဝင်ကာ ချိုင့်ဝှမ်းထဲသို့ ဝင်သွား၏။ ဆေးဥယျာဉ်သည် ချိုင့်ဝှမ်း၏ အနက်ရှိုင်းဆုံးနေရာတွင် တည်ရှိပေသည်။
သူ့ရှေ့မှ ဆေးဥယျာဉ်ကိုကြည့်ပြီး ကျိုးဝမ်၏မျက်လုံးထဲတွင် ပျော်ရွှင်မှုများပြည့်နှက်သွားသည်။ ချိုင့်ဝှမ်းအပြင်မှပင် လတ်ဆတ်သော ဆေးပင်ရနံ့များရနေသောကြောင့်ဖြစ်သည်။ သိသာစွာပင် ဆေးဥယျာဉ်ထဲတွင် ဆေးပင်အရေအတွက်မနည်းမှာ ထင်ရှားသည်။ သို့မဟုတ်လျှင် ဆေးရနံ့သည် ယခုနေရာထိ ပြန့်နှံ့နေမည်မဟုတ်ပေ။
ဆေးဥယျာဉ်သည် မိုင်ရာချီကျယ်ဝန်းသည်။ တချက်ကြည့်ရုံဖြင့် သန်စွမ်းသော ဆေးပင်များပြည့်နေသည်ကို မြင်နိုင်သည်။ ချိုင့်ဝှမ်းထဲမှဆေးပင်များသည် အပြင်ထက် ပို၍ သန်စွမ်းပေသည်။
" ငါတို့ ချမ်းသာပြီ စမ်းသပ်ဆေးဥယျာဉ်မှာ ဆေးပင်ဒီလောက်များမယ်လို့ ငါမထင်မိခဲ့ဘူး "
သူ့ရှေ့မှ ဆေးပင်များကိုကြည့်ရင်း ကျိုးဝမ်၏မျက်လုံးများတောက်ပလာကာ မရယ်ပဲမနေနိုင်တော့ပေ။
" ဟမ့် တုံးလိုက်တဲ့ကောင် ဒီလိုဆေးဥယျာဉ်သေးသေးလေးနဲ့ပျော်နေတယ် သုံးစားမရတဲ့ကောင် ဒါပေမယ့် မင်း သတိထားမှရမယ် ဒီနဂါးအရှင်က ဆေးဥယျာဉ်နဲ့ပတ်သက်ပြီး တခုခုလွဲနေတယ်လို့ ခံစားနေရတယ် "
ရှောင်ဟေး မျက်တောင်ခတ်ပြီး ပြောလိုက်၏။
" ကောင်းပါပြီ "
ကျိုးဝမ်သည် ဂရုတစိုက်ခေါင်းညိတ်လိုက်ပြီး သူ့အနေဖြင့် ဤလှိုဏ်ဂူထဲတွင် အန္တရာယ်များကြောင်းသိထား၍ သတိပေါ့မနေပေ။
ဆေးဥယျာဉ်နှင့် ဆယ်မီတာခန့်နီးကပ်လာသောအခါ ရုတ်တရက် မမြင်နိုင်သောအကာအရံတစ်ခုပေါ်လာပြီး ကျိုးဝမ်ကိုပိတ်ဆို့သွား၏။
" တကယ်ပဲ အကာအကွယ်အတားအဆီးတစ်ခုရှိနေတာပဲ ငါဖျက်ဆီးပြမယ် "
ရှောင်ဟေးသည် သူ့လက်သည်းလေးများကို ဝှေ့ယမ်းလိုက်ပြီး တဒင်္ဂ ရေရွတ်လိုက်သည်။ မှင်နက်ရောင် မြူခိုးများရုတ်တရက်ထွက်ပေါ်လာပြီး အကာအရံကိုတိုက်စားသွားကာ လူတစ်ယောက်ဝင်သာရုံ အပေါက်တစ်ခုဖန်တီးလိုက်သည်။
ရွှပ်။
ကျိုးဝမ်ရှေ့တိုးပြီး ဥယျာဉ်ထဲဝင်လိုက်သည်။ ထိုအစား သူ့အကြည့်တို့က ပတ်ဝန်းကျင်ကို စေ့စေ့စပ်စပ် ကြည့်ရှုနေ၏။ မကြာခင် ဆေးဥယျာဉ်အစွန်သို့ အကြည့်ရောက်သွားသည်။ ထိုနေရာတွင် ကောက်ရိုးတဲငယ်လေးတစ်ခုရှိနေပြီး ထိုတဲငယ်လေး၏အရှေ့တွင် ကျယ်ပြန့်သော မြေကွက်လပ်တစ်ခုရှိ၏။
ကျိုးဝမ်စဉ်းစားမရသည်မှာ ထိုမြေကွက်လပ်အလယ်တွင် သစ်သားဒန်းတစ်ခုရှိနေခြင်းဖြစ်သည်။ ထူးထူးဆန်းဆန်း လေလုံးဝမတိုက်ပေ။ သို့သော်လည်း ဒန်းသည် သူ့ဘာသာလွှဲယမ်းကာ တချက်တချက် ထူးဆန်းသောအသံ ထွက်ပေါ်လာသည်။
အနည်းငယ် မျက်မှောင်ကြုတ်ကာ ကျိုးဝမ် မျက်လုံးပိတ်၍ ပြန်ဖွင့်လိုက်သည်။ နောက်ဆုံးတွင် ရှေ့တိုးကာ ကောက်ရိုးတဲထံ ဦးတည်သွားလိုက်သည်။ သို့သော် သူ့စိတ်ထဲ အနည်းငယ် သံသယဝင်နေ၏။
" ငါတို့ ချိုင့်ဝှမ်းထဲစဝင်လာတုန်းက ဆေးဥယျာဉ်ထဲမှာ ကောက်ရိုးတဲမရှိဘူးဆိုတာ ငါမှတ်မိတယ် ဆေးဥယျာဉ်ထဲရောက်မှ ဘာလို့ ထူးထူးဆန်းဆန်းပေါ်လာတာလဲ "
လမ်းလျှောက်လာသည်နှင့်အမျှ ကျိုးဝမ်ပို၍ မျက်မှောင်ကြုတ်လိုက်၏။
ရှောင်ဟေး၏စကားကိုကြားသောအခါ ကျိုးဝမ်ပို၍ မျက်မှောင်ကြုတ်သွား၏။ တချိန်တည်းတွင် သူ့နှလုံးထဲမှ ပြင်းထန်သော စိုးရိမ်ပူပန်မှုဖြစ်ပေါ်လာသည်။
ကျိုးဝမ်သည် မြေကွက်လပ်သို့ရောက်သောအခါ လွှဲယမ်းနေသော ဒန်းသည် ရုတ်တရက်ရပ်သွားသည်ကို တွေ့လိုက်ရသည်။ ထို့နောက် ရုတ်တရက် သူ့နားထဲတွင် ချောက်ချားဖွယ်ရာ ရယ်သံကြားလိုက်ရသည်။ ၎င်းသည် သူ့နံဘေးနားကပ်၍ ရယ်မောလိုက်သကဲ့သို့ပင်။
ဟီးဟီး....ဟီးဟီး
ကြက်သီးထဖွယ်ရယ်သံကြီးရုတ်တရက်ကြားလိုက်ရပြီး ကျိုးဝမ်စိတ်တင်းကြပ်သွား၏။
" ရှောင်ဟေး ရယ်သံကြားရလား "
သူ့စိတ်ထဲမှ စိုးရိမ်မှုပိုကြီးလာသည်။ ကျိုးဝမ် ချွေးပြန်လာ၏။ ကျိုးဝမ် မနေနိုင်တော့ပဲ သူ့ပခုံးပေါ်ရှိ ရှောင်ဟေးကိုကြည့်လိုက်သည်။
ကျိုးဝမ်ကို အံ့ဩသင့်စေသောအရာမှာ သူ၏ပခုံးပေါ်တွင် ယခင်ကရှိခဲ့သော ရှောင်ဟေးသည် ပျောက်ကွယ်သွားခြင်းဖြစ်သည်။ ထိုအစား ဖြူရော်နေသော လက်မောင်းတစ်ဖက်က သူ့ပခုံးပေါ်တင်ထားသည်။ ကျိုးဝမ်သည် ထိုထူးဆန်းသောလက်မောင်းပေါ်မှ ဖောင်းကြွနေသော မရေတွက်နိုင်သည့် အနက်ရောင်သွေးကြောများကိုပင် မြင်နိုင်ပေသည်။
" သေစမ်း "
သူ့ပခုံးကိုပြင်းပြင်းထန်ထန်ခါထုတ်လိုက်ပြီး တုန်ရီနေသောခြေလှမ်းများဖြင့် အနောက်သို့ခြေလှမ်းတစ်ဒါဇင်ခန့်ဆုတ်လိုက်သည်။ သူ့အနောက်တွင် ဘယ်သူရှိနေသလဲဟု နောက်လှည့်ကြည့်လိုက်သည်။
" ဘယ်သူမှမရှိဘူးလား "
သူ့နောက်မှ ဗလာဖြစ်နေသော ဆေးဥယျာဉ်ကိုကြည့်ပြီး ကျိုးဝမ်၏မျက်နှာသည် သံသယဖြင့် ပို၍တင်းမာလာသည်။ သို့သော် တချိန်တည်းတွင် သူသည် ကြောက်ရွံ့မှုအရိပ်အယောင်ခံစားနေရ၏။ ဤနေရာသည် အလွန်ထူးဆန်းပေသည်။ အစကတည်းက တခုခုလွဲနေသလို ခံစားနေခဲ့ရသည်။
ဟီးဟီး.....ဟီးဟီး
နောက်ထဲ နားကလောဖွယ်ရာ ချောက်ချားစရာကောင်းသော ရယ်သံကြီးထွက်ပေါ်လာပြန်သည်။ တချိန်တည်းတွင် ဒန်းလွှဲသည့် တကျွီကျွီအသံထွက်ပေါ်လာရာ မြေကွက်လပ်ဆီသို့ ကျိုးဝမ်၏အကြည့်ရောက်သွားသည်။
မူလက မည်သူမျှမရှိသောဒန်းပေါ်မှာ အဘွားကြီးတစ်ယောက်ရောက်နေသည်ကို သူမြင်လိုက်ရသည်။
အဘွားကြီး၏ရှုံ့တွနေသောမျက်နှာသည် နှင်းကဲ့သို့ဖြူဆုတ်နေသည်။ မျက်လုံးအိမ်ထဲမှ ထွက်ကျလုနီးပါး မျက်လုံးအစုံဖြင့် ကျိုးဝမ်ကို စူးစူးစိုက်စိုက်ကြည့်နေသည်။ သူမ၏နှုတ်ခမ်းထောင့်များမှ ထူးဆန်းသောအပြုံးတစ်ခုပေါ်လာသည်။
" အဘွားကဘယ်သူလဲ "
သူခေါင်းလှည့်ကြည့်လိုက်ပြီး ထိုထူးဆန်းသော အဘွားအိုကို တွေ့လိုက်ရသောအခါ သူ့စိတ်ထဲတုန်ရီသွားပြီး ခြေလှမ်စအနည်းငယ်နောက်ဆုတ်သွားမိသည်။
သို့သော်လည်း ကျိုးဝမ်ကို အဘွားကြီးက ထူးဆန်းသောအပြုံးတစ်ခုဖြင့်သာ တုံ့ပြန်သည်။ လေထုသည် ချက်ချင်းပင် အလွန်ထူးဆန်းလာသည်။
" ဒီနေရာက အရမ်းထူးဆန်းတယ် ရှောင်ဟေးကိုအရင်ရှာမှရမယ် ရှောင်ဟေးက ငါ့ပခုံးပေါ်မှာ ထင်ထင်ရှားရှားရှိခဲ့တာကနေ မျက်တောင်တခတ်အတွင်း ဘယ်လိုပျောက်သွားတာလဲ "
ဒန်းပေါ်မှ အဘွားကြီးကိုကြည့်ရင်း နောက်တဖြည်းဖြည်းဆုတ်သွား၏။ တချိန်တည်းတွင် သူ့ပတ်ဝန်းကျင်ကို တိတ်တဆိတ် အကဲခတ်နေခဲ့သည်။
သို့သော် ခြေလှမ်းအနည်းငယ်နောက်ဆုတ်ပြီးနောက် ကျိုးဝမ်၏နားရွက်များအနည်းငယ် လှုပ်ခတ်သွားကာ သူ့အနောက်မှ ပေါ့ပါးသောခြေသံများကြားလိုက်ရသည်။ ရုတ်တရက် နောက်လှည့်လိုက်၏။ ကျိုးဝမ်၏မျက်လုံးရှေ့တွင် ထူးဆန်းသောအပြုံးတစ်ခုနှင့် လူသေသဖွယ်ဖြူဆုတ်နေသောမျက်နှာတစ်ခု ရုတ်တရက်ပေါ်လာသည်။
ထိုမျက်နှာသည် ကျိုးဝမ်နှင့် တစ်လမလောက်သာ ကွာသည်။ လူသေကဲ့သို့ ဖြူဖပ်ဖြူရော်နှင့်မျက်နှာသည် ကျိုးဝမ်၏မျက်လုံးထဲ စွဲထင်သွား၏။ ကျိုးဝမ်တုန်လှုပ်သွားပြီး ခြေလှမ်းအနည်းငယ် နောက်ဆုတ်လိုက်မိသည်။
ထိုအချိန်တွင် ကျိုးဝမ်သည် သူ့ရှေ့တွင်ပေါ်လာသောမျက်နှာကို သေချာမြင်လိုက်ရသည်။ ထိုမျက်နှာသည် တချိန်လုံးဒန်းပေါ်ထိုင်နေသည့် အဘွားကြီး၏မျက်နှာဖြစ်နေပေသည်။
ဟီးဟီး.....ဟီးဟီး
ချောက်ချားဖွယ်ရယ်သံ ရုတ်တရက်ထွက်ပေါ်လာသည်။ အဘွားအိုသည် ကျိုးဝမ်၏မျက်နှာတွင် တခုခုရှိနေသလို သေချာစိုက်ကြည့်နေပေသည်။
" ဆန်းကြယ်ချင်ယောင်ဆောင်နေတာလား "
အေးစက်စက်နှာမှုတ်လိုက်ပြီး ကျိုးဝမ်သည် သူ့ရှေ့တွင်ရုတ်တရက်ပေါ်လာသော မြင်ကွင်းကြောင့် လန့်သွားသော်လည်း အမှန်တော့ ကြောက်ရွံ့မှုမရှိပေ။
ရှေ့သို့ ခြေလှမ်းကျယ်လှမ်းလိုက်၏။ ပြင်းထန်သောယွမ်စွမ်းအားများ သူ့လက်ဝါးတွင်စုစည်းလာပြီး အဘွားအို၏ခန္ဓာကိုယ်ပေါ်သို့ အညှာအတာကင်းမဲ့စွာ ကျရောက်သွားသည်။
ဖွတ်။
အဘွားအို၏ ခန္ဓာကိုယ်ကိုဖောက်ထွက်သွားသောကြောင့် ကျိုးဝမ်အံ့ဩသွားသည်။ သို့သော် သူမခန္ဓာကိုယ်မှ သွေးတစက်မှ ထွက်မလာပေ။ ယင်းအစား ကျိုးဝမ်သည် အဘွားအို၏ခန္ဓာကိုယ်မှ စုပ်ယူမှုအားကို ခံလိုက်ရသည်။ ထို့နောက် သူမ၏ခန္ဓာကိုယ်ထဲဖောက်ဝင်သွားသော ညာလက်သည် ပြန်ဆွဲနှုတ်လို့မရတော့ပေ။
" ဟီးဟီး မင်း မလွတ်ပါဘူး "
ချောက်ချားဖွယ်ရယ်သံ ရုတ်တရက် ထွက်ပေါ်လာ၏။ နောက်လှည့်လိုက်သောအခါ အဘွားအို၏ လူသေကဲ့သို့ ဖြူဖတ်နေသောမျက်နှာကို ထပ်မံမြင်လိုက်ရသည်။ ယခင်ကလိုပင် သူ့မျက်နှာနှင့် တစ်လက်မသာကွာသည်။
အဘွားအို၏ခန္ဓာကိုယ်ကို နောက်တဖန်ကြည့်လိုက်သောအခါ သူမ၏လည်ပင်းသည် ရာဘာကဲ့သို့ ရှည်ထွက်နေသည်ကို ကျိုးဝမ်တွေ့လိုက်ရ၏။ သူမသည် ကျိုးဝမ်၏ မျက်လုံးနားကပ်ပြီး အေးစက်စက် စိုက်ကြည့်နေ၏။ သူမ၏နှုတ်ခမ်းထောင့်သည် ရှေ့မဆွကအတိုင်း ကြောက်မက်ဖွယ်ကောင်းနေဆဲပင်။
" မင်းရဲ့မျက်လုံးတွေကလှတယ် အရသာရှိမယ့်ပုံပဲ "
အဘွားအိုသည် ချွန်ထက်သောအစွယ်များနှင့် ရင်ဘတ်ထိရှည်သော လျှာကိုထုတ်ကာ အစွယ်ပြူးပြနေသည်။ ရွံရှာဖွယ်ညှီနံ့ထွက်ပေါ်လာကာ အန်ချင်စရာကောင်းလှသည်။
************