← Chapters

ယင်-ယန်‌ရေကန်

Vol. 17 Ch. 212

ယင်-ယန်‌ရေကန်

Vol. 17 Ch. 212

" ကောင်လေး ထ ထ "

ကျိုးဝမ်၏နားထဲသို့ အလောတကြီးအသံတသံ ဝင်လာသည်။ ထိုအသံထွက်ပေါ်လာသောအခါ ကျိုးဝမ်၏အရှေ့မှ အဘွားအို၏အမူအရာ ပြောင်းလဲသွားသည်။ သူ့မျက်လုံးများကို ထိုးဖောက်ရန်ပြင်နေသော လက်သည်းချွန်များ ရပ်တန့်သွား၏။

တချိန်တည်းတွင် အဘွားအို၏မျက်နှာပေါ်တွင် ရှားရှားပါးပါး ကြောက်ရွံ့သောအကြည့်ပေါ်လာသည်။ စူးစူးဝါးဝါးအော်ဟစ်လိုက်ပြီး ကျိုးဝမ်၏မျက်စိရှေ့မှ ရုတ်တရက်ပျောက်ကွယ်သွားတော့သည်။

သူ့နားထဲမှ ခေါ်သံသည် ပို၍ကျယ်လာပြီး အလျင်စလိုနိုင်လာသည်။ သူ့မျက်လုံးများကို ဖြည်းညင်းစွာဖွင့်လိုက်သောအခါ စိုးရိမ်သောအမူအရာနှင့်ကြည့်နေသည့် ရှောင်ဟေးကိုတွေ့လိုက်ရသည်။

" ကောင်လေး ခဏကဘာဖြစ်သွားတာလဲ ဆေးဥယျာဉ်ထဲဝင်လိုက်တာနဲ့ မင်း မှိန်းမောသွားတယ် ဒီနဂါးသခင်ဘယ်လောက်ခေါ်ခေါ် မနှိုးလာဘူး "

ကျိုးဝမ်နှိုးလာသောအခါ ရှောင်ဟေးသည် ဝမ်းသာအားရ မျက်ခုံးပင့်သွား၏။ ချက်ချင်းပင် သူမသည် သံသယဖြင့် မေးလိုက်၏။

" မှိန်းမောနေတာတဲ့လား ငါအခုလေးတင် ဆေးဥယျာဉ်ထဲဝင်လာပြီးတော့ ကောက်ရိုးတဲတစ်ခုတွေ့လိုက်တယ် ပြီးတော့.... "

ထိုအချိန်တွင် ကျိုးဝမ် ရုတ်တရက် လန့်သွား၏။ ဆေးဥယျာဉ်အစွန်ကိုကြည့်လိုက်သောအခါ ဘာမှရှိမနေပေ။ သူပြောခဲ့သော ကောက်ရိုးတဲသည် မည်သည့်နေရာတွင်မှ ရှာမတွေ့တော့ပဲ ပျောက်ခြင်းမလှပျောက်သွားခဲ့ပြီ။

" ဒါက.... "

ဆေးဥယျာဉ်အဆုံးကိုကြည့်လိုက်ပြီး ကျိုးဝမ်မျက်ခုံးပင့်တက်သွား၏။ သူ့မျက်လုံးထဲတွင် နက်နဲသောသံသယများပြည့်နေသည်။

ရှောင်ဟေးသည်လည်း ကျိုးဝမ်၏မျက်နှာအမူအရာကိုမြင်လိုက်၏။ မကြာခင်ဖြစ်သော သူ့အမူအရာကိုကြည့်ရင်း မနေနိုင်တော့ပဲ ထမေးလိုက်သည်။

" ကောင်လေး ခဏကဘာဖြစ်သွားတာလဲ ဒီနဂါးအရှင်ကိုပြောပြ "

ရှောင်ဟေးသည် ရှေးဟောင်းဖြစ်တည်မှုဖြစ်သောကြောင့် သူ့ထက်များစွာပိုသဖြင့် ခေါင်းညိတ်ပြလိုက်သည်။ ထို့ကြောင့် သူသည် ယခုလေးတင်ဖြစ်ခဲ့သောအရာများကို မချွင်းမချန်ပြောပြလိုက်၏။

နားထောင်ပြီးနောက် ရှောင်ဟေး၏အမူအရာထူးဆန်းသွား၏။ သူမ ကျိုးဝမ်ကိုတည့်တည့်စိုက်ကြည့်ပြီးပြောလိုက်သည်။

" မင်းရဲ့အသက်ကို ဒီနဂါးသခင်က ကယ်လိုက်မိတဲ့ပုံပဲ မင်းအခုသာမနှိုးလာရင် ဘယ်တော့မှမနှိုးလာလောက်တော့ဘူး "

ထိုစကား‌ကိုကြားသောအခါ ကျိုးဝမ်ကြောက်ရွံ့သွားပြီး

" မင်းဘာကိုဆိုလိုတာလဲ ငါခဏတုန်းကတွေ့ခဲ့တာ ဘာလဲ "

" ငါထင်တာမမှားရင် မင်းခဏကမြင်ခဲ့တာက ယင်ယန်အဆိပ်ပိုးကောင်ဖန်တီးထားတဲ့ ပုံရိပ်ယောင်ပဲ ဒါ့အပြင် ယင် နဲ့ယန် ကပ်ပါးကောင်တွေက လက်တွေ့ကမ္ဘာနဲ့ ချိတ်ဆက်ထားတယ် ပုံရိပ်ယောင်ထဲမှာသေရင် အပြင်မှာလည်း သေလိမ့်မယ် ဒီကပ်ပါးကောင်တွေက ရှေးခေတ်တုန်းကတောင် တော်တော်ဒုက္ခပေးခဲ့တယ် "

ရှောင်ဟေးက လေးလေးနက်နက်ပြောလိုက်သည်။

" ပုံရိပ်ယောင်ထဲမှာသေရင် အပြင်မှာလည်းတကယ်သေမှာလား "

ကျိုးဝမ်သည် သတ်၍မရနိုင်သောအဘွားအိုကိုပြန်သတိရသွားပြီး တုန်လှုပ်သွား၏။ ရှောင်ဟေးကြောင့်သာမဟုတ်လျှင် အဘွားအို၏လက်ချက်ဖြင့် အသတ်ခံရနိုင်သည်။

" အခု ငါတို့ဘာလုပ်သင့်လဲ ဂူရဲ့အတွင်းပိုင်းမှာ အန္တရာယ်တွေပြည့်နေလောက်တယ် ဒီသာမန်ဆေးဥယျာဉ်လေးမှာတောင် ဒီလိုအန္တရာယ်မျိုးရှိတယ် "

ကျိုးဝမ် မျက်မှောင်ကြုတ်ပြီး ပြောလိုက်၏။

" ယင်ယန်ကပ်ပါးကောင်က မင်းတို့သိုင်းသမားတွေအတွက် ပြဿနာကြီးပေမယ့် ဒီနဂါးအရှင်အတွက်တော့ပြဿနာမရှိဘူး ပြီးတော့ ယင်ယန်ကပ်ပါးကောင်က အကြောင်းမရှိပဲ မပေါ်လာဘူး ဒီပိုးကောင်ပေါ်လာတယ်ဆိုတော့ ဒီမှာ ယင်ယန်ရေကန်ရှိတယ်လို့ ဆိုလိုတာပဲ "

ရှောင်ဟေးက ပြုံးပြီးပြောလိုက်သည်။

" ယင်ယန်ရေကန်လား "

‌ကျိုးဝမ်က ခေါင်းကုတ်၍ သံသယဖြင့် မေးလိုက်သည်။

ပဟေဠိဖြစ်နေသော ကျိုးဝမ်ကိုလှမ်းကြည့်ရင်း ရှောင်ဟေး ပုံမှန်အတိုင်းပြောလိုက်သည်။

" ယင်ယန်ရေကန်မှာ ယင်နဲ့ယန်စွမ်းအားအများကြီးပေါင်းစပ်ပါဝင်တယ် ဒါက အထည်ဒြပ်ယန်စစ်သည်တော်တွေအတွက် မငြင်းနိုင်လောက်အောင် အကျိုးရှိတယ် တည့်ပြောရရင် ယင်ယန်ရေကန်က မင်းရဲ့ကျင့်ကြံမှုကို လူသားဘုရင်အဆင့်အထိ မြင့်တင်ပေးနိုင်တယ် "

၎င်းကိုကြားသောအခါ ကျိုးဝမ်မလန့်ပဲမနေနိုင်ပေ။ ထို့နောက် သူ့မျက်နှာတွင် ပျော်ရွှင်မှုအပြည့်ဖြင့် စိတ်လှုပ်ရှားစွာမေးလိုက်၏။

" ယင်ယန်ရေကန်က ငါ့ရဲ့ကျင့်ကြံမှုကို လူသားဘုရင်အဆင့်ထိ တကယ်မြင့်တင်ပေးနိုင်တာလား "

ကျိုးဝမ်၏တိုးတက်မှုသည် အလွန်မြန်ဆန်ပြီး နှစ်နှစ်အတွင်း အထည်ဒြပ်ယန်အဆင့်၈သို့ရောက်ခဲ့သော်လည်း ရှေးဟောင်းလှိုဏ်ဂူထဲတွင် အောက်ဆုံးအဆင့်သာရှိသည်။ ဂူထဲမှ ပစ္စည်းကောင်းများရချင်လျှင် ကျိုးဝမ်၏ခွန်အားကို မြင့်တင်မှရပေမည်။

ထို့ပြင် ကျိုးဝမ်သည် သူ၏လက်ရှိတိုးတက်မှုနှုန်းအရ လူသားဘုရင်အဆင့်သို့ရောက်ရန် တစ်နှစ်ခွဲခန့်ကြာမည်ဟုခန့်မှန်းထား၏။ ယခုအချိန်များစွာလျှော့ချနိုင်မည်ဖြစ်သောကြောင့် ကျိုးဝမ်ပျော်ရွှင်နေသည်မှာ ပုံမှန်ပင်။

" ယင်ယန်ရေကန်က အရေးကြီးတယ် ယင်ယန်ကပ်ပါးကောင်တွေက ပုံရိပ်ယောင်နဲ့ဖွက်ထားတာဖြစ်ရမယ် ဒါကြောင့် ယင်ယန်ရေကန်ကိုရှာချင်ရင် ယင်ယန်ကပ်ပါးကောင်ကိုအရင်ရှင်းပစ်မှရမယ် "

ထိုနေရာရောက်သောအခါ ရှောင်ဟေးသည် ကျိုးဝမ်ကိုကြည့်ပြီး ဟက်ဟက်ပက်ပက်ရယ်မောတော့သည်။

ရှောင်ဟေး၏အကြည့်ကိုမြင်သောအခါ ကျိုးဝမ်ဆံပင်ထောင်သွားပြီး

" မင်းငါ့ကို ငါးစာလုပ်တော့မလို့မလား "

" ဟီးဟီး ယင်ယန်ကပ်ပါးကောင်က လူ့ဦးဏှောက်ကိုအကြိုက်ဆုံးပဲ မင်းထက်သင့်တော်တာမရှိတော့ဘူး "

ရှောင်ဟေး၏နှုတ်ခမ်းထောင့်များတွန့်ကွေးသွားပြီး သူမသည် မချိုမချဉ်ပြုံးလိုက်၏။

၎င်းသည် တစ်ခုတည်းသောနည်းလမ်းဖြစ်ကြောင်းသိသဖြင့် ကျိုးဝမ်သည် သက်ပြင်းညင်သာစွာချလိုက်၏။ နောက်ဆုံးတော့ သူလည်း ယင်ယန်ရေကန်ကို လိုချင်သည်မဟုတ်ပါလား။

ရှောင်ဟေးသည် ကျိုးဝမ်ကိုကြည့်လိုက်ပြီး အနက်ရောင်အလင်းတန်းအဖြစ်ပြောင်းလဲသွားကာ မျက်ခုံးနှစ်ခုကြားတိုးဝင်သွား၏။ တချိန်တည်းတွင် ရှောင်ဟေး၏အသံကို ကျိုးဝမ်စိတ်ထဲတွင်ကြားလိုက်ရသည်။

" မင်းဘာမှလုပ်စရာမလိုဘူး ဒီအတိုင်းစောင့်နေ ငါအရင်ပုန်းလိုက်မယ် မဟုတ်ရင် ယင်ယန်ကပ်ပါးက နောက်တခါကြောက်ပြီးထွက်ပြေးသွားဦးမယ် "

ရှောင်ဟေးစကားဆုံးသောအခါ တိတ်ဆိတ်သွား၏။ မကြာခင် ဆေးဥယျာဉ်တခုလုံးသည် ကြောက်စရာကောင်းလောက်အောင် တိတ်ဆိတ်သွားတော့သည်။

ခဏကြာသောအခါ ကျိုးဝမ်သည် လမ်းအဆုံးမှ ရင်းနှီးနေသော ကောက်ရိုးတဲလေးကို တွေ့လိုက်ရသည်။ တဲလေးရှေ့မှ သစ်သားဒန်းကိုလည်းတွေ့ရသည်။ ထုံးစံအတိုင်း ဖြူဖျော့နေသော အဘွားကြီးသည် ဒန်းပေါ်ထိုင်နေ၏။

" ဟီးဟီး နင် မလွတ်ပါဘူး "

ကျောချမ်းဖွယ်ရာရယ်သံ ထွက်ပေါ်လာပြန်သည်။ မျက်စိတမှိတ်အတွင်းတွင် အဘွားအိုသည် တည်နေရာရွေ့ပြောင်းလိုက်သလို ကျိုးဝမ်ရှေ့တွင် ပေါ်လာသည်။ သူမ၏စိမ်းပြာရောင်မျက်လုံးသည် ကျိုးဝမ်ကိုစိုက်ကြည့်နေပြီး နီရဲသောလျှာအရှည်ကြီးလည်း ထွက်ကျနေသည်။

ဤထူးဆန်းသောအဘွားအိုသည် ယင်ယန်အဆိပ်ကောင်၏ပုံရိပ်ယောင်မှန်းသိသောအခါ ကျိုးဝမ်သည် အစောကကဲ့သို့ မကြောက်တော့ပေ။ ထို့အစား အဘွားအိုကိုပြုံးပြလိုက်ပြီး

" ငါထင်တာတော့ မလွတ်တော့တာက မင်းပဲ "

အဘွားအို၏အမူအရာ ပြောင်းလဲသွားသည်။ သူမသည် အော်ဟစ်ပြီး ကျိုးဝမ်ထံပျံသန်းလာ၏။ သူမ၏လက်နှင့်ခေါင်းသည် ရုတ်တရက် ရာဘာကဲ့သို့ အဆများစွာ ဆန့်ထွက်လာသည်။ သူမ၏ ချွန်ထက်သောလက်သည်းနှင့် အစွယ်ဖြူတို့သည် အဖြူရောင်အေးစက်စက်အလင်းပြန်နေ၏။

" ရှောင်ဟေး တိုက်ခိုက်ဖို့အချိန်ကျပြီ "

သူ့ထံ တိုးဝင်လာသောအဘွားအိုကိုကြည့်ပြီး ကျိုးဝမ်၏အမူအရာပြောင်းလဲသွား၏။ သူ၏တိုက်ခိုက်မှုသည် ပုံရိပ်ယောင်အဘွားအိုကို ထိခိုက်မည်မဟုတ်မှန်း သူသိသည်။

အဘွားကြီးသည် ကျိုးဝမ်အနားသို့ရောက်ခါနီးတွင် သူ့မျက်ခုံးကြားမှ အဆုံးမဲ့အနက်ရောင်အလင်းတန်း ရုတ်တရက် ထွက်ပေါ်လာသည်။ ထို့နောက် မြေတုန်ဟီးလုမတတ် နဂါးဟိန်းသံထွက်ပေါ်လာ၏။

အားးးး။

ရုတ်တရက် ကျယ်လောင်သော အော်ဟစ်သံသည် လေဟာနယ်တစ်ခုလုံး ဟိန်းထွက်သွား၏။ အဘွားအိုသည် အနက်ရောင်စွမ်းအင်ကြောင့် တဖြည်းဖြည်း ယိုယွင်းသွားကာ နောက်ဆုံးတွင် မမြင်နိုင်သောအငွေ့အဖြစ် ပြောင်းလဲသွားတော့သည်။

အဘွားအို ပျောက်ကွယ်သွားပြီးနောက် ကျိုးဝမ်ရှေ့ရှိ မြင်ကွင်းပြောင်းလဲသွား၏။ ဆေးဥယျာဉ်အစွန်ရှိ ကောက်ရိုးတဲနှင့် ဒန်းပျောက်ကွယ်သွားပြီး နောက်ဆုံးတွင် မိုင်အနည်းငယ်ကျယ်သောရေကန်တစ်ခု ထွက်ပေါ်လာသည်။

ထိုရေကန်သည် ‌အတော်လေးထူးခြားပေသည်။ အဖြူတဝက် အနက်တဝက်ဖြစ်သည်။ နှစ်ဖက်လုံးသည် ပိုင်းခြားထားပြီး အလွန်သိပ်သည်းသော ယင်နှင့်ယန်စွမ်းအင်များသည် ရေကန်ထဲမှ ချက်ချင်းထွက်ပေါ်လာ၏။

ကျိုးဝမ်သည် ဤ အရှိန်အဝါနှင့်မရင်းနှီးသည် မဟုတ်ပေ။ လူသားဘုရင်အဆင့်နှင့် ကမ္ဘာမြေဘုရင်အဆင့်များထံမှ ခံစားခဲ့ဖူးသည်။ ၎င်းသည် ကျောက်ဘုရင်နယ်ပယ်မှ စစ်သည်တော်များ၏ ပြိုင်ဘက်ကင်း အရှိန်အဝါနှင့် စွမ်းအားဖြစ်ပေသည်။

" ဒီမှာ ယင်ယန်ရေကန်တကယ်ရှိတာပဲ ကောင်လေး မင်းရဲ့ကံက သဘာဝလွန်ပဲ ဒီယင်ယန်ရေကန်နဲ့ဆိုရင် မင်းတရက်အတွင်း လူသားဘုရင်အဆင့်ရောက်ဖို့ စိုးရိမ်စရာမလိုတော့ဘူး "

ရှောင်ဟေးသည် ကျိုးဝမ်၏ပခုံးပေါ်တွင် ပြန်ပေါ်လာသည်။ သူမအရှေ့မှ ယင်ယန်ရေကန်ကိုကြည့်ရင်း မျက်လုံးများတောက်ပနေ၏။ သူမသည် နှုတ်ခမ်းကိုအုပ်ရင်း မနာလိုစွာပြောလိုက်သည်။

ကျိုးဝမ်၏မျက်လုံးထဲတွင် စိတ်လှုပ်ရှားမှုအရိပ်အယောင် ပေါ်လာသည်။ သူသည် အသက်ဝဝရှူလိုက်ပြီး ရှောင်ဟေးအား

" ယင်ယန်ကပ်ပါးပိုးကောင်ကို လုံးဝကိုင်တွယ်ပြီးသွားပြီလား "

" ဒါပေါ့ ဒီနဂါးသခင်က ဘယ်တော့မှ မအောင်မြင်ဘူးဆိုတာမရှိဘူး "

ရှောင်ဟေးသည် ဂုဏ်ယူစွာ ပြောလိုက်၏။ သူမ၏လက်သည်းလေးကိုဝှေ့ယမ်းလိုက်ပြီး လက်ဝါးထဲတွင် ထူးဆန်းသော အဖြူအနက်ပိုးကောင်ပေါ်လာသည်။

ကျိုးဝမ်သည် ထိုပိုးကောင်သည် ရှောင်ဟေးပြောနေသည့် ယင်ယန်ကပ်ပါးပိုးကောင်ဖြစ်ကြောင်း သိလိုက်ရသည်။

ရှောင်ဟေးသည် လက်သီးဆုပ်၍ သူမ၏လက်ဖဝါးထဲမှ ယင်ယန်ကပ်ပါးပိုးကောင်ကိုခြေမွလိုက်သည်။ သူမသည် ပေါ့ပေါ့ပါးပါးပြောလိုက်၏။

" ယင်ယန်ရေကန်ထဲဝင်ပြီး ယင်နဲ့ယန်စွမ်းအင်ကို အရင်စုပ်ယူလိုက် နောက်ပိုင်း ဂူအနက်ပိုင်းသွားတဲ့အခါ ပိုအန္တရာယ်များလာလိမ့်မယ် မင်းသန်မာလေ အသက်ရှင်ဖို့အခွင့်အရေးပိုရလေပဲ "

ကျိုးဝမ်သည် ခေါင်းညိတ်လိုက်ပြီး အပေါ်အင်္ကျီချွတ်ကာ ‌ယင်ယန်ရေကန်ထဲသို့ ခုန်ဆင်းသွားတော့သည်။

ယင်ယန်ရေကန်ထဲသို့ရောက်သည်နှင့် သူ့ပတ်ဝန်းကျင်မှ ကြွယ်ဝသော ယင်နှင့်ယန်စွမ်းအင်များကိုခံစားလိုက်ရသည်။ ၎င်းတို့သည် ပင်လယ်ထဲသို့ စီးဝင်သော မြစ်များသဖွယ် သူ့ကိုယ်ထဲ စီးဝင်လာကြသည်။

" ယင်ယန်ရေကန်ဆိုတဲ့အတိုင်းပဲ သူ့မှာ ဒီလောက်တောင်ကြွယ်ဝတဲ့ ယင်နဲ့ယန်စွမ်းအင်တွေရှိတယ် ဒီတကြိမ်တော့ လူသားဘုရင်အဆင့်ရောက်အောင်တက်ရမယ် "

ကျိုးဝမ်၏မျက်လုံးတချက်လက်သွားသည်။ သူဘာမှ ပြောမနေတော့ပေ။ သူ့မျက်စိကိုပိတ်ကာ ခန္ဓာကိုယ်မှ ချွေးပေါက်များအားလုံးဖွင့်ပေးလိုက်သည်။ သူသည် ရေကန်ထဲမှ ကြွယ်ဝသော ယင်နှင့်ယန်စွမ်းအင်များကို ဝေလငါးတစ်ကောင်ကဲ့သို့ စုပ်‌ယူတော့သည်။

ရေကန်ထဲမှ ယင်နှင့်ယန်စွမ်းအင်များ သူ့ခန္ဓာကိုယ်ထဲသို့ ဆက်လက်စီးဝင်ရင်း သူ့အရှိန်အဝါမှာကြောက်မက်ဖွယ်ကောင်းသည့်အမြန်နှုန်းဖြင့် မြင့်တက်လာသည်။

ခရက်။

ကျိုးဝမ်ခန္ဓာကိုယ်မှ အရှိန်အဝါများ အမြင့်ဆုံးသို့ရောက်လာသောအခါ ခန္ဓာကိုယ်ရှိ အရိုးနှင့်ကြွက်သားမှ ရူးသွပ်စွာ လူးလွန့်သွားပေသည်။ သူ့ကြွက်သားထဲတွင် မရေတွက်နိုင်သောပိုးမွှားများထကြွနေသလိုပင်။ ရုတ်တရက် ပြင်းထန်သောအရှိန်အဝါ ပေါက်ကွဲထွက်လာသည်။ ရေကန်ထဲတွင် ‌ဂယက်များ ထလာပြီး ရေများနေရာအနှံ့စင်သွားသည်။

" ကြည့်ရတာ ယင်ယန်ရေကန်ရဲ့ အကျိုးသက်ရောက်မှုကမဆိုးဘူးပဲ ဘယ်လောက်မှမကြာသေးဘူး ဒီကောင်လေးက အထည်ဒြပ်ယန်အဆင့်ကိုးရောက်သွားပြီ ဒီကောင်လေး လူသားဘုရင်အဆင့် ချိုးဖျက်နိုင်ဖို့မျှော်လင့်တယ် ဒီကောင်လေးရဲ့အလားအလာနဲ့ဆိုရင် လူသားဘုရင်အဆင့်ရောက်တာနဲ့ သိသိသာသာခွန်အားတိုးလာမှာပဲ သူ့ရဲ့သိုင်းစွမ်းအားတစ်ခုတည်းနဲ့တောင် ပြီးပြည့်စုံတဲ့လူသားဘုရင်အဆင့်ထက် အားနည်းမှာမဟုတ်လောက်ဘူး "

ရှောင်ဟေးသည် ယင်ယန်ရေကန်ထဲတွင် ယင်နှင့်ယန်စွမ်းအင်များတိတ်တဆိတ်စုပ်ယူနေသောလူငယ်ကိုကြည့်ပြီး ရေရွတ်လိုက်၏။

ကျိုးဝမ်သည် ယင်ယန်ရေကန်မှ ယင်နှင့်ယန်စွမ်းအားများစုပ်ယူပြီးအဆင့်တက်ရန်ပြင်ဆင်နေသောအချိန်တွင် ရှေးဟောင်းဂူအပြင်ဘက်၌ မဖိတ်ခေါ်ထားသော ဧည့်သည်နှစ်ယောက်ရောက်လာသည်။ သူတို့သည် အလင်းတန်းနှစ်ခုအဖြစ်ပြောင်းလဲသွားကာ ကောင်းကင်ဘုံနတ်ဆိုး မြေအောက်မျက်လုံးရှေ့တွင် ရပ်တန့်လိုက်ကြသည်။

**********

All Chapters