← Chapters

လူသားဘုရင်နယ်ပယ်သို့ ခြေချခြင်း

Vol. 17 Ch. 213

လူသားဘုရင်နယ်ပယ်သို့ ခြေချခြင်း

Vol. 17 Ch. 213

မိန်းကလေး၏အသားအရည်သည် နှင်းထက်ဖြူပြီး သူမ၏မျက်လုံးများသည် ကြည်လင်နေသောရေကန်ကဲ့သို့ပင်။ သူမသည် ပတ်ဝန်းကျင်သို့ လှမ်းကြည့်သောအခါ သူမ၏ ကြော့ရှင်း၍ မြတ်မြတ်သောကိုယ်ဟန်ကြောင့် အခြားသူများသည် သူမကို စိတ်ထဲမှပင် မပြစ်မှားရဲပေ။ သို့သော် သူမ၏ မာနကြီး၍ ထက်မြက်သော ညှို့ယူဖမ်းစားသည့်ကိုယ်ရောင်ကိုယ်ဝါသည် အခြားသူများကို စွဲဆောင်နေပေသည်။

မိန်းကလေး၏ ကျောက်စိမ်းသဖွယ်ခြေဖဝါးအား စိမ်းလန်းစိုပြေသော အနီရောင်ကြာပန်းဖြင့် ဖုံးလွှမ်းထားသည်။ အနီရောင်တောက်တောက်ကြာပန်းနှင့် သူမ၏နှင်းဖြူရောင်အသားအရည်သည် သူမ၏အသွင်ကို အလွန်သန့်စင်မြင့်မြတ်သောအသွင်ဖြစ်ပေါ်စေသည်။

ဤကဲ့သို့သော မိန်းမလှသည် ကမ္ဘာပေါ်တွင်ရှားပါးပေသည်။ ကျောက်စိမ်းကြယ်မိန်းမပျိုနန်းတော်ခေါင်းဆောင် ချင်လျန်ပင်လျှင် ဤမိန်းကလေးရှေ့တွင် သူမ၏အလှအပအတွက် ရှက်ရွံ့ရပေလိမ့်မည်။

အဘယ်ကြောင့်ဆိုသော် သူရှေ့မှမိန်းကလေး၏ အလှအပသာမက သူမထုတ်ဖော်ထားသောပင်ကိုယ်စရိုက်ကြောင့်လည်းဖြစ်ပေသည်။

မိန်းကလေးသည် သူမ၏ ကျောက်စိမ်းကဲ့သို့သော လက်လေးကိုမြောက်ကာ နဖူးပေါ်မှဆံစများကိုသပ်တင်လိုက်၏။ သူမ၏လှပသောမျက်လုံးအစုံသည် သူမရှေ့ရှိနန်းတော်ကြီးကိုစိုက်ကြည့်လိုက်ပြီး သူမ၏ ကြည်လင်ယစ်မူးဖွယ်ကောင်းသော စကားသံထွက်ပေါ်လာသည်။

" မိုးကြိုးနတ်ဘုရားရဲ့ဂူနန်းကို ဒီလိုနေရာ‌လေးမှာဖွက်ထားလိမ့်မယ်လို့ ကျွန်မ မထင်ခဲ့ဘူး ကြည့်ရတာ နဂါးပြာခန်းမက ဒီဂူနန်းရှိနေတာ မသိဘူးထင်တယ် "

အဘိုးသည်သည် မထီတရီပြုံးပြီး ရယ်မောလိုက်၏။ သူက

" မိုးပြာနဂါးခန်းမရဲ့ မာနကြီးပြီး အထက်စီးဆန်တဲ့စရိုက်အရဆိုရင် ဒီဂူနန်းမပြောနဲ့ မိုးပြာရွှမ်အင်ပါယာကိုတောင် မသိလောက်ဘူး ဂိုဏ်းထဲကရှေးဟောင်းကျမ်းစာတွေရဲ့ ရည်ညွှန်းချက်အရ ရှေးခေတ်က နတ်ဘုရားဧကရာဇ်ဖုန်းလိုင်ရဲ့ဂူတည်နေရာကိုသာမသိရဘူးဆိုရင် ကျုပ်တို့ တသက်မှတခါရတဲ့အခွင့်အရေးနဲ့ လွဲချော်သွားနိုင်တယ် "

" ပိုပြီးရယ်စရာကောင်းတာက မူချင်စီရင်စုရဲ့ အုပ်ချုပ်သူ မူချင်အမတ်က ဒီဂူရဲ့တည်နေရာအတိအကျကို ဖော်ထုတ်ခဲ့တာပဲ ဒါပေမယ့် သူက ဒီဂူကို သာမန်ဂူတစ်ခုလို ရိုးရိုးရှင်းရှင်းသတ်မှတ်ပြီး တကယ့်ကို လူငယ်ကျင့်ကြံသူတချို့ကိုပဲ စေလွှတ်ခဲ့တယ် ဒါပေမယ့် ဒါကကောင်းတယ် ကျုပ်တို့ ဒီတခါ လက်ဦးမှုရတာပေါ့ "

မိန်းကလေးက ခေါင်းညိတ်လိုက်ပြီး

" အကြီးအကဲချူ ကျွန်မတို့မှာပြိုင်ဘက်မရှိပေမယ့် မပေါ့ဆသင့်ဘူး နောက်ဆုံးတော့ ဒီဂူက ရှေးဟောင်းနတ်သခင်အဆင့် တန်ခိုးရှင်ရဲ့ ဂူပဲ အတွင်းက ယန္တရားတွေက ရိုးရှင်းမှာမဟုတ်ဘူး "

" သခင်မလေးမှန်တယ် ဒီတကြိမ်တော့ ကောင်းကင်ဘုံက သခင်မလေးကို တကယ် အကူအညီပေးလိုက်တာပဲ အစတုန်းက ဂူမိန်းကလေးက အရှေ့မြေရိုင်းဒေသကို နတ်ကျောင်းတော်ရဲ့ ရေခဲမီးသူတော်စင်သင်္ကေတအတွက် လာခဲ့တယ် လမ်းမှာတခြားသူတော်စင်သင်္ကေတတစ်ခုနဲ့တွေ့ရလိမ့်မယ်လို့ ဘယ်သူထင်ခဲ့မှာလဲ "

အဘိုးအိုသည် စိတ်လှုပ်ရှားစွာဆိုလိုက်၏။

" နတ်ဘုရားကောင်းကျောင်းတော်မှာ သူတော်စင်ရေခဲမီးသင်္ကေတရဖို့မလွယ်ဘူး ဒဏ္ဍာရီအရဆိုရင် ရေခဲမီးသူတော်စင်သင်္ကေတဟာ ရေခဲမီးနှစ်မွှာပဋိပက္ခခန်းမရဲ့ အနက်ရှိုင်းဆုံးနေရာမှာရှိတယ်လို့ ဆိုကြတယ် သူတော်စင်တွေတောင်အဲ့ဒီနေရာကိုမရောက်နိုင်ဘူး ဒီဂူထဲက ‌လေနဲ့မိုးကြိုးအထွတ်အမြတ်သင်္ကေတကိုသာရရင် ကျွန်မတို့ နတ်ကောင်းကျောင်းတော်ကိုသွားစရာမလိုတော့ဘူး "

မိန်းကလေးသည် တည်ငြိမ်သောအမူအရာနှင့် ပြောလိုက်သည်။

မိန်းကလေးသည် အဘိုးအိုကိုတချက်ဝေ့ကြည့်ပြီး ဆက်ပြောလိုက်သည်။

" အရင်သွားရအောင် ဒီနေရာက လေမိုးကြိုးနတ်ဧကရာဇ်ရဲ့နေရာဖြစ်ပေမယ့် အထဲမှာ လေမိုးကြိုးအထွတ်အမြတ်သင်္ကေတတကယ်ရှိမရှိမသေချာသေးဘူး "

အဘိုးအို ခေါင်းညိတ်လိုက်၏။ သူ့လက်စကိုဝှေ့ယမ်းလိုက်ကာ သူတို့နှစ်ယောက်သည် အလင်းတန်းအသွင်ပြောင်းလဲသွားပြီး ရှေးဟောင်းဂူထဲသို့ ဝင်ရောက်သွားကြတော့သည်။

***********

ရှေးဟောင်းလှိုဏ်ဂူအတွင်းရှိ ကြွယ်ဝသော ဝိဉာဉ်ဆေးပင်များပြည့်နေသည့် ဆေးဥယျာဉ်၏ အတွင်းပိုင်းတွင် အဝတ်ဗလာနှင့် လူငယ်တစ်ယောက်သည် ယင်ယန်ရေကန်ထဲ ပေါလောမျောနေသည်။ ကြွယ်ဝသော ယင်နှင့်ယန်စွမ်းအင်လှိုင်းများသည် လူငယ်၏ခန္ဓာကိုယ်ထဲသို့ အဆက်မပြတ်စီးဝင်နေသည်။

ယင်နှင့်ယန်စွမ်းအင်များ သူ့ခန္ဓာကိုယ်ထဲသို့ သွန်းလောင်းပြီးနောက် သူ့နောက်ကျောဘက် လေဟာနယ်ထဲတွင် အဖြူနှင့်အနက် ယင်ယန်ဘီးသည် ဖြည်းညင်းစွာပေါ်ထွက်လာသည်။ သို့သော် ဤ ယင်ယန်ဘီးသည် မပြည့်စုံသေးပေ။ မျက်နှာပြင်တွင် ယင်နှင့်ယန်သည် ပြည့်ပြည့်စုံစုံ သဟဇာတမဖြစ်သေးပေ။

ဤယင်ယန်ဘီးအမှန်တကယ် ပြည့်စုံသွားသောအခါ ကျိုးဝမ်သည် လူသားဘုရင်အဆင့်သို့ တက်လှမ်းနိုင်မည်ဖြစ်သည်။ သူ့ခွန်အားသည်လည်း အဆပေါင်းများစွာ တိုးတက်လာပေလိမ့်မည်။

ရွှီး။

ထူးဆန်းသောအသံတစ်ခု ဖြည်းညင်းစွာ ထွက်ပေါ်လာသည်။ ထို့နောက် ရေကန်ထဲရှိလူငယ်၏မျက်စိ ရုတ်တရက်ပွင့်လာသည်။ သူ့လက်အစုံကို ဖြည်းညင်းစွာလှုပ်ရှားလိုက်သောအခါ လေထဲမှဘီးသည် ဖြည်းညင်းစွာလည်ပတ်လာ၏။ ၎င်းသည် အဆက်မပြတ်လည်ပတ်နေသော ယင်ယန်ဘီးတစ်ခုကဲ့သို့ပင်။

သူ့လက်များဆက်လက်လှုပ်ရှားလိုက်သောအခါ လူငယ်၏ခန္ဓာကိုယ်မှ ကိုယ်ရောင်ကိုယ်ဝါပို၍တောက်ပလာသည်။ လေဟာနယ်ထဲတွင် ဖွဲ့စည်းထားသော ယင်ယန်ဘီးသည် တဖြည်းဖြည်း ပြီးပြည့်စုံလာ၏။ ၎င်း၏မျက်နှာပြင်မှ အလင်းရောင်သည် အရှန်တငြီးငြီးတောက်လောက်နေသည့် နေလုံးကြီးကဲ့သို့ပင်။

" သူ အောင်မြင်တော့မှာလား "

ရှောင်ဟေး၏မျက်လုံးမှေးသွား၏။ လူငယ်၏ခန္ဓာကိုယ်မှ ရောင်ဝါပို၍ ပို၍ထွန်းလင်းလာသည်ကိုမြင်ရသောအခါ သူဝမ်းသာအားရ တိုးတိုးလေးပြောလိုက်သည်။

ရှောင်ဟေး၏အသံပျောက်ကွယ်သွားသောအခါ လေဟာနယ်ထဲတွင် ဖွဲ့တည်ထားသည့် ယင်ယန်ဘီးသည် မီးခိုးရောင်တောက်ပနေသည့်အလင်းရုတ်တရက် ပေါက်ကွဲထွက်လာသည်။ ထို့နောက်တွင် ယင်ယန်ဘီး၏ အဖြူနှင့်အနက်အရောင်သည် နောက်ဆုံးတွင် ဟန်ချက်အညီ‌ဆုံးအခြေအနေသို့ ရောက်ရှိသွားသည်။ ထိုအချိန်တွင် ယင်ယန်ဘီးသည်လည်း လျင်မြန်စွာလည်ပတ်နေ၏။

ဝုန်း။

ယင်ယန်ဘီးမှ ပြင်းထန်သောဖိအားတစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။ ဤပြင်းထန်သောဖိအားအောက်တွင် နက်ရှိုင်းသော ယင်ယန်ရေကန်ထဲတွင် လှိုင်းလုံးကြီးများ ရိုက်ခတ်သွားတော့သည်။ ကန်ရေများသည် သူ့ကိုဗဟိုပြုသောတွန်းအားကြောင့် အရပ်မျက်နှာအသီးသီးသို့ လျှံထွက်သွားကြသည်။

တခဏချင်းတွင် ယင်ယန်ရေကန်၏မိုင်ပေါင်းများစွာဝန်းကျင်သည် ကြီးမားသောလှိုင်းလုံးကြီးကြောင့် ရေလွှမ်းမိုးခံလိုက်ရသည်။

" သေစမ်း ဒီကောင် အဆင့်တက်မယ်ဆိုလည်းတက်လေ ဘာကြောင့်ကြီးကြီးကျယ်ကျယ်လုပ်ပြနေရတာလဲ ငါပါရောပါတော့မယ် "

ရှောင်ဟေးသည် ရုတ်တရက် လေထဲသို့ မီတာပေါင်းများစွာခုန်တက်လိုက်ရသည်။ သူသည် လှိုင်းလုံးကြီးများကိုရှောင်တိမ်းပြီး ဆဲဆိုလိုက်၏။

ရှပ်၊ရှပ်။

လှိုင်းလုံးကြီးများနောက်တွင် ရုတ်တရက် ခြေသံများထွက်ပေါ်လာသည်။ ထိုနောက်တွင် ပိန်ရှည်ရှည်လူတယောက်သည် လှိုင်းလုံးများကြားမှ ထွက်ပေါ်လာသည်။ သူသည် အဆင့်တက်ပြီးသော ကျိုးဝမ်ဖြစ်၏။

ထိုအချိန်တွင် ကျိုးဝမ်၏မျက်လုံးများတောက်ပနေ၏။ သူ့မျက်နှာတွင် စိတ်လှုပ်ရှားနေသည့် အပြုံးစပင်ရှိနေသည်။ သူ့နောက်ကျော လေဟာနယ်ထဲမှ ယင်ယန်ဘီးသည် အဆက်မပြတ်လည်ပတ်နေသည်။ ယင်ယန်ဘီးလည်ပတ်လိုက်သည်နှင့် ‌ယင်ယန်ရေကန်ထဲမှ ယင်ယန်စွမ်းအင်များသည် သံသရာစက်ဝန်းနှင့်တူသော ယင်ယန်ဘီးထံသို့ တသွင်သွင်စီးဝင်လာကြသည်။

" ဒဏ္ဍာရီလာ ‌ယင်ယန်ရေကန်ဆိုတဲ့အတိုင်းပဲ ရေကန်ထဲက ယင်နှင့်ယန်စွမ်းအင်က တော်တော် သန့်စင်တယ် ငါအခုမှအဆင့်တက်ခဲ့ပေမယ့် ငါ့ခန္ဓာကိုယ်ထဲက ယင်နဲ့ယန်စွမ်းအင်တွေက နက်နဲလူသားဘုရင်အဆင့်ထက်တောင် ပိုပြီးသန်မာတယ်လို့ခံစားရတယ် ဒါက ပြီးပြည့်စုံတဲ့လူသားဘုရင်အဆင့်နီးနီးပဲ အခု ရေခဲမီးအထွတ်အမြတ်တံဆိပ်ရဲ့အစွမ်းမပါပဲနဲ့တောင် ပြီးပြည့်စုံတဲ့လူသားဘုရင်အဆင့်ကို ငါတိုက်ခိုက်နိုင်ပြီ "

ကျိုးဝမ်သည် သူ့ခန္ဓာကိုယ်မှဖြာထွက်နေသော အစွမ်းထက်သည့်အရှိန်အဝါကို ခံစားလိုက်ရသောကြောင့် ကောင်းကင်ပေါ်မော့၍ တဟားဟားရယ်မောလိုက်သည်။

ထိုအချိန်တွင် ရှောင်ဟေးသည် အနက်ရောင်အလင်းတန်းအဖြစ်ပြောင်းလဲသွားပြီး ကျိုးဝမ်၏ပခုံးပေါ်တွင်ပေါ်လာသည်။ သူသည် အေးစက်စက်နှာမှုတ်လိုက်ပြီး

" ငါမင်းကိုကူတာက ကိုယ့်ကိုယ်ကိုကူတာနဲ့အတူတူပဲ ဒါကသဘောတူညီချက်တခုပဲ ငါ့ကိုဘာမှကျေးဇူးတင်စရာမလိုဘူး "

ရှောင်ဟေးသည် ထိုသို့ပြောသော်လည်း သူ့မျက်လုံးထဲတွင် ကျေနပ်သည့်အရိပ်အယောင်မြင်နေရသည်။

" အဆင့်တက်တာအောင်မြင်သွားပြီဆိုတော့ နောက်တဆင့်က ဒီဆေးပင်တွေ ရှာဖို့ပဲ ရှောင်ဟေး သွေးချီမြေအောက်မြက်ရှိမရှိ ငါ့ကိုရှာကူပါဦး "

ထိုအချိန်တွင် ကျိုးဝမ်၏မျက်လုံးအစုံသည် ဆေးဥယျာဉ်ထဲမှ ဆေးပင်များကိုကြည့်ရင်း တောက်ပလာ၏။ ကျိုးဝမ်သည် အဆင့်လေးနှင့် အဆင့်ငါးဆေးပင်များ၏ တည်ရှိမှုကိုပင် အာရုံခံမိလိုက်သည်။

ရှောင်ဟေးအနည်းငယ်ခေါင်းညိတ်လိုက်၏။ ထို့နောက် လူတစ်ယောက်နှင့် သားရဲတစ်ကောင်သည် သူတို့၏ခွေးရူးသဏ္ဍန်သို့ ဝင်ရောက်သွားတော့သည်။ သူတို့ဖြတ်သွားသည့်နေရာတိုင်း ဆေးပင်တပင်မျှမကျန်ခဲ့ပေ။

ဆေးဥယျာဉ်ထဲတွင် ဝိဉာဉ်ဆေးပင် ထောင်ပေါင်းများစွာရှိ‌သည်။ အများစုသည် အဆင့်နှစ် နှင့် အဆင့်သုံး ဝိဉာဉ်ဆေးပင်များဖြစ်ကြသည်။ ကျိုးဝမ်သည် ထိုအရည်အသွေးနှင့်ဆေးပင်များကို စိတ်မဝင်စားပေ။ သို့သော် ကျိုးမိသားစုသည် ၎င်းတို့ကိုအလွန်လိုအပ်နေသည်။ မိသားစုမှမလိုလျှင်ပင် ပြန်လည်ရောင်းချနိုင်သေးသည်။

၎င်းတို့ထဲမှ အနည်းငယ်သည် အဆင့်လေးဝိဉာဉ်ဆေးပင်များဖြစ်သည်။ အဆင့်ငါးဆေးပင်အနည်းငယ်လည်းရှိသည်။ ၎င်းတို့သည် လက်တဖက်တည်းဖြင့် ရေတွက်နိုင်သည်။

" ဟမ် " ရုတ်တရက် ကျိုးဝမ်သည် တိုးတိုးလေးအော်လိုက်ရင်း ဝိဉာဉ်ဆေးပင်၏ညှာတံကို စိုက်ကြည့်လိုက်၏။

ရှောင်ဟေးသည်လည်း ကျိုးဝမ်၏တိုးညင်းသော အာမေဋိတ်သံကိုကြားလိုက်သည်။ ‌သူခေါင်းလှည့်ကြည့်လိုက်သောအခါ ကျိုးဝမ်ကြည့်နေသည့် ဝိဉာဉ်ဆေးပင်ကိုတွေ့လိုက်ရသည်။

ဤဝိဉာဉ်ဆေးပင်သည် အရွက်သုံးခုရှိသော ကလိုဗာအပင်ဖြစ်သည်။ ၎င်း၏အရွက်များသည် ခရင်းနက်ရောင်ဖြစ်သည်း အလွန်သာမန်ဆန်သည်။ သို့သော် ထူးဆန်သည်မှာ ဤသာမန်ဆန်သောဝိဉာဉ်ဆေးပင်၏မျက်နှာပြင်ကို သွေးမြူအလွှာပါးဖြင့် ဝန်းရံထားသောကြောင့် ၎င်းသည် အလွန်လန်းဆန်းသောအသွင် ဖြစ်ပေါ်နေစေသည်။

" သွေးချီမြေအောက်မြက်လား " ကျိုးဝမ်နှင့် ရှောင်ဟေးတို့ မျက်လုံးများတောက်ပသွားပြီး တပြိုင်တည်းပြောလိုက်ကြ၏။

" ဒီဆေးဥယျာဉ်မှာ သွေးချီမြေအောက်မြက်တကယ်ရှိတာပဲ ကြည့်ရတာ ဒီတခါတော့ ငါတို့ရွေးချယ်မှုမှန်သွားတယ် "

သတိဝင်လာပြီးနောက် ကျိုးဝမ်၏မျက်နှာတွင် စိတ်သက်သာသောအပြုံးတစ်ခုပေါ်လာသည်။ နောက်ဆုံးတော့ သူအစိုးရိမ်ဆုံးအရာမှာ သူ့နဖူးမှ သွေးချီချိပ်တံဆိပ်ဖြစ်သည်။ ၎င်းသည် သူ့သွေးအဆီအနှစ်ကို အဆက်မပြတ်စုပ်ယူနေသည့် ကျိန်စာတစ်ခုလိုပင်။ တတ်နိုင်သမျှ မြန်မြန်မဖြေရှင်းနိုင်လျှင် သူ့သွေးအဆီအနှစ်ခမ်းခြောက်ပြီး သူသေရပေလိမ့်မည်။

သွေးချီမြေအောက်မြက်ကိုရှာတွေ့ပြီးနောက် ကျိုးဝမ်အလွန်စိတ်ချမ်းသာနေသည်။ ကျန်ဝိဉာဉ်ဆေးပင်များကို ချန်ခွန်အိတ်ထဲသိမ်းဆည်းပြီးနောက် သွေးချီမြေအောက်မြက်တစ်မျိုးတည်းကိုထုတ်ယူလိုက်သည်။

" မင်းရဲ့ကိုယ်ပေါ်က သွေးချိပ်စည်းကိုမြန်မြန်ဖြေရှင်းလိုက် ငါတို့ဒီရောက်နေတာတစ်ရက်ရှိပြီ ဒီအတောအတွင်း ငါတို့ ဟိုလူတွေရဲ့နောက်မှာပြတ်ကျန်ခဲ့ပြီ "

ရှောင်ဟေးသည် ပုံမှန်အတိုင်းပြောလိုက်၏။

ကျိုးဝမ်ခေါင်းညိတ်လိုက်ပြီး အချိန်မဖြုန်းတော့ပေ။ သူ့ညာလက်ဖြင့် သွေးချီမြေအောက်မြက်ကို ကိုင်ထားပြီး ရုတ်တရက်ချေမွလိုက်သည်။ အစွမ်းထက်သောယွမ်စွမ်းအင်သည် ဝိဉာဉ်ဆေးပင်ကို အမှုန့်အဖြစ် ချေမွလိုက်ပြီး ရုတ်တရက် ဆေးအနှစ်သာရထွက်ပေါ်လာသည်။

ဤဆေးအနှစ်သာရသည် ကျိုးဝမ်၏ပတ်ဝန်းကျင်အား ချက်ချင်းသွေးမြူများဖြင့် ဝန်းရံသွားစေသည်။ နောက်ဆုံးတွင် ကျိုးဝမ်၏ နဖူးရှေ့တွင်ရပ်တန့်သွား၏။ စူးရှသောအသံနှင့်အတူ ဆေးအနှစ်သာရသည် သွေးမျှားတစင်းကဲ့သို့ ကျိုးဝမ်၏နဖူးထဲသို့ ဝင်ရောက်သွားသည်။

ဖူး။

ကျိုးဝမ်၏ပါးစပ်မှ ရုတ်တရက် သွေးတလုတ်ထွက်သွားသည်။ သူ ချက်ချင်း မျက်ခုံးကြုတ်လိုက်ပြီး ခက်ထန်သောအမူအရာပေါ်လာ၏။ သိသာစွာပင် သူသည်နာကျင်မှုခံစားနေရပေသည်။

သွေးချီမြေအောက်မြစ်အဆီအနှစ်များ ဝင်ရောက်လာသည်နှင့်အမျှ ကျိုးဝမ်နဖူးမှ သွေးနီတံဆိပ်သည် မျက်စိဖြင့်မြင်နိုင်သည့်နှုန်းဖြင့် မှိန်ဖျော့လာသည်။

အနည်းငယ်မျက်မှောင်ကြုတ်လိုက်ရင်း ကျိုးဝမ်သည် သူ့နဖူးပေါ်ရှိ သွေးတံဆိပ်မှိန်ဖျော့သွားသည်နှင့် သန့်စင်သော စွမ်းအင်သည် သူ့ခြေလက်များထံသို့ အမှန်တကယ် စီးဝင်သွားကြောင်း ခံစားလိုက်ရသည်။ တချိန်တည်းတွင် သူ့ခန္ဓာကိုယ် နွေးထွေးသွားသည်ကို ခံစားလိုက်ရသည်။

" ဒီစွမ်းအင်က အနှစ်သာရသွေးစွမ်းအင်လား အဲ့ဒါက လွန်ခဲ့တဲ့ရက်တွေက ငါ့ဆီကစုပ်ယူသွားတဲ့ သွေးအနှစ်သာရများဖြစ်နိုင်မလား မဟုတ်ဘူး ဒီစွမ်းအင်က လွန်ခဲ့တဲ့ရက်တွေက ငါဆုံးရှုံးသွားတဲ့ အနှစ်သာရသွေးထက် အများကြီးပိုသန်စွမ်းတယ် "

သူ့ခန္ဓာကိုယ်တွင် တိုးပွားလာသောစွမ်းအားများကိုခံစားကြည့်ရင်း ကျိုးဝမ်သည် သူ့ကိုယ်သူစူးစမ်းရင်းမေးမိသည်။

" ကောင်လေး သွေးချိပ်စည်းကို ဟွမ်ကျုံးက သူ့အသက်သွေးအဆီအနှစ်ကိုသုံးပြီး ဖွဲ့စည်းထားတာ ပြီးပြည့်စုံတဲ့လူသားဘုရင်နယ်ပယ်ကျင့်ကြံသူရဲ့ အသက်အဆီအနှစ်သွေး တွေ ပါတယ် မဖြုန်းတီးနဲ့ ဒီစွမ်းအင်အားလုံးကိုစုပ်ယူလိုက် မင်းနောက်တဆင့်ထပ်တက်နိုင်‌ချေရှိတယ် "

***********

All Chapters