လင်ပေါင်
Vol. 17 Ch. 214
ကျိုးဝမ်၏စကားသံကိုကြားရစဉ် သူ့ခန္ဓာကိုယ်တွင်းမှ စွမ်းအင်များ တဟုန်ထိုးတိုးပွားလာသဖြင့် ကျိုးဝမ်၏မျက်လုံး ချက်ချင်း တောက်ပလာခဲ့သည်။ ရှည်ရှည်ဝေးဝေးလုပ်မနေတော့ပဲ မြေပြင်ပေါ်ထိုင်ချလိုက်ပြီး သွေးချိပ်စည်းထဲမှ သွေးအဆီအနှစ်စွမ်းအင်ကို သန့်စင်ရန်သာ အာရုံစိုက်ထားလိုက်သည်။
ခရက်။ခရက်။
ကျိုးဝမ်၏ခန္ဓာကိုယ်မှ ထူးဆန်းသောအသံများ အဆက်မပြတ်ထွက်ပေါ်နေသည်။ သွေးချီမြေအောက်မြက်၏သက်ရောက်မှုကြောင့်ဖြစ်နိုင်သော်လည်း ယခုအချိန်တွင် ကျိုးဝမ်၏ခန္ဓာကိုယ်အား သွေးရောင်မြူငွေ့ပါးပါးလေးဖုံးအုပ်ထား၏။ သူ့အသွင်သည် လျှို့ဝှက်ဆန်းကြယ်သည်ဟု ထင်ရသည်။
တစ်နာရီခန့်ကြာပြီးနောက် သွေးမြူများကြားထဲမှ ကျယ်လောင်သောအသံ ပေါက်ကွဲထွက်လာသည်။ မကြာမှီ ထူထဲသောသွေးမြူလွှာသည် ဖန်ကဲ့သို့ကွဲကြေသွားပြီး အတွင်းမှ လူငယ်တစ်ယောက်၏ ကြွက်သားအမြောင်းမြောင်းနှင့်ခန္ဓာကိုယ် ထွက်ပေါ်လာသည်။
ယခင်ကထက် ပို၍ပြင်းထန်သောအရှိန်အဝါသည် လူငယ်လေး၏ခန္ဓာကိုယ်မှ ရုတ်တရက် ထွက်ပေါ်လာသည်။ ၎င်းသည် လူတစ်ယောက်နှင့်မတူပဲ ရက်စက်ကြမ်းကြုတ်သော သားရဲတစ်ကောင်နှင့်ဆင်တူသည်။
" ကျွတ် ကျွတ် မင်းဒုက္ခရောက်ရာကနေ အကျိုးရှိလိုက်ပုံပဲ မင်းအတွင် အရင်ကအဆိပ်ဖြစ်ခဲ့တဲ့ သွေးချိပ်စည်းက သွေးချီမြေအောက်မြက်ရဲ့အာနိသင်ကြောင့် အကောင်းဆုံးဆေးဖြစ်သွားတာပဲ ပြီးတော့ မင်းရဲ့ကျင့်ကြံဆင့်က အဆင့်မြင့်လူသားဘုရင်အဆင့်ကိုထပ်တက်သွားပြီ "
ရှောင်ဟေးသည် လက်ပိုက်ထားရင်း သူမရှေ့ရှိတအံ့တဩဖြစ်နေသောလူငယ်ကိုကြည့်ပြီး ပေါ့ပေါ့ပါးပါးပြောလိုက်၏။
" ဒါတင်မကသေးဘူး ဟွမ်ကျုံးရဲ့သွေးအဆီအနှစ်ကို ငါ့ရဲ့နီဝမ်နန်းတော်နဲ့ချိတ်ဆက်ပြီး စိတ်စွမ်းအင်အဆင့်တက်ဖို့ပါ ငှားသုံးလိုက်တယ် "
စကားပြောရင်း ကျိုးဝမ်ခြေတလှမ်းတက်လိုက်သည်။ အတွေးတခုနှင့် သူ၏နီဝမ်နန်းတော်ထဲမှ မမြင်နိုင်သောစွမ်းအင်လှိုင်းကြီး ထွက်ပေါ်လာပြီး လေထုထဲတွင် မမြင်နိုင်သော စွမ်းအင်စက်ကွင်းတစ်ခု ဖွဲ့စည်းလိုက်သည်။
သူမရှေ့ရှိ မမြင်နိုင်သော စွမ်းအင်စက်ကွင်းကိုကြည့်ပြီး ရှောင်ဟေးမျက်စိမှေးလိုက်သည်။ သူမ၏မျက်နှာတွင် အံ့ဩသည့်အရိပ်အယောင်ပေါ်လာသော်လည်း တခဏချင်းပြန်ပျောက်သွား၏။
ကျိုးဝမ်၏စိတ်စွမ်းအင်သည် ပြီးပြည့်စုံသော အဆင့် ၂ အထွတ်အထိပ်သို့ရောက်ရှိနေပြီး အဆင့် ၃ သို့ရောက်ရန် ခြေတလှမ်းသာလိုတော့သည်ကို သူမသိသည်။ ထို့ကြောင့် ဟွမ်ကျုံး၏ သွေးချိပ်စည်းအကူအညီဖြင့် ချိုးဖြတ်နိုင်ခြင်းမှာ မထူးဆန်းပေ။
" အခုမင်းဆီမှာ နက်နဲလူသားဘုရင်နယ်ပယ်ရဲ့ခွန်အားနဲ့ စဦးစိတ်စွမ်းအင်အဆင့်၃ ရနေပြီဆိုတော့ စဦး ကမ္ဘာမြေဘုရင်အဆင့်တွေကိုတောင် တိုက်ခိုက်နိုင်နေပြီလို့ ငါထင်တယ် "
ရှောင်ဟေးသည် လေထံပျံနေရင်း အသိအမှတ်ပြုစွာ ဆိုလိုက်သည်။
" ဒါပေမယ့် ငါက ကမ္ဘာမြေဘုရင်အဆင့်မဟာစက်ဝန်းအဆင့် လွီယွမ်ဟွာနဲ့ ကွာခြားနေသေးတယ် ဒါပေမယ့် ငါ့ဆီက ပြောင်းပြန်ဝိဉာဉ်ရုပ်သေးကိုပါထည့်တွက်လိုက်မယ်ဆိုရင် လွီယွမ်ဟွာတောင်မှ ငါ့ကိုအနိုင်မယူနိုင်လောက်ဘူး "
ထိုအချိန်တွင် ကျိုးဝမ်သည် တက်ကြွမှုအပြည့်ရှိနေသည်။ သူ့အသံရှူသံသည် ရှည်လျားနက်ရှိုင်း၏။ သူအသက်ရှူလိုက်တိုင်း ယုံကြည်မှုအပြည့်ဖြစ်နေသည်။ ယခု သူသည် ရှေးဟောင်းဂူအတွင်းရှိ ကျင့်ကြံသူအားလုံးထဲတွင် ပထမအဆင့်ဟုသတ်မှတ်၍ရနိုင်ပြီဖြစ်သည်။
" သွားကြစို့ ငါတို့အချိန်ဖြုန်းတာလုံလောက်ပြီ ငါတို့နှောင့်နှေးနေလို့မရတော့ဘူး ငါတို့လက်ထဲမှာ မြေပုံရှိရင်တောင် နောက်ကျနေရင် ကောင်းတာမှန်သမျှ သူများဦးသွားလိမ့်မယ် "
လူသူကင်းမဲ့သော ဆေးဥယျာဉ်ကို စိုက်ကြည့်ပြီးနောက် ကျိုးဝမ်သည် ခေါင်းညိတ်လိုက်ပြီး နေရာမှ မဆိုင်းမဆွ ပျောက်ကွယ်သွားသည်။ သူသည် လှိုဏ်ဂူအတွင်းပိုင်းသို့ ဦးတည်သွားတော့သည်။
မြေပုံ၏လမ်းညွှန်မှုနှင့် ရှောင်ဟေး၏ ဝိဉာဉ်လမ်းပြမှုကြောင့် ကျိုးဝမ်၏ခရီးသည် အတော်လေးလွယ်ကူနေသည်။ လျှို့ဝှက်ထောင်ချောက်အနည်းငယ်ကို ရှောင်ရှားပြီးနောက် သူ့ရှေ့မှလမ်းသည် ကျယ်ပြန့်လာသည်။ တချိန်တည်းတွင် ကျယ်လောင်သောအသံများနှင့် ဆူညံသံများကိုကြားလိုက်ရသည်။
ထိုအချိန်တွင် ရင်ပြင်၌ လူပေါင်းများစွာ စုဝေးနေကြသည်။ အကြမ်းဖျဉ်းတချက်ဝှေ့ကြည့်လိုက်သောအခါ အနည်းဆုံးလူဒါဇင်ချီနိုင်ပေသည်။ ကျိုးဝမ်သည် သူတို့အထဲတွင် ရှုချန်းနှင့် နဝမမြောက်တပ်မှူးသမီးတော်ကိုတွေ့လိုက်ရသည်။
သို့သော် ကျိုးဝမ်သည် လွီယွမ်ဟွာ၊ ချင်လျန်၊ ရှုမူ နှင့် အခြားဂိုဏ်းကြီး၅ဂိုဏ်းမှ ပင်မတပည့်များကိုမတွေ့ရပေ။ သိသာစွာပင် ဤအစွမ်းထက် ကမ္ဘာမြေဘုရင်အဆင့်ကျင့်ကြံသူများသည် အခြားသူများထက် ခြေလှမ်းသာပြီး ဂူနန်းတော်အတွင်းပိုင်းသို့ ရောက်ရှိနေကြလေပြီ။
ကျိုးဝမ်၏ရောက်ရှိလာမှုသည် ယခုရှိနေသောလူများဂရုမပြုမိကြပေ။ သူတို့၏အာရုံသည် ရင်ပြင်အထက်ရှိ အလင်းအကာအရံများထံသို့ ပြင်းထန်စွာတိုက်ခိုက်နေကြသူများထံရောက်နေကြသည်။ လူပေါင်းများစွာဝိုင်းဝန်းတိုက်ခိုက်မှုကြောင့် အလင်းဒိုင်းမျက်နှာပြင်တွင် အက်ကြောင်းများပေါ်လာတော့သည်။
ကျိုးဝမ်သည် အလင်းဒိုင်းကို လှမ်းကြည့်လိုက်ပြီး အလင်းဒိုင်းထဲရှိ ဧရာမရုပ်တုကြီးကို တွေ့ရသောအခါ အံ့ဩသွားသည်။
ရုပ်ထုသည် ပေရာပေါင်းများစွာမြင့်ပြီး ဝတ်စုံရှည်နှင့် သက်လတ်ပိုင်းလူတစ်ယောက်ဖြစ်သည်။ ရုပ်ထုသည် အလွန်အသက်ဝင်သည်။ ရုပ်ထုကြီး၏လက်ဖဝါးအလယ်တွင် ရွှေရောင် အလင်းလုံးသုံးလုံးရှိသည်။ ထိုအလင်းလုံးသုံးခုထံမှ စွမ်းအင်လှိုင်းများအဆက်အပြတ်ထွက်ပေါ်နေသည်။
ကျိုးဝမ်သည် မျက်လုံးမှေး၍ ရုပ်ထုလက်ဖဝါးမှအလင်းလုံးသုံးလုံးကိုစိုက်ကြည့်လိုက်သည်။ သူသည် အလင်းလုံးများအတွင်းမှ လက်နက်သဏ္ဍန်ကို ဖျတ်ခနဲမြင်လိုက်ရသည်။
" ဝိဉာဉ်ရတနာ "
အလင်းလုံးသုံးလုံးကိုကြည့်ရင်း ကျိုးဝမ်မနေနိုင်ပဲတုန်လှုပ်သွား၏။ တန်ဂျားတစ်မြို့လုံးတွင်ပင် ဝိဉာဉ်ရတနာများသည်ရှားပါးလှသည်။ ဤရင်ပြင်ငယ်လေးထဲတွင် သုံးခုရှိနေသည်။ ထို့ပြင် ထုတ်လွှတ်နေသောရောင်ဝါအရ ၎င်းတို့အားလုံးသည် အလယ်အလတ်အဆင့်ဖြစ်သည်။
" ရှေးဟောင်းဂူနန်းတော်ဆိုတဲ့အတိုင်းပဲ ဂူနန်းတော်အတွင်းပိုင်းတောင်မဝင်ရသေးဘူး အလယ်အလတ်အဆင့် ဝိဉာဉ်ရတနာတွေ့နေရပြီ "
ကျိုးဝမ်သည် လေသံတိုးတိုးဖြင့် သူ့ဘာသာရေရွတ်လိုက်သည်။ တချိန်တည်းတွင် သူ့ရင်ဘတ်ထဲမှ ပြင်းထန်သောစိတ်လှုပ်ရှားမှုကို ထိန်းထားရသည်။ သူ့ထံတွင် ဝိဉာဉ်ရတနာနှစ်ခုသာရှိသည်။ ၎င်းတို့ထဲမှတစ်ခုသည် ဟွမ်ကျုံးထံမှရရှိခဲ့သည့် ရေခဲပိုးချည်ချပ်ဝတ်ဖြစ်သည်။ ၎င်းသည် အကာအကွယ်ရတနာတစ်ခုသာဖြစ်သည်။
လင်ရွှမ်ကျောင်းပေးခဲ့သည့် တည်နေရာရွှေ့ပြောင်းတံဆိပ်မှာတော့ အသက်ဘေးကြုံရသောအခါ သူ့အသက်ကိုကယ်တင်နိုင်မည့် အထူးဝိဉာဉ်ရတနာဖြစ်သည်။ သို့သော် ကျိုးဝမ်ထံတွင် တိုက်ခိုက်ရေးအတွက် ဝိဉာဉ်ရတနာမရှိသေးပေ။
အလင်းလုံးကိုဖြတ်၍ ကျိုးဝမ်သည် အလင်းဒိုင်းထဲရှိ ဝိဉာဉ်ရတနာသုံးခုလုံးသည် တိုက်ခိုက်ရေးရတနာဖြစ်ကြောင်း တွေ့ခဲ့ရသည်။ ဤသည်မှာ ကျိုးဝမ်လိုချင်နေသည့်အတိုင်းကွက်တိဖြစ်သည်။ ၎င်းတို့ထဲမှ တစ်ခုကိုရလျှင် သူ့ခွန်အား အဆမတန်တိုးတက်လာမည်ကို သူသိပေသည်။
ရင်ပြင်ပေါ်မှ လူအုပ်ကြီးကိုအကဲခတ်ကြည့်သောအခါ အားလုံးသည် အလင်းဒိုင်းကိုလောဘတကြီးစိုက်ကြည့်နေကြသည်ကို တွေ့ရသည်။ ထိုကျင့်ကြံသူများသည် အလင်းဒိုင်းကိုတိုက်ခိုက်ရန် အဖွဲ့ဖွဲ့ထားပုံရသည်။
သို့သော် ကျိုးဝမ်သေချာသည်မှာ အသင်းဖွဲ့ထားသော ထိုကျင့်ကြံသူများသည် အလင်းအကာအရံပျက်ဆီးသွားသည်နှင့်တပြိုက်နက် ဆွေမျိုးများကိုပင်မငဲ့ပဲ စတင်တိုက်ခိုက်ကြတော့မည်ကိုသိပေသည်။ ဝိဉာဉ်ရတနာများကိုရရှိရန်အတွက် ပြင်းထန်သောတိုက်ပွဲဖြစ်ပွားလာပေလိမ့်မည်။
ထိုသို့တွေးမိပြီး ကျိုးဝမ်မျက်လုံးဝှေ့ကြည့်လိုက်သည်။ သူ့လက်ထဲတွင်ယွမ်စွမ်းအင်များစုစည်းသွားပြီး လေထဲမှအလင်းဒိုင်းထံထုတ်လွှင့်လိုက်သည်။ တချိန်တည်းတွင် သူ့ခန္ဓာကိုယ်သည် အလင်းဒိုင်းထံချဉ်းကပ်သွားပြီး တိုက်ခိုက်ရန်အခွင့်ကောင်းချောင်းနေလိုက်သည်။
ကျိုးဝမ်၏လှုပ်ရှားမှုသည် အခြားသူများကို အာရုံမစိုက်စေခဲ့ပေ။ အဘယ်ကြောင့်ဆိုသော် သူတစ်ယောက်တည်း ထိုသို့တွေးထားသည်မဟုတ်သောကြောင့်ပင်။ ဝိဉာဉ်ရတနာများကိုလုယူရန် အလင်းဒိုင်းပျက်ဆီးမည့်အချိန်ကို အားလုံးစောင့်နေကြသည်။
နောက်ဆုံးတွင် ကျိုးဝမ်သည် အလင်းဒိုင်းအောက်တွင်ရပ်လိုက်စဉ် သူ့မျက်လုံးတဖျတ်ဖျတ်တောက်ပသွား၏။ သူ့မရီဒျန်မှ ပြင်းထန်သောယွမ်စွမ်းအင်သည် ရေလွှမ်းမိုးသကဲ့သို့ စီးဆင်းလာသည်။ တချိန်တည်းတွင် နီဝမ်နန်းတော်ထဲမှ စိတ်စွမ်းအင်များကို အဆင်သင့်ထုတ်လွှင့်နိုင်ရန် ပြင်ဆင်ထားလိုက်သည်။
လူအုပ်ကြီး၏ပြင်းထန်သောတိုက်ခိုက်မှုအောက်တွင် လေထုအလယ်ရှိအလင်းဒိုင်းသည် မှိန်ဖျော့လာသည်။ ၎င်း၏မျက်နှာပြင်တွင် အက်ကွဲကြောင်းများ ပေါ်လာသည်။
ဤမြင်ကွင်းကို သူတို့မြင်သောအခါ ရင်ပြင်ထဲရှိလေထုသည် ချက်ချင်းဆိုသလို ထူးဆန်းသွားသည်။ မူလက အချင်းချင်းကပ်နေသောလူအုပ်ကြီးသည် ရုတ်တရက် တချိန်တည်းတွင် တယောက်နှင့်တယောက်ခွာလိုက်ကြသည်။ သူတို့၏မျက်လုံးထဲတွင် သတိအပြည့်ရှိနေကြ၏။
ကျိုးဝမ်သည် ရင်ပြင်ပေါ်ရှိ ထူးဆန်းသောလေထုကိုခံစားမိသည်။ သို့သော် သူအံ့ဩမနေပေ။ ထိုအစား သူ့ခန္ဓာကိုယ်မှကြွက်သားများတင်းကြပ်လာပြီး သတိအနေအထားကို အဆုံးထိမြင့်တင်လိုက်သည်။
ခရက်။
ရုတ်တရက် အက်ကွဲသံ တိုးတိုးလေးထွက်လာသည်။ နောက်ဆုံးတွင် လူအုပ်ကြီး၏ ဝိုင်းဝန်းတိုက်ခိုက်မှုကြောင့် လေထုထဲရှိအလင်းဒိုင်းတွင် အက်ကွဲကြောင်းများပေါ်လာတော့သည်။
ခရက်။ခရက်။
နောက်ဆုံးတွင် အက်ကွဲကြောင်းသည် လူတိုင်း၏မျက်စိရှေ့တွင် လျင်မြန်စွာပြန့်နှံ့သွား၏။ နောက်ဆုံးတွင် ၎င်းတို့သည် ရင်ပြင်ထောင့်တိုင်းသို့ပြန့်နှံ့သွား၏။
ခွမ်း။
အက်ကွဲကြောင်းများ အကြီးဆုံးထိဖြစ်သွားသောအခါ အလင်းဒိုင်းသည် နောက်ဆုံးတွင် အလင်းစလေးများအဖြစ် လုံးဝပြိုကျသွားတော့သည်။
ဝေါ။
အလင်းအတားအဆီး ကွဲကြေသွားသောအခါ မူလကတိတ်ဆိတ်နေသောရင်ပြင်သည် ကုတ်ချည်းဆူပွက်သွားသည်။ တခဏချင်းတွင် ပြင်းထန်သောယွမ်စွမ်းအားများ ပေါက်ကွဲထွက်လာကြသည်။ လူတိုင်း၏မျက်စိများ ရဲရဲနီလာကြသည်။ သူတို့သည် လေထဲသို့ပျံတက်သွားကြပြီး ဝိဉာဉ်ရတနာကို လုယူကြတော့သည်။
ရွှစ်။
ထိုလူများတိုက်ခိုက်ကာနီးတွင် ကျိုးဝမ်သည် မြေပြင်ကိုခြေဖျားထောက်၍ ခုန်တက်လိုက်သည်။ သူ့ခန္ဓာကိုယ်သည် ရုပ်ထုကြီး၏လက်ဆီသို့ ဦးတည်၍ ပျံသန်းသွားသည်။ ထိုနေရာတွင် အလင်းလုံးသုံးခုသည် တည်ငြိမ်စွာလွင့်မျောနေပြီး စွဲငင်သော ရောင်ဝါထွက်ပေါ်နေသည်။
" ကောင်လေး ဘယ်ဘက်အစွန်ဆုံးက ဝိဉာဉ်ရတနာကို လုယူလိုက် "
ကျိုးဝမ်လေထဲခုန်တက်လိုက်သည့်အချိန်တွင် ရှောင်ဟေး၏အသံသည် ကျိုးဝမ်၏စိတ်ထဲတွင်ပေါ်လာသည်။
ကျိုးဝမ်အံ့အားသင့်သွား၏။ သူ့သော် သူ့အရှိန်မှာတော့ လုံးဝမနှေးသွားပဲ ဘယ်ဘက်အစွန်ဆုံးရှိ အလင်းလုံးထံသို့အကြည့်ရောက်သွားသည်။ ဘယ်ဘက်အစွန်ဆုံးမှ အလင်းလုံး၏ရောင်ဝါသည် အလင်းလုံးသုံးခုထဲတွင် အားအပျော့ဆုံးဖြစ်သည်။ တနည်းဆိုရသော် အတွင်းမှဝိဉာဉ်ရတနာသည် သုံးခုထဲတွင် အားအနည်းဆုံးဟုဆိုရပေမည်။
သို့သော် ကျိုးဝမ်ဘာမှမပြောရသေးခင် ရှောင်ဟေးက တိုက်ရိုက်ဖြတ်ပြောလိုက်သည်။
" ဒီနဂါးသခင်ကိုယုံလိုက် လက်ဝဲဘက်အစွန်ဆုံးကဝိဉာဉ်ရတနာက သာမန်မဟုတ်ဘူး အဲ့ဒါကိုရရင် မင်းအတွက်အရမ်းအကျိုးရှိလိမ့်မယ် "
တဒင်္ဂစဉ်းစားပြီးနောက် သူသည် ရှောင်ဟေးကိုယုံကြည်ရန်ဆုံးဖြတ်လိုက်၏။ သူသည် ခြေတချက်ဆောင့်လိုက်ပြီး လက်ဝဲဘက်ရှိအလင်းလုံးထံ တဟုန်ထိုးပျံသန်းသွားလိုက်သည်။
ကျိုးဝမ်ရွေးချယ်ခဲ့သော ဝိဉာဉ်ရတနာသည် အရှိန်အဝါအားအနည်းဆုံးဖြစ်သောကြောင့် လုယူသူအနည်းငယ်သာရှိသည်။ သို့သော် လက်ဝဲအစွန်ဆုံးရတနာထံပြေးဝင်သွားသူ လေးယောက်ရှိသေးသည်။
ဤလေးဦးသည် လူသားဘုရင်နယ်ပယ်အဆင့်ဖြစ်သည်။ ၎င်းတို့အနက် သက်လတ်ပိုင်းအရွယ်လူတစ်ယောက်သည် အပြင်းထန်ဆုံးရောင်ဝါရှိသည်။ သူသည် အမှန်တကယ် ပြီးပြည့်စုံသော လူသားဘုရင်နယ်ပယ်ကျင့်ကြံသူဖြစ်သည်။
ကျိုးဝမ်သည် သူ့ထံသို့ ဦးတည်နေသောရန်သူများကို တချက်ကြည့်လိုက်သည်။ သူအေးစက်စက်ပြုံးလိုက်၏။ သူ၏နီဝမ်နန်းတော်ထဲမှ အားကောင်းသောစိတ်စွမ်းအင်အား သူ့ခန္ဓာကိုယ်ပေါ်၌ အသုံးပြုလိုက်သည်။ သူ့အရှိန်က နှစ်ဆတိုးသွားသည်။ သူသည် အလင်းတန်းသဖွယ် အလင်းလုံးထံချဉ်းကပ်သွား၏။
" ကောင်လေး မင်းသေချင်နေတာပဲ "
ကျိုးဝမ်သည် သူတို့ထက်တလှမ်းသာသွားသည် နောက်မှလူလေးယောက်မြင်သောအခါ ဒေါသထွက်သွားကြသည်။ သူတို့၏လက်ကိုမြှောက်လိုက်ပြီးနောက် ပြင်းထန်သောယွမ်စွမ်းအင်လေးခုသည် ကျိုးဝမ်၏နောက်ကျောသို့ ပြင်းပြင်းထန်ထန်တိုးဝင်သွားသည်။
ဟမ့်။
သူ့နောက်မှအားလှိုင်းလေးခုကိုမြင်သောအခါ ကျိုးဝမ်နှာခေါင်းရှုံ့လိုက်သည်။ အတွေးတခုဖြင့် သူ၏အားကောင်းသောစိတ်စွမ်းအင်များသည် သူ့နောက်တွင် ထူထဲသောရွှေရောင်အကာအရံတစ်ခုကိုဖန်တီးလိုက်သည်။ ထိုတိုက်ခိုက်မှုလေးခုကို အလွယ်တကူခုခံလိုက်သည်။
သူ့နောက်မှလူလေးယောက်သည် သူတို့၏တိုက်ခိုက်မှုကို သူတို့ရှေ့မှ လူငယ်လေးမှ အသာအယာခုခံသွားသည်ကိုမြင်သောအခါ မျက်နှာပျက်သွားကြသည်။ သူတို့၏မျက်နှာတွင် ကြောက်ရွံ့မှုအရိပ်အယောင်ပေါ်လာသည်။
သူတို့အနေဖြင့် ကျိုးဝမ်သည် ဤအသက်အရွယ်ဖြင့် ယခုကဲ့သို့အစွမ်းထက်နေမည်ဟု မထင်မိခဲ့ကြပေ။ သူသည် လူသားဘုရင်အဆင့်လေးယောက်ပေါင်းတိုက်ခိုက်မှုကို တဦးတည်းခုခံနိုင်ခဲ့သည်။
***********