← Chapters

သွေးလွှမ်းနေသော ကောင်းကင်လက်သီး

Vol. 17 Ch. 216

သွေးလွှမ်းနေသော ကောင်းကင်လက်သီး

Vol. 17 Ch. 216

ကျိုးဝမ်၏မောက်မာသောစကားကြောင့် လူတိုင်းအံ့အားသင့်သွားကြပြီး ကျိုးဝမ်၏နောက်ဆက်တွဲလုပ်ရပ်များကြောင့် လူတိုင်း၏နှုတ်ခမ်းထောင့်များ တွန့်ကွေးသွားကြသည်။

ကျိုးဝမ်သည် ဆဲဆိုပြီးနောက် ခြေဆောင့်လိုက်ပြီး အမှန်တကယ် စတင်တိုက်ခိုက်လိုက်သည်။ သူ့လုပ်ရပ်များသည် လုံးဝအဆင်အခြင်မဲ့ပေသည်။

ထိုအချိန်တွင် ရှုချန်းသည် သူ့ဒေါသကိုမထိန်းနိုင်တော့ပေ။ ငယ်စဉ်ကတည်းက မည်သူမျှသူ့ကို ယခုကဲ့သို့ မစော်ကားရဲခဲ့ချေ။ ထို့ကြောင့် ယခုလို ကျိုးဝမ်ရှေ့တက်လာသောအခါ သူ့မျက်နှာတွင် အေးစက်သောအပြုံးတစ်ခုပေါ်လာ‌တော့သည်။

" မောက်မာတဲ့ကောင် ဒီသခင်လေးက မင်းကိုဒီနေ့ဒုက္ခိတဖြစ်အောင်ဆုံးမပေးမယ် "

သူစကားဆုံးသည်နှင့် ရှုချန်းသည် ညာလက်ဖြင့်လေထဲတွင် ဆွဲကုတ်လိုက်ရာ လေထဲရှိမူလချီများသည် ရုတ်တရက် ဂယက်ထလာသည်။ ရှုချန်း၏ လက်များသည် ချိပ်စည်းတစ်ခုဖွဲ့စည်းလိုက်ပြီး အောက်သို့ဖိချလိုက်သည်။

" ချီလင်လက်သည်းချိပ်ပိတ်ခြင်း "

ရှုချန်း၏နှုတ်မှ ဟိန်းဟောက်သံတိုးတိုးထွက်သွားသည်။ သူ့ညာလက်ကိုလက်သည်းအဖြစ်ပြောင်းလိုက်ပြီး လေထဲပင့်လိုက်သည်။ ထို့နောက် လေထုထဲတွင် ပေရာချီရှည်လျားသော ဧရာမသွေးနီရောင်လက်သည်းတစ်ခုပေါ်လာတော့သည်။ သိပ်သည်းသောသွေးနံ့သည်လည်း ပေါက်ကွဲထွက်လာသည်။

ဧရာမလက်သည်းကြီးပေါ်လာသည်နှင့်တပြိုင်နက် ရင်ပြင်ပေါ်ရှိလေထုသည် ရုတ်တရက်တုန်ခါသွားသည်။ မမြင်ရသော လေလှိုင်းများသည် အရပ်မျက်နှာအသီးသီးသို့ ရေလှိုင်းများသဖွယ် ပြန့်နှံ့သွား၏။ နေရာတစ်ခုလုံးသည် ဧရာမလက်သည်းကြီးအောက်တွင် ကစဉ့်ကလျားဖြစ်သွားတော့သည်။

" ချီလင်လက်သည်းချိပ်တံဆိပ်တဲ့လား ဒါက ဘိုင်ချွမ်းအိမ်တော်ရဲ့ ကောင်းကင်အဆင့် အကာအကွယ်စွမ်းရည်တွေထဲကတစ်ခုမလား ရှုချန်းက ဒီအစွမ်းကိုတောင် သုံးနိုင်နေပြီလား "

နဝမမြောက်တပ်မှုးမင်းသမီးတော်သည် မျက်တောင်ပုတ်ခတ်ပုတ်ခတ်ဖြစ်သွားပြီး သူမကိုယ်သူမ အံ့ဩစွာရေရွတ်လိုက်မိသည်။

" ကျိုးဝမ်ကလူမှားပြီး အာခံမိပြီ ရှုချန်းက စိတ်ပျက်စရာကောင်းပေမယ့် ဘိုင်ချွမ်မှူးမတ်အိမ်တော်က သာမန်မဟုတ်ဘူး "

နဝမမြောက်တပ်မှူးမင်းသမီးတော်သည် မလှမ်းမကမ်းမှ လူငယ်ကိုကြည့်ရင်း သူမဘာသာ ညည်းတွားလိုက်၏။

ထိုအခိုက်အတန့်တွင် ရင်ပြင်ပေါ်ရှိလူတိုင်းသည် ရုတ်တရက်ပေါ်ထွက်လာသော ဧရာမလက်သည်းကြီး၏ဖိအားကို ခံစားလိုက်ကြရသည်။ သူတို့၏မျက်နှာတွင် မယုံနိုင်မှုတို့ပြည့်နှက်သွား၏။ ရှုချန်း၏ ချပ်ဝတ်နည်းစနစ်သည် ဤမျှအစွမ်းထက်မည်ဟု မထင်ခဲ့ပေ။ လေဟာနယ်သည်ပင် ၎င်းကြောင့် တုန်ခါသွားရသည်။

" ဒီချပ်ဝတ်နည်းစနစ်ရဲ့စွမ်းအားက ကောင်းကင်အဆင့်တောင်ရောက်ခါနီးပဲ မူချင်စီရင်စုရဲ့ အစွမ်းထက်ဆုံးအင်အားစုသုံးခုထဲကတစ်ခုဆိုတဲ့အတိုင်းပဲ "

လေဟာနယ်ထဲမှ ဧရာမလက်သည်းကိုကြည့်ပြီး အခြားကျင့်ကြံသူများသည် ထိတ်လန့်သောအမူအရာဖော်ပြရုံသာတတ်နိုင်ပေသည်။

" ကျိုးဝမ် ခွဲတမ်းပြိုင်ပွဲတုန်းက မင်းရဲ့အစွမ်းကို ငါတွေ့ဖူးတယ် မင်းရဲ့အရည်အချင်းက ဒီသခင်လေးကိုအံ့ဩစေခဲ့ပေမယ့် အဲ့ဒါလေးပဲ အားကောင်းတဲ့အုတ်မြစ်တခုရဲ့အထောက်အပံ့မရှိပဲ ဘယ်လောက်ပဲအရည်အချင်းရှိနေပါစေ အသုံးမဝင်ဘူး မင်းရဲ့ကျိုးမိသားစုလေးမှာ ဒီလိုအစွမ်းထက်တဲ့ ကောင်းကင်အဆင့်ချပ်ဝတ်နည်းစနစ်ရှိမှာမို့လား သူတို့ဆီမှာ အဆင့်မြင့်ဝိဉာဉ်ရတနာတောင်ရှိလို့လား "

" နောက်ဆုံးတော့မင်းက ပုရွက်ဆိတ်နဲ့တူတဲ့ဖြစ်တည်မှုထက်မပိုဘူး မင်းကိုသေစေချင်ရင် အချိန်မရွေးဖိချေလိုက်ရုံပဲ အခု မင်းသေနိုင်ပြီ "

လေထုထဲရှိ ဧရာမလက်သည်းကြီးပေါ်ရပ်နေသော ရှုချန်းသည် ကျိုးဝမ်ကို ငုံ့ကြည့်နေသည်။ သူ့မျက်လုံးများတွင် အေးစက်မှုများနှင့် အထင်သေးမှုများပြည့်နေသည်။ သူသည် သူ၏ညာလက်ကို‌ဝှေ့ယမ်းလိုက်သောအခါ ဧရာမလက်သည်းကြီးသည် တောင်ကြီးတစ်တောင်ဖိကျလာသကဲ့သို့ ကျိုးဝမ်အပေါ်ကျဆင်းလာတော့သည်။ မရေတွက်နိုင်သော လေထုပေါက်ကွဲသံများသည် ဖြတ်သန်းသွားသည့်နေရာတိုင်းတွင် မြည်ဟည်းနေသည်ကို ကြားနေရပေသည်။

သူ့ထံသို့ ဖိကျလာနေသော ဧရာမလက်သည်းကြီးကိုကြည့်နေရင်း ကျိုးဝမ်၏မျက်နှာသည် ရေပြင်ကဲ့သို့ တည်ငြိမ်နေသည်။ သူက လေသံတိုးတိုးဖြင့်ရေရွတ်လိုက်၏။

" မင်းတစ်ယောက်တည်းပဲ ကောင်းကင်အဆင့် ချပ်ဝတ်နည်းစနစ်ရှိတယ်ထင်နေတာလား "

ကျိုးဝမ်သည် စကားဆုံးသည်နှင့် မြေပြင်ပေါ်ခြေဆောင့်ချလိုက်သည်။ သူ၏ခြေထောက်များသည် စပရိန်ကဲ့သို့ တွန်းကန်သွားပြီး ဧရာမလက်သည်းဆီသို့ ဦးတည်၍ ပျံတက်သွားသည်။

" ဒီကောင်လေးက ရှောင်မနေတာမဟုတ်ဘူး ထိပ်တိုက်တွေ့ဖို့လုပ်နေတာပဲ သူကအရူးလား "

" သူက ရှုချန်းရဲ့တိုက်ခိုက်မှုကိုထိပ်တိုက်ရင်ဆိုင်ဖို့တွေးနေတာတော့မဟုတ်ဘူးမလား ဒါက တကယ့်ကောင်းကင်အဆင့်ချပ်ဝတ်နည်းစနစ်လေ ထူးဆန်းပြီးခန့်မှန်းလို့မရတဲ့အစွမ်းရှိတာကို သူကသေချင်နေတာလား "

ကျိုးဝမ်၏ပုံမှန်မဟုတ်သောအပြုအမူကြောင့် ရင်ပြင်ပေါ်တွင် ရုတ်ရုတ်သဲသဲဖြစ်သွားကြပြန်သည်။ လူတိုင်းသည် ဧရာမလက်သည်းကြီးဆီသို့တိုးဝင်သွားသောလူငယ်ကို အရူးတစ်ယောက်လိုဝိုင်းကြည့်နေကြသည်။

" ဒီချပ်ဝတ်စွမ်းရည်ကို သွေးဘီလူးဆီကရပြီးကတည်းက ငါတခါမှမသုံးရသေးဘူး ဒီနေ့တော့ ငါ လူသားဘုရင်နယ်ပယ်ကိုရောက်ခဲ့ပြီ သွေးဘီလူးကတောင်ဝှက်ဖဲအဖြစ်သုံးခဲ့ရတဲ့ ဒီချပ်ဝတ်စွမ်းရည်က ဘယ်လောက်ကောင်းလဲဆိုတာ ငါသိချင်တယ် "

လေထုထဲတွင် ကျိုးဝမ်၏နှုတ်ခမ်းထောင့်သည် စိတ်လှုပ်ရှားသောအပြုံးဖြင့် တွန့်ကွေးသွားသည်။ ထို့နောက် သူ့ခါးကိုလှည့်၍ လေထဲတွင်ခြေလှမ်းအနည်းငယ်လျှောက်လိုက်သည်။ လေထု၏နောက်ပြန်တွန်းအားကြောင့် သူ့အရှိန်နည်းနည်းပိုမြန်သွားသည်။

တချိန်တည်းတွင် ကျိုးဝမ်ထံမှ ပြင်းထန်စူးရှသော သွေးညှီနံ့‌ထွက်လာသည်။ ထို့နောက် ကျိုးဝမ်၏ခန္ဓာကိုယ်က ချွေးပေါက်များအားလုံးပွင့်သွားသည်။ သွေးချီများသည် သူ၏ချွေးပေါက်များမှ ရေပန်းကဲ့သို့ ထွက်လာသည်။ ၎င်းသည် ကျိုးဝမ်၏ခန္ဓာကိုယ်ကိုဝန်းရံသော သွေးမြူအဖြစ်ဖွဲ့စည်းသွား၏။

ဤသွေးမြူသည် မရေတွက်နိုင်သော တွန့်လိမ်နေသည့် ပိုးကောင်များကဲ့သို့ပင်။ ၎င်းတို့သည် ကျိုးဝမ်၏ဘေးတွင် လှုပ်ရှားသွားလာနေကြသည်။ နောက်ဆုံးတွင် ၎င်းတို့သည် သွေးရောင်အလင်းအဖြစ်ပြောင်းလဲသွားပြီး သူ့နောက်‌တွင် ဧရာမသွေးအရိပ်အဖြစ် ပြောင်းလဲသွားသည်။

ကျိုးဝမ်ယခုအသုံးပြုနေသည်မှာ သွေးဘီလူး၏ချန်ခွန်အိတ်ထဲမှရလာသော ကောင်းကင်အဆင့်မြင့် ချပ်ဝတ်စွမ်းရည် သွေးဘီလူးလက်သီးဖြစ်သည်။ ထိုအချိန်က ကျိုးဝမ်ဤစွမ်းရည်ကိုအသုံးမပြုရခြင်းမှာ ဤချပ်ဝတ်စွမ်းရည်သုံးရန်အတွက် အနည်းဆုံး လူသားဘုရင်နယ်ပယ်ရှိရန်လိုအပ်သောကြောင့်ဖြစ်သည်။

ဤချပ်ဝတ်စွမ်းရည်သည် ၎င်း၏စွမ်းအားကိုထုတ်ဖော်ရန် သွေးချီလိုအပ်သောကြောင့်ဖြစ်သည်။ လူသားဘုရင်အဆင့်အထက်မှကျင့်ကြံသူများသာ ဤချပ်ဝတ်စွမ်းရည်အတွက်လိုအပ်သော သွေးချီပမာဏကို ထောက်ပံ့နိုင်ပေသည်။ သို့မဟုတ်လျှင် အသုံးပြုသူသည် သွေးထွက်လွန်၍ သေနိုင်ပေသည်။ ထိုအချက်သည် အဘယ်ကြောင့် ကျိုးဝမ် ဤစွမ်းရည်ကို ယခင်ကအသုံးမပြုခဲ့ရသည့်အကြောင်းအရင်းဖြစ်သည်။

ယခု သူ၏ကျင့်ကြံမှုသည် နောက်ဆုံးတွင် လူသားဘုရင်နယ်ပယ်သို့ရောက်ရှိသွားခဲ့ပြီဖြစ်၍ သွေးဘီလူးလက်သီးကိုအသုံးပြုရန် ကျိုးဝမ်စိုးရိမ်စရာမလိုတော့ပေ။

" သွေးဘီလူးလက်သီးပထမအကွက် အရှင်သခင်ကြွရောက်လာခြင်း "

ကျိုးဝမ်၏လည်ချောင်းထဲမှ ဟိန်းဟောက်သံထွက်ပေါ်လာသည်။ ထို့နောက် ကျိုးဝမ်၏အနောက်မှ ဧရာမသွေးအရိပ်ကြီးသည် ရှေ့တလှမ်းတက်လာပြီး ရင်ပြင်ပေါ်ဆောင့်နင်းချလိုက်သည်။ ချက်ချင်းပင် ရင်ပြင်တစ်ခုလုံး တုန်လှုပ်သွား၏။ ကမ္ဘာပျက်သကဲ့သို့သို့ ငလျင်လှိုင်းများသည် နေရာအနှံ့သို့ ပြန့်နှံ့သွားသည်။

" ဒါက ဘာချပ်ဝတ်စွမ်းရည်ကြီးလဲ ဘာကြောင့် ဒီလောက်အစွမ်းထက်ရတာလဲ "

ဘေးမှရပ်ကြည့်နေသော နဝမမြောက်တပ်မှုးမင်းသမီးတော်သည် လေဟာနယ်ထဲမှ သွေးအရိပ်ကိုကြည့်ပြီး သူမ၏နှုတ်ခမ်းကိုလက်ဖြင့်ကာ၍ အာမေဋိတ်ပြုလိုက်မိသည်။

သွေးအရိပ်ထံမှဖြာထွက်နေသော အားကောင်း‌သည့်ရောင်ဝါကို သူမအာရုံခံမိသည်။ ကျိုးဝမ်ယခုအသုံးပြုလိုက်သည့် ချပ်ဝတ်နည်းစနစ်သည် သူမ၏မျှော်လင့်ချက်ထက်များစွာ ကျော်လွန်သွားခဲ့သည်။ သူမ၏အမြင်အရဆိုလျှင် ကျိုးဝမ်၏ ဤချပ်ဝတ်စွမ်းရည်သည် ရှုချန်းထက်ပင် ပို၍စွမ်းအားကြီးပေသည်။

" ဒါကလည်း ကောင်းကင်အဆင့် ချပ်ဝတ်စွမ်းရည်တစ်ခုပဲ ဘယ်လိုဖြစ်နိုင်မှာလဲ သူကဘယ်သူလဲ သူ့မှာဘယ်လိုလုပ် ကောင်းကင်အဆင့်ချပ်ဝတ်နည်းစနစ်ရှိနေရတာလဲ "

" အိုး ဒီနေ့တော့ ‌တကယ့်ကောင်းကင်အဆင့်နည်းစနစ်နှစ်ခုရဲ့တိုက်ပွဲကိုတွေ့ရပြီ ဒီရှေးဟောင်းဂူခရီးက တကယ်တန်သွားပြီ "

အော်ဟစ်သံများ ထိန်းမနိုင်သိမ်းမရ ထွက်ပေါ်လာပြန်သည်။ လူတိုင်းသည် ကျိုးဝမ်နှင့် သူ့အနောက်မှ ဧရာမသွေးအရိပ်ကြီးကို အံ့အားသင့်စွာ စိုက်ကြည့်နေကြသည်။

ကျိုးဝမ်သည် ကောင်းကင်အဆင့်နည်းစနစ်ကိုအသုံးပြုလိမ့်မည်ဟု ရှုချန်းသည်လည်း မထင်ထားခဲ့ပေ။ သူ့မျက်နှာတွင် မယုံကြည်နိုင်မှုတို့ဖြင့်ပြည့်နေသည်။ သတိဝင်လာပြီးနောက် လောဘတက်သောအကြည့်ဖြင့် ဆိုလိုက်သည်။

" မင်းကို ငါလျှော့တွက်လိုက်မိပုံပဲ မင်းမှာလည်း ကောင်းကင်အဆင့်ချပ်ဝတ်နည်းစနစ်ရှိတယ်ပေါ့ ဒါပေမယ့် ဒီချပ်ဝတ်စွမ်းရည်ကလည်း ဘိုင်ချွမ်မှုးမတ်အိမ်တော်နဲ့ပဲထိုက်တန်တယ် "

သူစကားဆုံးသည်နှင့် ရှုချန်း၏ညာလက်သည် နောက်ဆုံးတွင် ‌အောက်သို့ချလိုက်၏။ ကြီးမားသောသွေးလက်သည်းသည် သွေးအရိပ်ကို အရှိန်ပြင်းပြင်းဖမ်းဆုပ်လိုက်သည်။ သူဖြတ်သွးသည့်နေရာတိုင်း လေထုပင်စုတ်ပြဲသွားသလိုပင်။

ကျိုးဝမ်သည် မကြောက်ရွံ့ပေ။ သူ့ညာလက်သီးကိုလေဟာနယ်ထဲသို့ အရှိန်ပြင်းစွာထိုးနှက်လိုက်သည်။ ဧရာမသွေးအရိပ်သည် ကျိုးဝမ်လှုပ်ရှားသကဲ့သို့ လှုပ်ရှားသွားသည်။ သွေးလက်သီးသည် သွေးလက်သည်းကိုထိမှန်သွားသည်။

ဘုန်း။

ထို‌နေရာတွင် ကျယ်လောင်သောအသံထွက်ပေါ်လာ၏။ ထို့နောက် စွမ်းအင်လှိုင်းများပါသော အဆုံးမဲ့လေလှိုင်းကြီးသည် လေဟာနယ်အဆုံးသို့ လွှင့်သွားသည်။ အစွမ်းထက်သောအင်အားသည် အာကာသကိုပင် ပွင့်ထွက်သွားစေသည်။

" တကယ့်ကိုပြင်းထန်တဲ့တိုက်ခိုက်အားပဲ ဒီအားက သာမန်လူသားဘုရင်နယ်ပယ်ထက်ကျော်လွန်သွားပြီ ကမ္ဘာမြေဘုရင်နယ်ပယ်အဆင့်တောင်ဖြစ်‌နိုင်တယ် "

ပြယ်လွှင့်တော့မည့် အဆုံးမဲ့စွမ်းအင်လှိုင်းဂယက်များနှင့် အာကာသကိုကြည့်ရင်း လူတိုင်း၏မျက်နှာတွင် ကြောက်ရွံ့မှုများကြီးစိုးသွားသည်။ သူတို့သည် လေထဲမှ ဧရာမလက်သည်းနှင့် ဧရာမသွေးအရိပ်ကို ငေးမောနေကြသည်။ ဤတိုက်ခိုက်မှုတွင် မည်သူအနိုင်ရသလဲ သိချင်နေကြသည်။

" ချိုးဖျက်လိုက်စမ်း "

ရှုချန်း၏နဖူးပေါ်တွင် အပြာရောင်သွေးပြန်ကြောများထောင်နေသည်။ သူ့မျက်နှာသည် ထူးထူးခြားခြား ရက်စက်ကြမ်းကြုတ်နေသည်။ သူ့ခန္ဓာကိုယ်မှ ယွမ်စွမ်းအင်များ ထွက်လာပြီး နောက်တကြိမ် သူ့ညာလက်ကိုဖိချလိုက်၏။ လေဟာနယ်ထဲမှ သွေးလက်သည်းသည် ကြက်သွေးဖြင့် ထိုးသွင်းထားပုံရသည်။ ၎င်းသည် အမှန်တကယ်ပင် ပြင်းထန်စူးရှသော သွေးအလင်းတန်း ပေါက်ကွဲထွက်လာသည်။

သွေးလက်သည်း၏ ရုတ်တရက်တိုးလာသောစွမ်းအားကြောင့် လေဟာနယ်ထဲမှ ဧရာမသွေးအရိပ်သည် အမှန်တကယ်ပင် ပြင်းထန်စွာတုန်ခါသွား၏။ သွေးလက်သည်း၏ ကြီးမားသောစွမ်းအားအောက်တွင် ၎င်း၏ဒူးများပင် အနည်းငယ်ကွေးသွားသည်။

" မင်း ချိုးဖျက်နိုင်လား "

ကျိုးဝမ်၏မျက်လုံးများသည် ရုတ်တရက်အေးစက်သွားသည်။ ရုတ်တရက် သူ့ညာလက်ဖြင့် သူ့နဖူးကို ညွှန်လိုက်သည်။ အတွေးတချက်ဖြင့် နီဝမ်နန်းတော်ထဲမှ စိတ်စွမ်းအင်များသည် ရွှေရောင်ဓားကြီးရှစ်ချောင်းအဖြစ်ပြောင်းသွားသည်။

သူ့ညာလက်ကို လေဟာနယ်ထဲသို့ညွှန်လိုက်သည်။ ရွှေရောင်အလင်းဓားရှစ်ချောင်းသည် ပြင်းထန်သောရွှေရောင်အလင်းထုတ်လွှင့်နေ၏။ သူတို့သည် ရွှေအလင်းတန်းရှစ်ခုအဖြစ်ပြောင်းလဲသွားကာ လေထဲမှ ဧရာမလက်သည်းထဲတိုးဝင်သွားသည်။

ဘုန်း။

ရွှေအလင်းတန်းရှစ်ခုသည် စွမ်းအားတိုးလာသောဧရာမသွေးလက်သည်းကိုထိုးဖောက်သွားကာ ကောင်းကင်ကိုထောက်ထားသည့် ကျောက်တိုက်ရှစ်ခုကဲ့သို့ထင်ရသည်။ သွေးအရိပ်သည် အနည်းငယ်ကွေးနေသောဒူးများပြန်မတ်သွားပြီး ဒေါသတကြီးဟိန်းဟောက်လိုက်သည်။ ရုတ်တရက် ပြင်းထန်၍ အားကောင်းသောရောင်ဝါထွက်ပေါ်လာသည်။ သူ၏ညာလက်ကိုဆန့်၍ ဒလက်တစ်ခုကဲ့သို့ ဝှေ့ယမ်းလိုက်ပြီး ဧရာမသွေးလက်သည်းကို ပြင်းထန်စွာရိုက်ချိုးလိုက်သည်။

ခရက်။

စူးရှသောအသံပဲ့တင်ထပ်သွားသည်။ ဤသည် ရင်ပြင်တခုလုံးသို့ပြန့်နှံ့သွားသော ခေါင်းလောင်းသံကဲ့သို့ပင်။ ထို့နောက် လူအုပ်ကြီး၏ ကြောက်လန့်တကြားအကြည့်အောက်တွင် လေထုထဲမှ သွေးလက်သည်းသည် တလက်မချင်းစီပဲ့ကျသွားသည်။

ဖူး။

ရှုချန်း၏ပါးစပ်မှ သွေးတလုတ်ရုတ်တရက်ထွက်လာသည်။ သူ့မျက်လုံးထဲတွင် မယုံနိုင်သောအရိပ်အယောင်များရှိနေသေးသည်။

သူ၏ကျင့်ကြံမှုသည် ခြေလှမ်းဝက်ကမ္ဘာမြေအဆင့်သို့ပင် ရောက်ရှိနေပြီဖြစ်သည်။ ထို့ပြင် အစွမ်းထက်သော ကောင်းကင်ချပ်ဝတ်စွမ်းရည်ကိုပါ သူအသုံးပြုခဲ့သေးသည်။ ဒါတောင်မှ ရင်ပြင်အလယ်မှလူငယ်ကို သူရှုံးနိမ့်ခဲ့ရသေးတာလား။

" ဒါဘယ်လိုဖြစ်နိုင်မှာလဲ အောက်တန်းစားမြို့က အောက်တန်းစားလူငယ်ကိုငါရှုံးသွားတာလား မဖြစ်နိုင်ဘူး "

ရှုချန်း၏ခန္ဓာကိုယ်သည် အနောက်သို့ပျံဝဲသွားသော လိပ်ပြာတစ်ကောင်နှင့်တူနေသည်။ ပြင်းထန်သောစွမ်းအား၏သက်ရောက်မှုအောက်တွင် သူ့ခန္ဓာကိုယ်ပေါ်ရှိအဝတ်အစားများသည် တလက်မချင်းစီစုတ်ပြဲသွားကာ အမာရွတ်များဖြင့်ပြည့်နှက်နေသော သူ့ခန္ဓာကိုယ်ပေါ်လာသည်။

သို့သော် သူဘာမှမခံစားရသေးပေ။ ထိုအစား သူအဆက်မပြတ်ရေရွတ်နေ၏။ သူရှုံးသွားသည်ကို မယုံကြည်ရဲသေးသလိုပင်။

" မင်းရှုံးပြီဆိုတော့ သေလိုက်တော့ "

ကျိုးဝမ်၏ နူးညံ့ချောမောသောမျက်နှာသည် ရှုချန်း၏အထက်တွင်ရုတ်တရက်ပေါ်လာသည်။ ထိုအခိုက်တွင် ကျိုးဝမ်၏မျက်လုံးထဲမှ အေးစက်စက်အလင်းထွက်ပေါ်နေသည်။ သူ့ညာလက်ကို ဓားတချောင်းကဲ့သို့ပြုလုပ်လိုက်ပြီးရှုချန်း၏နဖူးကိုညွှန်လိုက်သည်။

" မလုပ်နဲ့ ကျိုးဝမ် ရှုချန်းက ဘိုင်ချွမ်အိမ်တော်ရဲ့ ဒုတိယမင်းသား နင်သူ့ကိုသတ်လိုက်ရင် ဘိုင်ချွမ်မှုးမတ်အိမ်တော်ရဲ့ရန်သူဖြစ်သွားလိမ့်မယ် အဲ့အချိန်ကျရင် နင်အဆုံးသတ်ကောင်းမှာမဟုတ်ဘူး "

ရုတ်တရက်စူးရှသောအသံသည် ရင်ပြင်ပေါ်တွင် ပဲ့တင်ထပ်သွားသည်။ နဝမမြောက်တပ်မှုးမင်းသမီးတော်၏လှပသောမျက်လုံးသည် ထိတ်လန့်မှုတို့ဖြင့်ပြည့်နေပြီး ဒဏ်ရာများ ဖုန်မှုန့်များပြည့်နေသည့် ကျိုးဝမ်နှင့် ရှုချန်းကိုအံ့ဩတကြီးကြည့်နေရင်း သူမမနေနိုင်ပဲ အော်လိုက်မိသည်။

***********

All Chapters