စက်ဝန်းကိုးခုလောင်ကျွမ်းခြင်းကောင်းကင်ဆေးမီးဖို
Vol. 17 Ch. 219
လူပေါင်းများစွာ နန်းတော်ကြီးထဲတွင် စုရုံးနေကြသည်။ ၎င်းတို့ထဲတွင် ချင်အမတ်အိမ်တော်မှ လွီယွမ်ဟွာ၊ ဘိုင်ချွမ်အမတ်အိမ်တော်မှ ရှုမူ၊ ယုံရှန်းအမတ်အိမ်တော်မှ ချင်ဟွေ့၊ တော်ဝင်ဓားဂိုဏ်းမှ ကွမ်းမိုနှင့် ကျောက်စိမ်းကြယ်မိန်းမပျိုဂိုဏ်းမှ ဇာမျက်နှာကာထားသော ချင်လျန်တို့ပါဝင်သည်။ သူတို့အားလုံးသည် နန်းတော်ထဲတွင်စုရုံးနေကြပြီး နန်းတော်အထက်မှ တောင်တစ်လုံးနှင့်တူသော ဆေးမီးဖိုကြီးကို မော့ကြည့်နေကြသည်။
ဂိုဏ်း၅ဂိုဏ်းမှ ကိုယ်စားပြု လူငယ်မျိုးဆက်ကျင့်ကြံသူများအပြင် နန်းတော်တွင်းမှ အင်အားစုငါးခု၏ကျင့်ကြံသူများလည်းရှိနေကြသည်။ ၎င်းတို့အား လွီယွမ်ဟွာ၊ ရှုမူနှင့် အခြားသူများကို ကူညီရန်စေလွှတ်ထားကြောင်းသိသာပေသည်။ သူတို့အားလုံးသည် ကောင်းကင်ဘုရင်အဆင့်ကျင့်ကြံသူများဖြစ်ကြသည်။
ကျိုးဝမ်သည် လွီယွမ်ဟွာဘေးနားမှ ရင်းနှီးနေသော အသွင်ကိုပင်တွေ့ခဲ့ရသည်။ ထိုသူသည် သူနှင့်အကြိမ်အနည်းငယ်တွေ့ဆုံခဲ့ဖူးသော ကောင်းကင်ဘုရင်နယ်ပယ်ကျင့်ကြံသူ လင်းဂျူဖြစ်သည်။ ထိုအချိန်တွင် လင်းဂျူသည် အမူအရာကင်းမဲ့သောမျက်နှာနှင့် လွီယွမ်ဟွာ၏အနောက်တွင်ရပ်နေသည်။
ကျိုးဝမ်၏ ရုတ်တရက် ကျူးကျော်ဝင်ရောက်လာမှုကြောင့် နန်းတော်တွင်းရှိ လူတိုင်း၏အာရုံကို ရုတ်ချည်းဖမ်းစားသွား၏။ ကျိုးဝမ်၏ချောမောသောမျက်နှာကိုတွေ့သောအခါ အားလုံးအံ့ဩသွားကြသည်။
ထင်ရှားသည်မှာ သူတို့သည် ယခုနန်းတော်ထဲတွင်ရှိနေသော အင်အားစုကြီး၅ခုမှတပါး အခြားကျင့်ကြံသူတစ်ယောက်ယောက်ဝင်လာနိုင်မည်ဟု မမျှော်လင့်ထားကြပေ။ အဆုံးတွင် ဂူသို့မရောက်ခင် စစ်ဆေးရေးဂိတ်များသည် အန္တရာယ်များပြည့်နေသည်မဟုတ်ပါလော။ ကမ္ဘာမြေဘုရင်အဆင့်ကျင့်ကြံသူတစ်ဦးအတွင်ပင် ဂူ၏အနက်ရှိုင်းဆုံးအပိုင်းရှိ နန်းတော်ထဲသို့ ရောက်ရှိရန်မှာ လွယ်ကူသောအလုပ်တစ်ခုမဟုတ်ပေ။
သို့သော်လည်း ယခုတွင် အမည်မသိအသက်ဆယ့်ခြောက်နှစ်အရွယ် လူငယ်လေးတစ်ဦးနန်းတော်ထဲသို့ဝင်လာသည်ကိုတွေ့လိုက်ရသဖြင့် လူများစွာ အံ့ဩသွားပြီး စူးစမ်းကြသည်မှာ သဘာဝပင်။
ယခုရှိနေသောလူများထဲမှ အဘယ်သူမှ ကျိုးဝမ်သည် ဂူနန်းတော်၏ အနက်ရှိုင်းဆုံးအပိုင်းထဲသို့ အဓိကအားဖြင့် မြေပုံပေါ်တွင်အားကိုးပြီး ရှောင်ဟေး၏ အာရုံခံစွမ်းရည်ကြောင့် ထောင်ချောက်များစွာကို ဖြတ်ကျော်နိုင်ပြီး ဤနန်းတော်သို့ရောက်ရှိလာနိုင်သည်ကို တွေးနိုင်ကြမည်မဟုတ်ပေ။
သို့သော် လူတိုင်း၏မျက်လုံးထဲမှအံ့ဩမှုသည် လျှပ်တပြက်အတွင်း ပျောက်ကွယ်သွား၏။ ထို့နောက် သူတို့ ကျိုးဝမ်ကို လျစ်လျူရှုလိုက်ကြသည်။ သူတို့၏ထင်မြင်ချက်အရ ကျိုးဝမ်သည် ကံကောင်းထောက်မ၍ ဤနေရာသို့ရောက်ရှိလာခြင်းဖြစ်သည်။ ထို့ပြင် ကျိုးဝမ်သည်တယောက်တည်းဖြစ်သောကြောင့် သူတို့အတွက်ခြိမ်းခြောက်မှုစိုးစဉ်းမျှမရှိပေ။
လူအုပ်ထဲမှ လွီယွမ်ဟွာသည် အဝေးမှပေါ်လာသောလူငယ်ကို စိုက်ကြည့်ရင်း မျက်လုံးမှေးလိုက်သည်။ သူသည် လေသံတိုးတိုးဖြင့်ရေရွတ်ရင်း သူ့မျက်လုံးအနက်ရှိုင်းဆုံးနေရာမှ အလွန်အေးစက်သောရည်ရွယ်ချက်တစ်ခု ဖျတ်ခနဲပေါ်လာ၏။
" ဒီကောင် ဒီနေရာကို တကယ်ရောက်လာလိမ့်မယ်လို့ ငါတကယ် မထင်ခဲ့ဘူး ဒါက ငါ့ကိုတကယ် အတော်လေးအံ့ဩစေမိတယ် ငါတို့ဒီမှာရတနာရပြီးတာနဲ့ ငါတို့ရဲ့ရန်ငြိုးဟောင်းတွေကို တခါတည်းဖြေရှင်းကြမယ် "
လင်းဂျူသည် ရှုပ်ထွေးသောအကြည့်ဖြင့် ကျိုးဝမ်ကိုကြည့်လိုက်သည်။ သူ သက်ပြင်းချပြီး ခေါင်းခါလိုက်သော်လည်း တခွန်းမျှမပြောပေ။
နန်းတော်တွင်းရှိလူများကိုတချက်ကြည့်ပြီးနောက် ကျိုးဝမ် စကားတခွန်းမှမပြောပဲ ချောင်တစ်ခုသို့လျှောက်သွားလိုက်သည်။ သူ၏မျက်လုံးများသည် လေထုထဲတွင်ရပ်တန့်နေသော ဧရာမဆေးမီးဖိုကြီးနှင့် လျှပ်စီးစွမ်းအင်များအဆက်မပြတ်ထုတ်လွှတ်နေသော ကောင်းကင်ကိုးပါးမိုးကြိုးငရဲမီးကို မျက်တောင်မခတ်ပဲစိုက်ကြည့်နေ၏။
ယခု သူအနီးသို့လျှောက်လာသောအခါ တောင်ကြီးနှင့်တူသော ဧရာမဆေးမီးဖိုကြီးသည် အဆုံးမဲ့ကောင်းကင်ကိုးပါးမိုးကြိုးငရဲမီးဖြင့်ဝန်းရံခြင်းခံထားသည်ကို သူ သိလိုက်ရသည်။ တချက်ကြည့်လိုက်လျှင် မီးပင်လယ်ကြီးတစ်စင်းဟုထင်ရသည်။ လောင်ကျွမ်းနေသောအပူရှိန်သည် သူ့မျက်နှာသို့လာဟပ်သဖြင့် ကျိုးဝမ်သည် ချွေးပူများ ထွက်လာတော့သည်။
" ကြည့်ရတာ လေထုထဲက ဧရာမဆေးမီးဖိုကရတနာဖြစ်ရမယ် "
ကျိုးဝမ်သည် ဧရာမဆေးမီးဖိုမှ အဆက်မပြတ်ထုတ်လွှတ်နေသော အစွမ်းထက်အရှိန်အဝါကိုခံစားလိုက်ရသဖြင့် မိမိဘာသာရေရွတ်လိုက်သည်။
ကောင်းကင်ကိုးပါးမိုးကြိုးငရဲမီးကဲ့သို့သော အစွမ်းထက်သည့်မီး၏လောင်ကျွမ်းမှုကြောင့် တစက်မျှထိခိုက်မှုမရှိသည်ကပင် ထိုဆေးမီးဖို၏ထူးခြားချက်ကိုပြသနေပေသည်။
" ဒီနဂါးအရှင်ရဲ့အမြင်မမှားဘူးဆိုရင် ဒီဆေးမီးဖိုက မြေကြီးအဆင့်ဝိဉာဉ်ရတနာဖြစ်ရမယ် ဒီဂူနန်းရှင်က မြေဝိဉာဉ်ရတနာလိုမျိုး တန်ခိုးကြီးရတနာကိုတောင်ပိုင်ဆိုင်နိုင်တယ်ဆိုတော့ နက်ရှိုင်းတဲ့နောက်ခံရှိရမယ် "
ရှောင်ဟေး၏အသံသည် သူ့စိတ်ထဲတွင် ရုတ်တရက်ထွက်ပေါ်လာသည်။
နန်းတော်ထဲသို့ဝင်လာပြီးနောက် ရှောင်ဟေးသည် ကျိုးဝမ်၏အသိစိတ်ပင်လယ်ထဲတွင် ပုန်းကွယ်နေခဲ့သည်။ နောက်ဆုံးတွင် ဤနေရာ၌စုစည်းနေကြသူများသည် အနိမ့်ဆုံးမြေဘုရင်နယ်ပယ်နှင့်အထက်ဖြစ်ကြသည်။ သူတို့ထဲတွင် ကောင်းကင်ဘုရင်နယ်ပယ်ကျင့်ကြံသူများပင်ပါသေးသည်။ အချိန်တခဏအတွင်း ရှောင်ဟေး၏တည်ရှိမှုကို ဖော်ထုတ်ခံရနိုင်ဖွယ်ရှိပေသည်။
" မြေဝိဉာဉ်ရတနာလား "
ထိုစကားကိုကြားသောအခါ မယုံနိုင်စွာရေရွတ်ရင်း ကျိုးဝမ်၏မျက်စိသူငယ်အိမ်များကျုံ့သွား၏။
ကျိုးဝမ်သည် ယခင်က မြေဝိဉာဉ်ရတနာကိုကြားဖူးသည်။ ဤသို့သော ဝိဉာဉ်ရတနာသည် အဆင့်မြင့်ဝိဉာဉ်ရတနာများထက် ပို၍တန်ခိုးကြီးသည်။ ထိုကဲ့သို့သော ဝိဉာဉ်ရတနာများသည် တောင်များကိုခြေမွ၍ ပင်လယ်ကိုမှောက်လှန်နိုင်သောတန်ခိုးရှိသည်ဟုဆိုကြသည်။ စီရင်စု၏အမတ်အိမ်တော်သုံးခုသည်ပင် ထိုသို့သောဝိဉာဉ်ရတနာမျိုး သေချာပေါက်ပိုင်ဆိုင်မည်မဟုတ်ပေ။
အကယ်၍ သူတို့ပိုင်ဆိုင်လျှင်ပင် ၎င်းတို့သည် အလွန်အမင်းရှားပါးပြီး ရတနာစာရင်းဝင်ဖြစ်ပေမည်။ ကျိုးဝမ်သည် ဤအဆင့်ရှိသောဝိဉာဉ်ရတနာမျိုးကို ယခင်က တခါမျှမတွေ့ဖူးခဲ့ပေ။ သူ့မျက်စိနှင့်ကိုယ်တိုင်မြင်ရလိမ့်မည်ဟု မထင်ခဲ့ဖူးပေ။
" ဒါ့အပြင် ဆေးမီးဖိုထဲမှာအစွမ်းထက်ဆေးလုံးတချို့ရှိနိုင်သေးတယ် နောက်ဆုံးတော့ ကောင်းကင်ကိုးပါးမိုးကြိုးငရဲမီးကိုသုံးပြီးမှ ဖော်စပ်နိုင်တဲ့ဆေးလုံးကတော့ ရှားပါးဆေးလုံးလို့ သေချာပေါက်ခေါ်သင့်တယ် "
ရှောင်ဟေး၏အသံ ထပ်မံထွက်ပေါ်လာပြီး ကျိုးဝမ်ကို အလွန်အံ့ဩသွားစေခဲ့သည်။
" ဒီဧရာမဆေးမီးဖိုက တကယ့်ကိုထူးခြားတဲ့ပုံရတယ် ရှေးဟောင်းဂူနန်းတော်ထဲက လွီယွမ်ဟွာနဲ့ တခြားသူတွေရဲ့တကယ့်ပန်းတိုင်က ဒီနန်းတော်ထဲက ဧရာမဆေးမီးဖိုဝိဉာဉ်ရတနာပဲဖြစ်ရမယ် "
ပခုံးချင်းယှဉ်၍ တယောက်ကိုတယောက်သတိနှင့်စောင့်ကြည့်နေကြသော ဂိုဏ်းကြီးငါးဂိုဏ်းမှလူများကိုတချက်ကြည့်လိုက်ပြီး ကျိုးဝမ် အဖြစ်မှန်ကိုသိသွားဟန်ဖြင့် မျက်မှောင်ကြုတ်လိုက်၏။
" ဟီးဟီး မြေဝိဉာဉ်ရတနာတစ်ခုရဖို့အဲ့လောက်မလွယ်ဘူး ဧရာမဆေးမီးဖိုရှေ့က ကောင်းကင်ကိုးပါးမိုးကြိုးငရဲမီးက ချောက်နက်တစ်ခုလိုပဲ ကောင်းကင်ဘုရင်အဆင့်ကျင့်ကြံသူတောင်မှ အနားကပ်ဖို့ခက်လိမ့်မယ် ဒါ့အပြင် ဒီနန်းတော်က မြင်ရသလောက်မရိုးရှင်းဘူး မင်းပတ်ဝန်းကျင်ကိုကြည့်လိုက် "
ရှောင်ဟေးသည် အေးစက်စက်ပြုံးပြီး ဘာသိဘာသာပြောလိုက်သည်။
ထိုစကားကြားသောအခါ ကျိုးဝမ်သည် ပတ်ဝန်းကျင်ကို စစ်ဆေးကြည့်လိုက်မိသည်။ နန်းတော်ထဲတွင် လူတူရုပ်တုများတန်းစီနေသည်ကိုတွေ့သောအခါ သူအံ့ဩသွား၏။ တချက်ကြည့်လိုက်သောအခါ ရုပ်တုစုစုပေါင်းဆယ့်ရှစ်ခုရှိသည်။ ၎င်းတို့အနက်မှ တစ်ခုစီတိုင်းသည် မီတာရာချီမြင့်ပြီး ၎င်းတို့သည် မတ်မတ်ရပ်နေကြသည်။
ထိုရုပ်တုများသည် အမျက်ဒေါသပြင်းထန်စွာ စိုက်ကြည့်နေကြသည်။ သူတို့၏လက်ထဲတွင် လက်နက်မျိုးစုံကိုင်ဆောင်ထားကြပြီး လေးလံသောချပ်ဝတ်တန်ဆာများဝတ်ဆင်ထားကြသည်။ သူတို့ကိုကြည့်ရုံဖြင့် တောင်တန်းကြီးကဲ့သို့ လေးလံသောရောင်ဝါခံစားနေရသည်။
" ဒီနန်းတော်မှာအရမ်းအစွမ်းထက်တဲ့အစီအရင်ရှိရမယ် အကယ်၍တယောက်ယောက်က ဧရာမဆေးမီးဖိုကိုခိုးယူဖို့ကြိုးစားတာနဲ့ နန်းတော်ရဲ့အစီအရင်အသက်ဝင်လာမှာကြောက်ရတယ် "
ထိုအချိန်တွင် ရှောင်ဟေးသည် လေးနက်သောအသွင်ဖြင့် ဆိုလိုက်သည်။
ကျိုးဝမ်၏အမူအရာ အေးစက်သွား၏။ သို့သော်လည်း သူ့မျက်နှာပေါ်တွင် သတိထားနေသည့်အကြည့်ပေါ်လာသည်။ ရှောင်ဟေးရည်ညွှန်းသောအစီအရင်သည် သူတို့ပတ်လည်မှ ရုပ်တုတစ်ဆယ့်ရှစ်ရုပ်နှင့် ကျိန်းသေပတ်သက်နေမည်ကို သူသိလိုက်သည်။
ကျိုးဝမ်သည် တိတ်တဆိတ်သတိထားနေစဉ် လူအုပ်ကြီး၏ထိပ်ဆုံးမှ လွီယွမ်ဟွာသည် အရှေ့တက်သွား၏။ သူ၏အကြည့်သည် ဂိုဏ်းကြီးလေးဂိုဏ်းမှ လူများကို လွှမ်းခြုံသွား၏။ သို့သော် သူ့အကြည့်သည် ကျိုးဝမ်ကိုဖြတ်သွားသောအခါ သူ့မျက်နှာပေါ်တွင် အဓိပ္ပာယ်ရှိသောအကြည့်တစ်ခုပေါ်လာသည်။
" ဒီမှာရှိတဲ့လူတိုင်းက ကျုပ်တို့စီရင်စုရဲ့အားအကောင်းဆုံးအဖွဲ့အစည်းတွေကပဲ ဒီဆေးမီးဖိုကဘယ်လောက်ထူးခြားလဲဆိုတာ အားလုံးသိကြမယ်လို့ ကျုပ်ထင်တယ် "
လွီယွမ်ဟွာက ထိုသို့ပြောလိုက်သောအခါ လူတိုင်းသည် တယောက်ပြီးတယောက် ခေါင်းညိတ်လိုက်ကြသည်။ ဧရာမဆေးမီးဖိုပေါ်၌စုစည်းနေကြသောအကြည့်များသည် ပို၍ပြင်းထန်လာကြသည်။ ယခုရှိနေသောကျင့်ကြံသူများသည် ထိုအစွမ်းထက်သော မီးတောက်မှာ ကောင်းကင်ကိုးပါးမိုးကြိုးငရဲမီးဖြစ်ကြောင်းသိကြပြီးဖြစ်သည်။ ထိုသို့သော တန်ခိုးကြီးမီးတောက်ကြောင့်ပင် မပျက်စီးသည့် ဆေးမီးဖိုမှာလည်း မည်မျှထူးခြားကြောင်းသတိပြုမိကြပြီးပြီဖြစ်သည်။
" သခင်လေးလွီ လူတိုင်းကိုထိတ်လန့်အောင်မလုပ်ပါနဲ့ သင်စပြောကတည်းက ဒီဆေးမီးဖိုကိုသိပြီးသားဖြစ်မှာပါ တယောက်တည်းပျော်ရွှင်ရတာထက် အားလုံးနဲ့အတူပျော်ရအောင်ပါ အားလုံးသိရအောင်ပြောပြပါ "
ကြည်လင်သောအသံတစ်ခုသည် ဘီလုံးငှက်သံကဲ့သို့ထွက်ပေါ်လာသည်။ ကျောက်စိမ်းကြယ်တာရာမိန်းမပျိုဂိုဏ်းမှ ချင်လျန်ကအလျင်ပြောလိုက်သည်။
" ဒါမှန်တယ် နောင်တော်လွီ သင့်ရဲ့အဖေကဘယ်လောက်အံ့ဩစရာကောင်းတယ်ဆိုတာ မသိတဲ့လူဘယ်သူရှိလို့လဲ ဒီဂူရဲ့တည်နေရာကိုသိဖို့ အကန့်အသတ်မဲ့မိုးမြေလျှို့ဝှက်နည်းကိုတောင်သုံးနိုင်မှတော့ ဒီဂူနန်းရှင်နဲ့သူစိမ်းမဟုတ်တာသေချာပါတယ် "
ကြံ့ခိုင်သောခန္ဓာကိုယ်နှင့်လက်ဗလာဖြစ်သော ရှုမူသည် ကျယ်လောင်သောအသံနှင့်ပြောလိုက်သည်။
လွီယွမ်ဟွာသည် ထူးမခြားနားဟန်ဖြင့် ဖျော့ဖျော့ပြုံးရင်းဆိုလိုက်သည်။
" ကျုပ်ရဲ့အဖေဆီမှာ ညီနောင်ရှုပြောတဲ့အကန့်အသတ်မဲ့မိုးမြေလျှို့ဝှက်နည်းရှိပေမယ့် အဲ့လောက်အံ့ဩဖို့ကောင်းတာတော့မဟုတ်ပါဘူး တကယ်တော့ အဖေကဒီဂူနန်းရှင်ရဲ့ဇာစ်မြစ်ကိုမသိပါဘူး ဒါပေမယ့် ဒီဧရာမဆေးမီးဖိုက မြေဝိဉာဉ်ရတနာဖြစ်တယ်ဆိုတာကတော့အမှန်ပါ "
လွီယွမ်ဟွာထိုသို့ပြောလိုက်သောအခါ ရုတ်ချည်း မြင်ကွင်းတစ်ခုလုံးငြိမ်ကျသွား၏။ ကျင့်ကြံသူများစွာတို့သည် အသံရှုသံများမြန်လာကြသည်။
မြေဝိဉာဉ်ရတနာသည် စီရင်စု၏အင်အားစုကြီးငါးခုတွင်ပင် ရှားပါးသည်။ သူတို့သည် ဤပျက်ဆီးနေသော ဂူထဲတွင် မြေဝိဉာဉ်ရတနာတစ်ခုရှိမည်ဟုမထင်ထားခဲ့ကြပေ။
" ရောင်းရင်းလွီ ဒါက အမှန်ပဲလား ဒီဆေးမီးဖိုက တကယ်ပဲ မြေဝိဉာဉ်ရတနာလား "
ယုံရှန်းအမတ်အိမ်တော်မှချင်ဟွေ့သည် မနေနိုင်တော့ပဲ အံ့ဩတကြီးမေးလိုက်သည်။ သူ့ညာလက်ထဲမှ ငှက်မွှေးယပ်တောင်ကို မသိလိုက်ပဲဆုပ်ကိုင်ထားလိုက်မိ၏။
" ကောင်းကင်ကိုးပါးမိုးကြိုးငရဲမီးရဲ့ဒဏ်ကို မြေဝိဉာဉ်ရတနာမှ မပျက်မဆီးပဲ ခံနိုင်မှာ ဒီဆေးမီးဖိုကို ကောင်းကင်ကိုးခု ငရဲဆေးမီးဖိုလို့ခေါ်တယ် ဒါကို ရှေးခေတ်က တန်ခိုးကြီးအဂ္ဂိရတ်ပညာရှင်တစ်ဦးရဲ့ပိုင်ဆိုင်မှုလို့ ဆိုကြတယ် သူ့ဆီမှာ ထူးဆန်းပြီး မခန့်မှန်းနိုင်တဲ့အစွမ်းရှိတယ် "
လွီယွမ်ဟွာသည် လက်နောက်ပစ်ထားရင်း ပေါ့ပါးစွာပြောလိုက်သည်။
" အဂ္ဂိရတ်ပညာရှင်တစ်ယောက်ရဲ့ ကိုယ်ပိုင်ဆေးမီးဖိုတဲ့လား "
လွီယွမ်ဟွာ၏စကားကြောင့် လူတိုင်းတုန်လှုပ်သွားကြ၏။ စီရင်စု၏မဟာအင်အားစုအဝင်ဖြစ်သောကြောင့် သူတို့သည် ရှေးခေတ်ကတည်းကပျောက်ကွယ်သွားကြသော အထူးအဆင့်အတန်းရှိသည့် အဂ္ဂိရတ်ပညာရှင်များအကြောင်းကြားဖူးကြသည်မှာ သဘာဝကျပေသည်။
ရှေးခေတ်မှ အဂ္ဂိရတ်ပညာရှင်များအားလုံးသည် ထူးခြားသောစွမ်းအားများ ရှိကြသည်ဟု ကြားဖူးကြသည်။ သူတို့သည် သေလွန်သူများကိုအသက်ရှင်စေသည့်ဆေးများဖော်စပ်နိုင်သည်သာမက သူတော်စင်များကိုပင်သတ်ဖြတ်နိုင်သည့် အဆိပ်များလည်း ဖော်စပ်နိုင်သေးသည်။ သူတို့သည် မိုးမြေမှထူးဆန်းသောမီးတောက်များ၏အကူအညီယူ၍ တောင်တန်းနှင့်ပင်လယ်ကိုမှောက်လှန်နိုင်လောက်အောင်တန်ခိုးကြီးကြသည်။
မည်သို့ပင်ဆိုစေကာမူ ရှေးဟောင်းစာအုပ်များတွင်မှတ်တမ်းတင်ချက်များအရ ရှေးခေတ်မှအဂ္ဂိရတ်ပညာရှင်များသည် အလွန်ထူးခြားသည့်သူများဖြစ်ကြပေသည်။ မဟာအင်အားစုများပင် သူတို့ကိုမဆန့်ကျင်ရဲကြချေ။
အဂ္ဂိရတ်ပညာရှင်များသည် အလွန်တန်ခိုးကြီးသောကြောင့် သူတို့၏ကိုယ်ပိုင်ဆေးမီးဖိုများသည်လည်း သာမညောင်ညမဖြစ်နိုင်ပေ။ အဂ္ဂိရတ်ပညာရှင်များ၏ အစွမ်းထက်သောဒဏ္ဍာရီမျိုးစုံကိုတွေးမိသောအခါ လူတိုင်း၏မျက်လုံးထဲတွင် ပို၍ စိတ်အားထက်သန်လာကြသည်။ သူတို့ရှေ့မှ ကောင်းကင်ကိုးခုငရဲဆေးမီးဖိုသည် သာမန်မြေဝိဉာဉ်ရတနာမဟုတ်ကြောင်း သေချာပေါက်သိကြပေသည်။
လွီယွမ်ဟွာသည် သူ့ရှေ့မှ ခံစားချက်အမျိုးမျိုးနှင့်လူများကိုကြည့်ပြီး ပြုံးလိုက်၏။ သူနှုတ်ကိုဖွင့်၍ ဆက်ပြောလိုက်သည်။
" ကောင်းကင်ကိုးဘုံငရဲဆေးမီးဖိုရဲ့အရှေ့မှာ ကောင်းကင်ကိုးပါးမိုးကြိုးငရဲမီးလို ထူးခြားတဲ့မီးတောက်တစ်ခုရှိတာ အားလုံးသတိထားမိကြမှာပါ ကျုပ်ထင်တာမမှားဘူးဆိုရင် ကောင်းကင်ကိုးပါးမိုးကြိုးငရဲမီးထဲမှာ အကန့်တစ်ခုရှိရမယ် ဒါကြောင့် ကျုပ်တို့ဆေးမီးဖိုကိုရချင်ရင် ကောင်းကင်ကိုးပါးမိုးကြိုးငရဲမီးကိုအရင်ဖြတ်ကျော်မှရမယ် "
" သခင်လေးလွီရဲ့စကားအရဆိုရင် ကျွန်မတို့က ဆေးမီးဖိုအပြင်ဘက်က ကောင်းကင်ကိုးပါးမိုးကြိုးငရဲမီးကိုဖြတ်ကျော်ဖို့ပူးပေါင်းလုပ်ဆောင်သင့်တယ်လို့ဆိုလိုတာလား "
ချင်လျန်၏လှပသောမျက်လုံးရွေ့လာပြီး ထပ်မံပြောလိုက်၏။
" မိန်းကလေးချင်လျန်ကတကယ့်ကိုထက်မြက်တာပဲ ဂူအပြင်မှာတုန်းကပူးပေါင်းခဲ့ဖူးသလို ကျုပ်တို့ ဒီအတိုင်းဆက်ပူးပေါင်းကြတာပေါ့ ဟုတ်ပြီလား "
လွီယွမ်ဟွာသည် ယဉ်ကျေးသိမ်မွေ့သောအမူအရာနှင့်မြှောက်ပင့်လိုက်သည်။
" အတားအဆီးကိုဖျက်ဆီးပြီးတဲ့အခါ ဆေးမီးဖိုပိုင်ဆိုင်မှုကိုဘယ်လိုဆုံးဖြတ်ကြမလဲ "
ရှုမူသည် လက်ပိုက်ရင်း နှာမှုတ်လိုက်သည်။
" အတားအဆီးကိုဖြတ်ကျော်ပြီးရင်တော့ သဘာဝအတိုင်းကျုပ်တို့ရဲ့ကိုယ်ပိုင်စွမ်းရည်ကိုကြည့်ရမှာပေါ့ နောက်ဆုံးတော့ ကောင်းကင်ကိုးပါးငရဲဆေးမီးဖိုကတစ်ခုတည်း ကျုပ်တို့ကအများကြီးလေ "
လွီယွမ်ဟွာသည် ရှုမူကို သာမန်ကာလျှံကာကြည့်ပြီး တည်ငြိမ်စွာပြောလိုက်သည်။
**********