မမျှော်လင့်သောအဖြစ်အပျက်
Vol. 17 Ch. 220
" အားလုံးက သဘောတူပြီဆိုတော့ အချိန်ဖြုန်းနေစရာမလိုတော့ဘူး အခု ကျုပ်တို့ ကောင်းကင်ကိုးပါးမိုးကြိုးငရဲမီးကို အရငင်ချိုးဖျက်ကြမယ် "
အားလုံးသဘောတူကြသည်ကိုမြင်သောအခါ လွီယွမ်ဟွာ ကျေနပ်စွာခေါင်းညိတ်လိုက်၏။ သူသည် သူ၏ချန်ခွန်အိတ်ကိုပုတ်လိုက်ပြီး ပိုက်ခေါင်းသဏ္ဍာန်ကျောက်စိမ်းအိုးတစ်လုံးကို ထုတ်ယူလိုက်သည်။ ကျောက်စိမ်းအိုး၏မျက်နှာပြင်သည် တဖျပ်ဖျပ်တောက်ပကာ ကြည်လင်နေပြီး အရိုးစိမ့်အောင်အေးသောလေအေးထုတ်လွှင့်နေသည်။
" ရေခဲနက်နဲအိုးလား သခင်လေးလွီက တကယ့်ကို သေချာပြင်ဆင်ထားတဲ့ပုံပဲ သူက ဆန်းကြယ်မီးတောက်ကိုထိန်းသိမ်းနိုင်တဲ့ဝိဉာဉ်ရတနာကိုတောင် ပြင်ဆင်ထားတယ် "
ချင်လျန်၏လှပသောအကြည့်သည် လွီယွမ်ဟွာ၏လက်ထဲမှအိုးထဲသို့ရွေ့သွားပြီး အံ့ဩစွာစိုက်ကြည့်ရင်းပြောလိုက်သည်။
ချင်လျန်၏အသံကြောင့် လူတိုင်း၏အကြည့်သည် လွီယွမ်ဟွာ၏လက်ထဲမှ ရေခဲနက်နဲအိုးထံသို့ရောက်ရှိလာကြသည်။ သူတို့အားလုံး ဆူပွက်သွားကြသည်။ သူ့လက်ထဲမှ ရေခဲနက်နဲအိုးသည် တော်တော်နာမည်ကြီးကြောင်း ရှင်းလင်းပေသည်။
" နောက်ထပ် အဆင့်မြင့်ဝိဉာဉ်ရတနာတစ်ခုလား "
လွီယွမ်ဟွာ၏လက်ထဲမှ ရေခဲနက်နဲအိုးကိုကြည့်ရင်း ကျိုးဝမ်သည် မိမိဘာသာရေရွတ်လိုက်ပြီး မျက်စိသူငယ်အိမ်ကျဉ်းမြောင်းသွား၏။
လွီယွမ်ဟွာထံ၌ အဆင့်မြင့်ဝိဉာဉ်ရတနာ ခရမ်းရွှေတံခါးတစ်ခုသာရှိသည်ဟု သူထင်ခဲ့မိသည်။ ထိုကောင်ထံတွင် နောက်ထပ်အဆင့်မြင့်ဝိဉာဉ်ရတနာတစ်ခုထပ်ရှိလိမ့်မည်ဟု သူမထင်မိခဲ့ပေ။
" ကံကောင်းလို့ အဲ့တုန်းကသူနဲ့မတိုက်မိခဲ့ဘူး မဟုတ်ရင် နောက်ဆက်တွဲအကျိုးဆက်မကောင်းဘူး "
လွီယွမ်ဟွာထံ၌ အဆင့်မြင့်ဝိဉာဉ်ရတနာတစ်ခုထက်ပိုရှိနိုင်ချေကိုတွေးမိပြီး သူ၏နဖူးပေါ်တွင်အေးစက်သောချွေးများစို့လာသည်။ သူ လွီယွမ်ဟွာနှင့်ယခုတိုက်ခိုက်လျှင်ပင် အနိုင်ရရန်အလားအလာမရှိပေ။
" မိန်းကလေးချင်လျန်ကအမြင်ကောင်းတယ် ဒီရေခဲနက်နဲအိုးကို အနှစ်တစ်သောင်းဆန်းကြယ်ရေခဲကနေသန့်စင်ထားတာ သူ့ရဲ့အရမ်းအေးတဲ့ယင်စွမ်းအင်နဲ့ မီးတောက်တွေကိုထိန်းသိမ်းနိုင်စွမ်းရှိတယ် ဒါပေမယ့် ကောင်းကင်ကိုးပါးမိုးကြိုးငရဲမီးကလည်း မြေအဆင့်မီးတောက်တွေထဲမှာ အရမ်းအစွမ်းထက်တဲ့ဆန်းကြယ်မီးတောက်တစ်ခုပဲ ဒါကြောင့် ရေခဲနက်နဲအိုးက မီးတောက်ကိုကြာကြာမထိန်းထားနိုင်မှာစိုးရတယ် လူတိုင်းပဲ အစီအရင်ကိုမြန်မြန်ဖျက်ဆီးနိုင်ဖို့ ကျုပ်မျှော်လင့်ပါတယ် "
သူစကားဆုံးသည်နောက် လွီယွမ်ဟွာသည် ချုံပုတ်ပတ်လည်ထပ်မရိုက်တော့ပေ ( ထပ်တွန်းအားမပေးတော့ပေ)။ ထိုအစား သူသည် ရှုပ်ထွေးသောလက်သင်္ကေတများပြုလုပ်ကာ အမည်မသိစာလုံးများထွေးထုတ်လိုက်သည်။ ထို့နောက် ညာလက်ကိုမြှောက်၍ သူ့လက်ထဲမှ ရေခဲနက်နဲအိုးကို ကောင်းကင်ကိုးပါးမိုးကြိုးငရဲမီးထံသို့တွန်းပို့လိုက်စဉ် နားကွဲမတတ်စူးရှသောအသံထွက်ပေါ်လာသည်။
ပျံသန်းသွားစဉ်တွင် ရေခဲနက်နဲအိုး၏အရွယ်အစားသည် မျက်စိဖြင့်မြင်နိုင်သောနှုန်းဖြင့် ပို၍ အရွယ်အစားကြီးမားလာသည်။ နောက်ဆုံးတွင် ၎င်းသည် လက်ဖဝါးအရွယ်မှ မီတာဆယ်ချီကြီးမားသွားတော့သည်။ တချိန်တည်းတွင် ရေခဲနက်နဲအိုးထံမှ အလွန်အေးစက်သောအအေးဓာတ်ထွက်ပေါ်လာရာ အပူချိန်မြင့်မားသည့်နေရာကိုပင် အနည်းငယ်အေးစက်သွားစေသည်။
ထိုအခိုက် လွီယွမ်ဟွာ၏အကြည့် အနည်းငယ် အေးခဲသွား၏။ သူ့ညာလက်ကို ဓားလက်ချောင်းသဏ္ဍာန်ပြုလုပ်လိုက်ပြီး ဒြပ်စင်စွမ်းအင်များသည် အလင်းတန်းအဖြစ် လေထုထဲမှ ရေခဲနက်နဲအိုးထဲသို့ ဝင်ရောက်သွားသည်။
ဝူး။
ညင်သာသောအသံတစ်ခုထွက်ပေါ်လာသည်။ ထို့နောက် ချက်ခြင်းပင် လေထုထဲရှိ ရေခဲနက်နဲအိုးထံမှ အပြာရောင်အလင်းတန်းထွက်ပေါ်လာသည်။ ထို့နောက် ချက်ခြင်းဆိုသလိုပင် အိုးနှုတ်ခမ်းဝမှ အဆုံးမရှိသော အေးစက်သောလေသည် လေထုထဲတွင် အဆုံးမဲ့လေအေးမုန်တိုင်းဖြစ်ပေါ်သွားစေသည်။ ၎င်းသည် ကောင်းကင်ကိုးပါးမိုးကြိုးငရဲမီးထံသို့ တိုးဝင်သွားသည်။
အုန်း။
အားကောင်းသောလေအေးသည် အဆုံးမရှိသော မိုးကြိုးများပါရှိသော အပြာရောင်မီးတောက်၏ အလယ်ဗဟိုနှင့် ရုတ်တရက် တိုက်မိသွားသည်။ ချက်ချင်းဆိုသလိုပင် ကောင်းကင်ထက်တွင် မရေတွက်နိုင်သော လျှပ်ပြက်သွားပြီး မိုးခြိမ်းသံများထွက်ပေါ်လာတော့သည်။ ရေပုံးကဲ့သို့ကြီးမားသော မိုးကြိုးများသည် လေဟာနယ်ကိုဖြတ်ကျော်၍ နေရာအနှံ့ဖြာထွက်သွားသည်။ မိုးကြိုးများထဲမှအချို့သည် နန်းတော်ရင်ပြင်သို့ထိမှန်သွားပြီး မြေပြင်သို့တိုက်ရိုက်ထိုးဖောက်ကာ နက်ရှိုင်းသောတွင်းကြီးဖြစ်ပေါ်သွားစေသည်။
" ကြောက်စရာကောင်းလိုက်တဲ့စွမ်းအား ကောင်းကင်ကိုးပါးမိုးကြိုးငရဲမီးက တကယ့်ကိုကြောက်စရာကောင်းတာပါလား "
မလှမ်းမကမ်းမှ အောက်ခြေမဲ့သောတွင်းကိုကြည့်လိုပြီး ကျိုးဝမ်၏အမူအရာ အနည်းငယ်ပြောင်းလဲသွားသည်။ သူ နောက်ဆုံးတွင် ကောင်းကင်ကိုးပါးမိုးကြိုးငရဲမီး၏ ကြောက်မက်ဖွယ်စွမ်းအားကို နားလည်သွားခဲ့သည်။ ထိုခွန်အားသည် နိဗ္ဗာနနတ်ဆိုးမီးတောက်၏စွမ်းအားထက် များစွာကျော်လွန်ပေသည်။ သူနှင့်ပေါင်းစပ်ထားသော မီးရေခဲမီးလျှံသည်ပင် ကောင်းကင်ကိုးပါးမိုးကြိုးငရဲမီးထံမှထုတ်လွှတ်သည့်စွမ်းအားနှင့်မယှဉ်နိုင်ပေ။
ကောင်းကင်ထက်တွင် အဆုံးမဲ့လေအေးနှင့် အစွမ်းထက်သောမိုးကြိုးမီးစွမ်းအင်သည် ဤအခိုက်အတန့်တွင် ရှေ့မတိုးနောက်မဆုတ်ဖြစ်နေသည်။ ၎င်းသည် လေဟာနယ်တစ်ခုလုံးကို နှစ်ပိုင်းခွဲခြားထားသလိုပင်။ တခဏတွင်း ခန်းမတစ်ခုလုံး၏အပူချိန်သည် အတော်ထူးဆန်းသွား၏။ တခါတရံပူ၍ တခါတရံအေးသည်။ တလှည့်စီပြောင်းလဲနေ၏။
ရေခဲနှင့်မီးထိပ်တိုက်တွေ့ကြသောအခါ ချက်ခြင်းပင် အဆက်မပြတ်ပေါက်ကွဲမှုများပေါ်လာသည်။ ရောင်စုံစွမ်းအင်များသည် ကောင်းကင်ပေါ်တွင် ဆက်လက်ပြန့်ကျဲနေသည်။ တခါတရံတွင် စွမ်းအင်အစုအဝေးပေါက်ကွဲမှုစက်ကွင်းများပေါ်လာသည်။ စွမ်းအင်ဝဲဂယက်များသည် ခန်းမထဲပြန့်နှံ့သွားသည်။
ထိုစွမ်းအင်လှိုင်းများအောက်တွင် နန်းတော်သည် ကြမ်းတမ်းစွာ တုန်ခါလာ၏။ ကောင်းကင်နှင့်မြေပြင်ပျက်ဆီးသွားသလိုပင်။
" အကြီးအကဲလင်း ကျုပ်ကိုကူပေးပါ "
လွီယွမ်ဟွာ တိုးညှင်းစွာ ညည်းတွားလိုက်သည်။ သူ့အသွင်သည် အလွန်အမင်းဖြူဖျော့သွားပြီး နံဘေးမှ လင်းဂျူကိုအကူအညီတောင်းလိုက်သည်။
လင်းဂျူခေါင်းဆတ်လိုက်၏။ သူ့ခြေဆောင့်လိုက်ပြီး ကောင်းကင်ဘုရင်အဆင့်စွမ်းအားထွက်ပေါ်လာတော့သည်။ ချက်ချင်း သူ၏ညာလက်ကို လွီယွမ်ဟွာ၏ပခုံးပေါ်တင်လိုက်သည်။ အစွမ်းထက်သော ယွမ်စွမ်းအင်လှိုင်းသည် ထိုကောင်၏ခန္ဓာကိုယ်ထဲသို့ မြစ်ထဲမှပင်လယ်ထဲသို့စီးဝင်သလို စီးဝင်သွား၏။
လင်းဂျူ၏ယွမ်စွမ်းအင်ထောက်ပံ့မှုကြောင့် ကောင်းကင်ပေါ်မှ ဆန်းကြယ်ရေခဲအိုးသည် ရုတ်တရက် အသံမြည်လာသည်။ ၎င်းသည် အပြာရောင်တောက်တောက်အလင်းကိုထုတ်လွှင့်လာသည်။ ထို့နောက်တွင် ပို၍ ပြင်းထန်သောလေအေးသည် အိုးနှုတ်ခမ်းမှထုတ်လွှင့်လာပြီး ကောင်းကင်ကိုဖုံးလွှမ်းလုနီးပါးအရိပ်အယောင်ပေါ်လာသည်။
ဘန်း။
ကြီးကြီးမားမားစွမ်းအင်တိုးတက်လာသောလေအေးသည် ချွန်ထက်သောလှံရှည်နှင့်တူသည်။ ၎င်းသည် အမှတ်တကယ်ပင် ရဲရင့်စွာ တိုးဝင်သွားပြီး ကောင်းကင်ထက်မှ ကောင်းကင်ကိုးပါးမိုးကြိုးငရဲမီးအား ဖောက်ထွင်းသွား၏။ အပေါက်၏အခြားတဖက်တွင် ငြိမ်သက်စွာတည်ရှိနေသော ကောင်းကင်ကိုးခုလောင်ကျွမ်းခြင်းဆေးမီးဖိုရှိပေသည်။ ကောင်းကင်ကိုးခုလောင်ကျွမ်းခြင်းဆေးမီးဖို၏အရှေ့တွင် ရောင်စုံအကာအရံတစ်ခုရှိနေသည်။ ၎င်းသည် အတားအဆီးအလွှာဖြစ်ကြောင်းရှင်းပေသည်။
" လူတိုင်း အတားအဆီး အကာအကွယ်ကိုမြန်မြန်ချိုးဖျက်ကြပါ ဆန်းကြယ်ရေခဲအိုးက ကြာကြာခံမှာမဟုတ်ဘူး "
ကောင်းကင်ထက်ရှိ မီးပင်လယ်တွင်းမှ အပေါက်ကိုမြင်သောအခါ လွီယွမ်ဟွာ၏မျက်နှာတွင်ရူးသွပ်သောပျော်ရွှင်မှုတစ်ခုပေါ်လာသည်။ သူသည် ကျယ်လောင်စွာအော်ပြောလိုက်သည်။
" ကောင်းပြီ ငါအရင်သွားမယ် "
ကောင်းကင်ယံမှအပေါက်ကိုကြည့်လိုက်ပြီး ရှုမူ တဟားဟားရယ်မောလိုက်၏။ သူ့နောက်ကျောတွင်လွယ်ထားသည့် ဓားရှည်ကြီးကိုရုတ်တရက်ဆွဲထုတ်လိုက်သည်။ သူ့ခြေတချက်ဆောင့်လိုက်သည်နှင့် သူ့ခန္ဓာကိုယ်သည် လေးညှို့မှပစ်လွှတ်လိုက်သော မျှားတစင်းကဲ့သို့ ကောင်းကင်မှအပေါက်ထဲသို့ ပျံသန်းသွားသည်။ ဓားလက်ကိုင်ကိုလက်နှစ်ဖက်ဖြင့်ဆုပ်ကိုင်ပြီး အကာအရံကိုပြင်းထန်စွာပိုင်းချလိုက်သည်။
" နောင်တော်ရှုမူရဲ့နောက်ကျမခံနိုင်ဘူး "
ချင်ဟွေ့သည် ယပ်တောင်ခပ်လိုက်သည်။ လေထဲမှယွမ်စွမ်းအင်သည် ဆူပွက်လာပြီး လှိုင်းလုံးကြီးတစ်ခုဖြစ်သွားသည်။ ၎င်းသည် အပေါက်ထဲမှ အလင်းအကာအရံထံသို့ တိုးဝင်သွားသည်။
ကွမ်းမိုသည် ထူးထူးခြားခြားလုပ်မနေတော့ပေ။ သူသည် သူ့နောက်ကျောမှ အစိမ်းရောင်ဓားကိုဆွဲထုတ်ကာ ဓားတံဆိပ်ဖန်တီးလိုက်သည်။ သူ့လက်ထဲမှ အစိမ်းရောင်ဓားသည် အစိမ်းရောင်တောက်ပလာ၏။ လေဟာနယ်ကိုဖြတ်၍ အလင်းအကာအရံထံသို့ ထိုးသွားသည်။
နောက်ဆုံးတွင် ချင်လျန်၏ ကျောက်စိမ်းရောင်ခြေထောက်သည် တိမ်တိုက်ပေါ်တက်သွား၏။ သူမ၏ဖြူစွတ်သောလက်ကောက်ဝတ်ကိုဆန့်တန်းလိုက်သည်။ ကြယ်အလင်းမှုန်များသည် မရေတွက်နိုင်သောလျှို့ဝှက်လက်နက်များကဲ့သို့ပင်။ သူတို့သည် အလင်းအကာအရံထံသို့ ပြေးဝင်သွားကြသည်။ စူးရှသော တိုက်မိသံပေါ်ထွက်လာသည်။
ဘန်း။
ပြင်းထန်သောပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာသည်။ တဆက်တည်းတွင် နန်းတော်တစ်ခုလုံးအကြိမ်အနည်းငယ် လှုပ်ခါသွား၏။ ထို့နောက်တွင် အပေါက်အတွင်းရှိ ငါးရောင်စုံအလင်းအကာအရံသည် လျင်မြန်စွာပျံ့နှံ့ပြီး အက်ကွဲလာ၏။ အက်ကွဲကြောင်းသည် အစွန်းထိ ပြန့်နှံ့သွားသည်။
ခရက်။
တိုပြတ်ပြတ်အသံတစ်ခုထွက်ပေါ်လာသည်။ ထို့နောက် ကျယ်လောင်သောအသံနှင့်အတူ ငါးရောင်စုံအလင်းကာသည် အမှုန့်ဖြစ်သွားသည်။
" အတားအဆီးလွှာက အားနည်းလှချည်လား တချက်တည်းတိုက်ရုံနဲ့ပျက်ဆီးသွားတာလား "
ဓားရှည်ကြီးကိုကိုင်ထားသောရှုမူသည် ကွဲအက်သွားသောအလင်းကာကိုကြည့်ရင်း သံသယတဝက် မယုံတဝက်နှင့် ရေရွတ်လိုက်မိသည်။
မူလက သူ့ထင်မြင်ချက်အရ ကောင်းကင်ကိုးပါးလောင်ကျွမ်းဆေးမီးဖိုသည် အနည်းဆုံးမြေဝိဉာဉ်ရတနာဖြစ်ရပေမည်။ ၎င်း၏မျက်နှာပြင်ရှိ အကာအရံသည် ကောင်းကင်ကိုးပါးမိုးကြိုးငရဲမီးကို ချိုးဖျက်ရသည်ထက် ပို၍ခက်ခဲသင့်ပေသည်။ သို့သော်လည်း ရှောင်တခင်ပူးတွဲတိုက်ခိုက်မှုက ၎င်းကိုချိုးဖျက်နိုင်မည်ဟု မမျှော်လင့်ခဲ့ပေ။
ဆန်းကြယ်ရေခဲအိုးကိုထိန်းချုပ်နေသော လွီယွမ်ဟွာသည်ပင် ကြောင်သွား၏။ ကောင်းကင်လောင်ကျွမ်းဆေးမီးဖို၏အတားအဆီးသည် ဤမျှအားနည်းမည်ဟု သူမမျှော်လင့်ခဲ့ပေ။ ၎င်းသည် တိုက်ချက်တခုကိုပင်မခံနိုင်ပေ။
" ဟီးဟီး ဒီလိုမှန်းသိရင် ငါ့ခွန်အားတွေမဖြူန်းပါဘူးကွာ "
ရှုမူ၏မျက်လုံးမှိတ်တုတ်မှိတ်တုတ်ဖြစ်သွား၏။ လေထဲသို့ခြေချ၍ ရုတ်တရက် အပေါက်ထဲ တိုးဝင်သွားသည်။ သူသည် ဆေးမီးဖိုကိုတိုက်ရိုက်အလစ်သုပ်ရန် အမှန်တကယ်ရည်ရွယ်ထား၏။
" ရှုမူ မျိုးမစစ် "
" သေစမ်း "
" ဒီကောင်ကတကယ်စက်ဆုပ်စရာကောင်းတယ် "
လွီယွမ်ဟွာ၊ ကွမ်းမို နှင့် ချင်ဟွေ့တို့သည် ရှုမူ၏လုပ်ရပ်ကိုမြင်သောအခါ ဒေါသတကြီးကျိန်ဆဲမိကြသည်။ ချင်လျန်၏လှပသောမျက်နှာပင် အကြီးအကျယ်ပျက်သွားသည်။
ရှုမူ၏နေရာသည် ကောင်းကင်ကိုးပါးလောင်ကျွမ်းဆေးမီးဖိုနှင့်အနီးဆုံးဖြစ်သောကြောင့် လူတိုင်းသတိဝင်လာချိန်တွင် သူသည် ဆေးမီးဖိုရှေ့သို့ရောက်နှင့်နေပြီးဖြစ်ပေတော့သည်။
" မင်းတို့ငါ့ကိုအပြစ်တင်လို့မရဘူး ညီနောင်လွီပြောတဲ့အတိုင်း ကောင်းကင်ကိုးပါးလောင်ကျွမ်းဆေးမီးဖိုကိုရဖို့ ကိုယ်ပိုင်စွမ်းရည်အပေါ်မူတည်တယ် ဒီသခင်လေးရဲ့အရည်အချင်းက အခွင့်အရေးကိုဖမ်းဆုပ်တာပဲ ဟီးဟီး ဒီကောင်းကင်ကိုးပါးလောင်ကျွမ်းဆေးမီးဖိုကို ဘိုင်ချွမ်အမတ်အိမ်တော်ကပိုင်ဆိုင်ဖို့ ကံပါတာပဲ "
ရှုမူကောင်းကင်ပေါ်မော့ကြည့်ပြီးရယ်မောလိုက်၏။ သူ့မျက်နှာတွင် ပျော်ရွှင်မှုပြည့်နေသည်။
နန်းတော်၏ထောင့်တစ်နေရာမှ ကျိုးဝမ်သည် ကောင်းကင်လောင်ကျွမ်းဆေးမီးဖိုနံဘေးမှရှုမူကို ထူးဆန်းသောမျက်နှာနှင့်ကြည့်နေ၏။
ရှုမူသည် အပြင်ပိုင်းအရအပျင်းကြီးသော်လည်း သူသည်စေ့စပ်သောသူဖြစ်သည်။ သူသည် သေချာပေါက် လိမ်မာပါးနပ်ပြီး ထက်မြက်သည်။
ဆိုရိုးစကားအတိုင်း ကြည့်ရှုသူသည် တိုက်ခိုက်သူထက်ပို၍မြင်၏။ ကျိုးဝမ်သည် ရှုမူစတိုက်ကတည်းက ရှုမူ၏အစီအစဉ်ကိုမြင်နေရသည်။ နောက်ဆုံးတွင်သူသည် တိုက်ခိုက်သောအခါ အပေါက်နားသို့ချဉ်းကပ်သွား၏။ အခြားသူများသည် သူ၏ရည်ရွယ်ချက်ကိုမမြင်နိုင်သော်လည်း ပရိသတ်တစ်ယောက်ဖြစ်သောကျိုးဝမ်သည် ၎င်းကိုယောင်ဝါးဝါးမှန်းဆမိသည်။
" ကြည့်ရတာတော့ ကောင်းကင်ကိုးပါးလောင်ကျွမ်းဆေးမီးဖိုကိုတယောက်ယောက်ရသွားပြီ ငါဒီတခါတော့ဘာမှအကျိုးမရှိတော့ဘူး ဒါပေမယ့် ကောင်းကင်ကိုးပါးလောင်ကျွမ်းဆေးမီးဖိုလို မြေဝိဉာဉ်ရတနာကိုမရရင်တောင် ကောင်းကင်ကိုးပါးမိုးကြိုးမီးတောက်ကိုရရင် မဆုံးရှုံးဘူးလို့ပြောလို့ရသေးတယ် "
ကျိုးဝမ်၏လည်ချောင်းများတုန်လှုပ်သွားပြီး ကောင်းကင်ပေါ်မှ ကောင်းကင်ကိုးပါးမိုးကြိုးမီးလျှံများကို တောက်လောင်နေသောမျက်လုံးများဖြင့် ကြည့်လိုက်သည်။ သူ့မျက်နှာပေါ်တွင် ဆန္ဒတစ်ခုပေါ်လာသည်။
ကောင်းကင်ကိုးပါးမိုးကြိုးမီးတောက်သည် အခြားသူများအတွက် ဘေးဥပဒ်တစ်ခုဖြစ်နိုင်သော်လည်း ရေခဲမီး မြင့်မြတ်သင်္ကေတပိုင်သောသူ့အတွက်တော့ အကောင်းဆုံးအာဟာရဖြစ်သည်။ သူ၏ခွန်အားတိုးစေသည့် အာဟာရတစ်ခုဖြစ်သည်။
" ကောင်လေး တစ်ခုခုတော့မှားနေပြီ ကောင်းကင်ကိုးပါးလောင်ကျွမ်းဆေးမီးဖိုရဲ့အကန့်အသတ်ကမရိုးရှင်းဘူး "
အတွေးပင်လယ်ဝေနေသောကျိုးဝမ်၏စိတ်ထဲတွင် ရှောင်ဟေး၏အသံပေါ်ထွက်လာသည်။
ကျိုးဝမ်အံ့အားသင့်သွား၏။ မည်သည့်အရာကမှားနေသနည်းဟုမေးရန်တွေးလိုက်စဉ် ရှုမူ၏မျက်လုံးထဲတွင်လောဘဇောတက်နေ၏။ သူ့လက်များသည် ဆေးမီးဖိုကို ထိရန်မစောင့်နိုင်တော့ပေ။
ဘုန်း။
ဧရာမဆေးမီးဖို၏မျက်နှာပြင်မှ ရုတ်ချည်း တောက်ပသော ရွှေရောင်အလင်းတန်းပစ်လွှတ်လာသည်။ ထို့နောက်အလွန်အစွမ်းထက်သောစွမ်းအင်သည် ရှုမူ၏ရင်ဘတ်ကိုရိုက်ခတ်သွား၏။ ရှုမူသည် သတိလွတ်နေသဖြင့် ထိုစွမ်းအားကိုတိုက်ရိုက်ခံလိုက်ရသည်။
ဖူး။
ရှုမူ၏ပါးစပ်ထဲမှသွေးထွက်လာသည်။ သူ့ခန္ဓာကိုယ်သည် ခွန်အားမဲ့သောလိပ်ပြာတစ်ကောင်ကဲ့သို့ ပြုတ်ကျသွားပြီး မြေပြင်ပေါ်တွင် တွင်းပေါက်ဖြစ်သွားစေသည်။
ဤမထင်မှတ်ထားသောအဖြစ်အပျက်သည် လွီယွမ်ဟွာနှင့်အခြားသူများကိုရုတ်တရက် မှင်တက်သွားစေသည်။ သူတို့သည် ကောင်းကင်ပေါ်မှ ဆေးမီးဖိုကို မော့ကြည့်လိုက်မိကြသည်။
ထိုအချိန်တွင် ဧရာမဆေးမီးဖိုသည် အဆက်မပြတ်လည်ပတ်လာသည်။ ဆေးမီးဖိုကိုချည်နှောင်ထားသော မရေတွက်နိုင်သော အနက်ရောင်သံကြိုးများသည် မြွေကဲ့သို့ လူးလွန့်လာသည်။
ရွှီး၊ ရွှီး။
နားကွဲမတတ်အသံတစ်ခုထွက်ပေါ်လာ၏။ ရုတ်တရက် ကြီးမားသောအနက်ရောင်သံကြိုးဆယ့်ရှစ်ချောင်းသည် ဆေးမီးဖိုထံမှ ပျံထွက်သွားပြီး ခန်းမထဲအလျားလိုက်စီထားသော အရုပ်များကိုထိုးဖောက်သွား၏။ တချိန်တည်းတွင် ထူးဆန်းသောစွမ်းအင်သည် ဆေးမီးဖိုမှတဆင့်ရုပ်တုများထံသို့ သံကြိုးတလျှောက်စီးဆင်းသွားသည်။
ရုပ်တုတစ်ဆယ့်ရှစ်ခု၏မျက်နှာပြင်သည် ရွှေရောင်အလင်းတန်းများပေါ်လာသည်။ ဤရွှေရောင်အလင်းတန်းများသည် ရုပ်တုထဲသို့ပေါင်းစပ်သွား၏။ တဖြည်းဖြည်းနှင့် ရုပ်တုများ၏မျက်နှာပြင်သည် ကြည်လင်လာ၏။
" ဖလပ် "
ရုပ်တုတစ်ခု၏ မျက်လုံး ရုတ်တရက် ပွင့်လာသည်။
မျက်လုံးအစုံသည် ရွှေရောင်တောက်ပနေသည်။
" ဖလပ် " " ဖလပ် " " ဖလပ် " .....
************