ဆက်ဆံရေးဖြတ်တောက်ခြင်း
Vol. 12 Ch. 145
"လူတွေက ငါတို့ ဓားကျင့်ကြံသူတွေကို အပြစ်တင်ကြတယ်၊ ငါတို့ရဲ့ ဓားဝိညာဉ်တွေက နတ်ဆိုးတွေကို ရန်စမိလို့ သတ္တဝါများစွာ ဒုက္ခရောက်ရတယ်လို့ ပြောကြတယ်။ ဒါပေမဲ့ သူတို့ အားလုံး မှားနေတယ်။ လူတွေကို ညှဉ်းပန်းနှိပ်စက်တာက နတ်ဆိုးတွေပဲ၊ ငါတို့ ဓားကျင့်ကြံသူတွေက သူတို့ကို တန်ပြန်တိုက်ခိုက်ဖို့ နည်းလမ်းတွေ ရှိနေရုံပဲ။ ငါတို့က တိုက်ခိုက်ဖို့ စိတ်အားထက်သန်နေပေမယ့် အင်မော်တယ်ပြည်ထောင်က မစရသေးခင်မှာတင် လက်လျှော့လိုက်တယ်။ ငါတို့က ဘယ်လို တိုက်ခိုက်ရမှာလဲ။ ငါတို့ မျိုးနွယ်ရဲ့ မျိုးဆက်သစ်တွေက အနည်းငယ်ပဲ ကျန်တော့တယ်"
စုလျန်လျန်က လေးလံစွာ သက်ပြင်းချရင်း ပြောလိုက်သည်။ ယွမ်ရှောင်က ဒေါသထွက်နေသော်လည်း သူမ၏စကားကို ကြားပြီးနောက် လေးနက်သော ဝမ်းနည်းမှုကို ခံစားလိုက်ရပြီး အပြစ်မတင်ရက်တော့ပေ။ မရေမတွက်နိုင်အောက် ထိခိုက်ပြီးနောက် သူတို့က ဆက်လက်ရှင်သန်ရန်အတွက် ဆုံးဖြတ်ချက်ကို ခဲခဲယဥ်းယဥ်းချခဲ့ရ၏။ နန်ကုန်းရှု၊ စုယွမ်စသော လူငယ်များက သူ့အတိုင်း ဒေါသမီးလောင်ကျွမ်းနေသော်လည်း နတ်ဆိုးများကို သတ်ခြင်းအားဖြင့် မည်သည်ကိုမှ မရနိုင်ချေ။ နတ်ဆိုးတိုက်ကြီး၏ သန်းပေါင်း ရာချီနတ်ဆိုးများက သက်သက်လွတ်စားသူများ မဟုတ်သောကြောင့် အသာစီးရနေသောအခါ ခေါင်းငုံ့နေရန်မှတစ်ပါး ရွေးချယ်စရာ မရှိခဲ့ပေ။
နောက်ဆုံးတွင် ကံကြမ္မာကို ဆုံးဖြတ်နိုင်သည်မှာ အထက်ကျင့်ကြံသူများသာ ဖြစ်ပြီး သာမန်ကျင့်ကြံသူများမှာ ကစားပွဲတွင် အမြောက်စာသက်သက်ပင်။ ဤဓားကျင့်ကြံသူ တစ်သိန်းသည်လည်း ထိုးကျွေးခံရရန် စောင့်ကြည့်ခံနေရသည့် ပွန်းရုပ်များဖြစ်သောကြောင့် မည်သည်ကိုမှ မလုပ်နိုင်ပေ။ ယွမ်ရှောင်က ဤအချက်အားလုံးကို နားလည်သွားပြီး အောက်ခြေမှ ကျင့်ကြံသူများအတွက် သည်းခံခြင်းသည် သူတို့ရှင်သန်နိုင်ရန် တစ်ခုတည်းသော အခွင့်အရေးဖြစ်နေသည်။ သူတို့က ကိစ္စတိုင်း၌ မဆင်မခြင် ဒေါသနှင့် တုံ့ပြန်မိလျှင် မျိုးဆက်ပေါင်းများစွာကတည်းက ပျက်စီးသွားပေလိမ့်မည်။
ယွမ်ရှောင်က ခေါင်းမော့ကြည့်လိုက်သောအခါ ရွှေရောင်မျက်လုံး နတ်ဆိုး၊ နတ်ဆိုးသူတော်စင်ငယ်က သူတို့ကို စော်ကားနေဆဲပင်။ ၎င်း၏မျက်နှာ၌ ကျေနပ်အားရသော အပြုံးတစ်ခု ရှိနေပြီး သူ့ကို အားနည်းသူအဖြစ် ရှုမြင်နေခဲ့ပြီး နှုတ်သီးကောင်းလျှာပါး ရန်စောင်နေခြင်းဖြစ်၏။
"ယွမ်ရှောင်၊ ဓားဂူတွေဆီကို ပြန်သွားကြရအောင်"
စုလျန်လျန်က သူ၏လက်ကို ဆုပ်ကိုင်ရန် ကြိုးစားရင်း ညင်ညင်သာသာ ပြောလိုက်သည်။ မြန်ဆန်စွာ လှုပ်ရှား၍ ယွမ်ရှောင်က ရှောင်တိမ်းပြီး စုလျန်လျန်ကို အေးစက်စက် ပြန်ကြည့်လိုက်သောကြောင့်
သူမကို အံ့အားသင့်သွားစေသည်။
"လူတိုင်း"
ယွမ်ရှောင်က စုဝေးနေသော လူတစ်သိန်းရှေ့တွင် ရပ်လိုက်သဖြင့် ကျင့်ကြံသူ အများအပြားက အာရုံစိုက်လာကြသည်။
"ခုနက မင်းတို့ရဲ့ ကြင်နာမှုကြောင့် ငါက ဓားဂူကြီးသုံးခုကို တရားဝင် ဝင်ရောက်ခဲ့ပြီး မင်းတို့ထဲက တစ်ယောက်ဖြစ်လာတယ်"
ခဏတာ ရပ်တန့်ပြီး ယွမ်ရှောင်သည် အဘိုးဆွန်၊ နန်ကုန်းရှီနှင့် စုလျန်လျန်တို့ကို နက်နက်ရှိုင်းရှိုင်း ဦးညွှတ်ပြီး လေးနက်စွာ ကြေညာလိုက်၏။
"ဒါပေမယ့် ငါတို့ လမ်းကြောင်းက မတူတဲ့အတွက် ဒီအချိန်ကစပြီး ငါဟာ ဓားဂူကြီးသုံးခုက ထွက်ဖို့ ဆုံးဖြတ်လိုက်ပြီ။ ငါ့ကို သစ္စာဖောက်အဖြစ် သတ်မှတ်လိုက်ကြ"
ဓားကျင့်ကြံသူ တစ်သိန်းက အံ့အားသင့်တုန်လှုပ်နေစဥ် သူက ရှေ့သို့ တက်လာပြီး ကျယ်လောင်သော အသံနှင့် ဆက်ပြောသည်။
"အခုကနေစပြီး ငါ ဘာလုပ်လုပ်၊ ငါ ဘယ်သူ့ကို သတ်သတ် မင်းတို့နဲ့ မသက်ဆိုင်ဘူး။ငါက ဓားလမ်းစဉ်ကို ကျင့်ကြံပေမယ့် ငါ သစ္စာခံတာက ချန်ကောင်းကင်အိမ်တော်ကိုပဲ။ ငါက ကိုးကောင်းကင်အင်မော်တယ်တပ်မတော် ထိပ်တန်းခေါင်းဆောင်ချန်ရဲ့ သားမက်ကွ"
အဘိုးဆွန်၊ နန်ကုန်းရှီနှင့် စုလျန်လျန်တို့၏ မျက်လုံးများမှာ ထိုစကားကြောင့် မှေးမှိန်သွားသော်လည်း သူက အေးစက်စက်ပြုံးကာ အဆုံးသတ်လိုက်သည်။
"ငကြောက်တွေ မင်းတို့က ငါနဲ့ပူးပေါင်းဖို့ မထိုက်တန်ဘူး၊ မင်းတို့ ကိုင်ထားတဲ့ ဓားများနဲ့လည်း မထိုက်တန်ဘူး"
ထိုစကားများအား သူက ဓားဂူသုံးခုကို ပြဿနာအတွင်းမှ တွန်းထုတ်ရန် ရည်ရွယ်ချက်ရှိရှိ ပြောခဲ့ခြင်းဖြစ်ကာ ဓားတာအိုကျောက်တိုင်ထံ လှည့်ထွက်သွားခဲ့၏။
"ငါ့လမ်းကနေ ဖယ်"
ဓားကျင့်ကြံသူ တစ်သိန်းက ဤပုံရိပ်အတွက် တိတ်ဆိတ်စွာ လမ်းဖယ်ပေးလိုက်ကြသည်။
"သူက ဒီလို နာကျင်စရာ စကားကို ဘယ်လို ပြောထွက်ရတာလဲ"
စုယွမ်က သူမ၏ နှလုံးသားအနက်ရှိုင်းဆုံးနေရာမှ ခံရခက်နေဟန်ဖြင့် ညည်းညူလိုက်သည်။
"အပြင်လူတွေကြောင့် ငါတို့ကို သူက ပြဿနာမတက်စေချင်ဘူး"
နန်ကုန်းရှုက ယွမ်ရှောင်ကို စိုက်ကြည့်လိုက်ပြီး စိတ်အတွင်း၌ အလျင်အမြန် ပြေးလွှားကာ ရှေ့တိုးနေသော အဖြူရောင် ဝတ်စုံနှင့် လူငယ်၏ပုံရိပ်မှာ နက်နက်ရှိုင်းရှိုင်း စွဲထင်သွားပေသည်။ သူမက တုန်လှုပ်သွားပြီး အကြောင်းအရင်းကို နားလည်သွားဖြင့် လူငယ်ကို လှမ်းကြည့်လိုက်မိသည်။ နတ်ဆိုးများဖြစ်ဖြစ်၊ ကောင်းကင်နယ်ပယ်၏ ကျင့်ကြံသူများဖြစ်ဖြစ် လူတိုင်းက ယွမ်ရှောင်၏စကားကို ကြည်လင်ပြတ်သားစွာ ကြားလိုက်ကြသည်။ သူက ချန်မျိုးနွယ်စု၏ သားမက်ဖြစ်သောကြောင့် သူ၏ လုပ်ရပ်များက ဓားကျင့်ကြံသူများနှင့် လုံးဝမသက်ဆိုင်တော့ချေ။
"ဓားဂူတွေကို ဦးတည်ကြ"
အဘိုးဆွန်က သက်ပြင်းချ၍ အော်ဟစ်ပြီး အံတကြိတ်ကြိတ်နှင့် ဓားကျင့်ကြံသူ တစ်သိန်းကို အိမ်ပြန်ခေါ်သွားခဲ့သည်။ အဖြူရောင် ဝတ်စုံဝတ် လူငယ်၏ ခြေလှမ်းများက လမ်းလျှောက်ရာမှ ပြေးခြင်းသို့ ပြောင်းလဲသွားပြီး နောက်ဆုံး၌ ဓားပျံနှင့် ကောင်းကင်သို့ ရုတ်တရက် ပျံတက်သွားသည်။ အင်မော်တယ်ပြည်ထောင်က နတ်ဆိုးများကြောင့် ဓားကျင့်ကြံသူများကို သူတို့၏ ဓားများပေါ်မှာ မစီးနင်းရဟု အမိန့်ထုတ်ထားသော်လည်း သူက စီးနင်းရုံသာမက အဖြူရောင်အလင်းတန်းတစ်ခုပမာ နတ်ဆိုးအုပ်စုဆီ တည့်တည့်မတ်မတ် ဦးတည်နေ၏။ လူတစ်ယောက်တည်းက နတ်ဆိုးများကို ဆန့်ကျင်ပြီး တိုက်ခိုက်နေသည်မှာ ဓားကျင့်ကြံသူ လူတစ်သိန်းလုံး တစ်သက်တာ မှတ်မိသွားမည့် ပုံရိပ်တစ်ခူပင်ဖြစ်သည်။
"နောက်လှည့် မကြည့်နဲ့"
အဘိုးဆွန်က နောက်တစ်ကြိမ် အမိန့်ပေးလိုက်သည်။
"ဟုတ်ကဲ့"
သူတို့က လှည့်မကြည့်နိုင်သော်လည်း ကြားနိုင်စွမ်းတော့ ရှိပေသည်။
"ကိုးကောင်းကင်အင်မော်တယ်တပ်မတော် ချန်မျိုးနွယ်ရဲ့ သားမက်လား"
ရွှေရောင်မျက်လုံး နတ်ဆိုး၏ နောက်ပြောင်သော အမူအရာက အေးစက်တင်းမာသွားကာ အမွေးနက် မျောက်နတ်ဆိုးအုပ်စုတစ်က သူ့ပတ်လည်၌ စုဝေးပြီး သွားဖြဲပြနေကြသည်။ ယွမ်ရှောင်က သူတို့ရှေ့တွင် ရုတ်တရက် ဆင်းသက်လိုက်ရာ ဓားဝိညာဉ်က ဓားမြှောင်အဖြစ် ပြောင်းလဲသွားပြီး ဓားစက်ကွင်းလေးခုက တောက်ပစွာ ထွန်းလင်း၍ ဓားအော်ရာ အလွှာ ၁၈၀ က မျက်စိကျိန်းလောက်အောင် တောက်ပနေသည်။ ဓားစက်ကွင်းများကို မြင်လိုက်ရသောအခါ ရွှေရောင်မျက်လုံး နတ်ဆိုး၏ မျက်လုံးများက ဖြည်းဖြည်းချင်း တင်းမာလာပြီး အတွင်း၌ မီးတောက်များ လှုပ်ရှားနေသည်။
"သူ့ကို ဆုတ်ဖြဲလိုက်စမ်း"
သူက လက်ကို ဝှေ့ယမ်း၍ အေးစက်စက် အမိန့်ပေးလိုက်သောအခါ ယွမ်ရှောင်ကို လက်စားချေချင်နေသည့် အမွေးနက် မျောက်နတ်ဆိုးအုပ်စုသည် သတ်ဖြတ်ရန်ရည်ရွယ်ချက်နှင့် စူးရှစွာ အော်ဟစ်ပြီး လက်ကားယားခြေကားယားဖြင့် ရှေ့ကို ပြေးတက်လာကြသည်။
ယွမ်ရှောင်က ဓားကို တစ်ချက်ဝှေ့ယမ်းလိုက်သည်နှင့်တပြိုင်နက် လေထန်၍ မိုးကြိုးများ ပစ်ချလိုက်သည်။
လျှပ်ပြက်ဓားသိုင်း
နဂါးနယ်ပယ် ပြည့်စုံခြင်းအဆင့် ကျင့်ကြံခြင်းနှင့်အတူ ဓားအော်ရာ အလွှာ ၁၈၀ နှင့် ပေါင်းစပ်ထားသော ဓားသည် ကြမ်းတမ်းသော မျောက်နတ်ဆိုးများဆီသို့ ဝင်ရောက်သွားကာ မိုးကြိုးလျှပ်စီးဓားအဖြစ် ပြောင်းလဲသွားသည်။ လျှပ်စီးတစ်ချက်တွင် အသားစများ ကြောက်မက်ဖွယ် ပေါက်ကွဲသွားကာ တစ်စက္ကန့်အတွင်း မျောက်နတ်ဆိုး ဒါဇင်ပေါင်းများစွာသည် ထို ဓားအောက်၌ သူတို့၏သေမင်း နှင့် တွေ့ဆုံခဲ့ရပြီး သွေးနှင့် အသားစိမ်းများအဖြစ် သေဆုံးသွားရင်း နားကွဲမတတ်ကျယ်လောင်သည့် အော်သံများက တိုက်ကွက်၏ ကြောက်မက်ဖွယ်ကောင်းမှုကို ထင်ဟပ်နေသည်။
ဘန်း ဘန်း ဘန်း
သွေးနှင့် အသားစိမ်းအပိုင်းအစများက မိုးပမာ ရွာချပြီး ရွှေရောင်မျက်လုံး နတ်ဆိုး၏ခန္ဓာကိုယ်အနှံ့ ပက်ဖျန်းသွားကာ အနီရောင် စွန်းထင်းသွားခဲ့သည်။
" နဂါးဘုရင်နယ်ပယ်အဆင့် ကျင့်ကြံသူတစ်ယောက်က ဒီလောက် အင်အားကြီးလို့လား"
အင်မော်တယ်ပြည်ထောင်၏ ကျင့်ကြံသူများမှာ တုန်လှုပ်မှုနေကြပြီး နာမည်ကြီး ဓားဧကရာဇ်၏ အစွမ်းကို သဘောပေါက်ကုန်သည်။
"သူက နည်းနည်းတော့ သန်မာတယ်"
ရွှေရောင်မျက်လုံး နတ်ဆိုး၏မျက်နှာက ကြောက်မက်ဖွယ်ကောင်းစွာ ရုပ်ပျက်ဆင်းပျက်ဖြစ်သွားပြီး ခဏအတွင်း လူငယ်တစ်ယောက်အဖြစ်မှ နီရဲသော မျောက်ကြီးတစ်ကောင်အဖြစ် ပြောင်းလဲသွားသည်။ ကြွက်သားများက အပ်များပမာ ချွန်ထက်သော အမွေးအောက်မှ ဖောင်းကြွလာပြီး ထို ရွှေရောင်မျက်လုံးများတွက် ဒေါသမီးလျှံများ တောက်ပနေသည်။ အင်အားကြီးမားသော နတ်ဆိုးစွမ်းအင်က တုန်ခါနေပြီး နတ်ဆိုးသွေးကြောများက ကွေ့ကောက်နေသော ကြိုးများသဖွယ် အရေပြားအောက်၌ ထင်ရှားစွာ လှုပ်ရှားနေခဲ့သည်။
"အလယ်အဆင့် နတ်ဆိုးသွေးကြောနယ်ပယ်"
"သူက နောက်ပိုင်းအဆင့် အင်မော်တယ်သွေးကြောနယ်ပယ်ကိုတောင် တိုက်ခိုက်နိုင်တယ်။ ချန်မျိုးနွယ် သမက်က ကိုယ့်ကိုကိုယ် သတ်သေနေတာ မဟုတ်ဘူးလား"
ဓားကျင့်ကြံသူများ၏ နှလုံးသားထဲတွင် စိုးရိမ်ပူပန်မှုများ ဖြစ်တည်လာသည်။နတ်ဆိုးက ကြောက်စရာကောင်းသော အပြာရောင် မီးတောက်များ လောင်ကျွမ်းနေသည့် အမည်းရောင် ချပ်ဝတ်ကို ဝတ်ဆင်လိုက်၏။ ၎င်းက ဒဏ္ဍာရီလာ ဖုန်းဆိုးမြေချပ်ဝတ်ဖြစ်ကာ ပျက်စီးမှုအနှစ်သာရကို ဝတ်စုံထဲ၌ ထည့်သွင်းဖန်တီးထားသဖြင့် ကာကွယ်မှုကို မြှင့်တင်ပေးနိုင်သည့်အပြင် ခန္ဓာကိုယ်ကိုလည်း အားဖြည့်ပေးနိုင်သောကြောင့် အထက်တန်းလွှာ နတ်ဆိုးသတ္တဝါများသာ ပိုင်ဆိုင်သော ရတနာတစ်ခုဖြစ်သည်။ ထိုချပ်ဝတ်က စွမ်းအားကို ချဲ့ထွင်ပေးသောကြောင့် နတ်ဆိုးသူတော်စင်ငယ်က ပိုပြီး မထီမဲ့မြင်ပြုလာကာ နတ်ဆိုးစွမ်းအင်ကို ယွမ်ရှောင်ထံ သွေးနီရောင် မြူခိုးလှိုင်းများပမာ ဖန်တီးပို့လွှတ်ခဲ့သည်။
"ဓားကျင့်ကြံသူ၊ မင်းရဲ့အသက်က စက္ကူလို အားနည်းတယ်။ မင်းက ငါ့ကို ဘယ်လို ယှဉ်ပြိုင်နိုင်မှာလဲ"
ယွမ်ရှောင်က တိတ်ဆိတ်စွာ ရှိနေပြီး ဓားတာအိုကျောက်တိုင်အောက်တွင် သွေးစွန်းနေသော အရိပ်များ ဖုံးအုပ်ထားသော်လည်း အမှောင်ထဲ၌ မျက်ဝန်းများ တောက်ပလာခဲ့သည်။ ပြင်းထန်သော အရှိန်အဟုန်နှင့် သူသည် နတ်ဆိုးသူတော်စင်ငယ်ထံ တိုးဝင်သွားကာ ကောင်းကင်သင်္ချိုင်းဓားဝိညာဉ်က သုံးပေရှည်သော ဓားအဖြစ် ပြောင်းလဲသွားပြီး ဓားစက်ကွင်းများတွင် ရေ၊ မီး၊ လေနှင့် မိုးကြိုး ဒြပ်စင်များ ထုတ်လွှတ်ကာ လှည့်ပတ်နေသည်။
တားမြစ်ဓားသိုင်း ကိုးကောင်းကင်မိုးကြိုးဓားချက်
ယွမ်ရှောင်သည် သိုင်းကွက်အတွက် လိုအပ်သော ဂုဏ်သတ္တိများကို ပိုင်ဆိုင်ထားကာ ဓားသွားက မျက်စိဖြင့်မမြင်နိုင်လောက် မြန်သည်။ တစ်စက္ကန့်အတွင်း အဖြူရောင်ဝတ်စုံဝတ် ပုံရိပ်က နတ်ဆိုးသူတော်စင်ငယ်အနား ရောက်သွားသဖြင့် ရွှေရောင်မျက်လုံးများ ကျဥ်းသွားပြီး ယွမ်ရှောင်ကို တိုက်ရိုက်ပစ်မှတ်ထားသော မီးအလင်းနှစ်ခု ထွက်လာသည်။ ၎င်းက နတ်ဆိုးမှော်စွမ်းရည်ဖြစ်ကာ သူကိုယ်တိုင်လည်းတစ်ပြိုင်နက်တည်း တိုးဝင်သွားကာ လက်သီးဖြင့် အားကုန်ထိုးနှက်၍ နတ်ဆိုးစွမ်းအင်လှိုင်းများကို ထုတ်လွှတ်ကာ အရှိန်အဝါနှင့် ဖိအားပေးနေသည်။ ဤအင်အားပြသမှုက ပတ်ဝန်းကျင်မှ လူတိုင်းကို အံ့အားသင့်စေသည်။
"သေစမ်း"
နတ်ဆိုးသူတော်စင်ငယ်က အစွမ်းကုန်တိုက်ခိုက်လိုက်သော်လည်း ယွမ်ရှောင်၏ လျှပ်စီးဓားက မီးလျှံများကို ကျော်ဖြတ်လာခဲ့သည်။
နေလနတ်ဓားသိုင်း၊ လပြည့်ညရဲ့ လေညှင်း
မြန်ဆန်ပြင်းထန်သော ဓားသွားက ထူးဆန်းသော ထောင့်တစ်ခုမှ လျှပ်တပြက်ဝင်ရောက်လာကာ နတ်ဆိုးသူတော်စင်ငယ်၏ မျက်နှာနှင့် လက်မအနည်းငယ်အကွာတွင် ဖြတ်သန်းသွား၏။ သို့ရာတွင် ၎င်းက နတ်ဆိုးသူတော်စင်ငယ်၏ ပါးစပ်ကို လျှပ်ထိသွားပြီး လျှာတစ်ပိုင်းပြတ် နှင့် သွားအချို့ကို ပြတ်ထွက်သွားစေကာ သွေးများ နေရာ အနှံ့အပြား စင်သွားသောအခါ နာနာကျင်ကျင် အော်သံတစ်ခု ထွက်ပေါ်လာသည်။
နတ်ဆိုးသူတော်စင်ငယ်၏ ထိုးနှက်ချက်က ယွမ်ရှောင်ကို လုံးဝ လွဲချော်သွားပြီး မြေပြင်ပေါ်သို့ ကျရောက်ကာ မီးလောင်ကျွမ်းထားသော ကျင်းတစ်ခုကို ဖြစ်ပေါ်စေသည်။
"အား"
နာကျင်စွာ အော်ဟစ်နေသော နတ်ဆိုးသူတော်စင်ငယ်က လဲကျသွားပြီး မြေပြင်ပေါ်တွင် လူးလိမ့်နေသည်။ သူ၏ အရေပြားသည် လက်နက်အများစုကို ခံနိုင်ရည်ရှိသော်လည်း ဓားအော်ရာ အလွှာ ၁၈၀ဖြင့် စွမ်းအားပြည့်နှက်နေသော ကောင်းကင်သင်္ချိုင်းဓားဝိညာဉ်ကို လုံးဝ မခုခံနိုင်ပေ။
"အံ့သြစရာပဲ"
"သူက နတ်ဆိုးသူတော်စင်ငယ်ကို တကယ် ရိုက်နှက်နေတာလား"
ဓားကျင့်ကြံသူ တစ်သိန်းမှ အံ့အားသင့်သံများ ထွက်ပေါ်လာပြီး အများစုက မယုံနိုင်စွာ ခေါင်းလှည့်ကြည့်လိုက်ကြသည်။ ထိုအချိန်တွင် လူတိုင်းသည် ယွမ်ရှောင်က ကျွမ်းကျင်တတ်မြောက်ထားသော ဓားပညာနှင့် နတ်ဆိုးသူတော်စင်ငယ်ကို တစ်ချက်တည်းနှင့် အနိုင်ယူလိုက်သည်ကို မယုံနိုင်ဖြစ်နေကြ၏။ နတ်ဆိုးသူတော်စင်ငယ်၏ ပါးစပ်တွင် သွေးများ စီးကျနေကာ လူအုပ်ကြီး၏ အကြည့်များက ပြောင်းလဲသွားကာ ယွမ်ရှောင်ကို တစ်ဖန်ကြည့်လိုက်သောအခါ လေးစားမှုများ ဖြစ်တည်ကုန်သည်။
သို့သော် ယွမ်ရှောင်က ခဏပင် မရပ်တန့်ဘဲ လူသတ်လိုသော မျက်လုံးများနှင့် နတ်ဆိုးသူတော်စင်ငယ်ထံ နောက်တစ်ကြိမ် တိုးဝင်သွားသောအခါ တစ်ခုခုပူးကပ်ခံထားရသယောင် ဖြစ်နေသည်။
"ရပ်...ရပ်လိုက်"
နတ်ဆိုးသူတော်စင်ငယ်က အော်ဟစ်ပြီး သူ့၏ လျှာတစ်ဝက် ဖြတ်တောက်ခံထားရသောကြောင့် အသံမှာ ဗလုံးဗထွေးဖြစ်နေ၏။
" မင်းမှာ စကားပြောခွင့် မရှိဘူး မျောက်မသား"
ယွမ်ရှောင်က နတ်ဆိုးရှေ့မှာ လျှပ်တပြက် ပေါ်လာပြီး သူ့လက်ထဲမှ ဓားသွား လှုပ်ရှားသွားခဲ့သည်။
"မလုပ်နဲ့"
တစ်ဖက်လူမှာ နတ်ဆိုးသူတော်စင်၏ သားဖြစ်နေသောကြောင့် အဘိုးဆွန်နှင့် အခြားသူများက စိုးရိမ်တကြီး တားဆီးလိုက်ကြသည်။
"ငါ့ကို သတ်ရဲလား"
နတ်ဆိုးသူတော်စင်ငယ်က မျက်လုံးများမှ ရွှေရောင်မီးလျှံကို ယွမ်ရှောင်ထံ ပစ်လွှတ်ပြီး လက်သည်းရှည်ကြီးများနှင့် ခုတ်ဖြတ်လိုက်သည်။
ဝှစ်!
ဓားဝိညာဉ်က မီးလျှံကို ကျော်ဖြတ်၍ မျက်တောင်တစ်ခတ်အတွင်း ရန်သူထံ နောက်တစ်ကြိမ် ရောက်လာသည်။
"ဟား ဟား၊ မင်းကို မသတ်ရဲဘူးလို့ ထင်နေတာလား"
ယွမ်ရှောင်က တစ်ချက်ပြုံးလိုက်ပြီး လှုပ်ရှားလိုက်သောအခါ ဓားအလင်းတစ်ခုမှ နှစ်ဆယ်ကျော်အထိ များပြားလာကာ ဓားသွားပိုက်ကွန်တစ်ခုကို ဖန်တီးလိုက်သည်။ ထို့နောက် ဓားချက်များသည် ရန်သူ၏တစ်ကိုယ်လုံးကို ခြုံလွှမ်းသွားကာ ချွန်ထက်သော ဓားဖျားက သူ့၏ ချိုင်းအောက်မှ အဆုတ်သို့ တည့်တည့်မတ်မတ် ထိုးဖောက်ဝင်ရောက်သွားခဲ့သည်။
"ရပ်လိုက်။ ငါ အရှုံးပေးပါတယ်။ မိုက်မိုက်ကန်းကန်း မလုပ်နဲ့။ ငါသာ သေသွားရင် ပြဿနာကြီးကြီးမားမား ဖြစ်စေရမယ်"
မျောက်နတ်ဆိုးက နာကျင်မှုကြောင့် အက်ကွဲနေသော အသံဖြင့် ခြိမ်းခြောက်လိုက်သော်လည်း ယွမ်ရှောင် ဂရုမစိုက်ဟန်ဖြင့် ဓားနှင့် နောက်တစ်ကြိမ် ထိုးလိုက်သည်။ ကောင်းကင်သင်္ချိုင်းဓားဝိညာဉ်က နတ်ဆိုးသူတော်စင်ငယ်၏ ပါးစပ်မှတဆင့်တိုးဝင်ပြီး နောက်စေ့မှ ဖောက်ထွက်လာကာ သွေးစွန်းနေသည့် ဦးနှောက်အစများ စွဲငြိကပ်တွယ်နေသည်။
နတ်ဆိုးသူတော်စင်ငယ်၏ မျက်လုံးများက ချာချာလည်သွားပြီး ထိုအကြည့်တွင် တစ်ဖက်လူ၏ အနိုင်ယူခြင်းကို ခံရပြီး သေဆုံးသွားသောကြောင့် စိတ်ပျက်အားလျော့မှုနှင့် နောင်တများ ပြည့်နှက်နေကာ သေဆုံးချိန်၌ပင် ပွင့်နေဆဲဖြစ်၏။
ယွမ်ရှောင်က ဓားဝိညာဉ်ကို ဆွဲထုတ်လိုက်သောအခါ ဒုန်းဆိုသော အသံနှင့်အတူ မျောက်အလောင်းကြီးမှာ ဒူးထောက်ကျသွားသည်။ သူက ၎င်းကို ဓားဖြင့် သွေးအေးစွာ နုတ်နုတ်စင်းစင်းခဲ့ပြီး တုန်လှုပ်နေသော လူအုပ်ရှေ့တွင် ဓားဝိညာဉ်ကို နတ်ဆိုးအရိုးများထံ ထိုးသွင်း၍ ခြင်ဆီစွမ်းအားကို စုပ်ယူလိုက်သည်။ ထို့နောက် သူက သိုလှောင်အိတ်အတွင်းမှ အဝတ်အိတ်တစ်လုံးကို ထုတ်ယူကာ အလောင်းကို သွေးကျောက်အဖြစ် သန့်စင်ရန် သိမ်းယူလိုက်သဖြင့် ဓားစက်ကွင်းအဖြစ် အသွင်ပြောင်းပြီး ချိတ်ဆွဲထားရန် ရည်ရွယ်ကြောင်း သိသာနေခဲ့၏။ သူ၏ အဖြူရောင်ဝတ်စုံက သွေးများ စိုရွှဲနေကာ အဝတ်အိတ်ကို ပခုံးတွင်ထမ်း၍ ချန်ကောင်းကင်အိမ်တော်၏ ဦးတည်ရာသို့ နောက်လှည့်မကြည့်ဘဲ ထွက်လာလိုက်သည်။
ဓားကျင့်ကြံသူ တစ်သိန်းသည် သူ့ကို စိုက်ကြည့်ပြီး မျက်ရည်များ စီးကျနေသကဲ့ ပတ်ဝန်းကျင်မှ ကြည့်ရှုသူများက သက်ပြင်းကိုယ်စီချလိုက်မိကြလေသည်။
"ပြဿနာတော့ တက်ပြီ"