← Chapters

#အဆုံးမဲ့ပင်လယ်ဒေသ၊ မုန်တိုင်း#

Vol. 55 Ch. 778

#အဆုံးမဲ့ပင်လယ်ဒေသ၊ မုန်တိုင်း#

Vol. 55 Ch. 778

ဥပဒေစိုးမိုးရေးခန်းမကို ဦးဆောင်သည့် အကြီးအကဲလေးဦးသေဆုံးခြင်းဖြင့် ဟဲဟွမ်ဂိုဏ်း၏ ဆုံးရှုံးမှုတွေက မနည်းပေ။

ကဲမိန်၏အမူအရာက အလွန်အမင်း ကြည့်ရဆိုးနေပြီး ရှီဟုန်ရီအား ကြည့်နေသည်။ သူမရှီဟုန်ရီကို ဘယ်လိုပင် အလိုလိုက် ဂရုစိုက်ပါစေ၊ ဒီအခိုက်အတန့်၌ သူမအလွန်အမင်း ‌ဒေါသထွက်နေသည်။

"နင်ရန်စလိုက်တဲ့ သူတွေရဲ့နောက်မှာ ဘယ်သူတွေရှိလဲဆိုတာ သိလား"

ရှီဟုန်ရီ ကြက်သေသေသွားပြီး စိတ်ရှုပ်ထွေးစွာမေးသည်။

"သူတို့က ကောင်းကင်ပိုင်နက်ထဲမှာရှိပြီး မြင့်မြတ်အဆောင်ဂိုဏ်း တည်နေရာကိုတောင် မသိဘူးလေ၊ သူတို့နောက်က ဂိုဏ်းက ဘယ်လောက်ထိ အားကောင်းနိုင်လို့လဲ"

အံကြိတ်ရင်း ကဲမိန် ရှီဟုန်ရီထံ လက်ဖဝါးတစ်ချက် ပစ်လွှတ်လိုက်သည်။

ရှီဟုန်ရီ ချက်ချင်းပင် လေထဲသို့ လွင့်စင်သွား၏။ သူ့မျက်နှာ၌ သွေးနီရောင်လက်ချောင်းရာငါးချောင်း ပေါ်လာသည်။

ရှီဟုန်ရီ ကဲမိန်ကို မယုံနိုင်စွာ ကြည့်လိုက်မိသည်။

သူ့ဆရာက သူ့ကိုအရာတိုင်းတွင် ချစ်ခင်နှစ်သက်ပြီး အဆုံးမဲ့အလိုလိုက်ထားသည်။ သူ့ကိုအရင်းအမြစ်များကို ပေးထားသည်ကို မဆိုထားနဲ့၊ ကြီးမားသည့်အရာတစ်ခုခုကို ရန်စမိလျှင်ပင် သူမကသူ့ကို မတိုက်ခိုက်တတ်ပေ။

ဒါက ရှီဟုန်ရီ သူ့ဆရာဒီလောက်အထိ ဒေါသထွက်တာကို ပထမဆုံးမြင်ဖူးခြင်းပင်။

ကဲမိန်ဒေါသတကြီးအော်ဟစ်ဟည်။

"စွမ်းအားအများကြီးမရှိတာလား၊ ကောင်းကင်အင်မော်တယ်အဆင့် အဆောင်တစ်ခုကိုတောင် ချမှတ်နိုင်တဲ့ အဆောင်သခင်တစ်ယောက်ကို နင်က စွမ်းအားအများကြီး မရှိဘူးလို့ ပြောလိုက်တာလား"

"အလယ်အလတ်အဆင့်ကြယ်နယ်မြေတစ်ခုလုံးမှာ လူဘယ်နှစ်ယောက်ကများ ကောင်းကင်အင်မော်တယ်အဆင့်အဆောင်တွေကို ရေးထွင်းနိုင်လို့လဲ"

ကဲမိန်၏စကားလုံးများကို ကြားသောအခါ ရှီဟုန်ရီ ထိတ်လန့်တုန်လှုပ်သွား၏။

ကောင်းကင်အင်မော်တယ်အဆင့်အဆောင်သခင်!

ဒီလိုစွမ်းရည်ရှိသောသူများက မြင့်မြတ်အဆောင်ဂိုဏ်းကဖြစ်ပြီး အဆောင်မျှော်စင်သခင်က သူတို့ထဲက တစ်ယောက်ဖြစ်သည်။

အခြေခံအုတ်မြစ်၌ဖြစ်စေ၊ ခွန်အားအရာ၌ဖြစ်စေ ဒီလိုလူမျိုးက အလွန်အမင်း ကြောက်စရာကောင်းသည်။

ကဲမိန်သို့မဟုတ် ကောင်းကင်အင်မော်တယ်နောက်ပိုင်းအဆင့် စွမ်းအားရှင်တစ်ယောက်ပင်လျှင် သူတို့ကို အလွယ်တကူ ရန်မစရဲကြပေ။

ကောင်းကင်အင်မော်တယ်အဆင့် အဆောင်သခင်တစ်ယောက်က ဘာကိုကိုယ်စားပြုသလဲဆိုတာ သူတို့ကောင်းကောင်းသိကြပါသည်။

ကဲမိန်အသက်ပြင်းပြင်းရှုသည်။

"ဒါကိုနင်ထပ်ပြီး ဂရုစိုက်နေစရာမလိုတော့ဘူး"

ရှီဟုန်ရီ၏ မျက်နှာက မည်းမှောင်သွားသော်လည်း သူဘာမှမပြောတော့ဘဲ ခေါင်းညိတ်ကာ ကဲမိန်အား ဦးညွတ်ရင်း ထွက်သွားလေတော့သည်။

ကောင်းကင်အင်မော်တယ်အဆောင်သခင် တစ်ဦးကသာ ဟဲဟွမ်ဂိုဏ်းကို တိုက်ခိုက်လာပါက ဒါက ဂိုဏ်းအတွက် ကြီးမားသည့် ရိုက်ခတ်မှုတစ်ခုပေတည်း။

ရှီဟုန်ရီထွက်သွားပြီးနောက် ကဲမိန်နောက်တွင် ကျောအနည်းငယ်ကုန်းနေသည့် အဖွားအိုတစ်ဦး တိတ်တဆိတ် ပေါ်လာခဲ့သည်။

"ဂိုဏ်းချုပ်၊ ရှီဟုန်ရီအတွက် တကယ်ပဲ တရားမျှတမှုကို မရှာတော့ဘူးလား"

"သူကဂိုဏ်းချုပ်ရဲ့သားလေ....."

မှန်ပေသည်။ ရှီဟုန်ရီက ကဲမိန်၏သွေးသားဖြစ်သည်။ ကဲမိန်ကိုယ်တိုင်နှင့် အဖွားအိုမှလွဲ၍ ဒါကိုဘယ်သူမှမသိကြပါ။

မဟုတ်ပါက ဂိုဏ်းချုပ်က မည်သည့်အတွက်ကြောင့် ရှီဟုန်ရီအပေါ် အရမ်းအလိုလိုက်နေရမည်နည်း။

ထိပ်တန်းအရင်းအမြစ်များကိုပင် ရှီဟုန်ရီအား ဦးစားပေးပေးထားသည်။

သူအပြင်တွင် ပြဿာနာဖြစ်စေသောအခါ ဂိုဏ်းချုပ်ကိုယ်တိုင် ဖိနှိပ်ပေးသည်။

ဂိုဏ်းထဲကလူအများစုက ရှီဟုန်ရီက အတော်လေးပါရမီရှိသဖြင့်သာ ဂိုဏ်းချုပ် အရမ်းအလိုလိုက်နေခြင်းဖြစ်သည်ဟု တွေးကြသည်။

သို့စေကာမူ ဒီလိုကိုယ်ပိုင်လက္ခဏာ တစ်ခုရှိလိမ့်မည်ဟု သူတို့မည်သို့ထင်မည်နည်း။

ဒါကိုကြားသောအခါ ကဲမိန်၏ မျက်နှာက မည်းမှောင်သွား၏။

"တစ်ဘက်လူက အဆောင်မျှော်စင်သခင်၊ မြင့်မြတ်အဆောင်ဂိုဏ်းချုပ်၊ ဒါမှမဟုတ် အဲဒီအဖိုးကြီးသုံးယောက်ဖြစ်ရမယ်"

"ဘယ်သူပဲဖြစ်စေ၊ သူတို့က ဟဲဟွမ်ဂိုဏ်းထိပ်တိုက်ရင်ဆိုင်နိုင်တဲ့ အင်အားစုတွေမဟုတ်ဘူး"

အဖွားအို တစ်ခဏမျှတုံ့ဆိုင်းနေသည်။

"ချီရှာဒေါင်နဲ့ အလုပ်လုပ်ကြမယ်ဆိုရင်ရော"

ကဲမိန်၏မျက်လုံးများက တုန်ယင်သွား၏။

ချီရှာဒေါင်နှင့်ငရဲဂိုဏ်းနှင့် ပူးပေါင်းခြင်းက ကျားတစ်ကောင်အား အရေပြားကို တောင်းခံနေသည်နှင့်တူနေသည်မှာ သံသယမရှိပေ။

"ငါ...ဒီအကြောင်းကိုစဥ်းစားလိုက်မယ်"

အဖွားအိုက အနည်းငယ်ခေါင်းညိတ်သည်။ ထို့နောက်တစ္ဆေပမာ ထိုနေရာကနေ တိတ်တဆိတ် ပျောက်ကွယ်သွား၏။

တခြားတစ်ဘက်တွင် ပင်လယ်ပြင်၌ ပင်လယ်ရေမျက်နှာပြင်က အတော်လေး တည်ငြိမ်နေပြီး ကြည့်လိုက်ပါက အပြာရောင်အဆင်းရှိနေသည်။

ပင်လယ်ရေမျက်နှာပြင်က အဆုံးမရှိတော့သည့်အလား ကောင်းကင်ထိပင် ဆက်စပ်နေသည်။

ပင်လယ်မျက်နှာပြင်၌ ဝေလငါးကြီးများက ရံဖန်ရံခါခုန်ထွက်ပြီး ငါးကလေးများကို ကိုက်စားနေကြသည်။

သို့စေကာမူ ဝေလငါးကျဆင်းလာသောအခါ ကြောက်ခမန်းလိလိအော်ရာကို ထုတ်လွှတ်နေသာ ပိုကြီးမားသည့် နတ်ဆိုးဝေလငါး၏ ဆုတ်ဖြဲခြင်းကို ခံရသည်။

အပြင်ပန်းအားဖြင့် တည်ငြိမ်နေပုံရသည့် ပင်လယ်ရေမျက်နှာပြင်က ရေစီးကြောင်းများနှင့်အတူ အမှန်တကယ် မြင့်တက်နေသည်။

ဒီနေရာကို အလယ်အလတ်အဆင့်ကြယ်နယ်မြေက လူတိုင်းလိုလိုသိကြသည်။

သို့စေကာမူ မည်သူကမှ အဆုံးမဲ့ပင်လယ်ဒေသ၏ အနက်ရှိုင်းဆုံးထဲကို မ၀င်ရဲကြ။

အဆုံးမဲ့ပင်လယ်ဒေသ!

အန္တရာယ်က နေရာတိုင်းတွင်ပုန်းနေသည်။

လှမ်းလိုက်သည့်ခြေလှမ်းတိုင်းက သေခြင်းတရား၏ အဆုံးသတ်ဆီကို ဦးတည်သွားစေနိုင်သည်။

ကောင်းကင်အင်မော်တယ် အထွတ်အထိပ်အဆင့် ကျွမ်းကျင်သူတစ်ဦးပင်လျှင် ၀င်ပြီးနောက် ထွက်လာနိုင်မည်မဟုတ်ဘဲ ဒီပင်လယ်၌ ထာ၀ရပျောက်ကွယ်သွားရပေလိမ့်မည်။

အခွင့်အလမ်းများက အကျပ်အတည်းများနှင့် အတူတကွတည်ရှိနေသော်လည်း ရရှိရန်အတွက် အသက်ရှင်ရန်လိုအပ်သည်။

ထို့ကြောင့် အစကနေလက်ရှိအထိ အဆုံးမဲ့ပင်လယ်ဒေသတွင် ငရဲဂိုဏ်းတစ်ဂိုဏ်းတည်းသာ တည်ရှိသည်။

ဒါကအစသာဖြစ်‌သည့်တိုင် ပုန်းကွယ်နေသည့် သတ်ဖြတ်ခြင်းဆန္ဒတစ်ခုရှိသည်။ ထိုအခိုက်အတန့်၌ အဆုံးမဲ့ပင်လယ်ဒေသ၏ အနက်ဆုံးအပိုင်းက ပင်လယ်အထက်၌ လေဟာနယ်ထဲတွင် အက်ကွဲသံတစ်ခုရှိနေသည်။

ဧရာမအက်ကြောင်းများက ပင်လယ်အထက်တွင် ဆက်လက်ကျယ်ပြန့်နေသည်။

တစ်ခဏအကြာတွင် ယှဉ်၍မရနိုင်သည့် အစွမ်းထက်အော်ရာအမျှင်တန်းများက အက်ကြောင်းကနေ စီးထွက်လာသည်။

ဒါက ပတ်၀န်းကျင်အား မုန်တိုင်းပမာ ထိုးတက်လာစေသည်။

တည်ငြိမ်နေပုံပေါ်သည့် အဆုံးမဲ့ပင်လယ်ဒေသကလည်း ထိုအခိုက်အတန့်၌ မငြိမ်မသက်ဖြစ်နေသည်။

ပင်လယ်ရေမျက်နှာပြင်ထက်တွင် အမဲလိုက်နေသည့် ဧရာမနတ်ဆိုးဝေလငါးမှာလည်း ဒီအော်ရာကိုခံမိစားသည်။ ၎င်း၏ မျက်သူငယ်က အဆက်မပြတ် တုန်ယင်နေပြီး ကြောက်ရွှံ့သည့် အကြည့်ကို ပြသသည်။

ထို့နောက် အမြီးကိုလှုပ်ယမ်းရင်း အနက်ပိုင်းသို့ ချက်ချင်းပြေးဆင်းသွား၏။

တစ်ခဏအကြာတွင် နတ်ဆိုးနက်ချီနှင့် ရစ်ပတ်နေသည့် ပုံရိပ်များက အက်ကြောင်းကနေ ပေါ်လာသည်။

ထိုနေရာ၌ လူကိုးယောက်ရှိသည်။

"ဒါက အလယ်အလတ်အဆင့် ကြယ်နယ်မြေလို့ ခေါ်တဲ့နေရာလား"

လူရှည်တစ်ယောက်က မျက်မှောင်ကြုတ်ရင်း လှည့်ကြည့်လိုက်သည်။

"ဝိဉာဉ်ချီက အရမ်းစုတ်ချာနေတာပဲ၊ အဲဒီလူက ဘယ်လိုလုပ် ဒီလိုခေါင်ပါးတဲ့ နေရာမျိုးမှာ ရှိနေရတာလဲ"

ကြမ်းတမ်းသည့် အသွင်ရှိသည့် အမျိုးသမီးက အေးစက်စွာ ရယ်မောသည်။

"နင့်မှာမေးခွန်းတွေရှိနေတယ်ဆိုရင် နတ်ဆိုးအရှင်ကို သွားမေးလိုက်လေ"

ခေါင်း၌ချိုနှစ်ချောင်းရှိသည့် နောက်တစ်ယောက်က တည်ငြိမ်စွာပြောသည်။

"အထက်က အော်ရာက ဒီကြယ်နယ်မြေမှာ ပေါ်လာတာလို့ပြောခဲ့တယ်"

"အရှိန်မြှင့်ပြီး ရှာကြရအောင်၊ ငါဒီလို ခေါင်ပါးတဲ့နေရာမျိုးမှာ တစ်ခဏလေးတောင် ထပ်မနေချင်တော့ဘူး"

တစ်ယောက်က နှာခေါင်းကိုဖုံးရင်း အလွန်အမင်း အထင်အမြင်သေးစွာပြောသည်။

"ဘာလို့ငါတို့ကိုပဲ ပို့ရတာလဲ၊ ဒါကအချိန်ဖြုန်းတာပဲမလား"

"အချိန်ဖြုန်းတာ" ကြမ်းတမ်းသည့် အမျိုးသမီးက ထိုလူကို စိုက်ကြည့်ရင်း နှာခေါင်းရှုံ့သည်။

"ဘာလို့ ကြီးကြပ်ရေးဗိမာန်နဲ့ နင်မညှိုနှိုင်းရတာလဲ"

ဒါကိုကြားသောအခါ ထိုလူ၏ အမူအရာက အေးခဲသွား၏။

"ကောင်းပြီ၊ ငြင်းနေတာရပ်တော့၊ ဒေသတွင်းတပ်ဖွဲ့တစ်ခုကို အရင်ရှာကြရအောင်၊ ငါတို့ကိုးယောက်လုံး ရောက်တတ်ရာရာ ရှာနေမယ်ဆိုရင် ဒါက အချိန်အရမ်းကုန်လိမ့်မယ်"

ထို့နောက် ကိုးယောက်စလုံး တစ်ဘက်သို့ ပျံသန်းသွားကြ၏။

သို့စေကာမူ အက်ကြောင်းက အချိန်အတော်ကြာ မပျောက်ကွယ်သွားခဲ့ပေ။

၎င်းက ထုတ်လွှတ်သည့်အော်ရာက အဆုံးမဲ့ပင်လယ်ဒေသကို အဆက်မပြတ် မုန်တိုင်းများ ထန်စေသည်။

တည်ငြိမ်နေသည့် ပင်လယ်ပြင်၌ မုန်တိုင်းထန်နေသည့် လှိုင်းများက ကောင်းကင်ကို လှန်ပစ်သည့်အလားပင်။

ကောင်းကင်ပြာမြစ်ဝါနန်းတော်!

ဒီနေရာက ဘယ်မှာလဲဆိုတာ မသိရသော်လည်း ပတ်ပတ်လည်က အဝါရောင်စမ်း၏ သေခြင်း‌စွမ်းအင်ဖြင့် ပြည့်နှက်နေသည်။

ခြောက်သွေ့နေသည့်သစ်ပင်များနှင့်အတူ မြက်ပင်တစ်ပင်လေးပင် မပေါက်ဘဲ ကောင်းကင်ပင်လျှင် မှိန်နေသည်။

"ကွေ့ကောရင်၊ အခြေအနေတွေဘယ်လိုရှိလဲ"

ကွေ့ကောရင် အဝါရင့်ရောင်၀တ်ရုံနှင့် ဖုံးထားသည့် ပုံရိပ်ကို ကြည့်ရင်း လေးစားစွာပြောသည်။

"ကျွန်တော် ချီရှာဒေါင်နဲ့ သဘောတူညီမှု ရယူပြီးပါပြီ"

ထိုပုံရိပ်က အနည်းငယ်ခေါင်းညိတ်သည်။

"မြန်မြန်လုပ်၊ ငါတို့မှာ အချိန်သိပ်မကျန်တော့ဘူး"

ကွေ့ကောရင်ခေါင်းညိတ်သည်။

"ကျွန်တော်အရှိန်မြှင့်လိုက်ပါမယ်၊ ဒီတော့ ကျေးဇူးပြုပြီး လူတွေပိုစေလွှတ်ပေးပါ"

ထိုပုံရိပ်က တစ်ခဏမျှ စဉ်းစားပြီးနောက် သူ့၀တ်ရုံက အနည်းငယ်လှုပ်ရှားသွားပြီး သေခြင်းသစ်သားကနေ ထွင်းထုထားသည့် သစ်သားတုံကင်တစ်ခုကို ပစ်ပေးသည်။

"ဒါကိုယူလိုက်၊ အကြီးအကဲနဲ့ တပည့်တွေကို မင်းဆန္ဒရှိသလို သုံးလို့ရတယ်....."

အပိုင်း(779) coming။

All Chapters