#ပစ်မှတ်ပေါ်လာခြင်း#
Vol. 55 Ch. 783
များသောအားဖြင့် လျှို့ဝှက်နယ်မြေ သို့မဟုတ် အမွေအနှစ်မြေတစ်ခုပေါ်လာသည့် အခိုက်အတန့်၌ အပြင်ပတွင် မရေမတွက်နိုင်လောက်သည့် ကုန်သည်များ၊ စားသောက်ဆိုင်များနှင့် တည်းခိုခန်းများရှိမည်သာ။
ယခုလိုအခြေအနေများအောက်တွင် ဆေးလုံးများနှင့် အဆောင်များသုံးစွဲမှုကလည်း မြင့်မားသည်။ မြင့်မြတ်အဆောင်ဂိုဏ်းပင်လျှင် ဒီနေရာ၌ အဆောင်များကို ထောက်ပံ့ပေးရန်အတွက် နေရာတစ်ခုရယူထားသည်။ သို့စေကာမူ မြင့်မြတ်အဆောင်ဂိုဏ်း၏ အဆောင်များကို လဲလှယ်ရောင်း၀ယ်ရေးပစ္စည်းများအတွက်သာ လဲလှယ်နိုင်သည်။
တစ်ချိန်တည်းမှာပင် ဒါက အားပြန်ဖြည့်ရန်နှင့် သတင်းအချက်အလက်များ စီးဆင်းရန်အတွက် နေရာတစ်ခုလည်းဖြစ်သည်။
စားသောက်ဆိုင်တစ်ခုထဲတွင် ယဲ့ချိုးပိုင်၊ ဟုန်ရင်၊ နင်းချန်ရှင်း၊ ရှောင်ဟိုင်၊ ရှီရှန်း၊ မုဖူရှန်းနှင့် မု၀မ်အာတို့ရှိနေကြသည်။
ယဲ့ချိုးပိုင်၊ ရှောင်ဟိုင်နှင့် မုဖူရှန်းတို့က ကောင်းကင်ဘုံဓားတောင်ထိပ်ဂိုဏ်း၊ မြင့်မြတ်အဆောင်ဂိုဏ်းတို့နှင့် မတွေ့ဆုံဘဲ ယင်းအစား ဟုန်ရင်တို့နှင့်အတူ လှုပ်ရှားရန်သာ ရွေးချယ်ခဲ့ကြ၏။
သတင်းအချက်အလက်များ စီးဆင်းသည့်စားသောက်ဆိုင်၌ သူတို့ဟင်းပွဲအနည်းငယ်နှင့် သေရည်အနည်းငယ်မှာပြီး ဘေးကစကားများကို နားထောင်ရင်း ဒီဟင်းပွဲက သူတို့လက်ရာလောက် မကောင်းသလို ဝိုင်ကဘည်း သူတို့ဆရာ၏ဝိုင်ဖြူလောက် မပြင်းဟု ညည်းညူနေကြသည်။
"တကယ်တော့ အဆုံးမဲ့ပင်လယ်ဒေသမှာ အခွင့်အရေးတွေအများကြီးရှိတယ်၊ လူအများကြီးက ရခဲ့ကြပြီးတော့ သူတို့ခွန်အားတွေကလည်း အကြီးအမား တိုးတက်လာခဲ့ကြတယ်"
"ဟုတ်တယ်၊ အဲဒီရှင်းပြလို့မရနိုင်တဲ့ အာကာသမုန်တိုင်းကြောင့်သာ မဟုတ်ဘူးဆိုရင် အဆုံးမဲ့ပင်လယ်ဒေသရဲ့ ဒီရတနာတောင်က တကယ်ကိုအားကိုးရာမဲ့ ဖြစ်နေဦးမှာ"
"ဒါပေမယ့် ငရဲဂိုဏ်းနဲ့ ချီရှာဒေါင်ကလည်း အဆုံးမဲ့ပင်လယ်ဒေသမှာရှိနေတယ်လို့ ငါကြားခဲ့တယ်....."
ဒါကိုကြားသောအခါ ပတ်၀န်းကျင်က လူများက တစ်ခဏမျှ တိတ်ဆိတ်သွားကြ၏။
သူတို့မျက်နှာများက လေးလံနေကြပြီး တစ်ချို့မျက်လုံးများကမူ တုန်ယင်နေသည်။
သူတို့က ငရဲဂိုဏ်းနှင့် ချီရှာဒေါင်ဆိုသော စကားလုံးများကို အတော်လေးကြောက်ကြသည်။
"ဟုတ်တယ်၊ ဒါပေမယ့် ဒါက တစ်ခါက ငရဲဂိုဏ်းနဲ့ အာဃာတရှိပြီး ငရဲဂိုဏ်းကို ဝိုင်းရံမှုမှာ ပါ၀င်ခဲ့ကြတဲ့ အင်အားစုတွေအတွက်ပဲ"
"တစ်နည်းပြောရရင် အဲဒီအချိန်က ငရဲဂိုဏ်းကို ဝိုင်းရံမှုမှာ မပါ၀င်ခဲ့တဲ့ ဂိုဏ်းတွေက ငရဲဂိုဏ်းရဲ့ လက်စားချေမှုအတွက် ပူပန်နေစရာမလိုဘူး"
"ဒီလိုပြောလို့ရတယ်ဆိုပေမယ့် ငါတို့သတိပေါ့လျော့ထားလို့လည်းမရဘူး"
ဒါကိုကြားသောအခါ လူတိုင်းထိတ်လန့်သွားကြ၏။
ဟုန်ရင်ပြောသည်။
"ကြည့်ရတာ ငရဲဂိုဏ်းနဲ့ချီရှာဒေါင်က အတော်လေးပါးနပ်ပုံပဲ"
"ဘာလို့ဒီလိုပြောရတာလဲ" ရှီရှန်းလှမ်းကြည့်လိုက်သည်။
ဟုန်ရင်အပြုံးဖြင့်ရှင်းပြသည်။
"သတင်းအချက်အလက်တွေအရဆိုရင် ငရဲဂိုဏ်းက ခွန်အားကိုပြန်မရသေးဘူးလေ"
"အရင်က သူတို့က အလယ်အလတ်အဆင့်ကြယ်နယ်မြေက ထိပ်တန်းဂိုဏ်းတွေပဲ၊ တကယ်လို့ သူတို့သာခွန်အားကို အရမ်းကြီးဖုံးထားပြီး ငရဲဂိုဏ်းပြန်လည်မွေးဖွားလာတာကို လူတိုင်းရှာတွေ့သွားတဲ့အချိန်အထိ ဘာမှမလုပ်ဘဲ ခွန်အားကို ပြန်ကောင်းမွန်အောင် လုပ်ဖို့သာ အာရုံစိုက်ထားမယ်ဆိုရင် တောင်ပေါ်ထိုင်ပြီး ကျားတွေတိုက်ခိုက်တာကို စောင့်ကြည့်နေကြတဲ့ တစ်ခြားဂိုဏ်းတွေရဲ့ အထင်အမြင်သေးခြင်းကို သေချာပေါက် ခံရလိမ့်မယ်၊ အဲဒီကနေ သူတို့မိစ္ဆာသုတ်သင်မဟာမိတ်ကို၀င်ပြီး ဒီလျှို့ဝှက်ပြဿာနာကို လုံး၀သုတ်သင်ပစ်ကြလိမ့်မယ်"
"ဒါပေမယ့် သူတို့က အရမ်းလွန်ကဲပြီး မောက်မောက်မာမာ မလုပ်ကြဘူး"
"တစ်နည်းပြောရရင် အရင်ဝိုင်းရံမှုမှာ ပါ၀င်ခဲ့တဲ့ ဂိုဏ်းတွေကိုပဲ သူတို့သတ်ဖြတ်ဖို့အတွက် ရွေးချယ်ကြတယ်၊ တစ်ခြားဂိုဏ်းတွေကိုတော့ ထိတောင်မထိဘူး"
"ဒါက တစ်ခြားဂိုဏ်းတွေကို သူတို့အကြား အာဃာတအများကြီးမရှိသလို ငရဲဂိုဏ်းမှာ ခွန်အားရှိရင်တောင် သူတို့ကို ခြိမ်းခြောက်မှာ မဟုတ်ဘူးလို့ နားလည်စေတယ်၊ ဒါကြောင့် သူတို့ဆက်လက်ကြည့်ရှုဖို့ ရွေးချယ်ကြပြီး အခြေအနေရပ်ထဲ အလွယ်တကူ ၀င်မှာမဟုတ်ဘူး"
"ဒါကငရဲဂိုဏ်းအတွက် အားဖြည့်ဖို့ လုံလောက်တဲ့အချိန်ကို ၀ယ်ယူနိုင်ရုံတင်မက လျှော့တွက်လို့လည်းမရဘူး"
ယဲ့ချိုးပိုင် သူမအား ကွဲပြားသည့်အမြင်ဖြင့် ကြည့်သည်။
"မဆိုးဘူးညီမလေး၊ မင်းက ဒီသတင်းအချက်အလက်လေးနဲ့တင် အများကြီးကို စိစစ်ပိုင်းခြားနိုင်တာပဲ"
မုဖူရှန်းကလည်း လက်မထောင်ပြရင်း ချီးကျူးသည်။
"အစ်မကြီးကအစ်မကြီးပါပဲ၊ အရမ်းဉာဏ်ကောင်းလွန်းတယ်"
ဒုတိယအစ်မကြီးက သူတို့ထဲတွင် အစ်ကိုကြီးကို ထိန်းချုပ်နိုင်သလို ဒုက္ခပေးနိုင်သည့် တစ်ဦးတည်းသောသူပင်။
ဒီကနေ မြင်နိုင်တာက.....!
အစ်ကိုကြီးကတော့ ဟားဟားပဲရမယ်!
ဒုတိယအစ်မကတော့ နတ်ဘုရားမတစ်ပါးပဲ!
ထို့ကြောင့် မုဖူရှန်း ဒုတိယအစ်မကြီးနှင့် ပေါင်းသင်းဆက်ဆံရန် ဆုံးဖြတ်လိုက်သည်။
သို့စေကာမူ စားပွဲပေါ်က နောက်ထပ်စာသားက အစား၌နစ်မြှုပ်ထားသည့် ရှောင်ဟိုင်ကို ရုတ်တရက် စားနေခြင်းကနေ ရပ်သွားစေသည်။
"ငရဲဂိုဏ်းနဲ့အတော်လေးနီးစပ်နဲ့ လျှို့ဝှက်ဆန်းကြယ်တဲ့ လူတစ်ချို့လည်း ရှိတယ်လို့ ငါကြားခဲ့တယ်၊ အဲဒီလူတွေကို ငါတစ်ခါမှ မကြားဖူးဘူး"
ဒါကို လျှို့ဝှက်ဂိုဏ်းတစ်ဂိုဏ်း၏ တပည့်တစ်ဦးက ပြောလိုက်ခြင်းပင်။
"ဆန်းကြယ်တာ၊ မင်းတောင်မကြားဖူးဘူးလား"
လျှို့ဝှက်ဂိုဏ်း၏တပည့်က ခေါင်းညိတ်သည်။
"သူတို့သရုပ်ဖော်ချက်အရဆိုရင် ဒီလူတွေက အနက်ရောင်တိုက်ပွဲ၀တ်ရုံကို ၀တ်ဆင်ထားကြတယ်၊ သူတို့ကိုယ်ထဲက အော်ရာက မှော်သားရဲတွေနဲ့ တူညီတဲ့ရင်းမြစ်တစ်ခုတည်းကနေ လာပုံရပေမယ့် မှော်သားရဲတွေရဲ့ အော်ရာထက် ပိုပြီးလွှမ်းမိုးနိုင်စွမ်းရှိတယ်"
"သူတို့ကတစ်ခုခုကိုရှာနေကြပုံပဲ"
ဆန်းကြယ်လူတွေလား၊ သူတို့အော်ရာက မှော်သားရဲတွေနဲ့ တူညီတဲ့အရင်းအမြစ်ကနေ လာတာလား၊ တစ်ခုခုကို ရှာနေပုံရတာလား!
ဒီသတင်းအချက်အလက်အားလုံးကို ဆက်စပ်ကြည့်ပြီးနောက်တွင် ရှောင်ဟိုင်၏ မျက်လုံးများ၌ ပြင်းထန်ကြမ်းကြုတ်သည့် အလင်းနှင့်အတူ သတ်ဖြတ်ခြင်းဆန္ဒက ဖြည်းဖြည်းချင်းပေါ်လာသည်။
"ဘာမှားနေလို့လဲ" ရှောင်ဟိုင်၏ ပုံမမှန်မှုကိုခံစားရသောအခါ ယဲ့ချိုးပိုင် မျက်မှောင်ကြုတ်ရင်း မေးသည်။
ရှောင်ဟိုင်၏မျက်နှာက မည်းမှောင်သွား၏။
"အရင်က ကျွန်တော်သေမင်းဝိဉာဉ်မြို့က ဝိဉာဉ်အပိုင်းအစကို စုပ်ယူပြီးတဲ့အခါကျရင် ကျွန်တော့်အော်ရာက အရမ်းအားကောင်းသွားလိမ့်မယ်လို့ ကျေးရွာခေါင်းဆောင်ပြောခဲ့တယ်၊ အဲဒီသူပုန်တွေက ကျွန်တော့်အော်ရာကို ခံစားကောင်းခံစားနိုင်ပြီး အဆင့်နိမ့်နယ်မြေမှာ လာရှာနိုင်တယ်"
ယဲ့ချိုးပိုင်၏ အမူအရာကလည်း အနည်းငယ် မည်းမှောင်သွားခဲ့သည်။
"အဲဒီလူတွေကို နတ်ဆိုးဘုရင်ပိုင်နက်က သစ္စာဖောက်တွေ စေလွှတ်လိုက်တာလို့ မင်းပြောချင်တာလား"
ရှောင်ဟိုင်ခေါင်းညိတ်သည်။
ဟုန်ရင်၏ အမူအရာကလည်း အနည်းငယ်လေးနက်သွားပြီး လေးနက်စွာပြောသည်။
"ကြည့်ရတာ သူတို့ပူးပေါင်းဆောင်ရွက်ဖို့အတွက် ငရဲဂိုဏ်းကို တွေ့သွားခဲ့ပြီး နင့်တည်နေရာကို ရှာချင်နေတာဖြစ်မယ်"
"ဒီကာလအတောအတွင်း နင့်ရဲ့သွေးကြောစွမ်းအားကို ထပ်မသုံးနဲ့တော့၊ ပြီးတော့ နင့်အော်ရာကို မရှာတွေ့နိုင်အောင် ထိန်းချုပ်ဖို့အတွက် အကောင်းဆုံးကြိုးစား"
ဒါကိုကြားသောအခါ ရှောင်ဟိုင် သဘောတူသည့်အသွင် ခေါင်းညိတ်သည်။
မည်သို့ပင်ဆိုစေကာမူ သူ့လက်ရှိခွန်အားနှင့် သူကထိုသူပုန်များ၏ ပြိုင်ဘက်မဟုတ်။
မုဖူရှန်းဒါကိုကြားသောအခါ နှုတ်ဆိတ်နေခဲ့ပြီး ကျောက်စိမ်းဆွဲသီးကနေတဆင့် ထာ၀ရသက်တမ်းကမ္ဘာသို့ သတင်းစကားတစ်ခု ပို့လိုက်သည်။
သူတို့စိတ်ကြိုက်စားသောက်ပြီးစီးသွားကြပြီး သတင်းအချက်အလက်များ စုဆောင်းမှုကလည်း အဆုံးသတ်ကို ရောက်လာသည်။
ခြုံငုံပြောရပါက သူတို့အသုံး၀င်သည့် သတင်းအချက်အလက်တစ်ချို့ကို ကြားခဲ့ကြသည်။
ထို့နောက် မုဖူရှန်း မြင့်မြတ်အဆောင်ဂိုဏ်း၏ အခြေစိုက်စခန်း၌ အဆုံးမဲ့ပင်လယ်ဒေသ၏ မြေပုံကိုရခဲ့သည်။
ထိုမြေပုံပေါ်တွင် ယခင်အပိုင်းများ၏ ကျွန်းတစ်ချို့နှင့်အတူ ပေါ်ပေါက်လာသည့် အမွေအနှစ်များ၊ သဘာ၀ရတနာများ၏ နေရာများကို မှတ်သားထားသည်။
မြင့်မြတ်အဆောင်ဂိုဏ်း၏ သာမန်တပည့်များပင်လျှင် ဒီမြေပုံကို အလွယ်တကူ မရနိုင်ပေ။
သို့စေကာမူ တစ်ဘက်လူက မုဖူရှန်း၏ နာမည်ကိုကြားသောအခါ တုံ့ဆိုင်းမနေဘံ လက်လွှဲပေးလိုက်လေသည်။
မုဖူရှန်းမြေပုံကို လက်ည်ုးထိုးပြသည်။
"ကြည့်ရတာ အစောပိုင်းအဆင့်တွေမှာ လျှို့ဝှက်ရတနာအမွေအနှစ်တွေ အများကြီးရှိပုံပဲ၊ ဒါပေမယ့် ကျွန်တော်တို့ ဒီအမွေအနှစ်တွေကို အရမ်းကြီးအာရုံစိုက်ထားစရာမလိုဘူး"
"ဒါမှမဟုတ် လိုချင်တာတစ်ခုခုများ ရှိကြလား"
ယဲ့ချိုးပိုင်၊ ဟုန်ရင်၊ ရှီရှန်း၊ နင်းချန်ရှင်းနှင့် ရှောင်ဟိုင်တို့ ခေါင်းခါယမ်းကြသည်။
စံအိမ်တော်ကလူများတွင် အမွေအနှစ်များစွာရှိသည်သာမက သူတို့ဆရာသင်ပေးထားသည့် ကျင့်ကြံခြင်းနည်းစနစ်များလည်း ရှိကြသည်။
ထို့ကြောင့် ဒီအမွေအနှစ်များက ကောင်းပုံပေါ်သော်လည်း သူတို့အတွက် အများကြီး အသုံးမ၀င်ပေ။ ဆိုရိုးစကားအတိုင်းပင် ဝါးနိုင်တာထက်ပိုမကိုက်သင့်ပေ။
မု၀မ်အာ၏မျက်လုံးများက လင်း၀င်းသွားပြီး မြေပုံကိုကြည့်လိုက်၏။ ထို့နောက် သူမ၏ သေးသွယ်သောလက်ကလေးကို မြေပုံတစ်နေရာ၌ တင်လိုက်သည်။
ထိုနေရာ၌ ကျောက်စိမ်းအပွင့်တစ်ပွင့်ရှိသည်။
"အမ်း၊ ငါလည်း ဆေးလုံးတွေအထဲမှာ ဒီသက်ရှိဝိဉာဉ်မြအမြစ်မရှိဘူးဖြစ်နေတာ"
သက်ရှိဝိဉာဉ်မြအမြစ်က အတော်လေးရှားပါးသည်။ အဂ္ဂိရတ်ပညာရှင်များအတွက် ဒါက ကံကောင်းမှုဖြင့်သာ ကြုံရသည့်အရာတစ်ခုဖြစ်သည်။
ဒါကိုမြင်သောအခါ ယဲ့ချိုးပိုင်ပြုံးသည်။
"ကောင်းပြီ၊ အဲကိုအရင်သွားကြရအောင်"
လူတိုင်း အဆုံးမဲ့ပင်လယ်ဒေသသို့ ခြေချလိုက်သည်အခိုက်အတန့်၌ အဝေးတစ်နေရာက သွေးနီရောင်၀တ်ရုံရှင်လူတစ်ယောက်က ကျောက်စိမ်းဆွဲသီးဆီသို့ နူးညံ့စွာပြောသည်။
"ပစ်မှတ်ပေါ်လာပြီ....သက်ရှိဝိဉာဉ်မြအမြစ်...."
အပိုင်း(784) coming။