နှင်းဒေဝီ
Vol. 12 Ch. 8
မက်ဒါနာက ဒီထူးဆန်းတဲ့ကမ္ဘာကြီးကို ပိုနားလည်ချင်စိတ် ဖြစ်လာတယ်။ ဒါကြောင့်မလို့ သတင်းစာဝယ်ဖို့ အေမီကို ပြောခဲ့တယ်။ အေမီကလည်း ဆိုင်ရှင်ဦးလေးကြီးကို ဒေါ်လာတချို့ကမ်းပေးပေမဲ့ ဦးလေးကြီးက ခေါင်းခါပြတယ်။
“ဘယ်နိုင်ငံက ပိုက်ဆံတွေမှန်းမသိပေမဲ့ ဒီနိုင်ငံမှာ ဒါတွေ သုံးလို့မရဘူး ကလေးမတို့။ သုံးချင်ရင် နိုင်ငံခြားငွေလဲ ကောင်တာမှာ ဒေါင်းဒင်္ဂါးနဲ့လဲပြီးတော့မှ သုံးလို့ရမယ်။”
ဒါကြောင့် အေမီနဲ့မက်ဒါနာတို့ တစ်ယောက်နဲ့တစ်ယောက် ကြည့်လိုက်ကြတယ်။ မက်ဒါနာက ငွေလဲချင်သေးပေမဲ့ အေမီကတော့ အကျိုးသင့်အကြောင်းသင့် ရှင်းပြတယ်။
“မမလေး ကျွန်မတို့ရောက်နေတာက နောက်ထပ် စုံပြိုင်စကြဝဠာမှာ။ မမလေးကမ္ဘာကယူလာတဲဲ့ ဒေါ်လာငွေတွေက ဒီကမ္ဘာက ဒေါ်လာငွေနဲ့တူချင်မှ တူမှာမျိုး။”
ပထမတော့ မက်ဒါနာက နားမလည်ဘူး။ ဒါကြောင့် အေမီက မက်ဒါနာလက်ထဲမှာရှိနေတဲ့ ငါးဒေါ်လာတန်ကို ဆွဲယူလိုက်ပြီး
“မမလေးရဲ့ငါးဒေါ်လာတန်မှာပါတဲ့ လူရုပ်က အမေရိကန် သမ္မတကြီး လင်ကွန်းမဟုတ်လား။ ဒါပေမဲ့ ဒီကမ္ဘာမှာက လင်ကွန်းရုပ်နဲ့ထုတ်ထားတာမဟုတ်ဘဲ အခြားသမ္မတတစ် ယောက်ရဲ့ပုံနဲ့ဖြစ်နေတာမျိုး ဖြစ်နိုင်တယ်လေ။”
ဒီတော့မှ မက်ဒါနာလည်း သဘောပေါက်သွားတယ်။ အပြိုင် ကမ္ဘာမှာဖြစ်လို့ ဖြစ်နိုင်ခြေတွေက အကန့်အသတ်မဲ့ရှိနေပြီး မတူညီတဲ့ကွဲပြားခြားနားချက်လေးတွေက သူတို့တွေကို အများကြီးဒုက္ခရောက်သွားစေနိုင်တာပဲ။
“ဟုတ်တာပဲ၊ သူတို့က ငါတို့ကိုဒေါ်လာအတုလုပ်ပြီး သုံးဖို့ ကြိုးစားတယ်ဆိုပြီးဖမ်းရင် မခက်ပေဘူးလား။”
မက်ဒါနာစိတ်ဓာတ်ကျသွားတယ်။ ဒီလိုဆိုရင် အခုကမ္ဘာကြီး အကြောင်းကို သူတို့တွေဘယ်လိုလုပ်ပြီး သိနိုင်တော့မှာလဲ။
ထင်မထားတာက အေမီမှာအကြံတစ်ခု ရှိနေပြီးသား။ သူက သတင်းစာဆိုင်က ဦးလေးကြီးကို အခုလိုတောင်းဆို ကြည့်ပါတယ်။
“ဦးလေးကြီး၊ ကျွန်မတို့တွေက နိုင်ငံခြားကနေပြီး အခုမှ ရောက်လာတာမလို့ ဘယ်သွားလို့ဘယ်လာရမှန်းလဲ သိတာ မဟုတ်သေးဘူး။ ဒီတော့ သတင်းစာကို မဝယ်ဘဲနဲ့ ဒီမှာတင် ဖတ်ရုံဖတ်လို့မရဘူးလား။”
အစကတော့ အဓိပ္ပါယ်မရှိတာတွေလျှောက်ပြောလို့ ရိုက်ထုတ်ခံရတော့မယ်လို့ထင်ထားခဲ့ပေမဲ့ ဦးလေးကြီးက သဘောတကျနဲ့ပဲ သူဖတ်နေတဲ့ ဖတ်လက်စ သတင်းစာကို ကမ်းပေးလိုက်တယ်။
“အနောက်နိုင်ငံကလာတဲ့ အမျိုးသမီး ကမ္ဘာလှည့်ခရီးသွားတွေလား။ အဘတို့နိုင်ငံမှာ သမီးတို့လိုလူမျိုးကိုတွေ့ရတာ ခပ်ရှားရှားပဲ။ တော်တော်များများက အလုပ်ကိစ္စနဲ့လာကြတာမလို့ အမျိုးသားများတယ်လေ။ ဘယ်နိုင်ငံက လာကြတာလဲ။”
ဦးလေးကြီးက စပ်စုတယ်။ မက်ဒါနာက သတိလက်လွတ်နဲ့ “အမေရိကန်ကပါ။”လို့လည်းပြောလိုက်ရော ဦးလေးကြီးနဲ့ မျက်နှာက မည်းသည်းသွားပြီ။
“ဘာ.... အမေရိကကိုလိုနီ ဆယ့်သုံးခုကလာတာလား။ ဒီတော့ မင်းတို့က ဗြိတိသျှလက်အောက်ခံတွေပဲ။ မင်းတို့ ဒီနိုင်ငံကိုလာပြီး ထောက်လှမ်းရေးလုပ်နေတာလား။”
ဦးလေးကြီးရဲ့အသံက ပိုကျယ်လာပြီး ထောက်လှမ်းရေး ဆိုတဲ့စကားကိုကြားတာနဲ့ ပတ်ဝန်းကျင်က လူတွေက သူတို့ကို အေးစက်စွာလှည့်ကြည့်လိုက်ကြတယ်။ အေမီလည်း ပြဿနာတက်ပြီဆိုတာ သတိထားမိတဲ့ အတွက်ကြောင့် သေနတ်ကိုခါးကြားကနေ ထုတ်လိုက်ပြီး
“မမလေး၊ ဒီကနေထွက်ရအောင်...”
ပတ်ဝန်းကျင်က လူတွေကတော့ သေနတ်ကိုမြင်တာနဲ့ အော်ဟစ်ပြီးထွက်ပြေးကုန်တာကြောင့် ဝရုန်းသုန်းကား ဖြစ်ကုန်ပါပြီ။ အေမီက သေနတ်ကို မိုးပေါ်ထောင်ပြီး ပစ်လိုက်တယ်။
ဒိုင်း...
အပြာရောင်အလင်းမှုန်တွေက နှစ်ယောက်လုံးကို ဖုံးပြီး လူတွေရဲ့မြင်ကွင်းကနေ ပျောက်ကွယ်သွားလေရဲ့။
...
“အောင်မလေး... အန္တရာယ်များလိုက်တာ...” မက်ဒါနာက ပြောလိုက်တယ်။
အခုသူတို့နှစ်ယောက်က ကိုလိုနီခေတ်မှာ အဆောက်များတဲ့ အထပ်မြင့်တိုက်တစ်ခုပုံစံ အဆောက်အအုံအမိုးပေါ်မှာ ရှိနေကြတယ်။ အေမီကတော့ သတင်းစာကိုဖြန့်ပြီးတော့ တစ်ရွက်ချင်းစီ စကန်ဖတ်နေဆဲပါ။ စကန်ဖတ်လို့ပြီးသွားတဲ့ နောက်မှာတော့ သူက မက်ဒါနာကို ယုံကြည်မှုအပြည့်နဲ့ လှည့်ကြည့်လိုက်ပြီး...
“မမလေး၊ ကျွန်မတော့ ဒီကမ္ဘာရဲ့အခြေအနေကို အကြမ်းဖျင်း နားလည်ပြီလို့ထင်တာပဲ။” လို့ပြောလိုက်တယ်။
မက်ဒါနာကလည်း တိုက်ရဲ့ဝရန်တာကိုမှီရင်း အေမီကို ကြည့်လိုက်တာပေါ့။ အေမီက စပြီးတော့ရှင်းပြတယ်။
“ဒီကမ္ဘာကြီးမှာက မမလေးလာတဲ့ကမ္ဘာနဲ့မတူဘဲနဲ့ အရှေ့တောင်အာရှမှာရှိတဲ့ တောင်ငူအင်ပါယာကြီးက ပြိုကွဲမသွားခဲ့ဘူး။ ဒါပေါ့၊ နန္ဒဘုရင်လက်ထက်မှာ အကွဲကွဲအပြဲပြဲတွေဖြစ်ပြီးတော့ ပြိုကျလုနီးပါးဖြစ်သွားတယ် ဆိုပေမဲ့ ညောင်ရမ်းမင်းက ပြန်စုစည်းပေးခဲ့ပြီး တစ်နည်းနည်းနဲ့ အသက်ဆက်နေခဲ့တယ်။”
“ပုန်ကန်မှုတွေအများကြီးဆက်ဖြစ်ခဲ့ပေမဲ့ ဟံသာဝတီကို စစ်နိုင်ခဲ့ပြီးတော့ ကုန်းဘောင်မင်းဆက်လည်း သူတို့ကို အစားမထိုးခဲ့ဘူး။ ပုန်ကန်မှုတွေကိုနှိမ်နင်းပြီး ၁၉ရာစု အဝင်မှာတော့ နိုင်ငံကိုခေတ်မီတိုးတက်အောင်လုပ်ဖို့ ကြိုးစားခဲ့တယ်။
ဗစ်တိုးရီးယားခေတ်တစ်လျှောက်လုံး ဗြိတိသျှပိုင် အိန္ဒိယနဲ့ ထိတွေ့မှုတွေရှိခဲ့ပြီး ပထမအင်္ဂလိပ်မြန်မာစစ်ပွဲနဲ့သဏ္ဍာန်တူ နယ်နိမိတ်အငြင်းပွားစစ်ပွဲတစ်ခုဖြစ်ခဲ့ပေမဲ့ တောင်ငူက ပြင်သစ်လက်နက်တွေ အများအပြားကိုသုံးပြီး ဗြိတိသျှရေတပ် ရန်ကုန်ကိုရောက်မလာခင် စစ်တကောင်းနယ်ထဲအထိကို ချဥ်းကပ်နိုင်ခဲ့တာကြောင့် အပြန်အလှန်လေးစားမှုစာချုပ်ကို ချုပ်ဆိုနိုင်ခဲ့တယ်။”
“အဲဒီနောက်တော့ ဒုတိယတောင်ငူရွှေခေတ်ဆိုတဲ့ကာလ ရောက်လာတော့တာပဲ။ အရင်ရာစုနှစ်တွေက ခွဲထွက်ခဲ့တဲ့ လက်အောက်ခံနိုင်ငံတွေဖြစ်တဲ့ ဇင်းမယ်၊ လန်ရှန်းနဲ့ အယုဒ္ဓယနိုင်ငံတွေကို ပြန်သိမ်းခဲ့တယ်။ ပြင်သစ်ပိုင် အင်ဒိုချိုင်းနားဒေသနဲ့ ဗြိတိသျှပိုင်အိန္ဒိယနှစ်ခုလုံးကို ခြိမ်းခြောက်နိုင်တဲ့အင်ပါယာကြီးဖြစ်လာတယ်။”
“ယနေ့ခေတ်မှာတော့ ကမ္ဘာ့အဆင့် ၄ မှာရှိနေတဲ့ မဟာ အင်အားကြီးနိုင်ငံတစ်ခုအနေနဲ့ရပ်တည်နေတယ်။ ဗြိတိသျှ၊ ပြင်သစ်နဲ့ ဂျာမန်အင်ပါယာတွေပြီးရင် အင်အားအကြီးဆုံး။ ဂျပန်အင်ပါယာနဲ့မဟာမိတ်ဖွဲ့ထားပြီးတော့ အာရှနိုင်ငံများ ဖွံဖြိုးတိုးတက်ရေးမဟာမိတ်ကိုဦးဆောင်တယ်။”
“နိုင်ငံက စည်းမျဥ်းခံဘုရင်စနစ်ဖြစ်နေပြီဆိုပေမဲ့ လက်ရှိ တိုင်းပြည်ဦးသျှောင်က စစ်ပွဲတွေထဲမှာကိုယ်တိုင်ဝင်ပါရတာ သဘောကျတဲ့ ဧကရီသခင်မ နှင်းဒေဝီတဲ့။”
အေမီက သတင်းစာထဲမှာပါလာတဲ့ ရောင်စုံဓာတ်ပုံလေး တစ်ပုံကို ထောက်ပြလိုက်တယ်။ မက်ဒါနာကြည့်လိုက်တော့ ထူးဆန်းတဲ့ချပ်ဝတ်တန်ဆာတွေကို ဝတ်ထားရုံကလွဲလို့ သူနဲ့အတော်လေးဆင်တူတဲ့ မိန်းကလေးတစ်ယောက်ရဲ့ မျက်နှာကို မြင်လိုက်ရပါလေရော။
“ဟမ်... ဆိုလိုချင်တာက ငါ့ရဲ့မူကွဲက ဒီနိုင်ငံမှာ ဘုရင်မကြီး ဖြစ်နေတာလား။”
“အင်း...” အေမီက ခေါင်းညိတ်လိုက်ပြီးတော့ သတင်းစာ ခေါင်းစည်းမှာပါတဲ့သတင်းကို ပြန်ဖတ်ကြတယ်။
“လောလောဆယ် ဗြိတိသျှအင်ပါယာနဲ့ဒီနိုင်ငံက ဒေသတွင်း နိုင်ငံတွေအပေါ် လွှမ်းမိုးမှုပြိုင်ဆိုင်တဲ့အနေနဲ့ စစ်ဖြစ်နေတယ်။ ဟင်းခတ်အမွှေးအကြိုင်စျေးကွက် ပျက်စီးပြီးတဲ့နောက် ဒေဝါလီခံတော့မလိုဖြစ်နေတဲ့ နယ်သာလန်နိုင်ငံက တောင်ငူအင်ပါယာကို ဒတ်ချ်အရှေ့အိန္ဒိယပိုင်မြေတွေ ရောင်းဖို့လုပ်ရာကနေ စစ်စဖြစ်တာပဲ။”
“ပြီးတော့ သူတို့ရဲ့ဧကရီကလည်း ရေတပ်ကိုကိုယ်တိုင် ဦးဆောင်ပြီးတော့ တိုက်ခိုက်နေတယ်။”
မက်ဒါနာက အေမီပြောတာတွေကို နားထောင်ရင်းနဲ့ ခေါင်းကို ဆုပ်ကိုင်ထားလိုက်တယ်။ သူ့ခေါင်းတွေ ချာချာလည်အောင် မူးနောက်နေပါပြီ။ ပြီးတဲ့နောက် အခုလိုမေးလိုက်တယ်။
“ဒါနဲ့၊ အေမီရေ။ ငါတို့က အမေရိကန်ကနေလာတယ်ဆိုတာ ပြောလိုက်တော့ ဦးလေးကြီးက ဘယ်လိုလုပ်ပြီးတော့ ဒေါသ ထွက်သွားရတာလဲ။”
အေမီက တစ်ချက်စဥ်းစားရင်း “ဦးလေးကြီးက အမေရိက ကိုလိုနီဆယ့်သုံးခုလို့ ပြောခဲ့တယ်မဟုတ်လား။ ဖြစ်နိုင်တာက အမေရိကန်တော်လှန်ရေး ကျရှုံးသွားတာလား မဖြစ်ခဲ့တာ လားပဲ။ ကိုလိုနီနယ်ဆယ့်သုံးခု ဗြိတိသျှလက်အောက်မှာ ရှိနေပြီး တောင်ငူနဲ့ဗြိတိသျှက စစ်ဖြစ်နေတာဆိုတော့ သူကျွန်မတို့ကို အထင်လွဲသွားတာနေမယ်။”
“အဲဒီလိုလား....” မက်ဒါနာ နောက်ဆုံးမှာတော့ အားလုံးကို နားလည်သွားပြီ။ အေမီကတော့ သတင်းစာကို ဖတ်ပြလို့ ပြီးသွားပြီဖြစ်တဲ့အတွက် ပြန်ခေါက်ထားလိုက်ပြီး ထိုင်နေတဲ့ ကွန်ကရစ်ရေကန်ဘောင်ပေါ်ကနေ ဆင်းလိုက်ပါတယ်။
“ဒီတော့ မမလေးဘာဆက်လုပ်မယ် စဥ်းစားထားလဲ။”
“ထုံးစံအတိုင်းပဲပေါ့၊ ငါ့ရဲ့မူကွဲကို သွားရှာမယ်။ ပြီးရင် သူ့စွမ်းအားတွေကိုယူမယ်။”
မက်ဒါနာက ‘မေးစရာလိုသေးလို့လား'ဆိုတဲ့ပုံစံနဲ့ ပြောလိုက်တော့ အေမီကလည်း သေနတ်ကိုထုတ်ပြီး တစ်နေရာကိုချိန်ကာ ပစ်လိုက်တယ်။ အလင်းဒြပ်စင်တွေက ပေါ်တယ်တစ်ခုကိုပွင့်ပေးလိုက်ပြီး တစ်ဖက်မှာတော့ အချင်းချင်းပစ်ခတ်နေတဲ့ စစ်သင်္ဘောကြီးတွေကို အပေါ်စီးကနေ မြင်နေရတယ်။
“ဒါဆိုရင် အခုပဲသွားကြတော့မလား မမလေး။”
“ဒါပေါ့။”
သူတို့နှစ်ယောက်က တစ်ယောက်လက်ကိုတစ်ယောက် ကိုင်ပြီး ပေါ်တယ်ထဲကို ပြိုင်တူဝင်သွားကြလေရဲ့။
...
“အရှင်မ၊ ရှေ့မှာ ရန်သူ့ရေတပ်ကို မြင်နေရပါပြီ။”
ရေတပ်ဗိုလ်ချုပ်ဝတ်စုံဝတ်ထားတဲ့ အရာရှိက ဘေးက ခုံမှာ အသင့်သားထိုင်နေတဲ့ ဆံပင်ဖြူနဲ့မိန်းကလေးကို ပြောတယ်။ ဆံပင်ဖြူမိန်းကလေးက ငွေသားအစစ်နဲ့ ပြုလုပ်ထားတဲ့ ချပ်ဝတ်အထူကြီးကိုဝတ်ထားပြီး လက်ထဲမှာ အဲမောင်းလှံကို ကိုင်ထားတယ်။ ချပ်ဝတ်ပေါ်မှာ တစ်လက်မမှမကျန် လက်ရာမြောက်စွာထုလုပ်ထားတဲ့ ရုပ်လုံးရုပ်ကြွတွေကိုမြင်နိုင်တယ်။ ပြီးတော့ ဝတ်စုံ အလယ်မှာ အပြာရောင်သလင်းကျောက်လုံးကြီးတစ်ခု ရှိနေသေးတယ်။
“အင်အားဘယ်လောက်လဲ...” မိန်းကလေးက အထက်စီး ဆန်စွာနဲ့ မေးလိုက်တယ်။
“အကြီးစားတိုက်သင်္ဘောတစ်စင်း၊ ခရူဇာသုံးစင်း၊ ဖရီးဂိတ် ၃၅ စင်းနဲ့ ဖျက်သင်္ဘော ၈၀ ပါ။” ဗိုလ်ချုပ်က ပြန်ဖြေတယ်။ မိန်းကလေးက ခနဲ့တဲ့တဲ့ပြုံးရင်း
“ဒီတစ်ခါတော့ သူတို့က ဗြိတိသျှရာဇနယ်တစ်ခုလုံးမှာရှိသမျှ ရေတပ်သင်္ဘောအားလုံးကို စေလွှတ်လိုက်တယ်ပေါ့လေ။ ဒီလောက်နဲ့ ငါတို့ကိုအနိုင်ရမယ်ထင်နေတာလား။”
“ဒါပေမဲ့၊ အရှင်မ။ ရန်သူ့ရေတပ်အင်အားက ကျွန်တော်တို့ထက် နှစ်ဆလောက်များနေပါတယ်။”
“ပါးစပ်ပိတ်ပြီး ငါဦးဆောင်တာကိုခံစမ်း။ သင်္ဘောတွေ အကုန်လုံးကို အရှိန်အပြည့်နဲ့ရန်သူ့သင်္ဘောတွေဆီကို ချဥ်းကပ်ဖို့လုပ်။ အနားရောက်တာနဲ့ ကိုယ်ထည်ကိုလှည့်ပြီး ဘေးတစ်စောင်းအနေအထားကိုပြောင်း။”
“အရှင်မ၊ ဘေးတစ်စောင်းအနေအထားနဲ့ဆိုရင် ရန်သူက ကျွန်တော်တို့သင်္ဘောတွေကိုပစ်ဖို့ ပိုပြီးအခွင့်အရေးရသွား ပါလိမ့်မယ်။ ပစ်မှတ်ကြီးတွေဖြစ်ကုန်မှာပါ။”
“ဒါပေမဲ့ ငါတို့စစ်သင်္ဘောက အမြောက်တွေအကုန်လုံးလဲ သူတို့ကိုချိန်ပြီးသားဖြစ်သွားမှာမဟုတ်လား။ အမြောက် တိုင်းက တစ်ချက်စီပစ်ပြီးရင် သင်္ဘောတွေကိုပြန်လှည့်ပြီး ဆုတ်မယ်။”
နောက်ထပ်ကြားလိုက်ရတဲ့ အမိန့်ကြောင့် ဗိုလ်ချုပ်ကြီး ပါးစပ်အဟောင်းသားဖြစ်သွားတယ်။ “အရှင်မက အစွမ်းကုန် တိုက်ချင်ယောင်ဆောင်ပြီး ပြန်ဆုတ်ချင်တာလား။ အစီအမံကောင်းပါပေတယ်။ ဗြိတိသျှက ရေတပ်မှာ ကျုပ်တို့ထက်သာပေမဲ့ ကုန်းပေါ်မှာ တိုက်မယ်ဆိုရင် ကျုပ်တို့ကပိုသာတယ်။ ဒီတော့ ဒီရေတပ် တိုက်ပွဲတစ်ခုလုံးက ဗိုလ်ချုပ်ဒီပရဲ့တပ်တွေ စစ်တကောင်းကို အပြီးသိမ်းဖို့အတွက် လိုတဲ့အချိန်ရအောင် ဖန်တီးပေးရုံပဲပေါ့။”
ရေတပ်ဗိုလ်ချုပ်ကြီးက မိန်းကလေးကို ချီးကျူးတယ်။ ဒါပေမဲ့ မိန်းကလေး စားပွဲခုံကို လက်ဝါးနဲ့ထုလိုက်ပြီး... “ပိန်းလိုက်တာ ဗိုလ်ချုပ်ဒေဝ။ ငါက အဲဒီရေတပ်တစ်ခုလုံးကို အပြုတ်ဖြုတ်ဖို့အတွက် ဗျူဟာ ချထားတာဟဲ့။ ပြန်ဆုတ်ဖို့မဟုတ်ဘူး။ နင်တို့စစ်သင်္ဘောတွေ ဝေးဝေးကိုပြန်ဆုတ်သွားမှ ငါနင်တို့ကို မတော်တဆထိခိုက်အောင် မလုပ်မိမှာလေ။”
“ဟင်... နေပါဦး... အရှင်မက တစ်ယောက်တည်း အဲဒီရေတပ်ကြီးကို မြုပ်ပစ်ဖို့ကြံနေတာတော့ မဟုတ်ပါဘူးနော်။”
“နင်ကြားတဲ့အတိုင်းပဲ၊ စကားမများဘဲ နင့်သင်္ဘောတွေကို ဖင်လေးမနေဖို့ပြောစမ်းပါ။”
ဗိုလ်ချုပ်ကြီးဒေဝလည်း အင်ပါယာအရှင်မကို မငြင်းဆန်ဝံ့တာကြောင့် အင်တာကွန်းကိုသာဖွင့်ပြီး တပ်သင်္ဘောတိုင်းကို အမိန့်ပေးလိုက်တယ်။
“တောင်ငူအင်ပါယာ၊ တောင်ပင်လယ်ရေတပ်မတစ်ခုလုံး အမိန့်နာခံ။ ဗြိတိသျှရာဇရေတပ်ဆီကို အရှိန်ပြည့်နဲ့ဝင်မယ်။ သလင်းကျောက်အင်ဂျင်အားလုံး... ဖွင့်....”
များမကြာမီမှာပဲ ဒေါင်းစိမ်းအလံလွှင့်ထူထားတဲ့ တောင်ငူ စစ်သင်္ဘောတွေက ယူနီယံဂျက်အလံလွှင့်ထူထားတဲ့ ဗြိတိသျှရေတပ်နဲ့ သိပ်ကိုနီးကပ်တဲ့ အကွာအဝေးကို ရောက်ရှိလာကြတယ်။ ဗိုလ်ချုပ်ကြီးဒေဝကလည်း တစ်ဖက်ရန်သူတွေ အသင့်မဖြစ်သေးခင် အစီအစဥ်ရဲ့ ဒုတိယအဆင့်ကို ဆက်လုပ်ဆောင်တယ်။
“ကိုယ်ထည်ကို သုံးရာ့ခြောက်ဆယ်ဒီဂရီလှည့်ကြ။ ပြန်ကွေ့နေတုန်း ရန်သူ့ရေတပ်ကို အမြောက်တွေနဲ့ပစ်ပြီး ဖိအားပေးထား။”
ဗိုလ်ချုပ်ကြီးက အမိန့်ကိုပေးလိုက်ပြီးနောက် ရေတပ်ရဲ့ အခြေအနေကို စိုးရိမ်စွာနဲ့ဆက်ပြီးစောင့်ကြည့်နေတယ်။ ရန်သူ့ရေတပ်က တအားများတယ်။ ဒါကြောင့်မလို့ အစောပိုင်း ပစ်အားအသာစီးရရင်တောင်မှ အချိန်ကြာတာနဲ့အမျှ ရန်သူ့ပစ်အားက သာလွန်သွားမှာ။
ဘုန်း.... ဘုန်း... ဘုန်း....
သူတို့အနားမှာရှိနေတဲ့ တောင်ငူစစ်သင်္ဘောတွေက သူတို့ ကိုယ်ထည်တွေကိုစလှည့်ပြီး အမြောက်တွေနဲ့ ရန်သူ့တပ်ထဲ ပစ်သွင်းတယ်။ ဒါပေမဲ့ ရန်သူတွေကလည်း အလကား ရပ်နေတာမဟုတ်ဘဲ ပြန်ပစ်ပါတယ်။ ရန်သူ့စစ်သင်္ဘောတွေ အများအပြားနှစ်မြှုပ်ခံလိုက်ရပေမဲ့ အရွယ်သေးပြီး ခံနိုင်ရည်နည်းတဲ့ တောင်ငူဖျက်သင်္ဘာတချို့ လည်း တန်ပြန်အမြောက်စာ မိပြီးတော့ နစ်မြုပ်ကုန်ပါတယ်။
သင်္ဘောအားလုံး ပြန်လှည့်ဖို့အသင့်ဖြစ်ချိန်မှာတော့ မိန်းကလေးက စားပွဲပေါ်မှာတင်ထားတဲ့ ငွေရောင် မျက်နှာဖုံးကို ဝတ်ဆင်လိုက်တယ်။ အခုမှ သူ့သံချပ်ကာက ပြည့်စုံသွားပြီး ဂဠာန်ငှက်တစ်ကောင်ရဲ့ပုံစံ ဒီဇိုင်းထုတ်ထားမှန်း သိသာသွားတယ်။
“ကောင်းပြီ၊ ကျွန်မသွားတော့မယ်။” မိန်းကလေးက သင်္ဘောကုန်းပတ်ပေါ်တက်သွားပြီး ဝတ်စုံရဲ့ငှက်တောင်ပံ တွေကိုသုံးကာာ ကောင်းကင်ပေါ်ကို ပျံတက်သွားတယ်။
ဗိုလ်ချုပ်ကြီးဒေဝကတော့ ခေါင်းခါရင်း.... “ဧကရီ နှင်းဒေဝီ... လှပပေမဲ့ အေးစက်ပြီး မောက်မာလိုက်တာ။ ရေခဲတောင်ပေါ်မှာပေါက်တဲ့ နှင်းဆီတစ်ပွင့်လိုပဲ။”