← Chapters

လင်းယွင် အုပ်စုရဲ့ ဥက္ကဌကို သိလား

Vol. 107 Ch. 1591

လင်းယွင် အုပ်စုရဲ့ ဥက္ကဌကို သိလား

Vol. 107 Ch. 1591

မူလတုန်းက ဒေါင်ကောင်းကောင်းနှင့် မိန်းကလေးမှာ ဒေါသထွက်ခြင်း သိပ်မရှိသေးချေ။

ကိုယ်လုံး လှလှနှင့် အမျိုးသမီး၏ သဘောထားက မဆိုးဟု ခံစားရ၏။ သို့သော် ဤအမျိုးသားက ဤမျှ ခေါင်းမာနေလိမ့်မည်လို့ မျှော်လင့်မထားခဲ့ပါချေ။ သူမကိုလည်း မိန်းကလေးဟူ၍ လူကြီးလူကောင်းဆန်စွာ အလျှော့ပေးခြင်း မရှိပေ။

“ နင်က ယောကျ်ားလေးပဲ … ဘာလို့ မိန်းကလေး တစ်ယောက်နဲ့ လာပြီး ငြင်းခုန်နေတာ … နင် နောက်နေ့မှ လာပြီး ဝယ်လို့ရော မရဘူးလား …”

“ တကယ်တမ်းကျ … နောက်နေ့မှ ဝယ်ချင်ရင်လည်း ရတယ်… ဒါပေမယ့် မင်းရဲ့ ဒီပုံစံကို မြင်ပြီးတော့ ငါ မပေးချင်တော့ဘူး …” လင်းရီ အေးအေးလူလူ ပြောလိုက်သည်။

“ မင်း တကယ် စားချင်တယ်ဆိုရင် မနက်ဖြန် စောစောလာခဲ့….”

“ ငါက ခဏဆို ထွက်သွားရတော့မှာ … မနက်ဖြန်လာဖို့ ငါ့မှာ အချိန်လုံးဝ မရဘူး …”

“ အဲ့တာ မင်းကိစ္စလေ… ငါနဲ့ ဘာဆိုင်လို့ …”

“ နင် …. “

လင်းရီ ဒေါင်ကောင်းကောင်းနှင့် မိန်းကလေးအား လျစ်လျူရှု၍ ဖုန်းဖြင့် ကျူအာကုတ်ကို စကန်ဖတ်လိုက်သည်။

“ အားလုံး ပေါင်းထည့်ပေးပါဦး အဘိုး …”

“ ကောင်းပြီလေ… စုစုပေါင်း ၄၂ ယွမ် ရတယ်… ငါ့ကို ယွမ် ၄၀ ပဲပေးလိုက် …” အဘိုးကြီးက ဘူးလေးထဲသို့ ထည့်ရင်း အပြုံးလေးဖြင့် ပြောလိုက်သည်။

ဆိုင်ရှင် အဘိုးကြီးက လင်းရီနှင့် ရင်းနှီးသဖြင့် သဘာဝအလျောက် လင်းရီကို ရောင်းရန် ဆန္ဒရှိလေသည်။

ဒေါင်ကောင်းကောင်းနှင့် မိန်းကလေးကိုတော့ သူ အားနာပါတယ် ဟုသာ ပြောရုံမျှ တတ်နိုင်တော့သည်။

သူက တကယ်ကို အိုမင်းနေပြီး အမျိုးသမီးတို့၏ အလှတရားကို စိတ်မဝင်စားတော့ချေ။

သို့သော် လင်းရီမှာမူ ငွေကို အပြည့်ပေးလိုက်ဆဲ ဖြစ်၏။ သူ အဘိုးကြီးကို ယခုလို အခွင့်ကောင်း မယူနိုင်ပေ။

ပိုက်ဆံရှင်းပြီး၍ ပါဆယ်ထုပ်ပြီးနောက် နှစ်ယောက်သား ပစ္စည်းများကို ယူကာ ဆိုင်ထဲက ထွက်လာခဲ့ကြသည်။

ဒေါင်ကောင်းကောင်းနှင့် မိန်းကလေးမှာ ဗလာကျင်းသွားသည့် ဆိုင်ကို ငေးရင်း ထွက်ခွာသွားသည့် လင်းရီနှင့် ရန်စီတို့၏ နောက်ကျောကို လိုက်ကြည့်နေမိသည်။ သူမ၏ အံကို တင်းတင်းကြိတ်လိုက်၏။

‘ ငါ့မှာတော့ ဆန်ကိတ်လေး စားရဖို့ ဒီအထိ ပြေးလာလိုက်ရတာ အကုန်နင့်ကြောင့် ပျက်စီးကုန်ပြီ…’

ဒေါင်ကောင်းကောင်းနှင့် မိန်းကလေးက သူတို့နှစ်ဦးနောက်သို့ ဒေါသတကြီးဖြင့် ပြေးလိုက်လာခဲ့ပြီး လင်းရီကို နောက်ကနေ ဆောင့်ကန်ပစ်လိုက်ချင်သည်။

သို့သော် စိတ်သွားပေမယ့် ကိုယ်က မပါလာခဲ့ချေ။

“ ရောက်လက်စနဲ့ တစ်ခါတည်း အစီအစဉ်ထဲ ဝင်ပါသွားလိုက်လေ …” ဆန်ကိတ်ဘူးကို လက်ထဲတွင် ကိုင်ထားရင်း ရန်စီ အပြုံးလေးဖြင့် ပြောလိုက်၏။

“ ငါ့အနေအထားကြီးနဲ့ ဖြစ်နိုင်မယ်လို့ ထင်လား …”

“ က,ရင်ကော….”

“ ငါ့ခြေထောက်က စတီးပြားတွေလိုပဲ … ကွေးလို့ကို မရတာ…”

“ သီချင်းတစ်ပုဒ်လောက် ဆိုရင်ကော… သီချင်းဆိုတာ လွယ်ပါတယ်….”

“ ကီးကြောင်ကြီးနဲ့ ပရိတ်သတ်တွေ နားအဓမ္မကျင့်ခံရတယ် ဖြစ်နေဦးမယ်… မေ့လိုက်တော့…”

စနစ်မှ သူ့အား ပညာရှိ ဉာဏ်ပညာအား ချီးမြင့်ထားသဖြင့် သီချင်းဆိုခြင်းနှင့် ကခုန်ခြင်းကဲ့သို့သော အနုပညာရပ်တို့အား အနည်းအကျဉ်း တတ်မြောက်ထားလေသည်။

ကျွမ်းကျင်လှသည့် အနုပညာရှင်များနှင့် နိုင်ငံ့အသင်းမှ ထိပ်တန်း ပါရမီရှင်တို့မှလွဲ၍ လင်းရီနှင့် ယှဉ်ပြိုင်နိုင်သူက ခပ်ရှားရှားပင်။

သို့သော် လင်းရီသည် သူ၏ မျက်နှာကို ပြသရန် ရည်ရွယ်ချက် မရှိသဖြင့် ကမ်းလှမ်းလာသမျှ အားလုံးကို ရိုးရှင်းစွာ ငြင်းဆန်လိုက်တော့သည်။

အကယ်၍ ကျီချင်းရန်ကြောင့်သာ မဟုတ်ဘူးဆိုပါက ယနေ့ တွေ့ဆုံပွဲသို့ပင် လာဖြစ်လိမ့်မည် မဟုတ်ချေ။

“ ဒါဆိုလည်း ပြီးတာပဲလေ…” ရန်စီ အပြုံးလေးဖြင့် ပြောလိုက်ပြီး “ ဒါပေမယ့် နင့် ရုပ်လေးနဲ့သာဆိုရင် နင်သာ စင်ပေါ်တက်နေသရွေ့ ဘယ်သူကမှ နင့်သီချင်းသံကို အာရုံစိုက်နေမယ်လို့ မထင်ပါဘူး …”

“ ဒါကြောင့်မို့ ငါက အိုင်ဒေါ တစ်ယောက် ဖြစ်နေတာလေ… ဒီတော့ ကိုယ့်ပုံရိပ်လေးကိုယ် ထိန်းပါရစေ ဟုတ်ပြီလား …”

နှစ်ဖက်၏ စကားအသွားအလာကို ကြားမိတော့ ဒေါင်ကောင်းကောင်းနှင့် မိန်းကလေးမှာ တဒင်္ဂမျှ ကြက်သေသေသွားခဲ့ပြီး စိတ်အတွင်း၌ ကြိတ်၍ ကျိန်ဆဲလိုက်၏။

“ သူက ကုမ္ပဏီနှစ်ခုက ဝန်ထမ်းများလား … ဒီနေ့ တွေ့ဆုံပွဲကို လာတက်တဲ့လူလား မသိဘူး …”

ဒေါင်ကောင်းကောင်းနှင့် မိန်းကလေးက လင်းရီကို နောက်ကျောဘက်မှနေ၍ ခြေဆုံးခေါင်းဆုံး အကဲခတ်နေလျက် ရှိတော့သည်။

ဟွန့် …

နင်က အချောလေး ဆိုတော့ရော ဘာအရေးလဲ … တစ်စက်မှကို လူကြီးလူကောင်း မဆန်တာ….

ဒီပုံစံကြီးနဲ့ တစ်သက်လုံး ဆင်းရဲပြီး တစ်သက်လုံး ကောင်မလေး မရပါစေနဲ့တော်…

ဖြည်းညင်းစွာဖြင့် နှစ်ဦးသားသည် ဟိုတယ်သို့ ပြန်ရောက်လာခဲ့သည်။ နှစ်ပတ်လည် တွေ့ဆုံပွဲသို့ တက်ရောက်လာသည့် ဝန်ထမ်းအရေအတွက်ကလည်း ဖြည်းဖြည်းချင်း များပြားလာသည်။

သံသယများအား ရှောင်ရှားရန်အတွက် ရန်စီသည် လင်းရီနှင့် ခွဲ၍ ဟိုတယ်ထဲသို့ သီးသန့်ဝင်သွားခဲ့သည်။

လင်းရီ သူ၏ နာရီကို ငုံ့ကြည့်လိုက်တော့ အချိန်က လိုနေသေးသည်ကို သတိပြုမိလိုက်ပြီး အနားယူသည့် ဧရိယာအတွင်းရှိ ကော်ဖီဆိုင်သို့ သွားကာ ပွဲအစကို စောင့်ဆိုင်းနေလိုက်သည်။

အချိန်တို့ တရွေ့ရွေ့နှင့် ကုန်ဆုံးလာသည်နှင့်အမျှ ဟိုတယ်ထဲရှိ လူအရေအတွက်ကလည်း တိုးပွားလာသည်။ လင်းရီ ထိုင်နေရင်း တောင်ကြည့်မြောက်ကြည့်ဖြင့် အတော်လေး ငြီးငွေ့လာခဲ့၏။ ထို့ကြောင့် ဖုန်းထုတ်ကာ ရှောင်ထန်အား ဂိမ်းဆော့ရန် ခေါ်လိုက်သည်။

စင်နောက်ရှိ အဝတ်လဲခန်းထဲတွင် ဒေါင်ကောင်းကောင်းနှင့် မိန်းကလေး တစ်ဦးသည် တံခါးတွန်းဖွင့်၍ အထဲသို့ ဝင်လာသည်။ ထို့နောက် သူမ၏ မာ့စ်နှင့် နေကာမျက်မှန်ကို ချွတ်လိုက်သည်။

အမျိုးသမီးက ကြည့်ကောင်းသည့် ဘဲဥသဏ္ဌာန် မျက်နှာနှင့် ဖွေးဥသည့် အဆင်းရှိကာ တမူထူးခြားသည့် မျက်နှာအမူအရာတို့အား ပိုင်ဆိုင်ထား၏။

ဦးထုတ်ချွတ်ပြီးနောက်တွင် ရှည်လျားသည့် ဆံနွယ်တို့က အောက်သို့ လျှောကျလာခဲ့ကာ သူမ၏ သွင်ပြင်အား ပို၍ လှပတင့်တယ် ကျော့ရှင်းသွားစေလေသည်။

သူမ အလှက အမှန်ပင် မျက်စိဖမ်းစားနိုင်စွမ်းရှိ၏။

“ မိန်းကလေး ထန်… ကျွန်မက ရှင့်ရဲ့ ပရိတ်သတ်ပါ… ရှင်နဲ့ ဓာတ်ပုံ တစ်ပုံလောက် အတူရိုက်လို့ရမလားဟင်…” လင်းယွင်အုပ်စု၏ ဝန်ထမ်းတစ်ဦးက ပြောလိုက်၏။

ညနေခင်း အစီစဉ်တင်ဆက်မှုတွင် ကုမ္ပဏီ နှစ်ခုလုံးမှ ဝန်ထမ်းများအားလုံး ပါဝင်ဆင်နွှဲရမည် ဖြစ်သဖြင့် ၎င်းတို့၏ မိတ်ကပ်ကို ဤနေရာ၌ လိမ်းခြယ်ရန် ဆုံးဖြတ်ခဲ့ကြသည်။

ဒေါင်ကောင်းကောင်းနှင့် အမျိုးသမီး၏ နာမည်က ထန်ရှောင်းရှောင်း ဖြစ်၏။ သူမက ဟွာရှ ဂီတလောက၌ တောက်ပဆဲ ကြယ်တစ်ပွင့်လည်း ဖြစ်သည်။

သူမ၏ ပထမဆုံး အယ်လ်ဘန် “ ကြယ်တွေ စုံတဲ့ည “ က ဖျော်ဖြေရေး နယ်ပယ်၏ အဓိက ဇယားများ၏ ထိပ်တန်း ဆယ်နေရာကို သိမ်းပိုက်သွားကာ ဗီဒီယို အတို ပလတ်ဖောင်းများတွင်လည်း ဂန္တဝင်လက်ရာ အဖြစ် သတ်မှတ်ခံခဲ့ရပြီး ရေပန်းစားမှုကလည်း အဟုန်နှင့် စီးဆင်းနေလျက်ပင်။

အကယ်၍ လင်းယွင်အုပ်စု၏ ပိုးပိုးနင့်နင့် ပေးထားမှုကြောင့်သာ မဟုတ်ပါက သူမအား ဖိတ်ခေါ်နိုင်လိမ့်မည် မဟုတ်ချေ။

“ ရတာပေါ့ …”

ထန်ရှောင်ရှောင်း ပို့စ်ပေး၍ အမျိုးသမီး ဝန်ထမ်း၏ ဖုန်းနှင့် ဓာတ်ပုံ အတူရိုက်လိုက်သည်။

ထို့နောက် ဝန်ထမ်းတချို့က သူမအနား ချဉ်းကပ်လာပြီး သူမနှင့် ဓာတ်ပုံအတူရိုက်ကာ သူမ၏ လက်မှတ်ကို ရရှိရန် ကြိုးပမ်းကြတော့၏။ ထန်ရှောင်ရှောင်းလည်း တစ်ယောက်ချင်းစီတိုင်းကို သဘောတူကာ အားလုံးကို လိုက်လျောပေးခဲ့၏။

“ နင် ဆန်ကိတ်သွားဝယ်တာ မဟုတ်ဘူးလား … ဘာလို့ လက်ဗလာနဲ့ ပြန်လာခဲ့တာလဲ…”

ထန်ရှောင်ရှောင်း၏ မန်နေဂျာက သူမ မိတ်ကပ်ပြင်နေစဉ် မေးမြန်းလိုက်သည်။

“ မပြောနဲ့ … ငါ စိတ်တိုလွန်းလို့ သေတော့မယ်… မုန့်က ဘယ်လောက်မှ မကျန်တော့ပါဘူးဆိုတာကို စက်ဆုပ်ဖို့ကောင်းတဲ့ ကောင်တစ်ကောင်က အကုန် ယူသွားတယ်လေ… ဒီည ဆန်ကိတ်သာ မစားရလို့ကတော့ ငါ ညကောင်းကောင်း အိပ်နိုင်မှာတောင် မဟုတ်ဘူး …”

“ မဖြစ်နိုင်တာ … သူက နင့်ကို တစ်ခုလေးတောင် မပေးဘူးပေါ့ …”

“ ငါ့ကိုယ်ငါ ဖုံးကွယ်ထားမှတော့ သူက ငါဘယ်သူမှန်း ဘယ်လိုလုပ် သိမှာလဲ…”

“ မျက်နှာ ပြနေစရာ လိုလို့လား … နင့်ရဲ့ ကိုယ်လုံးကိုယ်ပေါက်ကို ကြည့်လိုက်တာနဲ့ အလှလေး တစ်ယောက်ဆိုတာ လူတိုင်း ပြောနိုင်တယ်… သူ နင့်ကို မျက်နှာသာ မပေးစရာ အကြောင်း မရှိဘူး …”

ထန်ရှောင်ရှောင်း နှုတ်ခမ်း ကိုက်လိုက်ရင်း ထိုအကောင်ဘေးရှိ အမျိုးသမီးကို ရုတ်ချည်း အမှတ်ရလိုက်လေသည်။

သူမ၏ သွင်ပန်းသဏ္ဌာန်ကလည်း မဆိုးလှချေ။ ကိုယ်လုံးကိုယ်ပေါက်ကလည်း ပေါက်ကွဲထွက်လောက်သည်အထိ မိမိုက်လွန်းလှ၏။

သို့‌သော် ဆန်ကိတ်များ အားလုံး လုယူသွားသည့် အကောင်ကတော့ ရုပ်ကလေးချောပေမယ့် စိတ်ဓာတ်လေးကတော့ ဖြတ်ရိုက်ချင်စရာပင်။

“ ဟွန့် … စိတ်ရှုပ်တယ်… သူက မိန်းမတွေကို စိတ်မဝင်စားတာမျိုး ဖြစ်ရင်လည်း ဖြစ်မှာပေါ့ …” ထန်ရှောင်းရှောင်း ပြောလိုက်ပြီး “ အဲ့ဒီ အချိန်တုန်းက ငါသူ့ကို တကယ်ကြီး ရိုက်နှက်ပစ်လိုက်ချင်တာ သိလား … ဒါပေမယ့် စိတ်ပဲရှိပြီး မလုပ်ရဲခဲ့လို့သာ …”

“ ကဲပါ… အဲ့ကိစ္စ စိတ်ထဲ ထားမနေနဲ့တော့ … နောင်ကျ ထပ်ဝယ်စားလည်း ရတာပဲ …” သူမ၏ မန်နေဂျာက ပြောလိုက်ပြီး “ နင့်ရဲ့ လက်ရှိ အဆင့်အတန်းနဲ့ဆိုရင် ကိုယ့်ကိုယ်ကို အကောင်းဆုံး သိုသိုသိပ်သိပ်နေပြီး ဘယ်လို မကောင်းသတင်းမှ မထွက်အောင် နေတာ အကောင်းဆုံးပဲ …”

“ အဓိကက ငါ ဒီနေ့ ပွဲပြီးတာနဲ့ ပြန်ရတော့မှာမို့လေ… ဘယ်အချိန်ကျမှ ပြန်စားရမလဲလည်း မသိဘူး …”

“ နင်ဘာလို့ အစားကို အဲ့လောက်တောင် လောဘကြီးနေရတာ….” သူမ၏ မန်နေဂျာမှ မျက်လုံးလှန်လိုက်ပြီး “ ငါတို့ ပြန်ရောက်ရင် ငါ့သူငယ်ချင်းကို ပြောပြီး ဝယ်ခိုင်းလိုက်မယ်… ပြီးရင် ရန်ကျင်းကို ပို့ခိုင်းလိုက်မယ်… ရပြီလား …”

“ နင်ပြောတာနော်… စကားကို ပြန်မရုတ်သိမ်းလိုက်နဲ့ …”

“ ဒါပေမယ့် တစ်ခုတော့ ရှင်းအောင် ပြောထားလိုက်မယ်… နင် ဆန်ကိတ် ဝယ်တာဝယ်… ဒါပေမယ့် အများကြီး စားလို့တော့ မရဘူး … နင့်ရဲ့ ဝိတ်ကို အကောင်းဆုံးထိန်းထား .. ဒီထက်ပိုပြီး မတက်လာစေနဲ့ ..”

“ အိုက်ယား … ဒီတိုင်း ဆန်ကိတ်လေး သုံးလေးခုလောက်ကို ... ပူမနေနဲ့ … အဲ့လောက်လေးနဲ့တော့ ငါလည်း မဝသွားဘူး …”

“ တော် တော် တော်… ငါနင့်ကို ဆန်ကိတ်တစ်ခု စားခွင့်ပေးတာနဲ့တင် အတော်လေး ကြင်နာလှပြီကို လာပြီး ဈေးထပ်စစ်မနေနဲ့ …”

ထန်ရှောင်းရှောင်း မျက်လုံးလှိမ့်လိုက်ပြီး နှုတ်ခမ်းကိုက်ကာ ဘာမျှ မပြောဘဲ မှန်ကိုသာ ကြည့်နေလိုက်၏။ ဘေးရှိ မိတ်ကပ်ဆရာမှာ သူမ၏ ထိုအမူအရာကို ကြည့်ရင်း ခစ်ကနဲ ရယ်မောလုနီးနီး ဖြစ်သွားခဲ့‌လေသည်။

နာမည်ကြီး စူပါစတား၌ ယခုလို ဘက်ခြမ်းမျိုး ရှိနေလိမ့်မည်လို့ သူမ မျှော်လင့်မထားခဲ့ပါချေ။

“ ဟွန့် … နင် အကျင့်ကို မကောင်းဘူး …”

“ ကဲပါ… ဒီအကြောင်း ထပ်မပြောကြစို့ … နင် မိတ်ကပ်လိမ်းပြီးရင် ငါနင့်ကို အရေးကြီး ကိစ္စ ပြောစရာ ရှိတယ်…”

“ ဘာကိစ္စလဲ… နောက်ထပ် ထောက်ခံပေးရမယ့် ဘရန်းတစ်ခု ရလာလို့လား …”

“ အဲ့တာထက် ပိုအရေးကြီးတယ်…” မန်နေဂျာက ပြောလိုက်ပြီး “ နင် မိတ်ကပ်လိမ်းပြီးမှ ငါတို့ ပြောကြမယ်…”

ဤသည်က ကိုယ်ရေးကိုယ်သာ ကိစ္စ ဖြစ်ရမည်ဟု ထန်ရှောင်းရှောင်း မှန်းဆလိုက်သည်။ ဤနေရာ၌ အပြင်လူတို့ ရှိသဖြင့် ၎င်းတို့ ကြားသွားလို့ မသင့်တော်ချေ။

နာရီဝက်ကြာပြီးနောက် ထန်ရှောင်းရှောင်းလည်း မိတ်ကပ်လိမ်းလို့ ပြီးသွားခဲ့ပြီး ဟိုတယ်က စီစဉ်ပေးထားသည့် သူမ၏ အခန်းထဲသို့ ထွက်လာခဲ့သည်။

“ အစ်မမာ … နင် ငါ့ကို ဘာအကြောင်းပြောချင်လို့လဲ…”

“ နင် လင်းယွင်အုပ်စုရဲ့ ဥက္ကဌကို သိလား …”

All Chapters