နာမည် အခေါ်ခံရသူ
Vol. 107 Ch. 1593
ဤ ပေါက်ကွဲထွက်သည့် စတင်မှုက ပွဲတော်၏ လေထုအငွေ့အသက်ကို ချက်ချင်း မြင့်တက်သွားစေခဲ့၏။
အကတွင် ပြစ်ချက်များ ပါနေသော်လည်း အကုန်လုံးက သာမန် ဝန်ထမ်းများဖြစ်သည်ကို ထောက်ရှု၍ ဤအဆင့်သို့ ဖျော်ဖြေနိုင်သည်ကပင် အင်မတန် ကောင်းမွန်နေပြီးဖြစ်သည်။
ထို့ပြင် လူတို့ တကယ် ဂရုစိုက်သည်က မိမိတို့၏ အကအလှကို မဟုတ်ဘဲ ခြေတံတို့ သွယ်လျနေသ၍ လက်ကောက်မှုတ်၍ပင် အားပေးနေကြဦးမည်။
လင်းရီ တိတ်တဆိတ် ခေါင်းညိမ့်လိုက်၏။ ရန်စီက အမှန်ပင် လုပ်ရည်ကိုင်ရည်ရှိလှပေသည်။
ဖွင့်ပွဲ အကပြီးသွားပြီးနောက် ခြေတံသွယ်သွယ် ဖြူဖြူနှင့် နတ်သမီးလေးများမှာ စင်ပေါ်မှ ဆင်းသွားခဲ့ကြလေသည်။
ထို့နောက် အမျိုးသား ဆယ်လီတစ်ဦး စင်ပေါ်သို့ တက်လာခဲ့ပြီး ချက်ချင်းဆိုသလို အမျိုးသမီး ဝန်ထမ်းများ၏ တက်ကြွစွာ အားပေးမှုတို့ကို သိမ်းပိုက်သွားခဲ့လေသည်။
မတ်တပ်ရပ်၍ အော်ဟစ်နေကြသူများပင် ရှိ၏။ အခြေအနေက အနည်းငယ် ထိန်းချုပ်မှုအောက်မှ လွတ်ကင်းတော့မည့်ဟန် ရှိလေသည်။
“ လင်းကော … မင်းရဲ့ အမျိုးသမီး ဝန်ထမ်းတွေကလည်း ထူးမခြားနားပါပဲ .. ဒီလို လူငယ် အချောလေးကို မြင်တာနဲ့ပဲ ဒီလောက်ထိ လုပ်ပြစရာ လိုလို့လားဟ…” ကောင်းကျုံးယွမ် ပြောလိုက်သည်။
“ ဘာပဲပြောပြော ဒါက ကုမ္ပဏီကြီး တစ်ခုပဲလေ… ဒီလိုကြီးကတော့ သောက်ရမ်း ရှက်ဖို့ကောင်းလွန်းပါတယ်…”
လင်းရီ ရှေ့ဆုံးတန်းရှိ ဟော်ယွမ်ယွမ်အား လက်ညှိုးထိုးပြလိုက်၏။
“ မင်းမှာ အချိန်ရှိတယ်ဆိုရင် မင်းရဲ့ လေဒီကိုသာ ပိုပြီး အာရုံစိုက် …”
ကောင်းကျုံးယွမ် လှမ်းကြည့်လိုက်တော့ ဟော်ယွမ်ယွမ်၏ အသံမှာ အကျယ်လောင်ဆုံး ဖြစ်နေသည်ကို တွေ့ရှိလိုက်ရလေသည်။
အကယ်၍ ကျီချင်းရန်သာ ဘေးမှ ဆွဲမထားဘူးဆိုပါက စင်ပေါ်သို့ ပြေးတက်ပြီး သွားနမ်းမည့်အလား အောက်မေ့ရ၏။
ကောင်းကျုံးယွမ် မျက်နှာကို လက်နှစ်ဖက်ဖြင့် အုပ်ထားလိုက်၏။ “ ငါ ဘာမှမပြောခဲ့ဘူးပဲ ထားလိုက်တော့ …”
ဖျော်ဖြေတင်ဆက်မှုတို့အပြင် ဂိမ်းအသေးစားလေးများလည်း တော်တော်များများ ပြင်ဆင်ထားသေးသည်။ အများစုက ကုမ္ပဏီနှစ်ခု၏ ထိတွေ့ဆက်ဆံမှုကို တိုးမြင့်စေရန်နှင့် ကိုးရို့ကားယား ကသိကအောက်လည်း မဖြစ်ရလေအောင် သေချာစီမံထား၏။ ထို့ကြောင့် လူတိုင်းက အခက်အခဲမရှိ ပါဝင်နိုင်ကြပြီး လိုက်လျောညီထွေဖြစ်သည့် လေထုကို ဖန်တီးနေလျက် ရှိတော့သည်။
တွေ့ဆုံပွဲက အရှိန်အဟုန်နှင့် ရှေ့သို့ ဆက်လက်ချီတက်နေပြီး ပျင်းရိစရာ အခိုက်အတန့်ဟူ၍ လုံးဝကို မရှိချေ။ အချိန်တိုင်း လေထုအခြေအနေက အမြင့်ဆုံးသို့ ရောက်ရှိနေလေသည်။ ဆယ်လီတော်တော်များများ၏ အားပေးကူညီမှုလည်း ပါဝင်သဖြင့် အရည်အသွေးက အတော်လေး အဆင့်မြင့်သည်ဟု ပြော၍ရသည်။
ဒုတိယ ဖျော်ဖြေတင်ဆက်မှု၏ ပွဲတစ်ဝက်တွင် ချောင်ရန်အုပ်စုဘက်က တင်ဆက်သူ နှစ်ဦးသည် စင်ပေါ်သို့ တက်လာပြီး မိုက်ခရိုဖုန်း ကိုယ်စီဖြင့် အောက်ရှိ ပရိတ်သတ်တို့အား ပြောလိုက်သည်။
“ အခု … ‘ ကြယ်တွေစုံတဲ့ည ‘ သီချင်းနဲ့ ဖျော်ဖြေပေးဖို့ မိန်းကလေး ထန်ရှောင်းရှောင်းကို စင်ပေါ်သို့ ဖိတ်ပါရစေခင်ဗျ…”
ကြေညာချက် ထွက်ပေါ်လာပြီးသည့်နောက် နွေးထွေးသည့် လက်ခုပ်သံတို့က စင်အောက်တစ်ခွင်တွင် ပျံ့လွင့်သွားခဲ့လေသည်။
ယခု အချိန်တွင် ထန်ရှောင်းရှောင်းက နိုင်ငံတွင်း ရေပန်းအစားဆုံး ဆယ်လီတစ်ဦးဖြစ်၏။ သူမ ရေးစပ်ခဲ့သည့် ‘ ကြယ်တွေစုံတဲ့ည’ တေးသီချင်းက အဓိက မီဒီယာ ပလတ်ဖောင်းမျိုးစုံတွင် အတော်လေး ရေပန်းစားနေသည်။
ဆယ်လီသတင်းများနောက်သို့ မလိုက်သည့်လူများပင် သူမ၏ သီချင်းကို သံစဉ်လိုက်ညည်းနိုင်သည်အထိပင်။
ဤနေရာ၌ ရှိသည့် လူတော်တော်များကလည်း သူမ၏ ထွက်ပေါ်လာမှုကို အတော်လေး မျှော်လင့်နေခဲ့ကြ၏။
နွေးထွေးသည့် လက်ခုပ်သံတို့ ရပ်စဲသွားသောအခါ ထန်ရှောင်းရှောင်းသည် စတိတ်စင်၏ အလယ်သို့ အဖြူရောင် ဝတ်စုံဖြင့် ရောက်ရှိလာခဲ့၏။
သူမ ရောက်ရှိလာသည်နှင့်တစ်ပြိုင်နက် အားပေးချီးမြှောက်သံတို့နှင့် လက်ခုပ်သံတို့က ထပ်မံတုန်ဟီးလာပြန်သည်။
ထန်ရှောင်ရှောင်း စင်အောက်ရှိ လူများအား ရွှင်ပြစွာ ကြည့်လိုက်၏။ လူအုပ်ကြီး၏ စိတ်အားထက်သန်မှုက သူမ၏ စိတ်ခံစားချက်များကို လှုံ့ဆော်နိုင်သည်အထိ ဖြစ်နေလိမ့်မည်လို့ ထင်မှတ်မထားခဲ့ချေ။
စင်အောက်ရှိ လက်ခုပ်သံများ စဲသွားဖို့ကို အချိန်အတော်လေး ပေးလိုက်ရ၏။ ထန်ရှောင်ရှောင်းသည်လည်း ဖျော်ဖြေသီဆိုရန်အတွက် အလျင်လိုမနေချေ။ သူမ အောက်ရှိ ဧည့်ပရိတ်သတ်တို့အား ပြုံးပြရင်း လက်ဝှေ့ရမ်း နှုတ်ဆက်လေသည်။
ထိုအခိုက် သူမ၏ ဆန်ကိတ်အား လုယူသွားသည့် အမျိုးသားကလည်း စင်အောက်တွင် ရှိနေသည်ကို ထန်ရှောင်ရှောင်း အံ့အားသင့်စွာ မြင်တွေ့လိုက်ရ၏။
‘ ထင်ထားတဲ့အတိုင်းပဲ …သူက ဒီကုမ္ပဏီနှစ်ခုက ဝန်ထမ်းကိုး …’
ထန်ရှောင်းရှောင်း သူမကိုယ်သူမ တွေးတောလိုက်သည်။
သေစမ်း … လူမြင်တာနဲ့ ရိုက်ပစ်ချင်စိတ်က ကြွလာပြန်ပြီ…
လက်ခုပ်သံတို့က မိနစ်ဝက်လောက် ကြာမြင့်ပြီးနောက် ဖြည်းဖြည်းချင်း ပြန်လည် တိတ်ဆိတ်သွားခဲ့၏။
ထန်ရှောင်ရှောင်း မိုက်ကိုက်၍ ရောက်ရှိနေသည့် လူတိုင်းအား “ လင်းယွင်အုပ်စုနဲ့ ချောင်ရန်အုပ်စုရဲ့ နှစ်ပတ်လည်တွေ့ဆုံပွဲကို ဖိတ်ကြားခံရတဲ့အတွက် ကျွန်မ သိပ်ပျော်တာပဲ … အခု လူတိုင်းကို ‘ ကြယ်တွေစုံတဲ့ည’ ဆိုတဲ့ သီချင်းလေးနဲ့ တင်ဆက်ပေးပါ့မယ်နော်.. တစ်ဆက်တည်း ကုမ္ပဏီနှစ်ခုလည်း နောင်ကျ သည့်ထက်ပိုပြီး အောင်မြင်ကြီးပွားပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်…”
ယခုလို မြင်ကွင်းမျိုးကို ထန်ရှောင်ရှောင်း၏ မှတ်ဉာဏ်ထဲတွင် ပုံဖော်ထားသည်။ သူမဘက်က သာယာနာပျော်ဖွယ် စကားလုံးများအား ပြောပေးသည်နှင့် အိမ်ရှင်ကလည်း ထိုအတွက် ပျော်ရွှင်သွားလိမ့်မည်။ နောင်ကျ အတူပူးပေါင်းလုပ်ဆောင်နိုင်သည့် အခွင့်အရေး ပြန်လည်ရရှိလာတာမျိုးလည်း ဖြစ်ကောင်းဖြစ်နိုင်သည်။
လက်ခုပ်သံတို့က တစ်ဖန် ဆူညံလာခဲ့၏။ သို့သော် သီချင်း၏ အင်ထရိုဝင်သည်နှင့် လူတိုင်းက ပြန်တိတ်ဆိတ်သွားခဲ့ပြီး ထန်ရှောင်ရှောင်း၏ သီဆိုတင်ဆက်မှုကို နားထောင်ရန် အဆင်သင့် ဖြစ်နေခဲ့ကြလေသည်။
“ လင်းကော .. ဒီကောင်မလေးက မဆိုးဘူးပဲ … “ ကောင်းကျုံးယွမ် မှတ်ချက်ပေးလိုက်၏။
“ သူ့ရဲ့ဆိုဒ်နဲ့ဆို အများဆုံး A cup လောက်ရှိတာ … ငါ့အကြိုက်မဟုတ်ဘူး .. မင်း လျန်ကြီးဖို့ သိမ်းထားပြီး သူ ကြိုက်မကြိုက် မေးကြည့်ပေါ့ ….”
“ အဲ့ကောင်ကတော့ ဘာနေနေ ငြင်းမှာ မဟုတ်ဘူး သေချာတယ်… သူ့နားချဉ်းကပ်လာတဲ့ မင်းသမီးတွေကို သူ ငြင်းတယ်ရယ်လို့ကို မမြင်မိတာ … ပြီးတော့ ဒီလို ဆယ်လီတွေကလည်း သူ့ကြိုက်တဲ့ပုံစံနဲ့ ကွက်တိပဲ …”
“ ငါ အဲ့ကောင်နဲ့ ရင်းနှီးလာတာ ၂ နှစ်ကျော်ပြီ.. စိတ်ထဲ ဒီကောင်က မင်းသမီးတိုင်းနဲ့ အတူအိပ်ဖူးနေသလိုပဲ …”
“ စောနတုန်းက တတိယနဲ့ ဆဌမမြောက် ဖျော်ဖြေသွားတဲ့ မင်းသမီးတွေနဲ့လည်း အဲ့ကောင် အိပ်ဖူးတယ်…”
“ ဖက်ခ်… စောက်ရမ်း အံ့ဩစရာပဲ …”
နှစ်ယောက်သား တဟားဟား ရယ်မောလိုက်ကြပြီး သီဆိုနေသည့် သီချင်းသံကို ပြန်နားစွင့်လိုက်ကြသည်။
သို့သော် လင်းရီမှာ ထိုအမျိုးသမီး၏ အသံက ပို၍ ပို၍ ရင်းနှီးလာသည်ကို သတိပြုမိလိုက်လေသည်။
ကြည့်ရသည်မှာ စောနလေးတင် သူနှင့် ဆန်ကိတ်လာလုဝယ်သည့် အမျိုးသမီး ဖြစ်ပုံရ၏။
ထို့ပြင် သူတို့နှစ်ယောက်၏ ကိုယ်လုံးကိုယ်ပေါက်ကလည်း အတော်လေး ဆင်တူနေသည်။
တကယ်ကြီးများလား … အဲ့လောက်ထိ တိုက်ဆိုင်တယ်ဆိုတာ မရှိလောက်ပါဘူးနော…
မကြာမီ ထန်ရှောင်းရှောင်း သီချင်းတစ်ပုဒ်လုံး သီဆိုတင်ဆက်ပြီးသွားခဲ့သည်။
ပရိတ်သတ်များထံမှ နောက်ထပ် ကျယ်လောင်သည့် လက်ခုပ်သံ တစ်သုတ် ထွက်ပေါ်လာလေသည်။
“ နောက်တစ်ပုဒ်…”
“ နောက်တစ်ပုဒ်…”
“ နောက်တစ်ပုဒ်…”
စင်အောက်ရှိ အားပေးချီးမြှောက်မှုများကို လက်ခံရရှိတော့ ထန်ရှောင်းရှောင်း၏ မုဒ်မှာ အထွတ်အထိပ်သို့ ရောက်ရှိသွားခဲ့တော့သည်။ ဤလူများ ပေးနေသည့် အန်နာဂျီက သူမအား အရူးအမူး စွဲလမ်းရူးသွပ်သည့် ပရိသတ်တစ်ချို့ထက်ပင် သာလွန်နေသည်။
မသိစိတ်အလျောက် ထန်ရှောင်းရှောင်း၏ အကြည့်က လင်းရီရှိသည့် နေရာသို့ ကျရောက်သွားခဲ့သည်။
ကောင်းလေစွ။ ထိုကိုယ်တော်က သူမအား ကြည့်မနေဘဲ ခေါင်းကို လက်တစ်ဖက်ဖြင့် ထောက်ထားရင်း အိပ်ပျော်နေသည်ကို မြင်တွေ့လိုက်ရလေသည်။
သူမက စင်ပေါ်မှာ သီချင်းဆိုနေတယ်… သူကျတော့ ထိုင်ငိုက်နေတယ်ပေါ့ ဟုတ်လား …
ဒါ မလေးမစား လုပ်လိုက်တာပဲ ..
ထန်ရှောင်းရှောင်း သူမ၏ မျက်နှာ ဖြတ်ရိုက်ခံလိုက်ရသည်ဟု ခံစားလိုက်ရ၏။
“ နင် ဘာတွေ လုပ်နေတာ… ဘာလို့ ငိုင်နေတာလဲ…”
မန်နေဂျာ၏ အသံက နားကြပ်ကနေတဆင့် ရောက်ရှိလာသည်။
ထိုအခါမှသာ ထန်ရှောင်ရှောင်းလည်း သူမ၏ ကိုယ်ဟန်ကို ဆုံးရှုံးသွားကြောင်း သတိမူမိသွားခဲ့တော့သည်။
စာချုပ်အရဆိုပါက သူမသည် ယနေ့တွင် သီချင်းနှစ်ပုဒ် ဖျော်ဖြေပေးရပေမည်။ ယခုအခါ ဒုတိယ တစ်ပုဒ်ကို သီဆိုရမည် ဖြစ်၏။
မိုက်ခရိုဖုန်းကို ကိုင်ရင်း ထန်ရှောင်းရှောင်း စတင်သီဆိုတော့မည့် အချိန်မှာပဲ ရုတ်တရက်ဆိုသလို အကြံတစ်ခုက သူမခေါင်းထဲသို့ ဝင်လာပြီး အောက်ရှိ ပရိတ်သတ်တို့အား ပြောလိုက်၏။
“ စစချင်းတုန်းကတော့ သီချင်းတစ်ပုဒ်ပဲ ဆိုတော့မလို့ပဲ … ဒါပေမယ့် ဒီနေ့ ကျွန်မ သိပ်ပျော်တယ်.. ဒါကြောင့်မို့ ပရိတ်သတ်တစ်ယောက်ကို စင်ပေါ်တက်ပြီး ကျွန်မနဲ့ အတူ ဖျော်ဖြေပေးဖို့ ဖိတ်ခေါ်ပါရစေ …”
ထန်ရှောင်းရှောင်းဘက်က ထိုသို့ ပြု၍ ဦးစွာကမ်းလှမ်းလာသည်ကို မြင်တော့ စင်အောက်ရှိ ပရိတ်သတ်များလည်း လှုပ်လှုပ်ရွရွတွေ ဖြစ်ကုန်သည်။ အံ့အားသင့်မှုနှင့် စိတ်လှုပ်ရှားမှုက တစ်ပြိုင်တည်း ဖြစ်ပေါ်လာကာ သူတို့များ ကံကောင်းသွားလေမလားဟု မျှော်လင့်မိကုန်ကြ၏။
လူတိုင်းက ထန်ရှောင်းရှောင်း သူတို့ကို ရွေးချယ်ပေးဖို့ အော်ဟစ်တောင်းဆို နေကြတော့သည်။
မိနစ်အနည်းငယ် ကြာပြီးနောက် ထန်ရှောင်ရှောင်း၏ အသံကို လူတိုင်းကြားလိုက်ကြရ၏။
“ ငါးတန်းမြောက်က အနက်ရောင်ဂျက်ကောင်နဲ့ အချောလေး … စင်ပေါ် တက်လာခဲ့ပေးနော် ”
အံ့အားသင့်ဖို့ကောင်းစွာဖြင့် အနက်ရောင် ဂျက်ကတ်ကို ဝတ်ဆင်ထားသည့်လူက လင်းရီတစ်ယောက်တည်း ဖြစ်လို့နေသည်။
ဤတစ်ကြိမ်တွင်တော့ မည်သူမျှ ဘာမျှ မပြောကြတော့ချေ။ သူမက ဥက္ကဌလင်းကို ရွေးချယ်လိုက်သဖြင့် သူတို့ကိုယ်သူတို့ ရိုးသားသင့်၏။
လင်းရီက အိပ်ငိုက်နေသော်လည်းပဲ ထန်ရှောင်းရှောင်း၏ မျက်နှာထက်၌ အားတောင့်အားနာ ရှက်ရွံ့မှုတို့ ရှိမနေချေ။
သူ ပြန်လာသည့် လမ်းတွင် သူ့အဖော်အား သီချင်းလည်း မဆိုတတ်သလို ကလည်း မကတတ်ကြောင်း ပြောဖူးသည်အား သူမ ကောင်းကောင်းကြီး မှတ်မိနေခဲ့၏။
သူ စင်ပေါ်သို့ ရောက်လာသည်နှင့် သူမတို့နှစ်ဦးက စုံတွဲ တေးတစ်ပုဒ်ကို အတူဖျော်ဖြေမည်။ ရလဒ်မှာတော့ အသိသာကြီးပင်။ သူက ကုမ္ပဏီထဲတွင် လူရယ်စရာ ဖြစ်လာမည်မှာ သေချာပေါက်ပင်။
‘ နင့်ကို မရိုက်နိုင်ဘူးလို့ မထင်လိုက်နဲ့ … ငါ့မှာ နင့်ကို လက်စားချေဖို့ နည်းလမ်းတစ်သောင်းမက ရှိပြီးသား ဟွန့် …’
“ ဒီ မိန်းမ တမင်သပ်သပ်များ လုပ်လား မသိဘူး… သူတို့ နှစ်ယောက်က ဟိုမှာ ငိုက်နေကြတာကို ဘယ်လိုလုပ်ပြီးများ ရွေးခံလိုက်ရတာပါလိမ့်..” ဟော်ယွမ်ယွမ် ပြောလိုက်၏။
“ လင်းရီက မျက်စိဖမ်းစားချင်စရာ တအား ကောင်းနေလို့ ရွေးလိုက်တာ နေမှာပေါ့…” ကျီချင်းရန် အပြုံးလေးဖြင့် ပြောလိုက်သည်။
“ ဟင့် … ငါတော့ အစ်မကျီပြောတဲ့စကားကို သိပ် လက်မခံချင်ဘူး … ကျွန်မရဲ့ ကောင်းကျုံးယွမ်ကလည်း မဆိုးပါဘူးနော်…”
“ သူက မဆိုးပါဘူး .. ဒါပေမယ့် ငါ့ရဲ့ လင်းရီလောက်တော့ မချောဘူး …” ကျီချင်းရန် ဘဝင်လေဟပ်စွာ ပြောလိုက်၏။
“ ဥက္ကဌလင်း …”
ဘေးရှိ အမျိုးသား ဝန်ထမ်းတစ်ဦးက လင်းရီကို လက်တို့လိုက်၏။
နှစ်ခြိုက်စွာ အိပ်မောကျနေသည့် လင်းရီမှာ သူ၏ မျက်လုံးများအား ပွတ်ရင်း နိုးလာခဲ့၏။
“ ဘာလဲ .. ပြီးသွားပြီလား ..”
“ မပြီးသေးဘူး … ထန်ရှောင်ရှောင်းက မင်းကို ရွေးလိုက်ပြီ… စင်ပေါ်သွားပြီး သူနဲ့ သီချင်းသွားဆိုချည် …”
လင်းရီ သမ်းဝေလိုက်ရင်း မျက်ရည်တို့ပင် ထွက်လို့လာသည်။
စင်ပေါ်ရှိ ထန်ရှောင်ရှောင်းအား ကြည့်ရင်း လင်းရီ ရေရွတ်လိုက်မိသည်။
“ ငါကဖြင့် သူ့ကိုတောင် မသိတာ သူ့သီချင်းတွေ ဘယ်လိုသွားဆိုရမှာ…”