ကိုယ့်ကိုယ်ကို အရှက်ရစေခြင်း
Vol. 107 Ch. 1594
ထိုစကားကြားတော့ ပတ်ဝန်းကျင်ရှိ ဝန်ထမ်းများက ကိုးရို့ကားယား ပြုံးမိလိုက်ကြသည်။
သူတို့အားလုံး ‘ မင်းက ဒီလောက်နာမည်ကြီးတောင် မသိရကောင်းလားကွ…’ ဟုလည်း မှတ်ချက်ပြု၍ မရပေ။ မည်သို့ပင် ဆိုစေ ကိုယ့်အလုပ်ကိုယ် အရင်းပြု၍ သူဌေးအား အပြစ်ပြုသည်က ဉာဏ်ရှိသူတို့၏ လုပ်ရပ် မဟုတ်ချေ။
“ လင်းကော … မင်း ဘာတွေစောင့်နေတာ .. ဟိုက ခေါ်နေတယ်လေ…” ကောင်းကျုံးယွမ် အပြုံးလေးဖြင့် ပြောလိုက်ပြီး “ အလှလေးကို အကြာကြီး စောင့်ရအောင် မလုပ်နဲ့ … မြန်မြန်သွား …’
ရှေ့ဆုံးတန်းတွင် ထိုင်နေသည့် ချီရှန်းကျောက်နှင့် ထျန်းရန်တို့ကလည်း လင်းရီအား စင်ပေါ်သို့ တက်ရန် အကြည့်များ ဆက်တိုက်ပေးနေကြ၏။
မည်သို့ပင်ဆိုစေ သူက ကုမ္ပဏီတွင် ရာထူးအမြင့်ဆုံး ပုဂ္ဂိုလ်တစ်ယောက်ဖြစ်၏။ သိုသိပ်လွန်းလှကာ ဝန်ထမ်း အသစ်လေးများကလည်း သူ့အား မသိကြချေ။
ဤအခွင့်အရေးကို အသုံးချ၍ စင်ပေါ်တွင် မျက်နှာပြဖို့ ကောင်းလှ၏။ မည်သို့ပင်ဆိုစေ ဤသည်က နှစ်ပတ်လည် တွေ့ဆုံပွဲ တစ်ခုဖြစ်ပြီး မည်သူကမျှ တင်ဆက်မှုကို အာရုံစိုက်နေကြမည် မဟုတ်ချေ။ ပျော်ရွှင်ဖို့ကသာ ပဓာန ဖြစ်သည်။
ထို့ပြင် မည်သူကရော သူတို့၏ သူဌေးကို လှောင်ပြောင်ဝံ့ကြလိမ့်မည်နည်း။
မှန်၏။ ထိုအထဲ ဟော်ယွမ်ယွမ် မပါဝင်သည်ကတော့ ကျိန်းသေသည်။
လင်းရီလည်း ရွေးချယ်စရာ မရှိကာ စင်ပေါ်သို့ တက်လာရတော့သည်။
သို့သော် သူ၏ အကြည့်က ထန်ရှောင်းရှောင်းပေါ်၌သာ ကပ်ညှိနေလျက်ရှိ၏။ ဤ အမျိုးသမီးက သူနှင့် ဆန်ကိတ်လာလုဝယ်သည့် အမျိုးသမီးဖြစ်သည်ကို ၇၀ ရာခိုင်နှုန်းမျှ သေချာသည်။
လင်းရီ၏ စင်ပေါ်ရှိ သွင်ပြင်က အောက်ရှိ ပရိတ်သတ်များ၏ လက်ခုပ်သြဘာသံများအား ထွက်ပေါ်လာစေခဲ့သည်။
မိန်းကလေးတစ်အုပ်စု၏ အသံပါဝါသည် သွားနောက်လို့ကောင်းသည့် အရာမဟုတ်ချေ။
“ ဥက္ကဌလင်းက သိပ်ချောလွန်းတယ်…”
“ သိသာနေတာပဲ မလား … အရင် စင်ပေါ်တက်လာတဲ့ တက်သစ်စ ဆယ်လီတွေထက် အပြတ်သတ်ကိုသာတယ်…”
“ ချမ်းလည်း ချမ်းသာပြီး ရုပ်လည်း ချောတယ်… သူသာ သူ့လက်အောက်က ဝန်ထမ်းတွေနဲ့ ပရောပရည်လုပ်ဖို့ စိတ်ဝင်စားရင် ပြီးပြည့်စုံသွားပြီ…”
စတိတ်စင်ပေါ်တွင် လင်းရီနှင့် ထန်ရှောင်းရှောင်းတို့က ပခုံးချင်းယှဉ်ရပ်နေပြီး လင်းရီမှ အသံတိုးတိုးဖြင့် ပြောလိုက်၏။
“ မင်းက စောနတင် ဆန်ကိတ် လာဝယ်သွားတဲ့ အမျိုးသမီးမလား …”
“ နင် မှတ်မိတယ်ပေါ့…”
“ မင်းအသံကြားလိုက်တာနဲ့ သိတယ်…” လင်းရီ ပေါ့ပါးစွာ ပြောလိုက်၏။
“ နင်က ငါ့မုန့်တွေလည်း လုသွားသေးတယ်… ဒါတောင် နင့်ကို စင်ပေါ် သီချင်းအတူဆိုဖို့ ဖိတ်ခေါ်သေးတာ လူတိုင်းက နင့်လို ဂုဏ်ယူခွင့်ရမယ် ထင်မနေနဲ့ … ဘယ်လိုလဲ… အရမ်း ခံစားသွားရလား …”
“ ငါက မင်း ဘယ်သူလဲတောင် မသိတာ ဘာကိစ္စ ဂုဏ်ယူရမှာ …” လင်းရီ ပြောလိုက်၏။ “ ပြီးတော့ ငါ့ဘာငါ အိပ်နေတာ အကောင်းကြီးကို ဘာလို့ ခေါ်လိုက်တာ… သူများ ကောင်းကောင်း အနားယူနေတာကို နှောင့်ယှက်လိုက်တာ ကိုယ့်ကိုယ်ကို ဂုဏ်ယူချင်စရာ ကောင်းလှပြီ ထင်နေတယ်ပေါ့ …”
ဟင်…
ထန်ရှောင်းရှောင်း ကြက်သေသေသွားခဲ့၏။ အခြားသူများဆိုပါက ဤသို့သော အခွင့်အရေးမျိုးကို ဘယ်တော့မှ ရရှိမည် မဟုတ်ချေ။ သို့သော် ဤအကောင်ကတော့ တန်ဖိုးထားရကောင်းမှန်းကို သိမနေချေ။
“ ဘာပဲဖြစ်ဖြစ်လေ… အခု နင်ဘာတတ်နိုင်လို့ … စင်ပေါ်ရောက်လာပြီဆိုတော့ သီချင်းဆိုရမှာပဲ…”
ထန်ရှောင်းရှောင်း လင်းရီကို စင်ပေါ် ခေါ်လိုက်သည်ကို မြင်တော့ နောက်တွင် ရှိနေသည့် မန်နေဂျာမှာ အားရကျေနပ်စွာ ခေါင်းညိမ့်လိုက်မိ၏။
“ ပြောတော့ မလိုချင်ဘူး မလိုချင်ဘူးနဲ့ ခန္ဓာကိုယ်ကတော့ ရိုးသားလိုက်ပါဘိသနဲ့ … နင်က ဥက္ကဌလင်းကို သီချင်းအတူဆိုဖို့ စင်ပေါ်တောင် ခေါ်လိုက်သေးတယ်… ဒီလိုပုံစံနဲ့ နင်တို့နှစ်ယောက် အချင်းချင်းပိုပြီး ရင်းနှီးလာမယ်…”
တစ်ချိန်တည်းတွင် စင်ပေါ်တွင် မတ်တပ်ရပ်နေသည့် လူနှစ်ယောက်၏ စကားဝိုင်းကလည်း အဆုံးသတ်သွားခဲ့သည်။
ထန်ရှောင်းရှောင်း စင်အောက်ရှိ ပရိတ်သတ်တို့အား ပြောလိုက်၏။
“ အခု … ကုမ္ပဏီက ဒီဝန်ထမ်းနဲ့ သီချင်းတစ်ပုဒ် အတူဆိုပါမယ်… သီချင်းကိုလည်း ဒီဝန်ထမ်းကပဲ ရွေးချယ်လို့ ရပါတယ်…”
စင်အောက်ရှိ အမှုဆောင် အဖွဲ့ဝင်တို့ကတော့ ဖုန်းကင်မရာများဖြင့် ရိုက်ကူးနေရင်း သူ့အား မြှောက်ပင့်ရန် ကြိုးစားနေကြလေသည်။
“ ငါ သီချင်းတွေ သိပ်နားထောင်လေ့ မရှိဘူး …”
လင်းရီ အမှန်အတိုင်း ပြောလိုက်ခြင်းပင်။
သူ တက္ကသိုလ်ကျောင်းတက်တုန်းကတော့ သီချင်းများ နားထောင်လေ့ ရှိ၏။ သို့သော် ဘွဲ့ယူပြီးနောက်တွင်တော့ သီချင်းနားထောင်သည့် အလေ့အား တာ့တာပြလိုက်ရတော့သည်။
“ ရတယ်… နင် စိတ်ထဲရှိတာရွေးလိုက် .. ငါက ဘာပဲဖြစ်ဖြစ် အဆင်ပြေတယ်… နင် ဘာမှမသိဘူးဆို ကလေး သီချင်း အတူဆိုတောင် ဖြစ်တယ်… နင် ကီးကြောင်ကြီးနဲ့ဆိုရင်တောင် ဘယ်သူမှ ဘာမှ ပြောမှာ မဟုတ်ဘူး …” ထန်ရှောင်းရှောင်း ပြောလိုက်၏။ “ ပြီးတော့ သူများတွေ ပျော်ရွှင်အောင် ကိုယ့်ကိုယ်ကို စတေးရတာ ပျော်ဖို့ မကောင်းဘူးလား …”
ချီးကို စတေး …
လင်းရီ စိတ်ထဲ ကျိန်ဆဲလိုက်မိ၏။ ဤ အမျိုးသမီး၏ လှည့်စားမှုကို လင်းရီခံလိုက်ရလိမ့်မည်လို့ ထင်မှတ်မထားခဲ့ပါချေ။
“ ကောင်းပြီလေ.. ဒါဆိုလည်း ‘ချင်းဟိုင် တိဗက် ကုန်းပြင်မြင့်’ ဆိုတဲ့ သီချင်းဟောင်းတစ်ပုဒ်ကို ဆိုမယ်…”
လင်းရီက ဤသီချင်းဆိုတော့မည့် အသံကို ကြားတော့ ဟော်ယွမ်ယွမ် စိတ်လှုပ်ရှားတကြီးနှင့် ဖုန်းထုတ်လိုက်တော့၏။
“ ဒါက ရှားရှားပါးပါးပဲ သေချာလေး မှတ်တမ်းတင်ထားရမယ် ဟားဟားဟား ….. အစ်မကျီ… သူ့အကြိုက်က အရမ်းဆိုးတာပဲနော်… ခုက ဘယ်ခေတ်မှာလဲ… ဒါတောင် ရှေးသီချင်းကြီးတွေ ဆိုချင်နေတုန်း …”
ကျီချင်းရန်လည်း သူမ၏ မျက်နှာကို လက်နှစ်ဖက်ဖြင့် အုပ်ထားမိ၏။ သူမလည်း ကီးကြောင်သည့် လူစားမျိုး ဖြစ်ပြီး သီချင်းများ နားထောင်လေ့ မရှိချေ။
သို့သော် ‘ ချင်းဟိုင် တိဗက် ကုန်းပြင်မြင့်’ ဆိုသည့် သီချင်းက အတော်လေး ဒိတ်လွန်နေပြီကိုတော့ သူမ သိလေသည်။
“ ကုမ္ပဏီရဲ့ နှစ်ပတ်လည်တွေ့ဆုံပွဲက ဒီတိုင်း ပျော်ပွဲ ရွှင်ပွဲတစ်ခုပဲလေ.. နင့်ဘာနင် ဘာသီချင်းဆိုဆို အရေးမကြီးဘူး … အဓိကက လူတိုင်း ပျော်ရွှင်ဖို့ပဲ …”
အခြားတစ်ဖက်ရှိ ကျီချင်းရန်မှာတော့ ထိုအချင်းအရာအား ဂရုစိုက်မနေချေ။ လင်းရီ သီချင်းဆိုမည့် အသံကြားတော့ နည်းနည်းလေးပင် စိတ်လှုပ်ရှားမိသေးသည်။
“ နင် သေချာလား …” ထန်ရှောင်းရှောင်း မေးမြန်းလိုက်၏။
“ အသံက မြင့်တယ်နော်.. နင်က ပရော်ဖက်ရှင်နယ် မဟုတ်ဘူးဆိုရင် နင့်အသံ အက်သွားလိမ့်မယ်…”
“ ငါကတော့ မင်း အိုကေမယ်လို့ပဲ မျှော်လင့်တာ…”
“ ငါတော့ အိုကေမှာ သေချာတယ်…”
ထိုသို့ပြောပြီးနောက် ထန်ရှောင်းရှောင်းသည် သူမ၏ လက်ညှိုးကို သူ့ထံသို့ ကွေးပြ၍ “ နင်အဆင်သင့်ဖြစ်ပြီဆို စလိုက်ကြရအောင် …”
လင်းရီ သီချင်းဆိုရန် ပြင်ဆင်လိုက်ပြီး စင်နောက်ရှိ ဝန်ထမ်းများကလည်း ချင်းဟိုင်တိဗက် ကုန်းပြင်မြင့်အတွက် တေးသီချင်းသံစဉ်အား ရှာတွေ့သွားခဲ့ကြသည်။
သီချင်းက နည်းနည်းလေး ဟောင်းနွမ်းနေပြီ ဆိုသော်ငြားလည်း ကော်ပိုရေးရှင်း၏ အမျိုးသမီး ဝန်ထမ်းတို့ကတော့ နှစ်သက်မှုအပြည့်ဖြင့် နားထောင်နေကြဆဲပင်။
ဥက္ကဌလင်းဆိုမှာပဲလေ… ဘာနေနေ ကောင်းတယ်…
အဖွင့်သံစဉ်က လျင်မြန်စွာ အဆုံးသတ်သွားခဲ့ပြီး လင်းရီသည် မိုက်ကို ကိုင်၍ သီဆိုရန် အချိန်မရွေး အသင့်ဖြစ်နေခဲ့၏။
ထန်ရှောင်းရှောင်းမှာမူကား အပြင်ပန်းတွင် တည်ငြိမ်ချင်ယောင် ဆောင်ထား၏။ သို့သော် ရင်ထဲတွင် အားပါးတရ လှောင်ရယ်နေပြီး လင်းရီ၏ ကီးကြောင်ကြောင်နှင့် ကိုယ့်ကိုယ်ကို အရူးလုပ်သည်အား မြင်တွေ့ရန် အသင့်ဖြစ်နေတော့၏။
ဘယ်သူက ရှေးရဲ့ အသံကို သယ်ဆောင်လာခဲ့သလဲ
ဘယ်သူက ထောင်စုနှစ်ပေါင်းများစွာရဲ့ မျှော်လင့်ချက်တွေကို ချန်ထားရစ်ခဲ့သလဲ
Qing hai Tibet plateau
{ https://youtu.be/azPslmqY4AE?si=mO4WXveHpoc001l8 }
လင်းရီ နှစ်ကြောင်းမျှသာ သီဆိုရသေးသော်လည်း လူတိုင်းအား ကြက်သေသေသွားစေခဲ့လေသည်။
ဒါ အတော်လေး ဟောင်းနေတဲ့ သီချင်းမလား … ဥက္ကဌလင်းရဲ့ နှုတ်ဖျားက ထွက်လာတော့ ဘာလို့ ဒီလောက်နားထောင်လို့ ကောင်းနေရတာပါလိမ့်…
သူ့ရဲ့ နည်းစနစ်က သိပ်ကောင်းလွန်းတယ်…
မသိသူများက ရှိုးကိုသာ ကြည့်ပြီး ကျွမ်းကျင်သူတို့ကတော့ အနုပညာကို ကြည့်ကြသည်။
ဘေးတွင် ရပ်နေသည့် ထန်ရှောင်းရှောင်း၏ မျက်ဝန်းများ ပြူးကျယ်သွားပြီး နှလုံးခုန်သံတို့လည် ဒုန်းဆိုင်းသွားခဲ့ရလေသည်။
အစက ဒီလောက် မြင့်တာတောင် ဒီလောက်ထိ တည်တည်ငြိမ်ငြိမ်နဲ့ ဆိုနိုင်နေတယ်…
ဒါကြီးကို သူမက ဘယ်လို လိုက်ပေးရမှာလဲ…
အနည်းဆုံး E4 လောက်ရှိဖို့လိုတယ်.. သီချင်းရဲ့ အစပိုင်းလေးဆိုပေမယ့် အဲ့လောက်ထိကို မြင့်နေပြီ…
ဒါပေမယ့် သူက အဲ့လောက်နဲ့ စလိုက်တော့ သူမက အခု ဘယ်လိုဆိုရပါ့…
ပြီးတော့ ဒါကိုများ ပြောခဲ့သေးတာ သူက ကီးကြောင်ကြီး သီချင်းမဆိုတတ်ဘူးဆိုပဲ …
ဒါကို မဆိုတတ်ဘူး ပြောနေရင်တော့ လဲသာ သေလိုက်တော့ …
ကျီချင်းရန်သည် ဟော်ယွမ်ယွမ်၏ လက်ကို စိတ်လှုပ်ရှားတကြီးဖြင့် ဆုပ်ကိုင်ထားမိသည်။ “ ငါ့ရဲ့ လင်းရီကို ကြည့်စမ်း … သူ ဆိုတာ အရမ်းကောင်းတယ် မြင်လား … နင့်ရဲ့ ကောင်းကျုံးယွမ်က ဒီလိုမျိုး မလုပ်နိုင်တာ သေချာတယ်…”
ဟော်ယွမ်ယွမ် နှုတ်ခမ်းကိုက်လိုက်ပြီး လင်းရီ၏ သီချင်းဆို စွမ်းရည်ကြောင့် အံ့အားသင့်သွားခဲ့ရသည်။
မကြာမီ လင်းရီ သူ၏ အပိုင်းကို သီဆိုလို့ ပြီးသွားခဲ့ပြီး ထန်ရှောင်းရှောင်းအား စတင်ရန် အချက်ပြလိုက်၏။
တစ်ဖက်သူမှာ အနည်းငယ် ထိတ်ထိတ်ပျာပျာ ဖြစ်သွားခဲ့ရလေသည်။
အကယ်၍ သူမသာ ဤအမြင့်အတိုင်း ဆက်လက်သီဆိုမည်ဆိုပါက သူမ၏ အသံသည် ကျိန်းသေပေါက် အက်သွားပေလိမ့်မည်။
သူမ၏ အသံကို မြင့်မှ ရပေမည်။
ကူကယ်ရာမဲ့စွာနဲ့ပဲ ထန်ရှောင်းရှောင်းသည် ကျန်တစ်ပိုင်းကို သူမ နိုင်သည့် အတိုင်းအတာအထိ နိမ့်ချလိုက်တော့၏။
ဤသို့ဖြင့် သူမ၏ အပိုင်းကို သူမနည်း သူမဟန်ဖြင့် အောင်မြင်စွာ သီဆိုလိုက်နိုင်လေသည်။
ပုံမှန် သီချင်းနားထောင်ရသည်ကို နှစ်သက်သည့် ဝန်ထမ်းများကတော့ နှစ်ခုကြားရှိ ကွာဟမှုကို လျင်လျင်မြန်မြန် ရှာတွေ့သွားခဲ့ကြ၏။
ထန်ရှောင်းရှောင်းက ဥက္ကဌလင်းကို ဒီအပိုင်းမှာ ရှုံးသွားခဲ့တာလား....
တကယ်လို့ တစ်ယောက်ယောက်ကသာ သူမရဲ့ ဆယ်လီဆိုတဲ့ အရှိန်အဝါလေးကိုသာ လျစ်လျူရှုပြီး ကြည့်မယ်ဆိုရင် သူမရဲ့ သီချင်းဆို စကေးတွေက ဥက္ကဌလင်းလောက်ကို မကောင်းဘူးပဲ…
“ ဘာလို့ ကီးကို နိမ့်ပစ်လိုက်တာ …. မင်းရဲ့ အရည်အချင်းတွေက ထင်သလောက်လည်း မဟုတ်တဲ့ပုံစံ ပေါက်သွားပြီ….”
လင်းရီ မိုက်ခရိုဖုန်းကို တင်ဆက်သူလက်ထဲသို့ အပ်နှံ၍ စင်ပေါ်က ဆင်းသွားခဲ့လေသည်။
ထန်ရှောင်းရှောင်း အလွန်အမင်း အရှက်ရနေခဲ့သော်လည်း အကောင်းမွန်ဆုံး မသိသာအောင် ဖုံးကွယ်ထားခဲ့၏။ အဆုံးတွင်တော့ စောနက အဖြစ်အပျက်အား မေ့ပျောက်စေရေးအတွက် နောက်ထပ် သီချင်းတစ်ပုဒ်ကို ဆက်လက်သီဆိုလိုက်ရလေသည်။
နောက်ဆုံး သီဆိုဖျော်ဖြေ တင်ဆက်ပေးရန် အလှည့်ကျသည့် ထန်ရှောင်းရှောင်းမှ စတိတ်စင်ပေါ်က ဆင်းသောအခါ နှစ်ပတ်လည် တွေ့ဆုံပွဲသည်လည်း အဆုံးသတ်သို့ ဖြည်းညင်းစွာ ချဉ်းကပ်လာခဲ့လေသည်။
ကျန်ရှိတော့သည်ကား ကုမ္ပဏီနှစ်ခု၏ နှစ်ဖက်ခေါင်းဆောင်တို့မှ မိန့်ခွန်းပြောကြားရန်သာဖြစ်သည်။ အားလုံးက နှစ်သစ်၏ ကံကောင်းမှုများနှင့် ကုမ္ပဏီ၏ အနာဂတ်ကို မျှော်လင့်နေကြလေသည်။
သို့သော် ထန်ရှောင်ရှောင်းမှာမူ စင်နောက်သို့သာ ပြန်၍ သူမ၏ မိတ်ကပ်အား စိတ်လက်မပါစွာဖြင့် ပြန်ဖျက်နေလိုက်၏။
“ ရှောင်းရှောင်း … နင်လုပ်ခဲ့တာ ကောင်းတယ်… ငါနင့်ကို သိတာ ဒီလောက်ကြာနေပြီ ဒါပေမယ့် နင်က အပြင်မှာသာ အေးတိအေးစက် ပုံစံမျိုးနဲ့ အတွင်းမှာကျတော့ ဟုန်းဟုန်းတောက်တတ်တဲ့ လူစားမျိုးဆိုတာ သတိမထားခဲ့မိဘူးပဲ…” မန်နေဂျာမှ အထဲသို့ ဝင်လာရင်းဖြင့် ပြောလိုက်သည်။