ရှေးဟောင်းနှောင်းဖြစ်
Vol. 107 Ch. 1596
“ နှစ်သစ်ကူးက လုံလောက်တဲ့ အကြောင်းပြချက် မဟုတ်ဘူးလား … ဘာပဲပြောပြော အကြီးအကဲက ကျွန်တော့်ရဲ့ အထက်လူကြီးပဲလေ… ဒီတော့လည်း မျက်နှာလေး ဘာလေး လာလုပ်ရတာပေါ့ ..”
“ မင်းက ……..” လုပေချိန် သူ၏ အရက်ခွက်ကို ကိုင်ထားပြီး လင်းရီ ဝယ်လာခဲ့သည့် ပစ္စည်းများအား လှမ်းကြည့်လိုက်၏။
“ နွားနို့တစ်ဘူး ၊ ချယ်ရီသီး တစ်ဘူးနဲ့ မျက်နှာလာလုပ်တယ်… ဒီနှစ်ခုပေါင်းလို့ မင်း အခု သောက်လိုက်တဲ့ ဒီဝိုက်တစ်ခွက်စာတောင် မရှိတဲ့ဟာ မင်း ဒီလာတာ မင်းရဲ့ အကြီးအကဲကို မျက်နှာ လာလုပ်တယ်ဆိုတာ ဟုတ်ရော ဟုတ်ရဲ့လားကွ….” လုပေချိန် ပြောလိုက်၏။ “ ဒါက ငါ့မျက်နှာကို လာဖြတ်ရိုက်တာနဲ့ ပိုတူနေသလိုပဲ …”
“ အဲ့လိုတွေးလိုက်လို့ ဘယ်ဖြစ်မှာလဲ… လက်ဆောင်ကသာ သေးငယ်ချင် ငယ်မယ်… ဒါပေမယ့် ထားရှိတဲ့ စိတ်ထားက အဓိကပဲလေ…” လင်းရီ ပြောလိုက်ပြီး “ ကျွန်တော် ဝေဖန်နေတာတော့ မဟုတ်ဘူးနော် ရဲဘော်ဟောင်းကြီး … ဒါပေမယ့် ခင်များရဲ့ စိတ်က နည်းနည်းတော့ ပြဿနာများတယ်… ဒီအတိုင်း ဆက်သွားနေမယ်ဆိုရင် အန္တရာယ်များတယ်…”
စုန့်ယွီကျိန်း မရယ်ဘဲ မနေနိုင်တော့ချေ။
ဤကောင်လေးကလည်း အတော်လေးကို ဆိုးသွမ်းလှ၏။ တစ်ချိန်က အဖေတူ သားလေးကဲ့သို့ပင်။
“ ငါသာ ငါးနှစ်လောက် ငယ်ခဲ့လို့ကတော့ မင်းကို ခုချက်ချင်း လက်သီးစာ ကျွေးလိုက်ပြီ..”
“ အကြီးအကဲက အသက်တော်တော်ရပြီကို ဘာလို့ ဒေါသက ဒီလောက်ကြီးနေရတာ ..” လင်းရီ လုပေချိန်၏ ခွက်ကို ဖြည့်ပေးလိုက်ပြီး “ သောက်ရင်း စားရင်း ပြောကြတာပေါ့ …”
လင်းရီ ညစာစားပွဲ တော်တော်များများသို့ တက်လေ့တက်ထ မရှိသော်လည်း လှည့်ကွက်ပေါင်းစုံကိုတော့ တတ်ကျွမ်းထားသည်။
ရောက်သည်နှင့် ချက်ချင်း လေးနက်သည့် ကိစ္စတို့အား တိုင်ပင် ဆွေးနွေးရန်က မည်သို့မျှ မဖြစ်နိုင်ချေ။
စိတ်တိုင်းကျ အရင်သောက်ဖို့ လိုအပ်၏။ မဟုတ်ပါက အဘယ်ကြောင့် ထမင်းစားဖို့ ချိန်းနေဦးမည်နည်း။
တစ်နာရီကျော်ကြာပြီးနောက် နှစ်ယောက်လုံး၏ ဗိုက်ထဲသို့ အရက်ဖြူများဖြင့် အပြည့်ဖြည့်လိုက်ကြ၏။ လုပေချိန်သည် သူ၏ ခွက်ကို ချပြီး မြေပဲ နည်းနည်း ယူလိုက်၏။
“ အချိန်လည်း မစောတော့ဘူး … အလုပ်ကိစ္စ ပြောကြတာပေါ့ … မင်းသာ ငါ့ကို ဒီလောက် လွယ်လွယ်နဲ့ လှည့်စားလို့ ရမယ်ဆို ငါ မှောက်သွားတာ ကြာရောပေါ့….”
လင်းရီ ရယ်မောလိုက်ပြီး ရှက်ရွံ့ခြင်း လုံးဝ ကင်းနေသည်။
လုပေချိန်ကဲ့သို့သော ထက်မြက်သည့် လူစားမျိုးကို သာမန်လူတစ်ယောက်ကဲ့သို့ ထိန်းချုပ်၍ မရမည်မှာ သဘာဝပင်။
“ ကျွန်တော် အရင်ဆုံး ပစ္စည်းလေး တစ်ခု ပြချင်တယ်…”
လင်းရီ သူ၏ အိတ်ကပ်ထဲကနေ ဘူးလေးတစ်ခု ထုတ်လိုက်ပြီး ဖွင့်ပြလိုက်၏။ အထဲတွင် ထူးဆန်းသည့် လက်စွပ်တစ်ကွင်းရှိနေသည်။
နည်းနည်း ညစ်ပတ်နေသည့် ပုံစံတောင် ရှိ၏။
“ ဒါက ဘာလေးလဲ…”
လုပေချိန် ယူရန် လက်ဆန့်တန်းလိုက်သော်လည်း လင်းရီ ချက်ချင်း တားမြစ်လိုက်၏။
“ သတိထား … အထဲမှာ ပေါက်ကွဲအားပြင်းထန်တဲ့ ဗုံးအသေးစားလေး ပါတယ်…”
“ ဟင်…”
လုပေချိန်နှင့် စုန့်ယွီကျိန်းတို့ ကြက်သေသေသွားခဲ့ကြ၏။ လင်းရီသည် ယခုလို ပစ္စည်းမျိုးကို ယူလာခဲ့လိမ့်မည်လို့ သူတို့ မျှော်လင့်မထားခဲ့ပါချေ။
သို့သော် လုပေချိန်မှာ ခဏတာမျှတာ အေးခဲသွားခဲ့ပြီး အဆုံးတွင် ညင်သာစွာဖြင့် သူ့ထံသို့ ယူဆောင်လိုက်သည်။
စစ်ဝတ် အင်္ကျီနှင့် အဘိုးကြီး၌ ကြောက်သွေးဟူသည် မရှိပေ။
လုပေချိန် လက်ထဲတွင် လက်စွပ်ကို ထည့်၍ ကစားကြည့်နေပြီး အချိန်အတော်ကြာအောင် ကြည့်ရှုနေလျက် ရှိ၏။
သူ လက်စွပ်ပေါ်ရှိ ကျောက်စိမ်းကို ထိကြည့်လိုက်ပြီး “ ခလုတ်က ဒီမှာပဲ … “
လင်းရီ ခေါင်းညိမ့်ပြလိုက်သည်။
“ မင်း ဒါကို ဘယ်က ရခဲ့တာ …”
“ ဒူဘိုင်းမှာ လူတစ်အုပ်စုနဲ့ တိုးပြီး သူတို့ဆီက ယူခဲ့တာ …”
လင်းရီ နံပါတ် ၁၈ နှင့် တိုက်ခိုက်နေစဉ်တွင် မတော်တဆဖြင့် ၎င်း၏ လက်စွပ်ကို ယူလိုက်မိ၏။
စစချင်းတုန်းကတော့ လင်းရီလည်း လက်စွပ်ထဲတွင် ပေါက်ကွဲစေသည့် ပစ္စည်းပါမှန်းကို မသိချေ။
စုန့်ကျင်းမင်၏ ကားထဲသို့ ဝင်ပြီးနောက် ကျန်နှစ်ယောက်မှာ ဤလက်စွပ်မှ တဆင့် ကိုယ့်ကိုယ်ကို ဖောက်ခွဲသွားခဲ့ကြောင်းကို သိရှိလိုက်ရသည်။ သို့နှင့် သူလည်း ဂရုတစိုက် ပြန်ဝှက်ထားလိုက်၏။
“ မင်းက ဒူဘိုင်းကို သွားခဲ့သေးတယ်ပေါ့ .. လျိုဟုန် မင်းကို သွားဖို့ ပြောခဲ့တာလား ..”
“ ဘယ်နားကသာ .. အပန်းဖြေခရီးထွက်ရင်း ပက်ပင်းတိုးတာပဲ … သူတောင် ခုထိ ကျွန်တော် ဒူဘိုင်းရောက်ခဲ့တာကို သိသေးတာ မဟုတ်ဘူး…” လင်းရီ လက်စွပ်အား ကြည်လိုက်ရင်း “ ဒီဟာက ထူးခြားတဲ့ အဖွဲ့အစည်း တစ်ခုခုရဲ့ အပိုင်ပဲ ဖြစ်ရမယ်… အကြီးအကဲက ဗဟုသုတ စုံလင်တဲ့လူဆိုတော့ ဘယ်အဖွဲ့အစည်းက ပိုင်လဲဆိုတာ သိလား …”
“ ငါ လောလောဆယ် ဒီဥစ္စာကို သိမ်းထားလိုက်မယ်… ဒါပေမယ့် မင်းကို ရလဒ်တစ်ခု ပေးနိုင်ပါမယ်လို့တော့ အာမ မခံနိုင်ဘူးနော်…” လုပေချိန် ပြောလိုက်ပြီး “ ဒါက တော်တော်လေးကို သာမန်ဆန်တဲ့ ပစ္စည်းလေးတစ်ခုပဲ .. နိုင်ငံခြားက လူတွေမှ မဟုတ်ဘူး .. ငါတို့လူတွေလည်း တချို့ ထူးခြားတဲ့ မစ်ရှင်တွေ ထမ်းဆောင်ရင် ဒီလိုမျိုး သဏ္ဌာန်တူတဲ့ ပစ္စည်းတွေ သယ်သွားကြတာပဲ … ဒါပေမယ့် လက်စွပ်တော့ မသုံးဘူး … သဲလွန်စတွေ ရှာနိုင် မရှာနိုင်ဆိုတာတော့ ငါတို့လည်း မသေချာဘူး …”
“ ရပါတယ်.. ကြိုးစားကြည့်တာပေါ့ …”
လုပေချိန်သည် လက်စွပ်ကို ဘူးထဲသို့ ပြန်ထည့်ထားလိုက်ပြီး လူတစ်ယောက်ကို သယ်သွားခိုင်းလိုက်၏။
ထမင်းစား စားပွဲတွင် လုပေချိန်သည် အေးစက်နေပြီးဖြစ်သည့် ဟင်းများအား နှိုက်ရင်း “ ငါ လျိုဟုန်ဆီက ကြားတာ ဒူဘိုင်းမှာ အက်စီးဒင့် တစ်ခု ဖြစ်သွားသေးတယ်ဆို … ဂျက်ဖရီ သူ့ပစ္စည်းတွေနဲ့ ထွက်သွားခဲ့တယ်ဆိုပဲ …”
လုပေချိန်လည်း နင်ချဲ့ဆီက ကြားသည့် တစ်ဝက်သာလျှင် သိထား၏။
“ အဲ့တုန်းကတော့ ကျွန်တော်တို့လည်း သူ ထွက်ပြေးသွားပြီလို့ ထင်ထားခဲ့တာ ဒါပေမယ့် ကျွန်တော်တို့ အတွက်မှားသွားခဲ့တယ်.. ဂျက်ဖရီက အတော်လေး ဉာဏ်ကောင်းပြီး ဒူဘိုင်းမှာပဲ ရှိနေခဲ့တာ … ဒါပေမယ့် ခုတော့ သေသွားပါပြီ… ခုကစပြီး ရွှေနက် ကော်ပိုရေးရှင်းက ကျွန်တော်တို့ဖို့ ခြိမ်းခြောက်မှု တစ်ရပ် မဟုတ်တော့ဘူး …”
“ ဒါဆို သူ့ပစ္စည်းတွေကရော အစစ်လား …”
စက္ကန့်အနည်းငယ် ကြာအောင် တွေးတောပြီးနောက် လင်းရီ ပြောလိုက်၏။ “ အစစ်… ဒါပေမယ့် ကျွန်တော်တော့ မရလိုက်ဘူး …”
လုပေချိန် သူ၏ ဖန်ခွက်အား ကစားရင်း “ အဲ့ဒီ အဖွဲ့အစည်းက ယူသွားခဲ့တာမလား ..”
လုပေချိန်၏ အမြင်စူးရှမှုက လင်းရီအား အံ့အားသင့်သွားစေခဲ့သည်။ သို့သော် အဆုံးတွင်တော့ ဤသည်က သာမန်ဟုသာ အတွေးပြန်ဝင်လာသည်။
သူသည်လည်းပဲ ယခုလို ခန့်မှန်းမှုတို့ ပြုနိုင်သဖြင့် ထူးဆန်းသည်လို့ မဆိုသာချေ။
“ အင်း …”
“ မင်းဆီကနေတောင် လုယူသွားနိုင်တယ်ဆိုတော့ ဒီအဖွဲ့အစည်းက မရိုးရှင်းဘူးပဲ …”
“ တော်တော်လေး ဆန်းကြယ်တယ်လို့ ပြောရမယ်…”
လုပေချိန် ဘာမျှ မဆိုချေ။ သူ အရက် တစ်ငုံသောက်လိုက်ပြီး သူ၏ မျက်လုံးတို့က တစ်စုံတစ်ရာကို အာရုံစိုက်နေခဲ့၏။
“ ငါတို့တွေ လုံလောက်တဲ့ ထိန်းချုပ်မှုမျိုး မရှိသေးဘူး …”
ကလင် ..
လင်းရီ လုပေချိန်၏ ခွက်နှင့် တိုက်လိုက်ပြီး “ ခင်များလည်း ဒီကိစ္စ မရှင်းပြနိုင်မှတော့ တခြား အကြောင်းပြောကြတာပေါ့ …”
“ မင်း မေးချင်တာ ရှိလို့လား …”
“ ဒူဘိုင်းမှာ ကျွန်တော့် အမေနဲ့ တွေ့ခဲ့တယ်…”
ဤခေါင်းစဉ်က လူအိုကြီး စုံတွဲ၏ အာရုံကို ဆွဲဆောင်သွားခဲ့လေသည်။
“ သားပြောတာ ရှောင်ယွဲ့ကိုလား …” စုန့်ယွီကျိန်း မေးမြန်းလာခဲ့၏။
“ ဟင် … “ “ အကြီးအကဲက အမေနဲ့ သိတယ်ပေါ့ …”
“ သိတာ ဆယ်စုနှစ် ဘယ်နှခုတောင် ရှိနေပြီလဲ…” စုန့်ယွီကျိန်း ပြောလိုက်ပြီး “ သားအမေနဲ့ ရှုရီက အတူတူ ကြီးပြင်းလာခဲ့ကြတဲ့ သူငယ်ချင်းတွေလေ … ငယ်ငယ်လေးတုန်းကဆို အဘွားတို့အိမ်ကို နေ့တိုင်းလာပြီး ထမင်းလာစားနေကြ… ဇာပန်းထိုးတာကိုလည်း သားအမေဆီကပဲ အဘွားသင်ယူခဲ့တာကွဲ့…”
လင်းရီ ရုတ်တရက်ဆိုသလို ချက်ချင်း နားလည်သွားခဲ့၏။ သူ လာသည့်အချိန်တိုင်း ဤအဘွားက ဤမျှ စိတ်အားထက်သန်မှုရှိနေသည်မှာ မထူးဆန်းတော့ချေ။ သူ့အမေနှင့် လုအမျိုးသမီးက မိတ်ဟောင်းဆွေဟောင်းများ ဖြစ်နေကြခြင်းပင်။
“ မင်း သူနဲ့ တွေ့ပြီးတော့ ဘာတွေ ပြောသေးလဲ …"
“ ကျွန်တော်နဲ့ တစ်ခါမှ မတွေ့ဖူးတဲ့ ကျွန်တော့် အဖေပုံစံက ဘယ်လိုလဲ … သူလည်း ရိုးရှင်းမယ့်ပုံတော့ မပေါ်ဘူး ..”
ဤမေးခွန်းကို တွေးမိသည့် အချိန်တိုင်း လင်းရီသည် စုန့်ကျင်းမင်၏ ခွန်အားကို ပြန်ပြန် တွေးနေမိကာ သူ့အား အတော်လေး သံသယ များအောင် လုပ်နေလေသည်။
“ ဟားဟား …”
လုပေချိန် ကျယ်လောင်စွာ ရယ်မောလိုက်ပြီး “ မင်းရဲ့ အဖေက ငယ်ငယ်တုန်းက တော်တော် ထိန်းရသိမ်းရ ခက်တဲ့ကောင်… တိုက်ရည်ခိုက်ရည်ကလည်း အတော်ကောင်းဆိုတော့ ရန်ကျင်းက ကျွမ်းကျင်သူတွေ အကုန်လုံကို သူကချည်း အနိုင်ယူခဲ့တာပဲ …”
“ ဒါဆို… ဘာလို့ ဒီက ထွက်သွားခဲ့တာ …”
“ အဲ့ဒီနှစ်တွေတုန်းက မင်းအမေကို ကောင်လေးတစ်ယောက်က လာကျီစယ်တာ နောက်တော့ မင်းအဖေက သူ့ကို သတ်ပစ်လိုက်တယ်…”
“ ဒါဆို သေသွားတဲ့ အဲ့လူက တော်တော်လေး အထင်ကြီးဖို့ ကောင်းရမယ်…”
“ ဒါပေါ့ … သူ့အဆင့်အတန်းက တော်တော်မြင့်တာ … အထူးသဖြင့် သူ့အဖေရဲ့ အဆင့်အတန်းက ခုလက်ရှိ ငါ့အတိုင်းပဲ … အဲ့ဒီအချိန်တုန်းက ဒီကိစ္စ ဘယ်လောက် မုန်တိုင်းထန်သွားမလဲ မင်း စဉ်းစားသာ ကြည့်တော့ ..”
လင်းရီ စကားပြောဆိုခြင်းကို ရပ်တန့်လိုက်၏။ အဘယ်ကြောင့်ဆိုသော် လုပေချိန်၏ အဆင့်အတန်းက မည်မျှ မြင့်မားကြောင်းကို သူ သိနေသောကြောင့်ပင်။
“ အဲ့ဒီ ဖြစ်ရပ်ပြီးတော့ သူတို့နှစ်ယောက်လုံး ရန်ကျင်းမှာ ဆက်နေဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်တော့ဘူး … ငါ သူတို့ကို တိတ်တိတ်လေး အဝေးပို့ပေးခဲ့တာ … အဲ့ချိန်ကစပြီး ချင်မိသားစုလည်း ဆုတ်ယုတ်လာခဲ့တော့တာပဲ …”
လျန်ရူရွှယ် အစောပိုင်းတုန်းက ပြောခဲ့သည့် စကားလုံးတို့အား လင်းရီမှတ်မိနေသေးသည်။
ချင်မိသားစုက မိသားစုကြီး သုံးခုအနက်က တစ်ခု ဖြစ်ခဲ့ဖူး၏။ သို့သော် မတော်တဆမှုတစ်ခုကြောင့် ဆုတ်ယုတ်ကျဆင်းလာခဲ့ရလေသည်။
ထို မတော်တဆမှုက ကျိန်းသေပေါက် ဤဖြစ်ရပ်သာ ဖြစ်ရမည်။
သူ့အမေ ထွက်သွားတုန်းက ဒေါသတကြီးဖြင့် နောက်က လိုက်လာကြသည်မှာ မထူးဆန်းတော့ချေ။ နှစ်ပေါင်းများစွာ ကြာသည့်တိုင်အောင် အမုန်းတရားကို မချေဖျက်နိုင်သေးသည့်ဟန်ပင်။
“ ကလေး …”
စုန့်ယွီကျိန်းသည် သူ၏ လက်ကို ကြင်နာစွာကိုင်ပြီး သူမ၏ မျက်ရည်များအား သုတ်လိုက်၏။
“ အဲ့ဒီနှစ်တွေတုန်းက သားအမေအတွက်လည်း မလွယ်ကူခဲ့ပါဘူးကွယ်…”
“ သူတို့တွေ ထွက်သွားကြပြီး သိပ်မကြာခင် သားကို မွေးလာတယ်.. ဒါပေမယ့် သူတို့ကိုယ်သူတို့တောင် ကာကွယ်ဖို့ အနိုင်နိုင် ဖြစ်နေတာ သားအမေလည်း ရွေးချယ်စရာမရှိတော့တဲ့အဆုံး ရန်ချိန်ပို့လိုက်ရတာပဲ … အဲ့ဒီနောက် အဘိုးကြီးလုက ဖြည်းဖြည်းချင်း သူ့ရဲ့နေရာကို ခြေကုပ်ကို ယူလာနိုင်တယ်… တစ်ဖက် မိသားစုကလည်း ဖြည်းဖြည်းချင်း ကျဆင်းလာပြီး အဘိုးကြီးလုက ဒီကိစ္စကို ဖိနှိပ်ထားလိုက်နိုင်တယ်… ဒါ့အပြင် သားအဖေကလည်း အလုပ်ကြိုးစားပြီး တစ်နေရာမှာ လူမျိုးစုံနဲ့ သူ့နာမည်တစ်လုံး တွင်အောင် ပြုလုပ်နိုင်ခဲ့တယ်… သူတို့ရဲ့ ဘဝအခြေအနေကလည်း ဒီလိုနဲ့ ဖြည်းဖြည်းချင်း တိုးတက်လာခဲ့တာပဲ …”
ဤဇာတ်လမ်းအပိုင်းကို ရောက်တော့ စုန့်ယွီကျိန်း၏ စိတ်ခံစားချက်တို့ ပြင်းထန်လာခဲ့လေသည်။
“ ဒါပေမယ့် သား နင့်အမေကို အပြစ်မတင်ပါနဲ့ … သူ့မှာလည်း ရွေးချယ်စရာ မရှိခဲ့လို့ပါ.. ဘယ်သူကရော ကိုယ့်ကလေးနဲ့ ခွဲချင်မှာလဲ ဟုတ်တယ်မလား …”