နိုင်ငံတကာ အခြေအနေ
Vol. 107 Ch. 1597
“ ကျွန်တော်သိတယ်.. ဒါကြောင့်ပဲ ကျွန်တော်တို့ ထမင်းအတူစားခဲ့ကြသေးတယ်လေ…”
လင်းရီ တုံ့ပြန်သည့်အနေဖြင့် စုန့်ယွီကျိန်း၏ လက်အား အသာ ပုတ်ပေးလိုက်သည်။
“ သားအဲ့လိုတွေးသာ ကောင်းတယ်…”
“ ကျွန်တော့်အမေကတော့ အဆင်ပြေတယ်.. ဒါပေမယ့် ကျွန်တော့်အဖေကတော့ ဒီနှစ်တွေတစ်လျှောက် အေးချမ်းသာယာနေတဲ့ပုံ မပေါ်ဘူး ဟုတ်တယ်မလား ..”
“ မင်း သူ့ကို မတွေ့ခဲ့ဘူးလား …” လုပေချိန် မေးလာခဲ့၏။
လင်းရီ ခေါင်းခါရမ်းလိုက်သည်။ “ သူ့ရဲ့ လက်အောက်ငယ်သား တစ်ယောက်နဲ့ပဲ တွေ့ခဲ့ရတယ်… အေ - အဆင့်တဲ့ ..”
လုပေချိန်၏ အမူအရာမှာ တည်တည်ငြိမ်ငြိမ်ပင်။ ထိုအချင်းအရာကြောင့် အံ့အားသင့်သွားသည့်ဟန်လည်း မပြပေ။
“ မင်းရဲ့ မိသားစုနဲ့ ငါနဲ့က ရင်းနှီးပတ်သက်မှု တော်တော်လေး နက်ရှိုင်းခဲ့တယ် ပြောရမယ်… မင်း အဖေ သူ ထွက်သွားပြီးတဲ့နောက်မှာတောင် ငါနဲ့ အဆက်အသွယ် ရှိနေတုန်းပဲ .. ဒါပေမယ့် သူ့နာမည်သူ ထွင်းနိုင်ခဲ့ပြီး သူ့ရဲ့ အထောက်အထားကလည်း အထိခိုက်မခံတော့တဲ့ အရာဖြစ်လာတော့… အဲ့ဒီအချိန်ကစပြီး ငါတို့လည်း ဆက်သွယ်ထိတွေ့မှု နည်းလာခဲ့တယ်… တကယ်လို့ မနှစ်တုန်းက ရှုရီသာ ငါတို့ဆီလာပြီး မင်းအမေနဲ့ တွေ့ခဲ့ရတယ်လို့ မပြောရင် သူတို့နှစ်ယောက် သေလား ရှင်လားတောင် သိဦးမှာ မဟုတ်ဘူး …”
“ ဆိုတော့ တစ်နည်းပြောရရင် အကြီးအကဲက သူ ဘယ်အတိုင်းအတာထိ ရောက်နေလဲဆိုတာ မသိဘူးပေါ့ ..”
“ ငါမသိဘူး … ငါ ခန့်မှန်းရုံပဲ တတ်နိုင်တယ်…” လုပေချိန် မြေပဲကို ပါးစပ်ထဲ ပစ်ထည့်ရင်း အရက်တစ်ကျိုက် သောက်လိုက်၏။ သူ့ပုံစံက အေးအေးဆေးဆေးလေးပင်။
“ မင်းရဲ့ အဖေက ရည်မှန်းချက် ကြီးမားတဲ့လူ … သူ လုပ်မယ်လို့ ဆုံးဖြတ်ချက် ချပြီးသွားရင် အဆုံးစွန်ထိ လုပ်တယ်… သူ ဘယ်လောက် ဝေးဝေး သွားနိုင်နေပြီလဲဆိုတာ မသိပေမယ့် ကမ္ဘာ့ဇာတ်ခုံမှာတော့ သူ့အတွက် နေရာတစ်နေရာ ရှိနေမယ်ဆိုတာတော့ ကျိန်းသေတယ်…”
“ ပြောကြတာတော့ နိုင်ငံခြားက အဖွဲ့အစည်းတွေမှာ အဆင့်တွေ ရှိကြတယ်တဲ့ … သူ့အဆင့်က ဘယ်နေရာလောက်မှာ ရှိမယ်လို့ ထင်လဲ….”
ယခင်တုန်းက လင်းရီ နင်ချဲ့ထံက ကြားသိခဲ့ရသည်မှာ ရွှေနက် ကော်ပိုရေးရှင်းသည် ကမ္ဘာ့အဆင့် ၂၀ သို့ပင် မဝင်နိုင်ဟူ၍ပင်။ ထို့ကြောင့် ဤအကြောင်းအရာတို့အား သူ တော်တော်လေး သိချင်ခဲ့မိသည်။
“ အပေါ်ယံပဲ မကြည့်နဲ့လေ… အပြင်က လူတိုင်း သိနေတဲ့ ကိစ္စဆိုတာ အမှန်မဟုတ်ဘူးကွ…” လုပေချိန် ပြောလိုက်ပြီး “ ငါသိသလောက်ဆို တရားမဝင် လှုပ်ရှားမှုတွေမှာ ပါဝင်ပတ်သက်နေတဲ့ ဖုံးကွယ်နေတဲ့ အဖွဲ့အစည်းတွေမှ အများကြီးပဲ … အားလုံးက တိလိရာ့ကျွန်းကို လိုချင်နေကြတာ … အဲ့ဒီနေရာက ကမ္ဘာ့ပထဝီနိုင်ငံရေး အခင်းအကျင်းကို ပြောင်းလဲသွားစေနိုင်တဲ့ နေရာပဲ …”
( တိလိရာ့ကျွန်း - ဒီကျွန်းအကြောင်း ကျနော် နားလည်သလောက်ဆိုရင် လက်ရှိ လူ့အဖွဲ့အစည်းထက် အဆပေါင်းများစွာ အဆင့်မြင့်တဲ့ ပျက်သုဉ်းသွားပြီးဖြစ်တဲ့ လူ့အဖွဲ့အစည်း တစ်ခုပေါ့နော်… အဲ့ဒီအဖွဲ့အစည်းက တိလိရာ့ ကျွန်းပေါ်မှာ တည်ရှိခဲ့တာပါ… ဘာလို့ လိုချင်တပ်မက်နေကြလဲဆိုတော့ အကြွင်းအကျန်တွေထဲက သူတို့ရဲ့ နည်းပညာတွေ၊ တခြား အရာတွေ ရမယ်ဆိုရင် နိုင်ငံတစ်နိုင်ငံ၊ အဖွဲ့အစည်းကြီးတစ်ခုက တော်တော်ကြီး တိုးတက်သွားမှာပါ။ အားလုံးထက်လည်း ခေတ်ရှေ့ပြေးသွားမယ်။ ပြီးတော့ ဒီထဲ ပြောထားသေးတယ် နျူးကလိယအတွက် အရေးပါတဲ့ ယူရေနီယမ်နဲ့ ပလူတိုနီယမ်တွေလည်း ရှိတယ်လေ… ပြီးတော့ ဘက်စ် သတ္တုရောပဲ… သူ့ရဲ့ အသုံးဝင်ပုံကတော့ အမျိုးမျိုးပါပဲ… ဒီခုလောလောဆယ်တော့ လူရဲ့ တိုက်ခိုက်နိုင်စွမ်းကို မြင့်တင်ပေးတယ်… ဒါပေမယ့် စမ်းသပ်မှုတွေအရတော့ အသုံးပြုဖို့ရာက ရာနှုန်းပြည့် စိတ်မချရသေးတော့ အန္တရာယ် အတော်လေးများတယ်…. ဒါကတော့ ဒီနိုဗယ်ထဲက အရာတွေပါနော။ အပြင်ကမ္ဘာနဲ့ မဆိုင်ပါဘူး။ စာဖတ်ရင်း အထောက်အကူဖြစ်စေဖို့ ရှင်းပြရုံလေးပါဗျ။ )
“ ဒီအကြောင်းပြောတော့မှ ….” လုပေချိန် ခေတ္တ ရပ်တန့်၍ “ အဲ့ဒီနေရာကို ရယူပိုင်ဆိုင်နိုင်တဲ့ ဘယ်သူမဆို စစ်ပွဲဇုန်ရဲ့ ဘုရင်ပဲ…”
လင်းရီ၏ အမူအရာအုံ့မှိုင်းသွားခဲ့၏။ လုပေချိန်သည် ထိုမျှ လျှို့ဝှက်သည့် သတင်းအချက်အလက်ကို သူ့အား မျှဝေလိမ်မည်လို့ မျှော်လင့်မထားခဲ့ပါချေ။
“ လက်ရှိ အခြေအနေ အရဆိုရင် တကယ်လို့ တစ်ယောက်ယောက်က ဝင်ပါပတ်သက်လာချင်မယ်ဆိုရင် သူတို့အားလုံးက အတူ တိုက်ခိုက်ကြလိမ့်မယ် ဟုတ်တယ်မလား …”
“ သီအိုရီအရပေါ့ …”
“ သီအိုရီအရပဲလား …”
“ သီးသန့် အဖွဲ့အစည်းတွေရဲ့ ခွန်အားက နိုင်ငံတွေလောက် ကြီးမားချင်မှ ကြီးမားမယ်… ဒါပေမယ့် နိုင်ငံအဆင့်မှာကျ ချုပ်ချယ်ကန့်သတ်မှုတွေ အများကြီးရှိတယ်… ဒါကြောင့်မို့ နှစ်ဖက်က အမှောင်ထဲမှာတော့ ပူးပေါင်းနေကြတုန်းပဲ … ဒီလိုမှပဲ မတူညီတဲ့ အဖွဲ့အစည်းအမျိုးမျိုးကြားမှာ ဆက်သွယ်မှု တစ်ခု ရှိသွားမယ်.. ဒါပေမယ့် ဘယ်သူက ခုခံပြီး ဘယ်သူက တိုက်ခိုက်မယ်ဆိုတာကို အတိအကျ ဝေခွဲဖို့ကျတော့ မရှင်းလင်းသေးဘူး …”
“ ကျွန်တော်တို့ကျတော့ရော … ကျွန်တော်တို့လည်း အဲ့လိုပဲလား …”
“ မဟုတ်ဘူး … ငါတို့က မလုပ်ဘူး …”
လုပေချိန် သက်ပြင်းချလိုက်ပြီး “ လာခဲ့ … ငါမင်းကို တို့စ်လုပ်ပေးမယ်…”
“ ဘယ်လိုလုပ်ဖြစ်မှာ … ကျွန်တော်က အကြီးအကဲကို လုပ်ခိုင်းလို့ ဘယ်ဖြစ်မှာလဲ…”
လင်းရီ သူ၏ ခွက်ကို ရည်ရွယ်ချက် ရှိရှိ အောက်သို့ နှိမ့်လိုက်၏။ အလုပ်ကိစ္စပဲ ဖြစ်စေ၊ ကိုယ်ရေးကိုယ်တာ အရပဲ ဖြစ်စေ သူ့တွင် လုပေချိန်အား တို့စ်လုပ်ခိုင်းခွင့် မရှိချေ။
“ ငါ့လက်ထဲ အကြီးဆုံးကတ်က မင်းအဖေပဲ …” လုပေချိန် သက်ပြင်းချလိုက်ပြီး “ ဒီလောက်နှစ်တွေအကြာကြီး … ငါတို့ အဆက်အသွယ်လည်း မရှိသလို သူ့ကို ဘာ အကူအညီမှလည်း မကမ်းပေးနိုင်ခဲ့ဘူး … ဒါပေမယ့် သူ့ စရိုက်အတိုင်းဆိုရင် တစ်နေ့ သူသာ ကြီးကြီးမားမား တစ်ခုခု ရလာသရွေ့ ငါ့ဘေးမှာ ရပ်တည်ပေးမယ်ဆိုတာ ကျိန်းသေတယ်… အတိုင်းအတာ တစ်ခုအထိတော့ ငါတို့က တစ်လှေတည်းစီးတွေပဲ .. ငါတို့ လုပ်ဖို့ လိုအပ်တာက ပြင်ပ အကျိုးစီးပွားတွေကို ဖယ်ရှားရုံလေးပဲ .. ဒါကြောင့်မို့ ငါက မင်းရဲ့ မိသားစုအပေါ် အခွင့်ကောင်းယူနေတယ်လို့ သဘောထားလို့ရတယ်…”
“ ရှင် ကိုယ့်ကိုယ်ကို သိရင် ပြီးတာပဲ … “ စုန့်ယွီကျိန်း မြည်တွန်တောက်တီးလိုက်ပြီး “ ကျွန်မ အဲ့ဒီတုန်းက သတိမမူမိလိုက်လို့ … ရှောင်လျိုသာ သူ့ကို သွားတွေ့နေပြီမှန်း သိခဲ့ရင် သူ့ကို ကျုံးဝေ့တပ်ဖွဲ့ထဲ ဘယ်တော့မှာ ဝင်ခွင့်ပေးခဲ့မှ မဟုတ်ဘူး … အန္တရာယ်ကင်းကင်းနဲ့ပဲ စီးပွားရေး လုပ်တာက မကောင်းဘူးလား …”
“ ကံကြမ္မာပဲလေ… ငါထိန်းချုပ်လို့ ရတာမှ မဟုတ်တာ…” လုပေချိန် ပြောလိုက်ပြီး “ ပြီးတော့ သူသာ စီးပွားရေး လုပ်ငန်း သေးသေးလေးပဲ လုပ်နေမယ်ဆိုရင် တစ်ယောက်ယောက်ရဲ့ ထိန်းချုပ်မှုလက်အောက် ရောက်သွားပြီးခဲ့တာကြာပေါ့ … တကယ်လို့ လင်းမိသားစုကသာ အဲ့လောက် လိမ္မာနေရင် အဲ့ဒီတုန်းက သူ့အဖေလည်း သူများ သတ်တာ ခံရပြီးရောပေါ့ … မဟုတ်လို့လား …”
စုန့်ယွီကျိန်း ဘာမျှ မပြောချေ။ သို့သော် အနည်းငယ် မကျေမချမ်း ဖြစ်နေလျက်ပင်။
“ တစ်ခွက် ထပ်သောက်ရအောင် …” လုပေချိန် သူ၏ ခွက်ကို တစ်ဖန် ပြန်မြှောက်လိုက်၏။ ဤစကားလုံးများအား လင်းရီထံသို့ ပြောကြားပြီးနောက် သူ့စိတ် တော်တော်လေး ပေါ့ပါးသွားခဲ့လေသည်။
ဒူ ဒူ ဒူ ….
လင်းရီ၏ ဖုန်း တုန်ခါလာခဲ့၏။
ကျီချင်းရန်မှ မက်ဆေ့ချ် ပို့လာခဲ့ခြင်းပင်။
“ ဘာကိစ္စလဲ…”
“ ငါ မေမေဝမ်ဆီ ဖုန်းဆက်ကြည့်တာ နင် သူ့ဆီ ရောက်မလာသေးဘူးတဲ့ … ပြောစမ်း … နင် ဘယ်တွေ သဝေထိုးနေတာလဲ…”
“ ဒီမှာ ကိုယ့်သူဌေးနဲ့ လာတွေ့နေတာလေ…”
“ နင် ငါ့ကို နောက်နေတာလား …" ကျီချင်းရန် မျက်လုံးလှန်လိုက်ပြီး “ နင် အပြင်ထွက် အရက်တွေသောက်ပြီး ခြေရှည်နေတာ မဟုတ်လား …”
လင်းရီ ရယ်မောလိုက်မိပြီး “ သောက်နေတာတော့ ဟုတ်တယ်… ဒါပေမယ့် ခြေရှည်နေတာတော့ မဟုတ်ရပါဘူးကွာ…”
လင်းရီ ကင်မရာလှည့်၍ လုပေချိန်နှင့် စုန့်ယွီကျိန်းတို့အား ပြလိုက်သည်။
ကျီချင်းရန် ကြက်သေသေသွားခဲ့၏။ လင်းရီ ထိုကဲ့သို့ လူအိုကြီး စုံတွဲနှင့် အတူရှိနေလိမ့်မည်လို့ မျှော်လင့်မထားခဲ့ပါချေ။
“ သူတို့က …….”
“ သူတို့ဘယ်သူလဲဆိုတာတော့ ပြောပြလို့ အဆင်မပြေဘူး … ဒါပေမယ့် အဘိုးကြီးရဲ့ နာမည်က လုပေချိန် … ပိုင်တုပေါ်မှာ တစ်ချက် ရှာကြည့်ရင် သိလိမ့်မယ်…”
လုပေချိန်တွင် ဖုံးကွယ်ထားသည့် အထောက်အထား အများအပြား ရှိသော်လည်း အင်တာနက်ပေါ်တွင် ရရှိနိုင်သည့် သတင်းအချက်အလက်များကိုသာ သူမ တူးဆွနိုင်သည်။ ဤသည်ကပင် သူမအား ရှော့ခ်ရစေရန် လုံလောက်နေပြီးဖြစ်၏။
လင်းရီအတွက်လည်း အလုပ်ရှုပ် သက်သာသွားစေခဲ့လေသည်။ ဤသို့ဖြင့် ကျီချင်းရန်သည် သူ့အား အထင်လွဲတော့မည် မဟုတ်ချေ။
“ ဒါဆိုလည်း နင် စားလိုက်ဦး … ငါနင့်ကို မနှောင့်ယှက်တော့ဘူး …”
ကျီချင်းရန် အနည်းငယ် ပျာယာခတ်သွားခဲ့၏။ ပုံမှန်အားဖြင့် ပိုင်တုပေါ်တွင် သာမန်လူတစ်ယောက်အား ရှာဖွေနိုင်လိမ့်မည် မဟုတ်ချေ။
“ အင်း .. ကိုယ်ပြီးရင် ဖုန်းပြန်ခေါ်လိုက်မယ်နော…”
“ အွန်း … အိုး နေဦး .. နင် လက်ဗလာနဲ့တော့ မသွားဘူးမလား …”
“ သူ မသွားဘူး …” လုပေချိန် ဝင်ပြောလိုက်ပြီး “ သူက နွားနို့တစ်ဘူးနဲ့ ချယ်ရီတစ်ဘူး ဝယ်လာခဲ့ပေးတယ်… အားလုံးပေါင်း ယွမ် ၃၀၀ လောက်ပေါ့ …”
ကျီချင်းရန်၏ မျက်နှာ မည်းမှောင်သွားခဲ့တော့သည်။ “ ငါ တကယ် အထင်ကြီးမိတယ် သိလား … ပြန်လာရင် နင့်ကို ကောင်းကောင်း သင်ပြပေးရမယ်…”
ထိုသို့ပြောပြီးနောက် ဖုန်းချသွားခဲ့သည်။
“ အဘိုးကြီး ခင်များ တော်တော်ဆိုးတဲ့လူပဲ … ကျွန်တော့်ကို ချောက်ချတယ်ပေါ့ ဟုတ်လား …”
“ ဒါဆိုလည်း မင်းပြောကြည့်လေ… ဘယ်သူက ငါ့အိမ်ကို ဒီလို ဈေးပေါတဲ့ ပစ္စည်းတွေနဲ့ လာရဲမှာလဲ…”
“ ကျွန်တော် ဒါတွေ ဝယ်ခဲ့တယ်ဆိုတာ အကြီးအကဲမှာ ဘာမှချို့တဲ့မနေလို့ …” လင်းရီ ပြောလိုက်ပြီး “ ရှေ့တလောတုန်းက တုံးစန်းကောင်တီမှာ ကိုယ့်ကို ဂရုစိုက်ပေးတဲ့ ခေါင်းဆောင်တစ်ယောက်ဆီ ဝိုင်တစ်ပုလင်း လက်ဆောင်ပို့ပေးလိုက်တာ ဒါပေမယ့် သူက လက်မခံဘူး … သူပြောတာ ဒီ ဝိုင်တစ်ပုလင်းနဲ့တင် သူ့ကို ထောင်ဆယ်နှစ်လောက် ကျဖို့ လုံလောက်တယ်တဲ့ … ဒါကြောင့်မို့ ကျွန်တော်လုပ်နေတာ အကြီးအကဲ ကောင်းဖို့ အတွက်ပါဆို …”
“ ကောင်လေး … မင်းငါ့အပေါ် လူလည်လာကျနေတာပဲ …” လုပေချိန် ပြောလိုက်ပြီး “ အဲ့ကလေးမလေးက မင်းကောင်မလေးလား …”
လင်းရီ ခေါင်းညိမ့်လိုက်၏။ “ လှတယ်မလား …”
“ သူလေးက မဆိုးပါဘူး …” စုန့်ယွီကျိန်း ပြောလိုက်ပြီး “ နင့်အမေတုန်းကလိုပဲ လှတယ်… တော်တော်လေး နှစ်သက်ဖို့ကောင်းတယ်…”
လင်းရီ ဂုဏ်ဆာနေသည့် အသံကြီးဖြင့် ရယ်မောလိုက်၏။
သူတို့နှစ်ဦး အရက်သောက်နေစဉ်တွင် လုပေချိန်မှ လင်းရီအား ညွှန်ကြား ထောက်ပြပေးမှုတို့ များစွာ ပြုလုပ်ပေးခဲ့သည်။
များများစားစား မပြောဝံ့သော်ငြားလည်း ဤ ထောက်ပြသည့် အကြံဉာဏ်လေး အနည်းငယ်ကပင် လင်းရီ၏ စီးပွားရေး၌ ဘီလီယမ်ပေါင်းများစွာ ဖန်တီးနိုင်ရန် လုံလောက်လေသည်။
ညနေ သုံးနာရီထိုးတော့ လင်းရီသည် နှုတ်ဆက်စကားဆို၍ လုပေချိန်၏ အိမ်က ထွက်လာခဲ့သည်။
အေးစိမ့်သည့် ရာသီဥတုကြောင့် လင်းရီသည် စုန့်ယွီကျိန်း၏ လိုက်လံပို့ဆောင်ပေးမည့် အကြံကို ငြင်းပယ်ကာ တစ်ယောက်တည်း ထွက်လာခဲ့လိုက်၏။
“ ကျွန်မကို ပြောစမ်း … သူနဲ့ မီလိလေးရဲ့ ဆက်ဆံရေးက ဘာလဲ…” စုန့်ယွီကျိန်း မေးလာခဲ့၏။
“ မင်းနှယ်… ဘာတွေ လိုက်စိုးရိမ်နေတာ.. အဲ့တာ သူတို့ ကိစ္စလေ… ငါတို့ ကိစ္စမှ မဟုတ်တာ… ဘာလို့ ဂရုစိုက်နေရမှာ …”
“ ဒါပေမယ့် သူ့မှာ ကောင်မလေး ရှိပြီးသားလေ… ပြီးတော့ မီလီလေးနဲ့လည်း တော်တော်လေး ရင်းနှီးနေတယ်… အနှေးနဲ့အမြန် တစ်ခုခု ဖြစ်လာနိုင်တယ်နော်…”
“ ဒါ ငါတို့လို လူအိုကြီးတွေ ဝင်ပါသင့်တဲ့ ကိစ္စမဟုတ်ဘူး … လူငယ်တွေ သူတို့ ကိစ္စသူတို့ ဖြေရှင်းပါလေ့စေ …” လုပေချိန် ရယ်မောလိုက်၏။
သူက လျန်မိသားစုနှင့် ကောင်းမွန်သည့် ရင်းနှီးပတ်သက်မှုတို့ ရှိထားသော်လည်း ဤကိစ္စတွင် ဝင်ပါစွက်ဖက်ရန် ရည်ရွယ်ချက် မရှိချေ။
သို့သော် ဤကိစ္စက လင်းရီအား ပြဿနာ တော်တော်တက်စေမည်မှာတော့ လုပေချိန် ကျိန်းသေသည်။
ရလဒ်ကတော့ လင်းရီ ကောင်းစွာ ထိန်းသိမ်းကိုင်တွယ်ဖြေရှင်းနိုင်ခြင်း ရှိမရှိ အပေါ်တွင် မူတည်နေတော့၏။