ပြန်ဖြေသံတို့ တိတ်ဆိတ်
Vol. 107 Ch. 1599
ကျိုးဟိုင် ပင်းချန်တက္ကသိုလ် အဓိက အဆောက်အဦးအတွင်းရှိ အော်ဒီတိုရီယမ် အသေးစားလေး တစ်ခုထဲတွင် အမျိုးသားနှင့် အမျိုးသမီးတို့ အယောက် ၂၀၀ ကျော်ခန့် ထိုင်နေကြ၏။ သူတို့အားလုံးက ဤနှစ်တွင်မှ လောလောလတ်လတ် ဘွဲ့ရထားကြသူများ ဖြစ်လေသည်။
ကျောက်ချီနှင့် ကျန်သည့် ကျောင်းအကြီးအကဲတို့ကလည်း ဤနေရာတွင် စုဝေး ရောက်ရှိနေကြ၏။
အလုပ်သင် ခန့်အပ်သည်က ထွေထူး ကြီးကြီးမားမား ကိစ္စရပ်တစ်ခု မဟုတ်သော်လည်းပဲ စီစဉ်ပေးသည့်လူမှာ လင်းရီ ဖြစ်နေသောကြောင့် သူတို့ဘက်က အာရုံစူးစိုက်သင့်သည်မှာ သဘာဝပင်။
“ ဟေ့ကောင်တွေ ...ကျောင်းက ငါတို့ကို အစောကြီး ပြန်ခေါ်ပြီး ဘာလုပ်ချင်နေတာလဲတဲ့ …”
“ ငါတော့ အလုပ်သင်ကိစ္စအတွက်လို့ ကြားမိတယ်… ဒါပေမယ့် နည်းပြလည်း အသေးစိတ်တော့ မပြောပြဘူး …”
“ ဒါပေမယ့် ဒီထဲမှာ ဒီလောက်လူတွေ အများကြီး ဘယ်ကုမ္ပဏီက ဒီလောက်လူတွေအများကြီး လက်ခံနိုင်မှာမို့လို့ …”
“ ငါ အခုလေးတင် လိုက်စပ်စုကြည့်တာ ဒီထဲ အနည်းဆုံး တစ်ဝက်လောက်က အလုပ်သင်ရာထူးတွေ ရထားပြီးကြပြီ… ဒီလိုလူတွေကို ခေါ်လိုက်တာက ဖြုန်းတီးရာ ကျတယ်မဟုတ်ဘူးလား …”
“ မသိတော့ဘူးကွာ… အုပ်ကြီး ဘာပြောမလဲ နားထောင်ကြတာပေါ့ …”
လူတိုင်းက ထိုအကြောင်းအရာကို ဆွေးနွေးနေကြစဉ် လင်းရီနှင့် ရှောင်ထျန်တို့ အထဲဝင်လာသည်။
“ ဟင် … တီချယ်လင်း ဒီရောက်နေတယ်…”
လက်ရှိ ရောက်နေကြသည့် လူတိုင်းက စတုတ္ထနှစ်များ ဖြစ်ကြပြီး လင်းရီ အလုပ်က ထွက်သွားခဲ့သည်မှာ အချိန် တစ်ချို့ ကြာနေပြီး ဖြစ်သော်လည်း မိန်းကလေး တော်တော်များများက သူ၏ ပုံရိပ်ကို မမေ့မလျော့နိုင် ရှိနေခဲ့ကြ၏။
ထိုစဉ် အချိန်ခါက နိုင်ငံတကာ ကျောင်းသားများကို ပညာပေးခဲ့သည့် ဖြစ်ရပ်က အတော်လေး ဂယက်ထသွားခဲ့လေသည်။ ရလဒ်အနေဖြင့် လက်ရှိ သူတို့ကျောင်း၏ ပညာရေး စနစ်ကိုပင် အပြောင်းအလဲများ ဖြစ်ပေါ်လာစေခဲ့သည်။
“ ဟုတ်ပြီ… လူတိုင်းပဲ … တိတ်ကြမယ်…” ရှောင်ထျန် မိုက်ခရိုဖုန်းကို ကိုင်၍ ပြောလိုက်ပြီး “ ဒီနေ့ နင်တို့အားလုံးကို ဒီခေါ်လိုက်တာက အလုပ်သင် အခွင့်အရေး အတွက်ဆိုတာကို လူတိုင်းလည်း သိပြီးဖြစ်မယ်လို့ ယုံကြည်တယ်… ဒါပေမယ့် ဆရာလင်းကနေပြီး မင်းတို့ကို အသေးစိတ် ရှင်းပြလိမ့်မယ်..”
ဖြောင်း ဖြောင်း ဖြောင်း ( ဩဘာပေးသံ)
ကျောင်းသားများအားလုံး လက်ခုပ်တီးလိုက်ကြ၏။
ဆယ်စက္ကန့်ကြာပြီးနောက် လင်းရီ လက်ပြကာ လက်ခုပ်တီးသံတို့အား ရပ်စဲသွားစေသည်။
“ ငါ တုံးစန်းကောင်တီ ယွီဟန်မြို့က ကောင်တီ ကျောင်းတစ်ကျောင်းနဲ့ ဆက်သွယ်ထားတယ်… သူတို့က အလယ်တန်းနဲ့ အထက်တန်းကို ပေါင်းစည်းတဲ့ ပုံစံနဲ့ သွားတယ်… အခု သူတို့ဆီမှာ သင်ကြားပေးမယ့် ဆရာတွေ အများကြီး လိုအပ်နေတယ်… မင်းတို့တွေ ဒီအကြောင်း သိတဲ့လူ ရှိလားမသိဘူး ..”
ကောင်တီတွင် အလုပ်သင် ဆင်းရမည်လို့လည်း ကြားရော လူတိုင်း၏ စိတ်အားထက်သန်မှုမှာ ဟိုး အမြင့်မှ ဝုန်းခနဲ ပြုတ်ကျကုန်ကြ၏။
ဤသည်က မြို့ပေါ်တွင် အလုပ်သင် ရာထူး ရှာတွေ့ထားသည့် ကျောင်းသားများအတွက်ဆို ပိုမှန်မည်။ သူတို့ ဆက်လက်၍ပင် နားမထောင်ချင်ကြတော့ချေ။
သူတို့က အလိုလိုက်ခံထားရသည့် ကလေးများ ဖြစ်၏။ မည်သူကမျှ နိမ့်ကျပြီး တက်လမ်းမရှိသည့် ကောင်တီတွင် အလုပ်သင် အဖြစ် ဆင်းလိုခြင်း မရှိကြချေ။
“ ငါ့မိသားစုက ယွီဟန်က … ငါ အဲ့နေရာကို သိတယ်…” ကောင်လေး တစ်ယောက်က ပြောလာခဲ့သည်။ “ တုံးစန်းကောင်တီက ဆင်းရဲတဲ့ ကောင်တီပဲ … ကြားတာတော့ စီးပွားရေးက တအား နိမ့်ကျပြီး လစာလည်း တော်တော်ဆိုးရွားတယ်ဆိုပဲ … ပျှမ်းမျှ တစ်လဝင်ငွေက ယွမ် ၂,၀၀၀ တည်းရှိတာ… သိပ်ကြောက်ဖို့ ကောင်းတယ်…”
“ အာ…..”
ထိုစကားလုံးများ ပြောပြောပြီးခြင်း နေရာတစ်ခုလုံး အုတ်အုတ်ကျက်ကျက် ဖြစ်သွားခဲ့တော့သည်။
“ မဖြစ်နိုင်တာ … ဒီဘက်ခေတ်မှာ အဲ့လောက်နိမ့်တဲ့ လစာ ရှိသေးတယ်ပေါ့ … ငါ့အိတ်လေး တစ်လုံးစာတောင် မရှိတာကိုဟယ်…”
“ နည်းတာကတော့ တော်တော်ကြီးကို နည်းတာ… အဲ့လိုနေရာမျိုးကြီးမှာတော့ မလုပ်ချင်ပါဘူး …”
“ ဒါပေမယ့် ပြဿနာက ငါတို့မှာလည်း ဒီတိုင်း ဘွဲ့ရလက်မှတ်ပဲ ရှိတာလေ.. 985 ကလည်း မဟုတ်သလို 211 တက္ကသိုလ်ကလည်း မဟုတ်ဘူး … ကျိုးဟိုင်က သာမန် မူလတန်းကျောင်းလေးတွေတောင် ငါတို့ကို လိုချင်ကြမှာ မဟုတ်ဘူး …”
“ အခုချိန် အလုပ်ရှာရ ခက်ခဲတယ်ဆိုပေမယ့် တစ်လ ယွမ် ၂,၀၀၀ ပဲ ရတဲ့ နေရာမှာ လုပ်တာထက်စာရင်တော့ တော်ပါသေးတယ်… ဒီငွေလေးနဲ့ ဘာသွားသုံးစားရမှာ …” ကောင်လေး တစ်ယောက်က ပြောလိုက်သည်။
အောက်တွင် ရှိသည့် အခြား ကျောင်းသားများကလည်း သူ့လူနှင့်သူ တကျတ်ကျတ် ဆွေးနွေးနေကြကာ မည်သူကမျှ ယခုလို နေရာတွင် အလုပ်လုပ်ဖို့ စိတ်ဝင်စားနေကြခြင်း မရှိချေ။
သာမန် မိသားစုက ပေါက်ဖွားလာသည့် ကျောင်းသားများပင် ထိုသို့သော နေရာသို့ အလုပ်သွားလုပ်ရန် စိတ်ကူးမရှိကြပေ။
သူတို့တွေ ကြိုးစားပမ်းစားဖြင့် ပညာဆည်းပူးလေ့လာသည်က မိမိတို့၏ ကံကြမ္မာကို တစ်ဆစ်ချိုး ပြောင်းလဲ နိုင်ရန် အတွက်ပင်။ ယခုတော့ နွံအိုင်ထဲ ပြန်ဆင်းရမလို ဖြစ်နေသည်။
“ ကောင်းပြီ… လူတိုင်းပဲ … စိတ်အေးအေးထားကြပါ…” လင်းရီ ပြုံးလိုက်၏။ “ တကယ်တမ်းကျ အခြေအနေက မင်းတို့ ထင်နေသလောက်ကြီးလည်း မဆိုးပါဘူ … တုံးစန်းကောင်တီက အခုဆို တော်တော်ကြီး တိုးတက်နေပြီ… အလုပ်သင် လစာက တစ်လ ယွမ် ၃,၅၀၀ ရှိတယ်… အချိန်ပြည့်ဝန်ထမ်း လစာကလည်း ဒီထက် နည်းမှာ မဟုတ်ဘူး …”
“ ပြီးတော့ နောင်ကျလို့ အထက်က အရေးပါတဲ့ ပရောဂျက်တွေ ချမှတ်လာရင် အဓိကကျတဲ့ ရွေ့လျားမှုနဲ့ တိုးတက်မှုတွေ ရှိလာမှာပဲ … ဒုတိယအနေနဲ့ တကယ်လို့ လူတိုင်းကသာ အဲ့မှာနေပြီး သုံးနှစ်ထက်ပို အလုပ်လုပ်ဖို့ ဆန္ဒရှိမယ်ဆိုရင် တရား၀င် ရာထူးတိုးဖို့ အခွင့်အရေးတောင် ရှိနိုင်တယ်… ငါတော့ တခြားနေရာက အခွင့်အရေးတွေနဲ့ စာရင် ဒါက တော်တော်လေး မဆိုးဘူးလို့ ထင်တယ်…”
လစာ အကြောင်းလည်း ကြားသိလိုက်ရတော့ လူတိုင်း တစ်ဖန် အုတ်အုတ်ကျက်ကျက် ဖြစ်သွားခဲ့ပြန်သည်။
အကယ်၍ သူတို့သာ အလုပ်သင် လစာအတွက် တစ်လ ယွမ် ၃,၅၀၀ ရနိုင်မည် ဆိုပါက မဆိုးလှချေ။
အကယ်၍ အလုပ်သင် သပ်သပ်သာ ဆိုပါက သူတို့လေ လအနည်းငယ် နေဖို့ရန်အတွက် စိတ်ရှိမည် မဟုတ်ချေ။
သို့သော် နောက်ဆုံးတွင်တော့ ကောင်တီမြို့က ကောင်တီမြို့လေးမျှသာ ဖြစ်သည်။ မြို့ကြီးပြကြီးနှင့် နှိုင်းယှဉ်မည်ဆိုပါက မယှဉ်သာနိုင်သည့် ကဏ္ဍများစွာ ရှိလေသည်။
သူတို့၏ အနာဂတ်တစ်ခုလုံးကို ထိုနေရာ၌ မမြုပ်နှံလိုကြချေ။
“ တကယ်တမ်းကျ … ငါလည်း ဒီကမ်းလှမ်းမှုက တော်တော်လေး ကောင်းတယ်လို့ ထင်တယ်… လက်ရှိ အခြေအနေအတိုင်းဆိုရင် အဲ့ဒီ PhD. နဲ့ မာစတာဘွဲ့ရထားတဲ့လူတွေတောင် တည်ငြိမ်တဲ့ ရာထူး မရှိဘဲနဲ့ စာချုပ်အလုပ်သမား နေရာကနေ အလုပ်လုပ်နေကြရတာ ဒီ ကမ်းလှမ်းမှုက တော်တော်လေး မဆိုးဘူး …”
“ မင်း ဘာလို့ ဒီလောက် တုံးအရတာ .. တည်ငြိမ်တဲ့ ရာထူးနေရာဆိုတာ ရဖို့ လွယ်တယ်များ မင်း ထင်နေလား … တကယ်လို့ အဲ့ဒီ PhD. နဲ့ မာစတာဘွဲ့ရထားတဲ့ လူတွေတောင် မရနိုင်မှတော့ ငါတို့လို သာမန်တက္ကသိုလ်ကနေ သာမန် ဘွဲ့ရထားတဲ့လူတွေက ပိုလို့တောင် ဖြစ်နိုင်ပါ့မလား …”
“ ဒါပေမယ့် တီချယ်လင်း ပြောတော့ကျ သုံးနှစ် အလုပ်လုပ်ပေးရင် ရနိုင်မယ်ဆို …”
“ ရနိုင်မယ်လို့ပဲ ပြောသွားတာ … မရရင် မင်းဘယ်လိုလုပ်မှာ … ကိုယ့်ရဲ့ ငယ်ရွယ်တဲ့ အချိန်သုံးနှစ်လုံး ပုပ်သွားမှာပဲ မဟုတ်ဘူးလား …”
“ ဒါလည်း ဟုတ်နေတာပဲ … တည်ငြိမ်တဲ့ ရာထူးနေရာဆိုတာ ငါတို့နဲ့ အလှမ်းဝေးလွန်းနေတယ်…”
လင်းရီနှင့် ကျောင်း၏ အကြီးအကဲတို့မှာ ကျောင်းသားများ၏ ဆွေးနွေးငြင်းခုံနေမှုကို ကြားဝင်နှောင့်ယှက်ရန် အလျင်လိုခြင်း မရှိသေးချေ။
ဤသည်က နှစ်ခွ ဖြစ်နေသည့် လမ်းတစ်ခုလို ဖြစ်ပြီး မည်သည့် ဦးတည်ရာဘက်သို့ လျှောက်ပါဟူ၍ သူတို့အား တွန်းအားမပေးလိုချေ။
ဆယ်မိနစ် ကြာပြီးသည့်နောက် ဆွေးနွေးသံများကလည်း ဖြည်းဖြည်းချင်း တိမ်ကောသွားခဲ့လေသည်။ လင်းရီ မိုက်ကို ကိုင်၍ “ မင်းတို့တွေ သေချာစဉ်းစားပြီးကြပြီလား … မင်းတို့ရဲ့ အတွေးတွေ ငါ့ကို ပြောကြ … ဘယ်သူ အဲ့ကို သွားဖို့ ဆန္ဒရှိလဲ…”
သူတို့၏ ရပ်တည်ချက်ကို ဖော်ပြနေသကဲ့သို့ စင်အောက်ရှိ မည်သူကမျှ အသံထွက်မလာချေ။
ကျောက်ချီ မျက်လုံး ကျဉ်းမြောင်းသွားခဲ့ပြီး စင်အောက်ရှိ ကျောင်းသားများအား ကြည့်လိုက်၏။
“ ဒါက ဆရာလင်း ကိုယ်တိုင် မင်းတို့ဖို့ ခဲရာခဲဆစ်နဲ့ ရယူပေးထားရတဲ့ အခွင့်အရေးကွ… မင်းတို့က ဘာလို့ တန်ဖိုးထားရကောင်းမှန်း မသိကြတာ … လူ့အဖွဲ့အစည်းအတွင်းမှာ ပြိုင်ဆိုင်မှုဆိုတာ သိပ်ပြင်းထန်တယ်… မင်းတို့ရဲ့ အရည်အချင်းနဲ့ သူများကျောင်းတွေမှာ သူများနဲ့ ယှဉ်ပြီး ရာထူးနေရာ ဝင်တိုးနိုင်မယ် ထင်လား … ဆရာလင်းရဲ့ ကြိုးပမ်းအားထုတ်မှုတွေကို မဖြုန်းတီးကြနဲ့ …”
“ ကျောင်းအုပ်ကျောက် … ကျောင်းသားတွေကို သူတို့ စိတ်တိုင်းကျ ရွေးချယ်ပါစေ … သူတို့ရဲ့ အတွေးတွေကို မနှောင့်ယှက်ပါနဲ့ …”
လင်းရီ ပြုံးလိုက်ပြီး စင်အောက်ရှိ ကျောင်းသားများအား ပြောလိုက်သည်။ “ ဘယ်သူကမှ ပြောချင်တဲ့ ဆန္ဒမရှိဘူးဆိုတော့ မင်းတို့ရဲ့ ရပ်တည်ချက်ကို ဖော်ပြပေးနေစရာလည်း မလိုတော့ဘူး …”
“ တကယ်လို့ ဒီ အခွင့်အလမ်းကို လက်ခံလိုတဲ့လူရှိရင် ခုချက်ချင်း မတ်တပ်ရပ်လိုက် …”
စင်အောက်ရှိ လူများ အချင်းချင်း ပြန်ကြည့်လိုက်ကြ၏။ အဆုံးတွင် မည်သူကမျှ မတ်တပ်ရပ်မလာချေ။
လင်းရီ ကူကယ်ရာမဲ့စွာဖြင့် ခေါင်းခါရမ်း မိလိုက်သည်။ သူ အနည်းငယ် စိတ်ပျက်မိသွားခဲ့၏။ သူ့မှာ ကြိုးစားပမ်းစားနှင့် အလုပ်အာမခံချက် ရရှိအောင် ကြိုးပမ်းထားရသော်လည်း တစ်ဖက်က လုပ်ကိုင်လိုစိတ် ရှိမနေချေ။ ကြည့်ရသည်မှာ တုံးစန်းကောင်တီက ဆွဲဆောင်မှု မရှိပုံ ရ၏။
“ ဒီ ကျောင်းသားတွေက တကယ့်ကို စိတ်ပျက်စရာပဲ ..” ကျောက်ချီ ပြောလိုက်ပြီး “ ငါတို့ သူတို့ကို အလုပ်သင် အရင် ဆင်းခိုင်းလိုက်ကြရင်ကော … အနည်းဆုံးတော့ ကျောင်းရဲ့ ပြဿနာကို ဖြေရှင်းပြီးသား ဖြစ်သွားတာပေါ့ … သူတို့ အလုပ်သင်ကာလ ပြီးသွားတဲ့ အခါကျရင် နောက်ထပ် စတုတ္ထနှစ် အသစ်လေးတွေကို အစားပြန်ထိုးလို့ရတယ်…”
“ ဒါပေမယ့် နှစ်တိုင်း လူစားလဲနေတာကြီးကလည်း ကောင်းတဲ့ အကြံဉာဏ်တော့ မဟုတ်နေပြန်ဘူး …”
ကလင် ကလင် ကလင် ….
ထိုအခိုက်အတန့်တွင် လင်းရီ၏ ဖုန်းက အသံမြည်လာခဲ့သည်။ လုရန်မင်မှ ဆက်သွယ်လာခဲ့ခြင်းဖြစ်၏။
နှစ်ယောက်သား မိနစ် ၂၀ ကျော်ကြာအောင် ဖုန်းပြောပြီးနောက် ဖုန်းပြန်ချလိုက်လေသည်။
“ ကျောင်းအုပ်ကျောက် … ဒီကိစ္စ လောလောဆယ် ဒီလောက်နဲ့ထားလိုက်တော့ … ကျောင်းသားတွေဘက်က ဆန္ဒမရှိဘူးဆိုရင် တိုက်တွန်းမနေတော့ဘူး …”
“ ဒါပေမယ့် ကျောင်းရဲ့ သင်ကြားပေးမယ့် ဆရာ လိုအပ်ချက် ပြဿနာကို မဖြေရှင်းရသေးဘူးမလား … ကျုပ်တို့ နည်းလမ်းတစ်ခုကိုတော့ စဉ်းစားသင့်တယ်…”
လင်းရီ ပြုံးလိုက်ပြီး “ ဟိုက ပြဿနာ ဖြေရှင်းပြီးသွားပြီ… အချိန်တစ်ခုလောက်အထိတော့ ကြီးကြီးမားမား ပြဿနာ ရှိမှာ မဟုတ်တော့ဘူး…”