နောင်တ
Vol. 107 Ch. 1600
“ ပြဿနာ ဖြေရှင်းပြီးသွားပြီ ဟုတ်လား …”
ကျောက်ချီနှင့် ရှောင်ထျန်တို့ အနည်းငယ် အံ့အားသင့်သွားခဲ့ကြသည်။
ဖုန်းကောလေး တစ်ခုနဲ့ ပြဿနာက ဘယ်လို ဖြေရှင်းပြီးသား ဖြစ်သွားရတာလဲ …
“ ခုလေးတင်ပဲ ယွီဟန်ရဲ့ အတွင်းရေးမှူး ကျုပ်ဆီ ဖုန်းခေါ်လာခဲ့တာ သူတို့ဘက်က အတွေ့အကြုံရှိတဲ့ ဆရာ/မ ၃၂ ယောက်ကို တုံးစန်းကောင်တီမှာ ခန့်အပ်ဖို့ ခေါ်ထားပြီးပြီတဲ့ … လုံလောက်တာတော့ မဟုတ်ဘူးဆိုပေမယ့် အနည်းဆုံး သင်ကြားရေးကို ဆက်လက်ဖော်ဆောင်ဖို့က ပြဿနာ ရှိမှာ မဟုတ်ဘူး …. ကျန်တဲ့ဟာတွေကိုတော့ တစ်လှမ်းချင်း လှမ်းကြတာပေါ့ … ခုလောလောဆယ်တော့ ထွေထူး ဘာပြဿနာမှ မရှိတော့ဘူး ..”
စင်အောက်ရှိ ကျောင်းသားများအားလုံး ကြက်သေသေသွားခဲ့ကြလေသည်။
ယွီဟန်ရဲ့ အတွင်းရေးမှူးက တီချယ်လင်းကို ဖုန်းဆက်လာတယ်ပေါ့ …
သိပ် မဖြစ်နိုင်သလိုပဲနော်…
ရှောင်ထျန် မျက်မှောင်ကြုတ်မိလိုက်၏။ ဤသည်ကို သူမ အကြောက်ရွံ့ဆုံးပင်။
လင်းရီ၏ အစွမ်းအစဖြင့် ဆိုပါက ဤပြဿနာများမှာ သူ့အတွက် ခက်ခဲလှသည်များ ဟုတ်မနေချေ။ သူသာ ပိုက်ဆံသုံးရန် ဆန္ဒရှိသရွေ့ မဖြစ်နိုင်သည်ဟူ၍ မရှိပေ။
ပင်းချန် တက္ကသိုလ်သို့ တကူးတက လာရောက်၍ ဤအခွင့်အရေးအား ပေးအပ်သည်မှာ ရင်းနှီးပတ်သက်မှုကြောင့်သာ ဖြစ်ပြီး ကျောင်းသားများအတွက် အဆင်ပြေအောင် ကူညီပေးရာ ရောက်လေသည်။
ထင်မှတ်မထားစွာဖြင့် ၎င်းတို့က တန်ဖိုးထားရကောင်းမှန်း မသိခဲ့ကြချေ။
ကျောက်ချီ နောင်တရစွာဖြင့် ခေါင်းရမ်းလိုက်ရင်း စင်အောက်ရှိ ကျောင်းသားများအား ပြောလိုက်သည်။
“ အစတုန်းကတော့ ဒီ အခွင့်အရေးက မင်းတို့တွေ အတွက်ပဲ … မင်းတို့က မယူတော့ အခု သူများက ယူသွားပြီ…”
“ ကျောင်းအုပ် … ကျွန်တော်တော့ ခင်များတို့တွေ ပေါင်းပြီးလိမ်နေကြတယ်လို့ ထင်တယ်..” ကောင်လေး တစ်ယောက်က ပြောလိုက်ပြီး “ ကျွန်တော်တို့လို သာမန် ဘွဲ့ရလေးတွေတောင် အဲ့ဒီ ပစ္စန္ဓရာဇ်ဖြစ်တဲ့ နေရာကို သွားဖို့ ဆန္ဒမရှိတာ အဲ့ဒီ အတွေ့အကြုံရှိတဲ့ ဆရာ/မ တွေက ဘာလို့ သွားမှာလဲ…”
“ ပစ္စန္ဓရာဇ်ဖြစ်တဲ့ နေရာဆိုတာ မင်းက ဘာကို ပြောချင်နေတာ … တုံးစန်းကောင်တီက အခု ဖွံ့ဖြိုးတိုးတက်နေပြီလို့ ဆရာလင်း မင်းတို့ကို ပြောသွားခဲ့တာ မင်းတို့နားတွေက မကြားဘူးလား … အဲ့ဒီနေရာရဲ့ အနာဂတ်က လုံးဝ ဆိုးမှာ မဟုတ်ဘူး … တုံးစန်းကောင်တီကို အထင်မသေးလိုက်နဲ့ …” ကျောက်ချီ ပြောလိုက်၏။
“ အဲ့ဒီ ကိစ္စတွေကဖြင့် တစ်နိုင်ငံလုံး ပျံ့နေတာ ဘယ်သူကရော မှန်လား မှားလား သိလို့ … မတော်လို့ ကောလဟာလတွေ ဖြစ်နေရင် ဘယ်လိုလုပ်မှာ …”
“ ငါရောပဲ အဲ့လို ခံစားရတယ်… ငါတို့တွေကို အဲ့မှာ အလုပ်သွားလုပ်အောင် တမင် ဂွင်ဖန်နေသလိုပဲ ..”
“ ဘာပဲပြောပြော ငါက မင်းတို့ရဲ့ ကျောင်းအုပ်ကြီးပါကွ… ကိုယ့်ကျောင်းသားတွေ ဒုက္ခရောက်အောင် ငါက လုပ်ပါ့မလား …” ကျောက်ချီ ဒေါသတကြီးဖြင့် ပြောလိုက်သည်။
“ ဘယ်သူက သိနိုင်မှာမို့လို့ … နောက်ကွယ်မှာ အလုပ်သမား ခေါ်ပေးလို့ ကော်မရှင်ရနေလား မပြောတတ်….”
“ မင်း … မင်းတို့တွေ……”
“ ကဲပါ ကျောင်းအုပ်ကျောက် … စိတ်ကို ငြိမ်ငြိမ်ထားစမ်းပါ…”
လင်းရီ ကျောက်ချီကို ပြန်ဆွဲလိုက်ပြီး ရှေ့တန်းတွင် ထိုင်နေသည့် ကျောင်းသားများ၏ ရှေ့တွင် ဖုန်းကိုထောင်၍ မတ်တပ်ရပ်လိုက်သည်။
“ ဒါက အထက်က ထုတ်ပြန်လာတဲ့ တရားဝင် အမိန့် စာတမ်းပဲ … တုံးစန်းကောင်တီကို နိုင်ငံရဲ့ အဆင့်မြင့် စက်မှုဇုန် နေရာတစ်ခု အဖြစ် ပြောင်းမယ်လို့ အတိအလင်းကြီး ကြေညာထားတယ် … တိကျတဲ့ ပရောဂျက်တွေလည်း ထုတ်ပြန်လာပြီးသားပဲ … နောက်ငါးနှစ်အတွက် ယွမ် ၃၀ ဘီလီယမ်နဲ့ အခွန် သုံးနှစ် ကင်းလွတ်ခွင့် မူဝါဒကိုပါ ခွင့်ပြုပေးလိမ့်မယ်…”
“ နောက် ဒုတိယတစ်ချက် … လင်းယွင်အုပ်စုက တုံးစန်းကောင်တီမှာ ချစ်ပ်ထုတ်လုပ်တဲ့ စက်မှုဇုန် တစ်ခုကို တည်ဆောက်ထားပြီးပြီ.. အရွယ်အစား တူညီတဲ့ စက်မှုဇုန် နှစ်ခု ရှိထားပြီပြီ… တတိယ တစ်ခုကိုလည်း အခု တည်ဆောက်နေတယ်… ပြီးရင် ယွီဟန် မြို့နဲ့ ချိန်ဆက်ပြီးမှ စီးပွားရေး စက်ဝိုင်းအသစ်ကို ဖွဲ့စည်းမယ်…”
“ ငါ အစောပိုင်းက ပြောခဲ့တဲ့ တရားဝင် ရာထူးနေရာတွေနဲ့ ပတ်သက်ပြီးတော့ ငါအားလုံးကို ရှင်းအောင်လို့ တစ်ခု ပြောလိုက်မယ်… ရာထူးတစ်နေရာ ရနိုင်တဲ့ အခွင့်အရေး ရှိတယ်လို့ ပြောခဲ့တာက ဘာလို့လဲဆိုတော့ ငါ့မှာ နေရာ ၁၀၆ ခုပဲ ရှိထားလို့ … မင်းတို့ဘယ်သူတွေ ရသွားမလဲ ငါလည်း မသေချာဘူး … ပြီးတော့ နောင်ကျ ဒီထက်ပိုတဲ့ ရာထူးတွေလည်း ရှိရင် ရှိလာမှာပေါ့ ဘယ်ပြောတတ်မှာ … ဒါကြောင့်မို့ ငါက အဲ့ဒီ မရေရာတဲ့ အသုံးအနှုန်းနဲ့ ပြောသွားခဲ့တာ …”
“ မင်းတို့ပြောနေတဲ့ အလိမ်အညာတွေဆိုတာ လုံးဝ အဓိပ္ပာယ် မရှိတဲ့အရာတွေ… ဘာလို့ဆို မင်းတို့ရဲ့ အလုပ်သင်လစာကိုလည်း ငါကပဲ ပေးမှာမို့လို့ .. ငါသာ မင်းတို့ကို လိမ်ညာချင်ရင် ငါ့အိတ်ကပ်စိုက်ပြီး ဘာလို့ ထုတ်ပေးရမှာလဲ … လူတိုင်းပဲ … ကျေးဇူးပြုပြီး ကျောင်းအုပ်ကျောက်ကို အထင်မလွဲကြပါနဲ့ …”
လင်းရီ၏ စကားလုံးတို့က ရောက်ရှိနေသည့် လူတိုင်းအား ကြက်သေသေသွားစေခဲ့လေသည်။
ပြည်နယ် ထုတ်ပြန်ချက် …
ငါးနှစ်အတွက် ၃၀ ဘီလီယမ် ရင်းနှီးမြုပ်နှံမှု …
အခွန်သုံးနှစ် လွတ်ငြိမ်းခွင့် …
ရာထူးနေရာလွတ် ၁၀၆ ခု …
သတင်းအချက်အလက် တစ်ခုချင်းစီတိုင်းက ဧရာမ ကိစ္စရပ်ကြီးများပင်။
ဤနှုန်းထားဖြင့် ဆိုပါက နောင်သုံးလေးနှစ်တွင် တုံးစန်းကောင်တီသည် စည်ပင်ဝပြောသည့် နေရာတစ်ခု ဖြစ်လာမည်မှာ မလွဲမသွေပင်။
အကယ်၍ သူတို့သာ အံကိုတင်းတင်းကြိတ်၍ နှစ်အနည်းငယ်မျှ ခါးသီးမှုကို ခံစားနိုင်မည်ဆိုပါက သူတို့၏ အနာဂတ်သည် ကောင်းစားဖို့သာ ကျန်ရှိတော့သည်။
စင်အောက်ရှိ လူများအားလုံး တိတ်ဆိတ်ကုန်ကြ၏။ လင်းရီလည်း ဘာမျှမဆိုချေ။ သူ တစ်ဖက်သို့လှည့်ပြီး ကျောင်းအုပ်ကျောက်အား ကြည့်လိုက်သည်။
“ အဲ့ဒီ ကျောင်းကိစ္စအတွက်တော့ လောလောဆယ် ဒီတိုင်းပဲ ထားလိုက်ကြတာပေါ့ … ယွီဟန်မြို့က လူတွေလည်း ပြင်ဆင်ပြီးနေပြီဆိုတော့ ကျုပ် သွားပြီး သူတို့နဲ့ ဆက်သွယ်ရဦးမယ်…”
“ ကျုပ် ဆရာလင်းကို မနှောင့်ယှက်တော့ပါဘူး … ရှောင်ထျန်… ဆရာလင်းကို လိုက်ပို့ပေးလိုက်ဦး …”
“ ဟုတ်ကဲ့ …”
လူတိုင်း၏ အကြည့်အောက်တွင် သူတို့နှစ်ယောက် ခန်းမထဲမှ တစ်ဦးပြီး တစ်ဦး ထွက်သွားခဲ့ကြသည်။ အော်ဒီတိုရီယမ် အသေးစားလေးမှာ အပ်ကျသံ ကြားရလောက်သည်အထိ တိတ်ဆိတ်လို့နေသည်။
“ ကျောင်းအုပ်ကျောက် … ကျုပ် အခု အလုပ်သင် ဆင်းချင်ပါတယ်… ကျုပ်တို့မှာ အခွင့်အရေး ရှိသေးလား …”
“ စဉ်းတောင်မစဉ်းစားနဲ့ .. ခုမှတော့ နောက်ကျသွားပြီ…” ကျောက်ချီ မျက်နှာထား တင်းတင်းဖြင့် ပြောလိုက်၏။
“ မင်းတို့တွေ ငါ့ကို တကယ်ပဲ စိတ်ပျက်စေတယ်… တက္ကသိုလ်ရဲ့ လက်ရှိ မျိုးဆက်တွေ ဖြစ်ပြီးတော့မှ အမျှော်အမြင်လေး တစ်စက်မှကို မရှိကြဘူး … မင်းတို့က ချက်ချင်း ရနိုင်မယ့် အကျိုးအမြတ်ကိုပဲ တန်ဖိုးထားကြတယ်… ငါတော့ မင်းတို့ရဲ့ အနာကို တကယ်ပဲ ရင်လေးမိတယ်…”
“ ကျွန်တော်တို့လည်း ဒီတိုင်း တုံးစန်းကောင်တီက မူဝါဒအကူအညီတွေ ရနိုင်တယ်ဆိုတာ မသိလို့လေ…”
“ ဆရာလင်းက မင်းတို့ကို ပြောပြပြီးသား … ဒါပေမယ့် မင်းတို့မှ မယုံကြတာ… ဘာလို့ သူများကို အပြစ်တင်နေမှာ…” ကျောက်ချီ ပြောလိုက်ပြီး “ ဒီကိစ္စပြီးသွားရင် မင်းတို့တွေ တစ်ခုခုဆို အပေါ်ယံလောက်သိပြီး ဆုံးဖြတ်ချက် မချကြဖို့ မျှော်လင့်တယ်… မဟုတ်ရင် နောင်တတွေ ကြီးကြီးမားမား ရကြလိမ့်မယ်…”
“ ကျွန်တော်တို့လည်း ဒီလိုမျိုး မဖြစ်ချင်ပါဘူး ..” စောနက ကောင်လေးက ပြန်ပြောလိုက်၏။
“ သူပြောတာ မှန်တယ်… ဘယ်သူကရော တီချယ်လင်းက အဲ့လိုမျိုး လုပ်မယ်လို့ ထင်ထားမှာ .. ပြီးတော့ သူ့အိတ်ထဲက ပိုက်ဆံနဲ့ လခပေးဦးမယ်… ဘယ်သူက ပိုက်ဆံကို အဲ့လိုသုံးမှာလဲ…”
“ မင်းတို့တွေ သံသယ ရှိသေးမှတော့ ငါ အမှန်တရား ပြောပြမယ်…” ကျောက်ချီ ပြောလိုက်ပြီး “ ဆရာလင်းက ငါတို့ကျောင်းကော်မတီရဲ့ ဆရာတစ်ယောက်တင် မကဘူး … ငါတို့ကျောင်းရဲ့ ဂုဏ်သရေဆောင် ဒုကျောင်းအုပ်ဆိုလည်း ဟုတ်တယ်… ပြီးတော့ ကျိုးဟိုင် လင်းယွင်အုပ်စုကိုလည်း သူပဲ ပိုင်တာ… သူက အဲ့ဒီကုမ္ပဏီရဲ့ ဥက္ကဌ…”
“ သူ့ရဲ့ ကျောင်းနဲ့ အဆက်အသွယ်အပြင် ငါတို့ချင်း ရင်းနှီးပတ်သက်မှုကြောင့် သူက မင်းတို့ကို ဒီတိုင်းလေး ကူညီပေးချင်တာ … သူ့ဘက်က အလုပ်သင်နဲ့ မလိုက်တဲ့ လစာကိုတောင် ပေးဖို့ ဆန္ဒရှိတယ်… ဒါပေမယ့် မင်းတို့က သူ့ကို တကယ်ပဲ စိတ်ပျက်စေတယ်… ငါတော့ ဒီကိစ္စတွေက ဆရာလင်းရဲ့ အချိန်နဲ့ တန်တာ တစ်ခုမှကို မရှိဘူးလို့ ခံစားရတယ်…”
ဟစ်…
လင်းယွင်အုပ်စုရဲ့ ဥက္ကဌ…
လီတို ဂရပ်ဖီစက် ထွက်ပေါ်လာမှုကြောင့် လူတော်တော်များက လင်းယွင်အုပ်စုအကြောင်းကို သတင်းတွေထဲတွင် သိလိုက်ရလေသည်။
သို့သော် လင်းရီက လင်းယွင်အုပ်စု၏ ဥက္ကဌဖြစ်သည်ကိုတော့ သိသူတို့ များများစားစား မရှိကြချေ။
လက်ရှိ ရှိနေကြသည့် ကျောင်းသားတိုင်း နောင်တရမိကုန်ကြ၏။ ထိုသို့သော ဧရာမ ကုမ္ပဏီကြီးက တုံးစန်းကောင်တီသို့ သွား၍ စက်ရုံကြီးများပင် ဆောက်လုပ်ရင်းနှီးမြုပ်နှံနေသည်။ ဆိုလိုသည်က ၎င်းတို့၏ အနာဂတ်သည် အာမခံချက် ရှိသည်ဟူ၍ပင်။
သို့သော် သူတို့ကတော့ တန်ဖိုးမထားကြချေ။
မည်မျှ မိုက်မဲလိုက်ပါဘိသနည်း။
“ ကျောင်းအုပ်ကျောက် … တကယ်ပဲ အခွင့်အရေး မရှိတော့ဘူးလား … ကျွန်တော်တို့ သွားချင်ပါတယ်…”
“ မရှိဘူး … အစည်းအဝေး ပြီးပြီ..”
အော်ဒီတိုရီယမ်ထဲ ထွက်ခွာလာပြီးနောက် ရှောင်ထျန်သည် လင်းရီကို ကျောင်းဂိတ်ပေါက်ဝသို့ လိုက်ပို့ပေးလိုက်၏။ သူမ တစ်ခုခု ပြောရန် ကြိမ်ဖန်များစွာ ဟန်ပြင်ခဲ့သော်လည်း အကြိမ်တိုင်းတွင် တုံ့ဆိုင်းနေခဲ့မိ၏။
“ မင်း ပြောချင်တာ ရှိလို့လား …”
“ အင်း ………” စက္ကန့်အနည်းငယ်ကြာအောင် တုံ့ဆိုင်းနေပြီးနောက် ရှောင်ထျန် ပြောလာခဲ့၏။
“ တကယ်ပဲ ပြောင်းသာ ပြင်သာ မရှိနိုင်တော့ဘူးလား …”
“ မင်းပြောချင်တာ အလုပ်သင်ရာထူးအတွက်လား …”
ရှောင်ထျန် ခေါင်းညိမ့်လိုက်၏။ “ သူတို့က ငယ်ပြီး အသိတရားမရှိကြဘူး … သူတို့ကို နင် အပြစ်မမြင်ပါနဲ့ …”
ကျောင်း၏ ခေါင်းဆောင်တစ်ယောက်အနေဖြင့် ရှောင်ထျန်သည် သူမ၏ ကျောင်းသူ/သားများကို အတော်လေး တန်ဖိုးထားသည်။
လင်းရီ သူတို့ကို နောက်ထပ် အခွင့်အရေး တစ်ခု ပေးဖို့ရာ မျှော်လင့်မိလေသည်။ မည်သို့ပင်ဆိုစေ ဤသည်က ၎င်းတို့၏ ဘဝကို ပြောင်းလဲသွားစေနိုင်သည့် ဆုံးဖြတ်ချက်ကြီး တစ်ခု ဖြစ်၏။
“ မင်းက ငါ့ကို တော်တော်အထင်သေးနေတာပဲ … ငါက ဒီကို ပြဿနာ ဖြေရှင်းဖို့ ရောက်နေတာ … ငါ့ မာနကို ကာကွယ်ဖို့ မဟုတ်ဘူး …” လင်းရီ ပြုံးလိုက်ပြီး “ ဒါပေမယ့် ငါသူတို့ကို လူကိုယ်တိုင် ထပ်တွေ့ဖို့ဆိုတာတော့ မဖြစ်နိုင်ဘူး … သင့်လျော်တဲ့ လူရှိရင် မင်းကနေ တဆင့် ငါ့ကို အကြံပြုပေးလို့ရတယ်…”
ရှောင်ထျန် ပြုံးလိုက်သည်။ “ ဒါဆို အတည်ဖြစ်ပြီနော်…”
“ ဒါပေါ့…”
စကားခေတ္တပြောပြီးသည့်နောက် လင်းရီသည် ယွီဟန်မြို့သို့ ဦးတည်မောင်းနှင်သွားလိုက်၏။ လမ်းတွင် သူ ကျီချင်းရန်ထံ ဖုန်းဆက်လိုက်လေသည်။
“ လူကြီးမင်းလင်း … ကျွန်မကို သတိရလို့လား …” ဖုန်းထဲမှ ကျီချင်းရန်၏ ချစ်စဖွယ် အသံလေးက ထွက်ပေါ်လို့လာသည်။
“ မင်းမှာ အထူးစွမ်းအားတွေ ဘာတွေများ ရှိထားလား … ငါ သတိရနေတယ်ဆိုတာ ဘယ်လိုလုပ်ပြီးသိတာ…”
“ ဘာလို့ဆို ငါ့ဆီမှာ နင့်ဆီက signal ကို ဖမ်းဖို့ signal receiver တစ်ခု ရှိတယ်လေ…”
“ မင်းရဲ့ receiver က သေချာပေါက် ပျက်နေတာပဲ ဖြစ်ရမယ်… အသစ်တစ်ခု လဲလိုက်တော့…”