ကောင်းကင်ကို ဖီဆန်ချင်နေတဲ့ စုန့်ကျားယွီ
Vol. 107 Ch. 1602
“ အာ…..”
နှစ်ယောက်လုံး တဒင်္ဂမျှ ကြက်သေသေသွားခဲ့ကြ၏။ ရှောင်ပင်းက လင်းရီ၏ လက်မောင်းကို တွဲထားဆဲ ဖြစ်ပြီး စုန့်ကျားယွီကို မြင်တွေ့လိုက်ရသည့် အခိုက်အတန့်၌ လျှပ်စစ်အတို့ခံလိုက်ရသကဲ့သို့ သတိလက်လွတ်ဖြစ်စွာ လင်းရီအား ပြန်လွှတ်ပေးလိုက်မိသည်။
လင်းရီ သူ့နဖူးသူ ပြန်ရိုက်လိုက်၏။ သူ၏ အလုပ်ကိစ္စ၌သာ အာရုံရောက်နေသဖြင့် ဤကောင်မလေး လာကြိုမည်ကို လုံးဝ သတိလက်လွတ် ဖြစ်နေမိခဲ့သည်။
ဤသည်က တော်တော်လေး ဆိုး၏။
“ အထင်မလွဲနဲ့ … ငါက နင့်အစ်ကိုရဲ့ သူငယ်ချင်း … နင် ထင်နေသလို ရင်းနှီးပတ်သက်မှုမျိုး မဟုတ်ဘူး ..” ရှောင်ပင်း အလျင်အမြန်ဆိုသလို ရှင်းပြလိုက်လေသည်။
စုန့်ကျားယွီ လင်းရီအား လက်ပူးလက်ကြပ်မိထားသည့် အကြည့်မျိုးဖြင့် ကြည့်လိုက်သည်။
“ ခဲအို .. ငါ ယုံမယ်လို့ နင်ထင်လား …”
“ ငါမင်းကို သန်း ၁၀၀ ပေးမယ်…”
“ နင်တို့နှစ်ယောက်ကို ကြည့်လိုက်တာနဲ့ သူငယ်ချင်းတွေမှန်း သိသာနေတာကြီးကို ဟိုလို ရင်းနှီးပတ်သက်မှုတွေ မရှိဘူးဆိုတာ လူတိုင်းပြောနိုင်တယ်…” စုန့်ကျားယွီ ရှေ့သို့ တစ်လှမ်းလှမ်းရင်း အပြုံးလေးဖြင့် ပြောလိုက်သည်။
ငွေ၏ ဆွဲဆောင်မှု အောက်တွင် သူမ၏ အစ်မတော် ကျီချင်းရန်အား မဆိုင်းမတွ သစ္စာဖောက်သွားခဲ့လေသည်။
စုန့်ကျားယွီလည်း ယွီဟန်က ဆိုပေမယ့် သူမ ရှောင်ပင်းကိုတော့ မသိချေ။
သူမက ဤအတိုင်း သာမန် အသေးစား လုပ်ငန်းရှင်လေး တစ်ယောက်ဖြစ်ပြီး ရှောင်ပင်းကဲ့သို့ ချမ်းသာသည့် ဒုတိယမျိုးဆက် သူဌေးသမီးနှင့် အဆင့်အတန်းချင်းက မတူမညီသည့် အနေအထား၌ ရှိ၏။ သူမတို့ တွေ့ဆုံ ရင်းနှီးနိုင်သည့် အခွင့်အရေး မရှိသည်ကလည်း သဘာဝပင်။
“ မင်းကို မိတ်ဆက်ပေးရဦးမယ်… ဒါ ငါ့ ခယ်မ … စုန့်ကျားယွီ…”
“ ဒါကတော့ ငါ့သူငယ်ချင်း ရှောင်ပင်း …”
“ ဟာလို အစ်မပင်း …”
“ ဟာလို ဟာလို …”
နှစ်ယောက်သား လက်ဆွဲနှုတ်ဆက်လိုက်ကြ၏။ ရှောင်ပင်းမှ အပြစ်မကင်းသည့် လေသံဖြင့် “ နင့်ခဲအိုက နင့်ဆီ ရင်းနှီးမြုပ်နှံဖို့ ဆန္ဒရှိတယ်ဆိုတော့ နင်က စီးပွားရေး လုပ်နေတာလား ဟုတ်လား … အစ်မမှာ ပိုက်ဆံ အများကြီး မရှိဘူးဆိုပေမယ့် ဒီနေ့ အစ်မတို့ တွေ့တာ ရေစက်ပါလို့ပဲ ဖြစ်ရမယ်.. အစ်မလည်း နင့်ဆီမှာ သန်း ၅၀ ရင်းနှီးမြုပ်နှံပေးမယ်…”
စုန့်ကျားယွီ၏ မျက်ဝန်းတို့ ပြူးကျယ်သွားခဲ့၏။
ယွမ် သန်း ၁၅၀ ကို သူမ ဒီလိုနဲ့ပဲ ရလိုက်တယ်ပေါ့ … သူမကို လာဘ်ထိုးလို့ အဲ့လောက် လွယ်မယ် ထင်နေလား ဟမ်…
“ လာ လာ လာ အားလုံးက အချင်းချင်းတွေကို ဘာလို့ ယဉ်ကျေးနေမှာ …”
စုန့်ကျားယွီ ရှောင်းပင်းနှင့် လင်းရီ၏ အလယ်တွင် ဝင်၍ နှစ်ယောက်လုံး၏ လက်မောင်းကို ဖက်ကာ “ တစ်နေရာသွားပြီး စားရင်း စကားပြောကြရအောင်လေ… ဒီနေရာက စကားပြောလို့ ကောင်းတဲ့ နေရာ မဟုတ်ဘူး …”
“ သွားစို့ .. ငါလည်း ဗိုက်နည်းနည်း ဆာနေတာနဲ့ အတော်ပဲ …”
တိုင်ပင်ပြီးသည်နှင့် သုံးယောက်သား ကာကိုယ်စီထဲသို့ ဝင်၍ ရှောင်ပင်း ဝေမျှထားသည့် ဆိုင်သို့ ရောက်ရှိလာသည်။
သူတို့ သုံးဦး ကိုယ်စီ ထွက်သွားသည်နှင့် Curinan တစ်စင်းက ပြတင်းပေါက်မှန်ကို ချလာခဲ့သည်။ အညိုရောင် လက်ပိုင်ရှင် အမျိုးသားက ဆေးလိပ်ပြာကို လက်ဖြင့် အပြင်သို့ ခါချလိုက်၏။
ရှောင်ပင်း ထွက်ခွာသွားသည့် အရပ်မျက်နှာဘက်သို့ ရှုနေရင်း သူ၏ အမူအရာမှာ ရေခဲသဖွယ် အေးစက်စက်နိုင်လွန်းလှသည်။
ထိုလူ၏ နာမည်က ချန်ရိ ဖြစ်ပြီး လုံတင်း လုံခြုံရေး ကုမ္ပဏီကပင်။ လုံတင်း ကလပ်က နှစ်ပေါင်း လေးဆယ်ကျော်ကြာအောင် တည်ရှိလာပြီး ချန်ရိ၏ အဘိုး ချန်ရှန်းတုန်က တည်ထောင်ထားခြင်း ဖြစ်၏။
သို့သော် ချန်ရိ အဖေ၏ ပါရမီ ကင်းမဲ့မှုကြောင့် လုံခြုံရေး ကုမ္ပဏီသည် သူ၏ ဦးလေး ချန်လုံကျွင်းလက်ထဲသို့ ကျရောက်သွားခဲ့ရသည်။
သင်ကြားရေး လက်ထောက် တစ်ယောက်အနေဖြင့် လုပ်ကိုင်ရင်း ကုမ္ပဏီတွင်းရှိ အခြားသူများ၏ ထရိန်နင်ကို စုစည်းနေလေသည်။
သူ ရှောင်ပင်းနှင့် ရင်းနှီးကျွမ်းဝင်သည်မှာ အချိန်အတော်ကြာပြီး အထင်မြင်ကောင်း တစ်ချို့လည်း ရှိ၏။
သို့သော် ကြိမ်ဖန်များစွာ အငြင်းပယ်ခံရသည်ကတော့ သူ့အား သက်တောင့်သက်သာ မဖြစ်အောင် ပြုလုပ်နေတော့သည်။
“ အစ်ကိုရိ… မင်းမှန်တယ်… သူက အိမ်ပြန်ပြီး သူ့အလုပ်သူ သွားလုပ်တာ မဟုတ်ဘူး … အဲ့ဒီအစား တခြား ကောင်တစ်ကောင်နဲ့ ပရောပရည် လုပ်နေတာပဲ…”
ပြောလိုက်သူက ခရီးသည် ထိုင်ခုံတွင် ရှိနေသည့် ဖက်တီး တစ်ယောက် ဖြစ်၏။ သူ့နာမည်က လီမင်ပင်။
သူ၏ ပုံရိပ်က ချန်ရိနှင့် အလှမ်းဝေးကွာလှပြီး အဆင့်ကလည်း အောက်ဆုံး အဆင့်၌သာ ရှိလေသည်။ ချန်ရိ၏ နောက်လိုက်တစ်ယောက်ဟုသာ မှတ်ယူ၍ရသည်။
“ သူ ထွက်သွားမယ် ပြောတုန်းက သဘောထားက တော်တော်လေး ခိုင်မာနေတာ… ဒီနေ့ ထွက်သွားမှ ရမယ်လို့ကို ပြောသွားခဲ့တာ … ဒါ သူ့ပုံစံ မဟုတ်သေးဘူး … အိမ်မှာ တစ်ခုခု ဖြစ်တယ်ဆိုရင်တောင် ဘယ်လို အမူအရာ ပုံစံမျိုးကိုမှ လုပ်ပြနေမှာ မဟုတ်ဘူး …”
ချန်ရိ အေးစက်စွာ ပြောလိုက်၏။
“ ဒါဆို အခု ဘာဆက်လုပ်ကြမှာ … သူများက တခြားတစ်ယောက်နဲ့ ပါသွားပြီ… မင်း သူ့ကို ဆက်လိုက်ဦးမလို့လား …”
“ မလိုဘူး … ငါ သူ့ကားထဲမှာ ခြေရာခံ ပစ္စည်းတပ်ထားတယ်.. ခဏဆို သူ ဘယ်သွားလဲ သိပြီ… အခု နောက်က လိုက်လာတယ်ဆိုတာ ဘယ်သူနဲ့ တွေ့ချင်လို့ ထွက်လာခဲ့လဲ ဆိုတာကြောင့်ပဲ … အခု သိသွားပြီဆိုတော့ ပြန်ရုံပဲ …”
“ ဒီတိုင်းပဲ ပြန်တော့မလို့လားဟ … ဟို အပျော်လင် ရုပ်နဲ့ကောင်ကို ကြည့်ရတာ လူကောင်းသူကောင်းနဲ့ကို မတူတာနော်… သူသာ အောင်မြင်သွားရင် မင်းပဲ ခံစားရစ်နေခဲ့ရမှာ …”
“ မပူနဲ့ … ငါလုပ်နေတာကို ငါသိတယ်… ငါ သူ့ကို အဲ့လို အခွင့်အရေး ပေးမှာ မဟုတ်ဘူး …” ချန်ရိ မျက်လုံးကျဉ်းမြောင်းပြီး ပြောလိုက်၏။
မိနစ် နှစ်ဆယ် ကြာပြီးနောက် သုံးယောက်သား အတော်လေး စတိုင်ကျသည့် စီချွမ် စားသောက်ဆိုင်သို့ ရောက်ရှိလာလေသည်။
ဆိုင်၏ အဓိက ဟင်းလျာ ခြောက်ပွဲကိုမှာ၍ ဗိုက်အပြည့်ဖြည့်ရန် ဟန်ပြင်လိုက်ကြ၏။
ကလင် ကလင် ကလင် …
ဟင်းပွဲများ လာချနေစဉ် စုန့်ကျားယွီ၏ ဖုန်းသံ မြည်လာသည်။
သူမ လင်းရီကို လက်ဝှေ့ယမ်းပြလိုက်၏။ ကျီချင်းရန်မှ ခေါ်ဆိုလာခဲ့ခြင်းပင်။
“ နောက်ထပ် သန်း ၂၀ …”
“ ဘာလို့ ပိုက်ဆံပဲ ထပ်တလဲလဲ ပြောနေတာ သူများက ငွေမက်တဲ့လူလား …”
သူမကိုယ်သူမ ရေရွတ်ရင်း စုန့်ကျားယွီ ဖုန်းကိုင်လိုက်လေသည်။
“ မမ…. ငါခဲအိုကို ကြိုလာပြီးပြီ… အခု ထမင်းစားနေကြတာ …”
“ စစချင်းတုန်းက ကုမ္ပဏီက သူငယ်ချင်းနည်းနည်းလောက် ဖိတ်ပြီး ငါတို့နဲ့ အဖော်လုပ်ခိုင်းမလို့ပဲ … ဒါပေမယ့် ခဲအိုက အပြင်လူတွေနဲ့ မတွေ့ချင်ဘူးဆိုလို့ သူနဲ့ သီးသန့် ထမင်းလာစားလိုက်တာလေ…”
ရှောင်ပင်း နှုတ်ခမ်းကို ကိုက်ထားမိ၏။
ပြောကြသည်က ခဲအိုနှင့် အစ်မက အမြဲတမ်း စည်းလုံးညီညွှတ်ကြသည်ဆိုပင်။ သူတို့၏ အပြုအမူတို့က လုံးဝကို တစ်ထပ်တည်းပင်။
“ စိတ်ချ လက်ချသာ နေစမ်းပါ … ခဲအိုကို ဆာလောင်ပြီးမှတော့ မသေစေရပါဘူး …”
“ ဟုတ်ပြီ ဟုတ်ပြီ… အခု ဖုန်းချလိုက်တော့မယ်… ဒီမှာ စားတော့မလို့…”
“ ခဲအို … ငါလုပ်တာ ဘယ်လိုနေလဲ…”
“ မင်းလုပ်တာ ကောင်းတယ်…” လင်းရီ ပြောလိုက်ပြီး “ မင်း ဒီလောက်တော်နေမှတော့ ငါ့လိုလူဆီက ရင်းနှီးမြုပ်နှံမှုကို ဘာလို့ လိုနေမှာလဲ ဟုတ်တယ်မလား … ဒီတော့ ငါ့ပိုက်ဆံတွေကို ပြန်ထုတ်ဖို့ ဆုံးဖြတ်လိုက်ပြီ…”
“ အာ …… နင်ပဲ ပြောတော့ ငါ့ဆီမှာ ရင်းနှီးမြုပ်နှံမယ်ဆို … ကိုယ့်စကားကိုယ် ပြန် မရုတ်သိမ်းရဘူးလေ… ဂရုစိုက် … မဟုတ်ရင် အစ်မနဲ့ တိုင်ပြောလိုက်မှာ…”
“ ခုနလေးတင် ငါတို့နှစ်ယောက် အတူရှိနေတယ်လို့ မင်းပဲ ပြောလိုက်တာ မဟုတ်ဘူးလား … မင်း တိုင်ရင်တောင် သူက မင်းကို ယုံမှာ မဟုတ်ဘူး … တမင်တကာ ပြဿနာရှာနေတယ်လို့ပဲ ထင်မှာ… “ လင်းရီ ပြောလိုက်ပြီး “ မယုံဘူးဆိုလည်း ကိုယ့်ကိုယ်ကို အရင်စဉ်းစားကြည့်လိုက်ပေါ့ … ဘယ်သူက သူ့အတွက် ပိုအရေးကြီးလဲလို့ ….”
ရှောင်ပင်း ရေနွေးကြမ်း တစ်ကျိုက်သောက်ရင်း ခပ်မဆိတ်သာ နေလိုက်၏။
စကားပုံအတိုင်း “ ဉာဏ်များ ကောက်ကျစ်သည့် မကောင်းဆိုးရွားတိုင်းအတွက် တန်ပြန် ဉာဏ်များကောက်ကျစ်မည့် သူတော်စင်တို့ ရှိစမြဲပင်”။
သူတို့နှစ်ဦး၏ ကိုယ်ကျင့်စရိုက်တို့က အတော်လေး ဆင်တူသော်ငြား ဉာဏ်များသည့် နေရာတွင်တော့ ခေါင်းဆောင်လင်းကို မှီဖို့ရန် လိုအပ်နေသေးသည်။ ကောင်မလေးက နှစ်ပေါင်းများစွာ ကြိုးစား လေ့ကျင့်ဖို့ လိုအပ်နေသေး၏။
“ နင်တို့က သမီးရည်းစား ဆက်ဆံရေး ဆိုတာနဲ့ပဲ သူ့ရင်ထဲက ငါ့နေရာကို သိမ်းပိုက်လိုက်နိုင်ပြီ ထင်မနေနဲ့ …” စုန့်ကျားယွီ ချက်ကျ လက်ကျဖြင့် ပြန်ပြောလိုက်ပြီး “ ငါတို့က ဝမ်းကွဲတွေ… သွေးချင်းနီးစပ်တဲ့ ဆွေမျိုး …”
“ သွေးချင်းနီးစပ်တယ်ဆိုတာ ဟုတ်တယ်… ဒါပေမယ့် မင်းမှာ ရာဇဝတ်မှတ်တမ်း တစ်ခု ရှိထားတယ်ဆိုတာလည်း မေ့မနေနဲ့ဦး …”
ရာဇဝတ်မှတ်တမ်းကိစ္စ ဘူတာစိုက်လာသည့်အခါ စုန့်ကျားယွီသည် သူမ၏ ခြေတံများအား အသုံးပြု၍ လင်းရီအား မြှူဆွယ်ဖျားယောင်းရန် ကြိုးပမ်းခဲ့သည့် ဖြစ်ရပ်ကို ပြန်မတွေးမိဘဲ မနေနိုင်ချေ။
သူမ ဤတိုက်ပွဲတွင် ရှုံးနိမ့်သွားပြီ ဖြစ်ကြောင်း သတိထားမိတော့ ကျင်လည်စွာဖြင့် ပစ်မှတ်ကို ပြောင်းလိုက်တော့သည်။
“ အစ်မပင်း … နင်ကြည့်ဦး ..”
“ စိတ်ချ… အစ်မ နင့်ကို သန်း ၅၀ ကူညီပေးမှာ ညာနေတာ မဟုတ်ဘူး …”
ရှောင်မိသားစု၏ ဘဏ္ဍာရေး အခြေအနေဖြင့် ဤပမာဏက ပြောပလောက်သည်မဟုတ်ချေ။
ထို့ပြင် သူမက ခေါင်းဆောင်လင်း၏ ခယ်မ ဖြစ်နေသေးပြန်သည်။ လင်းရီက သူမ၏ နောက်တွင် မားမားမတ်မတ် ရပ်တည်ရှိနေသဖြင့် ပရောဂျက် မှားယွင်းသွားဖို့ဆိုသည်မှာ မည်သို့မျှ မဖြစ်နိုင်ချေ။
အဆိုးဆုံးအခြေအနေကို ကြိုတင်စဉ်းစားထားမည်ဆိုပါက သူမ ပြန်ရသည့် ပိုက်ဆံက နည်းပါးသွားရုံမျှသာ ရှိမည်။ သူမ၏ ပိုက်ဆံလည်း မဆုံးရှုံးနိုင်ချေ။
“ ကြည့် … အရေးနဲ့ အကြောင်းနဲ့ဆိုရင် နင်က အပြင်လူလောက်တောင် အားမကိုးရဘူး …”
လင်းရီ ရှောင်ပင်းအား ကြည့်လိုက်သည်။
“ သူက မင်းကို အပြင်လူလို့ ခေါ်နေတာတောင် မင်းက ရင်းနှီးမြုပ်နှံချင်သေးတုန်းလား …”
“ မဟုတ်ဘူး မဟုတ်ဘူး… ငါ စကားပြောမှားသွားတာ စကားပြော မှားသွားတာ … ငါ့ဆီမှာ ရင်းနှီးမြုပ်နှံပေးမယ်ဆို ‘အစ်မ’လို့ ခေါ်ရမှာကို မပြောနဲ့ … ‘ယောင်းမ’ လို့ ခေါ်ရမယ်ဆိုလည်း ပြဿနာ မရှိဘူး …”
“ အဲ့တာတော့ များသွားပြီ.. အစ်မက နင့်ရဲ့ ယောင်းမ ဖြစ်ဖို့ မတန်ပါဘူး ..” ရှောင်ပင်း ပြောရင်းဖြင့် ပါးစပ်ကွယ်ကာ ရယ်မောလိုက်သည်။
“ ဘာပဲ ဖြစ်ဖြစ်ပါ… ဒီတိုင်း အထင်သာ မလွဲနဲ့ … ငါတို့က သူငယ်ချင်းကောင်းတွေ … ဟိုလို ပါးစပ်နဲ့ ထုတ်ပြောလို့ မကောင်းတဲ့ ပတ်သက်မှုမျိုးလည်း မရှိဘူး …”
“ သိပါတယ် … ဒီက အထင်လည်း မလွဲပါဘူး … ဒါပေမယ့် သန်း ၅၀ ရင်းနှီးမြုပ်နှံမယ် ပြောထားတယ်နော်… အဲ့တာတွေက တစ်ကဏ္ဍပဲ …”
လင်းရီ “ …. “
ရှောင်ပင်း “ ….”
ခေါင်းဆောင်လင်းရဲ့ ခယ်မလေးက တစ်ခုခုတော့ တစ်ခုခုပဲ။