← Chapters

ဟိတ်ဟန်ထုတ်ပြီး ထွက်ပြေးခြင်း

Vol. 107 Ch. 1603

ဟိတ်ဟန်ထုတ်ပြီး ထွက်ပြေးခြင်း

Vol. 107 Ch. 1603

“ ခဲအို နင် ဒီည အားလား … ငါ့ရဲ့ ကုမ္ပဏီကို တစ်ချက် လိုက်ကြည့်ကြည့်ပါလား …”

နှစ်သစ်ကူးနေ့မှ အစတည်၍ စု့န်ကျားယွီနှင့် ကျီချင်းရန်တို့ကြားတွင် မကြာခဏဆိုသလို စကားများ ပြောဖြစ်လာသည်။

သို့သော် အကြောင်းအရာ အများစုက လင်းရီနှင့်သာ ပတ်သက် ဆက်နွယ်နေလျက် ရှိသည်။

ကျီချင်းရန်ကလည်း ဤအခွင့်အရေးကို အသုံးချ၍ သူမ၏ လင်းရီအား ကြွားလုံးထုတ်ရန် အဘယ်၌ လက်လွတ်ခံလိမ့်မည်နည်း။

ထို့ကြောင့် စုန့်ကျားယွီအား အရာအရာတိုင်းကို အသေးစိတ်ပြောပြခဲ့ကာ လင်းရီအား လေးစား အားကျသွားစေသည်။

၂ နှစ်ဟူသည့် အချိန်တိုအတွင်း လင်းယွင်အုပ်စုကို တည်ထောင်၍ ယနေ့လို အတိုင်းအတာအထိ ကြီးထွားအောင် ပြုနိုင်ခဲ့သည်နှင့် စပ်လျဉ်း၍ ၎င်း၏ အရည်အချင်းကို သံသယ ဖြစ်ရန် မလိုအပ်ချေ။

ထို့ကြောင့် သူမက လင်းရီကို ကုမ္ပဏီသို့ လိုက်လံလည်ပတ်၍ သူမအား ညွှန်ကြား ပြသမှုတစ်ချို့ ပေးစေချင်နေသည်။

“ ဒီညတော့ မရဘူး … ငါ အတွင်းရေးမှူးလုနဲ့ ညစာ စားဖို့ ချိန်ထားလို့ … မနက်မှ ထပ်ပြောကြတာပေါ့ …”

“ ဒါဆိုလည်း နင် စောစော ထတာ ပိုကောင်းမယ်… နေ့လည်ပိုင်းကျ ဒီက တခြား လုပ်စရာတွေ ရှိတယ်…”

“ ကောင်းပြီလေ.. ပြဿနာ မရှိဘူး …”

စုန့်ကျားယွီတွင် အတွေးတို့ များများစားစား မရှိချေ။ မည်သို့ပင် ဆိုစေ လင်းရီက အစိုးရ အဆောက်အဦးအတွင်းက ထွက်လာသဖြင့် ထိုသို့သော ဒိတ်ဒိတ်ကျဲ ပုဂ္ဂိုလ်ကြီး တစ်ဦးဖြင့် ညစာ စားဖို့ ချိန်းဆိုထားသည်မှာ သာမန်ပင်။

ထိုအခိုက်အတန့်တွင်တော့ သူမ လေးစားကိုးကွယ်နေသည့် သူမ၏ ခဲအိုမှာ ရေကူးကန်ပါတီသို့ သွားလိမ့်မည်လို့ ဘယ်တုန်းကမှ စဉ်းစားမိလိမ့်မည် မဟုတ်ချေ။

တစ်နာရီ ကြာပြီးသည့်နောက် သုံးယောက်လုံး ကိုယ်စီ ပြည့်အင့်သည်ထိ စားသောက်ပြီးသွားခဲ့ကြ၏။

စု့န်ကျားယွီ၏ သံသယတို့ ပြေပျောက်စေရန်အတွက် သုံးယောက်လုံး မတူညီသည့် လမ်းကိုယ်စီသို့ ဦးတည်လိုက်ကြလေသည်။ သို့သော် လင်းရီနှင့် ရှောင်ပင်းတို့မှာ လမ်းလေးဆုံ၌ ပြန်ဆုံ၍ ရေကူးကန်ပါတီသို့ ပြန်မောင်းလာခဲ့ကြသည်။

ပါတီကို ချန်ထန်မြစ်နံဘေးရှိ ကြယ်ငါးပွင့် ဟိုတယ်တစ်ခု၌ ကျင်းပလျက် ရှိ၏။

အပြင်တွင် အမိုးဖွင့် ရေကူးကန်ကြီး တစ်ခုရှိပြီး ဗီဒီယို အတိုလေးများ ရိုက်ကူးရန်အတွက် အတော်လေး ကောင်းမွန်သည့် နေရာပင်။

အင်တာနက် ဆယ်လီ အမျိုးသမီး အများစုက ဤနေရာသို့ မကြာမကြာ ရောက်ဖြစ်ကြ၏။ သို့သော် ယနေ့တွင်တော့ ရှောင်ပင်းဘက်က နေရာတစ်ခုလုံးကို ဘွတ်ကင်ပေးထားလေသည်။

ပါတီက ဧရာမကြီးဖြစ်ပြီး စုစုပေါင်း လူ ၅၀ ၊ ၆၀ ခန့်မျှ ရှိ၏။

ယနေ့ ပါတီပွဲက လင်းရီအတွက် အထူးပြင်ဆင်ပေးထားမှန်း သိတော့ လူတော်တော်များက သူ့ထံ လာ၍ တို့စ်လုပ်ကြပြီး သူနှင့် ရင်းနှီးကျွမ်းဝင်လိုကြသည်။

မည်သူ မည်ဝါဖြစ်သည်ကို ၎င်းတို့ မသိရှိသေးသော်လည်း တော်တန်ရုံမျှ မဟုတ်သည်ကတော့ လုံးဝ ကျိန်းသေသည်။ မဟုတ်ပါက ရှောင်ပင်းသည် သူ့အား ယခုလို နည်းလမ်းဖြင့် ပြုမူ ဆက်ဆံပေးလိမ့်မည် မဟုတ်ချေ။

သူ့ရှေ့ရှိ ဖြူဖွေးစင်းကော့နေသည့် ပေါင်တံလေးများအား ငေးရင်း လင်းရီ သက်ပြင်းချမိလိုက်သည်။

သူ့ကိုယ်သူ ရှေးတုန်းက မင်းဧကရာဇ်များနှင့် ထူးမခြားနား ခံစားလိုက်ရ၏။

“ အစ်ကိုရီ … ဘယ်လိုနေလဲ … ဒီကောင်မလေးတွေက မဆိုးဘူးမလား …”

အဖြူရောင် ခုံတန်းရှည်ပေါ်ထိုင်ရင်း ရှောင်ပင်းသည် နေကာ မျက်မှန်ကို ဝတ်ဆင်ထားကာ မီးခိုးရောင် ဘီကီနီနှင့် လှပသည့် ကိုယ်ခန္ဓာ အစိတ်အပိုင်းတို့အား လှစ်ဟာ ပြနေလျက်ရှိသည်။

“ အရည်အသွေးကတော့ မှီရုံလောက်ပဲ … ဒါနဲ့ သူတို့ထဲ ဘာလို့ အသက် သုံးဆယ်ကျော်တွေပါ ပါနေတာ … နည်းနည်း အသက်ကြီးနေပြီလို့ မထင်ဘူးလား …”

“ အသက်ကြီးတာက မကောင်းဘူးလား … ပိုပြီး ဆွဲဆောင်မှု ရှိတယ်လေ…”

လင်းရီ ရှောင်ပင်းအား တည့်တည့်ကြည့်လိုက်၏။ “ မင်းလည်း မိန်းကလေး ဖြစ်နေလို့သာပဲ … မဟုတ်ရင်တော့ ငါ တကယ်ရင်လေးမိတယ်…”

“ ကျွန်မလည်း အဲ့လိုထင်တယ်… အဲ့ဒီ ကောက်ကြောင်းလှလှနဲ့ မိန်းကလေးတွေကို မြင်နေရတာက လူကို တကယ်ပဲ စိတ်လှုပ်ရှားစေတယ်…” ရှောင်ပင်း သက်ပြင်းချလိုက်လေသည်။

“ ကျွန်မရဲ့ ရှင့်အပေါ် ခံစားချက်တွေကြောင့်သာ မဟုတ်ရင် ကျွန်မတော့ ကိုယ့်ရဲ့ လိင်စိတ်တိမ်းညွှတ်မှုကို သံသယ ဝင်မိမှာ အမှန်ပဲ…”

“ မင်း ငါ့ကို သတိပေးလိုက်တာပဲ … ဒီလောက် ကောင်းတဲ့ မြင်ကွင်းကို ကိုယ့်ဘော်ဒါရောင်းရင်းတွေနဲ့ မဝေမျှလို့ ဘယ်ဖြစ်မှာလည်း ဟုတ်တယ်မလား …”

ပြောပြီးသည်နှင့် လင်းရီသည် ဖုန်းထုတ်၍ ချင်းဟန်ထံ ဝီချက် ဗွီဒီယိုကော ခေါ်လိုက်သည်။

ခေတ္တကြာတော့ တစ်ဖက်က ဖုန်းဖြေလာသည်။

ချင်းဟန်ဘက်ခြမ်းတွင် အနည်းငယ် ဆူညံနေကြောင်းကို လင်းရီ သတိထားမိလိုက်သည်။ ငနဲသားက အရက်တမျှမျှနှင့် မျက်နှာကြီးက နီရဲလို့နေသည်။

အတွင်းပိုင်း အပြင်အဆင်က ဘာဘီကျူးဆိုင်ဟု ထင်ရ၏။

“ မင်းတို့ကောင်တွေ တော်တော်ပျော်နေတာပဲ …” လင်းရီ အပြုံးလေးဖြင့် လှမ်းပြောလိုက်သည်။

“ ဒီတိုင်းပါပဲ … ဒီတိုင်းပါပဲ…” ချင်းဟန် ကိုယ်ရည်သွေးစွာ ပြောလိုက်ပြီး “ ငါ စစချင်းတုန်းကတော့ မင်းကို ခေါ်မလို့လုပ်နေတာ .. ဒါပေမယ့် မင်းက တစ်နေ့ထက်တစ်နေ့ ဥက္ကဌကျီရဲ့ ထိန်းချုပ်မှုအောက် ရောက်လာနေပြီဆိုတော့ မင်းကို မခေါ်တော့ဘူးလို့ ဆုံးဖြတ်လိုက်တာ ..”

ပြောနေရင်း ချင်းဟန်သည် ကင်မရာကို လှည့်လိုက်ကာ လျန်ကျင်းမင်နှင့် ကောင်းကျုံးယွမ်တို့ကလည်း ကင်မရာ ဖရိန်အတွင်းသို့ ဝင်ရောက်လာသည်။

တစ်ချိန်တည်းတွင် အင်တာနက် ဆယ်လီ မိန်းကလေး ဆယ်ယောက်လောက်ခန့်က သူတို့အနားတွင် ဝန်းရံနေလျက် ရှိ၏။

“ မင်းတို့ကောင်တွေက သိပ်ပျော်နေကြတယ်ပေါ့ ..”

“ ငါတို့လည်း ဘယ်တတ်နိုင်မှာ … ဘဝက ပေးလာတော့လည်း လက်မခံချင်လည်း ခံရမှာပဲလေ…” လျန်ကျင်းမင် ပြောလိုက်ပြီး “ မင်းရဲ့ အစ်ကိုကြီးက လူမဆန်ဘူးလို့တော့ မပြောနဲ့ပေါ့ … ငါတို့က အိမ်ပြန်ပြီး ကိုယ့်ဇနီးရှေ့ ဒူးထောက်ရမှာကို ငဲ့ညှာထားလို့ ကိုယ့်ဘာကိုယ်ပဲ ပျော်ဖို့ ဆုံးဖြတ်လိုက်ကြတာ …”

လျန်ကျင်းမင်က ချင်းဟန်ထက်ပင် ပိုပြီး မြှောက်ကြွကြွ နိုင်နေတော့သည်။ ပြောရင်းဖြင့် သူ့ဘေးက အမျိုးသမီးကို နမ်းပြလိုက်သေး၏။

“ မင်းရဲ့ ဝံ့ကြွားနေတဲ့ သောက်ခွက်ကြီးကို ကြည့်စမ်း … သောက်ရှက်က တစ်စက်လေးမှကို မရှိတာ … နောင်ကျ တစ်ခုခု ကောင်းတာ ရှိလို့ကတော့ မင်းတို့ကောင်တွေ ပါခွင့်ရမယ့် မထင်နဲ့ …”

“ တော်စမ်းပါကွာ… အရင်က မင်းသာဆိုလို့ရှိရင် ငါတို့ ယုံရင် ယုံပေးလိုက်မယ်.. ခုတော့ မင်းက ဥက္ကဌကျီရဲ့ သိမ်းသွင်းမှုအောက် ရောက်သွားပြီဆိုတော့ ကြွားပြောနေတာတွေ တော်လိုက်တော့…”

“ မင်းတို့ကောင်တွေက ပြောလာပြီဆိုတော့လည်း ငါ အားမနာတော့ဘူးနော်…”

ပြောပြီးနောက် လင်းရီ တစ်ချက် လှမ်းအော်လိုက်၏။ “ ကောင်မလေးတွေ … ဒီလာပြီး နှုတ်ဆက်လိုက်ဦး …”

“ လာနေပြီ…”

တစ်ယောက်ပြီး တစ်ယောက် ၊ အင်တာနက် ဆယ်လီ မော်ဒယ်တို့မှာ ရေကူးဝတ်စုံများဖြင့် လင်းရီ၏ ကင်မရာ ဘောင်အတွင်းသို့ တိုးဝှေ့လာခဲ့ကြလေသည်။ အားလုံး၏ လှသွေးကြွယ်သည့် ခန္ဓာဖြင့် ဆွဲဆောင်မှု ရှိသည့် ကောက်ကြောင်းအလှတို့အား ပြသနေလျက် ရှိတော့သည်။

“ ငိုးတဲ့မှ …”

သုံးယောက်သားလုံး မတိုင်ပင်ထားဘဲ ပြိုင်တူ ကျိန်ဆဲလိုက်မိကြသည်။ “ မင်း တော်တော် ရွံဖို့ကောင်းတဲ့ကောင် … ကောင်းတာတွေ့ရင် ညီကိုကောင်းကိုကျ မေ့ထားတယ်ပေါ့ ဟုတ်လား …”

“ မင်းတို့ ဒါတော့ များသွားပြီ… ငါလည်း ခေါ်ချင်ပါတယ်ကွာ … ဒါပေမယ့် မင်းတို့လည်း မင်းတို့ အစီအစဉ်နဲ့ မင်းတို့ ရှိပြီးသားလို့ ဘယ်ထင်ထားမှာ … ငါလည်း အားနာပါတယ်လို့ ပြောရုံ တတ်နိုင်တော့တယ်…” လင်းရီ သက်ပြင်းချလိုက်လေသည်။

“ ကောင်မလေးတွေ အများကြီးကို တစ်ယောက်တည်း ဂရုစိုက်ရမှာ အရမ်း ဒုက္ခများလွန်းတယ်…”

“ ငိုးပဲ … ငါမင်းကို တိုင်ပြီ ကြည့်နေ…”

လင်းရီ ချင်းဟန်အား လျစ်လျူရှု၍ ဖုန်းချလိုက်လေသည်။

စိတ်ကြိုက် ကိုယ်ရည်သွေးပြီးနောက် ထွက်ပြေးရသည်ထက် စိတ်ကျေနပ်ဖို့ ကောင်းသည့်အရာ ရှိမည်မထင်ချေ။

“ ဘာလို့ ဖုန်းချလိုက်တာလဲ … ကျွန်မရဲ့ ကိုယ်လုံးကိုယ်ပေါက်ကိုလည်း ကြွားချင်တယ်လေ…” ရှောင်ပင်း ပြောလိုက်ပြီး “ မဟုတ်ရင် ဝတ်ထားတဲ့ ရေကူး ဝတ်စုံက အလဟဿ ဖြစ်သွားမှာပေါ့ …”

“ သူများတွေကို မေ့ထားလိုက် .. မင်းရဲ့ ဒီအချိုးအစားက ငါ့တစ်ယောက်တည်းအတွက် သိမ်းထားတာ ပိုကောင်းတာ … သူများတွေကို ပြရင် ဖြုန်းတီးရာကျတယ်…”

“ စောစောကတည်းက ပြောရောပေါ့ .. အဲ့လိုသာဆို ကျွန်မရဲ့ သီးသန့်ပုံတွေကို ရှင့်ဆီ ပို့ပေးလိုက်တယ်… ရှင့်ကို တစ်ညလုံး နိုးကြားနေစေမယ်လို့ အာမခံတယ်…”

“ အဲ့လိုလည်း ………….. ရတယ်လေ…..”

“ မစ်ရှောင် … ပြဿနာတော့ တက်ပြီ..”

လင်းရီ တစ်ခုခု ဆက်ပြောဖို့ ဟန်ပြင်နေတုန်းမှာပဲ ဝတ်စုံပြည့်နှင့် သက်လတ်ပိုင်း အမျိုးသားတစ်ဦးက အလောသုံးဆယ် အမူအရာနှင့် ပြေးလာသည်။

လင်းရီ ထိုသူ့ကို သိသည်။ သူက ဤဟိုတယ်၏ မန်နေဂျာပင်။ သူ ဤနေရာသို့ ရောက်လာစဉ်ကလည်း ထိုသူကပဲ လာကြိုခဲ့ခြင်း ဖြစ်၏။

“ ဘာဖြစ်တာလဲ … ထိန်းထိန်းသိမ်းသိမ်း ပြုမူစမ်း …”

“ အပြင်မှာ အဖြူရောင် Lexus တစ်စင်းက မိန်းကလေးတို့ကားမလား ..”

“ ငါ့ဟာပဲ .. ဘာလဲ ဖြစ်တာ…” လင်းရီ မတ်တပ်ရပ်ပြီး မေးလိုက်သည်။

“ ခုလေးတင် လူတစ်ချို့ ရုတ်တရက် ရောက်ချလာပြီး လူကြီးမင်းရဲ့ ကားကို တုတ်တွေနဲ့ ဖျက်စီးသွားတယ်… ကျွန်တော်တို့ရဲ့ လုံခြုံရေး အစောင့်တွေလည်း သူတို့နဲ့ အချင်းများပြီး အဲ့လူတွေ ရိုက်နှက်တာကို ခံလိုက်ရတယ်…”

ဟင် ….

လင်းရီနှင့် ရှောင်ပင်းတို့ တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်မိလိုက်ကြ၏။

ဤကိစ္စက အနည်းငယ် ပဟေဠိဆန်လွန်းသွားပြီ ဖြစ်၏။ လင်းရီက ကျိုးဟိုင်မှဖြစ်ပြီး ဤနေရာရှိ မည်သူနှင့်မျှလည်း မရင်းနှီးချေ။

တစ်ဖက်တွင် ရှောင်မိသားစုက ယွီဟန်၏ နံပါတ်တစ် မိသားစုကြီး ဖြစ်ပြီး မိမိတို့၏ နာမည်ကို ဖော်ပြလိုက်ရုံမျှနှင့် လူတော်တော်များကို ဘောင်းဘီထဲ ကျင်ငယ်ထွက်ကျစေရန် လုံလောက်သည်။ မည်သူကများ သူတို့၏ ကားကို ရိုက်ခွဲ ဖျက်စီးဝံ့သည်အထိ အတင့်ရဲနေပါသနည်း။

“ ထွက်သွားပြီး တစ်ချက်ကြည့်ကြည့်ရအောင် …”

နှစ်ယောက်သား အဝတ်အစားများကို ကမန်းကတမ်း ဝတ်၍ ဟိုတယ် အပြင်ဘက်သို့ ထွက်လာခဲ့ကြသည်။

အပြင်သို့ ရောက်သောအခါ တော်တော်လေး ရုန်းရင်းဆန်ခတ် ဖြစ်ပြီး နေရာတစ်ခုလုံးက ရှုပ်ပွနေသည်ကို သတိထားမိလိုက်လေသည်။

သူ၏ ကားမှာလည်း မမှတ်မိနိုင်လောက်သည်အထိကို ရိုက်နှက်ခံထားရကာ ဆက်လက်အသုံးပြုနိုင်ရန် မည်သို့မျှ မဖြစ်နိုင်တော့ချေ။

ဟိုတယ်၏ လုံခြုံရေး ဝန်ထမ်း တစ်ဒါဇင်ကျော်ကလည်း ရိုက်နှက်ခံထားရကာ ခေါင်းပေါက်သူပေါက်၊ သွေးထွက်သူ ထွက်နှင့် ဟိုတစ်စ၊ ဒီတစ်စ ပျံ့ကျဲလို့နေသည်။

ကံကောင်းစွာဖြင့် အသက်အန္တရာယ် ထိခိုက်စေသည်အထိတော့ ဟုတ်မနေခဲ့ချေ။

သူ့ကားဘေးတွင် လူဆယ်ယောက်ကျော် မတ်တပ်ရပ်နေသည်ကို မြင်တော့ လင်းရီ မျက်လုံး မှေးကျဉ်းသွားခဲ့၏။ သူတို့ တစ်ယောက်ကိုမှ လင်းရီ ရင်းနှီးမနေချေ။

သို့သော် ထိုအချိန်တွင် ရှောင်ပင်း၏ အသံက ထွက်ပေါ်လာခဲ့၏။

“ ချန်ရိ … နင် ဒါ ဘာ အဓိပ္ပာယ်လဲ…”

All Chapters