← Chapters

မင်းတို့ထဲက ဘယ်သူ ထပ်လာမလဲ

Vol. 107 Ch. 1604

မင်းတို့ထဲက ဘယ်သူ ထပ်လာမလဲ

Vol. 107 Ch. 1604

“ ဟင်…. ပင်းပင်း ….”

ရှောင်ပင်းကို ကြည့်ရင်း ချန်ရိ အံ့အားသင့်ဟန်ဆောင်၍ ပြောလိုက်၏။ “ မင်း ဘာလို့ ဒီမှာ ရှိနေတာ … သူငယ်ချင်းနဲ့ ထမင်းလာစားတာလား …”

“ ရူးသလိုလို လာလုပ်မနေနဲ့ … နင် ငါ့ သူငယ်ချင်းရဲ့ကားကို ဘာလို့ ဖျက်စီးလိုက်တာလဲ…”

“ မင်း သူငယ်ချင်းရဲ့ကား ….”

ချန်ရိ နောက်သို့ ခြေတစ်လှမ်းဆုတ်၍ လင်းရီ၏ ကားကို ကြည့်လိုက်မိသည်။

“ အာဟားဟား ကြည့်စမ်း … ငါတို့က သူများကို သင်ခန်းစာပေးချင်လို့ ဒီရောက်လာခဲ့တာ ကားမှားပြီး ဖျက်စီးလိုက်မိမယ်လို့ ထင်တောင် မထင်ထားဘူး … “

“ နင် တမင် တကာ ရည်ရွယ်ချက်ရှိရှိနဲ့ လုပ်နေတာပဲ …” ရှောင်ပင်း အေးစက်စွာ ပြောလိုက်ပြီး “ နင် ငါ့ကို လက်ခံနိုင်လောက်မယ့် ဖြေရှင်းချက် ပေးရင်ပေး … မဟုတ်ရင်တော့ ပြီးသွားလိမ့်မယ် မထင်နဲ့ ..”

“ ဒီတိုင်း ကားလေးတစ်စင်း မှားပြီး ဖျက်ဆီးမိတာလေးကိုကွာ .. ရေးကြီးခွင်ကျယ် လုပ်လို့ … ငါတို့ရဲ့ ရင်းနှီးပတ်သက်မှုနဲ့ လျော်ကြေးကိစ္စတွေ ပြောနေစရာ လိုသေးလို့လား …”

ချန်ရိ သူ၏ ဆေးလိပ်ကို မီးညှိလိုက်ရင်း လင်းရီအား ခပ်ထေ့ထေ့ ကြည့်လိုက်၏။

“ ပြီးတော့ ဒီကောင့်ပုံစံ ကြည့်ရတာလည်း လူကောင်း ဟုတ်မယ့်ပုံလည်း မပေါ်ဘူး … သူ ဒီကားကို ဘယ်ကနေဘယ်လို ရလာလဲ ဘယ်သူက သိမှာ .. ဒါပေမယ့် ယွီဟန်ရဲ့ လက်တလော ဘေးကင်းလုံခြုံရေးက သိပ်စိတ်ချရတာမဟုတ်တော့ မင်းသူ့ကို ကြိုပြီး သတိပေးထားပေါ့ … သူလည်း ပြဿနာ တက်ချင်မှာ မဟုတ်လောက်ဘူး …”

ပြောပြီးနောက် ချန်ရိသည် သူ၏ လက်ကို ဝှေ့ယမ်း၍ သူ့အနားရှိ လူများအား လှမ်းခေါ်လိုက်၏။

“ သွားစို့ … တစ်နေရာ သွားသောက်ကြစို့ …”

“ မင်းက ငါ့ကားကို ဖျက်ဆီးပြီး အေးအေးလူလူနဲ့ ထွက်သွားချင်နေတယ်ပေါ့ …”

ချန်ရိနှင့် ကျန်သူများ လျှောက်နေရင်းတန်းလန်း ရပ်တန့်သွားခဲ့ကြသည်။ သူတို့ တွေးထင်ထားခဲ့သည်မှာ ရှောင်ပင်းက ဤလူအတွက် ရှေ့ကနေ ရပ်တည်ပေးလာလိမ့်မည် ဟူ၍ပင်။ သို့သော် ထင်မှတ်မထားစွာဖြင့် သကောင့်သားက သူ့ဘာသူ အသံထွက်လာသည်။

ဤ ခပ်ချောချောနှင့် ကောင်လေးက သတ္တိတော့ တော်တော်ကောင်းသည်ဟူ၍ ပြောရလိမ့်မည်။

“ မင်း ငါတို့ကို ပြောနေတာ သေချာလား …”

လက်ပါးစေ ၊ လီမင်မှ လျှောက်လာပြီး ပြောလိုက်၏။ “ အစ်မပင်းက မင်းအနားမှာ ရှိတယ်ဆိုတာနဲ့ပဲ မင်းကိုယ်မင်း အားကိုး ရှိပြီ ထင်နေတယ်ပေါ့ … ငါတို့ရှေ့မှာ မင်းစိတ်ကြိုက် လုပ်လို့ရပြီ ဆိုပြီး အထင်ရောက်နေတာပေါ့ …”

“ မင်းတို့ ဘာကိစ္စနဲ့ ဒီလိုတွေ လုပ်လဲ ငါ မသိဘူး … ဒါပေမယ့် ငါ ယွီဟန်ကို လာတယ်ဆိုတာ ပြဿနာ တက်ဖို့ မဟုတ်ဘူး … မင်းတို့ ငါ့ကို ထိုက်သင့်တဲ့ ငွေကြေး ပြန်လျော်ပေးရန် ဒီကိစ္စ မေ့ပေးလိုက်မယ်… ဒါပေမယ့် မလျော်ပေးဘူးဆိုလို့ကတော့ ငါတို့ စကားကောင်းကောင်း ပြောကြတာပေါ့ …”

“ စကားကောင်းကောင်းပြောမယ်….. “ လီမင် အလွန်အမင်း ချဲ့ကားသည့် အမူအရာဖြင့် ဖြစ်သွားခဲ့ပြီး “ အိုက်ယိုးဝေး ... မင်းက ငါတို့နဲ့ ဘယ်လို စကားကောင်းကောင်း ပြောချင်တာ… ရဲစခန်း သွားပြီးတော့လား … ဟားဟား … လာ လာ ရော့ … ဒီမှာဖုန်း … ငါမင်းဖို့ နံပါတ်ပါ ရိုက်ပေးလိုက်ဦးမယ်…”

ချန်ရိနှင့် သူ့နားဝန်းကျင်ရှိ လူများအားလုံး ကျယ်လောင်စွာ ဟားတိုက်ရယ်မောလိုက်ကြ၏။

အပျော်လင်လေး တစ်ယောက်က သူတို့အား ခြိမ်းခြောက်စကား လာဆိုနေသည်လော။

သူတို့နဲ့ ရင်ဆိုင်လိုက်သည်နှင့် တစ်ဖက်သူသည် သူ မည်မျှ သန်မာအားကောင်းကြောင်းကို ချက်ချင်း သိရှိသွားပေလိမ့်မည်။

ထိုစဉ် ရှောင်ပင်းမှာတော့ စကားတစ်ခွန်းမျှ ဝင်ပြောခြင်း မရှိဘဲ နှုတ်ဆိတ်လျက်သာ ရှိနေသည်။

ဤ ငနုံတစ်သိုက်က ကိုယ့်သေတွင်းကိုယ် တကူးတက လာတူးနေကြခြင်း ဖြစ်၏။ ကိုယ်ပြုသည့် ကံကြောင့် ဖြစ်ပေါ်လာသည့် ကံကြမ္မာအပေါ် တပါးသူအား အပြစ်ပုံချ၍ မဖြစ်ပေ။

“ မင်းတို့ ပုံစံ ကြည့်ရသလောက်တော့ တမင်တကာ ရည်ရွယ်ချက်ရှိရှိ ပြဿနာ လာရှာနေတဲ့ပုံပါလား ..” လင်းရီ ခပ်အေးအေး ပြောလိုက်၏။

“ မင်းကြည့် … ဒါ မင်းရဲ့ အမှားပဲ … ငါတို့က မင်းကို ရည်ရွယ်ချက် ရှိရှိ ပစ်မှတ်ထားနေတာ မဟုတ်ဘူး … ငါတို့က ဒီတိုင်းလေး ကားမှားပြီး ဖျက်စီးမိရုံ ရှိတာ … ဒါကို ရည်ရွယ်ချက်ရှိရှိ ပြဿနာ ရှာတယ်ဆိုပြီး ဘယ်လိုတောင် ခေါင်းစဉ်တပ်နိုင်ရတာ ….” လီမင် ပြောလိုက်ပြီး “ ဒါပေမယ့် …. ငါတို့ကရော မင်းကို ဘာလို့ သောက်လုပ်ရှုပ်ခံပြီး အဲ့ဒီ အကြောင်းတွေ ရှင်းပြနေရမှာ … မင်းဘာမင်း ထင်ချင်သလိုသာထင် … ဒါပေမယ့် ကိုယ့်နေရာကိုယ်သိရင်တော့ အကောင်းဆုံးပေါ့ … အစ်မပင်းတောင် ဘာမှ မပြောတာ မင်းလည်း ဒီနေရာမှာ ဘာစကားမှ ပြောပိုင်ခွင့် မရှိဘူးဆိုတာ သိသင့်ရောပေါ့ … ပြဿနာ မရှာချင်နဲ့ …”

လင်းရီ ပြုံးလိုက်သည်။ “ ငါလည်း ဒါက ဘာအဓိပ္ပာယ်လဲဆိုတာတော့ သိချင်မိသား ….”

“ မင်း ဦးနှောက်က တစ်ခန်းလွတ်နေတာလားကွ… ပေါ်တင်ကြီး ထုတ်ပြောစရာ လိုနေသေးလို့လား …” လီမင် အလွန်အမင်း ချဲ့ကားသည့် အမူအရာဖြင့် ပြောလိုက်ပြီး “ ဟိုကတောင် ဘာမှ ဝင်မပြောရဲတာ မင်းက ကိုယ့်ကိုယ်ကို ဟုတ်လှပြီ ထင်နေတယ်ပေါ့ … မင်း နည်းနည်း . . . . .. .. . “

ဖြောင်း …

လီမင် စကားမဆုံးခင်မှာပဲ လင်းရီ သူ့အား ပါးဖြတ်ရိုက်သည်။

ဤ လက်ဝါးတစ်ချက်ဖြင့် တစ်ကမ္ဘာလုံး ဆိတ်သုဉ်းသွားသကဲ့သို့ …

ရှောင်ပင်းမှတပါး ကျန်သည့်မည်သူကမျှ လင်းရီသည် လူရှေ့သူရှေ့ လီမင်အား ပါးဖြတ်ရိုက်လိမ့်မည်လို့ မျှော်လင့်မထားခဲ့ကြချေ။

သူ သေချင်နေတာလား ….

“ မင်း စောက်ရမ်း သတ္တိတွေ ကောင်းနေတယ်ပေါ့ … ငါ့ကိုတောင် ရိုက်ဝံ့နေတယ်… ငါမင်းကို သတ်မယ်….”

လီမင် ဒေါသ ထောင်းခနဲ ဖြစ်သွားခဲ့၏။

သူ ဆက်လက် သည်းမခံနိုင်တော့ချေ။

သူက အောက်ဆုံးအဆင့်တွင် ရှိနေသော်လည်း E အဆင့် ဖြစ်နေဆဲပင်။

သို့တိုင် အမှိုက်လို အပျော်လင်ကောင်၏ ပါးဖြတ်ရိုက်သည်ကို ခံလိုက်ရသည်တဲ့လော။

သူ့အား ပြောင်ပြောင်တင်းတင်း အရှက်ခွဲလိုက်ခြင်းပင်။

“ မင်းကို နုပ်နုပ်စင်းပစ်မယ်..”

ဒေါသတကြီး ကျိန်ဆဲရင်း လီမင် သူ၏ လက်သီးကို လင်းရီထံသို့ တိုးဝှေ့လာသည်။

ခွန်အားကို ထိန်းချုပ်ရန် ရည်ရွယ်ချက်လည်း မရှိချေ။

ဖတ် …

ခပ်အုပ်အုပ် အသံနှင့်အတူ လီမင်၏ လက်သီးသည် လေထဲတွင် အေးခဲသွားခဲ့၏။

အံ့အားသင့်ဖို့ကောင်းလောက်အောင် အပျော်လင်ကောင်က သူ့လက်သီးအား ဆုပ်ဖမ်းထားသည်ကို မြင်တွေ့လိုက်ရလေသည်။

“ ဒါ … မဖြစ်နိုင်ဘူး …”

လီမင်နှင့် အပေါင်းအပါတစ်သိုက်တို့ ပြိုင်တူ မြည်တမ်းမိလိုက်ကြ၏။

မည်သို့ပင်ဖြစ်စေ လီမင်၏ စံချိန်စံနှုန်းက E အဆင့်သို့ ရောက်ရှိထားပြီး ဖြစ်၏။

သူ၏ တိုက်ပွဲဝင်အဆင့်က အထူးတပ်ဖွဲ့ဝင်များထက်ပင် သာလွန်နေသည်ဖြစ်ရာ ခပ်နုနု အပျော်လင်ကောင်က ထိုလက်သီးအား ဟန့်တားနိုင်သည်ဆိုသည်မှာ မည်သို့ ဖြစ်နိုင်မည်နည်း။

ယုတ္တိ မတန်လှချေ။

ငိုးပဲ ..

လီမင်သည် လင်းရီ၏ ဖမ်းဆုပ်ထားမှုအောက်မှ လွတ်မြောက်ရန် ရုန်းကန်လိုက်သည်။ သို့သော် သူ့ဘက်က ကူကယ်ရာမဲ့နေသည်ကို လျင်မြန်စွာနှင့် တွေ့ရှိသွားခဲ့လေသည်။

ပလာယာ တစ်စုံဖြင့် ညှပ်ခံထားရသကဲ့သို့ မည်သို့မျှ လှုပ်ရှားနိုင်ခြင်း မရှိချေ။

“ မင်းရဲ့ အဆင့်နဲ့များ …. ငါ့ကို လာပြီး စိန်ခေါ်ချင်နေသေးတယ်…”

ဝှစ်….

လင်းရီ လီမင်အား စကားပြောရန် အခွင့်အ‌ရေးမပေးဘဲ ဝမ်းဗိုက်ကို အလွင့်ကန်ကျောက်လိုက်သည်။

ဖလူး …..

ဧရာမ သွေးတစ်လုပ်က အပြင်သို့ ပန်းထွက်လာပြီး လီမင်၏ အတွင်းအင်္ဂါအစိတ်အပိုင်းတို့ ဗြောင်းဆန်ကုန်သည်။ မြေပြင်တွင် ဒူးထောက်လျက်သား ဖြစ်သွားခဲ့ပြီး ပြန် မထနိုင်တော့ချေ။

“ ဆက်လုပ်လေ … မင်း ငါနဲ့ ဘယ်လိုရှင်းမလဲ ဆိုတာ ကြည့်ကြတာပေါ့ …”

ဝှစ် ….

နောက်ထပ် ခြေကန်ချက်တစ်ခုက သူ၏ ရင်ဘက်ပေါ်သို့ ထောင့်အနားကျကျ ဆင်းသက်လာခဲ့ပြီး …

လီမင်၏ မျက်ဝန်းတို့ ပြူးကျယ်သွားခဲ့ကာ ချက်ချင်း အေးခဲသွားခဲ့တော့သည်။

သို့သော် စက္ကန့်အနည်းငယ်ကြာပြီးနောက် ချက်ချင်း သတိလစ်သွားခဲ့တော့၏။

လီမင်၏ သနားစဖွယ် အခြေအနေကို မြင်တော့ ချန်ရိနှင့် ကျန်သူများအားလုံး ကြက်သေသေကုန်ကြလေသည်။

လင်းရီသည် ဤမျှ မဆင်မခြင် နိုင်လိမ့်မည်လို့ မည်သူကမျှ ထင်မှတ်မထားခဲ့ကြချေ။

သူက လီမင်ကို လူလိုသူလိုပင် မဆက်ဆံပေ။

ဒုတိယအနေဖြင့် သူက လီမင်အား လွယ်လင့်တကူ အနိုင်ယူသွားခဲ့၏။ ဤသည်က သူသည်လည်း တန်းထျန်ထဲက အတွင်းအားထုတ်သည့် နည်းလမ်းကို တတ်ကျွမ်းထားသည်ဟူ၍ပင်။

ထိုအပျော်လင်ရုပ်နှင့်ကောင်ကလေး သာမန်ညောင်ည လူတော့ ဖြစ်ဟန်မတူပေ။

ထိုအကြောင်း စဉ်းစားမိတော့ ချန်ရိ သူ၏ မျက်လုံးများ မှေးကျဉ်းလိုက်မိပြီး အေးစက်စက် ဆိုလိုက်သည်။

“ တကယ်ကို ထင်မထားမိဘူး … မင်းလည်း ငါတို့လို လူစားမျိုး ဖြစ်နေလိမ့်မယ်လို့ … “

“ မင်းတို့ကိုယ် မင်းတို့ အထင်ကြီးမနေနဲ့ … မင်းတို့လို အမှိုက်တွေနဲ့ ဆက်နွယ်စရာ ဘာအကြောင်းမှ မရှိတာ …”

“ မင်းကများ …… “

ချန်ရိ အနီးတစ်ဝိုက်ရှိ လူများအားလုံး ယမ်းပုံမီးကျ ဖြစ်ကုန်ကြပြီး အကုန်လုံး ရှေ့သို့ ပြေးတက်လာကြတော့သည်။

“ တော်စမ်း …”

ရှောင်ပင်း အေးစက်စွာ နှာမှုတ်၍ “ နင်တို့ ထွက်သွားကြရင် ကောင်းမယ်… နောက်ထပ် ခြေတစ်လှမ်း လှမ်းရဲလို့ကတော့ အကျိုးဆက်တွေကို ရင်ဆိုင်ဖို့ အသင့်ပြင်ထားလိုက် …”

“ ဟီးဟီး … ဘာလို့လဲ….. ကြောက်သွားတာလား …”

ချန်ရိ နှာမှုတ်လိုက်ပြီး “ စစချင်းတုန်းကတော့ ငါလည်း သူ့ကို ဗွေမယူလိုပါဘူး … ဒါပေမယ့် သူက လီမင်ကို ရိုက်နှက်ခဲ့တယ်ဆိုတော့လည်း ငါ့ကို အားမနာဘူးလို့ အပြစ်မတင်နဲ့ပေါ့ …. ဘာပဲဆိုဆို လီမင်က ငါ့လူပဲ … သူ့ဘက်ကနေ ရပ်တည်ပေးရလိမ့်မယ်…”

“ ဒါဆိုလည်း နင့်ဘက်က အကျိုးဆက်တွေကို လက်ခံဖို့ ပြင်ဆင်ထားလိုက် …”

“ ငါ့ကို ကြောက်အောင် လာခြောက်မနေနဲ့ … မင်းတို့ရှောင်မိသားစုက ယွီဟန်ရဲ့ နံပါတ်တစ် မိသားစုဆိုတာ ငါသိပြီးသား … ဒါပေမယ့် မင်းတို့ရဲ့ အဆင့်အတန်းက ငါ့အပေါ် အကျိုးသက်ရောက်မှု မရှိဘူး .. ငါတို့လို လူတွေအတွက်ကျ ခွန်အားကသာ အရာရာပဲ …”

ပြောရင်းဖြင့် သူ၏ အကြည့်က လင်းရီထံသို့ ကျရောက်သွားခဲ့သည်။

“ အခု ဒီလိုတွေ ဖြစ်ပျက်လာနေပြီ ဆိုမှတော့ ငါတို့လည်း အတည်လုပ်ရတော့မှာပေါ့ … တက်ကြ…”

ချန်ရိ၏ အမိန့်ပေးသံဖြင့် အနီးတစ်ဝိုက်ရှိ ဒါဇင်ခန့်သော လူတို့မှာ သူတို့တွင် ပါလာသည့် လက်နက်များဖြင့် လင်းရီထံသို့ ပြေးဝင်လာခဲ့ကြသည်။

“ ဘာမှမသိတဲ့ အရူးတွေ…”

အေးစက်စွာ ရေရွတ်ရင်း လင်းရီ သူ၏ ခါးမှ ဓားမြောင်ကို ထုတ်၍ ရှေ့ဆုံးတွင်ရှိ လူ၏ ကော်လံကို လှမ်းဆွဲလိုက်သည်။

ဓားက ၎င်း၏ ဗိုက်အောက်ပိုင်းသို့ ချိန်ရွယ်ထားပြီး

တည့်မတ်စွာ ထိုးဖောက်ဝင်ရောက်သွားခဲ့လေသည်။

“ အားးးးး ……”

လူတိုင်း ထိတ်လန့်တကြား အော်ဟစ်သံကို ရှင်းလင်းစွာ ကြားလိုက်ကြရ၏။

ရှေ့ဆုံးတွင် ရှိနေသည့်လူမှာ သူ၏ အနာကို ကိုင်ရင်း မြေပြင်သို့ လေလျော့သွားသည့် ပူဖောင်းနှယ် ပုံလျက်သား လဲကျသွားခဲ့သည်။ သူ၏ ခွန်အားများအားလုံး ယုတ်လျော့သွားခဲ့ပြီး မြေပြင်တွင် မျက်လုံးကြီး ပြူးလျက် ရှိနေသည်။

လင်းရီ၏ အဆင်ခြင် မဲ့သည့် လုပ်ရပ်က ချန်ရိနှင့် ကျန်သူများအား တဖန် ရှော့ခ်ရသွားစေခဲ့သည်။

ဤတစ်ကြိမ်တွင်တော့ မည်သူကမျှ ဆက်ပြီး မလှုပ်ရှားဝံ့ကြ‌တော့ချေ။

သူတို့အားလုံး နေရာတွင် သစ်ငုတ်တိုကြီးများကဲ့သို့ မလှုပ်မယှက် ရပ်နေကြပြီး အခက်မသင့်ဘူးဆိုပါက မြေပြင်တွင် လဲနေရမည့်လူမှာ သူတို့ ဖြစ်သွားနိုင်လေသည်။

လင်းရီ ခါးကိုင်း၍ သွေးစက်များကို လီမင်၏ အင်္ကျီစဖြင့် သုတ်ကာ ဆက်ပြောလိုက်၏။ “ ကဲ ဘယ်သူ ထပ်လာဦးမလဲ …”

All Chapters