← Chapters

သူ စိတ်ကောင်းဝင်နေတာ မင်းကံကောင်းသွားတယ်

Vol. 107 Ch. 1605

သူ စိတ်ကောင်းဝင်နေတာ မင်းကံကောင်းသွားတယ်

Vol. 107 Ch. 1605

သွေးပျက်ဖွယ် မြင်ကွင်းနှင့် ရင်ဆိုင်လိုက်ရသည်တွင် ၎င်းတို့ မထိတ်လန့်မိဘူးဆိုပါက မုသားဆိုရာ ကျပေလိမ့်မည်။

ထို့ပြင် ဤသည်က တော်တော် လေးနက် ပြင်းထန်သည့် ပြဿနာ တစ်ရပ် ဖြစ်နေပြီ ဖြစ်ကြောင်းကို သတိပြုမိလာခဲ့ကြသည်။

သူတို့ရှေ့ရှိ လူက သူတို့ထင်ထားသည်ထက် သန်မာသည်။

တစ်ယောက်ချင်း တိုက်ခိုက်သည်ကို မဆိုထားနှင့် သူတို့အားလုံး ပူးပေါင်းတိုက်ခိုက်လျှင်ပင် ထိုလူ၏ ဘက်လူ မဖြစ်နိုင်လောက်ချေ။

လင်းရီက D အဆင့် ဖြစ်လိမ့်မည်ဟု လူတိုင်း အာရုံရသွားခဲ့ကြသည်။ လက်ရှိ သူတို့ ရှိနေသည့် လူအင်အားဖြင့် လင်းရီအား ကိုင်တွယ်ဖြေရှင်းဖို့ဆိုသည်မှာ အိပ်မက်မက်နေရုံမျှ ဖြစ်၏။

“ မင်းတို့အားလုံး နောက်ဆုတ်ကြစမ်း …”

ချန်ရိ သူ့လူများအား မလိုအပ်သည့် စတေးမှုတို့ ထပ်မလုပ်စေချင်ပေ။ သူ လင်းရီကို စူးစိုက်ကြည့်ရင်း ဖြည်းညင်းစွာ လမ်းလျှောက်လာကာ သုံးမီတာ အကွာတွင် ရပ်တန့်လိုက်၏။

“ ငါမင်းကို တကယ် အထင်သေးနေမိခဲ့တာပဲ …” ချန်ရိ လင်းရီကို အစုန်အဆန် အကဲခတ်လိုက်ရင်း “ လူကို ဒီအခြေအနေထိရောက်အောင် လုပ်ဖို့ဆို မင်းက D အဆင့် ရောက်ပြီးသား လူပဲ ဖြစ်ရမယ် … ငါပြောတာ မှန်တယ်ဟုတ်…”

“ တော်တယ်…”

လင်းရီ၏ အဆင့်ကို သိရှိသွားပြီးနောက် ချန်ရိ ပို၍ပင် ယုံကြည်ချက်တို့ ပြည့်နှက်လာခဲ့သည်။

သူသည်လည်း D အဆင့်ပင်။ သူတို့ချင်းက အဆင့်တူချင်း ဖြစ်သည်ဆိုပေမယ့် သူတို့၏ ပါရမီအရည်အချင်းနှင့် လေ့ကျင့်သည့် အချိန်တို့က တူညီလိမ့်မည် မဟုတ်ပေ။ သူ့ရှေ့ရှိ လူအား သင်ခန်းစာပေးရန်က သူ့အတွက် ပြဿနာ ရှိမည်လို့ မထင်ပေ။

“ ငါ့ညီကို နှစ်ယောက်က မင်း အနိုင်ကျင့်တာ ခံလိုက်ရတယ်ဆိုတော့ မင်း ငါ့ကို ဖြေရှင်းချက် တစ်ခု ပေးသင့်တယ်လို့ မထင်ဘူးလား …”

“ အစ်ကိုရိ… ငါတို့ သူ့ကို ဒီ‌နေ့ လွှတ်ပေးလိုက်လို့ မဖြစ်ဘူး … တန်ရာတန်ကြေး ပြန်ပေးဆပ်ခိုင်းရမယ်…”

ချန်ရိအားကိုးရှိသည်နှင့် ဒါဇင်ခန့် ရှိသော လူတို့မှာ လင်းရီအား မကြောက်ရွံ့ကြတော့ချေ။

သူတို့အားလုံး ချန်ရိ အားကိုး ပုဆိန်ရိုးလုပ်၍ လင်းရီထံသို့ လက်ညိုးထိုးကာ မောက်မောက်မာမာ စကားဆိုလာခဲ့ကြသည်။

အစ်ကိုရိက သူတို့၏ နည်းပြဖြစ်၏။ သူ၏ အဆင့်ကလည်း အလွန်မြင့်ပြီး တိုက်ခိုက်ရေး နည်းပရိယာယ်ကလည်း ကြွယ်ဝလေသည်။

ယွီဟန့်တစ်မြို့လုံးတွင် ဝေ့မိသားစု၏ သားအကြီးဆုံးကသာလျှင် အစ်ကိုရိနှင့် လက်ရည်တူ ရင်ဆိုင်နိုင်သည်။

အစ်ကိုရိက D အဆင့်၌ ပြိုင်ဘက်ကင်းသည်ဟူ၍ပင် ပြော၍ရ၏။ ဤငနဲသားအား ရှိန်နေစရာ အကြောင်းမရှိချေ။

“ ဖြစ်နိုင်မယ်လို့ မင်းထင်လား …” လင်းရီ ပြုံးတုံ့တုံ့ တုံ့ပြန်လိုက်ကာ ချန်ရိအား လေးလေးနက်နက်ပင် မထားချေ။

“ မင်းက ဒီလောက် အရှက်မဲ့နေမှတော့ ငါလည်း တောင်းပန်ရုံပဲ တတ်နိုင်တော့တယ်… မင်း ဒီနေ့ ယွီဟန်ကနေ ထွက်သွားနိုင်မှာ မဟုတ်ဘူး …”

သူ့စကားဆုံးသည်နှင့် ချန်ရိ၏ လက်သီးက လင်းရီထံသို့ ပျံသန်းရောက်ရှိလာသည်။

လူတိုင်းက မျက်နှာထက်တွင် အေးစက်စက်ပြုံးရင်း လင်းရီကို မိန့်မိန့်ကြီး ကြည့်နေကြသည်။

သူတို့အားလုံး လင်းရီ မြေပြင်တွင် ဒူးထောက်၍ အသနားခံ တောင်းဆိုနေသည်ကို မြင်နေရသကဲ့သို့ပင်။

ရုတ်ချည်းဆိုသလို သူတို့တွေ အော်ညည်းသံ တစ်သံကို ကြားလိုက်ကြရ၏။

သူတို့အား အံ့အားသင့်သွားစေသည်မှာ ထိုလူက သူတို့၏ အစ်ကိုရိကို ကန်ကျောက်လိုက်ခြင်း ဖြစ်၏။

ထိုအခိုက်အတန့်တွင် လင်းရီ၏ တိုက်ခိုက်မှုက ချန်ရိ၏ ခန္ဓာကိုယ်ကို ချေမွပစ်တော့မည့် ပေါင်တူကြီး တစ်ခုကဲ့သို့ပင်။

ချန်ရိမှာ တုံ့ပြန်ဖို့ အချိန်ပင် မရလိုက်ချေ။

အကယ်၍ နောက်ဘက်တွင် တစ်စုံတစ်ယောက်ကသာ ဖမ်းမထားပေးခဲ့ဘူးဆိုပါက မြေပြင်သို့ ခွေးကျ ဝက်ကျ ပြုတ်ကျသွားနိုင်လေသည်။

အဟွတ် အဟွတ် အဟွတ်….

ချန်ရိ ရင်ဘက်အား ဖိနှိပ်၍ ပြင်းပြင်းထန်ထန် ချောင်းဆိုးတော့သည်။ သူ့ရင်ဘက်ရှိ အဝတ်အစားတို့ပင် သွေးတို့ ချင်းချင်းရဲနေလေသည်။

ထိုမြင်ကွင်းကိုမြင်တော့ လူတိုင်း ကတုန်ကယင် ဖြစ်ကုန်ကြသည်။

သူတို့ စိတ်ထဲ ယွီဟန်တစ်မြို့လုံးတွင် ပြိုင်ဘက်ကင်းသည့် အစ်ကိုရိက ယခုလို တစ်ကွက်တည်းဖြင့် အမှောက်သိပ်ခံလိုက်ရလိမ့်မည်လို့ မည်သူကမျှ မျှော်လင့်မထားခဲ့ကြချေ။

ချန်ရိ၏ မျက်ဝန်းထဲတွင် ကြောက်ရွံ့မှုတို့ ပြည့်နှက်နေသည်။ သူ လင်းရီကို ကြည့်သည့် အကြည့်တို့ထဲတွင် ယခင်ကလို မောက်မာစီးပိုးမှုတို့ မရှိတော့ချေ။

တစ်လှမ်းချင်း တစ်လှမ်း … လင်းရီ ဖြည်းညင်းစွာဖြင့် ချန်ရိထံ လျှောက်လှမ်းလာခဲ့၏။

သူ့နောက်တွင် ရှိနေသည့် လူအားလုံး လင်းရီ၏ အရှိန်အဝါကြောင့် နောက်သို့ အလိုအလျောက် ဆုတ်မိကုန်ကြသည်။ မည်သူကမျှ ချန်ရိရှေ့တွင် ရပ်တည်၍ မကာကွယ်ပေးဝံ့ကြချေ။

ချန်ရိရှေ့တွင် ရပ်နေရင်း လင်းရီ တစ်ဖက်သူအား အထက်စီးမှ ငုံ့ကြည့်လိုက်၏။

“ မင်း ဘာလို့ ငါ့ကို အကြောင်းမရှိဘဲ လာရန်စနေရတာ … ငါတို့ကြားမှာ ရန်ငြိုးရန်စ ရှိဖူးလို့လား … ဘာလို့လဲ…”

“ ငါက မင်း ပြိုင်ဘက် မဟုတ်ဘူးဆိုတာ ဝန်ခံတယ်… ရှုံးနိမ့်တာကိုလည်း ငါဝန်ခံတယ်… ဒီနေ့ကိစ္စ ဒီမှာတင်ပဲ ရပ်လိုက်မယ်….. အဟွတ် အဟွတ် အဟွတ်…….”

ချန်ရိ ပြင်းပြင်းထန်ထန် ချောင်းဆိုးလာပြီး သူ၏ မျက်ဝန်းတို့ထဲ ကြမ်းတမ်းရိပ်တို့ ဖုံးလွှမ်းနေသည်။

“ မဟုတ်လို့ကတော့ ငါမင်းကို ယွီဟန်ကနေ ခြေတစ်လှမ်းလှမ်းခွင့် ပြုမှာ မဟုတ်ဘူး …”

“ ငါ မင်းအကြောင်း နည်းနည်း သိတယ်… မင်းက လုံတင်း လုံခြုံရေး ကုမ္ပဏီက ဟုတ်တယ်ဟုတ်…”

“ ဟုတ်တယ်… အဲ့တာ ငါ့မိသားစုရဲ့ ကုမ္ပဏီ …”

လင်းရီ ဤ အကြောင်းအရာတို့အား သိနေသည့်အတွက် ချန်ရိ အံ့အားသင့်သွားခဲ့ခြင်း မရှိချေ။

ရှောင်ပင်း ပြောပြထားသည်ပဲ ဖြစ်ရပေမည်။

“ မင်းသိဖို့လိုတဲ့ တချို့ ကိစ္စလေးတွေ ရှိတယ်… ရှောင်မိသားစုက ယွီဟန်ရဲ့ နံပါတ်တစ် မိသားစု ဆိုရင်တောင် အဲ့တာက အပေါ်ယံမှာပဲ … စစ်မှန်တဲ့ ခွန်အားအရာမှာဆိုရင် ငါတို့က သူတို့ ဘယ်သူ့အောက်မှ နိမ့်ကျမနေဘူး …”

ချန်ရိ လိမ်ညာ ပြောဆိုနေခြင်း မဟုတ်ပေ။ နံပါတ်တစ် မိသားစုဟူသည့် ဂုဏ်ပုဒ်က ချမ်းသာကြွယ်ဝမှု စုဆောင်းသည့်အရာထက် ပိုပါသည်။

ရှောင်ပင်း ကျုံးဝေ့တပ်ဖွဲ့ထဲ ဝင်လာရသည့် အကြောင်းပြချက်ကလည်း သူမ မိသားစု၏ အဆင့်အတန်း အုတ်မြစ်ကို ခိုင်မာစေရန်နှင့် အကျိုးကျေးဇူးတို့ ပိုမို ရရှိရန်ပင်။

သို့သော် ပိုက်ဆံမှတပါး ရှောင်မိသားစုသည် အခြား ကဏ္ဍများ၌ ချန်မိသားစုလောက် ကောင်းမွန်နေခြင်း မရှိချေ။

“ အဲ့တော့ … မင်းပြောချင်နေတာက …..” လင်းရီ ချန်ရိအား ကြည့်လိုက်ပြီး “ ဒါနဲ့ပဲ မင်း ငါ့ကို ခြိမ်းခြောက်နိုင်ပြီလို့ ထင်နေလား …”

“ မင်း မိမိုက်ချင်ယောင် ဆောင်စရာ မလိုပါဘူး … အကုန်လုံးက အရွယ်ရောက်ပြီးသား လူတွေချင်း ကောင်းကျိုးဆိုးပြစ်တွေကို ဘယ်လို ချင်တွယ်ရမလဲဆိုတာ ငါတို့သိပြီးသားပါ…” ချန်ရိ နှာမှုတ်လိုက်၏။

“ ငါ့ဘက်က မင်းသိသင့်တာတွေ ပြောပြပေးပြီးပြီ… မင်း ဘာလုပ်သင့်လဲဆိုတာတော့ ကောင်းကောင်းသိမှာပါ .. ငါမင်းနဲ့ အရေးမပါတာတွေ ဆက်မပြောချင်ဘူး ….”

ဝှစ် ….

လင်းရီ၏ ခြေကန်ချက်က ချန်ရိ၏ မျက်နှာပေါ်သို့ ထောင့်အနားကျကျ ဆင်းသက်လာသည်။

ဧရာမ တွန်းအားကြီး၏ အောက်တွင် ချန်ရိ၏ ခန္ဓာကိုယ်သည် ခုခံတွန်းလှန်နိုင်ခြင်း မရှိဘဲ ဘေးသို့ လွင့်ပျံသွားခဲ့တော့၏။

သို့သော် ဤတစ်ကြိမ်တွင်တော့ မည်သူကမျှ သူ့အား ဖမ်းပေးထားခြင်း မရှိတော့ချေ။ မြေပြင်သို့ ခွေးကျ ဝက်ကျ ပြုတ်ကျသွားခဲ့ကာ အရိုးအသားတို့ ကျိုးကြေသွားသည့်နှယ် ခံစားလိုက်ရသည်။

လင်းရီ သူ့အနားသို့ လျှောက်လှမ်းလာပြီး ချန်ရိ၏ ကော်လံအား ဆွဲလိုက်သည်။

“ မင်း ခုနက ပြောခဲ့တာ‌တွေ ထပ်ပြောစမ်း …”

ယခင်ကနှင့် နှိုင်းယှဉ်မည်ဆိုပါက ချန်ရိ၏ သဘောထားမှာ သိသိသာသာကြီး ပြောင်းလဲသွားခဲ့တော့သည်။ သူ၏ မောက်မာတင်စီးမှုတို့ ပျောက်ရှကုန်ကာ ကြောက်ရွံ့မှုဖြင့် အစားထိုးလာခဲ့၏။

“ ငါ … ငါမှားသွားပါတယ်… ငါ့အမှားပါ … ငါ့ကို ပြန်လွှတ်ပေးပါ …”

“ ဒီလိုဖြစ်မယ်မှန်း သိရင် မင်း အစကတည်းက ဘာလို့ ဒီလိုတွေ လုပ်နေလဲ … အလကားနေ အလကား လာရိုက်ခံနေတယ်… မင်းအတွက် စိတ်တောင် မကောင်းဘူး ..” လင်းရီ အမှုမထားသည့် အမူအရာဖြင့် ပြောလိုက်ပြီး “ ဒါပေမယ့် ငါ မင်းလို လူစားမျိုးနဲ့ အများကြီး ကြုံခဲ့ဖူးတယ်… အခုအချိန်မှာသာ စိတ်ပါလက်ပါနဲ့ တောင်းပန်နေမယ်… ပြီးရင် ငါ့အပေါ် လက်စားပြန်ချေဖို့ လူသွားရှာလာမယ် ဟုတ်တယ်မလား … ဒါပေမယ့် ငါ့အတွက်တော့ ပြဿနာ မရှိပါဘူး … ငါ ဒီည ဒီမှာ ရှိနေမယ်… မင်း လက်စားချေချင်တယ်ဆို အချိန်မ‌ရွေး ဟိုတယ်လာခဲ့လိုက် .. မင်းတို့ဘက်က လူဘယ်နှယောက်ပဲ လာလာ ငါအားလုံး လက်ခံတယ်…”

ချန်ရိ ဘာမျှ မဆိုချေ။

အဘယ်ကြောင့်ဆိုသော် လင်းရီ ပြောသွားခဲ့သည်များက သူ အမှန်တကယ် စဉ်းစားနေသည့် အရာများ ဖြစ်နေသောကြောင့်ပင်။

မည်သို့ပင်ဆိုစေ သူက ဤအသိုင်းအဝိုင်းတွင် အဆင့်အတန်းတစ်ခုဖြင့် နေထိုင်သူ ဖြစ်သည်။

ယခုလို သနားစဖွယ် အခြေအနေ ရောက်သည်အထိ အရိုက်ခံရသည်ကို သူ မည်သို့မျှ လက်မခံနိုင်ချေ။ အကယ်၍ သူသာ လက်စား ပြန်မချေဘူးဆိုပါက ယွီဟန်တွင် ဆက်လက်မျက်နှာပြဖို့ ထိုက်တန်တော့မှာ မဟုတ်ချေ။

“ အစ်ကိုရီ …”

ထိုအချိန်တွင် ရှောင်ပင်း လင်းရီထံ ရောက်လာပြီး “ သူတို့လည်း သင်ခန်းစာ ရသွားပါပြီ… ဒီမှာပဲ ရပ်လိုက်ကြစို့နော်… ဒီမှာ လူတွေလည်း အများကြီးပဲ .. အခြေအနေက ဒီထက် ပေါက်ကွဲထွက်လာရင် ကောင်းမှာ မဟုတ်ဘူး …”

လင်းရီလည်း သူ၏ အထောက်အထားက ထူးခြားသည်ကို သိသည်။ ထို့ကြောင့် အခြေအနေတို့ မဆိုးရွားခင် ရပ်တန့်သင့်၏။

ထို့ပြင် ဤခွေးသူတောင်းစားများက ဘယ်တော့မှ သူတို့၏ အကျင့်ကို ပြောင်းပြလိမ့်မည် မဟုတ်ချေ။ မသေသေးသရွေ့ ပြဿနာတို့ ဆက်ရှာနေကြဦးမည်။

သို့သော် လမ်းဘေးဝဲယာ၌ ရပ်ကြည့်နေသူတို့က တော်တော်များလေသည်။ ထို့ကြောင့် သူ ဆက်လက်လှုပ်ရှားလို့ မသင့်တော့ချေ။ ၎င်းတို့အား လွှတ်ပေးရုံသာ တတ်နိုင်တော့၏။

လင်းရီ ချန်ရိအား အမှိုက်တစနှယ် လွင့်ပစ်လိုက်ပြီး ဟိုတယ်ထဲသို့ ပြန်ဝင်သွားလိုက်သည်။

ချန်ရိ မြေပြင်တွင် ပစ်ထိုင်လိုက်ပြီး အသက်ကို အမောတကော ရှူရှိုက်နေသည်။ သို့သော် သူ၏ အကြည့်တို့က ရှောင်ပင်းထံ၌သာ ကပ်ညှိနေလျက် ရှိသည်။

“ ရှောင်ပင်း … မင်းအခု ကျေနပ်ပြီလား …”

“ ဒီကို ပြဿနာလာရှာတဲ့လူက နင်လေ… ငါနဲ့ ဘာဆိုင်လို့ …”

“ ခုမှတော့ ဒါတွေ လာပြောနေလို့လည်း အသုံးမဝင်ဘူး … ငါ မင်းကို ပြောလိုက်မယ်… မင်းတို့ ရှောင်မိသားစုက နံပါတ်တစ် မိသားစုဆိုရင်တောင် ငါ မင်းကို ကြောက်မနေဘူး … ငါတို့ မိသားစုနှစ်ခုကြားမှာ အခု ရန်ငြိုးရှိသွားပြီ…”

ရှောင်ပင်း ချန်ရိအား ကြည့်၍ အမူအရာကင်းမဲ့စွာဖြင့် “ ဒါဆို ငါကလည်း နင်သိအောင် ပြောလိုက်မယ်… သူဒီနေ့ စိတ်ကောင်းဝင်နေတာကို နင့်ကိုယ်နင် ဝမ်းသာလိုက် … မဟုတ်ရင် နင် ဒီကနေ ကိုယ်လက် အပြည့်အစုံနဲ့ ထွက်သွားနိုင်မှာတောင် မဟုတ်ဘူး ….”

စာစဉ် (၁၀၇) ပြီး၏။

All Chapters