လန်နာ့ဒ်ရဲ့ ယူဆချက်
Vol. 13 Ch. 121
ကလိုင်းနဲ့ ဖရိုင်းရဲ့ ခန့်မှန်းချက်ကို ကြားပြီးနောက် လန်နာ့ဒ်ဟာ သူ့ကော်လာကို ဆွဲလိုက်ပါတယ်။
“အဲဒါဆို ငါတို့တွေ ဒီအလုပ်ဂေဟာထဲက ဆဲလစ်နဲ့ တွေ့တဲ့လူတိုင်းကို စုံစမ်း စစ်ဆေးရလိမ့်မယ်... သူ ဒေဝါလီခံရပြီး အိမ်ပေါ်ကနေ မောင်းချခံရကတည်းက တွေ့ခဲ့တဲ့ လူတိုင်းကိုလည်း စုံစမ်းရလိမ့်မယ်... တကယ်ကို ကရိကထများတဲ့ကိစ္စပဲ... ငါတို့တွေ အချိန်ဖြုန်းနေလို့ မဖြစ်ဘူး... လူခွဲပြီး ဒီမှာ အပေါ်ယံ စစ်ဆေးကြမယ်... ပြီးရင် သတင်းပို့ထားတဲ့ အနောက်ပိုင်းမြို့နယ်ထဲက တတိယ သေဆုံးမှုဆီ သွားကြမယ်... ကျန်တာကိုတော့ ရဲတွေလက်ထဲ အပ်လိုက်မယ်”
“အင်း...” ကလိုင်းဟာ တစ်စက္ကန့်တောင် မတုံ့ဆိုင်းဘဲ ပြန်ဖြေပါတယ်။
ဖရိုင်းကလည်း ဘာမှ မကန့်ကွက်ပါဘူး။ သူဟာ မနေ့ညက ဆဲလစ်ဘေးမှာ အိပ်တဲ့လူတွေကို စစ်ဆေးဖို့ လှည့်ထွက်သွားပါတယ်။
ကလိုင်းဟာ မေးခွန်းထုတ်ဖို့ တစ်ယောက်ယောက်ကို ရှာမလို့ လုပ်တဲ့အချိန်မှာ လန်နာ့ဒ် မျက်စပစ်ပြတာကို ရုတ်တရက် တွေ့သွားပါတယ်။ လန်နာ့ဒ်က အလုပ်ဂေဟာရဲ့ ဘေးခန်းမကို မေးငေါ့ ပြပါတယ်။
‘ဒီကောင် ဘာလိုချင်တာလဲ’ ကလိုင်းဟာ ဘာလုပ်ရမှန်းမသိ ဖြစ်သွားပါတယ်။ သူဟာ ဘာမှမဖြစ်သလို ဟန်ဆောင်ပြီး ခန်းမထဲမှာ ဟိုကြည့်ဒီကြည့် လုပ်ပါတယ်။ အဲဒီနောက် ဖရိုင်း အာရုံစိုက်မနေတုန်းမှာ လန်နာ့ဒ်နောက်လိုက်ပြီး ဘေးခန်းမထဲ ဝင်လိုက်ပါတယ်။ သူတို့နှစ်ယောက်ဟာ အခန်းခွဲထားတဲ့ အပိုင်းကို ဖြတ်ကျော်ပြီး လူသူမရှိတဲ့ တိတ်ဆိတ်တဲ့ ထောင့်တစ်နေရာဆီ ရောက်သွားပါတယ်။
“ငါ့မှာ ယူဆချက်တစ်ခု ရှိတယ်” လန်နာ့ဒ်ဟာ မှန်ကွဲနေတဲ့ ပြတင်းပေါက် တစ်ပေါက်ရှေ့မှာ ရပ်ပြီး ရုတ်တရက် ပြောပါတယ်။
ကလိုင်းဟာ ဘေးဘီဝန်းကျင်ကို ဇဝေဇဝါနဲ့ ကြည့်ပြီး မေးပါတယ် “မင်းရဲ့ ယူဆချက်က ဘာလဲ”
စိမ်းနက်နေတဲ့ မျက်လုံးတွေနဲ့ လန်နာ့ဒ်ဟာ သူ့မေးခွန်းကို မဖြေဘဲ မေးခွန်း ပြန်ထုတ်ပါတယ် “သဘာဝလွန်စွမ်းအား လွှမ်းမိုးမှုမရှိရင် မစ္စလောက်အိရဲ့ ရလဒ်က ဘယ်လိုဖြစ်မယ်လို့ ထင်လဲ”
ကလိုင်းဟာ တစ်ခဏတွေးပြီး လေးလေးနက်နက် ဖြေပါတယ် “အတူတူပဲ... တစ်ပတ် ဒါမှမဟုတ် နှစ်ပတ်... အများဆုံး တစ်လလောက်ပဲ ခံမှာ... သူတို့လို ဆင်းရဲသားမိသားစုက လုံးဝ မခံနိုင်တော့မှဘဲ ဆရာဝန်ပြတာ... သူ့နှလုံးရောဂါက ဒီထက် ပိုဆိုးလာရင် သာလွန်သူတောင် သူ့ကို ကယ်နိုင်မှာ မဟုတ်ဘူး”
“အဲဒါဆို ဆဲလစ်ကရော... တစ်ယောက်ယောက်က သူ့ကို မလှုံ့ဆော်ဘူးဆိုရင် သူ ဘယ်လိုမျိုး အဆုံးသတ်မယ်လို့ ထင်လဲ” လန်နာ့ဒ်က ထပ်မေးပါတယ်။
ကလိုင်းဟာ တွေးတွေးဆဆနဲ့ ဖြေပါတယ် “သတင်း အချက်အလက်တွေ အရ ဆဲလစ်က ဒေဝါလီခံရတာကို တော်တော် မကျေနပ်ဘူး... ဘယ်သူမှ သူ့ကို မကူညီလို့ ဒေါသချောင်းချောင်း ထွက်နေတာ... အဲဒီတော့ မကြာခင်မှာ ကလဲ့စားချေမှာပဲ...ဒါပေမဲ့ အလုပ်ဂေဟာက လူတွေကိုတော့ ကလဲ့စားချေမှာ မဟုတ်ဘူး... သူ့ကို ဒေဝါလီခံရအောင် လုပ်တဲ့ သူဋ္ဌေးနဲ့ သူ့အိမ်ကို သိမ်းတဲ့ ဘဏ်ဝန်ထမ်းကို ကလဲ့စားချေမှာ...”
“အဲဒီလို ကလဲ့စားချေရင် ဘာဖြစ်မယ်လို့ ထင်လဲ” လန်နာ့ဒ်က ဆက်မေးပါတယ်။
“သူက သူ့ကိုယ်သူ သတ်သေဖို့ ဆုံးဖြတ်ထားပြီးပြီ ဆိုတာ သံသယရှိစရာ မလိုဘူး... အဲဒီတော့ သူ့ကလဲ့စားချေလို့ အောင်မြင်သည်ဖြစ်စေ ကျရှုံးသည်ဖြစ်စေ သေမှာပဲ” ကလိုင်းဟာ တိတိကျကျ အဖြေပေးပါတယ်။
လန်နာ့ဒ်ဟာ ခေါင်းညိတ်ပြီး မထေ့ပြုံး ပြုံးပါတယ်။
“အဲဒီတော့ ကံကြမ္မာက မစ္စလောက်အိစ်နဲ့ ဆဲလစ်တို့ မကြာခင် သေဖို့ သတ်မှတ်ပြီးသားလို့ ငါတို့ ကောက်ချက်ချလို့ မရဘူးလား”
ကီးဘုတ်သမား ဖြစ်ဖူးတဲ့ ကလိုင်းဟာ ဒီမေးခွန်းကို ကြားတာနဲ့ လန်နာ့ဒ် ဘာပြောချင်လဲဆိုတာကို ချက်ချင်း ခန့်မှန်းမိသွားပါတယ်။
“မင်း ပြောချင်တာက သဘာဝလွန်စွမ်းအား လွှမ်းမိုးမှု တချို့ကြောင့် သူတို့ရဲ့ သေဆုံးမှုက ရှေ့တိုးလာတာလို့ ပြောချင်တာလား... ဒါပေမဲ့ ဘာဖြစ်လို့လဲ...”
“တိကျအောင် ပြောရရင် သဘာဝလွန်စွမ်းအား တချို့ကြောင့် သူတို့ရဲ့ အသက်ဓာတ် တိုသွားတာ... အခိုးခံလိုက်ရတာ... အသက်ဓာတ်က မကောင်းဆိုးဝါး နတ်ဘုရားတွေနဲ့ နတ်ဆိုးတွေကို ဆင့်ခေါ်တာ၊ ကြောက်စရာကောင်းတဲ့ ကျိန်စာတွေ တိုက်တဲ့နေရာမှာ အကောင်းဆုံးပစ္စည်းပဲ” လန့်နာဒ်ဟာ အပြုံးနဲ့ ကလိုင်းရဲ့ ခန့်မှန်းချက်ကို ပြင်ပေးပါတယ်။
“မကောင်းဆိုးဝါး နတ်ဘုရားနဲ့ နတ်ဆိုးတွေကို ဆင့်ခေါ်တာ... ကြောက်စရာကောင်းတဲ့ ကျိန်စာတွေ တိုက်တာ...” ကလိုင်းဟာ လန်နာ့ဒ်ရဲ့ မြစိမ်းရောင် မျက်လုံးထဲ စိုက်ကြည့်ပြီး သံသယတစ်ဝက်နဲ့ မေးပါတယ် “မင်းက ဒီကိစ္စကို အတပ်သိနေတဲ့ပုံပဲ... ဒါပေမဲ့ လောလောဆယ်မှာ ငါတို့စုံစမ်းထားတာက နှစ်ခုပဲ ရှိသေးတယ်လေ...”
လန်နာ့ဒ်ဟာ အတ္တဆန်ဆန် ရယ်ပါတယ် “ကလိုင်း... မင်းနဲ့ငါ ကြားမှာ ဟန်ဆောင်စရာ မလိုပါဘူး... မင်း ချိပ်ပိတ်လက်နက် ၂-၀၄၉ ရဲ့ ထိန်းချုပ်မှုအောက်ကနေ လွတ်မြောက်သွားတာကို ငါ မြင်ပါတယ်... မင်းက ထူးခြားတယ် ဆိုတာ ငါ သိတယ်... ငါကလည်း သာမန် သာလွန်သူတွေနဲ့ မတူဘူးဆိုတာကို မင်း ခံစားမိလောက်မှာပါ”
ကလိုင်းရဲ့ မျက်လုံးထဲကို စိုက်ကြည့်လိုက်တဲ့အခါ လန်နာ့ဒ်မျက်နှာပေါ်က အပြုံးဟာ ပျောက်ကွယ်သွားပါတယ်။
“ငါ မင်းကို ပြောဖူးပါတယ်... ဒီလောကမှာ တခြားလူတွေ မလုပ်နိုင်တာကို လုပ်နိုင်တဲ့ ထူးခြားတဲ့လူတွေ အများကြီးရှိတယ်လို့... ဥပမာ မင်းနဲ့ ငါပေါ့...”
“ဒီကမ္ဘာရဲ့ သမိုင်းက အရှည်ကြီး... လူတွေ ရယူပိုင်ဆိုင်ချင်တဲ့ မှော်ဝင်ပစ္စည်းတွေကလည်း အများကြီးပဲ... သူတို့တွေက ဝတ္ထုထဲကလို ဇာတ်လိုက် ဖြစ်ချင်ကြတယ်... ဇာတ်လိုက် ဖြစ်နေတဲ့ လူတွေက အများကြီး မရှိဘူးဆိုပေမဲ့ မင်းနဲ့ ငါ နှစ်ယောက်တည်း မဟုတ်တာတော့ သေချာတယ်”
“လျှို့ဝှက်ချက်ရှိတာနဲ့ပဲ သာလွန်သူတစ်ယောက်က လူဆိုးတစ်ယောက် မကောင်းတဲ့လူ ဖြစ်သွားလိမ့်မယ်လို့ ငါ မတွေးဘူး... သူတို့ရဲ့ ထူးခြားစွမ်းအားက ဘယ်ကလာတယ်၊ သူတို့တွေ ဘာကို ကိုယ်စားပြုလဲဆိုတာ ရှင်းရှင်းလည်းလည်း သိရဖို့လည်း မလိုဘူး... မင်းရဲ့ လုပ်ဆောင်ချက်တွေက ငါ့ကို အန္တရာယ်မပေးဘူး၊ ညသိမ်းငှက်နဲ့ ထင်းဂန်မြို့ကို ဘေးအန္တရာယ် ကျရောက်အောင် မလုပ်ဘူးဆိုရင် မင်းက ငါ့ရဲ့ လုပ်ဖောက်ကိုင်ဖက် ဖြစ်နေဦးမှာပဲ...”
“အဲဒီလိုပဲ... မင်းကလည်း ငါ့ကို အဲဒီလို သဘောထားဖို့ မျှော်လင့်တယ်... အထက်လူကြီးတွေဆီ အစီရင်မခံရင်တော့ အကောင်းဆုံးပေါ့... အဲဒီ ရှေးရိုးစွဲ အဘိုးကြီးတွေက ငါတို့လို ထူးခြားတဲ့လူတွေကို သေချာပေါက် စိတ်လွတ်မဲ့လူတွေ... မကောင်းဆိုးဝါး နတ်ဘုရားတွေနဲ့ နတ်ဆိုးတွေရဲ့ လက်ပါးစေ ဖြစ်လာမဲ့လူတွေလို့ မြင်ကြတာ...”
‘ဒါပေမဲ့ ငါ့လျှို့ဝှက်ချက်က မင်း ထင်ထားတာထက် အများကြီး အများကြီး ပိုကြီးတယ်...’ ကလိုင်းဟာ စိတ်ထဲမှာ သူ့ကိုယ်သူ ပြောလိုက်ပါတယ်။ အဲဒီနောက် ပွင့်ပွင့်လင်းလင်းပဲ။
“ငါလည်း မင်းလိုပါပဲ... မင်းရဲ့ လုပ်ဆောင်ချက်နဲ့ ရည်ရွယ်ချက်ကိုပဲ ကြည့်မယ်... မင်း ဘယ်လောက် ထူးခြားလဲဆိုတာကို ငါ ဂရုမစိုက်ဘူး... မင်းရဲ့ လျှို့ဝှက်ချက်တွေကို သိရဖို့လည်း ငါ ကြိုးစားမှာ မဟုတ်ဘူး”
ဒီစကားပြောပြီးတဲ့နောက် ကလိုင်းဟာ စိတ်ထဲမှာ ဖြည့်ပြောပါတယ် ‘မဟုတ်ဘူး... ကတယ်တော့ ငါ စိတ်ဝင်စားတယ်... အရမ်းလည်း သိချင်တယ်... ဒါပေမဲ့ လောလောဆယ်တော့ ဒီကိစ္စကို ဘေးဖယ်ထားရမှာပဲ... ဟမ်... လန်နာ့ဒ်... မင်းက မင်းကိုယ်မင်း ဇာတ်လိုက်လို့ ထင်နေတာလား... မင်းက ဘယ်လိုမျိုး အခွင့်အရေး ရထားလို့လဲ... ဘယ်လိုမျိုး မှော်ဝင်ပစ္စည်းကို ပိုင်ဆိုင်ထားလို့လဲ...’
လန်နာ့ဒ်ဟာ သူ့ရှပ်အင်္ကျီက ကြယ်စေ့တွေကို ဖြုတ်ပြီး တစ်ချက်ရယ်ကာ ခေါင်းညိတ်ပါတယ်။
“ငါတို့တွေ ဒီလို နားလည်မှု ရသွားတာ ငါ ဝမ်းသာတယ်”
“အက်ရှင်ဝတ္ထုတွေထဲမှာဆိုရင် ဒါက ဇာတ်လိုက်နှစ်ယောက် တွေ့တယ်လို့ ခေါ်တယ်... သမိုင်းစက်ဝန်း စတင် လည်ပတ်တာပဲ”
‘သောက်ရှက် မရှိလိုက်တာ...’ ကလိုင်းဟာ ဝတ်ကျေတမ်းကျေ ပြုံးပါတယ်။
သူဟာ ဒီသမိုင်းစက်ဝန်း စတင်လည်ပတ်တယ်ဆိုတဲ့ စကားစုက ဧကရာဇ်ရစ်ဆဲလ်ဆီကနေ လာတယ်ဆိုတာ သိပါတယ်။
လန်နာ့ဒ်ရဲ့ နှုတ်ခမ်းထောင့်ဟာ အပေါ်ကို တွန့်တက်သွားပြီး သူ့ရဲ့ အစိမ်းရောင် မျက်လုံးတွေကလည်း တောက်ပသွားပါတယ်။
“အင်း... ငါ ရိုးရိုးသားသားပဲ ပြောမယ်... ဒီသေဆုံးသွားတဲ့လူတွေက နောက်သုံးလအတွင်း သေမှာ ကျိန်းသေတယ်... ဒါပေမဲ့ တစ်ယောက်ယောက်က နည်းလမ်းတစ်ခုခု သုံးပြီး သူတို့ကို စောသေအောင် လုပ်လိုက်တာပဲ... တစ်ဖက်လူရဲ့ ရည်ရွယ်ချက်က မကောင်းဆိုးဝါး နတ်ဘုရား ဒါမှမဟုတ် နတ်ဆိုးကို ဆင့်ခေါ်ချင်တာ ဖြစ်နိုင်တယ်... အဲဒီလိုမှ မဟုတ်ရင်လည်း ကြောက်စရာကောင်းတဲ့ ကျိန်စာတိုက်ပွဲကြီးကို လုပ်ချင်တာ ဖြစ်နိုင်တယ်”
“အခုသေသွားတဲ့လူတွေက မကြာခင် သေတော့မှာဆိုတော့ လူသတ်သမားက သူ လူသတ်တာကို ဖုံးဖိဖို့ လွယ်တယ်... အဲဒီတော့ ရဲဌာနက အာရုံမစိုက်မိဘူး... ညသိမ်းငှက်တွေ ဒဏ်ခတ်သမားတွေနဲ့ မက္ကန်းနစ်ဟိုင်မိုင်းတွေကလည်း သတိမထားမိဘူး...” ကလိုင်းဟာ သူ့ဘာသာ ရေရွတ်ရင်း လူသတ်သမားရဲ့ အကြံအစည်ကို စိစစ်သုံးသပ်ပါတယ်။
လန်နာ့ဒ်ဟာ အပြုံးနဲ့ သဘောတူပါတယ် “ဟုတ်တယ်... ကျန်းမာသန်စွမ်းတဲ့ သာမန်လူသုံးယောက်သာ ရုတ်တရက်ကြီး သေသွားရင် သေချာပေါက် အာရုံစိုက်ခံရပြီး တင်းတင်းကျပ်ကျပ် စုံစမ်းစစ်ဆေးခံရမှာပဲ”
“အဲဒါဆို ငါတို့က ဒီအစီအရင်အတွက် သုံးတဲ့ ယဇ်စင်ကို ဘယ်လိုရှာမှာလဲ... လူသတ်သမားက မကောင်းဆိုးဝါးနတ်ဘုရားနဲ့ နတ်ဆိုးကို ဆင့်ခေါ်ချင်တာပဲဖြစ်ဖြစ် ကြောက်စရာကောင်းတဲ့ ကျိန်စာတိုက်ပွဲကို လုပ်ချင်တာပဲ ဖြစ်ဖြစ် ယဇ်ပူဇော်တဲ့ အစီအရင်အတွက် ယဇ်စင်တော့ လိုမှာပဲ... သူ ခိုးထားတဲ့ အသက်ဓာတ်ကိုလည်း အလားတူနေရာမှာ သိမ်းထားရမှာပဲ”
ကလိုင်းဟာ သူ့ဆီမှာ တခြား ဘာသဲလွန်စမှ မရှိဘဲ တခြားတွက်ချက်မှုတွေလည်း မလုပ်နိုင်တဲ့အတွက် လန်နာ့ဒ်ကို ယုံကြည်ဖို့ ရွေးချယ်လိုက်ပါတယ်။ ဘာပဲဖြစ်ဖြစ် စမ်းကြည့်တာက မမှားပါဘူး။
လန်နာ့ဟာ ရယ်ပါတယ် “ကလိုင်း... ဒါက မင်းကျွမ်းကျင်တဲ့ နယ်ပယ်ပဲ မဟုတ်ဘူးလား... အဲဒီလိုမျိုး ယဇ်စင်ရဲ့ ဘေးပတ်ဝန်းကျင်မှာ ဘာတွေဖြစ်နေလဲဆိုတာ မင်း မပြောနိုင်ဘူးလား”
ကလိုင်းဆီက အဖြေကို မစောင့်ဘဲ လန်နာ့ဒ်က ဆက်ပြောပါတယ် “ယဇ်စင်ကို ဗဟိုထားပြီး ထူထပ်တဲ့ သေခြင်းရောင်ဝါ ဖြစ်တည်နေလိမ့်မယ်... ယဇ်စင်ရဲ့ ဆယ်မီတာပတ်လည်မှ အစီအရင်လုပ်တဲ့ လူကလွဲလို့ တခြားသက်ရှိ လုံးဝ မရှိဘူး... ဘေးပတ်ဝန်းကျင်ရဲ့ အပူချိန်ကလည်း ပျမ်းမျှ အပူချိန်ထက် အနည်းဆုံး ငါးဒီဂရီလောက်ကျပြီး လေအေးတွေ အဆက်မပြတ် တိုက်နေလိမ့်မယ်... မစ္စလောက်အိစ်နဲ့ ကျန်တဲ့လူတွေဆီကနေ အခိုးခံလိုက်ရတဲ့ အသက်ဓာတ်ကို အဲဒီယဇ်စင်ထဲမှာ စိတ်ဝိညာဉ်စွမ်းအား နံရံနဲ့ ချိပ်ပိတ်ထားလိမ့်မယ်...”
ဒီအရောက်မှာတော့ လန်နာ့ဒ်ဟာ ကလိုင်းကို ကြည့်ပြီး နောက်ပါတယ် “ဒီလောက်ဆို ယဇ်စင် ဘယ်မှာရှိလဲဆိုတာကို မင်း အကြမ်းဖျင်း တွက်လို့ရပြီမလား”
ကလိုင်းဟာ မဆိုစလောက် မျက်မှောင်ကြုတ်သွားပြီး လေးလေးနက်နက် ဖြေပါတယ် “ထင်းဂန်မြို့ထဲမှာ ရှိနေရင် ရတယ်... နောက်ပြီး ငါ ဘယ်သူမှ မနှောင့်ယှက်နိုင်တဲ့ တိတ်ဆိတ်တဲ့ နေရာတစ်ခု လိုတယ်... ဥပမာ ငါ့အိမ်... မစ္စလောက်အိစ်နဲ့ ကျန်တဲ့လူတွေရဲ့ ကိုယ်ပိုင်ပစ္စည်းတွေလည်း လိုလိမ့်မယ်”
ကလိုင်းဟာ နှလုံးခုန် နည်းနည်း မြန်သွားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ လန်နာ့ဒ်က မှော်နက် နယ်ပယ်မှာ နည်းနည်း သိလွန်းတယ်လို့ ခံစားလိုက်ရလို့ပါ။
“ရတယ်... ကိစ္စမရှိဘူး” လန်နာ့ဒ်ဟာ ရယ်ပါတယ်။ သူဟာ ဘာမှ ထပ်မပြောတော့ဘဲ ကလိုင်းကို ရုတ်တရက် ဖြတ်ကျော်ပြီး ခန်းမဆီ ပြန်လျှောက်သွားပါတယ်။
‘ဒီကောင်က တကယ်ကို လူထူးဆန်းပဲ...’ ကလိုင်းဟာ စိတ်ထဲမှာ ကျိန်ဆဲပြီး နောက်ကနေ လိုက်ပါတယ်။
လန်နာ့ဒ်ဟာ လေးလေးနက်နက် ရေးမှတ်နေတဲ့ ဖရိုင်းကို ရှာပြီး မျက်နှာထားတည်တည်နဲ့ ပြောပါတယ် “ငါမှာ အကြံတစ်ခု ရှိတယ်... ကလိုင်းကို စမ်းကြည့်ခိုင်းမလို့”
“ဘာအကြံလဲ” ဖရိုင်းက အေးစက်တဲ့အသံနဲ့ မေးပါတယ်။
“အကျိုးရှိရင် ပြောမယ်... မဟုတ်ရင် ငါ့ကို ရိုဇန်းနဲ့ တခြားလူတွေ လှောင်လိမ့်မယ်” လန်နာ့ဒ်ဟာ ဆင်ခြင်ပေးပြီး စကားလမ်းကြောင်း ပြောင်းပါတယ်။
ဖရိုင်းဟာ ဆက်မမေးတော့ပါဘူး။ သူဟာ လန်နာ့ဒ်ရဲ့ စကားအတိုင်း နားထောင်ပြီး အနီးအနားမှာရှိတဲ့ ရဲစခန်းဆီကနေ ဆဲလစ်နဲ့ မစ္စလောက်အိစ်ရဲ့ ကိုယ်ပိုင်ပစ္စည်းတွေကို ရယူကာ ကလိုင်းရဲ့အိမ်မှာ ပြန်ဆုံကြပါတယ်။
“ဧည့်ခန်းထဲမှာ စောင့်နေ... ငါ့ကို ဘယ်သူမှ မနှောင့်ယှက်စေနဲ့” ကလိုင်းဟာ အိတ်ဆောင်နာရီကို ထုတ်ကြည့်လိုက်တဲ့အခါ ခြောက်နာရီ ထိုးခါနီးနေတာကို တွေ့လိုက်ရပါတယ်။ ဒီအချိန်က မလီဆာ အချိန်မရွေး ပြန်ရောက်လာနိုင်တဲ့ အချိန်ပါ။
“ငါတို့ကို ယုံထားလိုက်...” လန်နာ့ဒ်ဟာ ခါးထောက်ပြီး ဧည့်ခန်းထဲမှာ လမ်းလျှောက်ပါတယ်။ ဖရိုင်းကတော့ ဆိုဖာပေါ်မှာ တိတ်တိတ်ဆိတ်ဆိတ် ထိုင်နေပါတယ်။
‘ဒီကောင်က ဂနာမငြိမ်တဲ့ ရောဂါ ရှိတာလား...’ ကလိုင်းဟာ စိတ်ထဲမှာ စောဒက တက်လိုက်ပြီးနောက် အပေါ်ထပ်တက်ကာ သူ့အခန်းထဲ ဝင်ပါတယ်။ အဲဒီနောက် တံခါးကို သော့ခတ်ပြီး စိတ်ဝိညာဉ် စွမ်းအားနံရံနဲ့ တစ်ခန်းလုံးကို ချိပ်ပိတ်လိုက်ပါတယ်။
ပြီးတဲ့အခါမှာတော့ ယဇ်စင်ပြင်ပြီး နတ်ဘုရားမဆီက အကူအညီ တောင်းခံကာ ဘယ်လို နှောင့်ယှက်မှုမျိုးကိုမဆို ရှင်းလင်း သုတ်သင်ပါတယ်။
အဲဒီနောက် သူဟာ စာရွက်တစ်ရွက်ပေါ်မှာ ဗေဒင်တွက်မဲ့ စာကြောင်းတစ်ကြောင်း ရေးလိုက်ပါတယ်။
“ယဇ်စင်ရဲ့ တည်နေရာ”
သူဟာ ဒီစာကြောင်းကို စိတ်ထဲမှာ စွဲနေအောင် အလွတ်မှတ်ပါတယ်။ ပြီးတဲ့အခါမှာတော့ လူသေတွေရဲ့ ပစ္စည်းတွေကို လက်ထဲမှာ ကိုင်ပြီး အိပ်ရာပေါ်မှာ လဲလျောင်းလိုက်ပါတယ်။ သူဟာ ပထမဆုံး လန်နာ့ဒ်ပြောတဲ့ မြင်ကွင်းကို ပြန်တွေးပြီး ဗေဒင်တွက်မဲ့ စာကြောင်းကို ခုနစ်ခေါက် ရွတ်ဆိုပါတယ်။
သူဟာ မြူခိုးလောကကို မသုံးပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ လျှို့ဝှက်ဆန်းကြယ်တဲ့ လူထူးဆန်း လန်နာ့ဒ်က အောက်ထပ်မှာ ရှိနေလို့ပါပဲ။ သူ ထူးဆန်းတာ တစ်ခုခု သတိမထားမိနိုင်ဘူးလို့ ဘယ်သူမှ အာမ မခံနိုင်ပါဘူး။ နောက်ပြီး သူ့ရဲ့ အမြင်ဆရာဆေးရည်ကလည်း အကုန်အစင် ချေဖျက်ခါနီးနေပါပြီ။ အဲဒါကြောင့် အစီအရင်ရဲ့ အကူအညီနဲ့ဆိုရင် အောင်မြင်ဖို့ ရာခိုင်နှုန်း တော်တော်များပါတယ်။
ကလိုင်းဟာ ရိုးရိုးတမ်းတမ်း တွက်ချက်ကြည့်လို့ မရမှဘဲ မြူခိုးလောကထဲဝင်ဖို့ စဉ်းစားမှာပါ။ မကောင်းဆိုးဝါးနတ်ဘုရား ဒါမှမဟုတ် နတ်ဆိုးကို ဆင့်ခေါ်တာက ဘန်ဆင် မလီဆာနဲ့ သူ့ကိုပါ ခြိမ်းခြောက်နိုင်တယ် မဟုတ်ပါလား။
တွေးခေါ်မှု အခြေအနေရဲ့ ကူညီမှုနဲ့ သူဟာ အိပ်မက်ထဲ ခပ်မြန်မြန် ဝင်သွားပြီး ဝိုးတိုးဝါးတား အပိုင်းအစ မြင်ကွင်းတွေကို တွေ့မြင်လိုက်ရပါတယ်။
မကြာခင်မှာပဲ ပုံရိပ်တစ်ခု သူ့မျက်လုံးရှေ့မှာ ပေါ်လာပါတယ်။
အဲဒီပုံရိပ်ဟာ နေဝင်ဆည်းဆာအောက်က ပြာမှိုင်းမှိုင်းရောင် နှစ်ထပ်အိမ်တစ်လုံးပါ။ ပထမထပ်က ပြတင်းပေါက်တွေဟာ တင်းတင်းကျပ်ကျပ် ပိတ်ထားပြီး အနက်ရောင် ကန်လန်ကာတွေက လုံးဝ အလွတ်မရှိပါဘူး။ ဒါပေမဲ့ သူတို့တွေဟာ မကြာမကြာဆိုသလို ဆန့်သွားလိုက် ကျုံ့ဝင်သွားလိုက် ဖြစ်နေပါတယ်။
အိမ်ဘေးပတ်လည်က မြေကြီးဟာ ညိုနက်ပြီး ဘာအပင်မှ ပေါက်မနေပါဘူး။ အိမ်ဘေးမှာရှိတဲ့ ဥယျာဉ်ကလည်း လောင်းရိပ်မိသလိုမျိုး ပျက်စီး မှောင်မည်းနေပါတယ်။
မြစ်တစ်စင်းကလည်း အိမ်ဘေးမှာ တိတ်တဆိတ် စီးဆင်းနေပါတယ်။
...
တစ်ခဏအကြာမှာတော့ ကလိုင်းဟာ အိပ်မက်ထဲက ထွက်လိုက်ပါတယ်။ သူဟာ အဲဒီပုံရိပ်ကလွဲရင် တခြား ဘာမှ မမြင်ပါဘူး။
‘လန်နာ့ဒ်ရဲ့ ယူဆချက်က မှန်တယ်... အဲဒီအဆောက်အဦးက ဘယ်နားမှာ ရှိတာပါလိမ့်... ထင်းဂန်မြို့မှာက မြစ်တွေ အများကြီးပဲ... အနောက်ပိုင်းမြို့နယ်၊ အနောက်တောင်မြို့နယ်၊ ဆိပ်ကမ်း၊ တက္ကသိုလ်ဝင်း...’
ကလိုင်းဟာ မျက်လုံးဖွင့်ပြီး နားထင်ကို နှိပ်ကာ လေးလေးနက်နက် စဉ်းစားပါတယ်။
မြန်မာပြည် ငြိမ်းချမ်းပါစေ။