ပစ်မှတ်
Vol. 13 Ch. 122
အမှတ် (၂) ဒက်ဖဒိုလမ်း။
ညနေဆည်းဆာ အလင်းရောင်အောက်က ဧည့်ခန်းအတွင်း။
ကလိုင်းဟာ နံရံကနေ စွန်းထွက်နေတဲ့ ပြတင်းပေါက်ရှေ့မှာ ရပ်ပြီး ဖရိုင်းနဲ့ လန်နာ့ဒ်ကို ပြောပါတယ်။
“ငါ တွက်ချက်ကြည့်တာ အိပ်မက်ထဲမှာ ပြာမှိုင်းမှိုင်း နှစ်ထပ်အိမ် တစ်လုံးကို မြင်တယ်... အဲဒီအိမ်ရဲ့ ပထမထပ်က ပြတင်းပေါက်တွေ အကုန်လုံး တင်းတင်းကျပ်ကျပ် ပိတ်ထားတယ်... ကန့်လန့်ကာတွေကိုလည်း အလုံ ဆွဲပိတ်ထားတယ်... အိမ်ဘေးပတ်လည်မှာရှိတဲ့ မြေကြီးက ညိုမည်းနေတယ်... အစိမ်းရောင်သစ်ပင်ဆိုလို့ မြက်တစ်ပင်တောင် မရှိဘူး... ဥယျာဉ်ကလည်း သရဲပုံပြင်ထဲမှာပါတဲ့ ဥယျာဉ်လိုမျိုးပဲ... ချောက်ချားစရာကောင်းတယ်...”
“နောက်ပြီး အဲဒီအိမ်ဘေးနားမှာ မြစ်တစ်စင်း ရှိတယ်... မြစ်က နည်းနည်းတော့ ကျယ်တယ်... ထာ့ဆစ်မြစ် မဟုတ်ရင် ခွိုင်းမြစ်ပဲ... ငါတို့တွေ မဖြစ်နိုင်တာတွေကို တစ်ခုချင်းစီ ဖယ်ထုတ်ပြီး အချိန်မီ ရှာနိုင်ဖို့ မျှော်လင့်ရတာပဲ”
အနောက်မြောက်ပိုင်း မံမစ်တောင်က မြစ်ဖျားခံ စီးဆင်းတဲ့ ထာ့ဆစ်မြစ်ဟာ လိုအင်နိုင်ငံရဲ့ အကြီးဆုံး မြစ်ပါ။ ထာ့ဆစ်မြစ်ဟာ အနောက်မြောက်ကနေ အရှေ့တောင်ကို သွယ်တန်း စီးဆင်းပြီး မစ်ဆီရှာ၊ အာဝါခရိုင်နဲ့ မြို့တော် ဘက်ကလင်ကို ဖြတ်သန်းကာ ဖရစ်ဆိပ်ကမ်းနားမှာ ပင်လယ်ထဲ စီးဝင်ပါတယ်။
ထာ့ဆစ်မြစ်ဟာ ထင်းဂန်မြို့က တခြားမြစ်ချောင်းတွေနဲ့ အနောက်ပိုင်းမြို့နယ်ရဲ့ အနောက်တောင်ထောင့်နဲ့ တောင်ပိုင်းမြို့နယ်က ဆိပ်ကမ်းမှာ စုဆုံပါတယ်။
ခွိုင်းမြစ်ကတော့ မြောက်ပိုင်း ယော့ခ်တောင်ကနေ မြစ်ဖျားခံပြီး အရှေ့ပိုင်းမြို့နယ်ထဲက တက္ကသိုလ်ရပ်ကွက်ကို ဖြတ်စီးကာ ထာ့ဆစ်မြစ်နဲ့ ပေါင်းစုံပါတယ်။
ထာ့ဆစ်နဲ့ ခွိုင်းမြစ်နှစ်စင်းက ထင်းဂန်မြို့နားမှာရှိတဲ့ အဓိက မြစ်ကြီးနှစ်စင်းပါ။ ကျန်တာတွေက ချောင်းသာသာပဲ ရှိပြီး ရေပြင်အကျယ်ကြီး မရှိပါဘူး။
ကလိုင်းရဲ့ စကားကို ကြားလိုက်ရတဲ့အခါ အေးစက်နေတဲ့ လူမမာမျက်နှာနဲ့ ဖရိုင်းက ခေါင်းအသာညိတ်ပြီး သဘောတူပါတယ်။ တခြားသဲလွန်စတွေ မရှိတဲ့အတွက် ဖြစ်နိုင်တာတွေကို တစ်ခုချင်း ဖယ်ထုတ်က အကောင်းဆုံး နည်းလမ်းပါ။
အဲဒီအချိန်မှာပဲ လန်နာ့ဒ်က အပြုံးနဲ့ ပြောပါတယ် “ငါတို့တွေ ဖြစ်နိုင်ချေရှိတဲ့ နေရာတွေကို ဒီထက်ချုံ့လို့ ရသေးတယ်”
“ဖြစ်နိုင်ခြေ နေရာတွေကို ဘယ်လို ချုံ့ယူမှာလဲ” ကလိုင်း အိတ်ဆောင်နာရီကို ကြည့်ရင်းက မျက်မှောင်ကြုတ်ပြီး ပြန်မေးပါတယ်။
လန်နာ့ဒ်ဟာ တစ်ချက် ရယ်ပါတယ်။
“ဒီကောင်က အစီအစဉ်ရှိတဲ့ လူသတ်သမားဆိုတော့ သူ့ယဇ်စင်နဲ့ ခပ်ဝေးဝေးမှာရှိတဲ့ လူတွေကို ပစ်မှတ်ထားမှာပဲ... ဒါမှ သူ ဘေးကင်းလုံခြုံမှာလေ”
“သူ့ယဇ်စင်နဲ့ ခပ်လှမ်းလှမ်းမှာ သေခါနီးလူတွေ မရှိတော့မှ သူ့ဘေးနားပတ်ဝန်းကျင်က သေခါနီးလူတွေကို ပစ်မှတ်ထားလိမ့်မယ်”
“အဲဒီတော့ ငါတို့တွေ သတင်းအချက်အလက်တွေကို ထပ်ဖတ်ပြီး ရုတ်တရက်ကြီး ပျမ်းမျှလူသေနှုန်း မြင့်သွားတဲ့ နေရာတွေကို ချန်လှပ်ထားခဲ့လို့ရတယ်”
ကလိုင်းရဲ့ မျက်လုံးတွေဟာ တောက်ပသွားပါတယ်။
“အကြံကောင်းပဲ”
တစ်ချိန်တည်းမှာပဲ သူဟာ စိတ်ထဲမှာ သက်ပြင်းချလိုက်ပါတယ် ‘ငါက တကယ်ကို စုံထောက်လုပ်ဖို့ အရည်အချင်း မရှိဘူးပဲ’
ဖရိုင်းဟာ ခေါင်းညိတ်ပြီး ကော်ဖီစားပွဲပေါ်က စာရွက်စာတမ်းတွေကို ကောက်ယူကာ နောက်တစ်ခါ ထပ်ဖတ်ပါတယ်။ လေးငါးမိနစ် ကြာတဲ့အခါမှာတော့ သူ့ရဲ့ အသံဩဩကြီးနဲ့ ပြောပါတယ်။
“အဲဒီလိုနေရာမျိုး ရှိတယ်... အဲဒီတော့ ဖြစ်နိုင်ခြေတစ်ခုပဲ ရှိတော့တယ်”
“ဘယ်နေရာလဲ” ကလိုင်းက မေးပါတယ်။
ဖရိုင်းဟာ စာရွက်အထူကြီးကို ဘေးနားမှာရှိတဲ့ လန်နာ့ဒ်ဆီ ကမ်းလိုက်ပြီး သူ့ရဲ့ ပါးလျတဲ့ နှုတ်ခမ်းကို စုဝိုင်းကာ ဖြေပါတယ် “အနောက်ပိုင်း မြို့နယ်”
‘အနောက်ပိုင်းမြို့နယ်...’ ကလိုင်းဟာ လက်သီးကို တင်းတင်းဆုပ်ပြီး ချက်ချင်း တိုက်တွန်းပါတယ်။
“အဲဒါဆို အနောက်ပိုင်းမြို့နယ်ရဲ့ အနောက်တောင်ပိုင်းကို ရှာကြရအောင်... အဲဒီနေရာက သိပ်မကျယ်ဘူး”
“ဟုတ်တယ်... ငါ သဘောတူတယ်” လန်နာ့ဒ်ဟာ လက်ထဲက စာရွက်တွေကို ဝှေ့ယမ်းပြီး သဘောတူပါတယ်။ ရှာဖွေတဲ့နေရာကို ချုံ့ဖို့ အကြံပေးတာက သူ မဟုတ်တဲ့ အတိုင်းပါပဲ။
...
နှစ်ဘီးမြင်းလှည်းဟာ ဗွက်ထနေတဲ့လမ်းမှာ ဖြည်းဖြည်းချင်း မောင်းနေပါတယ်။ မြင်းလှည်းရဲ့ ဘေးမှာတော့ ညနေခင်း ဆည်းဆာရဲ့ အနီရောင်နဲ့ လိမ္မော်ရောင်တွေဟာ ကျယ်ပြောတဲ့ မြစ်ပြင်မှာ ရောင်ပြန်ဟပ်ပြီး ညနေခင်း ဆည်းဆာကို အားဖြည့်ပေးနေပါတယ်။
ကလိုင်းနဲ့ ဖရိုင်းဟာ မြင်းလှည်းရဲ့ ဘေးပြတင်းပေါက် နှစ်ပေါက်ကနေ အပြင်ဘက်ကို ကြည့်ပြီး တစ်အိမ်ပြီးတစ်အိမ် စစ်ဆေးပါတယ်။ သူတို့တွေဟာ ပျက်စီးယိုယွင်းနေတဲ့ ဥယျာဉ်နဲ့ ပြာမှိုင်းမှိုင်း နှစ်ထပ်အိမ်တစ်လုံးကို ရှာနေတာပါ။ သူတို့နှစ်ယောက်ဟာ ပထမထပ်က ကန့်လန့်ကာတွေ ဖွင့်ထားလား ဆိုတာကိုလည်း စစ်ဆေးပါတယ်။
လန်နာ့ဒ်ဟာ သူ့ရဲ့ အရင်နေရာမှာပဲ ထိုင်ပြီး မြင်းလှည်းနံရံကို မှီကာ ဒေသတွင်း နာမည်ကြီး တေးသွားတစ်ပုဒ်ကို ညည်းနေပါတယ်။
မှေးမှိန်တဲ့ မြင်ကွင်းတွေ ဖြတ်ကျော်သွားတဲ့အခါ ကလိုင်းဟာ ပြာမှိုင်းမှိုင်း နှစ်ထပ်အိမ်တစ်လုံးကို မျက်လုံးထောင့်ကနေ တွေ့သွားပါတယ်။ အဲဒီအိမ်ရှေ့မှာ ပျက်စီးယိုယွင်းပြီး ချောက်ချားစရာကောင်းတဲ့ ဥယျာဉ်တစ်ခုလည်း ရှိနေပါတယ်။
“တွေ့ပြီ” ကလိုင်းက အသံအုပ်အုပ်နဲ့ ပြောပါတယ်။
သူ့စကား မဆုံးခင်မှာပဲ ဖရိုင်းနဲ့ လန်နာ့ဒ်ဟာ တိုးဝှေ့ပြီး ပြတင်းပေါက် အပြင်ဘက်ကို ကြည့်ပါတယ်။ နေရာကကျဉ်းတော့ သူတို့သုံးယောက်စလုံး တစ်ယောက်နဲ့တစ်ယောက် အသားချင်း ထိသွားပါတယ်။
မြင်းလှည်းက အဲဒီအိမ်နဲ့ နီးလာတဲ့အခါ ပထမထပ်မှာ ကန့်လန့်ကာတွေ ဆွဲထားတာကို သူတို့သုံးယောက် ထပ်တွေ့လိုက်ရပါတယ်။
ကလိုင်းဟာ ဒီအိမ်က သူတို့ရှာနေတဲ့ အဆောက်အဦးလား ဆိုတာ ဗေဒင်တွက်စရာတောင် မလိုပါဘူး။ ဒီအိမ်က သူ အိပ်မက်ထဲမှာ မြင်ခဲ့တဲ့ အိမ်ဆိုတာ သေချာပါတယ်။ သေချာပေါက် ယဇ်စင်က ဒီအိမ်ထဲမှာ ရှိနေမှာပါ။
သူတို့သုံးယောက်ဟာ တစ်ယောက်မှ မြင်းလှည်းကို မရပ်ခိုင်းဘဲ ရှေ့ဆက် မောင်းခိုင်းပါတယ်။ မြင်းလှည်းဟာ ပြာမှိုင်းမှိုင်း နှစ်ထပ်အိမ်ကို ကျော်သွားပြီး တော်တော် ဝေးဝေးအထိ ဆက်သွားပါတယ်။ မသိရင် ဒီအတိုင်း ဖြတ်သွားတဲ့ မြင်းလှည်းတစ်စီးလိုပါပဲ။
သူတို့တွေ လှည့်ကြည့်လို့ ပြာမှိုင်းမှိုင်း နှစ်ထပ်အိမ်ကို မမြင်ရတော့မှ လန်နာ့ဒ်ဟာ မြင်းလှည်းမောင်းသမားကို မြင်းလှည်း ရပ်ခိုင်းပါတယ်။
“ကလိုင်း... ဒီမြင်းလှည်းနဲ့ ဇိုးတလန်လမ်းဆီ ပြန်ပြီး ကပ္ပတိန်ကို လာကူဖို့ပြော...” လန်နာ့ဒ်ဟာ လက်ဆစ်ချိုးပြီး ကလိုင်းကို ဟန်ဆောင်ပြုံး ပြုံးပြုပါတယ်။
‘ဒီကောင်က ငါ့ကို လူသစ်လေးဆိုပြီး ဒီလိုအန္တရာယ်များတဲ့ တာဝန်မှာ မပါစေချင်တာလား... ဒီလိုကျတော့လည်း ဒီကောင်က မဆိုးဘူး...’ ကလိုင်းဟာ လန်နာ့ဒ်ရဲ့ ဆိုလိုရင်းကို နားလည်တာကြောင့် မှင်တက်သွားပါတယ်။
ဖရိုင်းကလည်း ခေါင်းညိတ် သဘောတူပါတယ်။
“ဟုတ်တယ်.. မင်းက တိုက်ခိုက်ရေးလေ့ကျင့်ရုံပဲ ရှိသေးတာ... နောက်ပြီး မင်းက ဘေးကနေ ပံ့ပိုးတဲ့ အကူလေ”
‘အစီအရင် တစ်ခုလုပ်ဖို့ လူအများကြီး သတ်တဲ့လူက သာမန်ရန်သူ မဟုတ်ဘူး... ကပ္ပတိန်ရှိမှာပဲ ဒီအခြေအနေက နည်းနည်း ဘေးကင်းလိမ့်မယ်...’ ကလိုင်းဟာ အသက်တစ်ချက် ရှူသွင်းပြီး သဘောတူပါတယ်။
အဲဒီနောက် သူဟာ လန်နာ့ဒ်နဲ့ ဖရိုင်းကိုကြည့်ပြီး ဟန်လုပ်ပြုံးပါတယ် “အဲဒါဆို ဂရုစိုက်ပါ”
“မစိုးရိမ်ပါနဲ့ကွာ... ငါက ငါ့အသက်ကို တန်ဖိုးထားပါတယ်... ကပ္ပတိန် ရောက်တဲ့အထိ ငါတို့က စောင့်ပဲ စောင့်ကြည့်မှာ... အနားတောင်ကပ်မှာ မဟုတ်ဘူး” လန်နာ့ဒ်က ပြုံးပါတယ်။
ဖရိုင်းဟာ ဘာမှ မပြောဘဲ သူ့အိတ်ကိုသာ ကောက်ယူပါတယ်။
ကလိုင်းဟာ တစ်ခဏ တိတ်ဆိတ်သွားပြီး ပဲနိစေ့ ထုတ်ကာ “ငါ မင်းတို့အတွက် ဗေဒင်တွက်ကြည့်ဦးမယ်”
“ဒီနေရာမှာ ဖြစ်ပျက်တာက အဆုံးသတ်ကောင်းဆီ ဦးတည်လိမ့်မယ်” သူဟာ ရွတ်ဆိုပြီးတာနဲ့ အကြွေစေ့ကို လေထဲ မြှောက်လိုက်ပါတယ်။ တစ်ချိန်တည်းမှာ သူ့မျက်လုံးတွေက မည်းနက်သွားပါတယ်။
“ချွင်...”
အကြွေစေ့ဟာ လေထဲမှာ လည်သွားပြီး ကလိုင်းရဲ့ လက်ဖဝါးပေါ် ပြန်ပြုတ်ကျပါတယ်။
ကလိုင်းဟာ အကြွေစေ့ကို ကြည့်လိုက်တဲ့အခါ ခေါင်းကျတာ တွေ့ရတဲ့အတွက် ချက်ချင်း သက်ပြင်းရှည်ကြီး ချလိုက်ပါတယ်။
“ဒါက ဝေဝါးတဲ့ နိမိတ်တစ်ခုသာသာပဲ... တခြားအဓိပ္ပာယ်တွေလည်း ကောက်လို့ရသေးတယ်... အရေးအကြီးဆုံးက တစ်ချိန်လုံး သတိကြီးကြီးထားပြီး စဉ်းစားချင့်ချိန်ဖို့ပဲ” သူဟာ ဖရိုင်းနဲ့ လန်နာ့ဒ်ကို အမြင်ဆရာတစ်ယောက်လိုမျိုး ရှင်းပြပါတယ်။
တစ်ဖက်လှည့်သွားပြီ ဖြစ်တဲ့ လန်နာ့ဒ်ဟာ လက်ဝှေ့ယမ်းပြီး မြင်းလှည်ပေါ်က ခုန်ဆင်းပါတယ်။
“ငါ့ရဲ့ အသက် ၈၀ အဘွားလိုပဲ စိတ်ရှုပ်စရာကောင်းတယ်...”
ဖရိုင်းဟာ လေးလေးနက်နက် ခေါင်းညိတ်ပြီး လက်ဆွဲအိတ်နဲ့ မြင်းလှည်းပေါ်က ဆင်းပါတယ်။
သူ့လုပ်ဖော်ကိုင်ဖက်နှစ်ယောက် ပြာမှိုင်းမှိုင်း နှစ်ထပ်အိမ်ဆီ လျှောက်သွားတာကြည့်ပြီး ကလိုင်းဟာ ချိုင်းသေနတ်အိတ်ထဲက ခြောက်လုံးပြူးကို ထိမိလိုက်ပါတယ်။ အဲဒီနောက် သူဟာ မြင်းလှည်းမောင်းသမားကို။
“ဇိုးတလန်လမ်းကို သွားမယ်”
နာရီနဲ့ငှားထားတဲ့ မြင်းလှည်းမောင်းသမားဟာ စကားတစ်ခွန်းမဆိုဘဲ မြင်းလှည်းကို စတင် မောင်းနှင်ပါတယ်။
...
အမှတ် (၃၆) ဇိုးတလန်လမ်း။
ကလိုင်း ဆူးနက်လုံခြုံရေး ကုမ္ပဏီထဲ ဝင်လိုက်တဲ့အခါ ရိုဇန်း၊ မစ္စအော်ရီယာနာနဲ့ တခြားလူတွေ အလုပ်ဆင်းသွားတဲ့အတွက် ကုမ္ပဏီက ပုံမှန်နဲ့မတူ တိတ်ဆိတ်နေပြီး အလင်းရောင် မှိန်မှိန်ပဲ ရှိတာကို တွေ့လိုက်ရပါတယ်။
ဒန်းစမစ်ဟာ ဧည့်သည်အတွက် ထားတဲ့ ဆိုဖာတစ်လုံးပေါ်မှာ ထိုင်နေပါတယ်။ ဓာတ်ငွေ့မီးအိမ် မထွန်းထားတဲ့အတွက် အနက်ရောင် လေကာအင်္ကျီနဲ့ ဒန်းစမစ်ဟာ အမှောင်ထုနဲ့ ပေါင်းစပ်နေသလို ရှိပါတယ်။
“သဲလွန်စ တွေ့လား...” ကပ္ပတိန်ကို ရှာနေတဲ့ ကလိုင်းဟာ ဒန်းစမစ်ရဲ့ အသံနက်ကြောင့် လန့်သွားပါတယ်။
သူဟာ ချက်ချင်း နောက်လှည့်ပြီး ဒန်းစမစ်ရဲ့ မီးခိုးရောင် မျက်လုံးတွေကို ကြည့်ကာ။
“တွေ့တယ်... ကျွန်တော်တို့တွေ...”
သူဟာ လန်နာ့ဒ်ရဲ့ ယူဆချက်၊ သူ ဗေဒင်တွက်ကြည့်တာနဲ့ နောက်ပိုင်း ပြာမှိုင်းမှိုင်းအိမ်ကို ရှာတွေ့တဲ့အထိ ဖြစ်စဉ်တစ်ခုလုံးကို တစ်လုံးမကျန် ပြောပြပါတယ်။
လန်နာ့ဒ်ရဲ့ ယုံကြည်ချက်ရှိမှုနဲ့ သူနဲ့ လန်နာ့ဒ် ဆွေးနွေးခဲ့တဲ့ တစ်မူထူးခြားမှုတွေက အရေးမကြီးတဲ့အတွက် ထည့်ပြောဖို့ မတန်ပါဘူး။
ဒန်းစမစ်ဟာ ကလိုင်းစကားကို နားထောင်ရင်း ဖြတ်ပြီးတော့ တစ်ခါတစ်ခါ မေးပါတယ်။ ကလိုင်း ရှင်းပြတာ ပြီးသွားတဲ့အခါမှာတော့ သူဟာ ကောက်ကာငင်ကာ မတ်တတ်ရပ်ပြီး တံခါးမကြီးဆီ လျှောက်သွားပါတယ်။
လှေကားကနေ အောက်ဆင်းခါနီးမှာ သူဟာ နောက်ပြန်လှည့်လာပြီး။
“ငါ မေ့တော့မလို့... မင်းဒီမှာနေ... အရေးပေါ်ကိစ္စပေါ်လာရင် ကြည့်သာလုပ်လိုက်...”
“ဟုတ်ကဲ့ပါ...” ကလိုင်းဟာ လေးလေးနက်နက် ခေါင်းညိတ်ပါတယ်။
အဲဒီအချိန်မှာ ကင်လီက ချန်စီဂိတ်ကို စောင့်ကြပ်ဖို့ တာဝန်ကျနေပြီး ကျန်တဲ့ ညသိမ်းငှက်တွေကလည်း သူတို့အလုပ်နဲ့ သူတို့ရှုပ်နေကြပါတယ်။
ဒန်းစမစ်ဟာ လှေကားသုံးလေးထစ် ဆင်းပြီးနောက် ရုတ်တရက် ရပ်လိုက်ပါတယ်။ သူဟာ ဦးထုပ်ဆောင်းရင်း လှမ်းအော်ပြောပါတယ်။
“တံခါးသော့ခတ်ပြီး ငါနဲ့ လိုက်ခဲ့ချည်... ဟီးဟီး... မင်း တိုက်ပွဲထဲ ဝင်ပါစရာ မလိုပေမဲ့ အတွေ့အကြုံ နည်းနည်းရတာပေါ့... နောက်ပြီး ငါတို့တွေ နောက်ဆုံး ရှာဖွေစစ်ဆေးမှုမှာ အစီအရင်ရဲ့ အကူအညီကို ယူရကောင်း ယူရနိုင်တယ်... မှတ်ထား... အကုန်လုံး မပြီးမချင်း အနည်းဆုံး မီတာငါးဆယ် အကွာမှာနေ... အဲဒီအဆောက်အဦးနား လုံးဝ မကပ်နဲ့...”
ကလိုင်းဟာ မှင်တက်သွားပေမဲ့ ပြတ်ပြတ်သားသား ခေါင်းညိတ်ပါတယ်။
“ဟုတ်ကဲ့ပါ”
...
ရောင်ခြည်တစ်ထောင် အလင်းဆောင်တဲ့ ရှင်နေမင်းကြီးက အနောက်လောကဓာတ်မှာ ဝင်ရောက် ပျောက်ကွယ်သွားပါပြီ။ လှိုင်းထန်တဲ့ ထာ့ဆစ်မြစ်ဟာ မှောင်မည်းပြီး ချောက်ချားစရာ ကောင်းလှပါတယ်။
တိမ်မည်းတွေက ကြက်သွေးရောင်လကို ကာထားတဲ့အတွက် ပြာမှိုင်းမှိုင်း နှစ်ထပ်အိမ်ဟာ အရိပ်ထဲမှာ မွန်းစတားတစ်ကောင် ပုန်းအောင်းနေသလိုပါပဲ။ အိမ်ရှေ့က ဥယျာဉ်ဟာလည်း ပိုးမွှားတွေ တစ်ကောင်မှ မရှိသလိုမျိုး အလွန်တရာကိုမှ တိတ်ဆိတ်နေပါတယ်။
ကလိုင်းဟာ ဒီမြင်ကွင်းကို အဝေးကနေ ကြည့်ပြီး လက်ဖဝါးမှာ ချွေးတွေ စို့လာပါတယ်။ ကြက်သီးမွေးညင်းလည်း ထသွားပါတယ်။ သူဟာ ဒီအိမ်ထဲမှာ ကြောက်စရာကောင်းတဲ့ အရာတွေ အများကြီး ပုန်းအောင်နေပြီး သွေးချောင်းစီးပွဲကို ဆာလောင်နေတယ်လို့ ခံစားလိုက်ရပါတယ်။
သူဟာ ဒန်းစမစ်၊ လန်နာ့နဲ့ ဖရိုင်းတို့ အမှောင်ထုထဲ ရောနှောပြီး နှစ်ထပ်အိမ်ဆီ သတိကြီးကြီးနဲ့ ချဉ်းကပ်သွားတာကို ကြည့်နေပါတယ်။
...
ပြာမှိုင်းမှိုင်းအိမ်ရဲ့ ဒုတိယထပ်က အလင်းရောင် လုံးဝမရှိတဲ့ အိပ်ခန်းထဲမှာ မျက်နှာဝိုင်းဝိုင်းနဲ့ ချစ်စရာကောင်းတဲ့ မိန်းကလေး တစ်ယောက်ဟာ မှန်တင်ခုံရှေ့ထိုင်ပြီး သူ ဂရုတစိုက် ပြင်ထားတဲ့ မျက်နှာကို သေချာ ကြည့်နေပါတယ်။
သူမရဲ့ ညာလက်ထဲမှာ ငွေမှန်တစ်ချပ် ရှိနေပြီး ဒီငွေမှန်ရဲ့ မျက်နှာပြင် ကြမ်းလွန်းတဲ့အတွက် မှန်ကြည့်ဖို့ဆိုတာ မဖြစ်နိုင်သလောက်ပါပဲ။
ရုတ်တရက်ဆိုသလို မှန်ထဲကနေ သွေးတွေ စီးထွက်လာပါတယ်။
နူးညံသိမ်မွေ့ပြီး ချစ်စရာကောင်းတဲ့ ထရစ်ဆာဟာ ရုတ်တရက်ဆိုသလို မျက်နှာ ကွက်ခနဲ ပျက်ပြီး လေးနက်သွားပါတယ်။ သူမဟာ မတ်တတ်ရပ်ပြီး ပြတင်းပေါက်ဆီ လျှောက်သွားကာ အပြင်ဘက်ကို တိတ်တဆိတ် ကြည့်ပါတယ်။
မြန်မာပြည် ငြိမ်းချမ်းပါစေ။