← Chapters

သာလွန်သူ တိုက်ပွဲ

Vol. 13 Ch. 123

သာလွန်သူ တိုက်ပွဲ

Vol. 13 Ch. 123

မှန်ပြတင်းပေါက် အပြင်ဘက်က ပျက်စီးယိုယွင်းနေတဲ့ ဥယျာဉ်ထဲမှာ နွယ်ပင်တွေ အနှံ့ပေါက်နေပါတယ်။ မြစ်ရေဟာ ညင်ညင်သာသာ စီးဆင်းနေပြီး ကောင်းကင်က ကြယ်တာရာတွေကို ရောင်ပြန်ဟပ်ကာ ဘေးနားဝန်းကျင်မှာရှိတဲ့ အဆောက်အဦးတွေကို နွေးထွေးတဲ့ ခပ်မှိန်မှိန်အလင်းရောင်နဲ့ လွှမ်းခြုံထားပါတယ်။

ညရောက်လာတာကို စောင့်ဆိုင်းနေသလိုမျိုး အရာအားလုံးက တိတ်ဆိတ်နေပါတယ်။

မိန်းမလှလေး ထရစ်ဆာဟာ ပြတင်းပေါက် အပြင်ဘက်ကနေ အကြည့်ကို ပြန်ရုပ်သိမ်းပြီး အဝတ်စင်ဆီ ခပ်သွက်သွက် လျှောက်သွားကာ ခေါင်းစွပ်ပါတဲ့ အနက်ရောင် ဝတ်ရုံရှည်ကို ယူလိုက်ပါတယ်။

သူမဟာ အနက်ရောင် ဝတ်ရုံရှည်ကို ခပ်မြန်မြန် ဝတ်ဆင်ပြီး ကြယ်သီး မြန်မြန်တပ် ‌ခေါင်းစွပ်ကို ခေါင်းပေါ် အုပ်ကာ သူမကိုယ်သူမ လူသတ်သမားအဖြစ် ပြောင်းလဲလိုက်ပါတယ်။

ထရစ်ဆာဟာ ညာလက်ကို မြှောက်ပြီး မျက်နှာကို သပ်ချလိုက်တဲ့အခါ ခေါင်းစွပ်အောက်က သူမရဲ့ မျက်နှာဟာ မှုန်ဝါးသွားပါတယ်။ သူမဟာ ညာဘက် ခါးနားမှာ ဖွက်ထားတဲ့ အိတ်တစ်အိတ်ထဲက တလက်လက် တောက်ပနေတဲ့ အမှုန်တွေကို လက်တစ်ဆုပ် ယူပြီး မန္တန်တစ်ပုဒ် မန်းမှုတ်ရင်း သူမကိုယ်ပေါ်မှာ ကြဲချလိုက်ပါတယ်။

ထရစ်ဆာရဲ့ ရုပ်သွင်ဟာ တဖြည်းဖြည်းချင်း ပျောက်ကွယ်သွားပါတယ်။ ခဲခြစ်ရာကို ခဲဖျက်နဲ့ဖျက်သလို ပျောက်ကွယ်သွားတာပါ။

သူမဟာ ပုန်းအောင်းမန္တန်ကို သုံးပြီးတာနဲ့ အိပ်ခန်းထဲကနေ တိတ်တဆိတ် ထွက်သွားပြီး မျက်နှာချင်းဆိုင် အခန်းထဲ ဝင်ကာ တိုင်တွေတန်းတွေ မကာထားတဲ့ ပြတင်းပေါက်ကို ဖွင့်လိုက်ပါတယ်။

သူမဟာ ကြောင်တစ်ကောင်လို ပြတင်းပေါက်ဘောင်ပေါ် ခုန်တက်ပြီး မြက်ခင်းပြင်ကနေ အိပ်နောက်ဘက်ထိ အကဲခတ်ပါတယ်။ သူမဟာ ညအမှောင်ထုနဲ့ တစ်သားတည်း ဖြစ်နေတယ်လို့ ထင်ရတဲ့ သံမဏိ ခြံစည်းရိုးကို ငုံ့ကြည့်လိုက်ပါတယ်။ အဲဒီမှာ သူမဟာ ခြံစည်းရိုးဆီ လာနေတဲ့ အလောင်းကောက်သမား ဖရိုင်းကို တွေ့သွားပါတယ်။

သူမဟာ အသက်အရှည်ကြီး ရှူသွင်းပြီး အောက်ကို ခုန်ချလိုက်တဲ့အခါ ငှက်မွေးလေးလို ပေါ့ပေါ့ပါးပါး ကျသွားပါတယ်။ အဲဒီနောက် မြက်ခင်းပြင်မှာ လမ်းလျှောက်တဲ့အခါ ခြေသံတစ်စက်မှ ထွက်မလာပါဘူး။

အနက်ရောင် လေကာအင်္ကျီ ဝတ်ထားတဲ့ ဖရိုင်းဟာ သူ့စိတ်ကြိုက် ပြုလုပ်ထားတဲ့ ခြောက်လုံးပြူးကို လက်ထဲမှာကိုင်ရင်း ဘေးပတ်ဝန်းကျင်ကို သတိကြီးကြီးနဲ့ ထောက်လှမ်းကာ ပေါ်လာကောင်း ပေါ်လာနိုင်တဲ့ အငြိုးစိတ်ဝိညာဉ်တွေနဲ့ မကောင်းဆိုးဝါး ဝိညာဉ်တွေကို ကြိုးစား ရှာဖွေပါတယ်။

သူဟာ ဒီလိုမျိုး တည်ရှိမှုတွေကို မျက်စိနဲ့ တပ်အပ် မြင်နိုင်ပါတယ်။

ထရစ်ဆာဟာ ဖရိုင်းနားကို တိတ်တဆိတ် ချဉ်းကပ်သွားပြီး ဖရိုင်းရဲ့ နောက်ဘက်ကို ရောက်အောင် သွားပါတယ်။ အနက်ရောင် ဓားမြှောင်တစ်ချောင်းက သူမရဲ့လက်ထဲကို ဘယ်တုန်းက ရောက်လာလဲ မသိပါဘူး။

“ဝှစ်...”

သူမဟာ ဓားမြှောင်ကို ဖရိုင်းရဲ့ ကျောပြင်ထဲ သွက်သွက်လက်လက် ထိုးစိုက်ပါတယ်။

အဲဒီအချိန်မှာပဲ သူမရှေ့က မြင်ကွင်းဟာ ပုံရိပ်ယောင်တစ်ခုလိုမျိုး ကွဲကြေသွားပါတယ်။

ထရစ်ဆာဟာ သူမက ပြတင်းပေါက်ဘောင်ပေါ်မှာ ရပ်ပြီး မြက်ခင်းပြင်နဲ့ သံမဏိ ခြံစည်းရိုးကို ကြည့်နေတုန်းဆိုတာ သဘောပေါက်လိုက်ပါတယ်။

ဒီတစ်ခါမှာတော့ ခြံစည်ရိုး အပြင်ဘက်မှာ ရပ်နေတာက အလောင်းကောက်သမား ဖရိုင်း တစ်ယောက်တည်း မဟုတ်တော့ပါဘူး။ ပြတင်းပေါ်ဆီ သေနတ်နဲ့ချိန်ထားတဲ့ လန်နာ့ဒ်မစ်ချယ်နဲ့ ဒန်းစမစ်လည်း ပါပါတယ်။

ညသိမ်းငှက်‌ ကပ္ပတိန်ဟာ မျက်ခုံးလယ်ကို ဖိရင်း ခန္ဓာကိုယ်ကို ရှေ့ကိုင်းလိုက်ပါတယ်။ သဏ္ဍာန်မဲ့ လှိုင်းတွေဟာ အပြင်ဘက်က ရိုက်ခတ်သွားပြီး သူ့မျက်လုံးဟာလည်း ပိတ်သွားပါတယ်။

ထရစ်ဆာရဲ့ မျက်ဆံတွေဟာ ကျုံ့ဝင်သွားပါတယ်။ သူမဟာ စောစောက ဖြစ်ခဲ့တာတွေ အကုန်လုံးက အိပ်မက်တစ်ခုဆိုတာ ချက်ချင်း နားလည်လိုက်ပါတယ်။ သူမ အိပ်ပျော်သွားတာကို သူမကိုယ်တိုင်တောင် မသိလိုက်ပါဘူး။

“ဒိုင်း... ဒိုင်း... ဒိုင်း...”

လန်နာ့ဒ်နဲ့ ဖရိုင်းဟာ သေနတ်နဲ့ သုံးချက် ပစ်တဲ့အခါ ပြတင်းပေါက် ဘောင်ပေါ်က သတိပြန်ဝင်လာခါစ မမြင်ရတဲ့လူကို တန်းတန်းမတ်မတ် ထိမှန်သွားပါတယ်။

“ခွပ်...”

ထရစ်ဆာဟာ ကိုယ်ပျောက်နေရာက ပြန်ပြီးတော့ ပေါ်လာပါတယ်။ ပထမ အက်ကွဲသံ ထွက်ပေါ်လာပြီးနောက် ငွေမှန်ရဲ့ တစ်စစီ ကွဲကြေသံ ထွက်ပေါ်လာပါတယ်။

ပြတင်းပေါက်ဘောင်ပေါ်က ထရစ်ဆာဟာ အစားထိုးမန္တန်သုံးပြီး လှည့်ပြေးပါတယ်။ သူမဟာ လူသွားစင်္ကြံအတိုင်း ပထမထပ်ဆီ ဒရောသောပါး ပြေးပါတယ်။

“ဝှစ်...”

လူတစ်ယောက်ကို အေးခဲသွားအောင် လုပ်နိုင်တဲ့ ရေခဲထက် အေးစက်တဲ့လေပြင်းဟာ ပထမထပ်မှာ တိုက်ခိုက်နေပါတယ်။ အသွင်သဏ္ဍာန်မဲ့ပြီး အကြည်သားရုပ်သွင်တွေဟာ အိမ်ထဲက နေရာတိုင်း ထောင့်တိုင်းမှာ ငေးကြောင်ကြောင်နဲ့ အူတူတူ အတတ လျှောက်သွားနေကြပါတယ်။

ကိုယ်ပြန်ပေါ်လာတဲ့ ထရစ်ဆာဟာ စိတ်ဝိညာဉ်တွေကို ဖြတ်သွားတိုင်း သူမရဲ့ ကိုယ်ပူချိန် ကျသွားတာကို ခံစားမိပါတယ်။ နောက်ဆုံး သူမ ယဇ်စင်ကို ရောက်တဲ့အခါ ခိုက်ခိုက်တုန်တာကို ဘာမှမဖြစ်သလို မနေနိုင်တော့ပါဘူး.

ယဇ်စင်က စားပွဲဝိုင်းတစ်လုံးပါ။ စားပွဲရဲ့ အလယ်ခေါင်မှာတော့ အရိုးကနေ ထွင်းထားတဲ့ နတ်ဘုရားရုပ်တုကို တင်ထားပါတယ်။

ဒီနတ်ဘုရားရုပ်တုဟာ အရွယ်ရောက်ပြီး အမျိုးသားတစ်ယောက်ရဲ့ ခေါင်းတစ်လုံးစာလောက် ရှိပါတယ်။ ဒါပေမဲ့ ဒီနတ်ဘုရားရုပ်တုက အမျိုးသား ရုပ်တု မဟုတ်ပါဘူး။ တော်တော်ကို ချောမောလှပတဲ့ အမျိုးသမီးရုပ်တုပါ။

သူမရဲ့ ဆံပင်တွေဟာ ခေါင်းကနေ ခြေဖျားအထိ ရှည်လျားတဲ့အတွက် ဆံပင်ကောင်းခြင်း လက္ခဏာနဲ့ ပြည့်စုံတယ်လို့ ယူဆလို့ရပါတယ်။ ဒါပေမဲ့ ဆံချည်မျှင်တိုင်းက သေးသေးသွယ်သွယ် မရှိဘဲ တုတ်ခိုင်ပြီး အဆိပ်ရှိမြွေတွေလို ဒါမှမဟုတ် ရေဘဝဲတစ်ကောင်ရဲ့ လက်တံတွေနဲ့ သွားတူနေပါတယ်။

ဒီဆံခြည်မျှင်တိုင်းရဲ့ အဖျားတိုင်းမှာလည်း မျက်လုံးတစ်လုံးစီ ရှိနေပါတယ်။ တချို့မျက်လုံးတွေက ပိတ်နေပေမဲ့ တချို့မျက်လုံးတွေကတော့ ပွင့်နေပါတယ်။

ဒီအမျိုးသမီးရဲ့ဘေးမှာ ရုပ်သေးရုပ်တွေ အများကြီး ပြန့်ကျဲနေပါတယ်။ ဒီရုပ်သေးရုပ်တွေရဲ့ လက်ရာကတော့ ဆိုးလွန်းပါတယ်။ ဒါပေမဲ့ ဒီရုပ်သေးရုပ်တွေမှာ နာမည်နဲ့ သက်ဆိုင်တဲ့ အချက်အလက်တွေ ရေးထားပါတယ်။ ဥပမာ ဂျွိုင်းမိုင်ယာ။

စားပွဲပေါ်မှာ ဖယောင်းတိုင် သုံးတိုင် ထွန်းထားပါတယ်။ ဒီလောက် အေးစက်တဲ့လေပြင်း တိုက်ခိုက်နေတာတောင် စိမ်းဝါရောင် မီးလျှံက အေးအေးလူလူ တောက်လောင်နေတုန်းပါ။

ထရစ်ဆာဟာ နတ်ဘုရားရုပ်တုကို ဦးညွှတ်ပြီး မန္တန်ကို ခပ်သွက်သွက် ရွတ်ဆိုပါတယ်။ အဲဒီနောက် သူမဟာ ရုပ်သေးရုပ်တွေကို ဘေးဖယ်ပြီး ဖယောင်းတိုင်မီးတွေကို ငြှိမ်းသတ်ကာ နတ်ဘုရားမရုပ်တုကို ကောက်ယူပါတယ်။

“ဟူး...”

လေတိုက်ခိုက်တာက ပိုပြင်းထန်လာတဲ့အတွက် ပိတ်ထားတဲ့ ပြတင်းပေါက်တွေပါ လှုပ်ရှားလာပါတယ်။

“ခွပ်... ခွပ်...”

မှန်ကွဲစတွေဟာ အရပ်ရှစ်မျက်နှာကို ပျံထွက်သွားပါတယ်။

အိမ်ရဲ့တစ်ဘက်ကို ရောက်နေတဲ့ ဖရိုင်းဟာ ယဇ်စင်ထဲ အတင်း တိုးမဝင်ရဲပါဘူး။ သူဟာ သွေးတွေ အေးခဲလာသလိုမျိုး ခိုက်ခိုက်တုန်အောင် ချမ်းသွားပါတယ်။ ဒီချမ်းအေးမှုကြောင့် သူ့ရဲ့ လှုပ်ရှားမှုတွေဟာ သိသိသာသာကို နှေးကွေးသွားပါတယ်။

ရုတ်တရက်ဆိုသလို သူ့ရဲ့ ခြေဖနောင့်ကနေ တင်းကျပ်မှုကို ခံစားလိုက်ရပါတယ်။ မမြင်ရတဲ့ အရာတစ်ခုက သူ့ခြေဖနောင့်ကို ဖမ်းဆုပ်ထားသလိုပါပဲ။

ဒီထင်းခနဲ အေးစက်မှုဟာ ခြေဖနောင့်ကနေ အပေါ်ကို တက်လာပါတယ်။ သာမန် ဆုံမှတ် ၉ သာလွန်သူသာဆိုရင် ထုံကျဉ်ပြီး လုံးဝ လှုပ်ရှားနိုင်တော့မှာ မဟုတ်ပါဘူး။ ဒါပေမဲ့ အလောင်းကောက်သမား အနေနဲ့ ဖရိုင်းဟာ ဒီလိုအခြေအနေမျိုးကို အံတိုနေပါပြီ။

သူဟာ ခြောက်လုံးပြူးကို ထုံကျဉ်တဲ့ ခြေဖနောင့်ဘေးနား ချိန်ပြီး ပစ်ထည့်လိုက်ပါတယ်။ ရန်သူက ဘယ်သူ၊ ဘယ်နားမှာ ရှိတယ်ဆိုတာကို တိတိကျကျ မြင်ရတဲ့အတိုင်းပါပဲ။

“ဒိုင်း...”

နတ်ဆိုးပစ်ကျည်ဆံဟာ လေထုကို ခွင်းသွားပြီး စူးရှတဲ့ အော်သံတစ်သံ ထွက်ပေါ်လာပါတယ်။

သဏ္ဍာန်မဲ့ ရုပ်သွင်ဟာ လွင့်ပါးပျောက်ကွယ်သွားပြီး ဖရိုင်းဟာ ပြန်ပြီးတော့ ရွှေ့လျားနိုင်သွားပါတယ်။

တခြားတစ်နေရာမှာလည်း ယဇ်စင်ရဲ့ ထိပ်တိုက် တိုက်ခိုက်မှုကို ရှောင်ရှားပြီး ဒုတိယထပ်ကို တက်ချင်တဲ့ ဒန်းစမစ်ဟာ အေးစက်တဲ့ လေပြင်းရဲ့ လွှမ်းမိုးမှုကို အလားတူ ခံစားရပါတယ်။ သူဟာ ကွဲနေတဲ့ ပြတင်းပေါက်ရဲ့ အပြင်ဘက်မှာ ရပ်သွားပြီး သူ့ခန္ဓာကိုယ်ဟာ အေးခဲသွားပါတယ်။

“ဝှစ်...”

ပြတင်းပေါက်နောက်က ကန့်လန့်ကာဟာ ရုတ်တရက် လေထဲမြှောက်လာပြီး ဒန်းစမစ်ကို ရစ်ပတ်ပါတယ်။ မွန်းစတားတစ်ကောင် ပါးစပ်ဟပြီး သားကောင်ကို ဝါးမျိုလိုက်သလိုပါပဲ။

ကန့်လန့်ကာဟာ အသက်ဝင်နေသလိုမျိုး ဒန်းစမစ်ရဲ့ ခေါင်းကို တင်းတင်းကျပ်ကျပ် ပတ်တဲ့အတွက် ဒန်းစမစ်ရဲ့ မျက်နှာသွင်ပြင်ဟာ ကန်လန့်ကာမှာ ထင်းခနဲ ပေါ်လာပါတယ်။

အသက်ရှူ ကျပ်ခါနီး ဖြစ်သွားတဲ့ ဒန်းစမစ်ဟာ ခြေထောက်ဆောင့်ပြီး ဒူးဆန့်ကာ ခါးကို လှည့်ပါတယ်။ သူဟာ ခွန်အားချည်းသုံးပြီး ကန့်လန့်ကာရဲ့ တင်းကျပ်နေအာင် ရစ်ပတ်ထားမှုကို လျော့ရဲသွားစေပါတယ်။

အဲဒီနောက် သူဟာ သူ့ခေါင်းပတ်လည်က ကန့်လန့်ကာ အစွန်းတစ်စကို ဘယ်လက်နဲ့ ဖမ်းဆုပ်ပြီး အင်နဲ့အားနဲ့ ဆွဲခွာကာ ကြမ်းပြင်ပေါ် ပစ်ချပါတယ်။

“ဒိုင်း...”

သူဟာ ပြတင်းပေါက်နောက်က တခြား ကန့်လန့်ကာ တစ်ဝက်ကို သေနတ်နဲ့ပစ်ပြီး သူ့ကို နောက်တစ်ကြိမ် မတိုက်ခိုက်နိုင်အောင် တားဆီးပါတယ်။

ကန့်လန့်ကာကနေ နီမှောင်ရောင် အရည်တွေ စိမ့်ထွက်လာပြီး ချက်ချင်း ရပ်တန့်သွားပါတယ်။

“ဟူး...”

မြက်ခင်းပြင်မှာလည်း ကဗျာရွတ်နေတဲ့ လန်နာ့ဒ်မစ်ချယ်ဟာ သေခြင်း အငွေ့အသက်ပါတဲ့ အေးစက်တဲ့လေပြင်းရဲ့ တိုက်ခိုက်မှုကြောင့် သွားတွေကျင်ပြီး ကဗျာဆက်ရွတ်ဖို့ ခက်ခဲသွားပါတယ်။

ဥယျာဉ်ထဲက ရှုပ်ပွနေတဲ့ မြက်ပင် ပေါင်းပင်တွေဟာ ရုတ်တရက် ရှည်ထွက်လာပြီး သူ့ခြေထောက်ကို လာရစ်ပတ်ပါတယ်။ အရိပ်နက်တစ်ခုကလည်း လန်နာ့ဒ်ကို ပစ်မှတ်ထားပြီး အေးစက်လေပြင်းတွေနဲ့အတူ ပျံသန်းလာပါတယ်။

ခန္ဓာကိုယ် တောင့်တင်းလာတဲ့ လန်နာ့ဒ်ဟာ အချိန်မီ သေနတ်နဲ့ မပစ်နိုင်တော့တာကြောင့် ပခုံးနောက်ဆုတ်ပြီး လက်ကို မြှောက်လိုက်ပါတယ်။

“ဒုတ်...”

အရိပ်နက်ဟာ လန်နာ့ဒ်ရဲ့ လက်ဖျံကို ဝင်တိုက်ပြီး သူ့ခန္ဓာကိုယ်မှာရှိတဲ့ ဆူးတွေဟာ လန့်နာဒ်ရဲ့ အရေပြားကို ထိုးဖောက်သွားပါတယ်။

ဒီအရိပ်နက်က နီရဲတောက်နေတဲ့ အလှပန်းတစ်မျိုးပါ။ ဘာပန်းလဲဆိုတာတော့ လန်နာ့ဒ် မသိပါဘူး။

နာကျင်မှုကြားမှာ လန်နာ့ဒ်ဟာ သူ့သွေးနဲ့ နီရဲနေတဲ့ ပန်းကို မြေကြီးပေါ် ပစ်ပေါက်ပါတယ်။ အဲဒီနောက်။

“ဒိုင်း...”

ခြေထောက်ကို ပတ်ထားတဲ့ နွယ်တွေကို သေနတ်နဲ့ ပစ်လိုက်တဲ့အခါ နီမှောင်ရောင်သွေးတွေ စိမ့်ထွက်လာပါတယ်။

“ရှပ်... ရှပ်... ရှပ်...”

အဲဒီနောက် သူဟာ ခပ်သွက်သွက်လျှောက်ပြီး ပထမထပ်က အနောက်မှာ ယဇ်စင်ရှိနေတဲ့ ကွဲနေတဲ့ ပြတင်းပေါက်ဆီ တစ်ဟုန်ထိုး ပြေးပါတယ်။

နွယ်ပင်တွေဟာ လန်နာ့ဒ် စောစောတုန်းက ရပ်နေတဲ့နေရာကနေ ရုတ်ခြည်း နောက်ဆုတ်သွားပါတယ်။ မမြင်ရတဲ့ အရာတစ်ခုခုကို ကြောက်လို့ ပုန်းသွားသလိုပါပဲ။

ထရစ်ဆာဟာ ယဇ်စင်ဖျက်ပြီး ဖန်တီးထားတဲ့ ဝရုန်းသုန်းကား အခြေအနေနဲ့ ရပ်နားအစီအရင်ကို အခွင့်ကောင်းယူပြီး သူမကိုယ်သူမ ထပ်ပြီးတော့ ကိုယ်ရောင်ဖျောက်ပါတယ်။ သူမဟာ ညသိမ်းငှက်တွေရဲ့ စိတ်ဝိညာဉ်အာရုံကို အရူးလုပ်ပြီး ဂဏန်းလက်မ တိုက်ခိုက်တဲ့ပုံစံကနေ လွတ်မြောက်ကာ ညသိမ်းငှက်သုံးယောက်ရဲ့ နောက်ကို ရောက်အောင် ထွက်ပြေးနိုင်ခဲ့ပါတယ်။

သူမ ညာလက်ကို ဆန့်လိုက်တဲ့အခါ ချက်ချင်းဆိုသလို လေအေး တိုက်ခိုက်လာပါတယ်။ ဒီလေအေးဟာ လန်နာ့ဒ်ရဲ့ သွေးနဲ့ နီရဲနေတဲ့ ပန်းပင်ကို သူမရဲ့လက်ဖဝါးပေါ် ဆောင်ယူလာပါတယ်။

ထရစ်ဆာဟာ မရပ်ပါဘူး။ ပန်းပင်ကို လက်ထဲမှာ ကိုင်ရင်း သံမဏိခြံစည်းရိုးဆီ သွက်သွက်လက်လက် လျှော်ကာ ထာ့ဆစ်မြစ်ဘက် ထွက်ပြေးပါတယ်။

ပထမထပ်ထဲ ဝင်ရုံရှိသေးတဲ့ လန်နာ့ဒ်ဟာ တစ်စုံတစ်ခုကို ကြားလိုက်သလိုမျိုး ရုတ်ခြည်း ခေါင်းလှည့်ကြည့်ပါတယ်။ သူဟာ မျက်နှာပျက်သွားပြီး အင်္ကျီလက်စကို ဆွဲတင်ကာ စောစောက ပန်းပင်ကြောင့် ရထားတဲ့ ဒဏ်ရာကို ကြည့်ပါတယ်။

သူ့ခန္ဓာကိုယ်က ကြံ့ခိုင်တဲ့အတွက် သွေးထွက်တာက ရပ်သွားပါပြီ။ ရောင်ရမ်းတာပဲ ကျန်နေခဲ့ပါတယ်။

လန်နာ့ဒ်ရဲ့ မျက်နှာဟာ တင်းမာသွားပါတယ်။ သူဟာ ဘယ်ဘက်လက်ညှိုးကို ဖိညှပ်ပြီး လက်သည်းခွံကို ဆွဲချွတ်ပါတယ်။ နာကျင်မှုကြောင့် မျက်နှာတစ်ခုလုံး ရှုံ့တွသွားပေမဲ့ သူဟာ လုံးဝ မရပ်ပါဘူး။

တစ်စုံတစ်ခုကို တိတ်တဆိတ် ရွတ်ဆိုပြီးနောက် သူဟာ ရောင်ရမ်းနေတဲ့ ဒဏ်ရာကို လက်သည်းခွံနဲ့ ထိုးခွဲပါတယ်။ သူ့သွေးနဲ့ လက်သည်းခွံ ချင်းချင်းနီသွားတဲ့အခါ သူဟာ ခေါင်းကနေ ဆံပင်လေးငါးပင် ဆွဲနှုတ်ပြီး လက်သည်းခွံကို ဆံပင်နဲ့ ချည်လိုက်ပါတယ်။

ထာ့ဆစ်မြစ်ဘေးမှာ ထရစ်ဆာဟာ ခြေလှမ်း နှေးလိုက်ပါတယ်။ သူမဟာ လက်ထဲက ပန်းပင်ကိုကြည့်ပြီး တစ်စုံတစ်ခုကို ရွတ်ဆိုလိုက်တဲ့အခါ သူမရဲ့ လက်ဖဝါးပေါ်မှာ ဝိုးတိုးဝါးတား မီးလျှံတစ်ခု ရုတ်တရက် ပေါ်လာပါတယ်။ ဒီမီးလျှံဟာ ပန်းပင်ကို ဝါးမျိုပြီး ပြာဖြစ်တဲ့အထိ လောင်ကျွမ်းသွားပါတယ်။

ပြီးသွားတဲ့အခါမှာတော့ ထရစ်ဆာဟာ မြစ်ထဲ ခုန်ဆင်းပြီး ရေထဲမှာ ပျောက်ကွယ်သွားပါတယ်။

တစ်ချိန်တည်းမှာပဲ လန်နာ့ဒ်ဟာ သူ့ဆံပင် ပတ်ထားတဲ့ သွေးစွန်းနေတဲ့ လက်သည်းခွံကို ထောင့်တစ်နေရာ ပစ်လိုက်ပါတယ်။ အဲဒီလက်သည်းခွံဟာ လောင်ကျွမ်းပြီး အနံ့ဆိုး ထွက်လာပါတယ်။

လက်သည်းခွံနဲ့ ဆံပင်ဟာ လျင်လျင်မြန်မြန် ပျောက်ကွယ်သွားပြီး အမှုန်တချို့ပဲ ကျန်နေခဲ့ပါတယ်။

လန်နာ့ဒ်ဟာ သက်ပြင်းရှည်ကြီး ချလိုက်ပါတယ်။ သူဟာ ပြတင်းပေါက်ကို ဖြတ်ကျော်ပြီး ပထမထပ်ထဲ ဝင်ကာ ယဇ်စင်ကို ဖျက်ဆီးနေတဲ့ ဒန်းစမစ်နဲ့ ဖရိုင်းကို ပြောပါတယ် “ပစ်မှတ်က လွတ်သွားပြီ... ဒါပေမဲ့ လောလောဆယ် ပြဿနာတော့ မရှိသေးဘူး... ကျွန်တော်တို့ရဲ့ အဓိက ရည်ရွယ်ချက်က အစီအရင်ကို ဟန့်တားဖို့မလား”

ဒန်းစမစ်ဟာ သက်ပြင်းချပြီး စားပွဲပေါ်က ရုပ်သေးရုပ်တွေကို ကြည့်ပါတယ်။

“သူက တော်တော် သတိကြီးပြီး စွမ်းအားလည်း ကြီးတယ်... ငါတို့ချဉ်းကပ်လာတာကို ကြိုပြီးတော့ အာရုံခံမိတယ်... မဟုတ်ရင်... သူက အနည်းဆုံး ဆုံမှတ် ၇ သာလွန်သူပဲ...”

“ကလိုင်းကို အချက်ပြပြီး လာဖို့ပြောလိုက်...”

အိပ်မက်ထဲမှာ တဒင်္ဂ တွေ့ဆုံမှုကနေ ရန်သူက အမျိုးသမီးဆိုတာ သူ သိလိုက်ရပါတယ်။

မြန်မာပြည် ငြိမ်းချမ်းပါစေ။

All Chapters