← Chapters

သူ ဘယ်သူလဲ

Vol. 13 Ch. 124

သူ ဘယ်သူလဲ

Vol. 13 Ch. 124

ကလိုင်းဟာ ပြာမှိုင်းမှိုင်း နှစ်ထပ်အိမ်နဲ့ ဆယ်မီတာကျော်ဝေးတဲ့ အဆောက်အဦးတစ်ခုရဲ့ အရိပ်အောက်မှာ ပုန်းနေပါတယ်။ သူဟာ သေနတ်ပစ်သံနဲ့ တဟူးဟူး လေပြင်း တိုက်ခိုက်သံတွေကို ခပ်ယဲ့ယဲ့ ကြားလိုက်ရပါတယ်။

‘ရန်သူက ငါ့ဆီ ပြေးလာရင် ငါ သေနတ်ထုတ်ပြီး ပစ်ရမလား... ဒါမှမဟုတ် မမြင်ချင်ယောင် ဆောင်ရမလား...’ ကလိုင်းဟာ ချွေးစေးတွေကြားမှာ တွေးလိုက်ပါတယ်။

တခြားလူတွေရဲ့ အသက်ကို နည်းအမျိုးမျိုးနဲ့ ခိုးယူနိုင်တဲ့ သာလွန်သူက သေချာပေါက် ဆုံမှတ် ၉ ဆုံမှတ် ၈ မဖြစ်နိုင်ပါဘူး။ သူ့လိုမျိုး အမြင်ဆရာတစ်ယောက် ထိပ်တိုက် ရင်ဆိုင်နိုင်မဲ့လူ မဟုတ်ဘူး ဆိုတာကလည်း သေချာပါတယ်။ သူ့ကိုယ်သူ စတေးရင်တောင် တစ်ဖက်လူကို ဒန်းစမစ်နဲ့ လန်နာ့ဒ်တို့ ရောက်လာတဲ့အထိ တားထားဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။

ထာဝရည နတ်ဘုရားမ တစ်ဖြစ်လဲ ကပ်ဘေးဒုက္ခရဲ့ သခင်မက သူ့ရဲ့ သစ္စာရှိ စောင့်ကြပ်သူတွေရဲ့ ဆုတောင်းစကားကို ကြားသွားပုံပါပဲ။ ဘယ်သူမှ ကလိုင်း ပုန်းနေတဲ့နေရာကို ပြေးမလာပါဘူး။

လေးငါးမိနစ်ကြာတဲ့အခါမှာတော့ သူဟာ ပြာမှိုင်းမှိုင်း နှစ်ထပ်အိမ်ဆီကနေ သီချင်းသံစဉ်တစ်ပုဒ်ကို ကြားလိုက်ရပါတယ်။

ပိုပြီးတော့ ရှင်းရှင်းလင်းလင်း ကြားနိုင်အောင် ဘေးရွှေ့နားထောင်ပြီးနောက် ကလိုင်းဟာ ဒီသံစဉ်က လန်နာ့ဒ်မစ်ချယ် အမြဲတမ်း ညည်းလေ့ရှိတဲ့ သီချင်းသံစဉ်ဆိုတာ အတည်ပြုလိုက်ပါတယ်။

“ဟူး...”

သူဟာ လေပူတစ်ချက် မှုတ်ထုတ်လိုက်ပါတယ်။ သူဟာ သေနတ်နဲ့ လက်ကိုင်တုတ်ကို လက်တစ်ဖက်တစ်ချပ်စီမှာ ကိုင်ပြီး အရိပ်ထဲက ထွက်ကာ ပြာမှိုင်းမှိုင်း နှစ်ထပ်အိမ်ဆီ လျှောက်သွားပါတယ်။

ဒီသီချင်းသံစဉ်က သူနဲ့ ဒန်းစမစ်တို့ တွေ့ဆုံဖို့ သဘောတူထားတဲ့ အချက်ပြသင်္ကေတပါ။

ကလိုင်းဟာ ခြေလှမ်း နှစ်လှမ်း လှမ်းပြီးနောက် ရုတ်တရက် ရပ်လိုက်ပါတယ်။ သူဟာ လက်ကိုင်တုတ်ကို သတ္တုခြံစည်းရိုးမှာ ထောင်ပြီး ခြောက်လုံးပြူးကို တစ်ခြားလက်နဲ့ ပြောင်းကိုင်ပါတယ်။

အဲဒီနောက် သူဟာ အင်္ကျီလက်စထဲက ငွေချိန်းကြိုးကို ထုတ်ပြီး ဥဿဖရားကို တွဲလောင်းချလိုက်ပါတယ်။

ကလိုင်းဟာ ဥဿဖရား ငြိမ်သက်သွားအောင် စောင့်ပြီးနောက် ချက်ချင်း မျက်လုံးမှိတ်ကာ တွေးခေါ်မှု အခြေအနေထဲ ဝင်ပါတယ်။ အဲဒီနောက် ဗေဒင်တွက်မဲ့ စာကြောင်းကို ရွတ်ဆိုပါတယ်။

“စောစောက သီချင်းသံက ပုံရိပ်ယောင်ပဲ”

“စောစောက သီချင်းသံက ပုံရိပ်ယောင်ပဲ”

...

ခုနစ်ခေါက် ရွတ်ဆိုပြီးနောက် မျက်လုံးဖွင့်ကြည့်လိုက်တဲ့အခါ ငွေချိန်းကြိုးက နာရီလက်တံ ပြောင်းပြန်အတိုင်း လည်နေတာ တွေ့လိုက်ရပါတယ်။

‘ပုံရိပ်ယောင် မဟုတ်ဘူးပဲ...’ ကလိုင်းဟာ ငွေချိန်ကြိုးကို ပြန်သိမ်းပြီး လက်ကိုင်တုတ်ကို ဆွဲကာ ပြာမှိုင်းမှိုင်း နှစ်ထပ်အိမ်ဆီ ဦးတည်တဲ့ သတ္တုဂိတ်ရှေ့ကို ခပ်သွက်သွက် ရောက်သွားပါတယ်။ အဲဒီနောက် သူဟာ လက်ကိုင်တုတ်ကို ညာဘက်ပြောင်းပြီး ခြောက်လုံးပြူးနဲ့ အတူတူ ကိုင်ပါတယ်။

သူဟာ ခြံစည်းရိုးကို တွန်းဖွင့်ဖို့ လက်နဲ့ ထိလိုက်တဲ့အခါ ရုတ်တရက်ဆိုသလို စိမ့်တက်သွားပါတယ်။ တစ်ယောက်ယောက်က ရေခဲရေတစ်ပုံး သူ့ကုတ်ပေါ် လောင်းချလိုက်သလို ခံစားလိုက်ရပါတယ်။

ကလိုင်းဟာ တရှူးရှူး တရှဲရှဲ ဖြစ်သွားပြီး ဆတ်ခနဲ လက်ပြန်ရုပ်လိုက်ပါတယ်။ သွားတွေလည်း ကြိတ်မိသွားပါတယ်။

‘ဒီနေရာက ဆောင်းရာသီ ကျနေပါ့လား...’ ကြယ်ရောင် ဝိုးတိုးဝါးတားနဲ့ အဝေးက လမ်းမီးအိမ်ရဲ့ ခပ်မှိန်မှိန် အလင်းရောင်အောက်မှာ သူဟာ သတ္တုခြံစည်းရိုးနောက်က ဥယျာဉ်ကို လှမ်းကြည့်လိုက်တဲ့အခါ သွေ့ခြောက်နေတဲ့ သစ်ကိုင်းတွေ၊ ညှိုးခြောက်နေတဲ့ ပန်းတွေ၊ အဖြူရောင် ဆီနှင်းနဲ့ အညိုရောင် မြေကြီး ဖုံးအုပ်နေတဲ့ သစ်ရွက်ခြောက်တွေကို တွေ့လိုက်ရပါတယ်။

‘အံ့ဩဖို့ ကောင်းလိုက်တာ...’ ကလိုင်းဟာ စိတ်ထဲမှာ ချီးကျူးမိလိုက်ပါတယ်။ သူဟာ မျက်ခုံးလယ်ကို တောက်ပြီး စိတ်ဝိညာဉ်အာရုံ ဖွင့်ပါတယ်။

သူဟာ လက်ကိုင်တုတ်ကို ဘယ်လက်နဲ့ ပြန်ကိုင်ပြီး သတ္တုတံခါးကို တွန်းဖွင့်ပါတယ်။

ဂိတ်တံခါးဟာ တကျွီကျွီ မြည်ပြီး လူတစ်ကိုယ်စာ ဝင်ရုံ ဟသွားပါတယ်။ ကလိုင်းဟာ ဘေးစောင်းဝင်ပြီး ကျောက်ခင်းလမ်းအတိုင်း ပြာမှိုင်းမှိုင်း နှစ်ထပ်အိမ်ဆီ လျှောက်သွားပါတယ်။ လမ်းဘေးနှစ်ဖက်က ရှုံ့တွနေတဲ့ အပင်တွေဟာ အမှောင်ထုထဲက နာနာဘာဝ အကောင်တွေလိုပါပဲ။

ဒီမြင်ကွင်းက ကလိုင်းကို သရဲဇာတ်လမ်းတွေနဲ့ ချောက်ချားစရာကောင်းတဲ့ ရုပ်ရှင်တွေအကြောင်း သတိရသွားစေပါတယ်။

သူဟာ အသက်ရှူနှုန်းကို အလိုလို နှေးမိလိုက်ပြီး ခပ်သွက်သွက် လျှောက်ပါတယ်။ သို့ပေမဲ့ သူ ခြေသုံးလေးလှမ်း လှမ်းပြီးရုံမှာပဲ တစ်စုံတစ်ယောက်က သူ့ဘယ်ဘက် ပခုံးကို လာပုတ်ပါတယ်။

“ဒုတ်... ဒုတ်...” ကလိုင်းဟာ နှလုံးခုန်သံ မြန်လာပါတယ်။

သူဟာ‌ ခြောက်လုံးပြူးကို မြှောက်ပြီး ဖြည်းဖြည်းချင်း နောက်လှည့်ကြည့်တဲ့အခါ အလင်းရောင် ခပ်မှိန်မှိန်ကြားမှာ ခြောက်သွေ့ပြီး ပြုတ်ကျခါနီးနေတဲ့ သစ်ကိုင်းခြောက်တစ်လက်ကို တွေ့လိုက်ရပါတယ်။

‘ကိုယ့်ကိုယ်ကိုယ် ပြန်ခြောက်မိတာပဲ’ ကလိုင်းဟာ နှုတ်ခမ်းထောင့် တွန့်တက်သွားပြီး လက်ကိုင်တုတ်နဲ့ သစ်ကိုင်းခြောက်ကို ရိုက်ဖယ်ပါတယ်။

အဲဒီနောက် သူ ရှေ့ဆက်လျှောက်တဲ့အခါ ငိုရှိုက်သံတွေကို နားထဲမှာ ကြားလာရပါတယ်။ ဝေဝါးပြီး အကြည်သား ရုပ်သွင်တွေ သူ့မြင်ကွင်းထဲမှာ ပေါ်လာပါတယ်။ ဒီအရိပ်တွေဟာ လူရှင်တစ်ယောက်ရဲ့ အငွေ့အသက်နဲ့ အသွေးအသားရဲ့ နွေးထွေးမှုကို ခံစားမိတဲ့အခါ စုပြုံ တိုးဝှေ့လာကြပါတယ်။

ကလိုင်းဟာ ထခုန်မတတ် ဖြစ်သွားပြီး ချက်ချင်း ပြာမှိုင်းမှိုင်း နှစ်ထပ်အိမ်ရဲ့ တံခါးဆီ သုတ်ခြေတင်အောင် ပြေးပါတော့တယ်။

‘ဒါ ကပ္ပတိန်ပြောတဲ့ အတွေ့အကြုံ ဆိုတာလား... ငါ အရင်တစ်ခေါက် လူကြီးမင်း ဒူဝီဗိုကို ကူညီခဲ့တုန်းကထက် အများကြီး ပိုပြီးတော့ ကြောက်စရာကောင်းတယ်... ဟိုစိတ်ဝိညာဉ်ရဲ့ အငြိုးအတေးက ဒီအရိပ်တွေရဲ့ အငြိုးအတေးနဲ့ ယှဉ်ရင် ဘာမှ မဟုတ်ဘူး... ဟိုစိတ်ဝိညာဉ်က တိုက်လည်း မတိုက်ခိုက်ဘူး...’ သူဟာ ဧည့်ခန်းအလယ်မှာရှိတဲ့ ယဇ်စင်ဆီ လျှောက်သွားရင်း တွေးလိုက်ပါတယ်။

ယဇ်စင်က ဖြစ်ကတတ်ဆန်း လုပ်ထားတဲ့ ရုပ်သေးရုပ်တွေနဲ့ ပြည့်နေတဲ့ စားပွဲဝိုင်းတစ်လုံးပါ။ ရုပ်သေးရုပ်တွေကြားမှာ ဖယောင်းတိုင် သုံးတိုင် တောက်လောင်နေပါတယ်။

ဒန်းစမစ်ဟာ ယဇ်စင်ရဲ့ ညာဘက်မှာ ရပ်နေပြီး ကလိုင်းကို ကျောပေးထားပါတယ်။ သူဟာ ရုပ်သေးရုပ်တွေကို တစ်ရုပ်ပြီးတစ်ရုပ် ကိုင်ကြည့်ပါတယ်။ အလောင်းကောက်သမား ဖရိုင်းကတော့ လေထဲဝဲနေတဲ့ အရိပ်တွေကို ကြည့်ပြီး လက်ဆန့်ထုတ်ကာ နှစ်သိမ့်ပေးဖို့ ကြိုးစားပါတယ်။ ဒါပေမဲ့ သူ့လက်တွေက အရိပ်တွေကို ကျော်ဖြတ်သွားပါတယ်။ အရိပ်တွေက သူ့ကိုတော့ မတိုက်ခိုက်ပါဘူး။ သူတို့လူလို့ သတ်မှတ်ထားပုံပါပဲ။

လန်နာ့မစ်ချယ်ဟာ ကလိုင်း ရောက်လာတာကို သတိထားမိတဲ့အခါ သီချင်းသံစဉ်ကို ညှို့ယူတဲ့ဘက် ပြောင်းလိုက်ပါတယ်။

“မနက်ခင်းဟာ အနှောင့်အယှက်မရှိ

အေးချမ်းငြိမ်သက်နေတယ်။

မနက်ခင်းရဲ့ တိတ်ဆိတ်ငြိမ်သက်မှုက

ညင်ညင်သာသာလေး လွမ်းဆွေးနေသလိုပဲ။

အသံဆိုလို့ သစ်အယ်ရွက်လေးတွေရဲ့

လှုပ်ရှားသံပဲ ရှိတယ်။

အဲဒီသစ်ရွက်လေးတွေ ကြွေကျတော့

မြေကြီးနဲ့ ထိမိပြီး

အသံညင်ညင်လေး ထွက်လာတယ်။”

...

ချော့မြှူတဲ့ ကဗျာအောက်မှာ ကလိုင်းဟာ ကြက်သွေးရောင် လရောင် ရောင်ပြန်ဟပ်နေတဲ့ အေးချမ်းငြိမ်သက်နေတဲ့ ရေကန်တစ်ကန်ကို မြင်လိုက်ရသလိုမျိုး ဖြစ်သွားပါတယ်။

ဂနာမငြိမ် ဖြစ်နေတဲ့ အရိပ်တွေဟာ ငြိမ်ကျသွားပြီး လူရှင်ငွေ့နောက် လိုက်တာ ရပ်သွားပါတယ်။

ဒန်းစမစ်ဟာ လက်ထဲက ရုပ်သေးရုပ်ကို ချပြီး နောက်လှည့်လာကာ ကလိုင်းကို ပြောပါတယ် “ဒါက ကြောက်စရာကောင်းတဲ့ ကျိန်စာတိုက်ပွဲပဲ... ငါတို့တွေ အချိန်မီ ဖျက်ဆီးနိုင်လိုက်တာ ကံကောင်းတယ်လို့ ပြောရမယ်”

“ပထမဆုံး ဒီစိတ်ဝိညာဉ်တွေကို နှစ်သိမ့်ပေးဖို့ အစီအရင်လုပ်... ပြီးရင် လူသေ စိတ်ဝိညာဉ်တွေနဲ့ ဆက်သွယ်ပြီး သဲလွန်စ တစ်ခုခု ရမလား ကြည့်ကြမယ်”

သူက ဝန်ထုပ်ဝန်ပိုး မဟုတ်တော့ဘူးဆိုတာ သိလိုက်တဲ့ ကလိုင်းဟာ ချက်ချင်းဆိုသလို ခေါင်းမော့ ရင်ကော့လိုက်ပါတယ် “ဟုတ်ကဲ့ပါ ကပ္ပတိန်”

သူဟာ ယဇ်စင်ဆီ လျှောက်သွားပြီး စားပွဲဝိုင်းပေါ်က ရုပ်သေးရုပ်တွေကို လက်နဲ့ ဖယ်ချလိုက်ပါတယ်။ အဲဒီအချိန်မှာ သူဟာ မျက်လုံးထောင့်ကနေ ရုပ်သေးရုပ်တိုင်းက နာမည်တစ်ခုစီနဲ့ သူနဲ့ သက်ဆိုင်တဲ့ စာတစ်စောင်ဆီ ရှိနေတာ တွေ့လိုက်ရပါတယ်။

“ကပ္ပတိန်... ကပ္ပတိန် သိတဲ့လူ တစ်ယောက်ယောက် ပါလား” ကလိုင်းက မေးပါတယ်။

အဲဒီနောက် သူဟာ ဒန်းစမစ်ကို တစ်ချက်ကြည့် လိုက်တဲ့အခါ ဒန်းစမစ်ကလည်း သူ့ကို ကြည့်နေတာ တွေ့လိုက်ရပါတယ်။ နှစ်ယောက်လုံး တိတ်ဆိတ်သွားပါတယ်။

‘ငါ တော်တော် တုံးတာပဲ... ကပ္ပတိန်ရဲ့ မှတ်ဉာဏ်ကို စမ်းသပ်တဲ့ မေးခွန်းမျိုးကိုမှ မေးရတယ်လို့...’ ကလိုင်းဟာ မျက်နှာကို လက်နဲ့အုပ်ပြီး သက်ပြင်းချလုနီး ဖြစ်သွားပါတယ်။

တခြား အထက်လူကြီးတွေသာဆိုရင် ဒီကိစ္စကို အကြောင်းပြုပြီး အခွင့်အရေး ရတာနဲ့ သူ့ကို ခက်ခဲအောင် လုပ်မှာပါ။ ကံကောင်းချင်တော့ ဒန်းစမစ်က အဲဒီလိုမျိုး မဟုတ်ပါဘူး။ ဟုတ်ခဲ့ရင်တောင် ဒီကိစ္စကို မေ့သွားမှာဆိုတော့ ကိစ္စမရှိပါဘူး။

‘ကပ္ပတိန် မှတ်ဉာဏ်မကောင်းတာက ကောင်းတဲ့ကိစ္စလား... ဆိုးတဲ့ကိစ္စလား...’ ကလိုင်းဟာ အရယ်တစ်ဝက် အလှောင်တစ်ဝက်နဲ့ စဉ်းစားလိုက်ပါတယ်။

တစ်ခဏ တိတ်ဆိတ်သွားပြီးနောက် ဒန်းစမစ်ဟာ အိပ်မက်နဲ့ လက်တွေ့လောကကို ခွဲခြားသွားနိုင်ပုံပါပဲ။ ကလိုင်းရဲ့ မေးခွန်းကို ပြန်ဖြေပါတယ်။

“မင်းသိတဲ့လူ တစ်ယောက် ပါတယ်”

“ဘယ်သူလဲ” ကလိုင်းဟာ ရပ်လိုက်ပြီး ဖယောင်းတိုင်ကို အရင်နေရာ ပြန်ထားလိုက်ပါတယ်။

“ဂျွိုင်းမိုင်ယာ... အယ်ဖာဖာ ကြမ္မာဆိုးမှာ ရှင်ကျန်ရစ်တဲ့လူ...”

“ဂျွိုင်းမိုင်ယာ... အန်နာရဲ့ ခင်ပွန်းလောင်း...’ ကလိုင်းဟာ အလုပ်ဂေဟာက ဆဲလစ်ကို ရုတ်တရက် တွေးမိလိုက်ပါတယ်။ ဆဲလစ်က တစ်စုံတစ်ယောက်ရဲ့ လှုံ့ဆော်မှုကြောင့် အလုပ်ဂေဟာကို မီးတင်ရှို့ဖို့ ကြံစည်ခဲ့ပါတယ်။

ကလိုင်းဟာ ညာလက်ကို ပြန်ရုပ်ပြီး အသံနက်နဲ့ ပြောပါတယ် “လှုံ့ဆော်သူ ထရစ်”

“သူက ခိုးထားတဲ့ အသက်ဓာတ်တွေကို စတေးပြီး အယ်ဖာဖာ ကြမ္မာဆိုးမှာ ရှင်ကျန်ရစ်တဲ့လူ အကုန်လုံးကို ကျိန်စာတိုက်ချင်တာလား... သူ့ကို ဘယ်သူ တိုင်လိုက်မှန်း မသိလို့လေ...”

ထရစ်သာ တိုက်ရိုက် ကလဲ့စားချေမယ်ဆိုရင် ထင်းဂန်တစ်မြို့လုံးမှာ ပြန့်ကျဲနေတဲ့ ပစ်မှတ်အကုန်လုံးကို သုတ်သင်နိုင်မှာ မဟုတ်ပါဘူး။ လူသုံးလေးယောက် သတ်ပြီးတာနဲ့ ညသိမ်းငှက်၊ ဒဏ်ခတ်သမားနဲ့ မက္ကန်းနစ်ဟိုက်မိုင်းတွေ သတိထားတာကို ခံရမှာပါ။ အဲဒီလိုဆိုရင် ကလဲ့စားချေနိုင်မဲ့ အခွင့်အရေးကို ဆုံးရှုံးရုံတင်မက သူပါ ဒုက္ခပြန်ရောက်နိုင်သွားပါတယ်။

ကလိုင်းဟာ ထရစ် ဘာကြောင့် ဒီလိုလုပ်လဲဆိုတာကို ဆက်စပ် စဉ်းစားမိသွားပါတယ်။

ဒန်းစမစ်ဟာ ပထမ ခေါင်းညိတ်ပြီး အဲဒီနောက် ခေါင်းခါပါတယ်။

“ရှင်ကျန်ရစ်တဲ့လူ အကုန်လုံး မဟုတ်ဘူး... ထင်းဂန်မြို့မှာရှိတဲ့ ရှင်ကျန်ရစ်တဲ့လူတွေပဲ... သူ့ကျိန်စာတိုက်ပွဲက ဒီမြို့ထဲမှာပဲရှိတဲ့ လူတွေကို သက်ရောက်မှု ရှိတယ်”

“နောက်ပြီး ဒီကျိန်စာတိုက်ပွဲကို စီရင်တဲ့လူက ထရစ်မဟုတ်ဘူး... အမျိုးသမီးတစ်ယောက်ပဲ”

ကလိုင်းဟာ မျက်မှောင်ကြုတ်သွားပါတယ် “သီအိုဆိုဖီဂိုဏ်းက ထရစ်ကို ကူညီဖို့ အကူလွှတ်လိုက်တာလား”

“ဟုတ်လောက်တယ်... သီအိုဆိုဖီဂိုဏ်းရဲ့ ဇာစ်မြစ်က နတ်ဆိုးမဂိုဏ်းနဲ့ ပတ်သက်ကောင်း ပတ်သက်နေနိုင်တယ်... အဲဒီတော့ သူတို့လွှတ်လိုက်တဲ့လူက အမျိုးသမီး ဖြစ်နေတာ သာမန်ပဲ”

ဒန်းစမစ်ဟာ ပြုံးပြီး အသံနက်နဲ့ ပြောပါတယ် “ငါလည်း မင်းပြောတာကို သဘောတူတယ်... ငါတို့ ထရစ်နဲ့ မတွေ့ဘဲ အဲဒီအမျိုးသမီးနဲ့ တွေ့တယ်ဆိုတော့ ငါတို့ ခန့်မှန်းချက်တချို့ ထုတ်လို့ရတယ်... ဒီအမျိုးသမီးနဲ့ ထရစ်က အတူတူ မနေဘူး... ဒါမှမဟုတ် ထရစ်က သေခါနီးလူတွေကို လိုက်ရှာနေတာ ဖြစ်မယ်”

ကလိုင်းဟာ ဘာမှ ထပ်မပြောတော့ပါဘူး။ သူဟာ ဖယောင်းတိုင် သုံးတိုင်ကို နေရာချပြီး လပြည့်ဝန်းအဆီ၊ ကြက်သွေးရောင် စန္ဒကူးနဲ့ တခြားပစ္စည်းတွေကို ထုတ်ယူကာ ယဇ်စင် လုပ်ပါတယ်။

ငွေ‌ဓားမြှောင်နဲ့ ချိပ်ပိတ်နံရံ ပြုလုပ်ပြီးတဲ့အခါမှာတော့ သူဟာ ထာရဝည နတ်ဘုရားမ၊ တိတ်ဆိတ် ငြိမ်သက်ခြင်းရဲ့ အရှင်မကို ဆုတောင်းပါတယ်။ သူဟာ အိမ်ထဲနဲ့ အိမ်ပြင်မှာရှိတဲ့ အရိပ်တွေ အကုန်လုံး လုံးဝ သက်သောင့်သက်သာ ဖြစ်စေဖို့ ဆုတောင်းပါတယ်။

ကံမကောင်းချင်တော့ သူ လူသေ စိတ်ဝိညာဉ်တွေနဲ့ ဆက်သွယ်တဲ့အခါမှာ သူတို့တွေ မသေခင်က မြင်ခဲ့ရတာ နည်းနည်းကိုပဲ မြင်ရပါတယ်။ အဲဒါကြောင့် အသုံးဝင်တဲ့ ဘာသဲလွန်စမှ မရပါဘူး။

အရိပ်တွေကို ညအမှောင်ထုမှာ အေးအေးချမ်းချမ်း အိပ်စက်ခိုင်းပြီးနောက် သူဟာ အစီအရင်ကို အဆုံးသတ်ကာ စိတ်ဝိညာဉ်နံရံကို ဖျက်လိုက်ပါတယ်။ အဲဒီနောက် သူဟာ တခြားလူတွေကို ခေါင်းခါပြပြီး။

“အစီအရင် နှောင့်ယှက်ခံရလို့ တန်ပြန်ထိတာ တော်တော် ပြင်းတယ်... သူတို့ပိုင်ရှင်နဲ့ ပတ်သက်တဲ့ လက်ကျန် ပုံရိပ်တွေ ဆုံးရှုံးသွားတယ်...”

ဒန်းစမစ်ဟာ အံ့အားသင့်ခြင်း မရှိပါဘး။ သူဟာ လှေကားထစ်ကို ထိုးပြပြီး “ဒုတိယထပ်မှာ လျှောက်ကြည့်ပြီး နောက်တစ်ခါ ကံစမ်းကြည့်ရအောင်”

“ဟုတ်ကဲ့...” ကလိုင်း၊ လန်နာ့ဒ်နဲ့ ဖရိုင်းဟာ ခေါင်းညိတ်ပြီး သဘောတူပါတယ်။

သူတို့တွေဟာ လှေကားကနေ ဒုတိယထပ်ဆီ တက်သွားပြီး လူစုခွဲကာ တစ်ယောက်တစ်ခန်း ရှာပါတယ်။

နောက်ဆုံးမှာတော့ သူတို့တွေဟာ သင်းရနံ့မွှေးနေတဲ့ အိပ်ခန်းမှာ ဆုံကြပါတယ်။ သူတို့တွေဟာ ရှုပ်ပွနေတဲ့ အဝတ်အစားတွေနဲ့ ဖွင့်ထားတဲ့ ဘူးတွေကို တွေ့လိုက်ရပါတယ်။

ဒန်းစမစ်ဟာ မှန်တင်ခုံ‌ပေါ်က ဘူးတစ်ဘူးကို ယူပြီး အနံ့ခံကြည့်ကာ “ဒါတွေက အလှပြင် ပစ္စည်းတွေလား”

“တိတိကျကျ ပြောရရင် အသားအရေ ထိန်းသိမ်းတဲ့ လူသုံးကုန်တွေ... ဧကရာဇ်ရစ်ဆဲလ် ခေတ်ကတည်းက သူတို့ကို အတူတူ မခေါ်တော့ဘူး” လန်နာ့ဒ်က အပြုံးနဲ့ ရှင်းပြပါတယ် “ကပ္ပတိန်... လူကြီးလူကောင်း တစ်ယောက်အနေနဲ့ တချို့အရာတွေကို မဖြစ်မနေ သိထားရလိမ့်မယ်”

ကလိုင်းဟာ သူတို့နှစ်ယောက် စကားပြောနေတာကို ဝင်မပြောဘဲ မှန်တင်ခုံပေါ်က မှန်ကို ကြည့်လိုက်ပါတယ်။

မှန်မှာ အက်ရာကြီး ရှိနေပြီး အောက်မှာလည်း မှန်ကွဲစတွေ ပြန့်ကျဲနေပါတယ်။

“အဲဒီ သာလွန်သူက အလျင်စလို ထွက်သွားရလို့ အကုန်လုံး မဖျက်ဆီးနိုင်လိုက်ဘူး...” သူဟာ ရုတ်တရက် အသံနက်နဲ့ ပြောလိုက်ပါတယ် “ကျွန်တော် စမ်းကြည့်ရမလား”

“အဲဒါဆို အားကိုးမယ်နော်” ဒန်းစမစ်က ယုံကြည်မှုအပြည့်နဲ့ ပြန်ပြောပါတယ်။

ကလိုင်းဟာ ပထမထပ်က ဖယောင်းတိုင်တွေကို ခပ်သွက်သွက် သွားယူပြီး မှန်ကွဲရှေ့မှာ ထွန်းလိုက်ပါတယ်။

ခပ်မှိန်မှိန် ဖယောင်းတိုင် မီးအလင်းရောင်အောက်မှာ သူဟာ လပြည့်ဝန်းအဆီလိုမျိုး ပစ္စည်းတွေ ထုတ်ယူပြီး စိတ်ဝိညာဉ်နံရံတစ်ခု ဖန်တီးပါတယ်။

အကုန်လုံး ပြင်ဆင်ပြီးတဲ့အခါမှာတော့ သူဟာ ဖယောင်းတိုင်သုံးတိုင်ရဲ့ အလင်းရောင်တွေ ထင်ဟပ်နေတဲ့ မှန်ကွဲရှေ့မှာ ရပ်ပြီး ဟာမီးဘာသာနဲ့ ရွတ်ဆိုပါတယ်။

“ညအမှောင်ထုရဲ့ စွမ်းအား...”

“လျှို့ဝှက်ဆန်းကြယ်ခြင်းရဲ့ စွမ်းအား...”

“အရှင်မရဲ့ ကရုဏာတရားတို့ဆီမှာ ဆုတောင်းပါတယ်”

“ဒီမှန်ကွဲ တစ်ခဏ ပြန်ကောင်းပြီး ပြီးခဲ့တဲ့လအတွင်း ထင်ဟပ်ခဲ့တဲ့ လူတိုင်းရဲ့ မျက်နှာကို ပြသပေးပါ”

…

မန္တန်ရွတ်ဆိုလိုက်တာနဲ့ စိတ်ဝိညာဉ် နံရံအတွင်းမှာ လေပြင်းတစ်ခု ရုတ်တရက် တိုက်ခိုက်လာပါတယ်။ ကွဲကြေနေတဲ့ မှန်ကွဲစတွေဟာ လေထဲ မြှောက်တက်လာပြီး နဂိုနေရာကို ပြန်ရောက်သွားပါတယ်။

အက်ကြောင်းတွေနဲ့ ကြေးမုံပြင်ဟာ ရုတ်တရက် တောက်ပသွားပါတယ်။ ကလိုင်းဟာ မှန်မျက်နှာပြင်ကို လက်နဲ့သုတ်လိုက်တဲ့အခါ လူရုပ်တစ်ရုပ် မှန်ဘောင်ထဲမှာ ပေါ်လာပါတယ်။ အဲဒီလူရုပ်က ကလိုင်းတော့ မဟုတ်ပါဘူး။

မျက်နှာဝိုင်းဝိုင်းနဲ့ နူးညံသိမ်မွေ့ပြီး ချစ်စရာကောင်းတဲ့ မိန်းကလေးတစ်ယောက်ရဲ့ပုံပါ။ မှန်က ကွဲနေလို့ ဒါမှမဟုတ် နှောင့်ယှက်ခံရပြီး အစီအရင် ပျက်သွားတာကြောင့် တန်ပြန်ထိတာက ဒုတိယထပ်ကိုပါ သက်ရောက်လို့နဲ့ တူပါတယ်။ သူမရဲ့ မျက်နှာအသွင်အပြင်ဟာ ဝေဝါးနေပြီး တိတိကျကျ မမြင်ရပါဘူး။

ဒါပေမဲ့ အဲဒီလိုဖြစ်နေတာတောင် ကလိုင်းဟာ ဒီမိန်းကလေးနဲ့ ရင်းနှီးနေတယ်လို့ ခံစားလိုက်ရပါတယ်။

မြန်မာပြည် ငြိမ်းချမ်းပါစေ။

All Chapters