ထရစ်ရဲ့ ညီမလား
Vol. 13 Ch. 125
ရင်းနှီးတဲ့ ခံစားချက်ကို ရတဲ့အခါ တခြား ဆုံမှတ် ၉ သာလွန်သူတွေက အဲဒီလူ ဘယ်သူလဲဆိုတာကို အကောင်းဆုံး ကြိုးစားပြီး ပြန်တွေးကြမှာပါ။ သူတို့တွေ အဲဒီလူကို လုံးဝ သတိမရတော့တာလည်း ဖြစ်နိုင်ပါတယ်။
ဒါပေမဲ့ အမြင်ဆရာ တစ်ယောက်ကတော့ အဲဒီလို မဟုတ်ပါဘူး။ ကလိုင်းဟာ အစီအရင်ကို ချက်ချင်း အဆုံးသတ်ပြီး စိတ်ဝိညာဉ်နံရံကို ဖယ်ရှားပါတယ်။ ပြီးတဲ့အခါမှာတော့ စာရွက်တစ်ရွက်ထုတ်ပြီး ချရေးပါတယ်။
“ရင်းနှီးတဲ့ ခံစားချက်ရဲ့ ဇာစ်မြစ်”
အဲဒီနောက် သူဟာ အခန်းထဲက ခုတင်စွန်းမှာ ထိုင်ပြီး စာရွက်ကို လက်ထဲမှာ ကိုင်ကာ တိတ်တဆိတ် ရွတ်ဆိုပါတယ်။
ခုနစ်ခေါက် ပြည့်တဲ့အခါမှာတော့ သူ့မျက်ဆံတွေ မည်းနက်သွားပါတယ်။ အဲဒီနောက် တွေးခေါ်မှုရဲ့ အကူအညီနဲ့ သူ အိပ်ပျော်သွားပါတယ်။
ဝေဝါးပြီး ပုံပန်းမကျတဲ့ လောကမှာ ကလိုင်းဟာ မြင်းလှည်းတစ်စီးကို တွေ့လိုက်ရပါတယ်။ သူဟာ မီးခိုးရောင် အဝတ်အစားရှည် ဝတ်ဆင်ထားတဲ့ မိန်းပမျိုတစ်ယောက်ကို တွေ့လိုက်ရပါတယ်။
ဒီမိန်းမပျိုဟာ မျက်နှာဝိုင်းပြီး ပိတုန်းရောင် ဆံကေသာ ရှိပါတယ်။ နူးညံသိမ်မွေ့ပြီး ချစ်စရာကောင်းတဲ့ ကိုယ်ဟန်ရှိပေမဲ့ သူမရဲ့ ခန္ဓာကိုယ်ဟာ ပုံမှန်မဟုတ်ဘဲ တဆတ်ဆတ် တုန်တုန်သွားပါတယ်။
ဒီပုံရိပ်ဟာ ဖျတ်ခနဲ ပြောင်းလိုက်သွားပါတယ်။ ကလိုင်းဟာ ဒီမိန်းမပျိုက မြေအောက်ဈေးမှာ ဆောင့်ကြောင့်ထိုင်ပြီး တစ်ယောက်ယောက်နဲ့ စကားပြောနေတာ တွေ့လိုက်ရပါတယ်။
အဲဒီနောက် အိပ်မက်ဟာ လျင်လျင်မြန်မြန် ပျောက်ကွယ်သွားပြီး ကလိုင်း နိုးသွားပါတယ်။ သူဟာ မှန်ထဲက ပုံရိပ်ကို ဘာလို ရင်းနှီးနေလဲဆိုတာ နားလည်သွားပါတယ်။
အရင်တုန်းက သူ ဒီမိန်းမပျိုကို တွေ့ဖူးလို့ပါ။
ပထမတစ်ကြိမ် တွေ့တာက သံကြက်ခြေခတ်လမ်းနားက ဒက်ဖဒိုလမ်းမှာပါ။ အဲဒီညက ကပ္ပတိန်တို့တွေ လှုံ့ဆော်သူ ထရစ်နောက် လိုက်နေတာဆိုတော့ ဒါက ဆက်စပ်မှု ရှိနိုင်ပါတယ်။ ကလိုင်းဟာ လေးငါးစက္ကန့်တွေးပြီးနောက် အစီအရင် ပြန်လုပ်ကာ သူ့မှတ်ဉာဏ်ထဲက မိန်းမပျိုရဲ့ ပုံရိပ်ကို ပုံတူးဆွဲနိုင်ဖို့ နတ်ဘုရားမဆီ အကူအညီ တောင်းခံပါတယ်။
ဒန်းစမစ်နဲ့ ကျန်တဲ့လူတွေဟာ ကလိုင်းကို ဘာမှ မနှောင့်ယှက်ဘဲ တိတ်တဆိတ် စောင့်ပေးပါတယ်။ ကလိုင်း ပုံတူဆွဲလို့ ပြီးသွားမှပဲ သူတို့တွေဟာ ပုံတူကို ဝိုင်းကြည့်ကြပါတယ်။
“မင်း သူ့ကို အရင်က တွေ့ဖူးတာလား” ဒန်းစမစ်က မေးပါတယ်။
ကလိုင်းဟာ ခေါင်းအသာညိတ်ပြီး ရိုးရိုးရှင်းရှင်း ဖြေပါတယ် “ဟုတ်တယ်... တွေ့ဖူးတယ်... ကပ္ပတိန်တို့ လှုံ့ဆော်သူထရစ်ကို လိုက်ဖမ်းတဲ့ညက ကျွန်တော် သူ့ကို ဒက်ဖဒိုလမ်း မြင်းလှည်းမှတ်တိုင်မှာ တွေ့လိုက်တာ... အဲဒီနေရာက သံကြက်ခြေခတ်လမ်းနဲ့ နီးတယ်”
“အဲဒါဆိုရင် သူက စောစောက ရန်သူ ဖြစ်ဖို့များသွားပြီ... လှုံ့ဆော်သူထရစ်ရဲ့ လုပ်ဖော်ကိုင်ဖက်ပေါ့”
လန်နာ့ဒ်က ရုတ်တရက် ဝင်ပြောပါတယ် “ဒီပုံတူက တော်တော်လေး ရင်းနှီးနေတယ်လို့ မခံစားရဘူးလား... ဒီမိန်းကလေးက လှုံ့ဆော်သူထရစ်နဲ့ တော်တော်လေး ဆင်တယ်”
ကလိုင်းဟာ အေးခဲသွားပြီး ပုံတူပန်းချီကို ပြန်ကြည့်ကာ သေချာ လေ့လာပါတယ်။
“ဟုတ်တယ်... သူတို့နှစ်ယောက်ရဲ့ ရုပ်တွေက တော်တော်လေး ဆင်တယ်... မျက်နှာဝိုင်းဝိုင်း... မျက်လုံးကျဉ်းကျဉ်းနဲ့ သိမ်မွေ့တဲ့ကိုယ်ဟန်...”
သူဟာ ပုံတူကို ကြည့်လေလေ လန်နာ့ဒ် ပြောတာက အဓိပ္ပာယ်ရှိလေလေလို့ ခံစားရလေလေပါပဲ။ လှုံ့ဆော်သူထရစ်နဲ့ ဒီမိန်းမပျိုရဲ့ အကြီးမားဆုံး ကွာခြားချက်က လှုံ့ဆော်သူထရစ်ဟာ သာမန်မျက်နှာ အသွင်အပြင်ပဲ ရှိပြီး ဒီမိန်းမပျိုက ချောမောလှပနေတာပါ။
ကလိုင်းဟာ ခေါင်းမော့ပြီး လန်နာ့ဒ်ကို ကြည့်လိုက်တဲ့အခါ လန်နာဒ်က သူ့ကို မျက်စပစ်ပြတာ တွေ့လိုက်ရပါတယ်။
‘သူက ဘာပြောချင်တာလဲ’ ကလိုင်းဟာ ဇဝေဇဝါ ဖြစ်သွားပါတယ်။
ဒန်းစမစ်ဟာ ခန့်မှန်းချက် ထုတ်ပါတယ် “သူက လှုံ့ဆော်သူထရစ်ရဲ့ ညီမ ဖြစ်မယ်... သူ့အစ်ကိုလိုပဲ သီအိုဆိုဖီဂိုဏ်း ဒါမှမဟုတ် နတ်ဆိုးမဂိုဏ်းထဲ ဝင်လိုက်တာ ဖြစ်ရမယ်”
လန်နာ့ဒ်ဟာ ကလိုင်းက သူ့စိတ်ကို မဖတ်နိုင်မှန်း သိတဲ့အခါ သက်ပြင်းချလိုက်ပါတယ်။ သူဟာ လေးလေးနက်နက် ပြောပါတယ်။
“ကျွန်တော့်မှာ ယူဆချက် တစ်ခုတော့ရှိတယ်”
“ဘာယူဆချက်လဲ” ဒန်းစမစ်က မေးပါတယ်။
လန်နာ့ဒ်ဟာ လိုတိုရှင်း ပြောပါတယ် “ဒီလူက လှုံ့ဆော်သူ ထရစ် ဖြစ်လိမ့်မယ်”
“ဘာ...” ဖရိုင်းဟာ ပါးစပ်အဟောင်းသား ဖြစ်သွားပါတယ်။
ဒန်းစမစ်လည်း မျက်မှောင်ကြုတ်သွားပါတယ် “မင်းပြောချင်တာက လှုံ့ဆော်သူ ထရစ်က တကယ်တော့ မိန်းမတစ်ယောက် ဒါမှမဟုတ် မိန်းမယောင် ဆောင်နေတဲ့ ယေက်ျားတစ်ယောက်လို့ ပြောချင်တာလား... မဟုတ်ဘူး... အိပ်မက်ကနေ သူ မိန်းမဆိုတာကို ငါ အတည်ပြုနိုင်တယ်”
ကလိုင်းဟာ ဇာတ်ကွက်မျိုးစုံကို မြင်ဖူးကြားဖူးတဲ့အတွက် ပုံတူပန်းချီကို ကြည့်ပြီး တခြားခန့်မှန်းချက်တစ်ခု ချက်ချင်း ထုတ်လိုက်ပါတယ်။
“လှုံ့ဆော်သူထရစ်က မိန်းမ ဖြစ်သွားတာလား”
အဲဒါဆိုရင် ကိစ္စတော်တော်များများ ရှင်းလင်းသွားပါပြီ။ ဥပမာ ထရစ်ဆီ ဦးတည်နေတဲ့ သဲလွန်စတွေက ဘာလို့ ရုတ်တရက်ကြီး ပျောက်သွားရတာလဲ။ ဗေဒင်တွက်တာတောင် ဘာလို့ သဲလွန်စတစ်ခုမှ ရှာမတွေ့ရတာလဲ။ သူတို့ရဲ့ပစ်မှတ်က အခြေခံကနေ ပြောင်းလဲသွားလို့ ဖြစ်နိုင်ပါတယ်။
မေးရမဲ့ မေးခွန်းက သူ ဒီလောက် အချိန်တိုလေးအတွင်းမှာ ယောက်ျားဘဝကနေ မိန်းမဘဝ ဘယ်လို ပြောင်းသွားလဲ။ ဘာဖြစ်လို့ ဒီလိုဘဝ ပြောင်းလိုက်ရတာလဲ ဆိုတာပါ။ ဘာဖြစ်လို့ ဘဝပြောင်းလိုက်လဲဆိုတာကို ရိုးရိုးလေး တွေးကြည့်လို့ ရပါတယ်။ အရင်ရုပ်နဲ့ယှဉ်ရင် အသွင်ပြောင်းလဲထားတဲ့ သူ့ရုပ်ရုပ်က တော်တော်လေး ကြည့်ကောင်းပါတယ်။ ရိုးရိုးသားသား ဝန်ခံရရင် သူမက တော်တော်လေး လှပါတယ်။
ကလိုင်း အတွေးများနေတုန်းမှာ လန်နာ့ဒ်ဟာ သက်ပြင်းချပြီး ခေါင်းညိတ်ပါတယ် “ဟုတ်တယ်... အဲဒါက ကျွန်တော်ရဲ့ သီအိုရီပဲ... ဒါက လှုံ့ဆော်သူထရစ် ဘာလို့ ရုတ်ခြည်း ပျောက်ကွယ်သွားလဲ ဆိုတာ ရှင်းပြနိုင်တယ်... နတ်ဆိုးမဂိုဏ်းရဲ့ အထက်လူကြီးပိုင်းတွေက ဘာဖြစ်လို့ မိန်းမတွေချည်းပဲ ဖြစ်နေတာလဲ ဆိုတာနဲ့လည်း ကွက်တိပဲ”
ဒန်းစမစ်နဲ့ ဖရိုင်းဟာ ဘာပြောလို့ ပြောရမှန်း မသိတော့ပါဘူး။ သူတို့တွေဟာ မွန်းစတားတွေနဲ့ အံ့ဩစရာကောင်းတာတွေ အများကြီး ကြုံဖူးပေမဲ့ ဒီလိုမျိုး အသွင်ပြောင်းလဲတာကိုတော့ ပထမဆုံးအကြိမ် ကြုံဖူးတာပါ။
“မင်း ပြောချင်တာက နတ်ဆိုးမဂိုဏ်းရဲ့ အထက်လူကြီးတွေဖြစ်တဲ့ မိန်းမတချို့က ယောက်ျား ဖြစ်ဖူးတယ်လို့ ပြောချင်တာလား...” ဒန်းစမစ်က မေးပါတယ်။ အဲဒီနောက် သူဟာ လန်နာ့ဒ်ဆီက အဖြေကို မစောင့်ဘဲ သူ့ဘာသာ ပြောပါတယ် “အဲဒါ ဖြစ်နိုင်တယ်... သူတို့ရဲ့... မဟုတ်ဘူး... သူတို့ဆေးရည်ရဲ့ ထူးခြားမှု တစ်ခု ဖြစ်နိုင်တယ်”
ကလိုင်းဟာ နားထောင်ရင်း ကြက်သီးမွေးညင်း ထသွားပါတယ်။ နတ်ဆိုးမဂိုဏ်းရဲ့ ဆေးရည်က ထောင်ချောက်လို့ ခံစားလိုက်ရပါတယ်။
‘အမြင်ဆရာလမ်းကြောင်းမှာ အဲဒီလိုမျိုး ဆေးရည်မရှိဖို့ မျှော်လင့်ရတာပဲ... မရှိနိုင်ဘူး... သေချာပေါက် မရှိနိုင်ဘူး... အဲဒါက နတ်ဆိုးမလမ်းကြောင်း... ဆေးရည်နာမည်ကိုက မှားနေတာ... ဒါပေမဲ့ ငါ အမြင်ဆရာရဲ့ ဆုံမှတ် ၁ ဆေးရည်နာမည်ကို မသိသေးဘူး...’ ကလိုင်းဟာ နတ်ဘုရားမကို အလိုလို ဆုတောင်းမိသွားပါတယ်။
“ဆေးရည်က အဲဒီလိုအရာမျိုးကို လုပ်နိုင်လို့လား” ဖရိုင်းက မယုံ့တယုံ မေးပါတယ်။
လန်နာ့ဒ်ဟာ ရယ်ပြီး။
“အဆင့်နိမ့် ဆေးရည်တွေနဲ့ အလတ်တန်းစား ဆေးရည်တွေတောင် မဖြစ်နိုင်ဘူးထင်ရတဲ့ ပြောင်းလဲမှုတွေကို ဖြစ်စေနိုင်တယ်... သူတို့က ဖန်တီးရှင်ဆီကနေ ဆင်းသက်လာတာလေ”
ဒန်းစမစ်ဟာ ကလိုင်းကို ကြည့်လိုက်ပါတယ်။
“ပစ်မှတ်က ဘယ်နေရာမှာ နောက်တစ်ခါ ပေါ်လာမလဲဆိုတာ တွက်ကြည့်စမ်း”
“ဟုတ်ကဲ့” ကလိုင်းဟာ အဝတ်အစားပုံဆီ လျှောက်သွားပြီး ခံစားချက်မျိုးစုံနဲ့ အဝတ်အစားတစ်ထည်ကို ကောက်ယူလိုက်ပါတယ်။ အဲဒီနောက် ကြမ်းခင်းပေါ်မှာ ဖြန့်လိုက်ပါတယ်။
သူဟာ လက်ကိုင်တုတ်ကို အဝတ်အစားပေါ်မှာ ကိုင်ပြီး ပစ်မှတ်ရဲ့ အသွင်အပြင်နဲ့ သက်ဆိုင်တဲ့ အချက်အလက်တွေကို စဉ်းစားပါတယ်။ အဲဒီနောက် စိတ်ထဲမှာ စပြီးတော့ ရွတ်ဆိုပါတယ်။
“ထရစ်... မဟုတ်ဘူး... ထရစ်ဆာ ဘယ်နားမှာလဲ”
“ထရစ်ဆာ ဘယ်နားမှာလဲ”
...
ခုနစ်ခေါက် ပြည့်တဲ့အခါမှာတော့ ကလိုင်းရဲ့ မျက်ဆံတွေဟာ ညိုနေရာကနေ နက်သွားပါတယ်။ သူ့ဘေးပတ်လည်မှာ လေတွေ စတင် တိုက်ခိုက်လာပါတယ်။ သူ့ဘယ်လက်က လက်ကိုင်တုတ်ကို လွှတ်ပေးလိုက်တဲ့အခါ အနက်ရောင် လက်ကိုင်တုတ်ဟာ သူ့ဘာသာ လှုပ်ရှားသွားပါတယ်။
ဘယ်လိုပဲ လှုပ်ခါပါစေ။ လက်ကိုင်တုတ်ဟာ အောက်ပြုတ်မကျဘဲ လေထဲမှာပဲ ဒေါင်လိုက် ရပ်တည်နေပါတယ်။
“နှောင့်ယှက်မှုရှိတယ်...” ကလိုင်းက အသံနက်နဲ့ ပြောပါတယ်။
အနှောင့်အယှက် ရှိနေတဲ့အတွက် သူတို့ရဲ့ ခန့်မှန်းချက် မှန်ကန်တယ်ဆိုတာကို ပြနေပါတယ်။ စောစောက မိန်းမပျိုဟာ လှုံ့ဆော်သူ ထရစ်။ မဟုတ်ပါဘူး။ ထရစ်ဆာဖြစ်ဖို့ ရာခိုင်နှုန်း များသွားပါပြီ။
ဒါကို မြင်တဲ့ ဒန်းစမစ်ဟာ မသိမသာ ခေါင်းညိတ်ပါတယ်။
“သူတို့တွေက ပြီးခဲ့တဲ့ယုဂ်ကလည်းက လှုပ်ရှားခဲ့တဲ့ နတ်ဆိုးမဂိုဏ်းလို့ မပြောရဘူး... ဂုဏ်သတင်းနဲ့ ထိုက်တန်ပါပေတယ်”
ထရစ်က ထရစ်ဆာအဖြစ် အသွင်ပြောင်းလဲသွားတဲ့အတွက် သူမက သီအိုဆိုဖီဂိုဏ်းဝင် မဟုတ်ဘဲ နတ်ဆိုးမဂိုဏ်းဝင်လို့ ဒန်းစမစ်က ကောက်ချက်ချပါတယ်။
ပတ်ဝန်းကျင်ကို လေ့လာကြည့်ရှုပြီးနောက် ဒန်းစမစ်ဟာ သက်ပြင်းချလိုက်ပါတယ်။
“ငါတို့တွေ သူ့ကို တခြားနည်းလမ်းတွေကနေ ရှာလို့ရတယ်... ဒီအဝတ်အစားတွေ ဘယ်ကလာလဲ၊ ဒီအိမ်ပိုင်ရှင်က ဘယ်သူလဲ ဆိုတာနဲ့လည်း ရှာလို့ရတယ်... ရဲဌာနကိုလည်း မီးရထားဘူတာနဲ့ ဆိပ်ကမ်းတွေဆီ ကင်းလှည့်ခိုင်းပြီး ရှာခိုင်းလို့ရတယ်”
‘ဒီလိုဆိုရင် ငါတို့တွေ သဲလွန်စနည်းနည်းတော့ ရလောက်တယ်... ဒါပေမဲ့ ထရစ်ဆာမှာ ထင်းဂန်မြို့က ထွက်သွားဖို့ အချိန်လုံလုံလောက်လောက် ရသွားလိမ့်မယ်... ဟုတ်တယ်... ငါ အိမ်ပြန်ရောက်ရင် မီးခိုးရောင်မြူခိုးထက်က လောကဆီသွားပြီး ထပ်ပြီးတော့ တွက်ချက်ကြည့်ရမယ်’ ကလိုင်းဟာ ထရစ်ဆာလို သတိကြီးပြီး လူအစုံလိုက် အပြုံလိုက် သတ်ဖြတ်ချင်တဲ့လူကို မြန်မြန်ရှာပြီး နေရာမှာတင် သုတ်သင်ပစ်ချင်ပါတယ်။
“လန်နာ့ဒ်... ဒီအိမ်ကို ရှင်းလင်းဖို့ ရဲဌာနကနေ လူသွားခေါ်ချည်... ကလိုင်း... မင်းကတော့ ပြန်နားတော့...” ဒန်းစမစ်ဟာ နားထင်ကို ပွတ်ရင်း လေးငါးစက္ကန့် ရပ်လိုက်ပါတယ်။ အဲဒီနောက် သူဟာ ကလိုင်းကို မေးပါတယ်။
“ကလိုင်း မင်းဆိုရင် ဒီနေ့ ညနေ တာဝန်ကို ဘယ်လိုလုပ်မလဲ... ငါရယ် လန်နာ့ရယ် ဖရိုင်းရယ်ကို မင်းရဲ့အဖွဲ့ဝင်တွေလို့ ယူဆလိုက်”
ကလိုင်းဟာ မျက်မှောင်ကြုတ်သွားပြီး ဆယ်စက္ကန့်ကျော် စဉ်းစားပါတယ်။
“ပထမဆုံး အစီအရင်က မကြာခင် သက်ရောက်မှု ရှိမလားဆိုတာကို တွက်ချက်ကြည့်မယ်... အဖြေက မဟုတ်ဘူးဆိုရင် ဘေးကနေပဲကြည့်ပြီး အနားမကပ်ဘူး... ပြီးရင် ကျွန်တော် ရဲဌာနကို သတင်းပေးပြီး ဒီနေရာပတ်လည်မှာ လူအင်အားချမယ်... အနည်းဆုံး အမြောက်ငါးလက်စုပြီး ထရစ်ဆာ ပုန်းနေတဲ့အိမ်ကို မြေလှန်ပစ်မယ်”
“အိမ်ထဲမှာ သူ သေရင်သေ မသေရင် အမြောက်ဆံကြားမှာ ထွက်ပြေးဖို့ ကြိုးစားမှာပဲ... အဲဒါဆိုရင် ကျွန်တော်တို့ရဲ မြင်ကွင်းထဲကို သူ လွယ်လင့်တကူ ရောက်လာလိမ့်မယ်... အဲဒီမတိုင်ခင် ကပ္ပတိန်တို့ကို နေရာအသီးသီးမှာ နေရာယူခိုင်းထားမယ်”
ကလိုင်းဟာ ပြောလေလေ စိတ်လှုပ်ရှားလေလေပါပဲ။ သူ့အကြံက ရိုးရှင်းပြီး အသုံးဝင်သလို ကြမ်းတယ် ရမ်းတယ်လို့လည်း ခံစားလိုက်ရပါတယ်။ တော်တော်လေး လုံခြုံမှု ရှိပြီး အခြေအနေနဲ့လည်း သင့်လျော်ပါတယ်။
ဒန်းစမစ်၊ လန်နာ့ဒ်နဲ့ ဖရိုင်းဟာ ကြက်သေသေသွားပါတယ်။ သူတို့သုံးယောက်ဟာ အတန်ကြာတဲ့အထိ ဘာမှမပြောနိုင်ပါဘူး။
“ကပ္ပတိန်... ဒါက အကြံကောင်း မဟုတ်ဘူးလား” ဒန်းစမစ်တို့ရဲ့ အမူအရာကို ကြည့်ပြီး စိတ်လှုပ်ရှားနေတဲ့ ကလိုင်းဟာ နှလုံး တထိတ်ထိတ် ခုန်သွားပါတယ်။
ဒန်းစမစ်ဟာ လေးငါးစက္ကန့် တိတ်ဆိတ်နေပြီးမှ ဖြေပါတယ် “မဟုတ်ဘူး... အကြံကောင်းတယ်... ဒါပေမဲ့ အဲဒီလိုမျိုး ယဇ်စင်ကို အားသုံးဖျက်ဆီးတာက ပိုဆိုးတဲ့ အခြေအနေကို ရောက်မသွားဖို့ လိုတယ်... ဟင်း... ညသိမ်းငှက် လုပ်လာတာ ကြာတော့... ငါတို့တွေက ကိုယ့်ရဲ့ သာလွန်သူစွမ်းအားနဲ့ သေနတ်ကိုပဲ အားကိုးတာ ကျင့်သားရလာတယ်... သာမန်လူတွေကို သဘာဝလွန်ကိစ္စတွေနဲ့ ပေးထိတွေ့လေ့ မရှိဘူး”
‘ကျွန်တော်က သေနတ်တွေ အမြောက်တွေနဲ့ အားရပါးရ ဆော်ချင်တာ...’ ကလိုင်းဟာ စိတ်ထဲမှာ ပြောလိုက်ပါတယ်။
...
ကလိုင်းနဲ့ လန်နာ့ဒ်ဟာ မီတာငါးရာလောက် လမ်းလျှောက်အပြီးမှာ မြင်းလှည်းမှတ်တိုင်ကို တွေ့လိုက်ရပါတယ်။ မြင်းလှည်းကို တစ်ခဏစောင့်ပြီးနောက် သူတို့ဟာ သံကြက်ခြေခတ်လမ်းကို ပြန်ပါတယ်။ အဲဒီနောက် တစ်ယောက်က အနီးအနားမှာရှိတဲ့ ရဲစခန်းဆီသွားပြီး ကျန်တဲ့ တစ်ယောက်ကတော့ ဒက်ဖဒိုလမ်းကို ပြန်ပါတယ်။
ကလိုင်းဟာ တံခါးရှေ့ကို ရောက်တဲ့အခါ အဝတ်အစားတွေကို သပ်ရပ်အောင် ပြုပြင်ပြီး မသင်္ကစရာ တစ်ခုမှ မရှိအောင် လုပ်ပါတယ်။ ပြီးတော့မှာ သော့ထုတ်ပြီး တံခါးဖွင့်ပါတယ်။
မလီဆာနဲ့ ဘန်ဆင်ဟာ ဧည့်ခန်းထဲမှာ ရှိနေပါတယ်။ ဓာတ်ငွေ့မီးအိမ်ရဲ့ အလင်းရောက်အောက်မှာ မလီဆာက အိမ်စာလုပ်နေပြီး ဘန်ဆင်ကတော့ စာအုပ်တွေ ဖတ်နေပါတယ်။
ဘန်ဆင်က တစ်နေ့လုံး အလုပ်လုပ်ထားရလို့ ပင်ပန်းနေတာတောင် အိမ်ပြန်ရောက်တဲ့အခါ စာလေ့လာတာကို မဖျက်ပါဘူး။ တကယ့်ကို ဆုံဖြတ်ချက် ပြတ်သားတဲ့လူပါ။ ကလိုင်းသာဆိုရင် အဲဒီလိုမျိုး လုပ်နိုင်မှာ မဟုတ်ပါဘူး။ အခုအချိန်မှာ သူလုပ်ချင်တာက အိပ်ရာထက်မှာ ကျောခင်းဖို့ပါ။
ကလိုင်းဟာ သူ့အစ်ကိုကို တစ်ချက်ကြည့်ပြီး ပြုံးပြကာ လက်မြှောက်ပြီး တိတ်တဆိတ် နှုတ်ဆက်ပါတယ်။
ဘန်ဆင်က အပြုံးနဲ့ ပြောပါတယ် “ငါ အခု ဘာလို့ အဲဒီလူတွေ လခကောင်းလဲဆိုတာ နားလည်ပြီ”
“ဒီလောကမှာ အရာအားလုံး တန်ရာတန်ကြေးရှိတယ်... ကျွန်တော်တို့ တစ်ခုခု ပြန်မရခင် အရင်ဆုံး တစ်ခုခု ပေးရမှာပဲ”
ကလိုင်းဟာ လက်ကိုင်တုတ်ကို တံခါးဘေးက ချိတ်စင်မှာ ထားလိုက်ပါတယ်။
“အဲဒါက ဧကရာဇ်ရစ်ဆဲလ်ရဲ့ အဆိုအမိန့်မလား...” မလီဆာဟာ စာရေးနေတာရပ်ပြီး မော့ကြည့်ပါတယ်။
ထင်းဂန်မြို့ နည်းပညာကျောင်းက တက္ကသိုလ်တွေ အစိုးရကျောင်းတွေနဲ့ မတူပါဘူး။ နွေရာသီကျောင်းပိတ်ရက်က ဇူလိုင်လ နှောင်းပိုင်းကနေ ဩဂုလ အစောပိုင်းအထိ နှစ်ပတ်ပဲ ရှိပါတယ်။ သူတို့ စာသင်တာက အပူဆုံးရက်တွေ ကုန်တာနဲ့ ပြန်စပါတယ်။
“ဟုတ်လား... အစ်ကို မမှတ်မိဘူး...” ကလိုင်းရဲ့ မျက်နှာဟာ နည်းနည်းတော့ တောင့်သွားပါတယ်။
သူဟာ ဦးထုပ်ချွတ်ပြီး အပေါ်ထပ် တက်ပါတယ်။ ထရစ်ဆာ ဘယ်မှာရှိလဲဆိုတာကို အမြန်ဆုံး တွက်ချက်ချင်တာကြောင့်ပါ။
ရုတ်တရက်ဆိုသလို သူဟာ တဂွီဂွီမြည်သံကို ကြားလိုက်ရပါတယ်။ သူ့ဗိုက်ကနေ လာတဲ့အသံပါ။ ဒီအသံကြားရမှာပဲ ဗိုက်ဆာလွန်းတဲ့ ခံစားချက်က သူ့ခေါင်းထဲ ဝင်လာပါတယ်။
‘ဟုတ်သားပဲ... ငါ ညစာ မစားရသေးဘူး... ဒါပေမဲ့ ငါ ချန်ထားခဲ့တဲ့ မှတ်စုထဲမှာ လုံခြုံရေးကုမ္ပဏီက ထမင်းကျွေးမှာမလို့ ဘာမှ ချန်မထားနဲ့လို့ ရေးထားခဲ့တယ်... ငါလည်း ကပ္ပတိန်လို ဖြစ်နေပြီ...’ ကလိုင်းရဲ့ မျက်နှာဟာ လေးငါးခါ ပြောင်းသွားပြီး ဗိုက်ပြည့်ချင်ယောင် ဆောင်ဖို့ ကြံလိုက်ပါတယ်။
အဲဒီအချိန်မှာပဲ မလီဆာက သူ့ကို လှည့်ကြည့်ပြီး မီးဖိုချောင်ကို ထိုးပြကာ။
“ညီမတို့တွေ အစ်ကိုအတွက် သိုးသားတစ်ဖတ်နဲ့ ဟင်းချို ပန်းကန်လုံးတစ်လုံး ချန်ထားတယ်... ပေါင်မုန်လည်း သုံးလေးချောင်း ကျန်သေးတယ်”
အဲဒီနောက် သူမဟာ အိပ်စာ ပြန်လုပ်ပြီး သူမဘာသာသူမ ရေရွတ်လိုက်ပါတယ် “အလုပ်ကကျွေးတဲ့ ထမင်းဟင်းက သိပ်ကောင်းမှာ မဟုတ်ဘူး... အဲဒါကြောင့် စားချင်စိတ် မရှိတာ ဖြစ်လိမ့်မယ်”
မြန်မာပြည် ငြိမ်းချမ်းပါစေ။