ဗေဒင်က အကုန်လုံး မစွမ်းနိုင်ဘူး
Vol. 13 Ch. 126
‘ငါ့ညီမရယ်... စိုးရိမ်လိုက်တာ လွန်ရော... နင်က တကယ်ကို ခရေစေ့တွင်းကျ လိုက်တွေးတာပဲ...’ ကလိုင်းဟာ ရုတ်တရက်ဆိုသလို အားပြည့်သွားပြီး ပြုံးလိုက်ပါတယ်။
“ညီမ... ညီမပြောတာ ကျိုးကြောင်းကျတယ်... အစ်ကို ဗိုက်နည်းနည်း ဆာနေတာ အမှန်ပဲ... အင်း... အစ်ကို အရင်ဆုံး ရေမိုးချိုးလိုက်ဦးမယ်”
ပါးစပ်ထဲမှာ သွားရည်တွေ ပြည့်လာပေမဲ့ လှုံ့ဆော်သူ ထရစ်ဆာရဲ့ တည်နေရာကို အတည်ပြုဖို့က အရေးပိုကြီးပါတယ်။ ကလဲ့စားချေရဖို့ ထရစ်ဆာ ဘာတွေ လုပ်မယ်ဆိုတာ ဘယ်သူမှ မသိနိုင်ပါဘူး။
“ဟုတ်ကဲ့ပါ” မလီဆာဟာ ခေါင်းမမော့ဘဲ အိမ်စာ ဆက်လုပ်ပါတယ်။
“ရှပ်... ရှပ်... ရှပ်...”
ကလိုင်းဟာ ဒုတိယထပ်ဆီ မပြေးရုံတမယ် တက်သွားပြီး သူ့အိပ်ခန်းထဲ ဝင်ပါတယ်။ အဲဒီနောက် တံခါးလော့ချပြီး အပေါ်အင်္ကျီနဲ့ ချိုင်းသေနတ်အိတ်ကို ချွတ်လိုက်ပါတယ်။ ပြီးတဲ့အခါမှာတော့ အံ့ဆွဲထဲက ငွေဓားတစ်ချောင်းကို ထုတ်ယူလိုက်ပါတယ်။
စိတ်ဝိညာဉ်နံရံနဲ့ အခန်းတစ်ခုလုံးကို ချိပ်ပိတ်ပြီးနောက် သူဟာ အသက်တစ်ချက် ရှူရှိုက်ကာ ခံစားချက်တွေ တည်ငြိမ်အောင် လုပ်ပါတယ်။ အဲဒီနောက် နာရီလက်တံ ပြောင်းပြန်အတိုင်း ခြေလှမ်း လေးလှမ်း လှမ်းပါတယ်။
ပုံမှန်ရွတ်ဆိုနေကျ မန္တန်ကို ရွတ်ဆိုပြီးနောက် ကလိုင်းဟာ မီးခိုးရောင် မြူခိုးထက်က ခမ်းနားထည်ဝါတဲ့ နန်းတော်ဆီ ရောက်သွားပါတယ်။ သူဟာ ဒီကြားထဲမှာ ကြားရတဲ့ ရေရွတ် ညည်းတွားသံတွေကိုတော့ အံ့တိုသွားပါပြီ။
ဒီနေ့ အစီအရင်လုပ်ထားရတာ သုံးလေးခုမလို့ သူဟာ နည်းနည်း ပင်ပန်းနေတဲ့အတွက် နားထင်ကို နှိပ်နယ်လိုက်ပါတယ်။ အဲဒီနောက် သူဟာ ကြေးစားပွဲရှည်ပေါ်မှာ အညိုရောင် သိုးသားရေ စာရွက်တစ်ရွက် ပေါ်လာဖို့ စိတ်ညွှတ်လိုက်ပါတယ်။
ကလိုင်းဟာ လေးလေးနက်နက် တွေးတောပြီးနောက် ဗေဒင်တွက်မဲ့ စာကြောင်းကို ချရေးပါတယ်။
“ထရစ်ဆာရဲ့ တည်နေရာ”
သူဟာ ထရစ်ဆာဆိုတဲ့ နာမည်က နာမည်မှန်လား ဆိုတာကို သေချာ မသိပါဘူး။ ဒါပေမဲ့ အဲဒီမိန်းကလေးရဲ့ ရုပ်သွင်နဲ့ တခြား အသေးစိတ် အချက်အလက်တွေကို လမ်းညွှန်အဖြစ် အသုံးချပြီး တွက်ချက်မှာပါ။
သူဟာ သိုးသားရေစာရွက်ကို ကိုင်ပြီး နောက်မှီထိုင်လိုက်ပါတယ်။ ထရစ်ဆာနဲ့ ပတ်သက်တဲ့ အရာတွေကို ခေါင်းထဲမှာ ပြန်တွေးပြီးနောက် သူဟာ ဗေဒင်တွက်မဲ့ စာကြောင်းကို ၇ ခေါက် ရွတ်ပါတယ်။
အဲဒီနောက် စိတ်ကို ဗလာကျင်းပြီး မျက်လုံးမှိတ်ကာ တွေးခေါ်မှုရဲ့ အကူအညီအနေနဲ့ အိပ်မက်နယ်မြေထဲ ဝင်ပါတယ်။
မြူခိုးကြားက ဝိုးတိုးဝါးတား မြင်ကွင်းမှာ သူဟာ မီးခိုးတလူလူ ထွက်နေတဲ့ ရေနွေးငွေအင်ဂျင်ကို တွေ့လိုက်ရပါတယ်။ သန့်ရှင်းတဲ့ မီးရထားတွဲထဲက သားရေထိုင်ခုံ အတန်းလိုက်ကိုလည်း တွေ့လိုက်ရပါတယ်။
သိမ်မွေ့ညင်သာပြီး မျက်နှာဝိုင်းဝိုင်းနဲ့ ချစ်စရာကောင်းတဲ့ ထရစ်ဆာဟာ ပြတင်းပေါက်နားမှာ ထိုင်နေပါတယ်။ သူ့မရှေ့က စားပွဲပေါ်မှာ ဇာဦးထုပ်တစ်လုံး ရှိနေပါတယ်။
ကလိုင်းဟာ မီးရထားနံပါတ်ကို အတည်ပြုဖို့ ထပ်ခါထပ်ခါ ကြိုးစားပေမဲ့ အရာမရောက်ပါဘူး။ မကြာခင်မှာပဲ သူဟာ ဖိအားကို ဆက်ပြီးတော့ တောင့်မခံထားနိုင်တော့တာကြောင့် အိပ်မက်ထဲက ထွက်လိုက်ရပါတယ်။ သူ့မြင်ကွင်းထဲမှာ ကြေးစားပွဲရှည်နဲ့ အရိပ်ပမာရှိတဲ့ ကြယ်သွေးရောင်ကြယ်တွေ ပြန်ပေါ်လာပါတယ်။
‘ထရစ်ဆာ မီးရထားနဲ့ ထင်းဂန်မြို့ကနေ ထွက်သွားတာကိုပဲ ငါ အတည်ပြုနိုင်တယ်... နောက်ထပ် ဘာသဲလွန်စမှ မရှိတော့ဘူး... ဟင်း... ကြည့်ရတာ ဒီလျှို့ဝှက်ဆန်းကြယ်နေရာက အနှောင့်အယှက်ကို ရှင်ပေးရုံပဲနဲ့ တူတယ်... ငါ ဗေဒင်တွက်တာကို ပိုပြီးတော့ တိကျအောင် မလုပ်ပေးနိုင်ဘူး...’
ကလိုင်းဟာ စားပွဲစွန်းကို ပွတ်ရင်း ရှေ့ဘာဆက်လုပ်ရမလဲ ဆိုတာ စဉ်းစားပါတယ်။
ဗေဒင်တွက်ချက်မှုကနေ ပစ်မှတ်က လှုံ့ဆော်သူ ထရစ် ဖြစ်ခဲ့ဖူးဆိုတာ လုံးဝ သေချာသွားပါတယ်။ ဒါပေမဲ့ ဘဝသစ်ပြောင်းသွားတဲ့ ထရစ်ဆာက ထင်းဂန်မြို့ကနေ ထွက်ပြေးသွားပါပြီ။ လက်ရှိ အခြေအနေအရ သူ့ရဲ့ ဗေဒင်တွက်ချက်မှုက ဒန်းစမစ်တို့ကို ဘာမှကူညီပေးနိုင်မှာ မဟုတ်ပါဘူး။
ကလိုင်းဟာ ဆုံးဖြတ်ချက် မြန်မြန် ချပါတယ် ‘ကပ္ပတိန်က ဘက်ကလင်၊ အင်းမတ်ဆိပ်ကမ်းနဲ့ မီးရထားတစ်လျှောက် တခြားဘူတာရုံတွေကို ကြေးနန်းပို့ပြီး သတင်းပေးမယ်လို့ ပြောထားတယ်... အဲဒီတော့ ထရစ်ဆာက တစ်နိုင်ငံလုံးအနှံ့ ဝရမ်းထုတ်ခံရမှာပဲ...’
ကလိုင်းဟာ ချက်ချင်းပဲ စိတ်ပိုင်းဖြတ်လိုက်ပါတယ်။ သူ သတိပေးရင်ပဲဖြစ်ဖြစ် သတိမပေးရင်ဘဲ ဖြစ်ဖြစ် ဒန်းစမစ်က ဒီကိစ္စအတွက် အကောင်းဆုံး လုပ်ဆောင်ပြီးပါပြီ။
သူ အိပ်မက်ဗေဒင်ထဲမှာ မီးရထားနံပါတ်ကို မမြင်နိုင်မှတော့ စိတ်ဝိညာဉ်ချိန်သီးနဲ့ တခြား ဗေဒင်တွက်နည်းတွေကလည်း အလုပ်ဖြစ်မှာ မဟုတ်ပါဘူး။ တစ်ခုချင်းစီ တစ်ဆင့်ချင်း ရှင်းထုတ်ဖို့ ကြိုးစာရင်တောင် အရာရောက်မှာ မဟုတ်ပါဘူး။
အနီရောင် မီးခိုးခေါင်းတိုင်နဲ့ အခြေအနေ အတူတူပါပဲ။
အဲဒီအချိန်မှာ သူဟာ စိတ်အင်အား လုံးဝ ကုန်ခမ်းသွားတယ်လို့ ခံစားလိုက်ရတာကြောင့် မီးခိုးရောင်မြူခိုးထက်မှာ ဆက်မနေတော့ဘဲ စိတ်ဝိညာဉ်စွမ်းအားနဲ့ သူ့ကိုယ်သူ လွှမ်းခြုံကာ အောက်ပြုတ်ကျတယ်လို့ စိတ်ညွှတ်လိုက်ပါတယ်။
သူ့အခန်းထဲကို ပြန်ရောက်တဲ့အခါ နူးညံ့အိစက်တဲ့ သိုးသားက သူ့စိတ်တစ်ခုလုံးကို နေရာယူလိုက်ပါတယ်။
“ငါ စမုန်နက် နည်းနည်း ထည့်ရမယ်... အရှင်မကို ချီးကျူးကြလော့” ကလိုင်းဟာ တံတွေးမျိုချပြီး စိတ်ဝိညာဉ်နံရံကို ဖယ်ရှားကို အခန်းတံခါး ဖွင့်လိုက်ပါတယ်။
...
နောက်တစ်နေ့ မနက်ခင်း ကိုးနာရီထိုးဖို့ မိနစ် ၂၀ အလိုမှာ လက်ကိုင်တုတ် ကိုင်ထားတဲ့ ကလိုင်းဟာ ဆူးနက်လုံခြုံရေး ကုမ္ပဏီထဲ ဝင်လိုက်ပါတယ်။
“မင်္ဂလာ မနက်ခင်းပါ ကလိုင်း... ကျွန်မမှာ သတင်းကောင်း ရှိတယ်” ရိုဇန်းဟာ ဧည့်ကြိုကောင်တာ နောက်ကနေ စိတ်လှုပ်တရှား လက်ဝှေ့ယမ်းပြီး ပြောပါတယ်။
ကလိုင်းရဲ့ မျက်လုံးတွေဟာ အရောင်တောက်သွားပါတယ် “ထရစ်ဆာကို ဖမ်းမိလို့လား”
“ထရစ်ဆာ... သူက ဘယ်သူလဲ’ အစိမ်းရောင်ဝတ်စုံနဲ့ ရိုဇန်းဟာ ဘာမှမသိတဲ့မျက်နှာ ဖြစ်သွားပါတယ်။
“မင်း သူ့ကို မသိဘူးပဲ... အဲဒါဆို သတင်းကောင်းက ဘာလဲ” ကလိုင်းဟာ စကားလမ်းကြောင်း ပြန်တည့်ပေးလိုက်ပါတယ်။
ရိုဇန်းဟာ တလက်လက် တောက်ပတဲ့ အပြုံးနဲ့ ဖြေပါတယ် “ကပ္ပတိန်ရဲ့ တောင်းဆိုချက်ကို အတည်ပြုလိုက်ပြီ... ရဲဌာနက သဘာဝလွန်ကိစ္စ ကြုံဖူးတဲ့ ရဲနှစ်ယောက်ကို ဒီမှာ စာရေးလုပ်ဖို့ လွှဲပြောင်းပေးတော့မှာ... နောက်ဆုံးတော့ ကျွန်မ မကြာခဏ ဇီးကွက်လုပ်စရာ မလိုတော့ဘူး... အရှင်မကို ချီးကျူးကြလော့”
“အဲဒါ သတင်းကောင်းပဲ” ကလိုင်းဟာ စိတ်ရင်းနဲ့ ပြောပါတယ်။
ရိုဇန်းနဲ့ စကားနည်းနည်းပါးပါး ပြောပြီးနောက် သူဟာ အခန်းခွဲထားတဲ့အပိုင်းကို ကျော်ပြီး မြေအောက်ထပ်ကို ဆင်းပါတယ်။ သူဟာ ဂမ္ဘီရသင်ခန်းစာတွေကို ဆက်ပြီး လေ့လာဖို့ စီစဉ်ထားပါတယ်။
ကပ္ပတိန်ရဲ့ ရုံးခန်းနဲ့ ညသိမ်းငှက်တွေရဲ့ အပန်းဖြေခန်းကို ဖြတ်တဲ့အခါမှာ သူဟာ တစ်ချက် အကဲခတ်လိုက်ပါတယ်။ ဒန်းစမစ်၊ လန်နာ့ဒ်နဲ့ ကျန်တဲ့လူတွေကို တွေ့လိုက်ရတဲ့အတွက် ညက ရှာဖွေမှုနဲ့ စုံစမ်းစစ်ဆေးမှုက မအောင်မြင်ဘဲ လက်ဗလာနဲ့ ပြန်လာရတယ် ဆိုတာ သိလိုက်ပါတယ်။ ကျန်တဲ့ကိစ္စကိုတော့ ရဲဌာနဆီ အပ်လိုက်မှာ သေချာပါတယ်။ နောက်ပိုင်း ကိစ္စအများကြီးကို သူတို့တွေ အပင်ပန်းခံ မလုပ်နိုင်ပါဘူး။
ပထမတော့ ကလိုင်းဟာ နောက်ဆုံး အခြေအနေကို သိရဖို့ ကပ္ပတိန်နဲ့ စကားပြောချင်ပါတယ်။ ဒါပေမဲ့ ကပ္ပတိန်က ကြေးနန်းရိုက်ပြီး အလုပ်များနေတာ တွေ့လိုက်ရတဲ့အတွက် မနှောင့်ယှက်တော့ဘဲ နေ့လည်စာ စားတဲ့အချိန်ကျမှာ မေးဖို့ ဆုံးဖြတ်လိုက်ပါတယ်။
သူဟာ လှေကားကနေ မြေအောက်ထပ်ကို ဆင်းတဲ့အခါ သတ္တုချိတ်မှာ ဆွဲထားတဲ့ ဂန္တဝင် ဓာတ်ငွေ့မီးအိမ် နှစ်လုံးကို တွေ့လိုက်ရပါတယ်။ သူဟာ ဖန်သားပြင်နောက်က အလင်းရောင်ကြောင့် လင်းလင်းချင်းချင်း ဖြစ်နေတဲ့ အမြဲတမ်း တိတ်ဆိတ်နေတဲ့ လူသွားလမ်းကိုလည်း တွေ့လိုက်ရပါတယ်။
သူဟာ အေးမြပေမဲ့ လတ်ဆတ်တဲ့လေကို ရှူရှိုက်ရင်း ခြေလှမ်း သုံးလေးလှမ်း လှမ်းအပြီးမှာ ရုတ်တရက် ရပ်တန့်လိုက်ပါတယ်။ သူဟာ ဓာတ်ငွေ့မီးအိမ်ကို ရုတ်တရက် လှမ်းကြည့်ပြီးနောက် တဖြည်းဖြည်း မျက်မှောင်ကြုတ်သွားပါတယ်။
သူ အမှားကြီးတစ်ခု လုပ်ခဲ့တယ်ဆိုတာကို သူ ရုတ်တရက် သဘောပေါက်သွားပါတယ်။
၂၁ ရာစုက ဗဟုသုတတွေရှိတဲ့ သူ့လိုလူမျိုးပဲ မှားနိုင်တဲ့ အမှားမျိုးပါ။
ညတုန်းက မီးခိုးရောင်မြူခိုးထက်မှာ ဗေဒင်တွက်ချက်တုန်းက သူဟာ ထရစ်ဆာ မီးရထားစီးနေတာကို မြင်ခဲ့ရပါတယ်။ အဲဒါကြောင့် သူဟာ အဲဒါက အဲဒီအချိန်မှာ ဖြစ်ပျက်နေတာလို့ အလိုလို ယူဆမိခဲ့ပါတယ်။
ဒါပေမဲ့ ဒီကမ္ဘာမှာက လျှစ်စစ်မီး မရှိသလို ဒီလိုမျိုး အလားတူ ပစ္စည်းမျိုးလည်း မရှိပါဘူး။ ညမှောင်တဲ့အခါ ဘယ်မီးရထားမှာ လူတင်ပြီး မမောင်းနှင်ပါဘူး။ ညဘက်မှာ မီးရထား ပြေးဆွဲတာကို အကျင့်ဖြစ်နေတဲ့ ကလိုင်းဟာ ဒီအချက်ကို အလိုလို မေ့သွားပါတယ်။
တခြားစကားနဲ့ ပြောရရင် အဲဒီအဖြစ်အပျက်ဟာ ညတုန်းက ဖြစ်ပျက်ခဲ့တာ မဟုတ်ပါဘူး။ အနာဂတ်မှာ ဖြစ်ပျက်မဲ့ မြင်ကွင်းတစ်ခုပါ။ အနာဂတ်ဆိုတော့ ဒီနေ့လည်း ဖြစ်နိုင်သလို နောက်တစ်နေ့လည်း ဖြစ်နိုင်ပါတယ်။
ကလိုင်းဟာ ခေါင်းထဲမှာ တင်းခနဲ ဖြစ်သွားပြီး ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်ပါတယ်။ အဲဒီနောက် သူဟာ အပေါ်ထပ် ပြန်တက်ပြီး တံခါးခေါက်လိုက်ပါတယ်။
အပန်းဖြေခန်း တံခါး ပွင့်သွားတဲ့အခါ သူဟာ ပြတင်ပေါက်နားမှာ ကူကယ်ရာမဲ့တဲ့ မျက်နှာနဲ့ ကဗျာရွတ်နေတဲ့ လန်နာ့ဒ်ကို တွေ့လိုက်ရပါတယ်။
ကလိုင်းဟာ ဖဲကစားနေတဲ့ ကင်လီ၊ ရိုင်ရွယ်နဲ့ စီကာထရွန်ကို လျစ်လျူရှုလိုက်ပါတယ်။ သူဟာ လန်နာ့ဒ်ကို လှမ်းကြည့်ပြီး။
“ငါ မင်းကို မေးစရာ တစ်ခု ရှိတယ်”
“မိန်းမပျိုတွေ နှစ်သက်အောင် ဘယ်လိုလုပ်ရမလဲဆိုတာ သင်ချင်တာလား” လန်နာ့ဒ်ဟာ ရစ်ဆဲလ်ရဲ့ ရွေးချယ်ထားတဲ့ ကဗျာများစာအုပ်ကို အောက်ချပြီး နောက်ပါတယ်။
အဲဒီနောက် သူဟာ အပန်းဖြေခန်းထဲက ထွက်ပြီး ကလိုင်းနောက်လိုက်ပါတယ်။ မြေအောက်ထပ်ဆင်းတဲ့ လှေကားရဲ့ လမ်းတစ်ဝက်အရောက်မှာ သူဟာ ကလိုင်းရဲ့ မျက်လုံးထဲကို စိုက်ကြည့်ပြီး။
“ကြည့်ရတာ မင်း မနေ့ညက ဗေဒင်တွက်တာ အောင်မြင်တဲ့ပုံပဲ”
ကလိုင်းဟာ စကားကြောရှည်ပြီး ရှင်းပြမနေတော့ဘဲ လိုတိုရှင်း ပြောပါတယ် “ထရစ်ဆာက မီးရထားနဲ့ ထွက်သွားလိမ့်မယ်”
အနောက်ပိုင်းမြို့နယ်က အလုပ်ဂေဟာမှာ စကားပြောပြီးကတည်းက သူဟာ လန်နာ့ဒ်ရှေ့မှာ နည်းနည်း ထူးခြားတဲ့ပုံစံ ပေါ်တာကို စိတ်မရှိတော့ပါဘူး။
“အစောဆုံး မီးရထားက ဒီမနက် ၇ နာရီပဲ...” လန်နာ့ဒ်ဟာ အိတ်ဆောင်နာရီကို ထုတ်ပြီး ဖွင့်ကြည့်ပါတယ် “အချိန်ဆွဲနေလို့ မဖြစ်ဘူး... ငါ ယုံကြည်ရတဲ့ သတင်းတစ်ခု ရတယ်လို့ ကပ္ပတိန်ကို ပြောလိုက်မယ်”
သူဟာ အပေါ်ထပ် မြန်မြန်တက်ပြီး ဆူးနက်လုံခြုံရေး ကုမ္ပဏီကနေ ထွက်သွားပါတယ်။ လေးငါးမိနစ်ကြာတဲ့အခါ သူဟာ ပြန်ရောက်လာပြီး ဒန်းစမစ်ရဲ့ ရုံးခန်းထဲ ဝင်ပါတယ်။
ကလိုင်းဟာ သက်ပြင်းရှည်ကြီး ချပြီး ကပ္ပတိန်က ဖဲကစားနေတဲ့ ညသိမ်းငှက်တွေကို စုစည်းကာ ကြေးနန်းပို့တာကို ကြည့်နေပါတယ်။ အဲဒီနောက် ကပ္ပတိန်တို့တွေဟာ ကုမ္ပဏီကနေ ထွက်ခွာသွားကြပါတယ်။
စောစောက ဖြစ်ခဲ့တာကို ပြန်တွေးရင်း ကလိုင်းဟာ နည်းနည်းတော့ ဝိရောဓိ ဖြစ်သွားပါတယ်။ ဒါက သူ သေသွားတဲ့ ဝတ်စုံနဲ့ လူပြက်ဆီကနေ သင်ခန်းစာတစ်ခု ရလိုက်သလိုမျိုး နောက်ထပ် မတူညီတဲ့ သင်ခန်းစာတစ်ခုကို ရလိုက်တာပါ။ သူကိုယ်တိုင် မှားခဲ့တဲ့ အမှားမလို့ ကလိုင်းဟာ ဒီသင်ခန်းစာကို ပိုပြီးတော့ လေးလေးနက်နက် နားလည်ပါတယ်။
လက်နက်တိုက်ကို ကျော်လို့ တာဝန်ခန်းထဲ ဝင်ပြီးနောက် သူဟာ ဦးထုပ်နဲ့ ကုတ်အင်္ကျီကို ချွတ်ကာ အဝတ်စင်မှာ ချိတ်လိုက်ပါတယ်။
လူအိုကြီးနီးလ်ဟာ အခုလေးတင် လက်ကြိတ်ကော်ဖီ ဖျော်ပြီးရုံပဲ ရှိပါသေးတယ်။ သူဟာ အပြုံးနဲ့ တစ်ငုံသောက်ပြီး မေးပါတယ်။
“တစ်ခွက်လောက် သောက်မလား”
“သောက်မယ်” ကလိုင်းဟာ အိမ်ပြန်ရောက်သွားသလိုမျိုး လွတ်လွတ်လပ်လပ် ထိုင်လိုက်ပါတယ်။
လူအိုကြီးနီးလ်ဟာ သူ့ကို တစ်ချက်ကြည့်ပြီး မျက်မှောင်ကြုတ်ကာ။
“သကြားသုံးတုံးနဲ့ နို့မှုန့်တစ်ဇွန်းပဲလား... မင်းက အချို တော်တော် ကြိုက်တာပဲ... ဒါ မင့်သွားနဲ့ ခန္ဓာကိုယ်အတွက် မကောင်းဘူး”
“မဟုတ်ပါဘူး... ကျွန်တော်က ကော်ဖီသောက်ရင်ပဲ အချိုကြိုက်တာ... အသားကြော်တို့ အသားကင်တို့ဆိုရင် နှင်းဆီဆား၊ ငရုတ်ကောင်း၊ စမုန်နက်နဲ့ တခြားဟင်းခတ် အမွှေးအကြိုင်တွေကို ပိုကြိုက်တယ်...” ကလိုင်းဟာ သူ့ကိုယ်သူ အရသာစုံ ကြိုက်တဲ့လူလို့ ခံယူထားပါတယ်။
လူအိုကြီးနီးလ်ဟာ ကော်ဖီကို ကုန်အောင် မြန်မြန်သောက်ပြီး ခွက်ကို ကလိုင်းရှေ့ တွန်းပေးပါတယ်။
“မင်း ခဏနားဦးမလား... ဒါမှမဟုတ် အခုပဲ စမလား”
“ခဏနာဦးမယ်... ကပ္ပတိန်တို့တွေ ထရစ်ဆာရဲ့ တည်နေရာနဲ့ ပတ်သက်တဲ့ သတင်းတစ်ခုရလို့ မီးရထား ဘူတာရုံဆီ သွားကြတယ်... ဘယ်လိုရလဒ် ထွက်လာမလဲဆိုတာ ကျွန်တော် သိချင်တယ်...” ကလိုင်းဟာ သက်ပြင်းချလိုက်ပါတယ်။
“အဲဒီသတင်းက အသေးစိတ်ကျလား... ဘယ်မီးရထားလဲဆိုတာ အတိအကျ သိလား”
“အသေးစိတ် မပါဘူး... အတည်မပြုရသေးဘူး” ကလိုင်းဟာ နှုတ်ခမ်းလိပ်ပြီး ပြောပါတယ်။
လူအိုကြီးနီးဟာ ရုတ်တရက် ရယ်လိုက်ပါတယ် “အဲဒီလို အခြေအနေမျိုးမှာ ကျရှုံးနိုင်ခြေက အောင်မြင်နိုင်ခြေထက် ပိုများတယ်... ထရစ်ဆာက ဆုံမှတ် ၇ သာလွန်သူ ဖြစ်လောက်တယ်... အဲဒီအဆင့်ရှိတဲ့ သာလွန်သူတွေက အလွယ်လေး ဖမ်းလို့ရတာ မဟုတ်ဘူး... ဟီးဟီး... ဗေဒင်တွက်တာကို သိပ်အားမကိုးနဲ့... ဗေဒင်တွက်တာက အကုန်လုံး စွမ်းနေတာ မဟုတ်ဘူး... နိမိတ်ကိုပဲ မြင်ရတာဆိုတော့ အဓိပ္ပာယ်ကောက် မှားတာပဲဖြစ်ဖြစ် တစ်ခုခု ကျန်ခဲ့တာပဲဖြစ်ဖြစ် ရှိနိုင်တယ်”
ကလိုင်းဟာ သူလုပ်ခဲ့တဲ့ အမှားကို ပြန်တွေးပြီး စိတ်ရင်းနဲ့ ခေါင်းညိတ်လိုက်ပါတယ်။
“ဟုတ်တယ်... ဗေဒင်တွက်တာက အကုန်လုံး စွမ်းနေတာ မဟုတ်ဘူး...”
ဒီစကားပြောပြီးတဲ့နောက် သူဟာ သက်ပြင်းချလိုက်ပါတယ်။ ရုတ်တရက်ဆိုသလို သူ့ရဲ့ ခန္ဓာကိုယ် စိတ်နဲ့ ဝိညာဉ်ဟာ အံ့ဖွယ်အခြေအနေထဲ ဝင်ရောက်သွားပါတယ်။ သူဟာ အသက် ရှူထုတ်ဖို့အတွက် မသိမသာ နောက်မှီလိုက်ပါတယ်။ အဲဒီအချိန် တဒင်္ဂလေးမှာပဲ တစ်စုံတစ်ခု ကွဲကြေသွားသံကို သူ့နားထဲမှာ ဝိုးတိုးဝါးတား ကြားလိုက်ရပါတယ်။
သူ့ခန္ဓာကိုယ်ထဲမှာ တစ်စုံတစ်ခု ပျော်ဝင်သွားပြီး သူ့စိတ်ဝိညာဉ်နဲ့ ပေါင်းစပ်သွားတာကိုလည်း ခံစားမိလိုက်ပါတယ်။
ကလိုင်းဟာ မျက်လုံးမှေးပြီး တစ်မူထူးခြားတဲ့ စကားလုံးနဲ့ ဖော်ပြဖို့ မဖြစ်နိုင်တဲ့ အတွေ့အကြုံကို တိတ်တိတ်လေး ခံစားပါတယ်။
ကလိုင်းဟာ ဘယ်သူမှ သူ့ကို မပြောလည်း သူ အမြင်ဆရာ ဆေးရည်ကို အကုန်အစင် ချေဖျက်လိုက်ပြီဆိုတာ သိလိုက်ပါတယ်။
...
ထာ့ဆစ်မြစ် ထင်းဂန်မြို့ကို ဖြတ်သန်းစီးဆင်းပြီး ပထမဆုံး ဖြတ်စီးတဲ့ မြို့လေးက ဝီနီယာလို့ ခေါ်ပါတယ်။ ထင်းဂန်ကနေ ဘက်ကလင်ဆီသွားတဲ့ မီးရထား ပထမဆုံး ရပ်နားရာ ဆိုရင်လည်း မမှားပါဘူး။
ပလက်ဖောင်းပေါ်မှာ ထရစ်ဆာဟာ ဝါညိုနုရောင် အဝတ်အစား ပြောင်းဝတ်ပြီး မိန်းမဆောင်း ဦးထုပ်ဝိုင်း တစ်လုံး ဆောင်းထားပါတယ်။ ဦးထုပ်စွန်းကနေ တွဲလောင်းကျနေတဲ့ ဇာပိတ်ကျဲဟာ သူမရဲ့ မျက်နှာကို တစ်ဝက်ကာထားတာကြောင့် သူမရဲ့ မျက်နှာကို အသေးစိတ် မမြင်နိုင်ပါဘူး။
သူမဟာ ထင်းဂန်မြို့မှာရှိတဲ့ သူမရဲ့ လုပ်ဖော်ကိုင်ဖက်ကို သတိထားဖို့ ကြေးနန်းပို့ ပြီးပါပြီ။ သူမဟာ သူမ ဖောက်ထွင်းထားတဲ့ ပိုက်ဆံနဲ့ ဘက်ကလင်ဆီသွားတဲ့ မီးရထား လက်မှတ်တစ်စောင် ဝယ်ထားတယ်လို့လည်း ပြောထားပါတယ်။
ထရစ်ဆာဟာ ထင်းဂန်မြို့မှာ မီးရထား တက်မစီးဘဲ ဝီနီယာမြို့မှာ တက်စီးတာက လုပ်ကြံသတ်ဖြတ်သူ တစ်ယောက်ရဲ့ စူးရှတဲ့ ဆဋ္ဌမအာရုံနဲ့ ရင့်ကျက်တဲ့ အတွေ့အကြုံကြောင့်ပါ။
ဥဩဆွဲသံ။
တဂျုံးဂျုံး တဂျက်ဂျက်နဲ့ မီးခိုးတလူလူ ထွက်နေတဲ့ မီးရထားတစ်စီးဟာ ဥဩသံ ရှည်ရှည်လျားလျားဆွဲပြီး ပလက်ဖောင်းဘေးနားမှာ လာရပ်ပါတယ်။
ဘာခရီးဆောင်အိတ်မှ မပါတဲ့ ထရစ်ဆာဟာ ပထမတွဲထဲ ဝင်လိုက်ပါတယ်။ တစ်ချိန်တည်းမှာပဲ သူမဟာ သုံးမှတ်တိုင် စီးပြီးတာနဲ့ ရထားပေါ်က ဆင်းပြီး ဘက်ကလင်ကို တခြားနည်းလမ်းနဲ့ ဝင်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။
...
သူတော်စင် ဆယ်လီနာ ဘုရားရှိခိုးကျောင်းရဲ့ မြေအောက်ခန်းမှာ ကလိုင်းဟာ မျက်လုံးမှိတ်ပြီး ကုလားထိုင်မှာ နောက်မှီထိုင်နေပါတယ်။
သူဟာ အမြင်ဆရာဆေးရည် အကုန်အစင် ချေဖျက်ပြီးသွားတာကို လက်ခံနေတုန်း ပုံရိပ်ယောင် ကြယ်တွေ တစ်လုံးပြီး တစ်လုံး ပေါ်လာတာကို ခပ်ရေးရေး တွေ့လိုက်ရပါတယ်။ ဒီကြယ်တွေက သူနဲ့ ဆက်သွယ်မှု တစ်မျိုးမျိုး ရှိနေသလိုပါပဲ။ နောက်ပြီး ဒီကြယ်တွေဟာ အတူတူ ပူးပေါင်းပြီး တစ်လုံးတည်းအဖြစ် ပေါင်းစည်းချင်ပုံ ရပါတယ်။
အမျိူးအမည်မသိတဲ့ ဆာလောင်မှုနဲ့ ရေငတ်မှု လျော့ကျသွားတဲ့အခါ ကလိုင်းဟာ ပုံမှန် ပြန်ဖြစ်သွားပြီး စောစောက အတွေ့အကြုံတွေ အကုန်လုံး ပျောက်ကွယ်သွားပါတယ်။
ဒါပေမဲ့ သူ့စိတ်ဟာ အရင်ကထကက် ပိုသန့်စင်ပြီး သက်သောင့်သက်သာ ပိုရှိနေပါတယ်။ ကလိုင်းဟာ မျက်လုံးဖွင့်လိုက်ပါတယ်။
အဲဒီအချိန်မှာ သူက အမြင်ဆရာစစ်စစ် ဖြစ်သွားပြီဆိုတာကို သူ သိလိုက်ပါတယ်။
မြန်မာပြည် ငြိမ်းချမ်းပါစေ။