ပြင်ဆင်ခြင်း
Vol. 13 Ch. 127
ဓာတ်ငွေ့မီးအိမ်ရဲ့ အလင်းရောင်ဟာ ဖန်သားပြင်ကို ထိုးဖောက်ထွက်ကာ အစောင့်ခန်းကို အလင်းရောင် ပေးနေပါတယ်။ လူအိုကြီးနီးလ်ဟာ သတင်းစာကို ဖတ်ပြီးတဲ့အခါ ကော်ဖီတစ်ငုံသောက်ပြီး ကလိုင်းကို ကြည့်ပါတယ်။
“ဘယ်လိုနေလဲ... နေလို့ထိုင်လို့ ကောင်းသွားပြီလား... ဝိုင်တစ်ခွက် သောက်မလား... လစာကြိုထုတ်မလား... ဒါမှမဟုတ် တစ်ရက်နားမလား”
အမြင်ဆရာဆေးရည်ကို ကုန်စင်အောင် ချေဖျက်ပြီးတဲ့ ကလိုင်းဟာ သူ့ရဲ့ စိတ်ဝိညာဉ်အာရုံခလုတ်ကို တွေးခေါ်မှုနဲ့ ပြောင်းလဲဖို့ ကြိုးစားပါတယ်။ သူဟာ စိတ်ဝိညာဉ်အာရုံ ဖွင့်တာကို သူများတွေ မသိစေချင်ပါဘူး။
အခုအချိန်မှာ သူဟာ စိတ်ဝိညာဉ်အာရုံဖွင့်ဖို့ သိသာထင်ရှားတဲ့ ရုပ်ပိုင်းဆိုင်ရာ လက္ခဏာကို မလိုအပ်တော့ပါဘူး။ ပိုပြီးတော့ ကွယ်ဝှက်တဲ့ နည်းလမ်းကို သုံးနိုင်လာပါပြီ။ ဥပမာ အဆစ်တွေကို လက်ခလယ်နဲ့ ဆက်တိုက်သပ်တာ ဒါမှမဟုတ် ဘယ်ဘက် အံသွားကို နှစ်ကြိမ်ကိုက်တာပါ။
ကလိုင်းဟာ လက်တစ်ဖက်မှာ ခြောက်လုံးပြူး လက်တစ်ဖက်မှာ လက်ကိုင်တုတ် ကိုင်ထားတဲ့ အခြေအနေမှာ စိတ်ဝိညာဉ်အာရုံကို ဘယ်လိုဖွင့်ရမလဲ ဆိုတာကိုလည်း ထည့်သွင်း စဉ်းစားပါတယ်။ နောက်ဆုံးသူဟာ အံ့သွားကိုက်ပြီး စိတ်ဝိညာဉ်အာရုံ အဖွင့်အပိတ်လုပ်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ဘယ်ဘက်အံ့သွားကို စိတ်ဝိညာဉ်အာရုံ ဖွင့်ဖို့ သုံးပြီး ညာဘက်အံ့သွားကို စိတ်ဝိညာဉ်အာရုံ ပိတ်တဲ့နေရာမှာ သုံးဖို့ ဆုံးဖြတ်လိုက်ပါတယ်။
ကလိုင်းဟာ ထပ်ခါထပ်ခါ လေ့ကျင့်ပြီး စိတ်ဝိညာဉ်အာရုံ ခလုတ်ကို ပြောင်းပါတယ်။ ပြီးသွားတဲ့အခါမှာတော့ မျက်လုံးဖွင့်ပြီး ပြုံးလိုက်ပါတယ်။
“ကျွန်တော်က ကပ္ပတိန်တို့ရဲ့ စစ်ဆင်ရေးကို စိုးရိမ်ပူပန်ရုံတင်ပါ... ကျွန်တော်ကိုယ် ကျွန်တော် စိတ်ငြိမ်အောင် လုပ်ဖို့ မလိုပါဘူး...”
တစ်ချိန်တည်းမှာပဲ သူဟာ ဘယ်အံ့သွား ကိုက်ပြီး စိတ်ဝိညာဉ်အာရုံ ဖွင့်ဖို့ ကြိုးစားပါတယ်။ သူဟာ ဒီပြောင်းထားတဲ့ ခလုတ်ကို တတ်နိုင်သလောက်မြန်မြန် ကျင့်သား ရသွားချင်ပါတယ်။
“အဟွတ်... အဟွတ်... အဟွတ်...”
လူအိုကြီးနီးလ်ဟာ ချောင်းတဟွတ်ဟွတ် စဆိုးပါတယ်။ သူ့မျက်နှာက ချက်ထားတဲ့ ကျောက်ပုစွန်လို နီရဲသွားတဲ့အထိ ချောင်းဆိုးတာက ပြင်းထန်ပါတယ်။
“ဘာဖြစ်လို့လဲ” ကလိုင်းဟာ အေးခဲသွားပြီး စိုးရိမ်စိတ်နဲ့ မေးပါတယ်။
သူဟာ လူအိုကြီးနီးလ်ရဲ့ ရောင်ဝါကို သေသေချာချာ စစ်ဆေးကြည့်လိုက်တဲ့အခါ ကျန်းမာရေးကို ကိုယ်စားပြုတဲ့ အရောင်က ပုံမှန်အတိုင်း ရှိနေပြီး အသက်ကြီးလို့ အရောင်နည်းနည်း မှိန်နေတာပဲ တွေ့လိုက်ရပါတယ်။
လူအိုကြီးနီးလ်ဟာ စက္ကန့်နှစ်ဆယ်နီးပါး ချောင်းဆိုးပြီးနောက် ချောင်းဆိုးခဏ ရပ်သွားပါတယ်။ သူဟာ ကော်ဖီခွက်ကို ကောက်ယူပြီး ဖြည်းဖြည်းချင်း တစ်ငုံ သောက်ပါတယ်။
“လူတိုင်း အမှားလုပ်ကြတာပဲ... ခုနက ငါ ကော်ဖီ သီးသွားတာ... ငါတို့တွေ ဒီနေ့အတွက် သင်ခန်းစာကို စလိုက်ကြတော့မလား”
“စမယ်လေ” ကလိုင်းဟာ ညာအံသွားကို တိတ်တဆိတ် နှစ်ချက် ကိုက်လိုက်ပါတယ်။
ကလိုင်းဟာ အမြင်ဆရာ ဆေးရည်ကို သူ ထင်ထားတာထက် တစ်ပတ် နှစ်ပတ် ကြိုပြီး အကုန်အစင် ချေဖျက်လိုက်နိုင်လို့ ဝမ်းသာသွားသလို့ စိတ်အနှောင့်အယှက်လည်း ဖြစ်သွားပါတယ်။ ဝမ်းသာတာကတော့ စိတ်လွတ်နိုင်တဲ့ အခြေအနေကနေ လွတ်မြောက်ပြီး နောက်တစ်ဆင့်ကို တက်ကာ သာလွန်သူစွမ်းအား ပိုရတော့မှာမလို့ပါ။ ဘယ်သူမဆို ဒီကိစ္စကို ဝမ်းသာပြီး စိတ်လှုပ်ရှားကြမှာပါ။ စိတ်အနှောင့်အယှက် ဖြစ်ရတာကတော့ ဒီကိစ္စက သူ့အစီစဉ်တွေနဲ့ သူဆွဲထားတဲ့ အချိန်ဇယားကို ကမောက်ကမ ဖြစ်သွားစေလို့ပါ။
သူက ညသိမ်းငှက်တွေနဲ့ အချိန်တစ်ခုအထိ နေရဦးမှာဆိုတော့ လူရွှင်ဆေးရည်ကို တိတ်တဆိတ် သောက်ပြီး နောက်တစ်ဆင့် တက်တာက ကောင်းမွန်တဲ့ ရွေးချယ်မှုတော့ မဟုတ်ပါဘူး။ သူ အဲဒီလို လုပ်ခဲ့ရင် သူအဆင့်တက်ထားတာ ပေါ်သွားမှာကို အမြဲတမ်း စိုးရိမ်နေပြီး အစွမ်းအစတွေကို အပြည့်အဝ ထုတ်သုံးနိုင်မှာ မဟုတ်ပါဘူး။ အဲဒီလိုဆိုရင် သူ့အတွက် ပိုပြီးတော့ အန္တရာယ်များမှာပါ။
သူဟာ နတ်ဝင်သည်ဒေလီလိုမျိုး အထက်လူကြီးတွေဆီ အစီအရင်ခံစာ တင်ဖို့ကိုလည်း စဉ်းစားထားပါတယ်။ ပြီးရင် မှော်ဆေးရည် ဖော်မြူလာနဲ့ ထူးခြားပစ္စည်းတွေကို သူ့အကျိုးဆောင်မှုနဲ့ လဲလှယ်ပြီး ဆုံမှတ် ၈ ညသိမ်းငှက်အဖြစ်ကို တရားဝင် တက်မှာပါ။
ဒါပေမဲ့ မှော်ဆေးရည်ကို တစ်နှစ်အတွင်း ပိုင်နိုင်တာနဲ့ တစ်လအတွင်း ပိုင်နိုင်တာက အများကြီး ကွာခြားပါတယ်။ ကလိုင်းဟာ သန့်စင်မွန်မြတ် ဘုရားရှိခိုးကျောင်းတော်ရဲ့ စေ့စေ့စပ်စပ် စိစစ်မှုနဲ့ ပျိုးထောင်ခံရမဲ့ ပါရမီရှင် ဖြစ်လာမှာကို တောင့်ခံနိုင်ပေမဲ့ အထက်လူကြီးတွေ သံသယဝင်မှာကို မလိုချင်ပါဘူး။ အဲဒါကြောင့် သူ့အခြေအနေကို ကျိုးကြောင်းသင့် ရှင်းပြနိုင်တဲ့ အကြောင်းပြချက် တစ်ခု ရှာဖို့ လိုပါတယ်။
သူဟာ အမြင်ဆရာ ဆေးရည်ကို အကုန်အစင် မချေဖျက်နိုင်သေးခင် သူပေးမဲ့ အကြောင်းပြချက်အတွက် ကပ္ပတိန်ဆီမှာ စကားလမ်းခင်းဖို့ ကြံရွယ်ထားပါတယ်။ ဥပမာ သူ့စိတ်ဝိညာဉ်စွမ်းအားက ဗေဒင်ကလပ်ဆီသွားရင် ပိုဖျက်လတ်လာတာ ဒါမှမဟုတ် သူ တခြားလူတွေကို ဗေဒင်တွက်ပေးရင်း ရလာတဲ့ အမြင်ဆရာရဲ့ စည်းမျဉ်းစည်းကမ်းတွေကို ပြောပြမှာပါ။ မမြင်သင့်တာတွေကို မမြင်ရတော့ဘဲ မကြားသင့်တာတွေကို မကြားရတော့တဲ့ အကြောင်းလည်း ပြောပြမှာပါ။
အဲဒီလိုဆိုရင် ညသိမ်းငှက်ရဲ့ အထက်လူကြီးတွေက သူ တာဝန်ထမ်းဆောင်ရင်း မဒမ်ဒေလီဆီကနေ တစ်စုံတစ်ရာကို သွယ်ဝိုက်သိသွားလို့ မဒမ်ဒေလီထက် ဆေးရည်ကို မြန်မြန် ချေဖျက်နိုင်တာလို့ တွေးကြမှာပါ။
အဲဒီလိုဆိုရင် အထက်လူကြီးတွေက ဆေးရည်ရဲ့ စည်းမျဉ်းစည်းကမ်းတွေနဲ့ သရုပ်ဆောင်တဲ့ နည်းလမ်း ရှာတွေ့သွားတာကိုပဲ အာရုံပိုစိုက်ပြီး သူ့အပေါ် သံသယဝင်တာ နည်းသွားမှာပါ။ ဒီနည်းလမ်းနဲ့ ကပ္ပတိန်တို့တွေ သရုပ်ဆောင်တဲ့ နည်းလမ်း သိသွားအောင်လည်း ကူညီနိုင်ပါတယ်။
ကလိုင်းဟာ ဒန်းစမစ်က ခေါင်းဆောင်ကောင်း တစ်ယောက်လို့ ခံစားရပါတယ်။ မှတ်ဉာဏ် မကောင်းတာကလွဲရင် ဒန်းစမစ်က အပြစ်အနာအဆာ မရှိပါဘူး။ အဲဒါကြောင့် သူဟာ ဒန်းစမစ်ကို စိတ်လွတ်နိုင်ခြေ နည်းပြီး စွမ်းအားပိုကြီးလာစေချင်ပါတယ်။
တကယ်လို့ သူ ဘာစွန့်စားမှုမှ မလုပ်ချင်ဘူး ဆိုရင်လည်း တစ်နှစ် နှစ်နှစ်နေမှ ဆေးရည်ကို ပိုင်နိုင်တဲ့အကြောင်း အစီရင်ခံလို့ရပါတယ်။ ဒါပေမဲ့ ဆက်တိုက် ဖြစ်ပေါ်လာတဲ့ တိုက်ဆိုင်မှုတွေနဲ့ အိပ်မက်ဗေဒင်မှာ တွေ့ခဲ့ရတဲ့ မီးခိုးခေါင်းတိုင်နီက သူ့ကို ရွေးချယ်စရာ မပေးပါဘူး။ အဲဒါကြောင့် သူဟာ တတ်နိုင်သလောက် မြန်မြန် စွမ်းအားကြီးလာဖို့ ကြိုးစားနေတာပါ။
‘ငါ လာမဲ့နှစ်ပတ်မှာ ကပ္ပတိန်နဲ့ ဒီအကြောင်းကို သုံးလေးခါလောက် ပြောပြီး စကားလမ်းကြောင်း ခင်းထားရမယ်... ပြီးတာနဲ့ ငါ အစီရင်ခံစာ တင်မယ်... တစ်ချိန်တည်းမှာ ငါ မြေအောက်ဈေးဆီသွားပြီး လိုအပ်တဲ့ ထူးခြားပစ္စည်းတွေ ရှိလား ကြည့်ရမယ်... ဒီပစ္စည်းတွေက ဈေးတော့ တော်တော်ကြီးမှာ...’
ကလိုင်းဟာ ဆုံးဖြတ်ချက် မြန်မြန်ချပြီး ဂမ္ဘီရ သင်ခန်းစာတွေကို အာရုံပြန်စိုက်ပါတယ်။
အချိန်ဟာ လျင်မြန်စွာ ကုန်ဆုံးသွာပြီး နေ့လည်စာ စားချိန်ကို တဖြည်းဖြည်း ရောက်ရှိလာပါတယ်။ လူအိုကြီးနီးလ်ဟာ ကော်ဖီသောက်ပြီးလို့ စားပွဲပေါ်က ပစ္စည်းတွေကို ရှင်းရင်း ရယ်မောလိုက်ပါတယ်။
“မင်းရဲ့ ဂမ္ဘီရသင်ခန်းစာတွေက မကြာခင် ပြီးတော့မယ်... ခုနက စမ်းသပ်မှုအရ မင်းဘာသာ အဆောင်တွေ ဖန်တီးနိုင်ပြီ ထင်တယ်”
“ကျွန်တော်လည်း နောက်ရက်တွေကျရင် အဲဒီဘက် အာရုံစိုက်ဖို့ စီစဉ်ထားတယ်” ကလိုင်းဟာ ကျေနပ်အားရစွာ သက်ပြင်းရှည်ကြီး ချလိုက်ပါတယ်။
အဆောင်တွေက သူ ဘန်ဆင်နဲ့ မလီဆာကို ပေးလိုက်တဲ့ အကာအကွယ် လက်ဖွဲ့တွေနဲ့ မတူပါဘူး။ သူတို့တွေက အစီအရင်ရဲ့ အကူအညီနဲ့ ပြုလုပ်ရပြီး တိုက်ပွဲအတွင်းမှာ အသုံးပြုနိုင်တဲ့ တစ်မူထူးခြားတဲ့ အစွမ်းအစတစ်ခုစီ ရှိကြပါတယ်။
ဒါပေမဲ့ အဆင့်နိမ့် အဆောင်က ဘာမှမလုပ်နိုင်ပါဘူး။ သူ့ထဲမှာပါတဲ့ စိတ်ဝိညာဉ်စွမ်းအားက အချိန်ကြာတာနဲ့ ကုန်ခမ်းသွားတဲ့အတွက် နှစ်ပတ်တစ်ခါ အားပြန်ဖြည့်ပေးဖို့ လိုပါတယ်။ အသက်သွင်းဖို့ကလည်း သတ်သတ်မှတ်မှတ် မန္တန်တစ်ခု လိုပါတယ်။ ဆန္ဒရှိတိုင်း သုံးလို့မရပါဘူး။
နောက်ပြီး ညသိမ်းငှက်တွေ ကိုင်ဆောင်တဲ့ အဆောင်တွေက ထာဝရညနတ်ဘုရားမ နယ်ပယ်ထဲမှာပဲ ရှိပါတယ်။ လောလောဆယ်မှာ ကလိုင်းဟာ အဆောင်သုံးမျိုးပဲ လုပ်တတ်ပါသေးတယ်။
ပထမအဆောင်က အိပ်မောကျစေတဲ့ အဆောင်ပါ။ သူ့အစွမ်းက ဒန်းစမစ်နဲ့ လန်နာ့ဒ်ရဲ့ အစွမ်းလိုမျိုး တစ်စုံတစ်ယောက်ကို အိပ်မောကျအောင် လုပ်နိုင်ပါတယ်။ ဒုတိယအဆောင်ကတော့ ဝိညာဉ်ဆုတောင်း အဆောင်ပါ။ သူ့အစွမ်းက သရဲတွေ ဝိညာဉ်တွေ ဇွမ်ဘီတွေလိုမျိုး အမနုဿတွေကို ချောမော့နိုင်ပါတယ်။ အငြိုးအတေးရှိတဲ့ မကောင်းဆိုးဝါး စိတ်ဝိညာဉ်တွေကိုလည်း အတိုင်းအတာတစ်ခုအထိ ဖြေရှင်းနိုင်ပါတယ်။ နောက်ဆုံး အဆောင်ကတော့ အိပ်မက်အဆောင်ပါ။ အဆောင် ကိုင်ဆောင်သူကို တစ်စုံတစ်ယောက်ရဲ့ အိပ်မက်ထဲ ဝင်နိုင်တဲ့အစွမ်း ပေးပါတယ်။
ဒီအစွမ်းတွေက အအိပ်မဲ့ ဆုံမှတ်လမ်းကြောင်းက သန်းခေါင်ယံ ကဗျာဆရာနဲ့ အိပ်မက်ဆိုးတို့ရဲ့ အစွမ်းတွေနဲ့ ဆင်တူပါတယ်။ အဲဒါကြောင့် ဒန်းစမစ်နဲ့ လန်နာ့ဒ်တို့ဟာ ဒီအဆောင်တွေကို မသုံးကြပါဘူး။ အလောင်းကောက်သမား ဖရိုင်း၊ အအိပ်မဲ့ ရိုင်ရွယ်နဲ့ ကင်လီတို့ပဲ တစ်ခုနှစ်ခု ဆောင်သွားလေ့ ရှိပါတယ်။ ဒါပေမဲ့ သူတို့တွေ အဲဒီအဆောင်တွေကို သုံးဖြစ်တာက ရှားပါတယ်။ အဲဒါကြောင့် လူအိုကြီးနီးလ်ဆီကို မကြာမကြာလာပြီး သူတို့အဆောင်တွေကို အားပြန်သွင်းလေ့ ရှိပါတယ်။
လူအိုကြီးနီးလ်ဟာ ကလိုင်းကို တစ်ချက်ကြည့်ပြီး ပြောပါတယ်။
“ငါ အမှတ်မမှားဘူးဆိုရင် မင်း ဒီလအတွင်းမှာ တော်တော်လေး လေ့ကျင့်ဖြစ်လို့ ကုန်ကြမ်းတွေ ကုန်သွားပြီလို့ ပြောခဲ့တယ်မလား... မင်း မြေအောက်ဈေးကို သွားဖို့ စီစဉ်ထားတယ်မလား”
ကလိုင်းဟာ ပထမတော့ အံ့အားသင့်သွားပြီး မချိပြုံးနဲ့ ခေါင်းညိတ်ပါတယ်။
“ဟုတ်တယ်... ကျွန်တော် သွားဖို့ အစီအစဉ်ရှိတယ်”
ကုန်ကြမ်းတွေရဲ့ ဈေးနှုန်းကို သိတာကြောင့် သူဟာ အဆောင်ပြုလုပ်တဲ့ နေရာမှာ ပထမအကြိမ်နဲ့တင် အောင်မြင်ဖို့ မျှော်လင့်မိလိုက်ပါတယ်။
နေ့လည်စာ သွားယူဖို့ တာဝန်ပေးခံရတာကြောင့် ကလိုင်းဟာ အပေါ်အင်္ကျီနဲ့ ဦးထုပ် ပြန်ဆောင်းပြီး လက်ကိုင်တုတ်ကိုင်ကာ ဆူးနက်လုံခြုံရေး ကုမ္ပဏီရဲ့ ဒုတိယထပ်ကို ပြန်ရောက်သွားပါတယ်။
သူ အပန်းဖြေခန်းကို ဖြတ်တဲ့အခါမှာ လန်နာ့ဒ်နဲ့ ကျန်တဲ့လူတွေ ပြန်ရောက်နေပြီး နေ့လည်စာ စားနေတာ တွေ့လိုက်ရပါတယ်။
“ဒေါက်... ဒေါက်... ဒေါက်...” သူဟာ ကပ္ပတိန်ရဲ့ ရုံးခန်းတံခါးကို ခေါက်လိုက်ပါတယ်။
“ဝင်လာခဲ့ချည်” ဒန်းစမစ်ရဲ့ အေးဆေးတဲ့အသံ ပေါ်လာပါတယ်။
ကလိုင်းဟာ တံခါးတွန်းဖွင့်ပြီး ရုံးခန်းထဲဝင်ကာ ဦးထုပ်ချွတ်လိုက်ပါတယ်။
“ကပ္ပတိန်... လှုံ့ဆော်သူ ထရစ်ဆာကို ဖမ်းမိလား”
ဒန်းစမစ်ဟာ နားထင်ကို နှိပ်ရင်း တပင်တပန်း ခေါင်းခါကာ။
“ငါတို့တွေ သူ့ကို ထင်းဂန်ဘူတာရုံမှာ မတွေ့ဘူး... ဒါပေမဲ့ ဘက်ကလင်ကနေ ရတဲ့ ကြေးနန်းအရဆိုရင် ခရီးသည်တစ်ယောက်က သူ့ကို အစောဆုံး ရထားရဲ့ ပထမတွဲမှာ တွေ့လိုက်တယ်လို့ ပြောတယ်... ဝမ်းနည်းစရာကောင်းတာက အဲဒီကောင်မ လမ်းတစ်ဝက်မှာ ဆင်းသွားတာပဲ”
“ဟုတ်တယ်... စိတ်မကောင်းစရာပဲ” ကလိုင်းဟာ ဒီလိုဖြစ်ဖို့ မျှော်လင့်ထားပေမဲ့ သက်ပြင်းချမိလိုက်ပါတယ်။
ဒန်းစမစ်ရဲ့ မီးခိုးရောင် မျက်လုံးတွေဟာ သူ့ဆီကို ရောက်လာပါတယ်။
“စိတ်ဓာတ်ကျစရာ မလိုဘူး... ဆုံမှတ် ၇ သာလွန်သူကို ဖမ်းမိဖို့က အဲဒီလောက် လွယ်တာ မဟုတ်ဘူး... အနည်းဆုံးတော့ ငါတို့တွေ ထရစ်ဆာရဲ့ မိစ္ဆာအစီအရင်ကို နှောင့်ယှက်ပြီး အပြစ်မရှိတဲ့ အနည်းဆုံး လူလေးဆယ်လောက်ကို ကယ်တင်နိုင်ခဲ့တယ်... နောက်ပြီး ငါတို့တွေ သူ့အခြေအနေကို အခု နားလည်သွားပြီ... သူ စိတ်ရှိသလို ပြစ်မှုတွေ ထပ်ပြီး ကျူးလွန်လို့ရတော့မှာ မဟုတ်ဘူး”
“သူ ဒီလိုမျိုးတွေ ဆက်ကျူးလွန်ရင် သဲလွန်စတွေ ပိုပိုကျန်နေခဲ့မှာပဲ... အဲဒီသဲလွန်စတွေကနေ ညသိမ်းငှက်၊ ဒဏ်ခတ်သမားတွေနဲ့ မက္ကန်းနစ်ဟိုက်မိုင်းတွေက သူ့ကို ဖမ်းနိုင်လိမ့်မယ်... အဲဒီအချိန်ကျရင် သူ့အသက်တောင် အာမခံချက် မရှိတော့ဘူး”
“အဲဒီလိုဖြစ်ဖို့ မျှော်လင့်ရတာပဲ... အရှင်မက ကျွန်တော်တို့ကို ကောင်းချီးပေးပါစေ” ကလိုင်းဟာ ရင်ဘက်မှာ ကြက်သွေးရောင်လပုံ ထိလိုက်ပါတယ်။
အဲဒီနောက် သူဟာ ခဏရပ်ပြီး ပြောမဲ့စကားတွေကို စဉ်းစားပါတယ်။
“ကပ္ပတိန်... ကျွန်တော် မကြားသင့်တဲ့ အသံတွေ မမြင်သင့်တဲ့ မြင်ကွင်းတွေကို မမြင်ရတာ အခုဆို တစ်ပတ်ကျော်သွားပြီ... တွေးခေါ်မှု သုံးရင်ပဲဖြစ်ဖြစ် စိတ်ဝိညာဉ်အာရုံ ဖွင့်ရုံပဲဖြစ်ဖြစ် အတူတူပဲ”
“တကယ်လား” ဒန်းစမစ်ရဲ့ မျက်မှောင်ဟာ ပြေလျော့သွားပြီး ဇဝေဇဝါ ဖြစ်သွားပါတယ်။
ကလိုင်းဟာ ချက်ချင်းပဲ ဆက်ပြောပါတယ် “ကျွန်တော် အမြင်ဆရာ ဆေးရည်ကို အပြည့်အဝ ထိန်းချုပ်နိုင်ဖို့ သိပ်မလိုတော့ဘူးလို့ ခံစားရတယ်... ဒါ ကျွန်တော် ဗေဒင်ကလပ်ကို မကြာခဏသွားပြီး တခြားလူတွေကို ဗေဒင်တွက်ပေးလို့ ဖြစ်မယ်”
“မင်း ဘာလို့ အဲဒီလို ထင်ရတာလဲ” ဒန်းစမစ်ဟာ ထိုင်နေတဲ့ပုံစံ ချက်ချင်း ပြောင်းလိုက်ပါတယ်။
ကလိုင်းဟာ စကားကို တမင်ထစ်ပြီး ပြောပါတယ် “ကျွ... ကျွန်တော် ဗေဒင်ကလပ်ကို သွားတိုင်း ကျွန်တော်ရဲ့ စိတ်ဝိညာဉ်စွမ်းအားက ပိုပိုပြီး ဖျတ်လတ်လာတာကို ခံစားမိတယ်... ကျွန်တော် တစ်ယောက်ယောက်ကို ဗေဒင်တွက်ပေးတိုင်း ကျွန်တော်ရဲ့ ခန္ဓာကိုယ် ဝိညာဉ်နဲ့ စိတ်က ပိုပြီးတော့ သက်သောင့်သက်သာ ဖြစ်သွားတယ်... အမြင်ဆရာအတွက် စည်းကမ်းတချို့ကိုလည်း ရှာတွေ့လာတယ်... ကျွန်တော် အဲဒီစည်းကမ်းတွေအတိုင်း တင်းတင်းကြပ်ကြပ် လိုက်နာတယ်... လျှို့ဝှက်ဆန်းကြယ် စပ်စုသမားတွေရဲ့ ‘ကြိုက်တာလုပ် ဒုက္ခမပေးနဲ့’ ဆိုတဲ့ ဆောင်ပုဒ်လိုမျိုးပဲ... ကျွန်တော် ဒီဆောင်ပုဒ်ကနေ အမြင်ဆရာအတွက် ဆောင်ပုဒ်လုပ်ဖို့ အကြံရခဲ့တယ်”
“ကျွန်တော့်အထင် ဒါက သာလွန်သူတွေ သူတို့ရဲ့ ဆေးရည်စွမ်းအားကို မြန်မြန် ထိန်းချုပ်နိုင်ပြီး စိတ်မလွတ်အောင် ကူညီနိုင်တဲ့ နည်းလမ်း ဖြစ်နိုင်တယ်... အမြဲတမ်း နတ်ဝင်သည် လုပ်နေတဲ့ မဒမ်ဒေလီလိုမျိုးပေါ့”
ဒန်းစမစ်က ဘယ်တုန်းက သူ့ဆေးတံကို ထုတ်လိုက်လဲ မသိပါဘူး။ ဆေးတံကို နှာခေါင်းနားကပ်ပြီး တစ်ချက်ရှိုက်ကာ ကလိုင်းကို မေ့သွားသလိုမျိုး သုံးလေးမိနစ်ကြာအောင် တွေးတောနေပါတယ်။
“ပြောင်မြောက်တဲ့ ခန့်မှန်းချက်နဲ့ စိတ်ဝင်စားဖို့ကောင်းတဲ့ စမ်းသပ်မှုပဲ...”
ကလိုင်းဟာ ဆင်ခြေပေးချင်တာ ဖြစ်တဲ့အတွက် အကြမ်းဖျင်းပဲ ရှင်းပြပြီး ဘာမှ ဆက်မပြောပါဘူး။ အဲဒီနောက်ဟာ သူဟာ ရယ်သံနှောပြီး ပြောလိုက်ပါတယ်။
“ကျွန်တော်က သမိုင်းထဲမှာ ဆုံမှတ် ၉ ဆေးရည်ကို အမြန်ဆုံး ပိုင်နိုင်တဲ့ ညသိမ်းငှက် ဖြစ်လာနိုင်တယ် ထင်တာပဲ”
“အရှင်မက မင်းကို စောင့်ရှောက်ပါစေ” ဒန်းစမစ်ဟာ ကလိုင်းကို ကောင်းချီးပေးပြီး ကလိုင်းရဲ့ စကားကို လေးလေးနက်နက် မထားပါဘူး။ အဲဒီနောက် သူဟာ နောက်တစ်ခါ ထပ်ပြီးတော့ အတွေးနက်သွားပါတယ်။
ဒါကို မြင်တဲ့ ကလိုင်းလည်း နှုတ်ဆက်ပြီး ဒန်းစမစ်ရဲ့ ရုံးခန်းထဲကနေ ထွက်လာခဲ့ပါတယ်။ ရုံးခန်းတံခါးကို ပိတ်ပြီးနောက် သူဟာ နောက်ထပ် ခက်ခဲတဲ့ မေးခွန်းတစ်ခုကို ရုတ်တရက် တွေးမိလိုက်ပါတယ်။ သူ လူရွှင်အဖြစ် ဘယ်လို သရုပ်ဆောင်ရမလဲ ဆိုတာကိုပါ။
‘ငါ ဆက်ကပ်ထဲ ဝင်ရမှာလား... ထင်းဂန်မြို့ထဲမှာ အထိုင်ချတဲ့ ဆက်ကပ်လည်း ရှိတာ မဟုတ်ဘူး... ဆက်ကပ်အကုန်လုံးက နေရာစုံသွားပြီး ဖျော်ဖြေနေကြတာ...’ ကလိုင်းဟာ မချိပြုံး ပြုံးမိလိုက်ပါတယ်။
အမြင်ဆရာအလုပ်က လူလေးစားတဲ့ အလုပ်ဆိုတော့ သူ့ကို သိတဲ့လူ တစ်ယောက်ယောက်နဲ့ တွေ့ရင်တောင် ခေါင်းမော့ ရင်ကော့နေလို့ ရပါသေးတယ်။ ဒါပေမဲ့ သူသာ လူရွှင်လုပ်ရင် သူ့ရဲ့ မရှိမဲ့ရှိမဲ့ ဂုဏ်သတင်းလေး လေထဲ လွှင့်ပါသွားမှာပါ။
လူရွှင်အဖြစ် သရုပ်ဆောင်ဖို့ တခြားနည်းလမ်းတွေ ရှိနိုင်ပါတယ်။ ဘုရားသခင်စော်ကား ကျောက်ပြား စပေါ်ထွက်လာတုန်းက ဒီကမ္ဘာမှာ ဆက်ကပ်လည်း မရှိသလို လူရွှင်ဆိုတာလည်း မရှိသေးပါဘူး။ နောက်နှစ်ပတ် သုံးပတ်မှာ လူရွှင်အဖြစ် အဆင့်တက်နိုင်မဲ့ အခွင့်အရေးမရှိတော့ သူဟာ ဒီကိစ္စကို လောလောဆယ် မေ့ထားဖို့ ဆုံးဖြတ်လိုက်ပါတယ်။
အဲဒီနောက် သူဟာ ဧည့်ကြိုကောင်တာဆီ လျှောက်သွားပါတယ်။ သူဟာ သူနဲ့ လူအိုကြီးနီးလ်အတွက် နေ့လည်စာယူဖို့ ရိုဇန်း၊ မစ္စအော်ရီယာနဲ့ ဘရက်ဆီ လျှောက်သွားပါတယ်။
မြန်မာပြည် ငြိမ်းချမ်းပါစေ။