ဈေးဝယ်ခြင်း
Vol. 13 Ch. 128
နေ့လည်စာ စားပြီးနောက် ကလိုင်းဟာ နာရီဝက် နားပါတယ်။ ပြီးတဲ့အခါမှာတော့ သေနတ်ပစ်ကွင်းဆီ သွားပြီး ခြောက်လုံးပြူးနဲ့ သေနတ်ပစ် လေ့ကျင့်ပါတယ်။ သူဟာ နည်းနည်းလေးတောင် လျော့တိလျော့ရဲ မနေရဲပါဘူး။
သေနတ်ပစ်တာကို တစ်နေ့ပြီးတစ်နေ့ လေ့ကျင့်ရင်း ကျည်ဆံပေါင်း တစ်ထောင်ကျော် သုံးစွဲပြီးတဲ့နောက်မှာတော့ သူဟာ ဒန်းစမစ်ရဲ့ အသိအမှတ်ပြုမှုကို နည်းနည်းပါးပါး ရလာတဲ့အထိ သေနတ်ပစ်စွမ်းရည် တိုးတက်လာပါတယ်။ ပစ်မှတ်အသေကို ပစ်တဲ့နေရာမှာတော့ တော်တော်လေး မှန်လာပါတယ်။
အတန်ကြာအောင် လေ့ကျင့်ပြီးနောက် သူဟာ ခြောက်လုံးပြူးကို ပြန်သိမ်းပြီး သူ့ကို တိုက်ခိုက်ရေးပညာ သင်ပေးတဲ့ နည်းပြ ဂဝန်းအိမ်နားက မြင်းလှည်းမှတ်တိုင်ကို အများသုံးမြင်းလှည်းနဲ့ သွားပါတယ်။ အဲဒီနောက် ဆယ်မိနစ် လမ်းလျှောက်ပြီးတဲ့အခါမှာတော့ ဂဝန်းအိမ်တံခါးရှေ့ကို ရောက်သွားပါတယ်။
နေလှန်းထာတဲ့ စစ်သူရဲ လေ့ကျင့်ရေးဝတ်စုံကို လဲပြီးနောက် အပြေး၊ ကြိုးခုန်၊ အလေးမ၊ ထိုင်ထနဲ့ တခြားလေ့ကျင့်ခန်းတွေ လုပ်ရုံနဲ့တင် သူဟာ ချွေးသံတရွှဲရွှဲ ထွက်ပြီး ပင်ပန်းသွားပါတယ်။ ခြေကွက်နဲ့ လက်သီးထိုး လေ့ကျင့်ဖို့ကတော့ ပြောမနေပါနဲ့တော့။
“ဆယ့်ငါးမိနစ် နားမယ်” ဂဝန်းရဲ့ မျက်နှာက တင်းမာ ခက်ထန်လွန်းပါတယ်။ သူဟာ အိတ်ဆောင်နာရီကို ထုတ်ကြည့်ပြီး အချိန်မှတ်ပါတယ်။
သူတို့တွေ စလေ့ကျင့်ကတည်းက ဂဝန်းဟာ ဆိတ်ဆိတ်နေပြီး လိုအပ်မှ စကားပြောပါတယ်။ ကလိုင်း လေ့ကျင့်ခန်းပြောင်းဖို့ လိုတာ ဒါမှမဟုတ် ကလိုင်းရဲ့ အမှားကို ပြင်ပေးဖို့ပဲ စကားပြောပါတယ်။
အသက်ကို အမောတကော ရှူနေရတဲ့ ကလိုင်းဟာ ချက်ချင်းကြီး မနားပါဘူး။ ခေါက်တုံ့ခေါက်ပြန် ဖြည်းဖြည်းချင်း ပြေးပြီး အသက်ရှူသံမှန်အောင် လုပ်ပါတယ်။ သူ ဘယ်လောက်တောင် လေ့ကျင့်ထားလဲဆိုတာ သူ့အသားအရေကို ကြည့်ရင် သိနိုင်ပါတယ်။ သူ့အသားအရေဟာ အခုဆိုရင် နေပူဒဏ်ကြောင့် နီညိုရောင် ပြောင်းသွားပါပြီ။
အိမ်နောက်က သဘာဝလေ့ကျင့်ရေးကွင်း ဘေးနားမှာ ရပ်နေတဲ့ ဂဝန်းဟာ အိတ်ဆောင်နာရီကို ပြန်သိမ်းလိုက်ပါတယ်။ သူဟာ လက်ပိုက်ပြီး ကလိုင်း ဖြည်းဖြည်းချင်း အနားယူတာကို ကြည့်နေပါတယ်။ မသိရင် သူက ကျောက်ရုပ် တစ်ရုပ်လိုပါပဲ။
“နည်းပြ... ကျွန်တော့်ကို လက်သီးနဲ့ တိုက်ခိုက်တာအပြင် ဓားလှံတွေ သုံးတာကို ဘယ်တော့ သင်ပေးမှာလဲ” ကလိုင်းဟာ တက်တက်ကြွကြွ မေးပါတယ်။ သူဟာ အမြင်ဆရာ ဆေးရည်ကို ချေဖျက်ထားလို့ စိတ်ကောင်းဝင်နေပါတယ်။
သူဟာ ဂဝန်းရဲ့ စုဆောင်းခန်းထဲမှာ ရိုးရိုး ဓားရှည်နဲ့ ယိမ်းနွဲ့ပါးဓားရှည်ကို အရင်က မြင်ဖူးထားပါတယ်။ အဲဒီမှာ ရင်ဘက်ကာချပ်ဝတ်နဲ့ ကိုယ်လုံးကာ ချပ်ဝတ်လည်း ရှိပါတယ်။ အဲဒါကြောင့် ဂဝန်းက လက်နက်မဲ့တင်မဟုတ်ဘဲ လက်နက်နဲ့ တိုက်ခိုက်တာကိုလည်း ကျွမ်းကျင်တယ်ဆိုတာ သူ သိထားပါတယ်။
နေရောင်ခြည်ကို အမှုမထားဘဲ ရပ်နေတဲ့ ဂဝန်းဟာ ကလိုင်းကို လှမ်းကြည့်ပြီး မတိုးမကျယ် ပြန်ဖြေပါတယ် “မင်း အဲဒါတွေကို လေ့ကျင့်လို့ သုံးစားလို့မရဘူး... အဲဒီလက်နက်တွေက ခေတ်ဟောင်းမှာ ကျန်ခဲ့ပြီ... အခုအချိန်မှာ သူတို့အတွက် စုဆောင်းခန်းနဲ့ ပြတိုက်မှာပဲ နေရာရှိတော့တယ်...”
သူဟာ လေးငါးစက္ကန့်လောက် တိတ်ဆိတ်သွားပြီးမှ ဘဝရဲ့ ဒုက္ခသုက္ခတွေကို တွေ့ကြုံဖူးတဲ့အသံနဲ့ ဖြည့်ပြောပါတယ် “သူတို့တွေရဲ့ ခေတ်က ကုန်သွားပြီး... မင်း သေနတ် ကိုင်တတ်အောင်ပဲ လေ့ကျင့်သင့်တယ်... မင်း အခု သင်ထားတဲ့ တိုက်ခိုက်ရေး ပညာကလည်း အကူသာသာပဲ ရှိတယ်...”
ကလိုင်းဟာ စိတ်ပိုင်းဆိုင်ရာ နုံးချိနေတဲ့ သူ့နည်းပြကို ကြည့်ပြီး အပြုံးနဲ့ ပြောပါတယ်။
“ကျွန်တော်တော့ အဲဒီလို မထင်ဘူး”
“ဝန်ကြီးတိုင်း... ပါလီမန်က အမတ်တိုင်း... စစ်ဗိုလ်ချုပ်တိုင်း... လူတိုင်းက အဲဒီလို တွေးတာပဲ” ဂဝန်းဟာ အံကြိတ်ပြီး ပြောပါတယ်။
ကလိုင်းဟာ ပြေးနေတာ ရပ်ပြီး ကီးဘုတ်သမားစစ်စစ်လို ပြုမူကာ သွက်သွက်လက်လက် ပြန်ပြောပါတယ် “မဟုတ်ဘူး... အဲဒီလက်နက်တွေက ရှေ့တန်းစစ်မြေပြင်ကနေ ဆုတ်ခွာပေးလိုက်ရရုံပဲ... သူတို့တွေ အသုံးဝင်တဲ့နေရာ ရှိသေးတယ်”
“တိုက်ခိုက်ရေးပညာနဲ့ သေနတ်ကို ဘာဖြစ်လို့ ခံတိုက်ရမှာလဲ... သူတို့တွေကို အတူတူ သုံးလို့ရတာပဲ... ကျွန်တော့်အထင် ပျော့ပြောင်း သွက်လက်ပြီး အလျင်အမြန် တုံ့ပြန်နိုင်တဲ့လူက သေနတ်တွေကို ပိုပြီးတော့ ကျွမ်းကျွမ်းကျင်ကျင် ကိုင်တွယ်နိုင်လိမ့်မယ်”
ဂဝန်းရဲ့ မျက်လုံးတွေ ရုတ်တရက် စူးရှလာတာကို မြင်ရတဲ့အခါ ကလိုင်းဟာ ဘဝင်ခိုက်သွားပြီး ဆက်ပြောပါတယ်။
“တခြားလက်နက်တွေကလည်း သုံးစရာနေရာ မရှိတော့တာ မဟုတ်ဘူး... သယ်ရကူရလွယ်အောင် ပြုပြင်ဖို့ပဲ လိုတယ်...”
“...ကျွန်တော်တို့တွေ လှုပ်ရှားမှုမြန်တဲ့ အဖွဲ့တစ်ဖွဲ့ တည်ဆောက်လို့ရတယ်... ရှေ့တန်းကို မတိုက်ခိုက်ဘဲ နောက်တန်းကို ကွေ့ဝိုက်သွားပြီး ရန်သူရဲ့ ဗဟိုကို တိုက်ခိုက်မဲ့အဖွဲ့... အဲဒီလို ရုတ်တရက် တိုက်ခိုက်မှုမျိုးမှာ လက်နက်အမျိုးမျိုးကို ကျွမ်းကျင်တဲ့လူက တစ်ပန်းသာတယ်... နည်းပြ အဲဒီလိုမြင်ကွင်းမျိုးကို တွေးကြည့်ပါလား...”
ကလိုင်းဟာ အကုန်လုံးကို နည်းနည်းသိတဲ့ သူ့အရည်အချင်းကို အကုန်ထုတ်သုံးပါတယ်။ သူဟာ ၂၁ ရာစုမှာတုန်းက သူ သိထားခဲ့တဲ့ ကွန်မန်ဒိုတွေရဲ့ တိုက်ခိုက်ရေး နည်းပရိယာယ်တွေ အကုန်လုံးကို ရောနှောပြီး အစုံသုပ်လိုက်ပါတယ်။
ဂဝန်းရဲ့ အသက်ရှူသံက ဘယ်တုန်းကစပြီး လေးလံလာလဲဆိုတာကို သူ မသိလိုက်ပါဘူး။ ဂဝန်းဟာ သူ စိတ်ကူးထားတဲ့ မြင်ကွင်းကို ပျောက်မသွားစေချင်တဲ့ မျက်နှာနဲ့ နေရာကနေ တစ်ဖဝါးတောင် မရွှေ့ပါဘူး။
ကလိုင်းဟာ ဂဝန်းကို တစ်ချက်ကြည့်ပြီးနောက် လည်ချောင်းရှင်းကာ။
“နည်းပြ... ကျွန်တော် ပြောတာကို ဘယ်လိုသဘောရလဲ... လက်တွေ့ အကောင်အထည်ဖော်ဖို့ ဖြစ်နိုင်လား”
ဂတန်းဟာ အိပ်မက်ကနေ ဆတ်ခနဲ နိုးလာသလိုမျိုး သူ့ခန္ဓာကိုယ်ဟာ တသိမ့်သိမ့် တုန်သွားပါတယ်။ သူဟာ ကလိုင်းရဲ့ မျက်လုံးထဲကို စိုက်ကြည့်ပြီး။
“မင်း နားတာ တော်တယ်... ဒီလေ့ကျင့်ခန်းတစ်ခုလုံးကို နောက်ထပ် ဆယ်ကျော့ ထပ်လုပ်ချည်”
‘ဟမ်...’ ကလိုင်းဟာ ကြောင်တောင်တောင် ဖြစ်သွားပါတယ်။ မကြာခင်မှာပဲ သူဟာ ပြန်ပြေးပြီး သူ့သိစိတ်ဟာ လက်တွေ့လောကကို ပြန်ရောက်လာပါတယ် ‘ဆယ်ကျော့... နည်းပြ... မဟုတ်ဘူးလေ’
‘ငါ အမြင်ဆရာ ဆေးရည် ချေဖျက်ပြီးတာကို ဒီလိုမျိုး အောင်ပွဲမခံချင်ဘူး’
‘ဟေး... နည်းပြ... ကျွန်တော် ပြောတာကနေ ဘာအကြံမှ မရဘူးလား...’
ကလိုင်း တခြားတစ်ဖက်ဆီ ပြေးသွားတာကို ကြည့်ရင်း ဂဝန်းဟာ လက်ပိုက်ထားတာဖြုတ်ပြီး မျက်နှာကို လက်တစ်ဖက်နဲ့ အုပ်လိုက်ပါတယ်။ သူဟာ မျက်လုံးတွေကို တင်းတင်းပိတ်လိုက်ပါတယ်။ သူ့မျက်နှာပေါ်က အရေးအကြောင်းတွေဟာ အရွယ်နဲ့ မလိုက်အောင် ထင်းလွန်းလှပါတယ်။
...
ခြေတွေလက်တွေ မသယ်ချင်တဲ့ကြားက ကလိုင်းဟာ ရေချိုးပြီး အဝတ်အစားလဲကာ တစ်ချိန်လုံးနီးပါး တိတ်ဆိတ်နေတဲ့ ဂဝန်းကို နှုတ်ဆက်ပါတယ်။ အဲဒီနောက် အများသုံး မြင်းလှည်းစီးပြီး ထွက်ခွာလာခဲ့ပါတယ်။
သူဟာ အိမ်ကို ချက်ချင်း တန်းမပြန်ဘဲ ဆိပ်ကမ်းနားမှာရှိတဲ့ မိစ္ဆာနဂါးဘားဆီ ဦးတည်ပါတယ်။ သူဟာ သာလွန်သူ ဆေးရည်အတွက် လိုအပ်တဲ့ ပါဝင်ပစ္စည်းတွေရဲ့ ဈေးနှုန်းကို စုံစမ်းပြီး အဆောင်ပြုလုပ်ဖို့ လိုအပ်တဲ့ ကုန်ကြမ်းပစ္စည်းတွေ ဝယ်ယူဖို့ စီစဉ်ထားပါတယ်။
လမ်းတစ်လျှောက်လုံး ကလိုင်းဟာ သူ့ပိုက်ဆံလေးကို မျက်ခြေပြတ်မခံပါဘူး။ ပင်ပန်းနွမ်းနယ်မှုကြားမှာ သူဟာ နိုးနိုးကြားကြားဖြစ်အောင် အားတင်းနေပြီး ဦးတည်ရာကို ခက်ခက်ခဲခဲနဲ့ ရောက်သွားပါတယ်။
‘ငါ စုံထောက်ကုမ္ပဏီကို ပေးဖို့ လေးပေါင် ချန်ထားရမယ်... အဲဒီတော့ ဒီည သုံးပေါင်နဲ့ ငါးဆိုလီပဲ သုံးလို့ရတယ်...’ သူဟာ အိတ်ကပ်ထဲက ပိုက်ဆံကို ကိုင်ကြည့်ပြီးနောက် လက်ကိုင်တုတ်ဆွဲကာ မြင်းလှည်းပေါ်က ဆင်းလိုက်ပါတယ်။
အဲဒီအချိန်မှာ နေမင်းကြီးက အနောက်လောကဓာတ်မှာ မေးတင်နေပါပြီ။ အိမ်တွေအကုန်လုံး ညနေဆည်းဆာရဲ့ လွှမ်းမိုးမှုကြောင့် နီရဲနေပါတယ်။ မိစ္ဆာနဂါးဘားထဲမှာ လက်ဝှေ့ပွဲနဲ့ ကြွက်အမဲလိုက်ပွဲက စနေပါပြီ။
ကလိုင်းဟာ ဘိလိယက်ခန်းနဲ့ တခြားခန်းတွေကို ကျော်ဖြတ်ပြီးနောက် နောက်ဆုံးမှာတော့ မြေအောက်ဈေးကို ရောက်သွားပါတယ်။
သူဟာ ဟိုဟိုဒီဒီ လိုက်ကြည့်ပေမဲ့ အမြဲတမ်း တွေ့နေရတတ်တဲ့ မွန်းစတား အဒစ်မစ်ရွှယ်ကို မတွေ့ရပါဘူး။
“လူအိုကြီးနီးလ်ပြောတာတော့ အဒစ်မစ်ရွှယ် အခုအချိန်ထိ အသက်ရှင်နေတာက မိစ္ဆာနဂါးဘားရဲ့ သူဌေးက ကျွေးမွေးထားလို့ဆိုပဲ” ကလိုင်းဟာ သူ့ဘာသာ ရေရွတ်လိုက်ပါတယ်။
ညသိမ်းငှက်အနေနဲ့ သူဟာ ဒီလိုကိစ္စမျိုးတွေကို သတိမထားဘဲ မနေပါဘူး။ အဲဒါကြောင့် သူဟာ အားကောင်းမောင်းသန် တံခါးစောင့် ယောက်ျားကြီးနား ချဉ်းကပ်ပြီး။
“အဒစ်မစ်ရွှယ် ဘယ်ရောက်သွားလဲ”
တံခါးစောင့်ဟာ ခပ်တည်တည်ပဲ ပြန်ဖြေပါတယ် “သူ ဘယ်မှာ အိပ်နေလဲဆိုတာ ငါ မသိဘူး... ဒီရက်ထဲ သူ ဒီလိုပဲ... အသားတွေ တဆတ်ဆတ်တုန်ပြီး ‘သေကုန်ပြီ... သေကုန်ပြီ... အကုန်လုံး အလောင်းတွေပဲ... လူတိုင်း သေရလိမ့်မယ်’ လို့ တရစပ် ပြောနေတယ်”
‘ဒီကောင် ဘယ်လို မြင်ကွင်းမျိုးကို မြင်လိုက်လို့ ဒီလိုဖြစ်သွားရတာလဲ’ ကလိုင်းဟာ မျက်မှောင် မသိမသာ ကြုတ်ပြီး အသေးစိတ် ထပ်မေးပါတယ်။ သူဟာ အဒစ်မစ်ရွှယ် ဘယ်မှာ အိပ်နေလဲဆိုတာကို သိချင်ပေမဲ့ ဒီအကြောင်းကို တံခါးစောင့်လည်း မသိပါဘူး။
‘ငါ့ရဲ့ ကိစ္စပြီးရင် ဒီကောင် ဘာတွေ ကြုံတွေ့ခဲ့ရလဲဆိုတာ ဗေဒင်တွက်ကြည့်ရမယ်...’ ကလိုင်းဟာ ဒီကိစ္စကို စိတ်ထဲမှာ တေးထားလိုက်ပြီး ဈေးအဆုံးမှာရှိတဲ့ အခန်းနှစ်ခန်းထဲက တစ်ခန်းဆီ လျှောက်သွားပါတယ်။
လူအိုကြီးနီးလ်ရဲ့ စကားအရ ဘယ်ဘက်အခန်းဟာ ပိုက်ဆံချေးတာနဲ့ ပိုက်ဆံပြန်ဆပ်တဲ့ အခန်းဖြစ်ပြီး ညာဘက်အခန်းကတော့ တန်ဖိုးရှိတဲ့ ပစ္စည်းတွေနဲ့ သာလွန်ပစ္စည်းတွေ အရောင်းအဝယ်လုပ်တဲ့ အခန်းပါ။
သူဟာ ညာဘက်တံခါးကို ဖွင့်ပြီး အခန်းထဲ ဝင်လိုက်တဲ့အခါ အပြင်ပိုင်းနဲ့ အတွင်းပိုင်းဆိုပြီး အပိုင်းနှစ်ပိုင်း ထပ်ခွဲထားတာကို တွေ့လိုက်ရပါတယ်။ အပြင်ပိုင်းမှာ စောင့်နေတဲ့ နောက်ထပ် ဖောက်သည် သုံးယောက်ကိုလည်း တွေ့လိုက်ရပါတယ်။
သူဟာ ဦးထုပ်ကို ဖိဆောင်းပြီး ဖောက်သည်သုံးယောက်ရဲ့ နောက်မှာ တန်းစီပါတယ်။ သူဟာ ခန္ဓာကိုယ်ကို ရှေ့ကိုင်းပြီး လက်ကိုင်တုတ်ကို အားပြုကာ တိတ်တဆိတ် စောင့်ဆိုင်းပါတယ်။
မကြာခင်မှာ အတွင်းပိုင်းတံခါး ပွင့်သွားပြီး ပြာမှိုင်းမှိုင်း အလုပ်သမားဝတ်စုံနဲ့ ဖောက်သည်တစ်ယောက် ထွက်လာပါတယ်။ သူဟာ ခေါင်းငုံ့ထားပြီး အခန်းထဲကနေ ခပ်သုတ်သုတ် ထွက်သွားပါတယ်။
ကလိုင်းဟာ ဘယ်ဘက်အံသွားကို နှစ်ခါကိုက်ပြီး အဲဒီလူကို စိတ်ဝိညာဉ်အာရုံနဲ့ ကြည့်လိုက်ပါတယ်။ ပြီးတဲ့အခါမှာတော့ ဖောက်သည်သုံးယောက်ကို ကြည့်ပါတယ်။ လူတွေမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ ခေါင်းကိုက်နှာစေး ဝေဒနာတွေကလွဲရင် တခြား ထူးထူးခြားခြား ဘာမှ မတွေ့ရပါဘူး။
နောက်ထပ် ဆယ်မိနစ်ကျော် ကြာတဲ့အခါမှာတော့ ကလိုင်းရဲ့ အလှည့် ရောက်လာပါတယ်။ သူဟာ တံခါးဖွင့်ပြီး ဓာတ်ဆီမီးအိမ်ထွန်းထားတဲ့ အခန်းထဲ ဝင်လိုက်ပါတယ်။
သူဟာ တံခါးကို လော့ချပြီး ဖောက်သည်ထိုင်ခုံမှာ ဝင်ထိုင်ကာ မျက်နှာချင်းဆိုင်မှာ ထိုင်နေတဲ့ အင်္ကျီအနက်နဲ့ အဘိုးအိုကို ကြည့်လိုက်ပါတယ်။
“ခင်ဗျားတို့ဆီမှာ ဘယ်လို သာလွန်ပစ္စည်းတွေရှိလဲ... ဘယ်ဈေးနဲ့ ရောင်းလဲ”
အဘိုးအိုရဲ့ ပါးရိုးတွေဟာ ညွှတ်ကျနေပြီး မျက်လုံးထောင့်က အရေပြားဟာ နက်နက်ရှိုင်းရှိုင်းကို တွန့်တက်နေပေမဲ့ သူ့ခန္ဓာကိုယ်က ကြံ့ခိုင်တဲ့ပုံစံ ရှိပါတယ်။ သူဟာ ကလိုင်းရဲ့ မေးခွန်းကို ထူးဆန်းတယ်လို့ မခံစားရပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဖောက်သည်အများစုက သူတို့ လိုချင်တာ ရှိတယ်လို့ အတည်မပြုနိုင်မချင်း သူတို့ဝယ်ချင်တာကို တခြားလူသိအောင် ထုတ်မပြောချင်ကြလို့ပါပဲ။ ပုံမှန်အားဖြင့် သူတို့တွေဟာ ရနိုင်တာ အကုန်လုံးကို သိချင်ကြပါတယ်။
အဘိုးအိုဟာ မှတ်စုစာအုပ်ရဲ့ စာရွက်အသစ်စက်စက်ဆီ လှန်လိုက်ပြီး ကလိုင်းကို တစ်ချက်ခိုးကြည့်ကာ ပျားရည်ဝိုင် တစ်ငုံသောက်ပြီးမှ ဖြေပါတယ်။
“ရေသရဲဦးနှောက် တစ်ရှူးက ထိခိုက်မှုပေါ် မူတည်ပြီး သုံးပေါင်ကနေ ၁၅ ပေါင်ထိ ရှိတယ်.. ကြယ်သလင်းကျောက်က ၅၀ ဂရမ်က ပေါင် ၁၅၀... ပျားဘုရင်မမြက်က တစ်ပင်ကို ပေါင် ၂၀၀... အရွယ်ရောက်ပြီးသား အနက်ပြောက်ကြား ဖားတစ်ကောင်က ပေါင် ၁၇၀... လူမျက်နှာနှင်းဆီက ပေါင် ၂၈၀... ဒါပေမဲ့ တစ်ပင်တည်း ရှိတယ်...”
ကလိုင်းဟာ ဘာခံစားချက်မှ မတုံ့ပြန်မိအောင် မျက်နှာကို ထိန်းထားပါတယ်။ သူဟာ အဘိုးအိုရဲ့ စကားကို နားထောင်ရင်း ဒီလို စည်ကားတဲ့ မြေအောက်ဈေးမှာ သာလွန်ပစ္စည်းက အမယ် သုံးဆယ်တောင် မရှိတာကို တွေ့လိုက်ရပါတယ်။
သူဟာ အိတ်ကပ်ထဲက ခုနစ်ပေါင်ကို လက်နဲ့ ထိကြည့်ရင်း မစ္စတရားမျှတမှုက ပေါင်တစ်ထောင်ကို ဘယ်လို သဘောထားလဲဆိုတာ တွေးမိပြီး သက်ပြင်းချလိုက်ပါတယ်။
“ကံမကောင်းချင်တော့ ငါ လိုချင်တာ မရှိဘူး”
အဘိုးအို ဘာမေးခွန်းမှ မမေးနိုင်ခင်မှာပဲ ကလိုင်းဟာ ထိုင်ခုံကနေ ဆတ်ခနဲထပြီး အခန်းအပြင်ကို ခပ်သုတ်သုတ် ထွက်လိုက်ပါတယ်။
သူဟာ မြေအောက်ဈေးဆီ ပြန်ရောက်တဲ့အခါ ဟိုဟိုဒီဒီကို ကြောင်တောင်တောင်နဲ့ လိုက်ကြည့်ပါတယ်။ သူဟာ အတန်ကြာအောင် မတ်တတ်ရပ်နေပြီး မချိပြုံးနဲ့ သက်ပြင်းချလိုက်ပါတယ်။
‘ငါက လျှို့ဝှက်အဖွဲ့အစည်း ခေါင်းဆောင်တွေထဲမှာ အဆင်းရဲဆုံး ဖြစ်လိမ့်မယ်... ဒီအတိုင်းဆို ငါ သာလွန်ပစ္စည်းတွေကို ရဖို့က ညသိမ်းငှက်အဖွဲ့ကနေ လဲလှယ်ရင်လဲလှယ် မဟုတ်ရင် တရားမျှတမှု လူဇောက်ထိုးတို့နဲ့ လဲလှယ်ရမှာပဲ’
မြေအောက်ဈေးကို နှစ်ပတ် ပတ်ပြီးနောက် ကလိုင်းဟာ အဆောင်လုပ်ဖို့ လိုအပ်တဲ့ ပစ္စည်းတွေကို ဝယ်ယူပါတယ်။ တစ်ဝက်တစ်ပိုင်း ပြီးထားတဲ့ ငွေအပိုင်းအစတွေ အစီအရင်အတွက် လိုအပ်တဲ့ ဆေးမှုန့်တွေနဲ့ သဘာဝ တွင်းထွက်ကျောက်တွေကို ဝယ်ယူပါတယ်။
သူဟာ ဒီအတွက် တစ်ပေါင်နဲ့ ၁၅ ဆိုလီ သုံးလိုက်ရတဲ့အတွက် သူ့ကိုယ်ပိုင်ငွေဟာ ငါးပေါင်နဲ့ ၁၀ ဆိုလီပဲ ကျန်ပါတော့တယ်။ စုံထောက်ကုမ္ပဏီကို နောက်ဆုံးပေးရမဲ့ငွေ ဖယ်လိုက်ရင် တစ်ပေါင်နဲ့ ၁၀ ဆိုလီပဲ ကျန်ပါတော့တယ်။ ကလိုင်းဟာ သူ့ရဲ့ ငွေရေးကြေးရေး အခြေအနေကို စိတ်ထဲမှာ တွက်ချက်ကြည့်ပြီးနောက် ဘာမှ မတတ်နိုင်အောင် ဖြစ်သွားပါတယ်။
ဒါပေမဲ့ သူ အလုပ်လုပ်စလုပ်တာက အခုမှ တစ်လကျော်လေးပဲ ရှိပါသေးတယ်။ တကယ်လို့ သူ အလုပ်လုပ်တာသာ တစ်နှစ်လောက် ကြာသွားမယ်ဆိုရင် သေချာပေါက် ပေါင်တစ်ရာကျော် စုနိုင်မှာပါ။
‘နောက်နှစ်ပတ်ကျရင် ငါ သုံးပေါင်ရပြီလို့ ဘန်ဆင်နဲ့ မလီဆာကို ပြောရမယ်... အဲဒီကျရင် ငါတို့တွေ အိမ်ဖော်ငှားလို့ရပြီ... ဒါပေမဲ့ ငါ့မှာ သီးသန့်ကိုယ်ပိုင်ငွေ ရှိတော့မှာ မဟုတ်ဘူး...’
ကလိုင်းဟာ တွေးတောရင်းနဲ့ မြေအောက်ဈေးရဲ့ ထွက်ပေါ်ကို လျှောက်သွားပါတယ်။ အဲဒီအချိန်မှာပဲ သူဟာ ဂန္တဝင် ဝတ်ရုံနက် ဝတ်ထားတဲ့ လူအိုကြီးနီးလ် မြေအောက်ဈေးထဲ တစ်လှမ်းချင်း ဝင်လာတာကို တွေ့လိုက်ရပါတယ်။
“ဈေးဝယ်လို့ ပြီးပြီလား” လူအိုကြီးနီးလ်က အပြုံးနဲ့ မေးပါတယ်။
“ပြီးပြီ” ကလိုင်းဟာ ခပ်ယဲ့ယဲ့ ပြန်ဖြေပါတယ်။
လူအိုကြီးနီးလ်ဟာ စုတ်သပ်ပြီး “မင်းလာတာ တကယ်ကို စောတယ်”
“မစောပါဘူး... ကျွန်တော်က ညစာ မစားခင်လာတာ... မစ္စတာနီးလ်က ထမင်းစားပြီးပြီမလား” ကလိုင်းဟာ လူအိုကြီးနီးလ်နဲ့ ထွေရာလေးပါး စကားပြောပါတယ်။
တစ်ခဏကြာတဲ့အခါမှာတော့ ရေတပ်အရာရှိဝတ်စုံ ဝတ်ထားတဲ့ မိစ္ဆာနဂါးဘားရဲ့သူဌေး ဆွင်းဟာ မြေအောက်ဈေးထဲ ဝင်လာပါတယ်။ သူဟာ လေးနက်တည်ကြည်တဲ့ မျက်နှာနဲ့ ကလိုင်းတို့ နှစ်ယောက်နား ချဉ်းကပ်လာပြီး တိုးတိုး ပြောပါတယ်။
“ငါ မင်း အကူအညီ လိုတယ်”
“ဘာဖြစ်လို့လဲ” လူအိုကြီးနီးလ်ရဲ့ မျက်နှာဟာ တည်သွားပါတယ်။ ကလိုင်းလည်း ရင်ထဲမှာ နည်းနည်း တင်းကျပ်သွားပါတယ်။
ဆံပင်ညိုတွေ ရှုပ်ပွပြီး အရက်နံ့ တထောင်းထောင်း ထွက်နေတဲ့ ဆွင်းဟာ ခပ်တိုးတိုး ပြန်ဖြေပါတယ်။
“ဒီနားမှာ ဒဏ်ခတ်သမားတစ်ယောက် စိတ်လွတ်သွားတယ်... သူ သာမန်လူတွေကို ဒုက္ခမပေးခင် ငါတို့တွေ သူ့ကို ရှင်းပစ်ဖို့ လိုတယ်”
မြန်မာပြည် ငြိမ်းချမ်းပါစေ။