မွန်းစတား
Vol. 13 Ch. 129
‘စိတ်လွတ်သွားတာလား...’ ကလိုင်းဟာ ရင်ထဲမှာ တင်းကျပ်သွားပြီး လွှတ်ခနဲ မေးလုနီး ဖြစ်သွားပါတယ်။
ဒန်းစမစ်နဲ့ လူအိုကြီးနီးလ်က စိတ်လွတ်နိုင်တဲ့ ဖြစ်နိုင်ခြေနဲ့ ဘယ်လိုမျိုး ဒုက္ခပေးနိုင်တယ်ဆိုတာကို လေးလေးနက်နက် ပြောထားပေမဲ့ ဒါက သူ ဒီလိုကိစ္စမျိုးကို ပထမဆုံးအကြိမ် ကြုံဖူးတာပါ။ အဲဒါကြောင့် သူဟာ နည်းနည်း ကြောက်လန့်သွားပြီး ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိ ဖြစ်သွားကာ ရင်ထဲမှာ နည်းနည်းလည်း ဝမ်းနည်းသွားပါတယ်။ ခံစားချက်မျိုးစုံကိုလည်း ရောထွေး ခံစားလိုက်ရပါတယ်။
‘ငါတို့ တစ်နှစ်ပတ်လုံး... ကိုင်တွယ်ရတဲ့ ကိစ္စတွေထဲမှာ လေးပုံတစ်ပုံလောက်က သာလွန်သူတွေ စိတ်လွတ်သွားတာ... အဲဒီစိတ်လွတ်သွားတဲ့ သာလွန်သူတွေထဲမှာ တော်တော်များများက ငါတို့ရဲ့ လုပ်ဖော်ကိုင်ဖက်တွေ...’ ကလိုင်းဟာ ဒန်းစမစ်ရဲ့ စကားကို နားထဲမှာ ပြန်ကြားယောင်မိလိုက်ပါတယ်။
ဒီလိုမျိုးကိစ္စတွေကို အတွေ့အကြုံရှိတဲ့ လူအိုကြီးနီးလ်ဟာ ချက်ချင်း ပြန်မေးပါတယ် “အဲဒီစိတ်လွတ်သွားတဲ့လူက ဘယ်မှာလဲ... ငါတို့ ဘာလုပ်ပေးရမှာလဲ”
ကလိုင်းဟာ လူအိုကြီးနီးလ်ရဲ့ စကားကို ကြားလိုက်ရတဲ့အခါ အံ့အားသင့်သွားပါတယ်။ သူဟာ တိုက်ခိုက်ရေးကနေ အနားယူထားတဲ့ လူအိုကြီးနီးလ်လိုမျိုး လူစားမျိုးက ဆွင်းရဲ့ တောင်းဆိုချက်ကို ငြင်းရင်ငြင်း မငြင်းရင်လည်း အကူအညီပေးဖို့ ပိုက်ဆံအများကြီး တောင်းလိမ့်မယ်လို့ ထင်ထားခဲ့တာပါ။ အခုလိုမျိုး တစ်စက္ကန့်တောင် မတုံ့ဆိုင်းဘဲ ညသိမ်းငှက်နဲ့ ဒဏ်ခတ်သမားတွေ ခွဲမနေဘဲ လူအိုကြီးနီးလ်က ကူညီပေးလိမ့်မယ်လို့ ဘယ်တုန်းကမှ မျှော်လင့်မထားခဲ့ပါဘူး။
ကလိုင်းဟာ လေးနက်တဲ့ မျက်နှာထားနဲ့ လူအိုကြီးနီးလ်ကို ကြည့်ရင်း တစ်စုံတစ်ခုကို ရုတ်တရက် နားလည်သွားပါတယ်။ သူတို့တွေက ညသိမ်းငှက်တွေပဲဖြစ်ဖြစ် ဒဏ်ခတ်သမားတွေပဲဖြစ်ဖြစ် မက္ကန်းနစ်ဟိုက်မိုင်းတွေပဲဖြစ်ဖြစ် အရေးမကြီးပါဘူး။ အရေးကြီးတာက သဘာဝလွန်စွမ်းအားကြောင့် အပြစ်မဲ့ပြစ်သူတွေ ဒုက္ခမရောက်အောင် တားဆီးပြီး ထင်းဂန်မြို့ရဲ့ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်မှုကို ထိန်းသိမ်းတာပါ။ အန္တရာယ်ကြီးပြီး ရေးကြီးသုတ်ပျာ အခြေအနေကို ကြုံရရင်တောင် သူတို့တွေဟာ တစ်စက္ကန့်တောင် မတုံ့ဆိုင်းဘဲ ကူညီကြပါတယ်။
ဆွင်းဟာ တိုတိုတုတ်တုတ် ပြန်ဖြေပါတယ် “ငါ့ကို နောက်ကနေ ပံ့ပိုးပေး”
သူဟာ သာလွန်သူက ဘာဖြစ်လို့ စိတ်လွတ်သွားတယ် အဲဒီလူက ဘယ်နေရာမှာလဲဆိုတာကို မပြောပါဘူး။ မြေအောက်ဈေးရဲ့ ထွက်ပေါက်ဆီကိုပဲ ရှေ့ကနေ ခပ်သုတ်သုတ် လျှောက်သွားပါတယ်။
ဒဏ်ခတ်သမားတွေရဲ့ ကပ္ပတိန်ဟောင်းက အရက်အိုးဆိုတာ သိသာပါတယ်။ ဒါပေမဲ့ ကလိုင်းဟာ ဒီအရက်အိုးနောက်ကို သာမန်ခြေလှမ်းနဲ့ မီအောင် မလိုက်နိုင်တဲ့အတွက် နောက်ကျ ကျန်မနေခဲ့အောင် မကြာမကြာ ပြေးပြေး လိုက်ရပါတယ်။
သူ လူအိုကြီးနီးလ်ကို လှည်ကြည့်လိုက်တဲ့အခါမှာတော့ လူအိုကြီးနီးလ်က ဖြည်းဖြည်းမှန်မှန် ပြေးနေတာကို တွေ့လိုက်ရပါတယ်။ သူတို့သုံးယောက်ဟာ အစောင့်တွေရဲ့ အကြည့်တွေကို ဂရုမစိုက်ပါဘူး။ သူတို့သုံးယောက်ဟာ ဘိလိယက်အခန်းထဲကနေ ပြေးထွက်ပြီး မိစ္ဆာနဂါးဘားထဲ ရောက်သွားပါတယ်။
သောက်စားနေကြတဲ့ ဖောက်သည်တွေဟာ ကြွက်လိုက်ပွဲ ကြည့်နေရာကနေ ကလိုင်းတို့ သုံးယောက်ဆီကို အကြည့်ရောက်လာကြပါတယ်။
“အဲဒါ သူဌေးဆွင်းမလား”
“ဘာဖြစ်လို့ အလျင်လိုနေတာလဲ မသိဘူး”
“တစ်ယောက်ယောက် အကြွေးမဆပ်ဘဲ ပြေးသွားလို့များလား”
...
စကားပြောဆိုသံတွေကြားမှာ ဖောက်သည်တချို့ဟာ ကြွက်လိုက်ပွဲကို ပြန်ကြည့်ကြပါတယ်။ သူတို့တွေဟာ ဟေးလားဝါးလား အော်ဟစ်ပြီး တစ်နေ့တာရဲ့ ပင်ပန်းနွမ်းနယ်မှုကို ဖြေဖျောက်ကြပါတယ်။ သို့ပေမဲ့ ဖောက်သည်တချို့ကတော့ စိတ်လေးသွားကြပါတယ်။
“ရှပ်... ရှပ်... ရှပ်...”
ကလိုင်း၊ လူအိုကြီးနီးလ်နဲ့ ဆွင်းဟာ လမ်းဖြတ်ကူးပြီး ဆိပ်ကမ်းခရိုင်ထဲ ရောက်သွားပါတယ်။
“အဲဒီလှေပေါ်မှာ...” ဆွင်းဟာ ခြေလှမ်းနှေးပြီး မလှမ်းမကမ်းမှာရှိတဲ့ ကုန်တင်သင်္ဘောကို ထိုးပြပါတယ် “ဒဏ်ခတ်သမားနှစ်ယောက်က စိတ်လွတ်သွားတဲ့လူကို ထာ့ဆစ်မြစ်ထဲ ခုန်မချအောင် ဝိုင်းထားတယ်... သူ့ကို လွှမ်းမိုးပြီး ထိန်းချုပ်မှုအောက် ရောက်အောင် လုပ်ပေး... ကျန်တာကို ငါ့တာဝန်ထား...”
လူအိုကြီးနီးလ်ဟာ အသက်ကို အမောတကောရှူပြီး။
“ရတယ်... ဒါ... ဒါပေမဲ့ မင်း ငါ့ကို အချိန်တစ်မိနစ်တော့ ပေးရလိမ့်မယ်... ဖူး... အနားယူဖို့ တစ်မိနစ်”
ဆွင်းဟာ ခေါင်းညိတ်ပြီး ဘာမှ ထပ်မပြောတော့ပါဘူး။ သူဟာ သင်္ဘောပေါ် ပြေးတက်ပြီး စိတ်လွတ်သွားတဲ့လူကို ကျန်တဲ့လူတွေနဲ့ အတူ တိုက်ခိုက်ပါတယ်။
သင်္ဘောပေါ်က တိုက်ခိုက်သံတွေကို ကြားရတဲ့အခါ လူအိုကြီးနီးလ်ဟာ နည်းနည်း ရင်တုန်ပန်းတုန် ဖြစ်နေတဲ့ ကလိုင်းကို လှည့်ကြည့်ပါတယ်။ သူဟာ ခါးနားက အိတ်ဝှက်တစ်လုံးထဲကနေ ကလေးလက်သီးဆုပ်စာလောက် ရှိတဲ့ ငွေထည်ပစ္စည်းတစ်ခုကို ထုတ်ယူပြီး ကလိုင်းဆီ ပေးပါတယ်။
“အိပ်မောကျစေတဲ့ အဆောင်ပဲ... ဒီအဆောင်ကို အသက်သွင်းတဲ့ မန္တန်က ‘ထာဝရည’... ရှေးဟောင်း ဟာမီးဘာသာစကားနဲ့ ရွတ်ရမှာ... မင်း မန္တန်ရွတ်ပြီးရင် စိတ်ဝိညာဉ်စွမ်းအား လောင်းထည့်... သုံးစက္ကန့်ပြည့်တာနဲ့ ပစ်မှတ်ကို ပစ်ပေါက်လိုက်တော့...”
“ဟုတ်ကဲ့ပါ” ကလိုင်းဟာ အဆောင်ကို လက်ခံပြီး ရင်ထဲမှာ နည်းနည်း ခံစားသွားရပါတယ်။
ဒီအဆောင်က မျက်နှာပြင် နှစ်ဖက်စလုံးမှာ ဟာမီးမန္တန်တွေ ထွင်းထားပါတယ်။ သက်ဆိုင်တဲ့ သင်္ကေတတွေ လမ်းကြောင်းနံပါတ်တွေနဲ့ အိပ်မောကျစေတဲ့ မန္တန်ရဲ့ လက္ခဏာတွေလည်း ပါဝင်ပါတယ်။ အဆောင်ထဲမှာ စီးဆင်းနေတဲ့ နက်နဲပြီး ငြိမ်သက်အေးချမ်းတဲ့ စွမ်းအားကို စိတ်ဝိညာဉ်အာရုံ ဖွင့်စရာမလိုဘဲ ခံစားသိရှိနိုင်ပါတယ်။
လူအိုကြီးနီးလ်ဟာ ခါးဆန့်ပြီး အလားတူ အဆောင်တစ်ခုကို အိတ်ဝှက်ထဲကနေ ထပ်မံထုတ်ယူကာ လက်ထဲမှာ ကိုင်လိုက်ပါတယ်။ အဲဒီနောက် ကုန်တင်သင်္ဘောဆီ လျှောက်သွားရင်း ရယ်စရာ ပြောပါတယ်။
“သိပ်ကြောက်မနေနဲ့... စိတ်လျှော့ပြီး တခြားတစ်ခုခုကိုတွေး... ဥပမာ ငါ မင်းကို အဆောင်တစ်ခု ငှားထားတယ်... မင်း အဲဒီအဆောင်ကို သုံးမယ်ဆိုရင် နောက်ကျ ငါ့ကို တစ်ခုပြန်ပေးဖို့ မမေ့နဲ့... ဒီလိုပြောလို့ ချက်ချင်းကြီး ပြန်ပေးရမယ်လို့ မဆိုလိုဘူးနော်... မင်းရဲ့ ခွဲတမ်း(ကုန်ကြမ်း)ကိုရမဲ့ နောက်လမှ ပေးလည်းရတယ်...”
‘ဒါ... တကယ်ကို အတွေ့အကြုံရင့်တာပဲ...’ ကလိုင်းဟာ အဆောင်ကို ဘယ်ဘက်အိတ်ကပ်ထဲ ထည့်ပြီး ချိုင်းသေနတ်အိတ်ထဲက ခြောက်လုံးပြူးကို ဆွဲထုတ်ကာ အချိန်မရွေး ပစ်နိုင်အောင် ပြင်ပါတယ်။
“ကျွန်တော် မကြောက်တော့ဘူး...” သူဟာ ခြောက်လုံးပြူးနဲ့ လက်ကိုင်တုတ်ကို လက်တစ်ဖက်စီမှာကိုင်ပြီး လူအိုကြီးနီးလ်နဲ့အတူ ကုန်တင်သင်္ဘောပေါ် တက်လိုက်ပါတယ်။
ဒီကုန်တင်သင်္ဘောက နည်းနည်းတောင် ဟောင်းချင်နေပါပြီ။ ဒီသင်္ဘောက ရေနွေးငွေ့နဲ့ မောင်းနှင်တာဆိုတော့ မီးခိုးခေါင်းတိုင် ရှိပါတယ်။ အဲဒါအပြင် အရင်ကသုံးခဲ့တဲ့ ရွက်နဲ့ ရွက်တိုင်တွေလည်း ရှိနေပါသေးတယ်။ ဒီသင်္ဘောရဲ့ မျက်နှာပြင်နဲ့ အစိတ်အပိုင်းတချို့ကိုပဲ သတ္တုအုပ်ထားပါတယ်။ ကျန်တဲ့အပိုင်းတွေကိုတော့ သစ်သားနဲ့ပဲ လုပ်ထားပါတယ်။
တိုက်ခိုက်သံတွေဟာ ပိုပိုပြင်းထန်လာပါတယ်။ ကလိုင်းနဲ့ လူအိုကြီးနီးလ်ဟာ သင်္ဘောခန်းထဲဝင်ဖို့ နည်းလမ်းရှာနေတုန်းမှာပဲ အသံကျယ်ကြီးကို ရုတ်တရက် ကြားလိုက်ရပါတယ်။
သစ်သားခန်းဟာ ရုတ်ခြည်း အစိတ်စိတ်အမြွှာမြွှာ ကွဲထွက်သွားပြီး အပိုင်းအစတွေဟာ နေရာစုံကို လွင့်စဉ်ထွက်ကုန်ပါတယ်။ အဲဒီကွဲကြေသွားတဲ့ အပေါက်ကနေ လူတစ်ယောက် လွင့်ထွက်လာပြီး သင်္ဘောဘေးနံရံကို ဝင်တိုက်ပါတယ်။
ကလိုင်းဟာ အဲဒီလူရဲ့ ဒဏ်ရာတွေကို မစစ်ဆေးအားပါဘူး။ သူ့အကြည့်ဟာ အပေါက်ဆီ ပြေးလာတဲ့ မွန်းစတားဆီ ရောက်သွားပါတယ်။
ဒီမွန်းစတားဟာ ၁.၈ မီတာကျော် မြင့်ပြီး စုတ်ပြတ်သပ်နေတဲ့ ရှပ်အင်္ကျီနဲ့ ဘောင်းဘီကို ဝတ်ဆင်ထားပါတယ်။ သူ့ခြေချင်းဝတ်မှာတော့ စိမ်းနက်ရောင် ကြေးခွံတွေ ဖုံးအုပ်နေပြီး လက်ချောင်းတွေနဲ့ ခြေချောင်းတွေကြားမှာ အရေပြားသစ်တစ်ခု ဖြစ်တည်နေပါတယ်။ သူ့ပုံစံက ရေနေသတ္တဝါတစ်ကောင်နဲ့ သွားဆင်ပါတယ်။
သူ့ခေါင်းတစ်ခေါင်းလုံးကတော့ အရေပြားတွေ တွန့်လိမ်ရှုံ့တွနေပြီး လူသားပုံစံ ယဲ့ယဲ့ပဲ ရှိပါတော့တယ်။ သူ့ကြေးခွံတွေကို ချွဲပျစ်ချစ်အရည်တစ်မျိုးက အုပ်ထားပြီး ကြမ်းပြင်ပေါ်ကို အဆက်မပြတ် စီးကျနေပါတယ်။
“ရှဲ...”
စိမ်းနက်ရောင် ချွဲပျစ်ပျစ်အရည်ဟာ ကုန်းပတ်ကို မဆိုစလောက် တိုက်စားပြီး သတိထားမိနိုင်လောက်တဲ့ အမှတ်အသားတစ်ခု ချန်ထားခဲ့ပါတယ်။
“ခွပ်...”
ဆွင်းဟာ ဘေးကနေပြီး မွန်းစတားကို လက်သီးနဲ့ အားကုန်ထိုးလိုက်တဲ့အခါ မွန်းစတားဟာ ဘေးဘက်ကို ခြေလှမ်း နှစ်လှမ်း ယိမ်းယိုင်သွားပါတယ်။
“ခွပ်... ခွပ်... ဖြောင်း...”
ဆွင်းဟာ ယုတ္တိမတန်လောက်အောင် ကြွက်သားကောင်းတွေ ရှိပေမဲ့ မွန်းစတားကို ခွန်အားချင်း မယှဉ်နိုင်တာကတော့ သိသာပါတယ်။ လက်သီးထိုးချက်တွေ ခြေကန်ချက်တွေနဲ့ တရစပ် တိုက်ခိုက်တာတောင် မွန်းစတားရဲ့ ကြေးခွံတွေကို ဘာမှမဖြစ်စေတဲ့အတွက် မွန်းစတားကို ရုပ်ပိုင်းဆိုင်ရာ ထိခိုက်အောင် ဘာမှ မလုပ်နိုင်ပါဘူး။
တစ်ချိန်မှာတော့ သူဟာ တဒင်္ဂ ယိမ်းယိုင်သွားပါတယ်။
သူ့ရဲ့ အံ့ဩစရာကောင်းတဲ့ ဟန်ချက်ထိန်းနိုင်စွမ်းနဲ့ တခြားဒဏ်ခတ်သမားတွေရဲ့ ပစ်ကူပေးမှုကြောင့်သာ မဟုတ်ရင် သူ မွန်းစတားလက်ချက်နဲ့ သေပွဲဝင်သွားရလောက်ပါပြီ။
“ဒုတ်... ဒုတ်... ဒုတ်...”
ဆွင်းဟာ ခြေလှမ်း လေးငါးလှမ်း နောက်ဆုတ်ပြီးနောက် ပိုးဖလံ မီးကိုတိုးသလိုမျိုး ရှေ့ကို ပြန်တက်ပါတယ်။
ဒါပေမဲ့ ကလိုင်းဟာ ဆွင်းက တစ်စုံတစ်ခုကို စုဆောင်းပြီး တစ်စုံတစ်ခုကို စောင့်ဆိုင်းနေတယ်ဆိုတာ ခံစားမိလိုက်ပါတယ်။
“ဒုန်း...”
ဆွင်းဟာ မွန်းစတားရဲ့ တိုက်ခိုက်မှုကြောင့် နောက်ပြန်ဆုတ်လာရပြီး တခြား ဒဏ်ခတ်သမား တစ်ယောက်ရဲ့ မြင်ကွင်းကို ကွယ်မိသွားပါတယ်။
မွန်းစတားဟာ ဒီအခွင့်အရေးကို လက်လွှတ်မခံဘဲ ဝန်းရံထားတာကို ထိုးဖောက်ထွက်ဖို့ ကြိုးစားပါတယ်။ မွန်းစတားဟာ သင်္ဘောပေါ်ကနေ ထာ့ဆစ်မြစ်ထဲကို ခုန်ချပြီး ထွက်ပြေးချင်တာပါ။
အရေပြားတွေ တွန့်လိမ်ပြီး ချွဲပျစ်စေးကပ်နေတဲ့ မွန်းစတားရဲ့ ခေါင်းကို ကြည့်ကာ ကလိုင်းဟာ ညာလက်မြှောက်ပြီး သေနတ်မောင်းကို ဆွဲလိုက်ပါတယ်။
“ဒိုင်း...”
ငွေရောင် နတ်ဆိုးပစ်ကျည်ဆံဟာ သူ ချိန်ရွယ်ထားတဲ့အတိုင်း မွန်းစတားရဲ့ ခန္ဓာကိုယ်ကို ထိမှန်သွားပါတယ်။ ဒါပေမဲ့ ကြေးခွံကိုပဲ ထိမှန်ပြီး မွန်းစတားရဲ့ ခန္ဓာကိုယ်ထဲကို ထိုးဖောက်မဝင်နိုင်ပါဘူး။
မွန်းစတားဟာ နားကွဲမတတ် စူးစူးရှရှ အော်ဟစ်ပြီး ခြေထောက်မှာ အားစုစည်းကာ ကလိုင်းကို ခုန်အုပ်ပါတယ်။
ငါးညှီနံ့ နှာခေါင်းထဲ ဝင်လာတဲ့အခါ ကလိုင်းဟာ ရုတ်တရက် ခါးကုန်းပြီး ဘေးဘက်ကို လှိမ့်ရှောင်ပါတယ်။
“ဂျိုင်း...”
သူဟာ သင်္ဘောလှုပ်သွားပြီး အစအနတွေ လာမှန်တာကို ခံစားလိုက်ရပါတယ်။ တစ်ချိန်တည်းမှာပဲ အိုမင်းပြီး နက်နဲတဲ့ ရှေးဟောင်း ဟာမီးစကားသံကို ကြားလိုက်ရပါတယ်။
“ထာဝရည”
ကလိုင်းဟာ နောက်ထပ်နှစ်ကြိမ် ထပ်လှိမ့်လိုက်ပါတယ်။ သူဟာ သူ့လက်ကိုင်တုတ်ကို ဂရုမစိုက်နိုင်တော့ပါဘူး။ အဲဒီနောက် သူဟာ ခေါင်းမြှောက်ပြီး ခြောက်လုံးပြူးကို ကပျာကယာ မြှောက်လိုက်တဲ့အခါ လူအိုကြီးနီးလ်က မွန်းစတားနဲ့ တအားနီးနေပေမဲ့ တည်တည်ငြိမ်ငြိမ်နဲ့ ငွေအဆောင်ကို မွန်းစတားဆီ ပစ်လိုက်တာ တွေ့လိုက်ရပါတယ်။
ငွေအဆောင်ကို နီမှောင်ရောင်မီးလျှံက ရုတ်ခြည်းဝါးမျိုသွားပြီး ပေါက်ကွဲသံ ခပ်ယဲ့ယဲ့ ထွက်ပေါ်လာပါတယ်။ အဲဒီနောက် တည်ငြိမ် အေးချမ်း နက်နဲတဲ့ စွမ်းအားဟာ ပတ်ဝန်းကျင်ကို ရိုက်ခတ်သွားပြီး သင်္ဘောနံရံကို ဖျက်ဆီးတော့မဲ့ မွန်းစတားရဲ့ လှုပ်ရှားမှုတွေကို နှေးကွေးတုံ့ဆိုင်းသွားစေပါတယ်။
ဆွင်းဟာ သင်္ဘောခန်းထဲကနေ ပြေးထွက်လာပြီး မွန်းစတားရဲ့ ခေါင်းကို ဆယ်ပေါင်တူနဲ့ ထုသလိုမျိုး ပြေးထိုးပါတယ်။ ဒါပေမဲ့ သူ့ရဲ့ တိုက်ခိုက်မှုက မွန်းစတားကို ပွန်းပဲ့ရုံလောက်ပဲ ဖြစ်စေပြီး ကြီးကြီးမားမား ဘာမှ မထိခိုက်စေပါဘူး။ ဒါပေမဲ့ ကလိုင်းဟာ ဆွင်း စုစည်းနေတဲ့အရာက နောက်ဆုံးမှာ ထိပ်ဆုံးကို ရောက်သွားပြီဆိုတာ ခံစားမိလိုက်ပါတယ်။
“ဝုန်း...”
မွန်းစတားဟာ ပုံမှန်အတိုင်း ပြန်ဖြစ်လာပြီး ဆွင်းကို လက်နဲ့ ရိုက်ထုတ်လိုက်တဲ့အတွက် ဆွင်းဟာ နောက်ကို ခြေငါးလှမ်း ဆုတ်လိုက်ရပါတယ်။ နောက်ဆုတ်သွားရတဲ့ ဆွင်းရဲ့ ခြေလှမ်းတိုင်းဟာ ကုန်းပတ်ပေါ်မှာ အက်ကြောင်း ထသွားစေပါတယ်။
မွန်းစတားက ကုန်တင်သင်္ဘောပေါ်ကနေ ခုန်ချတော့မှာကို တွေ့လိုက်ရတဲ့အတွက် ကလိုင်းဟာ အိတ်ကပ်ထဲကနေ အိပ်မွေ့ချအဆောင်ကို အလျင်စလို ထုတ်ယူပြီး “ထာဝရည” ဆိုတဲ့ စကားလုံးကို ရှေးဟောင်း ဟာမီးဘာသာစကားနဲ့ ရွတ်ဆိုလိုက်ပါတယ်။
ရုတ်တရက်ဆိုသလို သူ့လက်ထဲမှာရှိတဲ့အဆောင်က ဆီနှင်းခဲနဲ့ လုပ်ထားသလိုမျိုး အေးစက်သွားတာကို ကလိုင်း ခံစားလိုက်ရပါတယ်။ သူဟာ အများကြီး မတွေးဘဲ စိတ်ဝိညာဉ်စွမ်းအားကို အဆောင်ထဲ လောင်းထည့်ကာ မွန်းစတားဆီ ကောက်ပေါက်လိုက်ပါတယ်။
အဲဒီအချိန်မှာ မွန်းစတားက လေထဲ ခုန်မြှောက်သွားပါပြီ။
နီမှောင်ရောင် မီးလျှံဟာ ဘေးနားပတ်ဝန်းကျင်က အမှောင်ထုကို လင်းထိန်သွားစေပြီး အသံအုပ်အုပ် ပေါက်ကွဲကာ သူ့စွမ်းအားက အပြင်ဘက်ကို တမုဟုတ်ချင်း ပျံ့နှံ့သွားပါတယ်။
“ဒုန်း...”
မွန်းစတားဟာ သင်္ဘောကုန်းပတ်ပေါ်ကို ပြန်ပြုတ်ကျပြီး အိပ်တစ်ဝက် နိုးတစ်ဝက် ဖြစ်သွားပါတယ်။
ကလိုင်းဟာ ပြေးသွားပြီး မွန်းစတားရဲ့ခေါင်းကို သေနတ်နဲ့ ပစ်ဖို့ ကြံလိုက်ပေမဲ့ ဆွင်း ခုန်ထွက်လာတာကို ရုတ်တရက် တွေ့လိုက်ရပါတယ်။ ဆွင်းရဲ့ ကိုယ်ပေါ်မှာ သင်္ဘောသားဝတ်စုံ မရှိတော့ပါဘူး။
ကလိုင်းဟာ စိတ်ဝိညာဉ် အမြင်အောက်မှာ ဖိနှိပ်ထားတဲ့ တစ်စုံတစ်ခု ပေါက်ကွဲထွက်လာတာကို ခံစားမိလိုက်ပါတယ်။
ဆွင်းဟာ ကောင်းကင်ယံကနေ ဆင်းသက်လာပြီး မွန်းစတားရဲ့ ခန္ဓာကိုယ်ကို အရှိန်အဟုန်နဲ့ တိုက်ခိုက်ပါတယ်။ အဲဒီနောက် သူဟာ ခါးဆန့်ပြီး မွန်းစတားရဲ့ခေါင်းကို လက်သီးပြင်းတစ်လုံး ပစ်ကျွေးပါတယ်။
“ခွပ်...”
မွန်စတားရဲ့ ဦးခေါင်းခွံဟာ တစ်စစီ ကွဲကြေသွားပြီး နီမှောင်ရောင် သွေးတွေ၊ အစိမ်းရောင် ချွဲပျစ်ပျစ်အရည်တွေနဲ့ မီးခိုးရောင် ဦးနှောက်စတွေ ကြမ်းပြင်ပေါ် ပြန့်ကျဲကုန်ပါတယ်။
“ဒါက လူထုဒေါသရဲ့ စွမ်းအားတစ်မျိုးလား...” ကလိုင်းဟာ ကျိုးပဲ့နေတဲ့ သင်္ဘောဘေးနံရံနားမှာ မတ်တတ်ရပ်ရင်း ရေရွတ်လိုက်ပါတယ်။
လူအိုကြီးနီးလ်ဟာ သူ့ရဲ့ ဘယ်ဘက် လက်မောင်းကို ကိုင်ပြီး အောက်မှာ ဘာဖြစ်သွားလဲဆိုတာ ကိုယ်ကိုင်းပြီး ကြည့်ပါတယ်။
အဲဒီအချိန်မှာ ဆွင်းဟာ မတ်မတ်ရပ်နေပြီး သူ့ခြေထောက်အောက်က အသက်ပျောက်သွားတဲ့ မွန်းစတားကို စိုက်ကြည့်နေပါတယ်။ အဲဒီနောက် သူဟာ သတ္တုပုလင်းပြားကို ထုတ်ယူပြီး အဖုံးဖွင့်ကာ တစ်ဝက်သောက်ပြီး ကျန်တစ်ဝက်ကို မွန်းစတားပေါ် လောင်းချလိုက်ပါတယ်။
ပြီးသွားတဲ့အခါမှာတော့ ဆွင်းဟာ အသက်အရွယ် ကြီးရင့်သွားသလိုမျိုး ခါးနည်းနည်း ကိုင်းသွားပါတယ်။
လူအိုကြီးနီးလ်ဟာ အောက်က မြင်ကွင်းကို ကြည့်ပြီး သက်ပြင်းချကာ တီးတိုးပြောပါတယ်။
“ငါ ဒီစိတ်လွတ်သွားတဲ့ ဒဏ်ခတ်သမားကို သိတယ်... သူက ဆွင်းနဲ့ နှစ်သုံးဆယ်လောက် အလုပ်အတူတူ လုပ်ခဲ့တာ... တစ်ခါတုန်းက ကမ်းခြေတက်လာပြီး လူသတ်တဲ့ ရေသရဲတွေကို ရှင်းပစ်ခဲ့ဖူးတယ်... ထာ့ဆစ်မြစ်ကနေ ထွက်ပြေးဖို့ ကြိုးစားတဲ့ မိစ္ဆာသာလွန်သူကိုလည်း ဖမ်းခဲ့ဖူးတယ်...”
လူအိုကြီးနီးလ်က ဆက်မပြောတော့ပေမဲ့ ကလိုင်းဟာ သူ ဘာပြောချင်လဲ ဆိုတာကို နားလည်ပါတယ်။ အကျိုးဆောင်မှုတွေ အများကြီးလုပ်ထားခဲ့ပြီး မွန်းစတား အမြောက်အမြားကို သတ်ဖြတ်ခဲ့တဲ့ သာလွန်သူတစ်ယောက်က နောက်ဆုံမှာ မွန်းစတားအဖြစ်နဲ့ ဘဝဇာတ်သိမ်းသွားရပါတယ်။
ဒါက ဖြစ်လေ့ဖြစ်ထ မရှိတဲ့ အဖြစ်အပျက်တော့ မဟုတ်ပါဘူး။ ညသိမ်းငှက်တွေ ဒဏ်ခတ်သမားတွေနဲ့ မက္ကန်းနစ်ဟိုက်မိုင်းတွေ တစ်နေ့မှာ ကြုံရနိုင်တဲ့ ရလဒ်တစ်ခုပါ။
မြန်မာပြည် ငြိမ်းချမ်းပါစေ။