← Chapters

ဘက်ကလင် လျှို့ဝှက်တွေ့ဆုံပွဲ

Vol. 13 Ch. 130

ဘက်ကလင် လျှို့ဝှက်တွေ့ဆုံပွဲ

Vol. 13 Ch. 130

ကလိုင်းဟာ မွန်းစတား အလောင်းရှေ့မှာ ရပ်နေတဲ့ ဆွင်းကို ကြည့်ပြီးနောက် လဲကျနေတဲ့ လုပ်ဖော်ကိုင်ဖက်ကို ထူနေတဲ့ ဒဏ်ခတ်သမားကို ကြည့်လိုက်ပါတယ်။ ရုတ်တရက်ဆိုသလို စကားလုံးနဲ့ ဖော်ပြလို့မရတဲ့ ဝမ်းနည်းမှုကို သူ ခံစားလိုက်ရပါတယ်။

ညသိမ်းငှက်တွေ ဒဏ်ခတ်သမားတွေနဲ့ မက္ကန်းနစ်ဟိုက်မိုင်းတွေက သူရဲကောင်းအဖြစ် ကျော်ကြားဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ သူတို့လုပ်တဲ့ ကိစ္စတွေအကုန်လုံးက အများပြည်သူ ဘယ်တော့မှ မသိတဲ့ လျှို့ဝှက်ချက်အဖြစ်ပဲ တည်ရှိနေမှာပါ။ ဒါပေမဲ့ သူတို့တွေ ရင်ဆိုင်ရတဲ့ အန္တရာယ်နဲ့ ခါးစည်းခံစားရတဲ့ နာကျင်မှုကတော့ စစ်မှန်ပါတယ်။

‘တစ်နေ့ကျရင် ငါ့ရန်သူက ငါ့ရဲ့ လုပ်ဖော်ကိုင်ဖက်တစ်ယောက် ဖြစ်လာနိုင်တယ်...’ ကလိုင်းဟာ စိတ်ထဲမှာ သက်ပြင်းချမိလိုက်ပါတယ်။ သူဟာ ညသိမ်းငှက်တွေ ဒဏ်ခတ်သမားတွေနဲ့ မက္ကန်းနစ်ဟိုက်မိုင်းတွေ ထမ်းဆောင်ထားရတဲ့ ဝန်ထုပ်ဝန်ပိုးကို ခံစားမိလိုက်ပါတယ်။

အဲဒီအချိန်မှာ လူအိုကြီးနီးလ်ဟာ သက်ပြင်းတစ်ချက် ချပါတယ်။

“သွားကြရအောင်... သူတို့ကို မနှောင့်ယှက်ပဲ နေရအောင်”

“အင်း...” ကလိုင်းဟာ လက်ကိုင်တုတ်ကို ကောက်ယူပြီး ခြေလှမ်းကျယ်ကျယ် လှမ်းလိုက်တဲ့အခါ လူအိုကြီးနီးလ်က သူ့ဘယ်လက်ကို ကိုင်ထားတုန်းဆိုတာ ရုတ်တရက် သတိထားမိလိုက်တာကြောင့် စိုးရိမ်စိတ်နဲ့ မေးလိုက်ပါတယ်။

“ဒဏ်ရာ ရထားလို့လား”

လူအိုကြီးနီးလ်ဟာ တစ်ချက်ရယ်ပြီး ဖြေပါတယ်။

“အင်း... စောစောက အစအနတစ်ခု မှန်သွားတယ်... ငါသာ မအိုသေးရင် သေချာပေါက် ရှောင်နိုင်မှာ... ဒဏ်ရာက သေးလို့ တော်သးတယ်...”

လူအိုကြီးနီးလ်ဟာ ညာလက်ကို အသာရွှေ့ပြီး ဘယ်ဘက် လက်ဖမိုးပေါ်က သွေးနည်းနည်း ထွက်နေတဲ့ ဒဏ်ရာ ခပ်သေးသေးကို ပြပါတယ်။

ကလိုင်းဟာ လူအိုကြီးနီးလ်ရဲ့ ဒဏ်ရာက မပြင်းထန်တာကို အတည်ပြုပြီးနောက် သက်ပြင်းချရင်း သင်္ဘောကုန်းဘောင်ကနေ ဆိပ်ကမ်းပေါ်တက်ပါတယ်။

“မစ္စတာနီးလ်... မစ္စတာနီးလ်က ကျွန်တော် ထင်ထားတာထက် ပိုပြီးတော့ တည်ငြိမ်တာပဲ... မွန်းစတားနဲ့ နှစ်မီတာပဲ ဝေးတာတောင် မန္တန်ကို တည်တည်ငြိမ်ငြိမ် ရွတ်ပြီး အဆောင်ကို သုံးနိုင်တယ်”

စိတ်လွတ်သွားတဲ့ ဒဏ်ခတ်သမားက ကလိုင်းဆီကို ခုန်အုပ်ပေမဲ့ လူအိုကြီးနီးလ်က အဲဒီမွန်းစတားနဲ့ တော်တော်နီးနီးမှာ တစ်ချိန်လုံး ရှိနေခဲ့တာပါ။

လူအိုကြီးနီးလ်ဟာ တစ်ချက် ရယ်ပါတယ်။

“ငါက အတွေ့အကြုံရင့်တဲ့ ညသိမ်းငှက်လေ... ငါလုပ်ခဲ့တဲ့ အန္တရာယ်ရှိတဲ့ ကိစ္စတွေထဲမှာ ခုနကဟာက ထိပ်တန်းဆယ်ခု စာရင်းတောင် မဝင်ဘူး... တစ်ခါတုန်းက ငါနဲ့ ဒန်းစမစ် ရာဖယ်သင်္ချိုင်းကို ကင်းလှည့်နေတုန်း ဖုတ်ဝင်နေတဲ့ အလောင်းတစ်လောင်းက မှောင်ရိပ်ခိုပြီး ချုံခိုတိုက်ခိုက်တာကို ကြုံခဲ့ရဖူးတယ်... အဲဒီတုန်းက ငါ လုံးဝ သတိမထားမိခဲ့ဘူး... ငါက ပုန်းလိုခိုလို့ကောင်းမဲ့ တချို့နေရာတွေကို လိုက်ကြည့်နေခဲ့တာ... ဟီးဟီး... ငါ ဘာကိုဆိုလိုလဲဆိုတာ မင်း နားလည်မှာပဲ... နောက်ဆုံး အဲဒီဖုတ်ကောင်က နောက်ကနေ ခုန်အုပ်ပြီး ငါ့လည်ပင်းကို ဖမ်းညှစ်တော့တာပဲ”

ကလိုင်းဟာ လူအိုကြီးနီးလ် ပြောတာ နားထောင်ရင်း လည်ပင်းတင်းကျပ်သွားတယ်လို့ ခံစားလိုက်ရပါတယ်။

“အဲဒီလို အခြေအနေမှာတောင် မစ္စတာနီးလ်က အဆောင်ကို တည်တည်ငြိမ်ငြိမ်နဲ့ သုံးနိုင်တာလား... ဒါမှမဟုတ် လျှို့ဝှက်ဆန်းကြယ် စပ်စုသမားတွေ အမြန်သုံးနိုင်တဲ့ မန္တန်တချို့ကို သုံးလိုက်တာလား”

လူအိုကြီးနီးလ်ဟာ သူ့ကို တစ်ချက်ကြည့်ပြီး။

“မဟုတ်ဘူး... ဒန်းစမစ်က အဲဒီဖုတ်ကောင်က အချိန်မီ အိပ်မွေ့ချနိုင်ခဲ့တယ်... ငါ မင်းကို ဒီအကြောင်း ပြောပြတာက ညသိမ်းငှက်အဖွဲ့ဝင် တစ်ယောက်အနေနဲ့ မင်းကိုယ်မင်း ယုံကြည်ရုံတင် မဟုတ်ဘူး... မင်းရဲ့ အဖွဲ့ဝင်တွေကိုလည်း ယုံကြည်ရတယ်ဆိုတာ သိစေချင်လို့ပဲ”

ကလိုင်းဟာ လေးငါးဆယ်စက္ကန့် တိတ်ဆိတ်သွားပြီးနောက် စိတ်ရင်းနဲ့ရော ရယ်စအဖြစ်နဲ့ရော ပြောလိုက်ပါတယ်။

“မစ္စတာနီးလ်... မစ္စတာနီးလ်က ဒီနေ့ကျမှ ပညာရှိနေပါ့လား”

လူအိုကြီးနီးလ်ဟာ ဆိပ်ခံတံတားပေါ်တက်ပြီး အမှုမထားတဲ့ လေသံနဲ့ ဖြေပါတယ် “အဲဒါက မင်းငါ့ရဲ့ အလေးမထားတဲ့ အခြမ်းကိုပဲ သိထားလို့လဲ”

သူတို့နှစ်ယောက်ဟာ ဆိပ်ခံတံတားကနေ ထွက်ပြီး မိစ္ဆာနဂါးဘားဆီ လျှောက်သွားပါတယ်။

ကလိုင်းဟာ ခြောက်လုံးပြူးကို သိမ်းပြီး လက်ကိုင်တုတ်ကို ဘေးမှာမှီကာ အပေါ်အင်္ကျီကို ချွတ်လိုက်ပါတယ်။ အဲဒီနောက် ဓာတ်ငွေ့လမ်းမီးအိမ်ရဲ့ အလင်းရောင်အောက်မှာ သူ့အင်္ကျီ ပွန်းပဲ့စုတ်ပြတ်သွားလားဆိုတာ စပြီးတော့ စစ်ဆေးပါတယ်။

“တော်သေးတယ်... အစအန နည်းနည်းနဲ့ ဖုန်ပေတာ နည်းနည်းပဲ ရှိလို့...” အဲဒီနောက် သူဟာ အစအနတွေကို ဖယ်ထုတ်ပြီး ဖုန်တွေကို ရိုက်ချကာ ပြန်ဝတ်လိုက်ပါတယ်။

လူအိုကြီးနီးလ်ဟာ သူ့ကို အပြုံးနဲ့ ကြည့်ပြီး လေသံအေးနဲ့ ပြောပါတယ်။

“နှမြောစရာကောင်းတာက လျော်ကြေးတောင်းလို့ မရတာဘဲ”

ကလိုင်းဟာ ဘာပြောရမှန်း မသိဖြစ်သွားပါတယ်။

‘ငါက အဲဒီလို လူစားမျိုး မဟုတ်ပါဘူး’ ကလိုင်းဟာ စိတ်ထဲမှာ သူ့ကိုယ်သူ လေးလေးနက်နက် ပြောလိုက်ပါတယ်။

အများသုံးမြင်းလှည်း ရောက်လာတဲ့အခါ ကလိုင်းဟာ အိတ်ဆောင်နာရီထုတ်ပြီး နာရီကြည့်ပါတယ်။

“ဘာကိစ္စမှ မရှိတော့ရင် ကျွန်တော် အိမ်ပြန်တော့မယ်” ကလိုင်းဟာ လူအိုကြီးနီးလ်ဘက် လှည့်ပြီး ပြောပါတယ်။

လူအိုကြီးနီးလ်ဟာ ခေါင်းအသာညိတ်ပြီး။

“အိမ်မှာ ညစာကောင်းကောင်းစား... အိပ်မွေ့ချအဆောင် အကြောင်း မစဉ်းစားနဲ့... ငါ ဆွင်းဆီက အစားတောင်းလိုက်မယ်... သူက သူဌေး... ဒီနေ့တော့ သွားမတောင်းသေးဘူး... သူ့ခံစားချက်ကိုလည်း ထည့်စဉ်းစားရမယ်မလား”

ကလိုင်းဟာ တစ်စုံတစ်ခုပြောဖို့ ပါးစပ်ဟလိုက်ပေမဲ့ နောက်ဆုံးမှာ။

“ရက်ရောမှုအတွက် ကျေးဇူးပဲ”

သူဟာ မြင်းလှည်းတက်စီးပြီး ဒက်ဖဒိုလမ်းကို ပြန်ပါတယ်။ ခုနစ်နာရီကျော်ပြီဆိုတော့ မိုးစုန်းစုန်းချုပ်နေပါပြီ။

ကလိုင်းဟာ တံခါးဖွင့်ပြီး အိမ်ထဲဝင်လိုက်တဲ့အခါ ဇာဦးထုပ်ချွတ်ပြီး အဝတ်ချိတ်မှာ ချိတ်လိုက်တဲ့ မလီဆာကို တွေ့လိုက်ရပါတယ်။

“အခုမှ ပြန်ရောက်တာလား”

အဲဒီအချိန်မှာပဲ သူ ခံစားနေရတဲ့ ခံစားချက်မျိုးစုံဟာ ရုတ်တရက် ပျောက်ကွယ်ပြီး နွေးထွေးကာ သက်သောင့်သက်သာ ဖြစ်သွားပါတယ်။

“ဒီနေ့ကျောင်းမှာ လက်တွေ့ဆင်းရတယ်... အဲဒါကြောင့် နောက်ကျတာ” မလီဆာက လေးလေးနက်နက် ရှင်းပြပါတယ်။

ကလိုင်းဟာ နှာခေါင်းရှုံ့ပြီး အနံ့ခံကြည့်လိုက်တဲ့အခါ အစားအသောက်အနံ့ကို ရလိုက်တဲ့အတွက် အံ့ဩသွားပြီး။

“အဲဒါဆို ညစာချက်နေတာ ဘယ်သူလဲ”

စကားဆုံးတယ်ဆိုရင်ပဲ သူတို့နှစ်ယောက်စလုံး ပြိုင်တူ ဖြေမိလိုက်ပါတယ်။

“ဘန်ဆင်”

သူတို့နှစ်ယောက်ရဲ့ လေသံက နည်းနည်း စိုးရိမ်သံ ပါနေပါတယ်။

သူတို့နှစ်ယောက် စကားပြောနေတာကို ကြားတဲ့ ဘန်ဆင်ဟာ မီးဖိုချောင်ထဲကနေ ထွက်လာပါတယ်။ ဘန်ဆင်ဟာ ရှေ့ဖုံးခါးစည်းမှာ လက်သုတ်လိုက်ပြီး။

“မင်းတို့နှစ်ယောက်က ငါ့ချက်ပြုတ်စွမ်းရည်ကို သံသယဝင်နေတာလား.... မလီဆာ မချက်ပြုတ်တက်ခင်တုန်းက မင်းတို့နှစ်ယောက် ငါ အိမ်ပြန်လာတာကို စောင့်ပြီး ငါ ချက်ပြုတ်တာကို မျှော်လင့်တကြီးနဲ့ ထိုင်ကြည့်တာ ငါ မှတ်မိသေးတယ်... တကယ်တော့ ချက်ပြုတ်တာက လွယ်ပါတယ်... ဥပမာ အမဲသားနဲ့ အားလူးကို ချက်မယ်ဆိုရင် ပထမဆုံး အမဲသားကို အရင်ထည့်... ပြီးရင် အားလူးထည့်ပြီး ဟင်းခတ်အမွှေးအကြိုင်တွေထည့်...”

ကလိုင်းနဲ့ မလီဆာဟာ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ပြီး ဆိတ်ဆိတ်ပဲ နေလိုက်ပါတယ်။ ကလိုင်းဟာ လက်ကိုင်တုတ်ကို ဘေးချကာ ဦးထုပ် ချွတ်ပြီးတာနဲ့ မလီဆာနဲ့ ဘန်ဆင်ဘက်လှည့်ကာ ပြုံးလိုက်ပါတယ်။

“ကျွန်တော်တို့တွေ အိမ်ဖော်တစ်ယောက် ငှားသင့်ပြီ... ညစာ အချိန်မီ မစားတာက ကျန်းမာရေးနဲ့ မညီညွှတ်ဘူး”

“ဒါပေမဲ့ ညီမတို့တွေ စကားပြောနေချိန်မှာ ဘေးမှာ သူစိမ်းတစ်ယောက် ရှိမနေချင်ဘူး... ဘေးမှာ သူစိမ်းနေရင် နေရထိုင်ရခက်တယ်” မလီဆာက ချက်ချင်း ဆင်ခြေပေးပါတယ်။

ကလိုင်းဟာ အပေါ်အင်္ကျီကို ချွတ်ရင်း အပြုံးနဲ့ ပြောပါတယ်။

“အစ်ကိုကတော့ စိတ်မရှိဘူး”

အဲဒီအချိန်မှာပဲ သူ့မျက်နှာဟာ ခဲသွားပြီး အ‌ပေါ်အင်္ကျီ ချွတ်နေတာကို ရပ်လိုက်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ချိုင်းသေနတ်အိတ်ထဲမှာ ရှိနေတဲ့ ခြောက်လုံးပြူးကို သတိရသွားလို့ပါ။

“အဟမ်း...”

သူဟာ လည်ချောင်းရှင်းသလို ချောင်းတစ်ချက် ဟန့်ပြီး ဘာမှမဖြစ်သလို ဟန်ဆောင်ပါတယ်။

“အိမ်ဖော်ကို စိတ်ရှိစရာ မလိုပါဘူး... အစ်ကိုတို့တွေ အိမ်ပြန်ရောက်ရင် အိမ်ဖော်ကို သူ့အခန်းထဲမှာ နားခိုင်းလို့ရတာပဲ... ဘယ်အိမ်ဖော်မှ နားရတာကို မကြိုက်မယ် မထင်ဘူး... အင်း... အစ်ကိုတို့တွေ ချက်ပြုတ်တာကို သင်ယူ လေ့လာချင်တဲ့ အိမ်ဖော်တစ်ယောက် ရှာရမယ်”

သူဟာ ဘာအရသာမှန်းမသိတဲ့ ဟင်းတွေရဲ့ နှိပ်စက်မှုဒဏ်ကို အမြဲတမ်း မခံစားချင်ပါဘူး။

မီးဖိုချောင်ဝမှာ မတ်တတ်ရပ်နေတဲ့ ဘန်ဆင်ဟာ ခေါင်းညိတ် သဘောတူပါတယ်။

“ဟုတ်တယ်... ငါတို့တွေ အားတဲ့အချိန်ကျရင် ထင်းဂန် မိသားစုအစေခံ ကူညီရေးအဖွဲ့ဆီ သွားကြတာပေါ့... သူတို့တွေက ဒီနယ်ပယ်မှာ အတွေ့အကြုံ အများကြီး ရှိပြီး လူအများကြီး ရှိတယ်”

“အင်း... အဲဒီလိုပဲ သတ်မှတ်လိုက်တာပေါ့” ကလိုင်းဟာ မလီဆာရဲ့ အလိုမကျတဲ့ မျက်နှာကို လျစ်လျူရှုပြီး ပြောလိုက်ပါတယ်။

...

ဘက်ကလင်၊ ဧကရီမြို့နယ်၊ မြို့နယ်စား ဂလင့်ရဲ့ အိမ်တော်။

အော်ဒရီဟောလ်ဟာ သူ့အစေခံ အန်နီနဲ့အတူ ပါတီကနေ ထွက်ပြီး ဒုတိယထပ် ရောက်လာကာ မြို့နယ်စား ပြင်ဆင်ထားတဲ့ အိပ်ခန်းထဲ ဝင်လိုက်ပါတယ်။

သူမဟာ အန်နီရဲ့ အကူအညီနဲ့ အဝတ်အစားတွေ ချွတ်ပြီး အနက်ရောင်ခေါင်းစွပ် ဝတ်ရုံကို ဝတ်ဆင်ကာ ကြိုတင် ပြင်ဆင်ပါတယ်။

အော်ဒရီဟာ အနက်ရောင်ဝတ်ရုံကို ခေါင်းစွပ်ကြည့်ပြီး မှန်ရှေ့မှာရပ်ကာ သူမကိုယ်သူမ စစ်ဆေးကြည့်တဲ့အခါ ခေါင်းစွပ်ရဲ့ အရိပ်က သူမရဲ့ မျက်နှာတစ်ဝက်ကို ဖုံးပြီး နူးညံလှပတဲ့ နှုတ်ခမ်းတစ်စုံပဲ ပေါ်နေတာ တွေ့လိုက်ရပါတယ်။

‘အနက်ရောင် ဝတ်ရုံရှည်... အရိပ်ထဲမှာ ပုန်းအောင်းနေတဲ့ မျက်နှာ... လျှို့ဝှက်ဆန်းကြယ်တဲ့ ခံစားချက်... ဒါ ငါ အရမ်း ဝတ်ချင်နေခဲ့တဲ့ အရာပဲ...’ အော်ဒရီဟာ စိတ်ထဲမှာ ပျော်ပျော်ရွှင်ရွှင် တွေးလိုက်ပါတယ်။

ဒါပေမဲ့ သူမဟာ နည်းနည်း စိုးရိမ်တာကြောင့် သင်္ဘောပြာဦးထုပ်ပျော့ကို ခေါင်းစွပ်အောက်မှာ ထပ်ဆောင်းပါတယ်။ ဒီအခါမှာတော့ ဇာပဝါက သူမရဲ့ မျက်နှာကို ကာသွားပြီး သူမရဲ့ မျက်နှာအသွင်အပြင်ကို ပိုပြီးတော့ မမြင်နိုင် ဖြစ်သွားစေပါတယ်။

“မဆိုးဘူး...”

အော်ဒရီဟာ ခြေထောက်ကို သားရေဖိနပ်ထဲ ထိုးထည့်ပြီး အန်နီကို ပြောပါတယ်။

“ငါ့ကို ဒီမှာစောင့်နေ... ဘယ်သူလာလာ တံခါးဖွင့်မပေးနဲ့”

အန်နီဟာ သူမကို ကြည့်ပြီး ကူကယ်ရာ မဲ့သွားပါတယ်။

“ဒါပေမဲ့ သခင်မလေး တစ်နာရီထက် ပိုကြာလို့တော့ မရဘူး‌နော်”

“ငါ့ကို ယုံစမ်းပါ... ငါ ဘယ်တုန်းက ကတိဖျက်ဖူးလို့လဲ” အော်ဒရီဟာ ပြုံးလိုက်ပြီး အန်နီဆီ လျှောက်သွားပါတယ်။ အဲဒီနောက် သူမဟာ အန်နီကို ဖက်ပြီး ပါးပြင်ကို နမ်းလိုက်ပါတယ်။ ပြီးတဲ့အခါမှာတော့ ခေါင်းစွပ် စွပ်ပြီး လျှို့ဝှက်တံခါးကနေ အိပ်ခန်းအပြင်ဘက် ထွက်လိုက်ပါတယ်။

သူမဟာ လမ်းအတိုင်း ဆက်လျှောက်ရင်း မြို့နယ်စား အိမ်တော်ရဲ့ ဘေးတံခါးဆီ ရောက်သွားတဲ့အခါ အသင့်စောင့်နှင့်နေတဲ့ မြင်းလှည်းတစ်စီးကို တွေ့လိုက်ရပါတယ်။

အရိပ်ထဲမှာ ရပ်နေတဲ့ ဂလင့်ဟာ အော်ဒရီကို ကြည့်ပြီး စိတ်ရင်းနဲ့ ချီးကျူးစကား ဆိုပါတယ်။

“နင် ဒီလိုဝတ်ထားတာ တကယ်ကို... တကယ်ကို... ဧကရာဇ်ရစ်ဆဲလ် မကြာခဏသုံးတဲ့ စကားလုံးလေ... တော်တော် မိုက်တယ်”

“ကျေးဇူးပဲ” အော်ဒရီဟာ မရှိတဲ့ ဂါဝန်ကိုမပြီး ခြေတစ်ဖက်ရှေ့ထုတ် ဒူးညွှတ်ပါတယ်။

အဲဒီနောက် သူတို့နှစ်ယောက်ဟာ မြင်းလှည်းပေါ်တက်ပြီး မြို့နယ်စား အိမ်တော်ကနေ ထွက်ခွာပါတယ်။ ဆယ်မိနစ်လောက် မြင်းလှည်းစီးပြီးတဲ့နောက်မှာတော့ သူတို့နှစ်ယောက်ဟာ အိမ်တစ်အိမ်ရှေ့ကို ရောက်သွားပါတယ်။

အော်ဒရီဟာ အိမ်အပြင်ဘက်မှာ ပညာသင် ဖာ့စ်ဝေါလ်နဲ့ သူမရဲ့ သူငယ်ချင်း စီရင်သူ ဇီယိုဒါရက်ချာကို တွေ့လိုက်ရပါတယ်။

ဖာ့စ်ရဲ့ မဆိုစလောက် လိမ်ကောက်နေတဲ့ ဆံပင်ညိုတွေနဲ့ အပြာရောင်ဖျော့ဖျော့ မျက်လုံးတွေက ပင်ကိုယ်ဗီဇထဲကပါလာတဲ့ ပျင်းရိမှုကို ပြနေပါတယ်။ သူမဟာ ဘေးမှာရှိနေတဲ့ ဇီယိုဒါရက်ချာကို ထိုးပြပြီး။

“သူမက ဖျောင်းဖျတဲ့နေရာမှာ တော်တော်လေး ထူးချွန်တယ်... ရှင်တို့လိုချင်တာ ရအောင် ကူညီပေးနိုင်တယ်”

ဇီယိုဒါရက်ချာဟာ အရပ်နည်းနည်း ပုပါတယ်။ အများဆုံးမှ တစ်မီတာခွဲပဲ ရှိပါတယ်။ သူမရဲ့ မျက်နှာ အသွင်အပြင်က နူးညံတာကြောင့် ငယ်ရွယ်ပြီး မရင့်ကျက်သေးတဲ့ပုံ ပေါ်နေပါတယ်။

ပုခုံးတင်လောက်ရှိတဲ့ သူမရဲ့ ရွှေရောင်ဆံပင်တွေဟာ ရှုပ်ပွပြီး ကပိုကရို ဖြစ်နေပါတယ်။ သူမဟာ စစ်သူရဲ လေ့ကျင့်ရေး ဝတ်စုံကို ဝတ်ဆင်ထားပြီး လေးစား သဘောကျလောက်တဲ့ မျက်နှာ ရှိပါတယ်။

အော်ဒရီဟာ သူမကို သုံးလေးကြိမ် တွေ့ဖူးတာမလို့ အပြုံးနဲ့ နှုတ်ဆက်ပါတယ် “မစ္စဇီယို... ကျွန်မ ရှင့်ကို ယုံလို့ရလား”

“ဘာမှ စိုးရိမ်စရာ မလိုဘူး” ဇီယိုဒါရက်ချာဟာ ပြုံးပြီး လက်ဟန်ခြေဟန် ပြပါတယ်။ အဲဒီနောက် သူမဟာ အော်ဒရီနဲ့ မြို့နယ်စားဂလင့်နောက်ကနေ လိုက်ပါတယ်။

အဲဒီအချိန်မှာပဲ သူတို့တွေဟာ ဒုတ်ခနဲ အသံတစ်သံကို ကြားလိုက်ရပါတယ်။

အော်ဒရီဟာ အသံလာရာကို ကြည့်လိုက်တဲ့အခါ ဇီယိုဒါရက်ချာရဲ့ ခြေထောက်ဘေးမှာ ကျနေတဲ့ အေးစက်တဲ့ သုံးမြောင်ချွန်း ဓားတစ်ချောင်းကို တွေ့လိုက်ရပါတယ်။

အော်ဒရီနဲ့ ဇီယိုဒါရက်ချာဟာ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ပြီး ဘာပြောရမှန်းမသိ ဖြစ်သွားပါတယ်။

စက္ကန့်နှစ်ဆယ်လောက်ကြာမှ ဇီယိုဒါရက်ချာဟာ ဓားကို ကုန်းကောက်ပြီး သူမရဲ့ ခန္ဓာကိုယ်မှာ ဖွက်လိုက်ပါတယ်။

“ကျွန်မတို့တွေ မတော်တဆ မဖြစ်အောင် ကာကွယ်ဖို့ လိုတယ်လေ... တချို့လူတွေက ကျိုးကြောင်းကျကျ မတွေးခေါ်တတ်တော့ စကားနဲ့ လွယ်လွယ် ပြောလို့မရဘူး”

အော်ဒရီဟာ ခေါင်းညိတ်ပြီး “ကျွန်မ ရှင့်ကို ယုံပါတယ်”

“ဒါတွေက အဲဒီကောင်စုတ်တွေကို စကား အေးအေးဆေးဆေး ပြောအောင် ဖျောင်းဖျတဲ့ ပစ္စည်းတွေပဲ” ဖာ့စ်ဟာ ဘေးက မြက်ခင်းပြင်ကို ကြည့်ရင်း ဖြည့်ပြောပါတယ်။

သူတို့လေးယောက်ဟာ အဲဒီအကြောင်းကို ဆက်မပြောတော့ဘဲ ရှေ့ဆက်လျှောက်ပါတယ်။ သူတို့တွေဟာ သစ်သားတံခါကို အရှည်သုံးချက် အတိုနှစ်ချက် ခေါက်လိုက်ပါတယ်။

တံခါးဟာ ကျွီခနဲ ပွင့်သွားပါတယ်။ အော်ဒရီဟာ ပွဲကြည့်သမား အခြေအနေထဲဝင်ပြီး အိမ်ထဲကို ကြည့်လိုက်တဲ့အခါ ကျပမ်းထိုင်နေတဲ့ လူတွေကို တွေ့လိုက်ရပါတယ်။ အဲဒီလူတွေဟာ ခေါင်းစွပ်၊ မျက်နှာဖုံးစတဲ့ နည်းလမ်းအမျိုးမျိုး သုံးပြီး သူတို့ရဲ့ အသွင်အပြင်ကို ဖုံးကွယ်ထားကြပါတယ်။ တချို့ကတော့ သူတို့ရဲ့မျက်နှာကို သူများတွေ သိသွားမှာ ဂရုမစိုက်ပါဘူး။ ပေါ်တင်ပါပဲ။

ရုတ်ခြည်းဆိုသလို အော်ဒရီဟာ တစ်ယောက်ထိုင် ဆိုဖာပေါ်မှာ ထိုင်နေတဲ့ ဝတ်ရုံနက် အမျိုးသားတစ်ယောက်ကို သတိထားမိသွားပါတယ်။ အဲဒီလူက ခေါင်းစွပ်စွပ်ထားပြီး သူ့မျက်နှာကို အရိပ်အောက်မှာ ဖုံးကွယ်ထားပါတယ်။

သူဟာ ဧည့်သည်တွေ အကုန်လုံးကို တိတ်တဆိတ် ကြည့်နေပြီး ခေါင်းဆောင်နေရာမှာ ရှိတယ်လို့ အော်ဒရီကို ခံစားရစေပါတယ်။

သူဟာ တော်တော်လေး ယုံကြည်ချက်ရှိပေမဲ့ သူ့အကြည့်က တော်တော်လေး စက်ဆုပ်ရွံရှာဖို့ ကောင်းတယ်လို့ အော်ဒရီကို ခံစားရစေပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီလူရဲ့ အကြည့်က သူမရဲ့ အဝတ်အစားတွေကို ဆွဲစုတ်ချင်တဲ့ပုံစံ ပေါက်နေလို့ပါ။

သူမရဲ့ အာရုံက စူးရှလွန်းပါတယ်။ သူမဟာ သေသေချာချာ အကဲခတ်ပြီးမှ တည်တည်ငြိမ်ငြိမ် ဆုံးဖြတ်ချက် ချလိုက်တာပါ။ ဒါပေမဲ့ ဒီဟာက သူမကို ကြက်သီးမွေးညင်း ထလုနီး ဖြစ်သွားစေပါတယ်။

ဖာ့စ်က အဲဒီလူကို မိတ်ဆက်ပေးပါတယ်။

“အဲဒါက မစ္စတာအေ... စွမ်းအားကြီးတဲ့ သာလွန်သူ... ဒီလျှို့ဝှက်တွေ့ဆုံပွဲရဲ့ ခေါင်းဆောင်ပဲ”

မြန်မာပြည် ငြိမ်းချမ်းပါစေ။

All Chapters