← Chapters

နောက်ဆုံးစမ်းသပ်မှု....

Vol. 7 Ch. 116

နောက်ဆုံးစမ်းသပ်မှု....

Vol. 7 Ch. 116

လင်းယွမ်က တည်ငြိမ်စွာဖြင့် မျက်လုံးများ ဖွင့်လိုက်သည်။ ထိုရုပ်တုက အမှန်တကယ်ပင် ထူးဆန်းသည်ဟု သူက ဝန်ခံရပေလိမ့်မည်။ ထိုထဲတွင် လူတစ်ယောက်၏ စိတ်ကို လွှမ်းမိုးနိုင်သ​ော ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်တစ်ခု ပါဝင်နေသည်။

" ငါ သင်ခန်းစာတွေပဲ ယူပြီး အဲ့ဒီလမ်းစဉ်နောက်ကိုတော့ လိုက်လို့မရဘူး။ " လင်းယွမ်က သူ၏ ရှေ့မှ ပါးစပ်ကြီးကို ကြည့်လိုက်သည်။

ကောင်းကင်ဝါးမျိုခြင်း ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကို ဖော်ပြရန် စကားလုံးတစ်လုံးသာ ရှိ၏။ စားသောက်ခြင်း။ ဂြိုလ်များ၊ ဂလက်စီများကိုပင် စားသောက်ဝါးမျိုနိုင်လေသည်။

ထိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်နောက်ကို လိုက်လျှင် အချိန်ကြာလာသည်နှင့်အမျှ စိတ်ဝိညာဉ်က အားနည်းလာပြီး လူသားအသွင်သဏ္ဍန် ပျောက်ကွယ်သွားမည်ဖြစ်သည်။

" နောက်ဆုံးတော့ ပြီးသွားပြီ။ "

" ရုပ်တု ၁၃၆ခု အားလုံးကို နားလည်သွားပြီ။ " လင်းယွမ်က ကျေနပ်နေသည်။ ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်များစွာကို ပထမဆုံးအကြိမ် မြင်ဖူးခြင်းဖြစ်သည်။

ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်တိုင်းကို လင်းယွမ်က အစိတ်အပိုင်းအနည်းငယ်သာ လေ့လာခဲ့ပြီး သူ၏ ကန့်သတ်ချက်ကို ရောက်သည်နှင့် ချက်ချင်း နောက်ရုပ်တုတစ်ခုကို ပြောင်းလဲခဲ့သည်။ မှန်၏ လင်းယွမ်၏ ကန့်သတ်ချက်က အခြားဆင့်ကဲပြောင်းလဲသူများ၏ စမ်းသပ်မှုကို ဖြတ်ကျော်ရန် အမြင့်ဆုံးကန့်သတ်ချက် ဖြစ်သည်။

" ငါ ခနလောက်တော့ အနားယူသင့်တယ်။ " လင်းယွမ်က ပါးစပ်ကြီးအောက်မှ ထွက်လိုက်ပြီး ရှင်းလင်းနေသော တောင်ထိပ်တစ်ခုတွင် ထိုင်လိုက်သည်။

လင်းယွမ်က ကောင်းကင်ကိုဆန့်ကျင်သော နားလည်နိုင်စွမ်းဖြင့်ပင် ဆဋ္ဌမအလွှာနှင့် ထိုထက်ကျော်လွန်သေည ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်များကို တစ်လနီးပါးလေ့လာခဲ့ရသောကြောင့် ပင်ပန်းနေပြီဖြစ်သည်။

" ၂၃ရက်ရှိပြီ။ စမ်းသပ်မှုကို ဖြတ်ကျော်ရမယ့်အချိန်ပဲ။ " လင်းယွမ်က မြေကြီးပေါ်ကို လက်နောက်ပြန်ထောက်ပြီး ရုပ်တုများစွာကို မော့ကြည့်လိုက်သည်။

သူ့အတွက် သတ္တမစမ်စမ်းသပ်မှုကို ဖြတ်ကျော်ရန် အလွန်ရိုးရှင်းလေသည်။ ရုပ်တုတစ်ခုကို ရွေးချယ်ပြီး လက်နှင့် ထိလိုက်ရုံသာ ရှိသည်။

ရုပ်တုက လင်းယွမ်၏ ခန္ဓာကိုယ်ထဲမှ ၎င်း၏ ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကို ခံစားနိုင်မည်ဖြစ်သည်။

" အဲ့ဒီရုပ်တု ၁၆ခုထဲက တစ်ခုကို ရွေးရမယ်။ " လင်းယွမ်က ဆဋ္ဌမအလွှာထက် ကျော်လွန်သော ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်များပါဝင်သည့် ရုပ်တုဆယ့်ခြောက်ခုကို ကြည့်လိုက်သည်။

သတ္တမကြယ်ဂူစမ်းသပ်မှုက အဆင့်သတ်မှတ်ချက် ပါဝင်သည်ဟု ပြောလို့ရပေသည်။

ဆဋ္ဌမအလွှာထက်ကျော်လွန်သော ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကို နားလည်ခြင်းသည် ဆဋ္ဌမအလွှာဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကို နားလည်ခြင်းနှင့် ယှဉ်လျှင် ချီခွန်မျိုးနွယ်၏ အမြင်တွင် ကွဲပြားသော အကဲဖြတ်မှုများကို သဘာဝအတိုင်း ရရှိမည်ဖြစ်သည်။

လင်းယွမ်က သူ၏ စွမ်းရည်များကို ဖုံးကွယ်ထားရန် ရည်ရွယ်ချက်မရှိပေ။ ချီခွန်မျိုးနွယ်ကို ဝင်ရောက်ရန် ဆုံးဖြတ်ထားသောကြောင့် သူက အနီရောင်သင်္ကေတပိုင်ရှင်သုံးယောက်ထက် နိမ့်ကျ၍မဖြစ်ပေ။

ဖန်ချင်း၏ ပြောစကားအရ ချီခွန်မျိုးနွယ်သို့ ဝင်ရောက်ခြင်းမှာ ချီခွန်ကြယ်သခင်၏ တပည့် ၁၂ယောက်ထဲမှ တစ်ယောက်၏ လက်အောက်မှ တပည့်တစ်ယောက်ဖြစ်လာမည်ကို ဆိုလိုခြင်းဖြစ်သည်။ တပည့် ၁၂ယောက်ထဲမှ သုံးယောက်က ဆဋ္ဌမအလွှာကို ကျော်လွန်နေကြပြီဖြစ်သည်။

" ငါ ဘယ်ဟာကို ရွေးရမလဲ။ " လင်းယွမ်က ရုပ်တု ၁၆ခုကို ကြည့်နေသည်။

" အဲ့ဒီတစ်ခုပဲ။ " လင်းယွမ်က ထိုက်ယန်လမ်းစဉ်တစ်ခုပါဝင်သည့် ဆယ်မီတာကျော်မြင့်သော ရုပ်တုကြီးကို ကြည့်လိုက်သည်။ ထိုကျောက်ရုပ်တုထဲတွင် လင်းယွမ်၏ ထိုက်ကျိလမ်းစဉ်ကို ဖြည့်စွက်ပေးခဲ့သော ဆဋ္ဌမအလွှာထက် ကျော်လွန်သည့် ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်တစ်ခု ပါဝင်နေသည်။

" နေဦး။ ငါ ဒါကို ထိလိုက်ရင် ဒီက ထွက်သွားရတော့မှာနော်။ " လင်းယွမ်က ရုတ်တရက် တွန့်ဆုတ်နေမိသည်။ ဤ၂၃ရက်တွင် သူက ကျေနပ်စရာကောင်းသော အကျိုးအမြတ်ကို ရရှိခဲ့ပြီဖြစ်သည်။

" ငါ တစ်ခုခုလွဲချော်တာမျိုး မဖြစ်သင့်ဘူး။ " လင်းယွမ်၏ အကြည့်က တောင်ထိပ်ပေါ်မှ ရုပ်တု ၁၃၆ခုကို ဖြည်းညင်းစွာ စစ်ဆေးနေသည်။

ကျောက်ရုပ်တု ၁၃၆ခု၏ အဆင့်များကို အရွယ်အစားနှင့် ခွဲခြားထားသည်။

ဥပမာ နှစ်မီတာကျော်မြင့်သော ကျောက်ရုပ်တုများတွင် ဆကမအလွှာ ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်တစ်ခု ပါဝင်လေသည်။ ဆယ်မီတာကျော်မြင့်သော ကျောက်ရုပ်တုများက ဆဋ္ဌမအလွှာထက် ကျော်လွန်သော ဆင့်ကဲ​ပြောင်းလဲခြင်းလမ်းစဉ်များ ပါဝင်နေသည်။

ထိုနှစ်မီတာကျော်မြင့်သော ကျောက်ရုပ်တုများအတွင်း သို့မဟုတ် ဆယ်မီတာကျော်မြင့်သော ကျောက်ရုပ်တုများအတွင်း သူတို့၏ မီတာအလိုက် အဆင့်များလည်း ရှိနေသည်။

" ငါ ဘာမှမလွဲခဲ့ဘူးလား။ ငါ ဘာမှမလွဲခဲ့ဘူးလား။ " လင်းယွမ်က ရုပ်တု ၁၃၆ခုကို လှည့်ပတ်ကြည့်ပြီးနောက် သူ၏ အကြည့်က အောက်မှ တောင်ထိပ်ပေါ်သို့ ကျရောက်သွားသည်။

" တောင်ထိပ် " လင်းယွမ်က အနည်းငယ် ထိတ်လန့်သွားသည်။

သတ္တမကြယ်ဂူတွင် ကြယ်စကြာဝဠာက နောက်ခံပုံရိပ်တစ်ခုသာ ဖြစ်ပြီး မြင်ရသော်လည်း မထိတွေ့နိုင်ပေ။ လူတိုင်းထိတွေ့နိုင်သောအရာမှာ ရုပ်တုများသာဖြစ်သည်။ သို့သော် သူတို့က တောင်ထိပ်ပေါ်တွင် ရပ်နေကြခြင်းဖြစ်၏။ အရွယ်အစားအရဆိုလျှင် ရုပ်တု ၁၃၆ခုလုံးပေါင်းလျှင်တောင် တောင်ထိပ်ကို မယှဉ်နိုင်ပေ။

" တောင်ထိပ်တစ်ခုလား။ " လင်းယွမ်က မြေပြင်တွင် လဲလျောင်းလိုက်ပြီး သူ၏ စိတ်အသိက တောင်ထိပ်ကို အာရုံခံလိုက်သည်။

မြင့်မြတ်ခြင်း၊ ခမ်းနားခြင်း၊ ခိုင်ခံ့ခြင်း။

" ငါ ဒီတောင်ထိပ်ကို နားလည်နိုင်ပါ့မလား။ " လင်းယွမ်က ထိုထဲတွင် နစ်မြှုပ်သွားမိသည်။

သူက သူ၏ အောက်ရှိ တောင်ထိပ်၏ ကြီးမားကျယ်ပြန့်မှုကို ခံစားမိနေသည်။ ကမ္ဘာကြီးတစ်ခုလုံးက ထိုတောင်အတွင်း ရှိသကဲ့သို့ ဆဋ္ဌမအလွှာ၊ ထိုထက်ကျော်လွန်သော ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်များက ထိုတောင်၏ သေးငယ်သော အစိတ်အပိုင်းလေးမျှသာ ဖြစ်သည်။

" ဘယ်လောက်တောင်ပြည့်စုံလိုက်လဲ။ " လင်းယွမ်၏ စိတ်က တုန်ခါသွား၏။ သူက တောင်ထိပ်ပေါ်မှ သူဖန်တီးခဲ့သော ထိုက်ကျိတာအိုအပါအဝင် အားလုံးကို မြင်နေရသည်။

" ဘာလို့လဲ။ ငါ ဘာလို့ခုမှ ဒီတောင်ထိပ်ကို သတိပြုမိတာလဲ။ " လင်းယွမ်က မျက်လုံးများ မှိတ်လိုက်သည်။

သတ္တမကြယ်ဂူထဲမှာ အထင်ရှားဆုံးက ဘာလဲ။

ကြယ်စကြာဝဠာလား။

ရုပ်တု၁၃၆ခုလား။

အထင်ရှားဆုံးမှာ သူတို့၏ ခြေထောက်အောက်မှ တောင်ထိပ်ပင် ဖြစ်၏။

သတ္တမကြယ်ဂူသို့ ဝင်လာသော ဆင့်ကဲပြောင်းလဲသူများ ပထမဆုံးမြင်ရသည့်အရာမှာ ကြယ်စကြာဝဠာကို နောက်ခံထားထားသော တောင်ထိပ်ပင်ဖြစ်သည်။ ထို့နောက်မှ သူတို့က ရုပ်တု၁၃၆ခုကို သတိပြုမိခဲ့ကြသည်။

သို့သော် ထိုကဲ့သို့ ထင်ရှားနေသော တောင်ထိပ်ကို ဘယ်သူမှ သတိမပြုမိကြဘူးလား။

" အဆင့်မလုံလောက်လို့လား။ ငါက ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ် ၁၃၆ခုကို နားလည်ပြီးမှ တောင်ထိပ်ကို အာရုံစိုက်လိုက်လို့ အသိအမြင်တွေ ရရှိခဲ့တာပဲ။ "

ရုပ်တု ၁၃၆ ခုနှင့်ယှဉ်လျှင် တောင်ထိပ်က အလွန်ကြီးမားလေသည်။ ကြယ်စကြာဝဠာကဲ့သို့ပင် လင်းယွမ်က ၎င်းကို အချိန်ကြာ စိုက်ကြည့်နေလျှင်တောင် သူတို့၏ အဆင့်က မတူညီသောကြောင့် ဘာမှရနိုင်မည်မဟုတ်ပေ။

ကောင်းကင်ကိုဆန့်ကျင်သော နားလည်နိုင်စွမ်းက တုနှိုင်းမဲ့နေခြင်းမဟုတ်ပေ။ ၎င်းက လင်းယွမ်၏ အဆင့်ပေါ်တွင်လည်း မူတည်လေသည်။

အချိန်များ တရွေ့ရွေ့ ကုန်ဆုံးလာသည်။ တစ်ရက်၊ နှစ်ရက်၊ သုံးရက်၊ လေးရက်၊ငါးရက်......

ဆန်းကြယ်သော နေရာတွင် လူဆယ့်နှစ်ယောက်၏ အကြည့်များက လင်းယွမ်ပေါ်သို့ ကျရောက်သွားကြပြန်သည်။

" သူဘာလုပ်နေတာလဲ။ "

" မြေကြီးပေါ်လဲပြီး အနားယူနေတာလား။ " အားလုံးက အံ့အားသင့်သွားကြ၏။

လင်းယွမ်က လဝက်ကျော်ကြာအောင် လျှောက်သွားနေခဲ့သည်ကို သူတို့တွေ့ခဲ့ရသည်။ ယခု လင်းယွမ်က ပိုဆိုးသွားပြီး မြေပြင်တွင် လဲလျောင်းနေလေသည်။

" သူ့အတွက် သင့်တော်တဲ့ ရုပ်တု ရှာမတွေ့လို့လား။ " အောက်မှ ကိုးယောက်ထဲမှ တစ်ယောက်က ပြောလိုက်သည်။

လွန်ခဲ့သော ၂၁ရက်အတွင်း လင်းယွမ်က ရုပ်တု ၁၃၆ခုလုံးကို လျှောက်ကြည့်ပြီးနောက် သူက ထိုင်ပြီး အနားယူနေခဲ့သည်။ လင်းယွမ်က ရုပ်တုတစ်ခုကို ရှာတွေ့ခဲ့လျှင် ၎င်းကို နားလည်ရန် စိတ်အားထက်သန်နေပေလိမ့်မည်။

ယခုကြည့်ရသည်မှာ ရုပ်တု ၁၃၆ခုလုံးတွင် သူနှင့် သင့်တော်သော ရုပ်တု တစ်ခုမှ ရှိပုံမရပေ။

" သူက ဒီလိုပဲ လက်လျှော့လိုက်တာလား။ " ကုဇီက မျက်မှောင်ကြုတ်သွားပြန်သည်။ လင်းယွမ်က သင့်တော်သော ရုပ်တုမတွေ့ခြင်းဟု သူလည်း တွေးမိလေသည်။

သို့သော် သူတို့က မသင့်တော်လျှင်တောင် အတင်းအကျပ် လေ့လာနိုင်လေသည်။ ရုပ်တုအတွင်း ပါဝင်သော ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်က ကိုက်ညီမှုရှိလျှင် လေ့လာဆင်ခြင်ခြင်းက မြန်ပေလိမ့်မည်။ သို့သော် သူတို့က မသင့်တော်လျှင်တောင် နားလည်နိုင်လျှင် အကျိုးအမြတ် ရနေဆဲ ဖြစ်သည်။

ဆဋ္ဌမအလွှာထက် ကျော်လွန်သော ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်များက နားလည်ရန် ခက်ခဲလျှင်တောင် ဆဋ္ဌမအလွှာ ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်များကို နားလည်ရန် ကြိုးစားနိုင်သေးသည်။

နောက်ဆုံး သူက ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်တစ်ခုကို နားမလည်နိုင်လျှင်တောင် အနည်းဆုံးတော့ ထိုကဲ့သို့ အလွယ်တကူ လက်မလျှော့ဘဲ ကြိုးစားသင့်လေသည်။

ထိုသို့ဖြစ်လျှင် ကုဇီက လင်းယွမ်ကို ချီခွန်မျိုးနွယ်ထဲသို့ခေါ်ရန် အကြောင်းပြချက်တစ်ခုတော့ ရနိုင်လေသည်။

သို့သော် ယခု လင်းယွမ်က လက်လျှော့ပြီး မြေပြင်တွင် လဲလျောင်းနေသည်ကို မြင်သောအခါ ကုဇီက သူ၏ ထင်မြင်ချက်ကို သံသယဝင်လာသည်။

" ဂျူနီယာညီလေး "

" ရှိပါစေတော့။ "

" ဒီလူရဲ့ ဇွဲလုံ့လက အားနည်းလွန်းတယ်။ သူက သန်မာတဲ့ နားလည်နိုင်စွမ်းကို ပိုင်ဆိုင်ရင်တောင် အနာဂတ်အောင်မြင်မှုက အကန့်အသတ်ရှိတယ်။ " သူ၏ ဘေးမှ နှစ်ယောက်က ကုဇီကို ဖျောင်းဖျလိုက်သည်။

ကုဇီက လင်းယွမ်အား သူ၏ တပည့်အဖြစ် မလိုချင်တော့သည်ကို သူတို့သိကြလေသည်။ ချီခွန်မျိုးနွယ်တွင် တပည့်တစ်ယောက်ကို လေ့ကျင့်ပေးခြင်းက အရင်းအမြစ်များစွာ ကုန်လေသည်။

" ဒါဆိုလည်း ထားလိုက်ပါတော့။ " ကုဇီက သက်ပြင်းချလိုက်သည်။

သန်မာလာရန် အရည်အချင်းနှင့် နားလည်နိုင်စွမ်းအပြင် ဇွဲလုံ့လလည်း လိုအပ်လေသည်။ ပြဿနာတစ်ခုဖြစ်လျှင် ဖြေရှင်းရန် မကြိုးစားဘဲ အလွယ်တကူ လက်လျှော့သောလူက ဘာမှအောင်မြင်နိုင်မည်မဟုတ်ပေ။

နောက်ထပ်ရက်အနည်းငယ် ကြာသွားခဲ့သည်။ ထိုနေ့က သတ္တမကြယ်ဂူထဲတွင် လင်းယွမ်၏ ၂၉ရက်မြောက်နေ့ဖြစ်၏။ စည်းမျဉ်းများအရ လင်းယွမ်က နောက်တစ်ရက်ထိ ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်တစ်ခုကို နားမလည်နိုင်ပါက ကြယ်ခုနှစ်လုံးလှိုဏ်ဂူကမ္ဘာမှ ထုတ်ပယ်ခြင်း ခံရမည်ဖြစ်သည်။

" အဲ့ဒီလူက ဘာလို့အဲ့မှာ လှဲနေတာလဲ။ "

" ငါလည်း မသိဘူး။ "

" ပင်ပန်းလို့နေမှာပေါ့။ "

လင်းယွမ်၏ လုပ်ရပ်က အခြားသူများ၏ အာရုံကို ဆွဲဆောင်သွားခဲ့သည်။ သို့သော် ထိုလူများက လင်းယွမ်ကို တစ်ချက်သာ ကြည့်ပြီး ရုပ်တုများကို အာရုံစိုက်ခဲ့ကြသည်။

ထိုနောက် မြေပြင်တွင် ဆယ်ရက်နီးပါး မလှုပ်မယှက် လဲလျောင်းနေသော လင်းယွမ်က ရုတ်တရက် မျက်လုံးများ ပွင့်လာသည်။

" ဒါက ဒီလိုပဲ။ " လင်းယွမ်၏ နက်နဲသော မျက်လုံးများထဲတွင် ကြယ်စကြာဝဠာက ရောင်ပြန်ဟပ်လာသည်။

လင်းယွမ်၏ ခန္ဓာကိုယ်ထဲတွင် အလွန်နက်နဲသော အော်ရာတစ်ခု စုစည်းလာသည်။ သူက လဲလျောင်းနေသောကြောင့် သူ၏ အရေပြားများက တောင်ထိပ်နှင့် ထိကပ်နေခဲ့သည်။

ထိုအော်ရာထွက်ပေါ်လာချိန်တွင် တောင်ထိပ်တစ်ခုလုံး တုန်ခါသွားသည်။ ရုပ်တုများကို လေ့လာဆင်ခြင်နေကြသော လူများက ထိတ်လန့်သွားကြပြီး လှည့်ပတ်ကြည့်နေကြသည်။

တောင်၏ တုန်ခါမှုက မရပ်တန့်ဘဲ ပို၍ ​ပြင်းထန်လာပုံရသည်။

ဆန်းကြယ်သော နေရာတွင် လူဆယ့်နှစ်ယောက်ကလည်း အံ့အားသင့်သွားကြသည်။

သတ္တမကြယ်ဂူ၏ တောင်ထိပ် တုန်ခါခြင်းက နှစ်တစ်သောင်းအတွင်း ဖြစ်ပျက်ခဲ့ဖူးခြင်း မရှိပေ။

" ဘာဖြစ်တာလဲ။ "

အထက်မှ သုံးယောက်ကြားတွင် အလယ်မှလူတစ်ယောက်က တစ်စုံတစ်ခုကို နားလည်သွားသကဲ့သို့ သူ၏ အမူအရာက ပြောင်းလဲသွား၏။

" နောက်ဆုံးစမ်းသပ်မှု "

" တစ်ယောက်ယောက်က နောက်ဆုံးစမ်းသပ်မှုကို အောင်မြင်သွားတယ်။ "

အခြားနှစ်ယောက်ကလည်း လျင်မြန်စွာ နားလည်သွားကြသည်။

အောက်မှ လူကိုးယောက်ကလည်း သတ္တမကြယ်ဂူကို ကြည့်နေကြသည်။

ကျယ်ပြောလှသော ခန်းမကြီးတစ်ခုထဲတွင် အနီရောင်ဝတ်ရုံနှင့် အဘိုးအိုတစ်ယောက်က ပလ္လင်ပေါ်တွင် ထိုင်ပြီး မျက်လုံးများ မှိတ်ထားသည်။

" ကြယ်သခင် ကြယ်သခင် " ထိုအချိန်တွင် Ai လက်ထောက်တစ်ယောက်က အနီရောင်ဝတ်ရုံနှင့် အဘိုးအိုကို နှိုးလိုက်သည်။

" ဘာလဲ။ ငါ တံခါးပိတ်ကျင့်ကြံနေတယ်ဆိုတာ မင်းမသိဘူးလား။ " ချီခွန်ကြယ်သခင်က မျက်လုံးများ မဖွင့်ဘဲ ပြောလိုက်သည်။ " ပြောပါ။ "

ချီခွန်ကြယ်သခင်က တစ်စုံတစ်ခု ကြီးကြီးမားမား မဖြစ်ဘဲ သူ့ကို နှိုးမည်မဟုတ်သောကြောင့် မေးလိုက်သည်။

" ကြယ်ခုနှစ်လုံးလှိုဏ်ဂူကမ္ဘာမှာ တစ်ယောက်ယောက်က နောက်ဆုံးစမ်းသပ်မှုကို အောင်မြင်သွားပါတယ်။ " AIလက်ထောက်က လျင်မြန်စွာပြောလိုက်သည်။

" နောက်ဆုံးစမ်းသပ်မှု "

ကမ္ဘာအမျိုးမျိုးတွင် တာအိုများကို လေ့လာဖန်တီးခြင်း

All Chapters