အခန်း (၅၅၆)
Vol. 38 Ch. 556
ကျင့်ကြံခြင်းနည်းစနစ် ခန်းမဆောင်ကို ဖွင့်လိုက်ပြီးသည့်နောက် ဂိုဏ်းချုပ်ကျွင်းတစ်ယောက် ပါးစပ်အဟောင်းသား ဖြစ်သွားရလောက်အောင် မည်သို့သော အရာကို မြင်လိုက်သနည်း။
သူသည် အပေါ်မှ အောက်ခြေအထိ အစဉ်လိုက်ရှိနေသော သေတ္တာများကို မြင်လိုက်ရခြင်းပင်ဖြစ်၏။
စုစုပေါင်း သေတ္တာပေါင်း သုံးဆယ်ရှိနေပြီး ထိုသေတ္တာ တစ်ခုချင်းစီ၏ မျက်နှာပြင်ပေါ်မှာတော့ သိုင်းကျင့်ကြံခြင်း နည်းစနစ်ပုံများနှင့် ပြည့်နက်လျက်ရှိသည်။
နာမည်များမှာလည်း ထည်ဝါ၍ အားကောင်းလွန်းလှ၏။
ပထမ သေတ္တာ၏ စကြဝဠာစည်းကိုးခုလက်ဝါး ဖြစ်ပြီး ဒုတိသေတ္တာသည် မိုးကြိုးဓား ခုတ်ပိုင်းချက် ဖြစ်သည်။
တတိယမြောက်သေတ္တာသည် မီးတောက် သူတော်စင် ခုတ်ပိုင်းချက်ဖြစ်၏။
စတုတ္ထမြောက် သေတ္တာမှာ .....
အတိုချုပ်ပြောရမည်ဆိုလျှင် ကျင့်ကြံခြင်း ခန်းမဆောင်သည် များပြားလှသော ကျင့်ကြံခြင်းနည်းစနစ်များနှင့် ပြည့်နှက်နေသည်ဟု ဆိုရမည်။
ထိုသို့ဆိုလျှင် အားကောင်းသည်လား ၊ အားမကောင်းဘူးလား။
ကျွင်းချောင်ရှောင်းသည် စိတ်လှုပ်ရှားမှုကို ဖိနှိပ်ပြီး စကြဝဠာစည်းကိုးခုလက်ဝါး ဆိုသောအရာအား နှိပ်ကာ ဝင်ကြည့်လိုက်တော့သည်။
ပြီးနောက် သေးငယ်လှသော မြင်ကွင်းလေးတစ်ခု ပေါ်ပေါက်လာတော့သည်။ ပထမဦးဆုံး သူ၏ အာရုံထဲသို့ ရောက်ရှိလာသည်မှာ မိတ်ဆက်အကြောင်းအရာပင်ဖြစ်၏။
ဤတိုက်ခိုက်ရေး နည်းစနစ် သည် အဆင့်မြင့်ဂြိုလ်တစ်ခုဆီမှ ကျွမ်းကျင်သူတစ်ယောက် ဖန်တီးထားသော လက်ဝါးနည်းစနစ် တစ်ခု ဖြစ်သည်။
စုစုပေါင်း လက်ဝါးရိုက်ချက် ကိုးချက် ရှိ၏။
ပထမ လက်ဝါးရိုက်ချက် သုံးခုကို နားလည်မည်ဆိုလျှင် တောင်နှင့် မြစ်များကိုပင် တုန်ခါစေ၏။ အလယ်အဆင့် လက်ဝါးသုံးချက်ကို နားလည်သည်ဆိုလျှင် ကောင်းကင်နှင့် မြေကြီးကိုပင် တုန်ခါစေနိုင်သည်။ နောက်ဆုံး လက်ဝါးရိုက်ချက် သုံးခုကို နားလည်သည်ဆိုလျှင် စကြဝဠာကြီးကိုပင် ပြောင်းပြန်လှန်နိုင်စွမ်းရှိသည်။
"ချီးတဲ့မှ"
ကျွင်းချောင်ရှောင်းသည် အံ့အားတသင့်ဖြင့် ပြောလိုက်သည်။ "အဲလောက်ကြီး အားကောင်းတာလား။"
သူသည် ဆက်၍ ဖတ်လိုက်သည်။
လိုအပ်ချက် - လက်ဝါးနည်းစနစ် ဝ/၉၉၉
ကျွင်းချောင်ရှောင်း ပြောလိုက်သည်
"ဆိုလိုတာက ငါက လက်ဝါးနည်းစနစ် ကျမ်းစာရွက်ပေါင်း ၉၉၉ခု ကို စုဆောင်းဖို့ လိုတယ်လို့ ဆိုလိုချင်တာလား။"
"အမှန်ပဲ" စနစ်က ပြောလိုက်သည်။
ကျွင်းချောင်ရှောင်းရယ်လိုက်၏။
"ဒါက အရမ်းကြီး မခက်ခဲဘူးပဲ။ ငါ တောင်ဖြိုလက်ဝါးနည်းစနစ် ၉၉၉ ခုကို မိတ္ထူဆွဲလိုက်ရင်ရော"
စနစ်က ပြောလိုက်သည်။ "လက်ဝါးနည်းစနစ် ကျမ်းစာရွက် က ထပ်လို့ မရဘူး"
ထပ်၍မရသော လက်ဝါးနည်းစနစ်ပေါင်း ၉၉၉ ခု။ ထိုသို့သောအရာကို သူ ဘယ်နေရာကနေ သွားပြီး ရှာရမည်နည်း။
ပြီးနောက် စနစ်က ထပ်ပြောလိုက်သည်။ "စနစ်ရဲ့ စတိုးထဲကနေပြီးတော့ ဝယ်ထားတဲ့ လျို့ဝှက်နည်းစနစ်တွေကို ထည့်မတွက်ဘူး"
ကျွင်းချောင်ရှောင်း၏ နှုတ်ခမ်းထောင့်များသည် တုန်ရင်သွားသည်။ "တကယ်ပဲ ကြယ်ကြွေကုန်းမြေတိုက်ကြီးတစ်ခုလုံးမှာ လက်ဝါးနည်းစနစ် ၉၉၉ ခုရှိတယ်လို့ ထင်တာလား"
စနစ်က ပြောလိုက်သည်။ "မရှိဘူးဆိုရင် ကိုယ့်ဘာသာကိုယ် ဖန်တီးပေါ့။ လက်ဝါးနည်းစနစ်တစ်ခု ဖြစ်တယ်ဆိုရင် ဘယ်လိုအဆင့်ဖြစ်ဖြစ် ၉၉၉ ခု ရှိရင်ရပြီ"
ချီးတဲ့မှ။
လက်ဝါးနည်းစနစ်တစ်ခုကို ဖန်တီးဖို့ ဆိုသည်မှာ ဤမျှ လွယ်ကူနေသည်လား။ ထို့အပြင် ဤအရာသည် တစ်ခုတည်းလည်း မဟုတ်ပေ။ တစ်ထောင်နီးပါးခန့်ပင် ကပ်လျက်ရှိနေသည်။
အလွန်တရာ ကျွမ်းကျင်လှပြ့ီး လက်ဝါးနည်းစနစ်ကို ဖန်တီးနိုင်သောသူသည်ပင်လျှင် ဤမျှ များပြားလှသော လက်ဝါး နည်းစနစ်များကို ဖန်တီးလျှင် မော၍ သေသွားပေလိမ့်မည်။
ကျွင်းချောင်ရှောင်းသည် မိုးကြိုးဓား ခုတ်ပိုင်းချက် ဟူသော အရာအား နှိပ်ကြည့်လိုက်သည်။
မိတ်ဆက်တွင် ပြောပြထားသည်မှာ ဤဓားတိုက်ခိုက်ချက်သည် မိုးကြိုးရေကန်ထဲတွင် ဖန်တီးခဲ့သော ဓားနည်းစနစ်တစ်ခု ဖြစ်ပြီး ကောင်းကင်နှင့် မြေကြီးတစ်ခုလုံးကိုပင် တုန်ခါစေနိုင်စွမ်း၏။
သူသည် အောက်သို့ ဆက်၍ ကြည့်ရှုလိုက်သည်။ သူ၏ နှလုံးသားတစ်ခုလုံးသည် ထပ်မံ၍ အေးခဲသွားသည်။
လိုအပ်ချက် - ဝ/၁၉၉။
လိုအပ်သည့်သိုင်း - ဓားသိုင်းကျမ်း
ဤအရာသည် မဆိုးလှချေ။
၉၉၉ ခု မဟုတ်သေးချေ။ သို့ပေမဲ့ ဓားနည်းစနစ်များဆိုသည်မှာ လက်ဝါးနည်းစနစ်များထက် ရှာဖွေရန် ခက်ခဲလှ၏။ ၁၉၉ ခုကို ရှာဖွေရမည်ဆိုခြင်းမှာ မည်မျှခက်ခဲကြောင်း စဉ်းစားကြည့်ရုံနှင့် သိရှိနိုင်သည်။
ကျွင်းချောင်ရှောင်းသည် ကျန်သော လျို့ဝှက်သိုင်းနည်းစနစ်များကို တစ်ခုပြီးတစ်ခု နှိပ်ကြည့်လိုက်၏။
ကျန်အရာများသည်မှာလည်း ချွင်းချက်မရှိပေ။ များပြားလှသည့် သိုင်းနည်းစနစ်များနှင့် လဲလှယ်ရန် လိုအပ်နေ၏။ အထူးသဖြင့် နတ်ဆိုးမိစ္ဆာခုတ်ပိုင်းချက်ပင် ဖြစ်သည်။ မိစ္ဆာသိုင်းနည်းစနစ် ၃၉၉ ခုနှင့် လဲလှယ်ရန် လိုအပ်နေသည်။
သူ့အနေနှင့် တရားဝင်ကျင့်ကြံခြင်းနည်းစနစ်များကိုပင် လုံလုံလောက်လောက် မစုစည်းနိုင်ချေ။ ဤကဲ့သို့ များပြားလှသော မိစ္တာနည်းစနစ်များအား မည်သည့်နေရာမှ သွား၍ နုှိက်ထုတ်ရမည်နည်း။
"ချီးတဲ့မှ"
ကျွင်းချောင်ရှောင်းသည် စိတ်ဓာတ်တကျဖြင့် ပြောလိုက်မိသည်။ "ပြောစရာကို ဘာမှကို မရှိတော့ဘူး။"
အစပိုင်းတုန်းက ကျင့်ကြံခြင်း နည်းစနစ်ဆိုသည်မှာ ဆေးခန်းမဆောင် ၊ ပန်းပဲခန်းမဆောင်ကဲ့သို့ အထူးပစ္စည်းများနှင့် ဖန်တီးရသ့ည့် အရာတစ်ခု ဖြစ်မည်ဟု ထင်ထားခဲ့သည်။ သို့ပေမဲ့ တကယ်တမ်းမှာတော့ များပြားလှသည့် သိုင်းနည်းစနစ်များနှင့် လဲလှယ်ရန် လိုအပ်လျက်ရှိနေသည်။
သိုင်းနည်းစနစ်များဆိုသည်မှာ သလင်းအမြုတေများကဲ့သို့ လွယ်လွယ်ကူကူနှင့် ရှာဖွေဝယ်ယူရသည့် အရာလည်း မဟုတ်ပေ။
"ဒီခန်းမဆောင်ရဲ့ လုပ်ဆောင်မှုပုံစံက လက်တွေ့မကျဘူး"
ကျွင်းချောင်ရှောင်းသည် ကျင့်ကြံခြင်း နည်းစနစ် ခန်းမဆောင်အား သဘောမတွေ့သလို ဖြစ်သွားသည်။
ထို့အပြင် ဤတိုက်ခိုက်ရေးနည်းစနစ်များသည် အားကောင်းလွန်းလှသည် ဆိုလျှင်တောင်မှ ရရှိဖို့ ဆိုသည်မှာ အလွန်တရာ ခက်ခဲလွန်းလှ၏။
စကြဝဠာစည်းကိုးခု လက်ဝါးရိုက်ချက်နှင့် လဲလှယ်ရန်အတွက် လက်ဝါးနည်းစနစ်ပေါင်း ၉၉၉ခုကို ရှာဖွေရန် လိုအပ်နေသည်။ မည်သို့ ရှာဖွေရမည်နည်း။
"ဟုတ်ပြီ"
သူသည် သူ၏ခေါင်းကို ပုတ်ကာ ပြောလိုက်သည်။ "ငါက အခြားသူတွေရဲ့ သိုင်းပညာတွေကို လမ်းညွှန်ပြသဖို့ သိုင်းနည်းစနစ် တော်တော်များများကို သင်ယူခဲ့တာပဲ။ငါ ဒီဟာတွေကို ပြန်ပြီးတော့ ကူးရေးလို့ရတယ်"
"ချင်းယန် …… ငါ့ကို စာရွက်တွေ အများကြီးသွားပြီးယူပေး။များလေ ကောင်းလေပဲ"
"ကောင်းပါပြီ"
ခဏလောက်ကြာပြီးသည့်နောက်မှာတော့ လီချင်းယန်သည် စာရွက် အနည်းငယ်ကို ယူကာ ပြန်လာခဲ့သည်။
"ဂိုဏ်းချုပ် … ဒါ အကုန်ပါပဲ"
"မနက်ဖြန် များများယူခဲ့"
"ကောင်းပါပြီ"
ကျွင်းချောင်ရှောင်းသည် များပြားလှသော သိုင်းနည်းစနစ်များကို စဉ်းစားကာ ပြန်လည်ချရေးတော့သည်။
တစ်ညတာ ကုန်ဆုံးသွားခဲ့၏။
သူသည် သိုင်းနည်းစနစ် သုံးဆယ်ကျော်ကို ချရေးပြီးပြီဖြစ်သည်။
ဤအရာများသည် လက်သီးနည်းစနစ်၊ လက်ဝါးနည်းစနစ်နှင့် ကျင့်ကြံခြင်း နည်းစနစ်များ ပါဝင်လျက်ရှိ၏။
သိုလှောင် လက်စွပ်ထဲတွင် ချရေးပြီးသော ထိုသိုင်းနည်းစနစ်များကို သိမ်းယူလိုက်သည့်အခါမှာတော့ သိုင်းနည်းစနစ်များအားလုံးသည် သူ့အလွှာနှင့့်သူ အလိုလို ကျင့်ကြံခြင်းနည်းစနစ် ခန်းမဆောင်၏ သတ်မှတ် လိုအပ်ချက် အရေအတွက် နှင့် ပမာဏ တစ်ခုအထိ ကိုက်ညီသွားသည်။
ဥပမာအားဖြင့် စကြဝဠာစည်းကိုးခု လက်ဝါးရိုက်ချက်ဆိုလျှင် သုည မှသည် လေးအထိသို့ ပြောင်းလဲသွားခဲ့၏။ မည်သို့ပင် ဆိုစေကာမူ ၉၉၉ခုကို ရောက်ရှိရန်အတွက် ခြေတစ်လှမ်းတော့ ရောက်ရှိသည်ဟု ဆိုရမည်။
ကိုးလှိုင်းဓားသိုင်းကို ရေးချပြီးသည့်နောက်မှာတော့ မိုးကြိုးဓားနည်းစနစ်ကို ဝယ်ယူရန်အတွက် အရေအတွက်သည် သုံညမှ တစ်အထိသို့ ပြောင်းလဲသွားခဲ့သည်။
အသိအမြင်အဆောင်ကို အသုံးပြု၍ ရရှိခဲ့သော ဤမျှများပြားသည့် သိုင်းနည်းစနစ်များသည် သူ၏ ဦးခေါင်းထဲတွင် တည်ရှိနေသော်လည်း ဂိုဏ်းချုပ်ကျွင်း တစ်ယေက် အဘယ့်ကြောင့် မသုံးသနည်း ဆိုသည်ကို စာဖတ်သူများအနေနှင့် ဇဝေဇဝါဖြစ်ပေလိမ့်မည်။
အဘယ့်ကြောင့် ဆိုသော် အဆင့်နိမ့်သိုင်းကျင့်ကြံခြင်း နည်းစနစ်များဖြစ်သောကြောင့်ပင်။
သို့ပေမဲ့ လက်ရှိအခြေအနေမှာတော့ ထုတ်သုံးနေရပြီဖြစ်သည်။
ဟုတ်ပေသည်။
လက်ရှိအခြေအနေမှာတော့ သူသည် တိုက်ခိုက်ရာ၌ ထုတ်၍ အသုံးပြုသည် မဟုတ်ပေ။ ယခု အရေအတွက် အရ လဲလှယ်ရမည့် နေရာတွင် ထုတ်၍ အသုံးပြုနေခြင်း ဖြစ်၏။
တစ်ပါးသူများ အလေးအနက်ထား၍ ကျင့်ကြံရသော သိုင်းနည်းစနစ်များသည် ကျွင်းချောင်ရှောင်းအတွက်တော့ ပဲကြီးလှော်နှင့် လဲ၍ စားရသော သတင်းစာ စက္ကူအဟောင်းများကဲ့သို့ပင် ဖြစ်လို့ နေတော့သည်။
ကျွင်းချောင်ရှောင်းသည် သူ၏ မေးစေ့ကို ပွတ်သပ်ကာ ပြောလိုက်၏။ "ငါ အဝယ်တော် ဟောခန်းဆောင်ကို သွားပြီးတော့ တပည့်တွေကို သိုင်းနည်းစနစ်တွေ ချက်ချင်း ဝယ်ခိုင်းရမှာပဲ"
"ဂိုဏ်းချုပ်"
ထိုအချိန်မှာပဲ ကျန်းတယ်ကျွင်းသည် အဓိက ဟောခန်းထဲသို့ ဒယိမ်းဒယိုင်ဖြင့် လျှောက်ဝင်လာသည်။ ပြီးနောက် သူသည် ထိုင်ခုံတစ်ခုပေါ်သို့ ဘုတ်ကနဲ ထိုင်ချလိုက်ပြီး စိတ်ဓာတ်ကျစွာဖြင့် ပြောလိုက်သည်။ "ရှန့်ကွမ်းရှင်းရောင်ဆိုတဲ့ ကောင်မလေးကို အစီအရင် ဟောခန်းဆောင်ကနေ ပြန်ပြီး ထုတ်ပေးလို့ ရလား"
လွန်ခဲ့သည့် ရက်များတွင် ရှန့်ကွမ်းရှင်းရောင်သည် အစီအရင် ဖန်တီးခြင်း နည်းစနစ်များနှင့် ပတ်သက်၍ သင်ယူလျက်ရှိနေ၏။ သူသည် ဆက်တိုက်ဆိုသလိုပဲ မေးခွန်းများကို မေးမြန်းသည်။
အဆင့်ကိုး အစီအရင် ဘုရင်တစ်ယောက်၏ ဦးနှောက်တစ်ခုလုံး ပေါက်ကွဲလုမတတ် သူမ မေးမြန်းခဲ့ခြင်း ဖြစ်၏။
ကျွင်းချောင်ရှောင်းသည် ကောင်းကောင်းနားလည်ခံစားမိ၏။
ရုတ်တရက်ဆိုသလိုပဲ တစ်စုံတစ်ခုကို သူ စဉ်းစားလိုက်မိပြီး သူ၏ ခေါင်းကို ကုတ်ကာ ပြောလိုက်သည်။ "ရှန့်ကွမ်းရှင်းရောင်က သိုင်းနည်းစနစ်တွေကို ဖန်တီးနိုင်တာပဲ"
အဖိုးကြီးရှန်ကွမ်း၏ မွေးနေ့ပွဲကိုသွားရောက်ဂုဏ်ပြုစဉ်ကာလက သူမသည် လက်ဝါးရိုက်ချက်တစ်ခုကို အဆင့်မြင့်တင်ရန် အကူအညီတောင်းခဲ့ဖူးကြောင်း သူ သေချာမှတ်မိခဲ့၏။ ထိုလက်ဝါးနည်းစနစ်သည် ရှန်ကွမ်းရှင်းရောင် ကိုယ်တိုင် ဖန်တီးခဲ့သော အရာပင် ဖြစ်၏။
"ငါ့မေ့နေတာပဲ ငါ မေ့နေတာပဲ။သံမဏိအရိုးဂိုဏ်းထဲမှ သိုင်းတာအိုဖြစ်လာဖို့ အလားအလာရှိတဲ့ လူတစ်ယောက် ရှိနေသေးတယ်..."
……..
ရှန်ကွမ်းရှင်းရောင်သည် အဓိက ဟောခန်းထဲသို့ လျှေက်ဝင်လာပြီး ယဉ်ကျေးစွာပြောလိုက်၏။
"တပည့်က ဂိုဏ်းချုပ်ကို နှုတ်ဆက်ပါတယ်"
"ရှင်းရောင်"
ကျွင်းချောင်ရှောင်းသည် လက်နှစ်ဖက်ကို နောက်ပစ်ကာ ပြောလိုက်သည်။ "မင်းရဲ့ ကျင့်ကြံခြင်း အခြေအနေ ဘယ်လိုရှိလဲ"
ရှန်ကွမ်းရှင်းရောင်က ပြောလိုက်သည်။ "အကြီးအကဲကြီးသုံးယောက်ရဲ့ စိတ်ရှည်ရှည်နဲ့ သင်ပြပေးမှု အောက်မှာ တပည့်က အကျိုးကျေးဇူးတွေ ရရှိနေပါတယ်။အခု သိုင်းနည်းစနစ်နဲ့ အစီအရင်တွေအပေါ် ပိုပြီး နားလည်လာခဲ့ပါတယ်"
နင်ညီအစ်ကို နှင့် အကြီးအကဲကျန့် တို့သာ ထိုစကားကို ကြားမည်ဆိုလျှင် ကျိန်းသေပေါက် သွေးအန်ပေလိမ့်မည်။
မင်းကတော့ အကျိုးအမြတ်တွေ အများကြီးရခဲ့တယ်။သူတို့ကတော့ မေးခွန်းတွေ ဖြေရင်းနဲ့ ရူးတော့မလို ဖြစ်နေပြီ။
“အရမ်းကောင်းတယ် အရမ်းကောင်းတယ်"
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ "လက်ရှိ ကျင့်ကြံခြင်းကို လေ့လာနေတာက ….."
ရှန်ကွမ်းရှင်းရောင်က ပြောလိုက်သည်။ "တပည့်က နေ့စဉ်နေ့တိုင်း သုတေသနတွေ လုပ်နေပါတယ်။ ဘယ်တော့မှ မရပ်တန့်ပါဘူး"
"ဒီလိုလား"
ကျွင်းချောင်ရှောင်းသည် ပျော်ရွင်သွား၏။ "ဒါဆိုရင် အခု ဖန်တီးထားတဲ့ နည်းစနစ်တွေရှိရင် သွားယူလာခဲ့။"
သူသည် ခဏလောက်ရပ်တန့်ကာ လေးလေးနက်နက် ပြောလိုက်သည်။ "ယူခဲ့လိုက်။ မင်းကိုငါ လမ်းညွှန်ပြသပေးမယ်"
"အရှက်မဲ့လိုက်တာ" စနစ်က ပြောလိုက်သည်။
ရှန်ကွမ်းရှင်းရောင်က ပြောလိုက်သည်။ "တပည့်နားလည်တဲ့ သိုင်းနည်းစနစ်တွေက တကယ့်ကို အပေါ်ယံသာသာပဲ ရှိပါသေးတယ်။ဒါတွေကို မြင်ရင် ဂိုဏ်းချုပ်အနေနဲ့ ရယ်မှာတောင် စိုးရတယ်"
"ရှင်းရောင်"
ကျွင်းချောင်ရှောင်းသည် လေးလေးနက်နက် ပြောလိုက်သည်။ "ဘာပဲဖြစ်ဖြစ် ကိုယ့်ကိုယ်ကိုယ် ယုံကြည်ချက်ရှိထားရတယ်။ကိုယ့်ကိုကိုယ်မှ အထင်မကြီးရင် ဘယ်သူက အထင်ကြီးမှာလဲ"
ရှန်ကွမ်းရှင်းရောင်သည် စိတ်လှုပ်ရှားသွားမိ၏။ "တပည့်ဖန်တီးထားတဲ့ သိုင်းနည်းစနစ်တွေအားလုံးက အခန်းထဲမှာ …… သွားယူလိုက်ပါအုံးမယ်"
"သွား … သွား"
ကျွင်းချောင်ရှောင်း ပြောလိုက်သည်။ "ဖြစ်နိုင်ရင် များများသာ ယူခဲ့"
ရှန်ကွမ်းရှင်းရောင် ပြန်လာပြီးသည့်နောက်မှာတော့ သူမ ဖန်တီးထားသော သိုင်းနည်းစနစ်များကို ကြမ်းပြင်ဆီသို့ ချလိုက်တော့၏။
အဘယ့်ကြောင့် သူမသည် စားပွဲပေါ်သို့ မတင်ဘဲ ကြမ်းပြင်ပေါ်သို့ ချရသနည်း။
အဘယ့်ကြောင့်ဆိုသော် ဤမိန်းကလေး ဖန်တီးခဲ့သော သိုင်းနည်းစနစ်များသည် များပြားလွန်းသောကြောင့် စားပွဲနှင့်ပင် မဆန့်သောကြောင့်ဖြစ်၏။
ထို့ကြောင့် ကြမ်းပြင်ပေါ်သို့ ချရုံသာ တတ်နိုင်တော့သည်။
ကျွင်းချောင်ရှောင်းသည် ဆွံ့အသွားသည်။
ထိုအချိန်မှာပဲ အဘယ့်ကြောင့် သူ၏ ဂိုဏ်းထဲတွင် စာရွက်များနည်းပါးနေသည်ဆိုကြောင်းကို သိရှိလိုက်သည်။ စာရွက်များအားလုံးကို ဤအမျိုးသမီးတစ်ယောက်တည်း အသုံးပြုခဲ့သည်သာ ဖြစ်ရပေမည်။
သူသည် စာရွက်တစ်ခုကို ကောက်ကိုင်၍ ကြည့်လိုက်၏။
စာရွက်ပေါ်မှာတော့ သိုင်းလှုပ်ရှားမှု နည်းစနစ်နှင့် မရီဒန်များ၏ လှည့်ပတ်မှုအကြောင်းကို အသေးစိတ် ရေးသားထား၏။
"ရှင်းရောင်"
ကျွင်းချောင်ရှောင်းက ပြောလိုက်၏။ "သိုင်းနည်းစနစ်တွေ ဘယ်လောက်များများ ရှိလဲ"
ရှန်ကွမ်းရှင်းရောင်သည် ခဏလောက်စဉ်းစားကာ ပြောလိုက်သည်။ "ဂိုဏ်းချုပ် …. တစ်ချို့ကို အိမ်မှာ လေ့လာပြီးတော့ တစ်ချို့ကို ဂိုဏ်းထဲရောက်မှ လေ့လာခဲ့တာပါ။ ဒါတွေအားလုံးက အနည်းဆုံးနှစ်ထောင်ကနေ သုံးထောင်လောက် ရှိမယ်နဲ့တူတယ်။"
"နှစ်ထောင်ကနေ သုံးထောင် ဟုတ်လား" ကျွင်းချောင်ရှောင်းသည် ပါးစပ် အဟောင်းသားနှင့် ဖြစ်သွားမိ၏။