← Chapters

အခန်း (၅၅၇)

Vol. 38 Ch. 557

အခန်း (၅၅၇)

Vol. 38 Ch. 557

“သိုင်းကျင့်ကြံခြင်းနည်းစနစ် နှစ်ထောင်ကနေ သုံးထောင်ဟုတ်လား”

သူမ၏ခေါင်းထဲတွင် မည်မျှ များပြားလှသည့် ဦးနှောက်ဆဲလ်များ တည်ရှိနေသနည်း။ သူမအနေနှင့် တစ်နေ့ကို သိုင်းကျင့်ကြံခြင်းနည်းစနစ်ကို ဖန်တီးသည်ဆိုလျှင်တောင်မှ အနည်းဆုံး ခုနှစ်၊ ရှစ်နှစ်လောက် ကြာနိုင်သည် မဟုတ်လား။ ဆိုလိုသည် ဆိုသည်မှာ ဤအမျိုးသမီးသည် အသက်ဆယ့်တစ်နှစ်၊ ဆယ့်နှစ်နှစ်လောက်ထဲက သိုင်းပညာနှင့်ပတ်သက်၍ နည်းစနစ်များကို ဖန်တီးသည်ဟု အဓိပ္ပာယ် သက်ရောက်နေ၏။ ဤအရာမှာ လွန်လွန်းလှ၏။

သို့ပေမဲ့ ရှန့်ကွမ်းရှင်းရောင်သည် တော်တော်စိတ်ပျက်လျက်ရှိသည်။ “တော်တော်များများက တစ်ဝက်တစ်ပျက်ပဲ ပြီးထားသေးတယ်”

သူမသည် သိုင်းနည်းစနစ်များကို လေ့လာသည့်အချိန်တွင် ခေါင်းမာမာနှင့် ဆက်လက်၍ အတွင်းကျကျ မဖန်တီး တော့ပေ။ တစ်စုံတစ်ခုကို အဖြေရှာ၍ မရဘူးဆိုလျှင် အရင်ဆုံးဘေးနားကို ဖယ်ထားလိုက်သည်။ ပြီးနောက် တခြားတစ်ခုကို ပြန်လည်၍ စဉ်းစားတော့သည်။ အချိန်တွေကြာလာပြီးသည့်နောက် သူမတွင် မတူညီသည့် သိုင်းနည်းစနစ်များ အများအပြား ဖြစ်တည်လာတော့၏။

ဟုတ်ပေသည်။ ဤကဲ့သို့ သုတေသန ပြုလုပ်သည့် အချိန်တွင် သူမသည် များပြားလှသော သိုင်းနည်းစနစ်များကို ဖန်တီးရန်အတွက် ဉာဏ်အလင်းများ ရရှိနေ၏။ ဤနည်းလမ်းသည် ဦးနှောက်အလုပ်လုပ်ပုံ အလွန်တရာ များပြားလှသည်ဆိုသော်လည်း သိုင်းနည်းစနစ် နှစ်ထောင်၊ သုံးထောင်လောက်ကို ဖန်တီးရန်ဖြစ်ပေါ်သွားသည်။

ကျွင်းချောင်ရှောင်း နားလည်သွားမိ၏။ ဤအရာသည် သာမန်ဟုသာ စဉ်းစား၍ ရနိုင်မည်။ မဟုတ်ပါက ငယ်ရွယ်လှသော မိန်းကလေးတစ်ယောက်အတွက် သိုင်းနည်းစနစ် နှစ်ထောင်မှ သုံးထောင် ဖန်တီးသည် ဆိုသည်မှာ ထိတ်လန့်တုန်လှုပ်ဖွယ်ရာပင် ဖြစ်ပေလိမ့်မည်။

ရှန်ကွမ်းရှင်းရောင်က ပြောလိုက်၏။ “ဂိုဏ်းချုပ်… သိုင်းနည်းစနစ်တွေကို တစ်ဝက်တစ်ပျက်ပဲ ပြီးသေးတယ်ဆိုတော့ ဂိုဏ်းချုပ်က အလုံးစုံပြီးသွား‌အောင် ကူညီပေးပါလား”

“ပြဿနာ မရှိဘူး” ကျွင်းချောင်ရှောင်း ပြောလိုက်သည်။

ဤမိန်းကလေး မမေးလျှင်ပင် သူသည် သူ့ဘာသာ သိုင်းနည်းစနစ်များကို ပြည့်စုံအောင် ဖန်တီးရတော့မှာဖြစ်၏။

ရှန်ကွမ်းရှင်းရောင်သည် မြန်မြန်ဆန်ဆန်ပဲ ပြန့်ကျဲနေသည် စာရွက် များကို တစ်စုတစ်စည်းထဲ ပြန်လည်၍ စုစည်းလိုက်တော့သည်။

ဂိုဏ်းချုပ်ကျွင်းသည် အသိအမြင်အဆောင်ကို ချိုးချေပြီးသည့်နောက် တစ်ခုချင်းစီကို ပြည့်စုံအောင် ဖန်တီးရန် ကြိုးစားတော့၏။ သူ့အနေနှင့် သူ့ဘာသာ သိုင်းနည်းစနစ်များကို ဖန်တီးဖို့ဆိုသည်မှာ မဖြစ်နိုင်ချေ။ သို့ပေမဲ့ တစ်စုံတစ်ယောက်သည် သူ့အား အသိအမြင်နှင့် အကြံဉာဏ်များ ပေးသည်ဆိုပါက စနစ်ကို အသုံးပြုကာ သူသည် ပြစ်ချက်ကင်းသော သိုင်းနည်းစနစ်ကို ဖန်တီး နိုင်စွမ်းရှိ၏။

ရှန့်ကွမ်းရှင်းရောင်သည် အတွေးအမြင်များကို ဖန်တီးသည့်နေရာတွင် အလွန်တရာ တော်လွန်းလှ၏။ သူမ၏ စွမ်းအင်သည် အကန့်အသတ်ရှိလှသည်။ ပြည့်စုံအောင်တော့ မဖန်တီးနိုင်ပေ။ ထို့ကြောင့် သူတို့နှစ်ယောက် ပူးပေါင်း၍ ဖန်တီးသည့်နောက်မှာတော့ တကယ့်ကို အတွဲအဖက်ညီလှသော လုပ်ဖော်ကိုင်ဖက်များ ဖြစ်သွားခဲ့ပြီး ပြည့်စုံသည့် သိုင်းနည်းစနစ်များကို ဖန်တီးလာနိုင်တော့သည်။

……….

တစ်ရက်ကြာပြီးသည့်နောက်မှာတော့ ကျွင်းချောင်ရှောင်းသည် အသိအမြင်အဆောင်ကို အသုံးပြု၍ သိုင်းနည်းစနစ် ရာကျော်ခန့်ကို တိုးတက်အောင် ပြုလုပ်နိုင်ခဲ့သည်။ သူသည် ရှန့်ကွမ်းရှင်းရောင်၏ ထူးဆန်းလှ သောအတွေးအခေါ်များကို အံ့အားသင့်လျက်ရှိ၏။ ဥပမာအားဖြင့် ကျက်သရေနည်းစနစ်ဆိုသည့် နည်းစနစ် တစ်မျိုး ဖြစ်သည်။ သူမ၏ အတွေးအခေါ်အရ မတူညီသည့် နည်းစနစ်များသည် ဤလက်ဝါးရိုက်ချက်တွင် ပူးပေါင်းပါဝင်လျက်ရှိသည်။ အရည်အသွေးမှာ မြင့်မားလှသည် မဟုတ်သော်လည်း အခြေခံနည်းဥပဒေသသည် ကွဲပြားခြားနားလွန်းလှသည်။ ထူးခြားလွန်းသည်ဟု ဆိုရမည်။

ထို့အပြင် ရှန့်ကွမ်းရှင်းရောင် သည် ငယ်ရွယ်သေး၏။ သူမ၏ အသက်အရွယ်နှင့် အတွေ့အကြုံများ တိုးတက်လာ သည်ဆိုပါက သူမဖန်တီးလိုက်သော သိုင်းနည်းစနစ်များ အားလုံးသည် ပိုမိုအားကောင်းပြီး ပြည့်စုံလာမှာ သေချာ၏။ အနာဂတ်တွင် သူမသည် ကျိန်းသေပေါက် သိုင်းတာအိုကို ကျွမ်းကျင်သူတစ်ယောက် ဖြစ်လာပေ လိမ့်မည်။

“ငါ့ရဲ့သံမဏိအရိုးဂိုဏ်းထဲမှာ ဒီလိုအလားအလာရှိတဲ့ လူတစ်ယောက်ရှိတယ်ဆိုတာ အရမ်းကောင်းတာပဲ၊ ဒီနေ့တော့ ဒီလောက်ပဲ၊ ငါတို့ မနက်ဖြန်ကြမှ ဆက်ကြရအောင်”

ကျွင်းချောင်ရှောင်းသည် သူ၏ လည်ကုပ် အား ပွတ်သပ်ကာ အနည်းငယ် ပင်ပန်းနွမ်းနယ်နေပုံပေါ်သည်။ သူသည် အသိအမြင်အဆောင်ကို အသုံးပြုထားသည်ဆိုသော်လည်း သူ့ဦးနှောက်ကိုတော့ အလုပ်လုပ်ရ သေး၏။

“ကောင်းပါပြီ”

ရှန်ကွမ်းရှင်းရောင်သည် ပျော်ရွှင်စွာဖြင့် ထွက်ခွာသွားတော့သည်။

ဂိုဏ်းချုပ်သည် သူမ၏ သိုင်းနည်းစနစ်များကို ပိုမိုတိုးတက်လာစေရန် ကူညီပေးခဲ့၏။ ထို့ကြောင့် သူမသည်လည်း နားလည်မှုများ ပိုမိုတိုးလာခဲ့သည်။ ထိုအရာ သည် အနာဂတ်သိုင်းနည်းစနစ်များကို ဖန်တီးရာတွင် ကြီးမားသည့် အထောက်အကူဖြစ်လာပေလိမ့်မည်။

အဆင့်မြှင့်တင်ထားသော သိုင်းနည်းစနစ်များကို သိုလှောင်လက်စွပ်ထဲသို့ ထည့်သွင်းပြီးသည့်နောက်မှာတော့ ကျွင်းချောင်ရှောင်းသည် သိုင်းနည်းစနစ် ခန်းမဆောင်အား ဖွင့်ကြည့်လိုက်သည်။ သူ့အမျိုးအစားနှင့်သူ လိုက်ဖက် ညီသော သိုင်းနည်းစနစ်များအဖြစ် ပူးပေါင်းသွားတော့သည်။ လက်ဝါးနည်းစနစ်တွင် အရေအတွက်မှာ ခြောက်ဆယ်အထိ တိုးတက်သွားခဲ့သည်။ ထို့အပြင် လက်သီးနည်းစနစ်နှင့် လက်ချောင်းနည်းစနစ်များလည်း ပါဝင်သေး၏။ သို့သော် အရေအတွက်မှာ နည်းပါးလွန်းလှသည်။

ရှန့်ကွမ်းရှင်းရောင် ဖန်တီးခဲ့သော သိုင်းနည်းစနစ် တော်တော်များများသည် လက်ဝါးနည်းစနစ်များ ဖြစ်နေသော ကြောင့်ပင်ဖြစ်၏။ ဓားနည်းစနစ်နှင့် မိစ္ဆာကျင့်ကြံခြင်းနည်းစနစ်များအတွက်တော့ သူမအနေနှင့် နားလည် နိုင်သည့်အခြေအနေတွင် မရှိချေ။ သို့ပေမဲ့ ကျွင်းချောင်ရှောင်းသည် အလွန်တရာ သဘောကျ နှစ်သက်နေပြီး ဖြစ်၏။

ရှန့်ကွမ်းရှင်းရောင် ဖန်တီးခဲ့သော တစ်ဝက်တစ်ပျက် သိုင်းနည်းစနစ်များကို လေ့လာသုံးသပ်ပြီးသည့် နောက်မှာတော့ သူသည် လက်ဝါးနည်းစနစ်ကို ကိုးရာကိုးဆယ့်ကိုးခုအထိ မစုစည်းနိုင်ဘူး ဆိုလျှင်တောင်မှ တတ်နိုင်သလောက် စုစည်းခဲ့ပြီးဖြစ်နေသည်။ ဈေးထဲတွင် (သို့မဟုတ်) တခြားနေရာမှ သိုင်းနည်းစနစ်များကို ဝယ်ယူရရှိသည်ဆိုပါက စကြဝဠာ စည်းကိုးခု လက်ဝါးကို လဲလှယ်ရရှိမှာပဲဖြစ်သည်။

……….

ဘန်း

လေ့ကျင့်ရေးခန်းမထဲမှာတော့ လီချင်းယန်နှင့် တခြားသူများသည် စိတ်ဝိညာဉ်ကြံ့ခိုင်ခြင်းဆေးလုံးကို သောက်သုံး ပြီးသည့်နောက်မှာတော့ သူတို့၏ အားအင်အဆင့်ကို စမ်းသပ်လျက်ရှိသည်။

“ဂိုဏ်းချုပ်ရဲ့ ဆေးလုံးက အရမ်းကို အံ့အားသင့်ဖို့ကောင်းတယ်”

စုရှောင်မိုသည် စိတ်လှုပ်ရှားစွာဖြင့်‌ ပြောလိုက်၏။ “ကျွန်တော့်ရဲ့ကျင့်ကြံခြင်းအစွမ်းက တိုးမလာဘူးဆိုပေမဲ့ အားအင်အဆင့်က ခြောက်သောင်းကနေ ခုနှစ်သောင်းအထိ တောင်တိုးလာတယ်”

စိတ်ဝိညာဉ်ကြံ့ခိုင်ခြင်းဆေးလုံးသည် ခန္ဓာကိုယ်ဖြစ်တည်ခြင်းဆေးလုံးနှင့် ဆင်တူလှ၏။ အသုံးပြုသည့် ကျင့်ကြံခြင်းအခြေခံကို မတိုးမြှင့်နိုင်သော်လည်း အားအင်အဆင့်ကို တိုးမြှင့်ပေးနိုင်၏။ စိတ်ဝိညာဉ်ကြံ့ခိုင်ခြင်း ဆေးလုံးကို သောက်သုံးခဲ့သော သံမဏိအရိုးဂိုဏ်းတပည့်များ အားလုံး၏ စိတ်ဝိညာဉ်များသည် ပိုမိုအားကောင်း၍ ကြံ့ခိုင်လာတော့သည်။ အဆင့်တစ်ခုအထိ တိုးတက်ရောက်ရှိသွားသည်ဟု ဆိုရမည်။

ပြင်ပတွင်ရှိသော သိုင်းကျင့်ကြံသူများအနေဖြင့် သူတို့ကို အလုံးစုံယှဉ်ပြိုင်၍ ရလိမ့်မည်မဟုတ်ပေ။

ထိုအရာကို စမ်းသပ်ပြီးသည့်နောက် အတုန်လှုပ်ဆုံးသောသူမှာ ရီချင်းရှန်ပင်ဖြစ်တော့သည်။ ကျွင်းချောင်ရှောင်းသည် အထက် နယ်မြေမှ ရောက်ရှိလာသူဖြစ်ကြောင်း သူ့အနေနှင့် သေချာသွားခဲ့သည်။ မဟုတ်ပါက ဤမျှအစွမ်းထက်လှသော ဆေးလုံးမျိုးကို အဘယ်နေရာကနေ ရရှိနိုင်မည်နည်း။

စိတ်ဝိညာဉ်ကြံ့ခိုင်ခြင်းဆေးလုံးဆိုသည်မှာ အကန့်အသတ် ရှိသည်။ တပည့်တော်တော်များများသည် ထိုအရာကို မရရှိကြချေ။ သို့ပေမဲ့ အလျင်မလိုချေ။ အကြီးအကဲဝေသည် သူ၏လူများကို ဦးဆောင်၍ ဆေးခန်းမဆောင်တွင် ဆေးပင်များကို စိုက်ပျိုးနေတော့သည်။ လအနည်းငယ်ကြာပြီးသည့်နောက်မှာတော့ စိတ်ဝိညာဉ်ကြံ့ခိုင်ခြင်း‌ ဆေးလုံးကို လူတိုင်းရရှိသည့်အခြေအနေဖြစ်လာပေလိမ့်မည်။

ဂိုဏ်း၏ အဆင့်မြင့်ကျင့်ကြံသူများဖြစ်သည့် ကျန့်ရာနှင့် နင်ညီအစ်ကိုတို့သည်လည်း စိတ်ဝိညာဉ်ကြံ့ခိုင်ခြင်း ဆေးလုံးများကို ရရှိခဲ့သည်။ အားအင်အဆင့်ကို စမ်းသပ်ပြီးသည့်နောက်မှာတော့ ၎င်းတို့အားလုံးသည် ကြီးကြီး မားမား တုန်လှုပ်သွားကြ၏။ အရင်တုန်းကဆိုလျှင် ခန္ဓာကိုယ်ဖြစ်တည်ခြင်းဆေးလုံးကြောင့် သူတို့၏ ခန္ဓာကိုယ် နှင့် အားအင်အဆင့်များ တိုးတက်သွားခဲ့သည်။

လက်ရှိအချိန်တွင် စိတ်ဝိညာဉ်ကြံ့ခိုင်ခြင်းဆေးလုံးကို သောက်သုံးပြီးသည့်နောက်မှာတော့ သူတို့သည် ပိုမို၍ သန်မာ အားကောင်းလာခဲ့တော့သည်။ အထူးသဖြင့် အကြီးအကဲကျန့်ပင် ဖြစ်တော့၏။ သူသည် သံမဏိအရိုး ဂိုဏ်းအား နှိမ်နှင်းရန်အတွက် သူ့အားလွှတ်လိုက်သော နတ်ဆိုးမိစ္ဆာဂိုဏ်းမှ ဂိုဏ်းခွဲမှူးကိုပင် အလွန်တရာ ကျေးဇူးတင် လျက်ရှိနေသည်။ ထိုလူသာမရှိလျှင် သူ့အနေနှင့် သံမဏိအရိုးဂိုဏ်းထဲသို့ ရောက်ရှိလိမ့်မည် မဟုတ်ချေ။

နင်ညီအစ်ကိုများမှာလည်း သံမဏိအရိုးဂိုဏ်းအား ဝင်ရောက်ရန်ဆုံးဖြတ်ခဲ့သည့် သူတို့၏ ဆုံးဖြတ်ချက်နှင့် ပတ်သက်၍ အလွန်တရာ ဝမ်းမြောက်ဝမ်းသာ ဖြစ်လျက်ရှိ၏။

“ဟောခန်းသခင်လီ”

နောက်တစ်ရက်မှာတော့ ကျွင်းချောင်ရှောင်းသည် ပြောလိုက်သည်။ “ဂိုဏ်းအသိအမှတ်ပြုဟောခန်းက စာရေးကျိုးကို အကြောင်းကြားလိုက်ပါအုံး၊ ဒီကိုလာခဲ့ဖို့”

ပြောရမည်ဆိုလျှင် ဂိုဏ်းတစ်ခုသည် အစစ်အမှန် အဆင့်မြှင့်တင်ရတော့မည်ဖြစ်သည်။

“ကောင်းပြီ” လီလိုရှုသည် စီစဉ်စရာရှိသည်များကို စီစဉ်‌လိုက်၏။

ခဏလောက်ကြာပြီးသည့်နောက်မှာတော့ ချင်းယန်မြို့ထဲရှိ ဂိုဏ်းအသိအမှတ်ပြုဟောခန်းတွင်ရှိနေသော စာရေးကျိုးသည် သတင်းကို လက်ခံရရှိတော့သည်။ သူသည် ရုတ်တရက် မတ်တပ်ထရပ်ပြီး အံ့အားတသင့်ဖြင့် ပြောလိုက်သည်။ “နောက်ထပ် ဂိုဏ်းအသိအမှတ်ပြုမှုကို ယူအုံးမှာလား”

သံမဏိအရိုးဂိုဏ်း အဆင့်ခြောက်မှ အဆင့်ငါးဆီသို့ အဆင့်မြှင့်တင်တော့မည်ဆိုသည်ကို သူအလွန်တရာ စိတ်လှုပ်ရှားလျက်ရှိသည်။ ဤအရာသည် မတူကွဲပြားခြားနားသော အဆင့်တစ်ခုဖြစ်သည်။ အဆင့်ကိုးဆီမှ အဆင့်ခြောက်အထိသည် သာမန်ဂိုဏ်းများသာဖြစ်ပြီး အဆင့်ငါးသို့ ရောက်ရှိမည်ဆိုလျှင် တကယ့်အစစ်အမှန် ဂိုဏ်းကြီးတစ်ခုအဖြစ်သို့ ရောက်ရှိသွားမည်ဖြစ်သည်။

ဂိုဏ်းအသိအမှတ်ပြုဟောခန်း၏ စီမံအုပ်ချုပ်သူဖြစ်သည့် စာရေးကျိုးသည် ဤကိစ္စနှင့်ပတ်သက်၍ ကြီးမားသည့် အခွင့်အာဏာကို မပိုင်ဆိုင်ပေ။ ထို့ကြောင့် မြန်မြန်ဆန်ဆန်ပဲ စာတစ်စောင်ကို ရေးသားပြီး ဌာနချုပ်သို့ အကြောင်း ကြားလိုက်၏။

ထိုသတင်းကို ကြားလိုက်ပြီးသည့်နောက်မှာတော့ ရီထျန်းချန်သည် အကြီးအကဲလေးယောက်ကို ခေါ်ယူ၍ ဆွေးနွေးတော့သည်။ နောက်ဆုံးမှာတော့ အကြီးအကဲကျိုးနှင့် အကြီးအကဲကျန်းတို့အား သံမဏိအရိုး ဂိုဏ်းဆီသို့ စစ်ဆေးရန် ကိုယ်တိုင်ကိုယ်ကျ လွှတ်လိုက်တော့သည်။

“…”

“ဂိုဏ်းချုပ်”

လီလိုရှုက ပြောလိုက်သည်။ “စာရေးကျိုးက ပြောတယ်၊ ဌာနချုပ်ကနေပြီး အကြီးအကဲနှစ်ယောက်ကို လွှတ်လိုက်မယ်တဲ့၊ သုံးရက်ကြာရင် ရောက်မယ်”

“နားလည်ပြီ”

ကျွင်းချောင်ရှောင်းသည် သူ၏ သိုင်းနည်းစနစ်များ ပိုမိုဖွံ့ဖြိုးတိုးတက်စေရန်သာ အာရုံစိုက်တော့သည်။ နှစ်ရက် အတွင်း သူသည် သိုင်းနည်းစနစ် နှစ်ရာကျော်ကို ထပ်မံရရှိခဲ့သည်။ ထို့အပြင် အဝယ်တော်ဟောခန်းမှ တပည့်များ အားလုံးသည် ချင်းယန်နိုင်ငံအတွင်းသို့ လှည့်လည်သွားနေပြီး သိုင်းနည်းစနစ်များကို ဝယ်ယူလျက်ရှိနေသည်။ သိုင်းနည်းစနစ်ဖြစ်သည်ဆိုလျှင် မည်သည်အရည်အသွေးကိုမှ မကြည့်ဘဲ သူတို့သည် ဝယ်ယူကြတော့သည်။ ကံဆိုးစွာဖြင့် မြို့ထဲတွင် များပြားလှသော သိုင်းနည်းစနစ် အရောင်းဆိုင်များရှိသည်ဆိုသော်လည်း သိုင်းနည်းစနစ် တော်တော် များများမှာ ထပ်လျက်ရှိသည်။

“ရှန့်ကွမ်းရှင်းရောင်သာ သိုင်းနည်းစနစ်တွေကို ဖန်တီးမထားရင်တော့ ငါတော့ ကြယ်ကြွေကုန်းမြေတိုက်ကြီး တစ်ခုလုံးကို လျှောက်သွားပြီးတော့ သိုင်းနည်းစနစ်တွေကို ရှာရတော့မယ်ပုံပဲ” ကျွင်းချောင်ရှောင်းသည် တီးတိုးရေရွတ်လိုက်မိ၏။

နောက်တစ်ရက်မှာတော့ ဌာနချုပ်မှ လူများ ရောက်ရှိလာခဲ့ သည်။ အကြီးအကဲကျိုးနှင့် အကြီးအကဲကျန်းတို့သည် သံမဏိအရိုးဂိုဏ်းတပည့်များကို ကြည့်ရှုပြီးနောက်မှာတော့ ဇဝေဇဝါ ဖြစ်သွားသည်။ အဘယ်ကြောင့် ၎င်းတို့၏ အော်ရာနှင့် ကျင့်ကြံခြင်းအဆင့်များသည် နောက်ဆုံးအကြိမ်ကလို မပြောင်းလဲရသနည်း။ အတူတူပင်ဖြစ်လျက်ရှိသည်။

“အိုက်ယား”

ကျွင်းချောင်ရှောင်းသည် ဟောခန်း၏အရှေ့သို့ လှမ်းထွက်ပြီးသည့်နောက်မှာတော့ လက်သီးဆုပ်လိုက်၏။ “အကြီးအကဲနှစ်ယောက် အဝေးက လာခဲ့တာကို ကျုပ်က လူကိုယ်တိုင်လာပြီးကြိုဖို့ လိုအပ်သွားခဲ့တယ်၊ ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါ”

အကြီးအကဲကျိုးသည် ပြုံးကာ ပြောလိုက်၏။ “ဒီလို အလားအလာမှာ ထိပ်ဆုံးသုံးခုဝင်တဲ့ ဂိုဏ်းတစ်ခုကို လာပြီးစစ်ဆေးရတယ်ဆိုတာ ကျုပ်တို့အတွက် ဂုဏ်ယူ စရာပါပဲ”

“ဂိုဏ်းချုပ်ကျွင်း”

အကြီးအကဲကျန်းသည် လိုရင်းကိုပြောလိုက်၏။ “ဂိုဏ်းအဆင့်မြှင့်တင်ပြီးရင် ဂိုဏ်းရဲ့နာမည်ကို ပြောင်းဖို့ မှန်းထားတာလား”

အဆင့်ခြောက်ဂိုဏ်းသို့ အဆင့်မြှင့်တင်ပြီးသည့်နောက်မှာတော့ တော်တော်များများသည် ဂိုဏ်း၏ နာမည်ကို ပြောင်းလဲလိုက်ကြ၏။ ထို့ကြောင့် သူသည် ကြိုတင်ကာ မေးမြန်းထားခဲ့ခြင်းဖြစ်သည်။ ထိုမှသာ ဂိုဏ်းအဆင့် မြှင့်တင်မှုစာကို ရေးသားသည့်အခါတွင် အမှားအယွင်းမရှိမှာဖြစ်သည်။

ကျွင်းချောင်ရှောင်းသည် ပြောလိုက်၏။ “အသိအမှတ်ပြုမှုကို အရင်ရအောင် လုပ်ကြတာပေါ့”

“ဒါဆိုလည်းကောင်းတာပဲ”

သူတို့သည် မြန်မြန်ဆန်ဆန်ဖြင့် သူတို့လုပ်စရာရှိသည်များကို လုပ်ကြတော့သည်။ အသိအမှတ်ပြုမှုကို ရရှိရန် စစ်ဆေးမှုများ အားလုံးကို စတင်ကာ စီစဉ်တော့၏။

“ဂိုဏ်းချုပ်ကျွင်း”

တပည့်များ စုဝေးလာချိန်တွင် အကြီးအကဲကျိုးသည် တီးတိုးပြောလိုက်သည်။ “တပည့်တွေရဲ့ အော်ရာက ပြောင်းလဲပုံမပေါ်ဘူး၊ ဒါက လိုအပ်ချက်နဲ့ မကိုက်ညီဘူး”

“တပည့်တို့ နားထောင်ကြ”

ကျွင်းချောင်ရှောင်းသည် လက်ဖျောက်တီးကာ ပြောလိုက်၏။ “မင်းတို့ရဲ့ အစစ်အမှန်အော်ရာတွေကို ဒီအကြီးအကဲနှစ်ယောက်မြင်အောင် ပြလိုက်ကြ”

ဝှစ် … ဝှစ်

သိုင်းလေ့ကျင့်ရေးကွင်းပြင်ထဲတွင်ရှိသော ကျင့်ကြံသူများ၏ အော်ရာများသည် ကြီးမားသည့် လှိုင်းကြီးတစ်ခုလို ဖြစ်တည်ပေါ်ပေါက်လာတော့သည်။

အကြီးအကဲကျိုးနှင့် အကြီးအကဲကျန်းတို့၏ မျက်လုံးများသည် ပြူးထွက် သွားကြသည်။ သူတို့သည် မယုံကြည်နိုင်စွာဖြင့် ထအော်လိုက်ကြတော့၏။ “ဒီ …. ဒီလူတွေအားလုံးက သိုင်းဆရာတွေလား”

All Chapters